လုချင်းမိန်ကို စိန်ခေါ်ခြင်း……
Vol. 66 Ch. 914
သူမကို မြင်လိုက်ရချိန်တွင် လီလော့၏ မျက်နှာပေါ်၌ မချိတင်ကဲ အပြုံးတခုဖြစ်ပေါ်လာသည်။
တစ်ဖက်တွင်မူ လုချင်းမိန်က သူ့ကို တောက်လောင်နေသော မျှော်လင့်ချက်အပြည့်ရှိသည့် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမ၏ သွယ်လျလှသော လက်ချောင်းလေးများက လက်ထဲမှ ဖန်သားတောင်ဝှေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရှေ့မှ ပြိုင်ဘက်သစ်ကို မြင်တွေ့လိုက်ရသည့်အတွက် အလွန် ပျော်ရွှင်နေပုံရသည်။
"တံခွန်ကိုင် လုချင်းမိန်... ငါ မင်းနဲ့ မဆုံတွေ့ဖို့ တကယ်ပဲ မျှော်လင့်ခဲ့တာပါ"
"ဒါက အချိန်တစ်ခုပဲ လိုအပ်တာလေ….နဂါးပျံတက်ခြင်းပွဲတုန်းက ဖြစ်ခဲ့တာတွေကို ကြည့်ပြီးတဲ့နောက် နင်နဲ့လက်ရည်စမ်းချင်တဲ့ စိတ်ဆန္ဒက လီချင်းဖုန်းကို ရင်ဆိုင်ချင်တဲ့ စိတ်ထက် ကျော်လွန်သွားခဲ့ပြီ"
လုချင်းမိန်၏ ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များကို ရင်ဆိုင်ရချိန်တွင် လီလော့ အားနည်းစွာ ပြုံးလိုက်ပြီး….
"ဒါ ငါတို့ ဒုတိယအကြိမ် တိုက်ခိုက်ကြတာ မလား…အဲဒီတုန်းက မင်း ငါ့အပေါ် အလျှော့ပေးခဲ့ပြီး တိုက်ပွဲကို လက်လွှတ်ပေးခဲ့တဲ့အတွက် ငါ မင်းကို ကျေးဇူးတင်ရဦးမှာပဲ"
ဟု ဆိုလိုက်သည်။
သူတို့၏ ပထမဆုံး တိုက်ပွဲမှာ နတ်ဆိုးလှိုဏ်ဂူအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လုချင်းမိန်သည် သူမ၏ စစ်မှန်သော စွမ်းအားအားလုံးကို ထုတ်သုံးခဲ့ခြင်းမရှိပေ။ နောက်ဆုံးတွင်မူ သူမက ဝိညာဉ်အခြေခံဆေးလုံး တစ်လုံးပင် လက်ဆောင်ပေးခဲ့သေးသည်။
"နင် ငါ့ကို တကယ် ကျေးဇူးတင်ချင်တယ်ဆိုရင် အခု အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်စမ်းပါ"
"ငါ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားက နင့်ထက် အနည်းငယ် ပိုပြီး သန်မာနေတာမှန်ပေမဲ့ နင့်ရဲ့ ပဲ့တင်ထပ်သံ သုံးမျိုး၊ နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့် ကျင့်စဉ်နဲ့ တတိယအဆင့်မှာရှိတဲ့ အမြွှာပဲ့တင်ထပ်သံစွမ်းအားတွေကြောင့် ငါတို့နှစ်ယောက်စလုံးက အခြေခံအားဖြင့် တူညီတဲ့အဆင့်မှာ ရှိနေတယ်လို့ ငါယုံကြည်တယ်… ငါတို့ တရားမျှတစွာနဲ့ လက်ရည်စမ်းလို့ ရပြီ…”
ထိုစကားကြောင့်
လီလော့၏ မျက်နှာထား တဖြည်းဖြည်းနှင့် လေးနက်သွားခဲ့သည်။ ထို့နောက် လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ဟောင်းနွမ်းပြီး အစင်းကြောင်းများ ထင်ကျန်နေသည့် ရှေးဟောင်းဓားကြီးတစ်စင်း ပေါ်ထွက်လာခဲ့တော့သည်။
