← Chapters

လူလိမ် *

Vol. 34 Ch. 468

လူလိမ် *

Vol. 34 Ch. 468

တောထဲတွင် ပြေးလွှားမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယုလန်သည် ဒဏ်ရာများကို လျစ်လျူရှုကာ အတတ်နိုင်ဆုံး ပြေးနေခဲ့သော်လည်း လူအင်အားများသောကြောင့် ပတ်ပတ်လည် ဝန်းရံခံနေရဆဲပင်....

နောက်ကလိုက်လာသူများထဲတွင် အသန်မာဆုံး တိုက်ခိုက်ရေးသမား သုံးယောက်လည်းပါဝင်နေသည်။သို့သော် သူတို့သည် ယုလန်၏ ပဲ့တင်ထပ်သံနှစ်ခုကို ကြောက်နေကြဆဲဖြစ်ပြီး ဝိုင်းရံထားသော်လည်း မတိုက်ခိုက်ဝံ့သေးပေ။ ထို့အပြင်၊ ယုလန်၏ အရှိန်သည် အမှန်ပင် သူ၏ ခွန်အားဖြစ်သည်။ ဤအချက်များ ပေါင်းစပ်လိုက်ခြင်းကြောင့် လိုက်ဖမ်းခြင်းဖြစ်စဉ်ကိုရှည်ကြာစေခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှလျှို့ရှောင်နှင့် အခြားသူများ စိတ်မရှည်တော့ပေ။

"တော်လောက်ပြီ .... သူ့ကိုဝင်ဖမ်းလိုက်တော့....!"

လျှို့ရှောင် ထိုသို့အော်လိုက်ပြီးသည်နှင့် သူ့လက်ဖဝါးပေါ်တွင် အဖြူရောင်စွမ်းအင်များ တောက်ပလာပြီး နှင်းပွင့်များကဲ့သို့ ဖြာထွက်လာသည်။ အဖြူရောင်စွမ်းအင်များနှင့်ဖွဲ့စည်းထားသော နှင်းမြွေတစ်ကောင်ဖြစ်ပေါ်လာပြီး ယုလန်ဆီ တည့်​တည့်ကြီးပျံသန်းသွားလေသည်။

ယုလန် ထိုတိုက်ခိုက်မှုကိုမြင်ပြီး အရှိန်ပြင်းပြင်းဖြင့် တုံ့ပြန်ခဲ့သည်။ သို့တိုင် ခန္ဓာကိုယ် တစ်ဝက်လောက်က နှင်းမြွေ၏ရစ်ပတ်ခြင်းခံလိုက်ရသည်။

ရွှီးးးးးးးး

နှင်းမြွေ၏ရစ်ပတ်မှုကြောင့် ယုလန် ဘိုင်းကနဲပစ်လဲသွားပြီး နှုတ်ခမ်းထောင့်မှသွေးများစီးကျလာသည်။ဤသည်ကိုကြည့်ပြီး လျှို့ရှောင်နှင့် အခြားလူများ ကျေနပ်နေကြသည်။

“တစ်ခုခုတော့ မှားနေပြီ” ဟု ခေါင်းဆောင်တစ်ဦးမှ သံသယဝင်ကာ ပြောလိုက်သည်။

" ဒီကောင် ငပျော့ပဲ....”

အခြားခေါင်းဆောင်က သဘောတူလိုက်သည်။

လျှို့ရှောင်သည်လည်း ယခုအချိန်တွင် မသေချာတော့ပေ။ ယုလန်သည် ပထမကြိမ်တွင် ဟန်ဆောင်နေခြင်းဖြစ်နိုင်သော်လည်း ယုချိန်တွင် အမှန်တကယ်နာကျင်နေပုံရသည်။ သူ၏ နှင်းမြွေနှင့် ယုလန်ကိုရစ်ပတ်လိုက်ချိန်တွင် ယုလန် ထင်သလောက်မသန်မာမှန်းခံစားလိုက်ရသည်။

ယုလန်၏ခွန်အားသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်လောက်သာရှိလိမ့်မည်။

ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်နဲ့ပဲ့တင်ထပ်သံနှစ်ခု....

မဖြစ်နိုင်ဘူး!

