တရားမျှတမှုအဖွဲ့၏ အမှီအခိုကင်းသောမစ်ရှင်......
Vol. 18 Ch. 247
တောင်ကုန်းပေါ်တွင် လီလော့တို့ တဖွဲ့လုံး ကျန်းချင်းအာကို မယုံနိုင်စွာ စိုက်ကြည့်နေကြဆဲပင်......
ချိုးပိုင်နှင့်ထျန်ထျန်းတို့လည်း ထိတ်လန့်သွားကြသည်။ အဆင့်တစ်မျှော်စင်သည် သူတို့အတွက် လွယ်ကူသော်လည်း လီလော့တို့အဖွဲ့အတွက်ကတော့ ပထမဆုံးအကြိမ် အရိပ်လှိုဏ်ဂူထဲဝင်ခြင်းဖြစ်သဖြင့် အန္တာရာယ်များသည်ဟုဆိုရမည်သာ... လမ်းပြပေးမယ့် စီနီယာတွေသာ မရှိရင် သေချာပေါက် ဒုက္ခရောက်ကုန်ကြလိမ့်မည်။
ကျန်းချင်းအာက လီလော့ကို လမ်းတလျှောက်လုံး ကလေးတစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့ပြီးမှ ရုတ်တရက်ကြီး အန္တာရာယ်တောထဲသွားခိုင်းနေခြင်းကြောင့် အကုန်လုံး အံ့အားသင့်နေကြရသည်။
" ပြဿနာရှိလို့လား....နင်တို့က ပထမနှစ်တွေဆိုတော့ ဘေးဒုက္ခအဆင့်တွေကို ကြောက်နေကြတယ်ပေါ့.....အန္တရာယ်သိပ်မပါရှိဘူး...ကြောက်တယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းပြော ငါလိုက်ခဲ့ပေးလိုက်မယ်..... ဒါပေမယ့်... တခုတော့မေးချင်တယ်....ငါတို့က အန္တရာယ်ကင်းတဲ့ မစ်ရှင်လုပ်ဖို့ ဒီကိုရောက်နေကြတာလား.... ငါ နင်တို့ကို လက်တစ်ချောင်းတောင်လှုပ်စရာမလိုအောင် ကာကွယ်ပေးနိုင်တယ်...နင်တို့လိုချင်တာ ဒါမျိုးလား......"
လီလော့ တဖြည်းဖြည်း နားလည်ခဲ့ပါပြီ....
"ရပြီ ချင်းအာ...."
ဟုတ်ပေသည်။ကျန်းချင်းအာ သူတို့ကို အချိန်ပြည့်ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။ ကိုယ့်ခွန်ကိုယ်အားနဲ့ ကိုယ့်ဒူးကိုယ်ချွန်ရမည်သာ....
လမ်းတစ်လျှောက်လုံး သင်ပြပေးခဲ့သည်မှာ အလကားမဟုတ်....သူတို့အတွက် သေချာပြင်ဆင်ပေးခဲ့ခြင်းသာပင်....
ယခုချိန်တွင် သင်ခန်းစာများကို လက်တွေ့အသုံးချရတော့မည်။
မိမိတို့အဖွဲ့၏ ခွန်အားကိုမြင်သာအောင်ပြသရတော့မည်။
လီလော့သည် ခြောက်သွေ့နေသောတောအုပ်ကို စိတ်အားထက်သန်စွာ လေ့လာစစ်ဆေးကြည့်လိုက်သည်။
"ကြောက်လား...."
ပိုင်မျန်မျန်နှင့်ရှင်းဖူတို့ကိုမေးလိုက်သည့်အခါ.....
"ကျွန်မက ပံ့ပိုးသူပါ...ရှေ့တန်းကနေ တိုက်ရမယ့်ခေါင်းဆောင်အတွက် ကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်....."
ရှင်းဖူကတော့ စိတ်ပိုင်းဖြတ်ထားသည့်အမူအရာဖြင့် ......
"ထက်ရှတဲ့ဓားက အကြောက်တရားကင်းတယ်....."
