← Chapters

ကိုးကြိမ်မြောက်တိုက်ပွဲ….

Vol. 66 Ch. 919

ကိုးကြိမ်မြောက်တိုက်ပွဲ….

Vol. 66 Ch. 919

ဒီတစ်ခဏမှာတော့ လူတိုင်း၏ အာရုံစိုက်မှုအားလုံးက လီလော့ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူတို့အားလုံး ထိတ်လန့်မှုများရော မျှော်လင့်ချက်များပါ ပြည့်နှက်နေသည့် အကြည့်များဖြင့် စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

အကြေးခွံလုပွဲ၏ ကိုးကြိမ်မြောက်တိုက်ပွဲ…

ဤသည်က နဂါးခေါင်းဆောင်တိုက်ပွဲတိုင်းတွင် မြင်တွေ့ရခဲလှသည့် ဖြစ်ရပ်တစ်ခုပင်။

ပုံမှန်အားဖြင့် ပြောရလျှင်တော့ နဂါးအကြေးခွံ ရှစ်ခု ရရှိထားရုံဖြင့် ထိုသူကို နဂါးခေါင်းဆောင်အဖြစ် သတ်မှတ်ရန်အတွက် အပြည့်အဝ လုံလောက်နေပြီဖြစ်သည်။

ထို့ကြောင့် ကိုးကြိမ်မြောက်တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ဆိုသည်မှာ အဓိပ္ပာယ်သိပ်မရှိလှ‌ပေ။

အဘယ့်ကြောင့်ဆိုသော် ဤနေရာသို့ ရောက်ရှိလာကြသူ အများစုအတွက် ကိုးခုမြောက် နဂါးအကြေးခွံကို မလိုအပ်ကြသောကြောင့် ဖြစ်သည်။

နဂါးပျံတက်ခြင်းပွဲတုန်းက အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာ၏ သန္ဓေတည်ခြင်းအဆင့်ကို အောင်မြင်စွာ ရရှိထားခဲ့သူများသာ ဒါကို စမ်းသပ်ဖို့ စဉ်းစားကြမည် ဖြစ်သည်။

အကြေးခွံရှစ်ခုအဆင့်အထိသာ ရရှိထားခဲ့ကြသည့် လီချင်းဖုန်းတို့လို လူမျိုးများအတွက်တော့ ဤကိုးကြိမ်မြောက်တိုက်ပွဲမှာ အနိုင်ရရှိခဲ့လျှင်ပင် ဘာမှ ထပ်မံရရှိမည် မဟုတ်ပေ။ထို့ကြောင့် သူတို့ကတော့ ဤကဲ့သို့သော စိန်ခေါ်မှုကို ဆက်လက်မလုပ်ဆောင်ဘဲ သဘာဝကျကျပဲ လက်လျှော့ကြမည်မှာ သေချာသည်။

ဤကိုးကြိမ်မြောက်တိုက်ပွဲကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လျှင် လူအများ၏ အာရုံစိုက်မှုကို ရရှိမည်ဖြစ်ပြီး သမိုင်းထဲမှာပါ မိမိ၏ အမည်နာမကို ထင်ရှားစွာ ချန်ထားရစ်နိုင်မည် ဖြစ်သော်လည်း ၎င်း၏ စစ်မှန်သည့် ခက်ခဲမှုအဆင့်ကတော့ တကယ့်ကို ကြီးမားလှသည်။

လီလော့ သေချာစဉ်းစားနေသည်ကို လူတိုင်း အသံတိတ် စောင့်ကြည့်နေကြသည်။

သူသည် နဖူးအလယ်က နဂါးဝိညာဉ်အမှတ်အသားကို အသာအယာ ထိတွေ့ရင်း စဉ်းစားနေခြင်း ဖြစ်သည်။

လက်ရှိအချိန်မှာ နဂါးအကြေးခွံ ရှစ်ခုကို ခိုင်မာစွာ ရရှိထားပြီးဖြစ်သောကြောင့် ဤပြိုင်ပွဲသာ ပြီးဆုံးသွားခဲ့လျှင် သူရရှိထားသော သန့်စင်သော နဂါးခန္ဓာမှာ အကြေးခွံရှစ်ခုအဆင့်သို့ သေချာပေါက် ရောက်ရှိသွားမည် ဖြစ်သည်။

ဤသည်က အလွန်မြင့်မားသည့် အဆင့်တစ်ခု ဖြစ်သည်မှာ မှန်သော်လည်း လုံးဝဥဿုံ ပြည့်စုံသည့် အဆင့်အတန်းတော့ မဟုတ်သေးပေ။

