ပစ်မှတ်ထားခြင်းခံရခြင်း
Vol. 67 Ch. 937
နဂါးသွေးကလန်၏ ကွင်းပြင်တစ်လျှောက်၌ စိတ်လှုပ်ရှားမှုများ ပွက်လောရိုက်နေသည်။ လုဝူရွမ်ကို မြင်လိုက်ရချိန်တွင် တံခွန်ဦးစီး (၄) ဦး၏ မျက်ဝန်းထဲ၌ ရိုသေကိုးကွယ်မှုနှင့် စိတ်အားထက်သန်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။
ယခင်မျိုးဆက်၏ နဂါးခေါင်းဆောင် လုဝူရွမ်!
နဂါးသွေးကလန်၏ တံခွန် (၄) ခုစလုံး စိတ်ဓာတ်ကျဆင်းနေချိန်တွင် လုဝူရွမ် ရောက်ရှိလာမှုမှာ အားလုံး၏ စိတ်ဓာတ်ကို မြင့်တက်သွားစေသည်။
"မတွေ့ရတာကြာပြီနော်…ဝမ်းကွဲညီမလေး လီဟုန်လီက ပိုပြီး လှပလာတာပဲ… နဂါးသွေးအစောင့်အရှောက်တွေဆီ ရောက်သွားရင် ညီမလေးကို ကြိုက်တဲ့သူတွေ အများကြီး ရှိလာမှာ သေချာတယ်" ဟု လုဝူရွမ်က လီဟုန်လီကို ကြည့်၍ ပြုံးကာ ပြောလိုက်တော့ လီဟုန်လီကလည်း ပြန်လည် ပြုံးပြလိုက်သည်။
ထို့နောက် လုဝူရွမ်က တိတ်ဆိတ်နေသော လီချင်းဖုန်းဆီသို့ လှည့်ကြည့်လိုက်ပြီး…
"ဝမ်းကွဲညီလေး လီချင်းဖုန်း မင်းက ရွှေသွေးတံခွန် နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ဂုဏ်သိက္ခာတွေကို အကုန် ပစ်ပယ်လိုက်သလိုပဲ"
ထိုစကားများမှာ တည်ငြိမ်သော်လည်း ထက်မြက်လှသောကြောင့် လီချင်းဖုန်း တိတ်ဆိတ်နေပြီး မည်သို့ ပြန်ဖြေရမှန်း မသိပေ။
"နဂါးပျံတက်ခြင်းပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ သတင်းက နဂါးသွေးအစောင့်အရှောက်တွေဆီ ပျံ့နှံ့သွားပြီ…ငါ့ရဲ့ အပေါင်းအသင်းတွေက မင်းကို အများကြီး ဝေဖန်မှုနေတယ်…ဒါ့အပြင် နဂါးသွေးကလန်က ကလန် (၅) ခုရဲ့ ခေါင်းဆောင် ဖြစ်နေတာမို့ငါတို့က ကျန်တဲ့သူတွေကို အဘက်ဘက်က ဖိနှိပ်ထားဖို့ လိုတယ်… အဲဒီလိုမှသာ တောင်တန်းအုပ်ချုပ်သူကလန်အဖြစ် ဆက်လက် ရပ်တည်နိုင်မှာ"
ဤစကားမှာ အလေးအနက် ရှိလှသည်။ နဂါးသွေးအစောင့်အရှောက်များထဲမှ ထိပ်တန်းပါရမီရှင်များသည် အနာဂတ်တွင် နဂါးသွေးကလန်၏ အကြီးအကဲများ ဖြစ်လာကြလိမ့်မည်။ လီချင်းဖုန်း၏ ယနေ့ စွမ်းဆောင်ရည်မှာ သူ့ရဲ့အနာဂတ်ကိုပါ ထိခိုက်စေနိုင်သည်။
လီချင်းဖုန်းက ခါးသီးသော အမူအရာဖြင့်…
"ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော်က အသုံးမကျတဲ့သူမို့ နဂါးသွေးကလန် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တယ်"
သူသည် လုဝူရွမ်၏ စကားကို ငြင်းဆန်နိုင်ခြင်း မရှိပေ။ နဂါးပျံတက်ခြင်းပွဲ၌ ရှုံးနိမ့်ခြင်းနှင့် နတ်ဆိုးလှိုဏ်ဂူ အဆင့်သတ်မှတ်ချက် ပြောင်းလဲခြင်းတို့က လီလော့ တိုးတက်နေကြောင်း သက်သေပြနေသည်။
၎င်းမှာ အမှန်တရားဖြစ်ပြီး သူသည် လီလော့ကို ဖိနှိပ်နိုင်ခြင်း မရှိပေ။
ထိုအခါ လီဟုန်လီက လီချင်းဖုန်းဘက်မှ အလျင်အမြန် ကာကွယ်ပြောဆိုလိုက်သည်။
"ဝမ်းကွဲအစ်ကို… ဒါ လီချင်းဖုန်းရဲ့ အမှားမဟုတ်ပါဘူး... လီလော့ကြောင့် ဖြစ်တာ…..နဂါးခေါင်းဆောင် ရာထူးဆုံးရှုံးခဲ့ရတာက လီချင်းဖုန်းမှားပြီး နဂါးသွေးတရားစီရင်ခြင်ပညာရပ်ကို သုံးမိလို့ပါ… အဲဒီလိုသာ မဟုတ်ရင် အဲဒီကောင်ကို အနိုင်ယူနိုင်မှာ အသေအချာပဲ!"