သူမ၏ စိတ်နေသဘောထားအရ ဤတိုက်ပွဲအတွင်း မိမိတွင် ရှိသမျှ အစွမ်းအားလုံးကို ထုတ်သုံးပြီး တိုက်ခိုက်ခြင်းကသာ သူမအပေါ် စစ်မှန်သော ကျေးဇူးဆပ်ခြင်း ဖြစ်လာမည် ဖြစ်ကြောင်း သူကောင်းစွာ နားလည်ထားသည်။
ဘုန်း
လုချင်းမိန်ကလည်း မည်သို့မျှအားနာခြင်း ရှိမနေခဲ့ပေ။ သူမ၏နောက်၌ စွမ်းအင်အလင်းစက်တစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် ခိုင်မာတောင့်တင်းလှသော ကောင်းကင်ပုလဲတစ်လုံးအဖြစ် လျင်မြန်စွာ စစုစည်းသွားတော့သည်။
ထိုအခါ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်အားလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ပဲ့တင်ထပ်သံစွမ်းအားများ တစ်ဟုန်ထိုး စီးဝင်သွားခဲ့သည်။
ထိုအချိန်၌ သူမက ကောင်းကင်ပုလဲအဆင့်ရှိသူတစ်ဦး၏ ပြင်းထန်လှသော ဖိအားများကို တစ်ကိုယ်လုံးမှ ထုတ်လွှတ်လိုက်တော့သည်။
ဤဖိအားလှိုင်းမှာ လီလော့ ရှေးယခင်က ခံစားခဲ့ဖူးသမျှထက် များစွာ ပိုမိုပြင်းထန်လှသည်။
ကောင်းကင်ပုလဲအဆင့်သို့ ရောက်ရှိသွားခြင်းက လူတစ်ဦး၏ ပဲ့တင်ထပ်သံစွမ်းအားကို စစ်မှန်သော အရည်အသွေးပိုင်း၌ အကြီးအကျယ် မြင့်တက်လာစေမည် ဖြစ်သည်။ ဒါတင် မကသေးပေ၊ ၎င်းက အသုံးပြုသူကို ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကိုပါ အတိုင်းအဆမရှိ စုပ်ယူနိုင်စွမ်း ရှိစေသဖြင့် မိမိ၏ စွမ်းအားများကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းနိုင်သည်။ဤသည်က သူတို့၏ အကြီးမားဆုံးသော အားသာချက်ပင် ဖြစ်သည်။
အကယ်၍ ဤကျင့်စဉ်အဆင့် နှစ်ခုကို နှိုင်းယှဉ်ရပါက ကောင်းကင်ပုလဲအဆင့်မှာ အသုံးပြုသူကို နောက်ထပ် အပိုစွမ်းအားများ ပေးစွမ်းနိုင်စွမ်းရှိသည့် အင်ဂျင်တစ်လုံး တပ်ဆင်ထားသလို ဖြစ်နေသည်။ ဤကြီးမားလှသော ကွာဟချက်ကို ဖြည့်ဆည်းရန်မှာ ဘယ်လိုမှ လွယ်ကူသောအရာ မဟုတ်ပေ။ ထို့ကြောင့်လီလော့၏ အကြည့်များ လေးနက်သွားခဲ့လေသည်။
ကောင်းကင်ပုလဲအဆင့်သို့ ရောက်ရှိနေသည့် လုချင်းမိန်မှာ လွယ်ကူသော ပြိုင်ဘက်တစ်ဦး မဟုတ်ပေ။ အကယ်၍ သူသာ အစောပိုင်းက ကျင့်စဉ်အဆင့် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းမရှိလျှင် ဤတိုက်ပွဲအတွင်း အနိုင်ရရှိရန် အခွင့်အလမ်း အလွန်နည်းပါးပေလိမ့်မည်။
ထို့အပြင် သူမတွင် ခိုင်မာတောင့်တင်းလှသော အခြေခံအုတ်မြစ်လည်း ရှိနေသေးသည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးမှာ သာမန်ထက် များစွာ ပိုမိုပြင်းထန်လှသော တိုက်ခိုက်နိုင်စွမ်း ရှိကြသူများဖြစ်ကြသဖြင့် လီလော့အနေဖြင့် ပြင်ပမှ ကောင်းကင်ပုလဲနှစ်လုံးရှိသော ကျွမ်းကျင်သူများနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်။