ယခုအခါ သူ့ကို သန့်စင်သော နဂါးခန္ဓာကို အမြင့်ဆုံးအဆင့်ဖြစ်သည့် အကြေးခွံကိုးခုစလုံး အပြည့်အဝ ပုံဖော်နိုင်မည့် အခွင့်အရေးကြီးကို ပေးအပ်လာခဲ့ချေပြီ။

အကြေးခွံလုပွဲအတွင်း အနိုင်ရရှိခဲ့သည့် တိုက်ပွဲတိုင်းက သူ့ကို ကောင်းကင်နဂါးစွမ်းအင်များ ပြည့်နှက်နေသည့် နဂါးအကြေးခွံတစ်ခုစီ ပေးစွမ်းခဲ့ပြီး နောက်ပိုင်းရရှိလာသည့် အကြေးခွံများအတွင်းမှာ ပိုမိုပြင်းထန်ပြီး ပိုမိုထူထပ်သည့် စွမ်းအင်များ ပါဝင်နေသည်။

ထို့ကြောင့် ဤသည်ကသာ သူ့ရဲ့ သန့်စင်သော နဂါးခန္ဓာကို အမြင့်ဆုံးအဆင့်သို့ ချက်ချင်း အသက်သွင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

အကယ်၍ သူသာ ယခုအချိန်မှာ လက်လျှော့လိုက်လျှင်လည်း နောင်အနာဂတ်ကျမှ ကောင်းကင်နဂါးစွမ်းအင်များ ပါဝင်သည့် အဖိုးတန်ရတနာများကို ရင်းမြစ်အမြောက်အမြားနှင့် ပြန်လည်လဲလှယ်ပြီး ရှေ့ဆက်ရပေမည်။

သို့သော်လည်း အဆင့်ရှစ်ကနေ အဆင့်ကိုးသို့ တက်လှမ်းနိုင်ဖို့အတွက် ပေးဆပ်ရမည့် အချိန်နှင့် ကြိုးစားအားထုတ်မှု ပမာဏကတော့ မယုံနိုင်လောက်အောင် ကြီးမားလှမည်မှာ သေချာသည်။

လီလော့အနေဖြင့် သန့်စင်သော နဂါးခန္ဓာတစ်ခုတည်းအတွက်တင် ဤမျှအထိ အချိန်အများကြီး ပေးဆပ်နေဖို့အတွက် အချိန်မတော့ပေ။

ထို့ကြောင့် အကယ်၍ သူသာ သန့်စင်သော နဂါးခန္ဓာ၏ စစ်မှန်သည့် စွမ်းအားအားလုံးကို အပြည့်အဝ ပုံဖော်ချင်လျှင် ဤကိုးကြိမ်မြောက်တိုက်ပွဲက အဖြောင့်ဖြူးဆုံး လမ်းကြောင်းတစ်ခု ဖြစ်လာပေမည်။

သေချာသည်က သူ အနိုင်ရရှိဖို့က ပထမဆုံး သတ်မှတ်ချက် ဖြစ်သည်။

သူသည် နဂါးပျံတက်ခြင်းပွဲတုန်းက အကြေးခွံကိုးခု ဝိညာဉ်အမှတ်အသားကို ရရှိဖို့အတွက် အသက်ကိုပါ ရင်းပြီး အစွမ်းကုန် ကြိုးစားခဲ့ရသဖြင့် မည်သို့ပင်ဆိုစေ သေချာပေါက် စမ်းသပ်ကြည့်ရလိမ့်မည်။

အကယ်၍ သူသာ ဤမျှအလွယ်တကူ လက်လျှော့လိုက်လျှင် အစောပိုင်းက ကြိုးစားအားထုတ်မှုအားလုံး လုံးဝ အလဟဿ ဖြစ်သွားလိမ့်မည်။

ဤအတွေးများဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်တော့သည်။ လီလော့ အထက် ကောင်းကင်ယံထံသို့ မော့ကြည့်လိုက်တော့ ထိုမိုးတိမ်များအထက်ဆီမှနေ၍ တိုးညင်းသော်လည်း မယုံနိုင်လောက်အောင် ပြင်းထန်လှသည့် အရှိန်အဝါလှိုင်းတစ်ခု ဆင်းသက်လာသည်ကို ခံစားလိုက်ရသည်။

လီလော့က ယဉ်ကျေးစွာဖြင့် …

"ကိုးကြိမ်မြောက်တိုက်ပွဲကို ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပမှာလဲ သိပါရစေ"

ဟု မေးမြန်းလိုက်သည်။

"ကိုးကြိမ်မြောက်တိုက်ပွဲအတွက် သတ်မှတ်ထားတဲ့ ပုံစံမရှိဘူး၊ ဒါကို မဲနှိုက်ခြင်းနည်းလမ်းနဲ့ပဲ ဆုံးဖြတ်မှာပါ.."