"လျှို့ရှောင် မင်းရဲ့အချက်အလက်တွေ မှားနေတယ်" ဟု ခေါင်းဆောင်တစ်ဦးက ပြတ်ပြတ်သားသားပြောလိုက်သည်။

ယုလန်သည် ကြားထားရသောသတင်းများနှင့် ဖြောင့်​ဖြောင့်ကြီးဆန့်ကျင်နေသည်။ ထို့အပြင် ဒဏ္ဍာရီလာ ပဲ့တင်ထပ်သံနှစ်ခုကို အရိပ်အယောင်ပင်မတွေ့ရပေ။

"လျှို့ရှောင်...မင်း ဝိဉာဉ်နှင်းစက်တိမ်တိုက်ကိုတစ်ယောက်တည်းအပိုင်စီးဖို့ကြံနေတာလား.....?"

သူတို့ထဲက အများစုဟာ အခု သူ့ကို စူးရဲစွာကြည့်နေကြသည်။

"ငါ မင်းတို့ကိုလိမ်ခဲ့တာမဟုတ်ဘူး။"

လျှို့ရှောင် သူ့ကိုယ်သူ အလျင်စလို ကာကွယ်လိုက်သည်။

"ငါ့ကို စီနီယာတွေက အသေအချာပြောပြခဲ့တာ....ယုလန်လို့ ခေါ်တဲ့ကြယ်တာယာခရီးရှည်ကောလိပ်က ကောင်လေးက ပဲ့တင်ထပ်သံနှစ်ခုသုံးပြီး လူသတ်ခဲ့တယ်တဲ့...."

"ဟားးးဟားးးး ဒီကောင့်ကိုကြည့်ပါဉီး လူသတ်ရဲတဲ့ပုံလား....?"

လှောင်ပြောင်ခံနေရသော်လည်း လျှို့ရှောင် မတုံ့ပြန်နိုင်ခဲ့ပေ။ တွင်းတစ်ခုရှိလျှင် ပြေးပုန်းလိုက်မည်သာ.....

"ကဲ..မိပြီဆိုတော့ ဒီကောင့်ဆီကနေ ဝိဉာဉ်နှင်းစက်တိမ်တိုက်ရဲ့တည်နေရာကို ရအောင်ယူလိုက်ရအောင်" ဟု လူတစ်ယောက်က ဆော်သြလိုက်သည်။

အခြားလူများက ခေါင်းညိတ်ပြီးနောက် လျှို့ရှောင်ဆီကနေ ယုလန်ဆီသို့ ပြန်လှည့်သွားကြသည်။

ယုလန်သည် တကိုယ်လုံးနာကျင်ကိုက်ခံနေသော်လည်း ပါးစပ်မှ သွေးများကို လက်တစ်ဖက်ဖြင့် သုတ်လိုက်ပြီး ဒေါသတကြီးလှည့်ကြည့်လိုက်သည်။

"မင်းတို့ကောင်တွေ ဘယ်ကောလိပ်ကလဲ..ဘယ်လိုစောက်ရူးတွေလဲ. .."

"မင်းဘာတွေ ကြံစည်နေတာလဲ ယုလန်..."

လျှို့ရှောင်က သူ့ကို အေးစက်စွာ ကြည့်နေသဖြင့် ယုလန် စိတ်ရှုပ်သွားသလို ဒေါသလည်းထွက်သွားသည်။

ဤဆယ်ဦးစလုံးသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်တွင်ရှိနေသော်လည်း သူ့ကိုအုပ်စုဖွဲ့ အမဲလိုက်ခဲ့ကြသည်။ ထို့ကြောင့် အကြောင်းပြချက်ကို အသည်းအသန်သိချင်နေမိသည်။

"ငါတို့ကို ​လေးစားရင် မင်းရဲ့စစ်မှန်တဲ့ခွန်အားကိုထုတ်ပြလိုက်ပါ...."

လျှို့ရှောင်၏တောင်းဆိုချက်ကြောင့် အခြားသူများကလည်း ယုလန်ကို မျှော်လင့်ချက် အနည်းငယ်ဖြင့် ကြည့်နေကြသည်။

ယုလန်ထံတွင် အံ့မခန်းဖွယ်စွမ်းအားတစ်ခုခုရှိမည်ဟု မျှော်လင့်နေမိကြသည်။ သူတို့ဘက်က လူအင်အားများသောကြောင့် ယုလန်ဘက်က ပဲ့တင်ထပ်သံ နှစ်ခုကို ထုတ်ပြရင်တောင် ကြောက်နေစရာမလိုတော့ပေ။

ယုလန်သာ အားလုံးထင်နေသလို ပျော့ညံ့နေပါက လျှို့ရှောင် မျက်နှာပျက်ရပေလိမ့်မည်။

သို့သော်လည်း ယုလန် တိတ်ဆိတ်နေခဲ့သည်။

ရုတ်​တရက်​ အလွန်​ပင်​ပန်းနွမ်းနယ်​လာသည်​သလို ခံစားနေရပြီး လျှို့ရှောင်တို့ပြောနေသမျှ ဘာတစ်ခုမျှ နားမလည်တော့ပေ။

ဟေ့ကောင်တွေ သတ်ချင်သတ်ပစ်လိုက်...သောက်စကားတွေရှည်မနေနဲ့.....