သူသည်လည်း ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံနန်းတော် သုံးခုစလုံးကို အပြည့်အဝ အသက်သွင်းလိုက်သည့်အခါ အသန်မာဆုံးသော ပဲ့တင်ထပ်သံစွမ်းအားများဖြစ်ကြသည့် ရေနှင့် သစ်သားစွမ်းအားများ အချင်းချင်း ယှက်နွယ်သွားကြပြီးနောက် ပြင်းထန်လှသော အမြွှာပဲ့တင်ထပ်သံစွမ်းအားအဖြစ် ပြောင်းလဲသွားတော့သည်။
ဘုန်း
ထိုပြင်းထန်လှသော အမြွှာပဲ့တင်ထပ်သံစွမ်းအားများ အပြင်သို့ ပေါက်ကွဲထွက်လာခဲ့ပြီး လီလော့၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝန်းရံလာခဲ့သည်။ ၎င်းအတွင်း၌ စိတ်ဝိညာဉ်အကြွင်းအကျန်များ ပါဝင်နေသဖြင့် ပဲ့တင်ထပ်သံစွမ်းအားများကို သက်ရှိတစ်ကောင်သဖွယ် အသိဉာဏ် ရှိစေသည်။
အဆင့်ရှစ် ရေပဲ့တင်ထပ်သံစွမ်းအားနှင့် အဆင့်ခုနစ် သစ်သားပဲ့တင်ထပ်သံစွမ်းအားတို့ ပေါင်းစပ်မှုကြောင့် ထွက်ပေါ်လာသည့် ဤစွမ်းအားမှာ လုချင်းမိန်၏ အဆင့်ကိုးတပိုင်း ပဲ့တင်ထပ်သံစွမ်းအားထက်ပင် ပိုမိုပြင်းထန်မည်မှာ သေချာသည်။
လုချင်းမိန်၏ မျက်ဝန်းအတွင်း၌ စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူမ၏ခြေထောက်အောက်မှ ကျောက်ပြားများ ချက်ချင်း ကွဲအက်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် သူမက လေးလံလှသော ဖန်သားတောင်ဝှေးကို မြေပြင်ပေါ်၌ ဆွဲယူရင်း လီလော့ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ခန့်ညားထည်ဝါပြီး ထူထပ်လှသော ပဲ့တင်ထပ်သံစွမ်းအားများက ထိုဖန်သားတောင်ဝှေးကို လုံးဝဥဿုံ ဖုံးလွှမ်းသွားခဲ့ပြီးနောက် လီလော့၏ ဦးခေါင်းထက်သို့ ပြင်းထန်လှသော စွမ်းအားများဖြင့် ရိုက်ချလိုက်တော့သည်။
ဤရိုးရှင်းလှသော တိုက်ကွက်အတွင်း၌ ကောင်းကင်ပုလဲအဆင့်မှ ထုတ်သုံးနိုင်စွမ်းရှိသည့် စွမ်းအားအားလုံး ပါဝင်နေသဖြင့် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်ရှိသော မည်သည့်ပြိုင်ဘက်ကိုမဆို လုံးဝ မှုန့်မှုန့်ညက်ညက် ကြေသွားစေနိုင်သည်။
ဤပြင်းထန်လှသော တိုက်စစ်ကို ရင်ဆိုင်ရချိန်တွင် လီလော့ အနောက်သို့ ဆုတ်ခွာရန် အစီအစဉ်မရှိပေ။ သူသည်လည်း ကောင်းကင်ပုလဲအဆင့်သို့ ရောက်ရှိနေကြသည့် ပါရမီရှင်များက ဘယ်လိုမှ လွယ်ကူသော ပြိုင်ဘက်များ မဟုတ်ကြောင်းနှင့် သူတို့၏ စွမ်းအားများ မည်မျှအထိ ပြင်းထန်သည်ကို ကိုယ်တိုင် စမ်းသပ်ကြည့်ချင်နေသည်။