ထိုခန့်ညားထည်ဝါလှသောအသံကြီး ပြီးဆုံးသွားခဲ့ပြီးနောက် ကောင်းကင်ယံထံမှ တောက်ပလှသည့် ရွှေရောင်အလင်းတန်းတစ်ခု ကျရောက်လာခဲ့ပြီး လီလော့၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားခဲ့သည်။ ၎င်းက စွမ်းအင်များဖြင့် ဖန်တီးထားသည့် မဲပုံးကြီးတစ်ခု ဖြစ်ပြီး ထိုမဲပုံးအတွင်း၌ ရေတွက်မရနိုင်သည့် အလင်းမဲပြားလေးများစွာ ရှိနေကြသည်။ ၎င်းကို မြင်လျှင် လီလော့ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက်မှ မဲပုံးအတွင်းသို့ လက်ထည့်ကာ အလင်းမဲပြားတစ်ခုကို ကျပန်းနှိုက်ယူလိုက်လေသည်။

ထိုအခါ ချက်ချင်းပင် ထိုအလင်းမဲပြားလေးက ကောင်းကင်ယံထံသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ပြီးနောက် တောက်ပလှသည့် စာသားအမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

‘ကိုးကြိမ်မြောက်တိုက်ပွဲ - ရှေးယခင်က အောင်မြင်ခဲ့ဖူးသည့် နဂါးခေါင်းဆောင်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည် …’

ထိုစာသားများကို မြင်တွေ့လိုက်ရချိန်တွင် လီလော့ လုံးဝကို ကြောင်အမ်းသွားခဲ့ရလေသည်။

ဒါဆိုရင် ကိုးကြိမ်မြောက်တိုက်ပွဲအတွင်းမှာ ရှေးယခင်က အောင်မြင်ခဲ့ဖူးတဲ့ နဂါးခေါင်းဆောင်တစ်ဦးကို တိုက်ရိုက် စိန်ခေါ်ရမှာပေါ့ …ဒါက အရင် မျိုးဆက်တစ်ခုက နဂါးခေါင်းဆောင်လား ဒါမှမဟုတ် ရှေးယခင် သမိုင်းတစ်လျှောက်က နဂါးခေါင်းဆောင်တစ်ဦးဦးလား….

သို့သော်ငြားလည်း ၎င်းက ထိုနဂါးခေါင်းဆောင်၏ စစ်မှန်သည့် ကိုယ်ခန္ဓာအစစ်အမှန်တော့ ဖြစ်နိုင်ခြေ မရှိနိုင်ပေ။ ၎င်းက စွမ်းအင်များဖြင့် ဖန်တီးထားပြီး ထိုသူ၏ စစ်မှန်သည့် စွမ်းအားများကို အပြည့်အဝ ပုံတူကူးထားသည့် စွမ်းအင်ပုံရိပ်တစ်ခုသာ ဖြစ်ပေမည်။

ဤသည်က အကျိုးအကြောင်းဆီလျော်ပေသည်။အဘယ့်ကြောင့်ဆိုသော် ရှေးယခင်က နဂါးခေါင်းဆောင် ဖြစ်ခဲ့ဖူးသူတိုင်း ယခုအချိန်မှာ အနည်းဆုံးတော့ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့၏ ခန္ဓာကိုယ်အစစ်အမှန်နှင့်သာ တိုက်ခိုက်ရမည်ဆိုလျှင် လီလော့အဖို့ အနိုင်ရရှိဖို့ မည်သည့်အခွင့်အရေးမျှ ရှိနိုင်မည်မထင်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် ပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များထံမှ ဆွေးနွေးသံများစွာ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

လက်ရှိမျိုးဆက်၏ နဂါးခေါင်းဆောင်နှင့် ရှေးယခင်က အောင်မြင်ခဲ့ဖူးသည့် နဂါးခေါင်းဆောင်တစ်ဦးတို့ တိုက်ပွဲကြီး ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