" လီဟုန်လီ…ဘာအကြောင်းပြချက်ပဲ ရှိရှိ လီလော့က အခု တံခွန် (၂၀) ရဲ့ နဂါးခေါင်းဆောင် ဖြစ်နေပြီ…ဒါက ပြောင်းလဲလို့မရတဲ့ အမှန်တရားပဲ"
လီဝူရွှမ်၏ခပ်ပြတ်ပြတ်အပြောကြောင့်လီဟုန်လီ နှုတ်ခမ်းကို စူလိုက်ပြီး စိတ်ပျက်သော အမူအရာ ပေါ်လာသည်။ သူမ၏ စကားများက အကြောင်းပြချက်များသာ ဖြစ်ကြောင်း သူမ သိသည်။ လီလော့နှင့် လီချင်းဖုန်းတို့ တိုက်ခိုက်ခြင်း မရှိသော်လည်း လီတိုင်ရွှမ်၏ စွမ်းအင်ပုံရိပ်ကို အောင်မြင်စွာ အနိုင်ယူနိုင်ခြင်းက လီလော့ အားနည်းခြင်း မရှိကြောင်း သက်သေပြနေသည်။
ထို့ကြောင့် နဂါးသွေးတရားစီရင်ခြင်ပညာရပ်ကို အသုံးမပြုခဲ့လျှင်ပင် လီလော့ကို လီချင်းဖုန်း အနိုင်ယူနိုင်မည် မဟုတ်ပေ။
ဤအချက်က လီဟုန်လီကိုများစွာ စိတ်အနှောင့်အယှက် ဖြစ်စေသည်။ လီလော့လို နယ်စွန်နယ်ဖျားမှလာသူတစ်ဦးက တစ်နှစ်အတွင်း၌ ထိုမျှလောက် အံ့ဩဖွယ်ရာများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။
ဤသို့ဆိုလျှင် လီလော့၏ အရောင်အဝါက သူတို့၏ အရည်အချင်းကို ဖုံးကွယ်သွားလိမ့်မည်။
သူမ၏ ဖခင်မျိုးဆက်မှာ လီတိုင်ရွှမ်၏ ဖိနှိပ်ခြင်းကို အလွန်အမင်း ခံခဲ့ရသည်။ ယခုအခါ လီလော့ကလည်း ထိုနည်းအတိုင်း လုပ်ဆောင်တော့မည်လော။ ထိုအခါ ဆင်းရဲဒုက္ခ ခံစားရမည့်သူမှာ သူတို့ ဖြစ်လာလိမ့်မည်!
