← Chapters

လီလော့တို့အဖွဲ့......

Vol. 10 Ch. 139

လီလော့တို့အဖွဲ့......

Vol. 10 Ch. 139

နောက်တစ်နေ့နံနက်တွင်......

လီလော့ ရေမိုးချိုးပြီးနောက် သူနေထိုင်ရာ တတိယထပ်ရှိ ဝရံတာကနေ မြေပြင်ကို ငုံ့ကြည့်လိုက်သည့်အခါ လေးလံသော အထူးပြုချပ်ဝတ်များကို ဝတ်ဆင်ထားသော ကျောင်းသားတစ်စုသည် နံနက်ခင်းနေရောင်ခြည်အောက်တွင် ချွေးသံတရွှဲရွှဲနှင့်ပြေးလွှားနေကြသည်။

ထိုချပ်ဝတ်များသည် ဝတ်ဆင်သူ၏ ပဲ့တင်ထပ်သံစွမ်းအားများကို ဖိနှိပ်ထားနိုင်သည်အထိလေးလံလွန်းလှသည်။ ဝတ်ဆင်ထားသူသည် ပဲ့တင်ထပ်သံစွမ်းအား များကို အဆက်မပြတ်ထုတ်ဖော်၍သာ ချပ်ဝတ်၏ ဖိအားများကို ခုခံနိုင်မည်ဖြစ်သည်။ ထို့​ကြောင့် ကျောင်းသားများသည် ထိုချပ်ဝတ်ကို " လူ့ဘီလူးချပ်ဝတ် " ဟု နာမည်ပြောင်ပေးထားကြသည်။

ဤသည်မှာ ကြယ်တာယာခရီးရှည်ကောလိပ် ၏ နေ့စဉ်ဘဝဖြစ်သည်။

ပင်ပန်လွန်းလှသော်လည်း မျှော်လင့်ချက်များရှိနေသေးသည် မဟုတ်လော။

လီလော့ ပျင်းကြောဆန့်လိုက်ပြီး ဆာလောင်နေသောဝမ်းဗိုက်ကို ဖြည့်တင်းရန် အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

ဒုတိအထပ်တွင် ရှင်းဖူသည် ထုံးစံအတိုင်း အနက်ရောင်ခေါင်းစွပ်ကို ဝတ်ဆင်ထားပြီး စိတ်ဝင်စားမှုအပြည့်ဖြင့် ပန်းချီကားတစ်ချပ်ရေးဆွဲနေသည်ကို မြင်လိုက်ရသည်။

"မဂ်လာနံနက်ခင်းပါ ရှင်းဖူ...."

ရှင်းဖူက ခေါင်းစွပ်အောက်ကနေ သိသာလောက်သည်အထိ ခေါင်းညိတ်ပြပြီး ပန်းချီကားကိုသာ  အာရုံစိုက်နေသည်။

တစ်ရက်လောက် အတူနေကြည့်ပြီးနောက် ရှင်းဖူအကြောင်း သိသင့်သလောက်သိနေပြီဖြစ်သည်။ သူသည် အရိပ်တစ်ခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ နေတတ်ပြီး သတိမထားမိပါက ရှိလို့ရှိနေမှန်းပင် သိနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ခေါင်းဆောင်တစ်ယောက်ဖြစ်နေသည့်အတွက် အဖွဲ့သားတိုင်းအပေါ် ဂရုစိုက်ပေးရမည်။

လီလော့ သူ့အနားသွားလိုက်ပြီး.....

" မင်း ဆွဲထားတဲ့ ကြက်လေးက ချစ်ဖို့ကောင်းသားပဲနော်. ..."

ထိုစကားကြောင့် ရှင်းဖူ၏ စုတ်တံကိုင်ထားသောလက်သည် လေထဲတွင်ရပ်တန့်သွားလေသည်။အတော်လေးကြာတော့မှသာ....

" ကျွန်တော်ဆွဲထားတာ ဖီးနစ်..."

လီလော့ နောက်ပြန်လဲကျတော့မတတ် လန့်ဖြန့်သွားလေသည်။ ထို့နောက် ကြက်လား ဖီးနစ်လား သေချာသိနိုင်ရန် ပန်းချီကားကို အနီးကပ်သေချာပြန်ကြည့်လိုက်ရသည်။

// စွကျိုးနည်းပါကွာ..အစာငတ်နေတဲ့ကြက်ကိုများ ဖီးနစ်တဲ့......ဘယ်ဘဝကုသိုလ်ကြောင့် မင်း ဖီးနစ်က ဒီလောက်တောင်ပိန်လှီနေရတာလဲ....//

" မင်း အခုမှ ပန်းချီပညာကို စလေ့လာတာလား...မဆိုးဘူးနော်...ပန်းချီဆွဲတာက စိတ်ငြိမ်စေတယ်ကွ....."

ပန်းချီကားပေါ်ရောက်နေပြီဖြစ်သည့် ရှင်းဖူ၏ စုတ်တံသည် ခဲဆွဲထားသလို တုပ်တုပ်မျှမလှုပ်တော့ပေ။

" ကျွန်တော် ပန်းချီဆွဲလာတာ ဆယ်နှစ်ကျော်နေပြီ....."