ဝုန်း

လူအုပ်ကြီး အဆက်မပြတ် ငြင်းခုံဆွေးနွေးနေကြစဉ်မှာပင် ထိုအလင်းမဲပြားလေးက ဧရာမ အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လီလော့၏ ရှေ့တည့်တည့်သို့ ကျရောက်လာခဲ့သည်။

ထိုအခါ မယုံနိုင်လောက်အောင် ထူထပ်လှသည့် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်အားလုံး ထိုနေရာသို့ အရူးအမူး စုစည်းလာခဲ့ကြပြီး

ထိုအလင်းတန်းကြီးအတွင်း၌ လူပုံရိပ်တစ်ခု တဖြည်းဖြည်းနှင့် စတင် ပုံဖော်လာခဲ့သည်။

ဤမြင်ကွင်းကို ပွဲကြည့်ပရိသတ်အားလုံး မျက်တောင်တစ်ခတ်မျှပင် မခတ်ကြဘဲ စိုက်ကြည့်နေကြရုံသာ တတ်နိုင်တော့သည်။ ဤအချိန်တွင် လီလော့ကိုယ်တိုင်လည်း ထိုနေရာသို့ အလွန်ပင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည့် အကြည့်များနှင့် စောင့်ကြည့်နေခဲ့မိသည်။

တဖြည်းဖြည်းနှင့် ထိုအလင်းတန်းကြီးအတွင်းရှိ လူပုံရိပ်ကလည်း ပိုမို ထင်ရှားပြတ်သားလာခဲ့လေသည်။

နောက်ဆုံးတွင် ထိုလူပုံရိပ်က စတင်လှုပ်ရှားလာခဲ့ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ ထိုအလင်းတန်းကြီးအတွင်းမှ အပြင်သို့ ထွက်ခွာလာခဲ့လေသည်။

ထိုအလင်းတန်းကြီးအတွင်းမှ ထွက်ပေါ်လာခဲ့သူမှာ သွယ်လျပြီး မားမားမတ်မတ် ရှိလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။ ထိုသူ့ အရှိန်အဝါတိုင်းက မယုံနိုင်လောက်အောင်ကို ထူးခြားခန့်ညားလှသဖြင့် စွမ်းအင်များဖြင့် ဖန်တီးထားသည့် ပုံတူပုံရိပ်တစ်ခုမျှသာဖြစ်သော်လည်း သူ့ မျက်နှာပေါ်က ယုံကြည်မှုအပြည့်ရှိသည့် အမူအရာတွေကတော့ အသက်ဝင်လှုပ်ရှားနေဆဲပင်။

ထိုသူသည် တကယ့်ကို ထူးခြားလှသည့် အရှိန်အဝါတွေ ပြည့်နှက်နေသည့် သူရဲကောင်းလူငယ်တစ်ဦးပင်ဖြစ်ချေသည်။

ထိုလူငယ် အလင်းတန်းအတွင်းမှ ထွက်ပေါ်လာခဲ့ချိန်တွင် လူတိုင်း အချင်းချင်း ကြည့်လိုက်မိကြပြီး ဤသူသည် ရှေးယခင် သမိုင်းတစ်လျှောက်က မည်သည့်မျိုးဆက်၏ နဂါးခေါင်းဆောင် ဖြစ်မလဲဆိုသည်ကို အဆက်မပြတ် တွေးတောနေကြသည်။

အခြားတံခွန်ကိုင်အချို့လည်း ဤမြင်ကွင်းကြောင့် အလွန်ပင် ထူးဆန်းအံ့ဩနေကြရသလို၊ အထူးသဖြင့် လီဖုန်းယီနှင့် လီကျင်းထောင်တို့၏ မျက်နှာထားများ လုံးဝဥဿုံ ပျက်ယွင်းသွားခဲ့လေသည်။

သူတို့နှစ်ဦးစလုံး မျက်လုံးများ ပြူးကျယ်လျက် ယခုတင်ထွက်ပေါ်လာသည့် သူရဲကောင်းလူငယ်ကို စိုက်ကြည့်နေကြရုံသာ တတ်နိုင်တော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုလူငယ်၏ အသွင်သဏ္ဌာန်က လီလော့နှင့် မယုံနိုင်လောက်အောင် ဆင်တူလွန်းနေသောကြောင့်ပင်။

ဒါတင် မကသေးဘဲ ဤသို့သော လူမျိုးကို ရှေးယခင်က တစ်နေရာရာမှာ မြင်တွေ့ဖူးသည့် ခံစားချက်မျိုး ပြင်းထန်စွာ ပေါ်ထွက်လာခဲ့ရသောကြောင့်ပင်။

စက္ကန့်အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီးနောက်မှ သူတို့အားလုံး ချက်ချင်း သဘောပေါက်လိုက်ကြသည်က….