“အမေ့နို့စို့ဖို့တောင် အားမရှိတော့တာကို ငါ ဘယ်လို အစွမ်းအစတွေ ပြရမှာလဲ"

လျှို့ရှောင်.... "မင်းက အရမ်းသန်မာတယ်!"

ယုလန်..... "မင်း အရမ်းမှားနေပြီ!"

လျှို့ရှောင်.... "ဟန်ဆောင်မနေနဲ့...!"

ယုလန်... "ငါ.. ဟန်ဆောင်နေတာ မဟုတ်ဘူး!"

နောက်ဆုံးတော့ ယုလန်လက်လျော့လိုက်ပြီးမြေပြင်ပေါ်တွင် လှဲချလိုက်ကာ ခုခံမှုအားလုံးကို စွန့်လွှတ်လိုက်သည်။

ယုလန်ကို ထိုသို့မြင်နေရသဖြင့် လျှို့ရှောင် အလွန်ဒေါသထွက်သွားသည်။

တောက်..သိက္ခာဆယ်ဖို့ အေးဆေးပြောနေတာကို ခေါင်းမာတဲ့ကောင်က ဖင်ပိတ်ငြင်းနေတယ်....ကြယ်တာယာခရီးရှည်ကောလိပ်က တပည့်တွေကို ဘယ်လိုနည်းတွေနဲ့သွန်သင်နေတာလဲ.....

"မင်းကအရမ်းခေါင်းမာတယ်...အဲ့တော့ ငါ့ကိုအပြစ်မတင်နဲ့ငါတို့ မင်းကို ကိုယ်လုံးတီးနဲ့ ဇောက်ထိုးဆွဲထားမယ်...."

ယုလန် ဘာမှ မပြောနိုင်တော့ပေ။

ခွေးမသားတွေ လွန်ကိုလွန်လွန်းတယ်....ခွေးတောင် ချောင်ပိတ်ရိုက်ရင်ပြန်ကိုက်တတ်တယ်ကွ....

" ငါ့ရဲ့ အရည်အချင်းကို မြင်ချင်တယ့်ပေါ့.... ငါ ကောင်းပြီ...သေချာကြည့်ထားကြ...!"

ယုလန် ဒေါတကြီးနဲ့ ဓားမြှောင်ကို ဆုပ်ကိုင်လိုက်သည့်အခါ လျှို့ရှောင်တို့ သတိဝင်လာပြီး လက်နက်တွေ အသင့်ပြင်ထားလိုက်ကြသည်။ထို့အပြင် ကိုယ့်ကိုကိုယ် ကာကွယ်ရန်စွမ်းအားများထုတ်ဖော်ကာ ခန္ဓာကိုယ်ကိုဖုံးလွှမ်းထားကြသည်။

ကြယ်တာယာခရီးရှည်ကောလိပ်၏ ဝှက်ထားသော ပါရမီရှင်သည် နောက်ဆုံးတွင် သူ၏ ပဲ့တင်ထပ်သံနှစ်ခုကို ထုတ်ဖော်ပြသတော့မည်။

ယုလန်း၏ ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာသည်။ သူသည် ယခုအချိန်တွင် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း အဆင့်တွင်သာရှိသေးသော်လည်း ခရမ်းအဆင့်တပည့်များ၏အာရုံစိုက်ခြင်းခံခဲ့ရသည်။

သူ၏ခွန်အားသည် ဒီလိုအခြေအနေမျိုးမှာ အများကြီး အထောက်အကူဖြစ်မှာ မဟုတ်ပေမယ့် ရွေးချယ်စရာမရှိခဲ့ပေ။

"ဖရိုဖရဲ မုန်တိုင်းခုတ်ချက်.....!"