လီလော့ ထိုပန်းချီကားပေါ် သွေးပွက်ပွက်အန်ချမိတော့မည်။

// ဘုရားသခင်...ဆယ်နှစ်ကျော် ဆွဲလာတဲ့လက်ရာကလဲ အဲ့သလောက်တောင်ဆိုးဝါးရလားကွာ....ငါ့ခြေထောက်နဲ့ ဆွဲရင်တောင် ဒီ့ထက်ပိုသာဉီးမယ်...//

// ရှိစေတော့...ထူးဆန်းတဲ့ အဖွဲ့သားလေးဆိုတော့ ဒီလောက်တော့ရှိမှာပေါ့....//

ဤသို့ဖြင့် ပထမထပ်သို့ ဆင်းလာသောအခါ ပိုင်မျန်မျန်သည် ဟင်းချက်ရာတွင်ဝတ်သည့် ခါးစည်းဝတ်လေးဝတ်၍ ဧည့်ခန်းထဲတွင် နံနက်စာပြင်နေသည်ကို မြင်လိုက်ရငသည်။

လီလော့ကို မြင်သည်နှင့်......

" ခေါင်းဆောင်....ကျွန်မ နံနက်စာပြင်ပေးထားတယ် ကျောင်းကန်တင်းကို သွားစရာမလိုတော့ဘူး....."

ချစ်စဖွယ် နတ်သမီးအသေးလေးကြောင့် လီလော့ အတော်ကျေနပ်မိသည်။

တော်သေးတယ် ပုံမှန်အဖွဲ့သားလေးတစ်ယောက်ရှိသေးသားပဲ......

ပျော်ရွှင်နေသော စိတ်အစဉ်သည် ပိုင်မျန်မျန်၏လက်ရာကို ပထမတစ်လုတ်စားပြီးချိန်တွင် လုံးဝအေးခဲသွားလေတော့သည်။

ရှေ့တွင်ရှိနေသည့် အစားအသောက်များကို ကြည့်ပြီး ထိတ်လန့်လာမိသည်။ ထိုအစားအသောက်များသည် အမြင်လှသော်လည်း အရသာသည် ဝက်စာကဲ့သို့ ဆိုးဝါးလွန်းလှသည်။

// ပုံမှန် အဖွဲ့သားလေးတစ်ယောက်ရှိတယ်ဆိုပြီး ပျော်နေလိုက်ရတာ...အခုတော့ ငါ့သာ လာသတ်သွားကြပါတော့....ဒီလိုလူမျိုးတွေနဲ့တော့အတူမနေနိုင်ဘူး....//

" ဘာ...ဘာဖြစ်လို့လဲ...စားလို့မကောင်းလို့လား....."

လီလော့၏ ပျက်ယွင်းနေသော အမူအရာကြောင့် ပိုင်မျန်မျန် စိုးရိမ်တကြီးလှမ်းမေးလိုက်သည်။

သိပ်ကို အပြစ်ကင်းစင်လွန်းလှသော ပိုင်မျန်မျန်ကြောင့် ပါးစပ်ထဲရှိသမျှကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး.....

" ကောင်းပါတယ်...."

ထိုအခါမှသာ ပိုင်မျန်မျန် ပြုံးနိုင်ရှာတော့သည်။

ထိုအချိန်တွင် အောက်ထပ်ဆင်းလာသည့် ရှင်းဖူကို လှမ်းမြင်လိုက်သောကြောင့်......

"ရှင်းဖူ...မြန်မြန်လာ...မျန်မျန်က ငါတို့အတွက် နံနက်စာပြင်ပေးထားတယ်...လာစားလိုက်ဉီး......"

လီလော့၏ အားတက်သရောဖိတ်ခေါ်နေမှုကို သံသယဝင်နေသော်လည်း ရှင်းဖူးသည် ထမင်းစားပွဲရှိရာဆီလျှောက်လာခဲ့လိုက်သည်။ ပိုင်မျန်မျန်ကလည်း ဝမ်းသာအားရနှင့် စားစရယများပြင်ဆင်ပေးနေသည့်အတွက် ကျေးဇူးတင်စကားဆိုလိုက်ပါသေးသည်။

ရှင်းဖူသည်လည်း ပထမတစ်လုတ်စားပြီးသည်နှင့် လီလော့ကို လှမ်းကြည့်လိုက်ကာ.....

" ခေါင်း...ခေါင်းဆောင်...."

// သေစမ်း....ဒီကောင် လူမှုရေးနားမလည်ဘူးကြည့်စမ်း.....နည်းနည်းလေးတောင်ဟန်မဆောင်တတ်ဘူးပဲ....//

" ဟေ့ကောင်...မျန်မျန်က စေတနာအပြည့်နဲ့ချက်ပြုတ်ပေးထားရတာ စိတ်မကောင်းဖြစ်အောင်မလုပ်နဲ့...ကုန်အောင်စားလိုက်...."