ဝုန်း
လီလော့၏
ရွှေကျောက်စိမ်းဆင်စွယ်ဓားကြီးထံမှ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်တစ်ခဏ၌ ၎င်းထံမှ အလင်းတန်းများ ပြင်းထန်စွာ ဖြာထွက်လာခဲ့သည်။ လီလော့ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ပေလေးရာမြင့်သော ရှီးဂန်းစွ
မ်းအားအားလုံးကို စုစည်းလိုက်ကာ အမြွှာပဲ့တင်ထပ်သံစွမ်းအားများကို ဓားသွားပေါ်တွင် ယှက်နွယ်စေလိုက်သည်။ ထို့နောက် လုချင်းမိန်ထံသို့ ပြတ်သားစွာပင် ဓားဖြင့် ဝှေ့ယမ်းပိုင်းချလိုက်တော့သည်။
ထိုပေလေးရာမြင့်သော ရှီးဂန်းစွမ်းအားမှာ ကောင်းကင်ယံကို ခွဲထုတ်ပစ်နိုင်စွမ်းရှိသည့် ဧရာမ ဓားအလင်းတန်းကြီးတစ်ခုလိုပင်ထင်ရလောက်သည်။ ၎င်းထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသော စွမ်းအားများက တောင်တန်းတစ်ခုလုံးကိုပင် ပြာကျသွားစေနိုင်စွမ်း ရှိသည့်အသွင် ရှိနေသည်။
ဓားအလင်းတန်းနှင့်တောင်ဝှေးရိုက်ချက်တို့ ထိပ်တိုက် တွေ့ဆုံသွားကြသည့်အခါး
သတ္တုချင်း ထိမိသွားသည့် ပြင်းထန်လှသော မြည်ဟည်းသံကြီး ဟင်းလင်းပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
နောက်ဆုံးတွင်မူ ပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ အရူးအမူး လွင့်စင်သွားခဲ့ကြပြီး မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့တော့သည်။
လီလော့နှင့် လုချင်းမိန်တို့နှစ်ဦးစလုံးမှာ ထိုထိပ်တိုက်တွေ့ဆုံမှု၏ ပြန်လည်ထွက်ပေါ်လာသော လှိုင်းဒဏ်ကြောင့် လက်နက်ကိုင်ဆောင်ထားသော လက်များပင် ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။
သူတို့နှစ်ဦးစလုံး အချင်းချင်း စိုက်ကြည့်နေကြပြီး မည်သူမျှ မဆုတ်ခွာခဲ့ကြပေ။ သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ထပ်မံ၍ ထုတ်သုံးလိုက်ကြပြီး ထိုပြန်လည်ထွက်ပေါ်လာသော သက်ရောက်မှုများကို ရှင်းလင်းပစ်ရန်သာ ကြိုးစားလိုက်ကြသည်။
လုချင်းမိန်၏နောက်ရှိ ခိုင်မာလှသော ကောင်းကင်ပုလဲမှာ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို အတိုင်းအဆမရှိ ဆက်လက်၍ စုပ်ယူနေပြီး သူမ၏ ပဲ့တင်ထပ်သံစွမ်းအားများကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးလျက် ရှိသည်။
လီလော့၏ ခန္ဓာကိုယ်အတွင်း၌မူ အမြွှာပဲ့တင်ထပ်သံစွမ်းအားများ တဖြည်းဖြည်းနှင့် ကုန်ဆုံးလာခဲ့သော်လည်း သူ့တွင် စွမ်းအင်များ ပြည့်နှက်နေသော ပဲ့တင်ထပ်သံနန်းတော် သုံးခု ရှိနေသဖြင့် တောင့်ခံထားနိုင်သည်။