" ရှင်းဖူ...ငါတို့က ကမ္ဘာခြားသက်ရှိတွေနဲ့တိုက်ခိုက်ပြီး မျှော်စင်ကို အသက်သွင်းရမှာ...မင်းအခုလို တိုးတိုး တိုးတိုးပြောနေရင် ကမ္ဘာခြားသက်ရှိတွေက ငါတို့တွေ တားမြစ်နယ်မြေထဲဝင်ပြီး သားရဲတွေသွားဖမ်းမယ် ထင်နေဉီးမယ်...."
ရှင်းဖူ ဆွံ့အသွားသည်။
" ကဲ....ကျုပ်တို့ တရားမျှတမှုအဖွဲ့ မျှော်စင်ကိုသိမ်းပိုက်ဖို့ စစ်ချီပါတော့မယ်....."
" ကောင်းပြီ.... ငါတို့ ဒီကနေ စောင့်ကြည့်နေမယ်..နင်တို့မျှော်စင်ကို အသက်သွင်းပြီးမှ ငါတို့ ဆက်သွားမယ်..... နင်တို့ ပြန်မလာမချင်း ငါတို့ဒီနေရာကနေ တလှမ်းမမှရွေ့ဘူး....."
လီလော့ ရှုံ့မဲ့သွားသည်။
//ချင်းအာ နင်က ငန်းမဟုတ်ဘူး...နှုတ်သီးနဲ့လိုက်ဆိတ်တတ်တဲ့ ကြက်မ....//
လီလော့တို့အဖွဲ့ ထွက်ခွာသွားသည့်အခါ ထျန်ထျန်းက ကျန်းချင်းအာကိုကြည့်လိုက်ပြီး....
"ချင်းအာ နင်တကယ်ပဲ သူတို့ကို သွားခိုင်းမလို့လား လီလော့နဲ့ရှင်းဖူတို့က ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း အဆင့်တွေဆိုပေမယ့် ပိုင်မျန်မျန်က သူတို့ထက် အဆင့်နိမ့်တယ်....ပြီးတော့ တောအုပ်ထဲမှာ အဖြူရောင်တိုက်စားသူ ငါးယောက်လောက်ရှိနေတယ်...သူတို့တွေအဆင်ပြေပါ့မလား....."
ချိုးပိုင်ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး.....
"သူတို့ကို စမ်းသပ်သင့်တယ်ဆိုပေမယ့်လည်း သတိထားရမယ်... အဆင့်တစ်မျှော်စင်က သူတို့ တတ်နိုင်တဲ့အရာမဟုတ်ဘူး....."
ကျန်းချင်းအာက တောက်ပစွာ အပြုံးလိုက်ပြီး
"ဟေ့... ငါတို့သခင်လေးကို အထင်မသေးစမ်းပါနဲ့....."
ကျန်းချင်းအာ၏ ချစ်စဖွယ်အပြုအမူကြောင့် ချိုးပိုင်နှင့်ထျန်ထျန်းတို့နှစ်ဉီးစလုံး အသည်းယားနေကြသည်။
" ကောင်းပါပြီ...နင်နိုင်ပါတယ်....နင်ကသိပ်ချစ်စရာကောင်းလွန်းနေတော့ ငါတို့လည်း တောင့်မခံနိုင်တော့ပါဘူး....ကြည့်ရတာ ဒူဇီဟုန်လျန် နင့်ကိုပြသာနာလိုက်ရှာနေတာ မနာလိုလို့မဟုတ်ဘဲ နင့်ဆီက အာရုံစိုက်ခံရအောင် တမင်လုပ်နေတာများလား....ဟားးးဟားးး"
....................................
လီလော့တို့သုံးယောက်ဟ မကြာခင် တောအုပ်ထဲ ရောက်လာခဲ့ကြသည်။
သေဆုံးနေသော အကိုင်းအခက်များပေါ်တွင် အုပ်ဆိုင်းနေသော တိမ်မည်းများသည် အနက်ရောင် ငှက်သိုက်မုန့်များနှင့် တူနေသည်။
သုံးယောက်သား နီးနီးကပ်ကပ်ရှိနေကြသော်လည်း စောင့်ကြည့်ခံနေရသည့် ခံစားချက်ကြောင့် အနည်းငယ် တုန်လှုပ်နေမိသည်။
ရွှတ်.......