"ဒါ... ဒါ ပန်းချီကားထဲမှာ ငါတို့မြင်ဖူးခဲ့တဲ့ ဉီးလေးသုံးရဲ့

အသက်ငယ်စဉ်အချိန်တုန်းကပုံပဲ…"

သူတို့၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ လုချင်းမိန်နှင့် အခြားသူအားလုံး၏ မျက်နှာထားများလည်း လုံးဝဥဿုံ ပြောင်းလဲသွားခဲ့လေသည်။

ထိုသူသည် လီလော့၏ ဖခင်ဖြစ်သူ လီတိုင်ရွှမ်ပင်ဖြစ်သည်။

ထိုသူသည် ရှေးယခင် နှစ်ပေါင်းများစွာက မျိုးဆက်တူ ပါရမီရှင်အားလုံးကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့သည့် နဂါးနွယ်စုကြီး ငါးခုလုံး၏ စစ်မှန်သည့် ဒဏ္ဍာရီကြီး မဟုတ်ပါလား။ အမှန်အတိုင်း ပြောရလျှင် လီတိုင်ရွှမ်၏ အရှိန်အဝါက လီကောင်းကင်ဧကရာဇ်မျိုးနွယ်စုကြီး တစ်ခုတည်းအတွင်းမှာတင် ကျော်ကြားခဲ့ခြင်း မဟုတ်ပေ။ သူ့ခေတ်သူ့အခါတုန်းက လီတိုင်ရွှမ်ဟူသော အမည်နာမသည် မူလကောင်းကင် နတ်ဘုရားကုန်းမြေတစ်ခုလုံးမှာ မသိသူမရှိလောက်အောင်ကို ထင်ရှားကျော်ကြားခဲ့ပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် လီလော့ ဤကိုးကြိမ်မြောက်တိုက်ပွဲအတွင်းမှာ ရင်ဆိုင်ရမည့်သူက ဖခင်အရင်း၏ပုံတူကိုယ်ပွား ဖြစ်နေခြင်းပင်။

သားအဖနှစ်ဦးရဲ့ စစ်မှန်တဲ့ တိုက်ပွဲ…..

ဤအကြောင်းကို သဘောပေါက်လိုက်ကြရချိန်တွင် ကျောက်နဂါးကြီး၏ ပြည်တွင်းပြည်ပရှိ ပွဲကြည့်ပရိသတ်အားလုံးကြား၌ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

ဟင်းလင်းပြင်အထက်က စင်မြင့်ထက်ရှိ အကြီးအကဲများပင်လျှင် ဤမြင်ကွင်းကြောင့် အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြရုံသာ တတ်နိုင်တော့သည်။ လီတိုင်ရွှမ်နှင့် မျိုးဆက်တူဖြစ်ကြသည့် အဆင့်မြင့်အကြီးအကဲအချို့ကတော့ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ မျက်နှာပေါ်၌ ရှုပ်ထွေးလှသည့် ခံစားချက်များစွာ ထင်ဟပ်နေကြသည်။

ဤလူငယ်သည် ရှေးယခင် နှစ်ပေါင်းများစွာက သူတို့၏ စိတ်အာရုံ အနက်ရှိုင်းဆုံးနေရာအထိ ပြင်းထန်လှသည့် အမှတ်အသားများကို ချန်ထားရစ်ခဲ့ဖူးသူ မဟုတ်ပါလား။ သူ့ကို ထပ်မံမြင်တွေ့လိုက်ရချိန်မှာ သူတို့အားလုံး၏ စိတ်ထဲမှာ ရှုပ်ထွေးမှုများစွာ ပြည့်နှက်ခဲ့ရပြန်သည်။

ထိုစဉ်ကာလတုန်းက သူတို့အပေါ် ဖိနှိပ်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသည့် အမှတ်အသားတွေ ခေတ္တမျှ သူတို့၏ ရင်ထဲမှာ ပြန်လည် ပေါ်ထွက်လာခဲ့ရသကဲ့သို့ပင် ခံစားလိုက်ကြရသည်။

"ဒါက ဘယ်လိုကြောင့် ညီလေးသုံး ဖြစ်နေရတာလဲ"