လုဝူရွမ်က တည်ငြိမ်စွာဖြင့်…
"အရမ်း စိတ်ဓာတ်ကျစရာ မလိုပါဘူး… နဂါးသွေးကလန်ရဲ့ စွမ်းအားတွေက မျိုးဆက်ပေါင်းများစွာ တည်ဆောက်ထားခဲ့တာပါ… လီတိုင်ရွှမ်တောင် အရာရာကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ဘူး.. သူ ထွက်ခွာသွားပြီးနောက် ပြန်မလာခဲ့ဘူးလေ.. သူတောင် မလုပ်နိုင်ရင် လီလော့က ဘာများ ထူးခြားမှာလဲ…လီချင်းဖုန်း..မင်း တစ်ကြိမ် ရှုံးနိမ့်သွားရုံနဲ့ စိတ်ဓာတ်မကျနဲ့… လီလော့က ပါရမီရှိနိုင်ပေမဲ့ နဂါးသွေးကလန်ရဲ့ အခြေခံအုတ်မြစ်က ပိုမိုကြီးမားတယ်"
"ပဲ့တင်ထပ်သံ လှိုဏ်ဂူ အခွင့်အရေးကို အသုံးချ…မင်း သူ့ကို မကျော်လွန်နိုင်ရင်တောင် နဂါးသွေးကလန်မှာ ငါတို့ ရှိနေသေးတယ်..."
ထိုအချိန်တွင် လီဟုန်လီက အံ့ဩစွာဖြင့်…
"အစ်ကို ဆုံးဖြတ်ချက် ချပြီးပြီလား"
"နဂါးသွေးအစောင့်အရှောက်တွေ မထွက်ခွာခင်မှာ အကြီးအကဲတွေက အခွင့်အရေး ရရင် လီလော့ကို ကောင်းကင်နဂါး (၅) ခုရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာ သိအောင် လုပ်ပေးဖို့ မှာထားတယ်"
ထိုစကားကိုပြောရင်းလီဝူရွှမ်၏ အကြည့်များက တည်ငြိမ်နေသော်လည်း ခန္ဓာကိုယ်မှ ထက်မြက်ပြီး ရက်စက်သော အရှိန်အဝါများ ဖြာထွက်လာသည်။
လီတိုင်ရွှမ် ထွန်းတောက်ခဲ့သည့် နှစ်များက နဂါးစွယ်ကလန်၏ ဂုဏ်သိက္ခာကို မြင့်တက်စေခဲ့သည်။ နဂါးစွယ်အစောင့်အရှောက်များဆီသို့ ရောက်ရှိချိန်တွင် အရှိန်အဟုန် အလွန်ပင် ကြီးမားလှသဖြင့် နဂါးသွေးအစောင့်အရှောက်များပင် ထိတ်လန့်ခဲ့ရသည်။ထို့ကြောင့် လီတိုင်ရွှမ်ကို တားဆီးရန် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။ လီတိုင်ရွှမ်သည် အစပိုင်းတွင် ဖိနှိပ်ခံခဲ့ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ နဂါးသွေးအစောင့်အရှောက်များ၏ အကြီးအကဲများပင် သူ့ရှေ့တွင် နောက်ဆုတ်နေခဲ့ရသည်။ ရလဒ်အနေဖြင့် ထိုမျိုးဆက်၏ နဂါးစွယ်အစောင့်အရှောက်များ ပြိုင်ဘက်ကင်းခဲ့ကြသည်။
နဂါးသွေးအစောင့်အရှောက်များသာ သူတို့၏ လုပ်ဆောင်ချက်များကို ပြန်လည် ဆန်းစစ်ကြည့်ပြီး လီတိုင်ရွှမ်၏ ခြိမ်းခြောက်မှုကို အချိန်မီ သတိပြုမိပြီး စောစောစီးစီး ဖိနှိပ်ခဲ့မည်ဆိုလျှင် သူ ထိုမျှလောက် အောင်မြင်လာမည် မဟုတ်ကြောင်း ခံစားမိခဲ့သည်။
နောက်ဆုံးတွင် လီတိုင်ရွှမ်က သူတို့ကို ဓားသွေးကျောက်အဖြစ် အသုံးပြု၍ မိမိကိုယ်ကိုယ် အဆင့်မြှင့်တင်သွားခဲ့သည်။
ယခင် အမှားများမှ သင်ခန်းစာယူ၍ အခွင့်အရေးရလျှင် လီလော့ကို အစွမ်းကုန် ဖိနှိပ်ရန် နဂါးသွေးအစောင့်အရှောက်များက ဆုံးဖြတ်လိုက်သည်။အပြင်ဘက် ကုန်းမြေတွင် နှစ်ပေါင်းများစွာ နေခဲ့ရသဖြင့် လီလော့၏ တိုးတက်မှု လျော့နည်းသွားနိုင်ပြီး ဖခင်လို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဤနည်းဖြင့်သာ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်လိမ့်မည်။
"အစ်ကိုသာ လှုပ်ရှားလိုက်ရင် နဂါးစွယ်အစောင့်အရှောက်တွေက အစ်ကို့ကို တားဆီးမှာ မဟုတ်ဘူးလား" ဟု လီဟုန်လီက မေးတော့….