လီလော့ ဓားထုတ်လိုက်သည့်အသံသည့် တောအုပ်တခွင်ပျံ့လွင့်နေသည်။
သစ်ပင်များကြားသို့ရောက်သည်နှင့် အေးစက်သည့် ရန်လိုစိတ်အချို့ကို အာရုံခံမိနေသည်။
ရန်သူက သူတို့ထက် အမြင့်မှာ.....
နောက်ဘက်ကနေ ရုတ်တရုက်ပျံသန်းလာသည့် ငှက်ကြီး၏ အတောင်ပံနှစ်ဖက်သည် ပုပ်သိုးဆွေးမြေ့နေသည့် လူသားလက်ချောင်းများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။
ရှင်းဖူထံမှာ အရိပ်စွမ်းအားများပေါ်ထွက်လာပြီး ငှက်ကြီးကို သုတ်သင်လိုက်သည်။
"ခေါင်းဆောင်....ငါတို့ မျှော်စင်ကို တည့်တည့်သွားမှာလား...."
ပိုင်မျန်မျန် က စိုးရိမ်တကြီးနဲ့ မေးလာသည်ကို လီလော့က ခေါင်းခါပြလိုက်ပြီး
"အသက်သွင်းခြင်းလုပ်ငန်းစဉ်စတင်တာနဲ့ သစ်တောထဲက ကမ္ဘာခြားသက်ရှိတွေ ဝိုင်းအုံတိုက်ခိုက်လာလိမ့်မယ်.... ငါတို့ရဲ့ လက်ရှိအင်အားအရဆို အစုလိုက်အပြုံလိုက်တိုက်ခိုက်ဖို့မဖြစ်နိုင်ဘူး...အဲ့တော့ အကောင်ကြီးကြီးတွေကို အရင်ရှင်းရမယ်....မျှော်စင်ကို အသက်သွင်းပြီးမှ ကျန်တာတွေကို ဆက်ရှင်းမယ်....."
လီလော့တို့သည် ပုန်းအောင်းမနေဘဲ တိုက်ခိုက်ကြတော့မည်။သို့သော်လည်း လီလော့၏ဆုံးဖြတ်ချက်သည် ဆင်ခြင်တုံတရားအရှိဆုံးဖြစ်သည်။
"ကောင်းပြီ...."
လီလော့သည် တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး တခဏ ရပ်တန့်လိုက်ပြီးနောက် မိနစ်အနည်းငယ်ကြာအောင် လျင်မြန်စွာ ရှေ့ဆက်ခဲ့ကြသည်။
ပဲ့တင်ထပ်သံစွမ်းအားများကို အဆင်သင့် ထုတ်ဖော်ထားပြီး ဓားတိုနှစ်လက်ထံသို့လည်း ပို့လွှတ်ထားသည်။
အရှေ့တွင်ရှိသည့် ရှုပ်ယှက်ခတ်နေသော မြူခိုးများထဲမှ အရပ်ရှည်ရှည် အကောင်ကြီးတစ်ကောင် ရုတ်တရက်ထွက်ပေါ်လာပြန်သည်။
ထိုအကောင်ကြီး၏ ခန္ဓာကိုယ်သည် ကြီးမားသည့်မျက်လုံးကြီးတစ်လုံးဖြစ်ပြီး ထိုမျက်လုံးကြီးကနေ ခြေနှစ်ဖက် လက်နှစ်ဖက် ထွက်ပေါ်နေခြင်းဖြစ်သည်။
ဒေါင်လိုက်ဖြစ်နေသော မျက်စံတစ်ခုဖြင့် လီလော့တို့ကို အညှာတာကင်းမဲ့စွာ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေသည်မှာ အသည်းအေးဖွယ်ကောင်းနေလေ၏။
ဤသည်မှာ အရိပ်လှိုဏ်ဂူအတွင်း နဖူးတွေ့ ဒူးတွေ့ကြုံတွေ့နေရသော အန္တရာယ်တစ်ခုဖြစ်ချေတော့သည်။