ပိုင်မျန်မျန် ဝမ်းနည်းသွားမည်စိုးသောကြောင့် လီလော့ ရှင်းဖူကို ခပ်တိုးတိုးသတိပေးလိုက်လေသည်။

ပိုင်မျန်မျန်ကို ကြည့်လိုက်ပြန်တော့လည်း ချက်ထားသမျှကို အားပါးတရစားသောက်နေသည့်အတွက် လီလော့တို့ ဇဝေဇဝါဖြစ်ကုန်သည်။

// ပိုင်အိမ်တော်က ကူစူးစီရင်စုရဲ့ အမာခံရှေးဟောင်းမျိုးနွယ်စုတစ်ခုပါ...ဒီလို အာဏာစက်ပြင်းတဲ့အိမ်တော်ကလူတွေ ဒီလောက်ဆိုးဝါးတဲ့အစားအစားတွေ ကြိုက်ကြတယ်လို့တော့လာမပြောကြနဲ့....//

ထို့ချိန်တွင် အခန်းတံခါးပွင့်လာပြီး နည်းပြချီချန်းရောက်လာခဲ့သည်။

" ကဲ....ဒီနေ့ ပထမဆုံးလေ့ကျင့်ရေးဆင်းတဲ့အနေနဲ့ လေ့ကျင့်ရေးကွင်းထဲသွားကြမယ်...."

"နည်းပြ...ဒါဆို ကျွန်တော်တို့က ရှန်းလိသစ်ပင်တွေဆီ ဘယ်တော့မှသွားရမှာလဲ....."

" ကောလိပ်မှာရှိတဲ့ ရှန်းလိသစ်ပင်တွေနားမှာ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်တွေ သိပ်ပြင်းထန်လွန်းတယ်...မင်းတို့တွေ အဲ့ကို သုံးရက် တစ်ကြိမ်ပဲ သွားနိုင်တယ်....ဒါတောင်တော်တော်လွန်နေပြီ.....မနက်ဖြန်ကျရင် သွားရမယ်...."

နန်ဖန်းကျောင်းတော်ရှိ ရှန်းလိသစ်ပင်များတွင် နေစဉ်သွားရောက်ကျင့်ကြံနိုင်သော်လည်း ကောလိပ်ရှိ သစ်ပင်များသည် သုံးရက် တစ်ကြိမ်သာ ကျင့်ကြံနိုင်သည်ဆိုသည့်အတွက် မည်မျှအထိ စွမ်းအားပြင်းထန်ကြောင်း တွေးကြည့်နိုင်သည်။

နံနက်စာ စားပြီးနောက် မြို့စားအဆင့်တစ်ဉီး၏ လမ်းညွှန်သင်ပြမှုများကို ခံယူရန် လေ့ကျင့်ရေးကွင်းရှိရာဆီသွားခဲ့ကြသည်။

သုံးဉီးသား ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြပြီး နည်းပြချီချန်းက လက်ကို ဆန့်ထုတ်လိုက်ပြီး.....

" လက်ပေး...."

လီလော့ တခဏမျှ တုံ့ဆိုင်းနေပြီးနောက် လက်ကမ်းလိုက်လေသည်။

ဤသည်မှာ သူ၏ ပဲ့တင်ထပ်သံနှစ်ခုကို စမ်းစစ်လိုခြင်းဖြစ်​ကြောင်း လီလော့ သဘောပေါက်သည်။သူ့ထံတွင် တတိမြောက် ဗလာနန်းတော်ရှိနေသောကြောင့်သာ တွေဝေနေရခြင်းဖြစ်သည်။

ယခုချိန်တွင် ထိုအရာများကို ထုတ်မပြချင်သေးပေ။ ပဲ့တင်ထပ်သံနှစ်ခုရှိနေခြင်းသည် ရန်သူများကို တပ်လှန့်လိုက်သလို ဖြစ်စေခဲ့သော်လည်း ထိန်းချုပ်နိုင်သောအနေအထားတွင်သာရှိနေသေးသည်။

သူ့ထံတွင် တတိယမြောက်ပဲ့တင်ထပ်သံနန်းတော်ရှိနေသည်ဆိုပါက ဘုံရန်သူဖြစ်သွားပေလိမ့်မည်။ ရန်သူများသည် လီလော့ ကြီးထွားလာမည်ကို စောင့်ဆိုင်းနေကြမည်မဟုတ်ပေ။ခရမ်းအဆင့်နည်းပြ၏ ကာကွယ်မှု​အောက်တွင် ရှိနေစေကာမူ လုပ်ကြံရန်ကြိုးစားကြတော့မည်သာ....ကောလိပ်ဘက်ကလည်း ထိုအခြေနေများကို ဝင်ရောက်ထိန်းသိမ်းပေးနိုင်မည်မဟုတ်ပေ။

သို့သော်လည်း တတိယမြောက်ဗလာနန်းတော်သည် ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေပြီး ယခုချိန်ထိ မဖွင့်လှစ်ရသေးသောကြောင့် လီလော့ဘက်ကသာ ထုတ်မပြချင်လျှင် မည်သူမျှရှာတွေ့နိုင်မည်မဟုတ်ပေ။

All Chapters