ထိုပြင်းထန်လှသော စွမ်းအင်ပေါက်ကွဲမှုကြီးမှာ စက္ကန့်အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီးနောက်မှ တဖြည်းဖြည်းနှင့် ကွယ်ပျောက်သွားခဲ့သည်။
လုချင်းမိန်က ရှေသို့ ခြေတစ်လှမ်း ထပ်တိုးလိုက်ပြီး သူမ၏ ပုံရိပ် လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ သူမ၏ မယုံနိုင်လောက်အောင် မြန်ဆန်လှသော တိုက်စစ်ကြောင့် ဟင်းလင်းပြင်၌ ဖန်သားတောင်ဝှေး၏ ပုံရိပ်အကြွင်းအကျန်များစွာ ထင်ကျန်ရစ်ခဲ့ပြီး ၎င်းတို့တစ်ခုချင်းစီအတွင်း၌ ပြင်းထန်လှသော စွမ်းအားများ ပြည့်လျက် လီလော့၏ အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများထံသို့ တရစပ် ရိုက်ချလိုက်တော့သည်။
လီလော့ကလည်း ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ရှိသမျှ စွမ်းအားအားလုံးကို ထုတ်သုံးလိုက်ရာ ဓားသွားပေါ်တွင် ခိုင်မာလှသော အလင်းလွှာတစ်လွှာ ဖုံးလွှမ်းလာသည်။
ရေတွက်မရနိုင်သော တိုက်စစ်အားလုံးကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီး ထိုပုံရိပ်အကြွင်းအကျန်များအားလုံး ဟင်းလင်းပြင်တွင် ပေါက်ကွဲပျက်စီးသွားခဲ့ရသည်။
သူတို့နှစ်ဦး အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ ကွင်းပြင်တစ်ခုလုံးတွင် ပြင်းထန်လှသော မုန်တိုင်းတစ်ခု ပေါ်ထွက်လာခဲ့သလိုပင် ထင်ရသည်။ သူတို့အောက်မှ ကျောက်ပြားများ အပိုင်းပိုင်း ကွဲကြေပျက်စီးကုန်ကြပြီး သူတို့၏ တိုက်ခိုက်မှုဒဏ်ကြောင့် ကောင်းကင်ယံ၌လည်း အဆက်မပြတ် ပေါက်ကွဲသံများ မြည်ဟည်းနေခဲ့သည်။
နောက်ထပ် စက္ကန့်အနည်းငယ်မျှ ကုန်ဆုံးသွားခဲ့ပြီးနောက် သူတို့၏ လက်နက်နှစ်ခုမှာ အကြိမ်ပေါင်း ရာနှင့်ချီ၍ အပြန်အလှန် ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။
တိုက်ပွဲဆက်လက်ဖြစ်ပွားနေစဉ်မှာပင် လုချင်းမိန်၏ မျက်ဝန်းများအတွင်း၌ တိုက်ခိုက်လိုစိတ်များ ပိုမို၍ ပြင်းထန်စွာ တောက်လောင်လာခဲ့သည်။
သူမသည် မိမိ၏ လက်ရှိတိုက်စစ်များက လီလော့ပေါ် ထိရောက်မှု မရှိကြောင်း သတိပြုမိလိုက်သဖြင့် အစွမ်းများကို ဝှက်မထားတော့ပေ။
"မြို့စားအဆင့်ပညာရပ် - ကောင်းကင်နဂါး အကြေးခွံချပ်ဝတ်"
သူမ၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် လုချင်းမိန်၏ သွယ်လျလှသော ခန္ဓာကိုယ်အရေပြားပေါ်တွင် ရေတွက်မရနိုင်သော အကြေးခွံများစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
ထိုအကြေးခွံများမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝဥဿုံ ဖုံးလွှမ်းသွားခဲ့သည့် အကြေးခွံချပ်ဝတ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ထိုကောင်းကင်နဂါး အကြေးခွံချပ်ဝတ်ကြီးမှာ သူမ၏ သွယ်လျလှသော ခန္ဓာကိုယ်နှင့် ကပ်လျက် ရှိနေသဖြင့် မည်သည့်ယောက်ျားမဆို ရင်ခုန်သွားစေနိုင်လောက်သော သူမ၏ လှပလှသည့် ခန္ဓာကိုယ်ကောက်ကြောင်းများကို ပိုမို၍ ပေါ်လွင်စေခဲ့သည်။
ဒါတင် မကသေးပေ၊ သူမ၏ ပါးပြင်ဘေးတစ်ဖက်တစ်ချက်တွင်လည်း နဂါးအကြေးခွံအချို့ ပေါ်ထွက်လာခဲ့သဖြင့် သူမကို ပိုမို၍ ဆွဲဆောင်မှုရှိသော အသွင် ဖြစ်စေသည်။
၎င်းကြောင့်ပင် သူမ၏ အရှိန်၊ ခွန်အားနှင့် ပဲ့တင်ထပ်သံစွမ်းအားအားလုံး သိသိသာသာကို ပိုမို၍ မြင့်တက်လာခဲ့သည်။
သူမ ဖန်သားတောင်ဝှေးကို ရှေ့သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ လီလော့၏ ခုခံမှုဓားအလင်းတန်းများမှာ ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူမ၏တောင်ဝှေးရိုက်ချက်က လီလော့၏ ဓားသွားပေါ် ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့သဖြင့် လီလော့၏ ပုံရိပ်မှာ အနောက်သို့ ပေဆယ်ဂဏန်းခန့်အထိ လွင့်စင်သွားခဲ့ရလေတော့သည်။
ဟင်းလင်းပြင်အထက်မှနေ၍ ဤတိုက်ပွဲများကို စောင့်ကြည့်နေကြသည့် အကြည့်များစွာ ရှိနေကြသည်။ သူတို့ထဲမှ အများစုမှာ လီလော့နှင့် လုချင်းမိန်တို့၏ တိုက်ပွဲထံသို့သာ အာရုံစိုက်ထားကြခြင်း ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ တံခွန်ကိုင်များ၏ ထိပ်ဆုံးတွင် ရှိနေကြသူများဖြစ်ကြသဖြင့် သူတို့၏ တိုက်ပွဲက သေချာပေါက် အထူးအာရုံစိုက်ရမည့် တိုက်ပွဲပင်။
နဂါးသွေးကလန်၏ အကြီးအကဲဖြစ်သူ လီထျန်းကျီပင်လျှင် ထိုတိုက်ပွဲထံသို့သာ အာရုံစိုက်ထားခဲ့သည်။
သူက လီချင်းယင်ဘက်သို့ လှည့်၍…
"လုချင်းမိန်က တကယ့်ကို ပါရမီရှိတဲ့ ကလေးမလေးပဲ…သူက ကောင်းကင်နဂါး အကြေးခွံချပ်ဝတ်ကို အောင်မြင်မှုအသေးစားအဆင့်အထိ တောင် ကျင့်ကြံနိုင်ခဲ့တာပဲကိုး"
ဟု ဆိုလိုက်သည်။
လီချင်းယင်က ပြုံးလိုက်ပြီး…
"ဒီကလေးမက တကယ့်ကို မဆိုးလှဘူး… တိုက်ရိုက်မျိုးဆက် မဟုတ်တာ မှန်ပေမဲ့ ပါရမီ ထူးချွန်လွန်းတာကြောင့် နောင်ကျရင် နဂါးအကြေးခွံကလန်ရဲ့ အဓိက ထောက်တိုင်ကြီးတခု ဖြစ်လာမှာ သေချာတယ်…လက်ရှိအခြေအနေအရ လီလော့အနေနဲ့ သူ့ရဲ့ ကောင်းကင်နဂါး အကြေးခွံချပ်ဝတ်ကို ဘယ်လို ပြန်လည်တုံ့ပြန်မလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့"
ဟု ပြန်လည် ဖြေကြားခဲ့လေတော့သည်။