ဟု လီချင်းဖန်က ခါးသီးစွာ ပြုံးရင အံ့ဩတကြီး မေးမြန်းလိုက်သည်။

လီကျန်းပန်သည်လည်း မိမိနှင့် ရင်းနှီးပြီးသားဖြစ်သည့် ထိုတောက်ပလှသည့် လူငယ်ပုံရိပ်ကို ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိပြီး …

"ငါတို့ ဒီလိုအခြေအနေမျိုးနဲ့ ညီလေးသုံးကို မမြင်တွေ့ရတာ တကယ်ကို ကြာခဲ့ပြီပဲ"

ဟု ဆိုလိုက်သည်။

"ဒီနေရာက လူအချို့ကတော့ သူ့အကြောင်းကို ပြန်ပြီး သတိမရချင်ကြတာ သေချာတယ်"

ဟု လီချင်းဖန်က တိုးညင်းစွာ ရေရွတ်လိုက်သည်။

ထိုအခါ လီကျန်းပန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး …

"ဒါက ပိုကောင်းတာပေါ့.. သူတို့ကို ရှေးယခင် နှစ်ပေါင်းများစွာက နဂါးစွယ်ကလန်ရဲ့ အရှေ့မှာ ရိုသေစွာနဲ့ ဦးညွှတ်ခဲ့ရဖူးတဲ့ အတိတ်က နေ့ရက်တွေကို ပြန်ပြီး သတိရသွားစေတာပေါ့"

ဟု ပြန်လည် ချေပလိုက်သည်။

"ဒါပေမဲ့ ဒါက လီလော့အတွက်တော့ သတင်းကောင်းမဟုတ်နိုင်ဘူး… ရှေးယခင်က နဂါးခေါင်းဆောင်တွေအားလုံးထဲကမှ ညီလေးသုံးကို မဲနှိုက်မိသွားတာဆိုတော့... သူ တကယ့်ကို အမြင့်ဆုံး အခက်ခဲဆုံး အကန့်အသတ်ကို ရွေးချယ်မိသွားတာ ဖြစ်ရမယ်"

ဟု လီချင်းဖန်က မချိတင်ကဲ မှတ်ချက်ချလိုက်သည်။

"အင်း..."

လီကျန်းပန်သည်လည်း နှာခေါင်းကို အသာအယာ ပွတ်သပ်လိုက်ပြီး မည်သည့်စကားမျှ ဆက်မပြောနိုင်တော့ပေ။

မည်သို့ပင်ဖြစ်စေ လီတိုင်ရွှမ်သည် ထိုခေတ်ကာလတုန်းက နဂါးခေါင်းဆောင်တိုက်ပွဲအတွင်း မည်သည့်ပြိုင်ဘက်မျှမရှိဘဲ အလွယ်တကူ အောင်မြင်ခဲ့ဖူးခြင်း ဖြစ်သည်။ သူသည် ပေသုံးသောင်း အထွတ်အထိပ်နေရာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ဖူးသည်မှာ မှန်သော်လည်း သူ့ရဲ့ နည်းလမ်းက လီလော့နှင့် ကွဲပြားခြားနားလှသည်။

လီလော့က ထိုမီးလျှံကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သော်လည်း လီတိုင်ရွှမ်ကမူ ထိုမီးလျှံများ၏ လောင်ကျွမ်းမှုကို မိမိ၏ ခန္ဓာကိုယ်ဖြင့် အတင်းအကျပ် အောင့်ခံရင်း အထက်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြေးခွံလုပွဲအတွင်းမှာလည်း လီတိုင်ရွှမ်က မိမိ၏ ပြိုင်ဘက်က မိတ်ဆွေဖြစ်စေ သို့မဟုတ် ရန်သူဖြစ်စေ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အားလုံးကို တရစပ် ဖိနှိပ်ထိန်းချုပ်နိုင်ခဲ့ကာ ကိုးကြိမ်မြောက်တိုက်ပွဲသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သမိုင်းတစ်လျှောက်က နဂါးခေါင်းဆောင်အားလုံး၏ စစ်မှန်သည့် စွမ်းအားတွေကို အဆင့်အတန်း ခွဲခြားရမည်ဆိုလျှင် လီတိုင်ရွှမ်သည် အနည်းဆုံးတော့ ထိပ်ဆုံး သုံးဦးစာရင်းအတွင်းမှာ သေချာပေါက် ပါဝင်နေပေမည်။