လုဝူရွမ်က ပြုံးလိုက်ပြီး…
"နဂါးစွယ်ကလန်ရဲ့ အရင်မျိုးဆက်က ငါ့လက်အောက်မှာ အကြိမ်ကြိမ် ကျရှုံးခဲ့ရမို့.. ဘယ်သူ ငါ့ကို တားဆီးနိုင်မှာလဲ…ငါ့ဘက်ကလည်း တရားလွန်မလုပ်ပါဘူး.. သူ ပိုပြီး အေးဆေးနေတတ်အောင် လုပ်ပေးရုံပါ.. လူငယ်တွေ ယှဉ်ပြိုင်တာက သဘာဝပဲလေ.. သူ ကလန်ခေါင်းဆောင်ဆီ သွားတိုင်မှာလား? ဒါဆို ကလန် (၅) ခုရဲ့ ရယ်စရာ ဖြစ်သွားလိမ့်မယ်"
"တော်ပါပြီ၊ သူ့အကြောင်း မပြောကြရအောင်.."
လုဝူရွမ်က ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီး လီချင်းဖုန်း၏ ပုခုံးကို ပုတ်လိုက်ပြီး…
"ဒီအတွက် စိတ်ဓာတ်ကျစရာ မလိုဘူး… ဒါက ယာယီ ရှုံးနိမ့်မှုပဲ… နဂါးသွေးကလန်ရဲ့ အခြေခံအုတ်မြစ်ကြောင့် လီလော့က လှည်းကို တားဆီးဖို့ ကြိုးစားနေတဲ့ ပုစွန်လုံးလေးပဲ ဖြစ်လိမ့်မယ်.. သွားကြရအောင်… ဒီကို ပြန်လာဖို့ အခွင့်အရေး နည်းတယ်..မဟာနဂါးစားသောက်ဆိုင်မှာ အစားအသောက်တွေ စားကြရအောင်..နဂါးသွေးအစောင့်အရှောက်တွေထဲမှာ နေရတာ အရမ်း ပင်ပန်းပြီး အန္တရာယ်များတယ်.. အနားယူဖို့ အချိန်တောင် မရှိဘူး.."
လီချင်းဖုန်း ပြုံးရယ်ရင်း သူနှင့်အတူ လိုက်ပါသွားကာ သူငယ်ချင်းများကို ခေါ်ဆောင်၍ နတ်ဆိုးလှိုဏ်ဂူ တောင်ထိပ်မှ ထွက်ခွာသွားခဲ့သည်။
……
လီလော့ကတော့ နဂါးသွေးအစောင့်အရှောက်များ၏ အကြံအစည်ကို မသိရှိပေ။ သူသာ သိရှိလျှင် ပြုံး၍သာ တုံ့ပြန်လိမ့်မည်။ သူငယ်ချင်းများကြားက ယှဉ်ပြိုင်မှုမှာ သဘာဝ ဖြစ်သည်။
လီလော့ အစားအသောက်များ စားသောက်ပြီးနောက် နေအိမ်သို့ ပြန်သွားခဲ့ပြီး ခုတင်ပေါ်တွင် ထိုင်နေသော်လည်း အနားမယူဘဲ လက်ကို ဆန့်ထုတ်လိုက်သည်။
ထိုအခါ လက်ကောက်ဝတ်ရှိ အိတ်ဆောင်စက်လုံးထဲမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး သူ့ရှေ့တွင် အစိမ်းရောင် ဆေးလုံးတစ်လုံး ပေါ်လာသည်။
ထိုဆေးလုံးမှာ စိတ်ကို ကြည်လင်စေသော ထူးခြားသည့် အနံ့တစ်ခုကို ဖြာထွက်နေ၏။
၎င်းမှာ အဆင့် (၆၃) ကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် ရရှိခဲ့သော ဆုလာဘ် ဖြစ်သည့် ဉာဏ်အလင်းပွင့် ဆေးလုံး….