ယုလန် ဒေါသတကြီး အော်ဟစ်ကာ လျှို့ရှောင်ဆီသို့ ပြေးသွားလိုက်သည်။

လျှို့ရှောင်ကလည်း ပဲ့တင်ထပ်သံ စွမ်းအားအားလုံးကို စုစည်းလိုက်ပြီး အေးစိမ့်သောလေပြင်းများကို တုံ့ပြန်လိုက်သည်။

ဘုန်းးးး

ယုလန်၏အစိမ်းရောင်စွမ်းအင်များကို ဖြိုခွင်းဖို့ စက္ကန့်ပိုင်းမျှသာ အချိန်ယူခဲ့ရသည်။

အားနည်းလွန်းသည့် ယုလန်ကြောင့် လျှို့ရှောင် မယုံနိုင်လောက်အောင် ဒေါသထွက်သွားသည်။

"ဘယ်လိုဖြစ်တာလဲ.... ဒီကောင်ဘာလို့ ဒီလောက် ပျော့ညံ့နေတာလဲ...မဖြစ်နိုင်ဘူး!"

သို့သော် ယုလန်နောက်ကနေ အလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ အလင်းတန်း၏တောက်ပမှုကြောင့် လျှို့ရှောက်သည် ကျောရိုးတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

သူသည် အလင်းကို ခုခံရန်အတွက် နှင်းမြွေများဖန်တီးရန် စွမ်းအားများကို ထပ်မံ ဆင့်ခေါ်ခဲ့သည်။

ရွှီးးးးဘုန်းးးး

ကျယ်လောင်သော မြွေတွန်သံနှင့်အတူ ပေါက်ကွဲသံကိုပါ တပြိုက်နက်ကြားလိုက်ရသည်။

ပေါက်ကွဲမှုအပြီးတွင် လျှို့ရှောင်၏မြွေသည် နှင်းမှုန်များကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း အလင်းတန်းက သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။

ဖွီးးးး

သူ့ပါးစပ်မှ သွေးများ ဖြန်းခနဲ ထွက်လာပြီး လျှို့ရှောင် နောက်သို့ လွင့်စင်သွားလေသည်။

အထိနာသွားသော်လည်း လျှို့ရှောင် ထူးထူးခြားခြား ကြည်နူးနေသည်။

"မင်းတို့မြင်လိုက်လား? ငါလိမ်တာမဟုတ်ဘူး! သူ့မှာ ပဲ့တင်ထပ်သံနှစ်ခုရှိတယ်!!"

ယုလန်သည်လည်း လုံးဝ အံသြသွားပြီး သူ့ကိုယ်ပိုင်ဓားမြှောင်ကို ငုံ့ကြည့်လိုက်သည်။

သူရုတ်တရက် သန်မာလာတာလား..... အခုလေးတင် ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ကိုအနိုင်ယူလိုက်တာလား.....

"ငါဘယ်သူလဲ? ငါကဘာလဲ??"

ယုလန် ပြုံးဖြီးနေပြီး သူ့ကိုယ်သူချီးကျုးနေလေ၏။

သူ့ကိုကြည့်နေရင်းကနေ ကြောက်လန့်တကြားနောက်ဆုတ်သွားကြသည့်ရန်သူတွေကိုကြည့်ပြီး ယုလန် ကျေနပ်မဆုံးတော့ပေ...သို့သော်...

နေဉီး...ဒီကောင်တွေကြည့်နေတာ ငါ့ကိုမဟုတ်ဘူး....ငါ့နောက်ကိုကြည့်နေတာပဲ.......

ယုလန် လှည့်ကြည့်လိုက်တော့ ရှေ့ကို လျှောက်လာနေတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရသည်။

ဦးဆောင်လာသည့် ခမ်းနားထည်ဝါသော ငွေရောင်ဆံပင်နှင့် လူငယ်လေးသည် လီလော့လွဲ၍ အခြားသူမဖြစ်နိုင်ပေ။

ယုလန် ပျော်လွန်းသဖြင့်မျက်ရည်များစီးကျလာသည်။

လီလော့က မေးစေ့ကိုကုတ်ကာ ယုလန်အနီးပတ်ဝန်းကျင်ရှိ လူဆယ်ဦးကို ပျင်းရိစွာ ကြည့်နေလေသည်။ ၎င်းတို့ထဲမှ အချို့သည် ပုံသဏ္ဍန်ပြောင်းလဲခြင်းအဆင့်တွင် ရှိနေကြောင်းချက်ချင်း ခံစားလိုက်ရသည်။

"ယုလန် မင်းဘာတွေမွှေထားပြန်ပြီလဲ....."

ယုလန် သူ့ကို စိုက်ကြည့်ရင်း ငိုနေရင်းကနေ ဒေါသထွက်သွားသည်။

"ငါလည်း ဘယ်သိပါ့မလဲ...သိလို့က​တော့..."

***

All Chapters