"ငါ သတိရသလောက်တော့ ညီလေးသုံးက အဲဒီတုန်းက နဂါးခေါင်းဆောင်တိုက်ပွဲအတွင်းမှာ ကောင်းကင်ပုလဲ သုံးလုံးအဆင့်မှာ ရှိနေတာ မဟုတ်ဘူးလား… အကယ်၍ ဒီစွမ်းအင်ပုံရိပ်က သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားရဲ့ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကိုပဲ

ပုံတူကူးထားနိုင်ခဲ့ရင်တောင်မှ ကောင်းကင်ပုလဲ နှစ်လုံးရှိတဲ့ အဆင့်အတန်းမှာ ရှိနေမှာ ဖြစ်လို့ လီချင်းဖုန်းထက် အများကြီး သန်မာနေဦးမှာ သေချာတယ်"

ဟု လီချင်းဖန်က စိုးရိမ်တကြီးဖြင့် သုံးသပ်လိုက်သည်။

လီကျန်းပန်က ခေါင်းညိတ်ပြပြီး…

"ဒါတင် မကသေးဘူး၊ ညီလေးသုံးရဲ့ စစ်မှန်တဲ့ ပဲ့တင်ထပ်သံစွမ်းအားကိုလည်း မမေ့နဲ့ဦး"

ဟု ထပ်လောင်း သတိပေးလိုက်သည်။

၎င်းကို ကြားရသောအခါ လီချင်းဖန်သည်လည်း နှုတ်ခမ်းကို အသာအယာ စေ့လိုက်ရုံသာ တတ်နိုင်တော့သည်။

လီတိုင်ရွှမ်တွင် အဆင့်ကိုးတပိုင်း နဂါးပဲ့တင်ထပ်သံ ရှိနေခဲ့ခြင်း ဖြစ်ပြီး ၎င်းက လီချင်းဖုန်း၏ ပဲ့တင်ထပ်သံစွမ်းအားနှင့် ဆင်တူသည်ဟု ထင်ရသည်။ သို့သော်လည်း လီတိုင်ရွှမ်၏ နဂါးပဲ့တင်ထပ်သံစွမ်းအားများက အခြားသူများနှင့် လုံးဝ ကွဲပြားခြားနားလှသည်။

အဘယ်ကြောင့်ဆိုသော် သူ ပိုင်ဆိုင်ထားသည့် နဂါးပဲ့တင်ထပ်သံစွမ်းအားမှာ နဂါးအနွယ်ဝင်အားလုံးထဲတွင် အမြင့်ဆုံးနှင့် အရှားပါးဆုံးဖြစ်သည့် ကောင်းကင်နဂါး ပဲ့တင်ထပ်သံ ဖြစ်နေခဲ့သောကြောင့်ပင်။

ကောင်းကင်နဂါးဟူသည် အခြားသော နဂါးအနွယ်ဝင် သားရဲအားလုံးထက် အကြွင်းမဲ့ မြင့်မားသည့် အသွင်ရှိသည့်အရာ မဟုတ်ပါလား။

ထို့ကြောင့် အဆင့်ကိုးတပိုင်း ကောင်းကင်နဂါး ပဲ့တင်ထပ်သံစွမ်းအားဟူသည် စစ်မှန်သော အဆင့်ကိုး နဂါးပဲ့တင်ထပ်သံစွမ်းအားများထက်ပင် များစွာ ပိုမိုရှားပါးပြီး များစွာ ပိုမိုပြင်းထန်လှပေသည်။

အခြားသော နဂါးပဲ့တင်ထပ်သံစွမ်းအား မှန်သမျှသည် ဤကောင်းကင်နဂါး ပဲ့တင်ထပ်သံစွမ်းအား၏ အရှေ့သို့ ရောက်ရှိလာခဲ့လျှင် အလိုအလျောက် အကြွင်းမဲ့ ဖိနှိပ်ခြင်းကိုသာ ခံကြရမည် ဖြစ်သည်။

ဤအကြောင်းအရာများကို တွေးတောမိလိုက်ကြချိန်တွင် လီကျန်းပန်နှင့် လီချင်းဖန်တို့နှစ်ဦးစလုံး အချင်းချင်း ကြည့်လိုက်မိကြပြီး မချိတင်ကဲဖြင့် ခေါင်းခါလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်အထက်ရှိ ကလန်အကြီးအကဲ ငါးဦးစလုံးသည်လည်း ကျောက်စင်မြင့်ထက်က လီတိုင်ရွှမ်၏ ပုံရိပ်ထံသို့သာ အပြည့်အဝ အာရုံစိုက်ထားကြသည်။

လီကျင်းဇယ်က အားလုံးထဲမှာ အငြိမ်သက်ဆုံး ဖြစ်နေခဲ့ပြီး ထိုလူငယ်၏ ပုံရိပ်ကို စိုက်ကြည့်ရင်း အတွေးများထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေခဲ့သည်။

ဤတစ်ခဏ၌ သူ့ရဲ့ စိတ်အာရုံ အနက်ရှိုင်းဆုံးနေရာတွင် ရဲရင့်လှသည့် လူငယ်တစ်ဦးက သူ့ကို ကြည့်ပြီး -

"လူအိုကြီး"

ဟု အော်ဟစ်နှုတ်ဆက်ခဲ့ဖူးသည့် အတိတ်က အသံလှိုင်းတွေ ပြန်လည် ပဲ့တင်ထပ်လာခဲ့သလိုပင် ခံစားလိုက်ရသည်။

သို့သော်လည်း လီကျင်းဇယ်က ဝေဝါးလှသည့် စိတ်အာရုံများကို အမြန်ဆုံး ပြန်လည်စုစည်းလိုက်ပြီးနောက် လီထျန်းကျီဘက်သို့ လှည့်ကာ …

"ဒါ မင်းရဲ့ လက်ချက်လား"

ဟု လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

လီလော့အနေဖြင့် ဤမျှအထိ တိုက်တိုက်ဆိုင်ဆိုင် ဤမဲကို နှိုက်မိသွားဖို့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပေ။

သို့သော်ငြားလည်း လီထျန်းကျီကမူ ခေါင်းကို အသာအယာ ယမ်းခါလိုက်ပြီး….

"ငါ့ကို လာပြီး မစွပ်စွဲနဲ့….ဒီကျောက်နဂါးကြီးအတွင်းက ဟင်းလင်းပြင်ကမ္ဘာကို ငါတို့ရဲ့ ဘိုးဘေးကြီးကိုယ်တိုင် ဖန်တီးခဲ့တာ ဖြစ်လို့ ငါကိုယ်တိုင်လည်း ဒီနေရာက စည်းကမ်းချက်တွေကို သေချာပေါက် လိုက်နာရမှာပဲ" ဟု ငြင်းဆိုခဲ့သည်။

၎င်းကို ကြားရသောအခါ လီကျင်းဇယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော်လည်း သူ့ထံတွင် ခိုင်မာသည့် သက်သေ မရှိနေခဲ့သဖြင့် ဆက်လက် ငြင်းခုံနေခြင်းက မည်သည့်အဓိပ္ပာယ်မျှမရှိကြောင်း နားလည်လိုက်သည်။

ထို့ကြောင့် ကျောက်စင်မြင့်ထက်ဆီသို့သာ တည်ငြိမ်လှသည့် အကြည့်များနှင့် ပြန်လည်စိုက်ကြည့်နေခဲ့လေသည်။

……….

ကျောက်စင်မြင့်ထက်တွင်မူ လီလော့သည်လည်း ပြင်းထန်လှသည့် ထိတ်လန့်မှုတွေကြားကနေ စိတ်အာရုံများကို အမြန်ဆုံး ပြန်လည်စုစည်းလိုက်နိုင်ပြီ ဖြစ်သည်။

သူသည် မိမိနှင့် အလွန်ပင် အသွင်သဏ္ဌာန်ချင်း ဆင်တူလွန်းလှသည့် အသက်ငယ်စဉ်အချိန်တုန်းက လီတိုင်ရွှမ်၏ ပုံရိပ်ကို ကြည့်ရင်း အသံထွက်၍ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

သို့သော်လည်း သူ့ရဲ့ ရယ်မောသံအတွင်းမှာ ဖုံးကွယ်ထား၍မရနိုင်သည့် မျှော်လင့်ချက်အရိပ်အယောင်များ အပြည့်အဝ ပါဝင်နေခဲ့သည်။

"အဖေ... အဖေက အတိတ်တုန်းက အမေ့ရဲ့ ဖိနှိပ်ခြင်းကိုပဲ အမြဲတမ်း ခံခဲ့ရတာ.. အခုတော့ သားက ကိုးကြိမ်မြောက်တိုက်ပွဲအတွင်းမှာ အဖေ့ကို ပြန်ပြီး ပညာပြနိုင်မယ့် အခွင့်အရေးကြီးကို ရလာလိမ့်မယ်လို့ ဘယ်သူ ထင်မှတ်ထားမှာလဲ”

All Chapters