← Chapters

ကြေးခွံကိုးခု သန့်စင်သောနဂါးခန္ဓာ

Vol. 66 Ch. 923

ကြေးခွံကိုးခု သန့်စင်သောနဂါးခန္ဓာ

Vol. 66 Ch. 923

နောက်ဆုံးတွင် တံခွန်တော် ၂၀ လုံး၏ ဤမျိုးဆက်အတွက် နဂါးခေါင်းဆောင်တိုက်ပွဲသည် မမျှော်လင့်ထားသော ရလဒ်များဖြင့် အဆုံးသတ်သွားခဲ့ရသည်။

"နဂါးခေါင်းဆောင်" ဖြစ်လာသည့် လီလော့မှာ ယခုတစ်ကြိမ်တွင် အားလုံး၏ အာရုံစိုက်မှုကို အပြည့်အဝ သိမ်းပိုက်သွားခဲ့ပြီ ဖြစ်သည်။

ယခုအချိန်မှစ၍ လီတိုင်ရွှမ်၏ စွမ်းအင်ပုံရိပ်ကိုပါ အနိုင်ယူပြခဲ့သော လီလော့ကို မည်သူမျှ မေးခွန်းထုတ်ရဲကြတော့မည် မဟုတ်ပေ။

လီတိုင်ရွှမ်၏ စွမ်းအင်ပုံရိပ်မှာ မူလစွမ်းအား၏ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ပုံတူကူးထားနိုင်သည်မှာ မှန်သော်လည်း လီလော့အနေဖြင့် ၎င်းကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ခြင်းက သမိုင်းတစ်လျှောက်တွင် အတော်ဆုံး ပါရမီရှင်တစ်ဦးနှင့် ရင်ပေါင်တန်းနိုင်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။

ဤသည်က တကယ့်ကို အံ့ဩစရာကောင်းလှတဲ့ စွမ်းဆောင်ရည်တစ်ခုပင်။

နောက်ဆုံးတွင် လီလော့က လီချင်းဖုန်းထက် ပိုမို သန်မာနေကြောင်းကိုလည်း လူတိုင်း ရှင်းလင်းစွာ သဘောပေါက်သွားခဲ့ကြသည်။ နဂါးသွေးကလန်မှ အကြီးအကဲများ၏ စကားမပြောနိုင်တော့သည့် တုံ့ပြန်မှုများကပင် ဒါကို သက်သေပြနေပေသည်။

သို့သော်လည်း လီလော့ကျတာ့ အခြားသူများ သူ့အပေါ် မည်သို့သတ်မှတ်သည်ကို အလေးမထားပေ။

လီတိုင်ရွှမ်၏ ပုံရိပ်ကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ "ရေနဂါးစွယ်ဓား" ၏ စွမ်းအားကြောင့် ဖြစ်ပြီး ၎င်းက သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုပြင်းထန်လှသည်။ထိုဓားချက်တစ်ချက်မှာ သာမန်အဆင့်ရှိသော မြို့စားအဆင့်ပညာရပ်တစ်ခုထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။ ဤသည်က

အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါပညာရပ်၏

အဆင့်မြင့်မားလွန်းမှုကြောင့်ပင် ဖြစ်သည်။

၎င်းကို ရှေးယခင်က မည်သူမျှ ကျင့်ကြံခဲ့ဖူးခြင်းမရှိသဖြင့် ၎င်း၏ စစ်မှန်သော စွမ်းအားကို လူတိုင်း လွဲမှားစွာ နားလည်နေခဲ့ကြခြင်း ဖြစ်သည်။

လီလော့ ခေါင်မော့ကြည့်လိုက်တော့ သူ့ မျက်လုံးများအတွင်း၌ မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။

နဂါးခေါင်းဆောင်တိုက်ပွဲပြီးနောက် အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းသော အပိုင်းတစ်ခု ကျန်ရှိနေသေးသည်၊ ၎င်းမှာ သန့်စင်သော နဂါးခန္ဓာကို အသက်သွင်းခြင်းပင် ဖြစ်သည်။

နဂါးပျံတက်ခြင်းပွဲတုန်းက သူတို့ ရရှိခဲ့သည်မှာ သန့်စင်သော နဂါးခန္ဓာ၏ သန္ဓေတည်ခြင်းအဆင့်မျှသာ ရှိသေးသည်။ ယခု နဂါးခေါင်းဆောင်တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်ရာ သန့်စင်သော နဂါးခန္ဓာကို အပြည့်အဝ အသက်သွင်းနိုင်ရန်အတွက် လိုအပ်သော နဂါးအကြေးခွံများကို ရရှိသွားကြပြီ ဖြစ်သည်။

ဝုန်း

ဤအချိန်တွင် တောင်ကြီးတစ်ခုပမာ ကြီးမားလှသော ကျောက်နဂါးကြီး ရုတ်တရက် စတင်လှုပ်ရှားလာခဲ့ပြီး

သူတို့ဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ပါးစပ်ကြီးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဘုန်း

မီးခိုးရောင် နဂါးငွေ့ အမျှင်တန်းကြီးတစ်ခုက ကျောက်နဂ်းကြီး၏ ပါးစပ်အတွင်းမှနေ၍ မုန်တိုင်းတစ်ခုပမာ အရှိန်အဟုန်ဖြင့် ထိုးထွက်လာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် စင်မြင့်ထက်ရှိ တံခွန်ကိုင်အားလုံး ထိုနဂါးအငွေ့များဖြင့် ဝန်းရံ ခံလိုက်ရသည်။ ထို့နောက် သူတို့ စုဆောင်းထားခဲ့သည့် နဂါးအကြေးခွံများ သူတို့၏ အထက် ကောင်းကင်ယံထံသို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားခဲ့ပြီးနောက် လျင်မြန်စွာ အရည်ပျော်သွားကြတော့သည်။

ထိုအခါ ထူထပ်လှသော ကောင်းကင်နဂါးစွမ်းအင်များ အပြင်သို့ စီးဆင်းလာခဲ့ပြီး သူတို့အားလုံးကို လုံးဝဥဿုံ ဝါးမြိုသွားခဲ့တော့သည်။

လီလော့သည် မိမိပတ်လည်တွင် စုစည်းလာသော ကောင်းကင်နဂါးစွမ်းအင်များကို ကြည့်ရင်း မျက်လုံး ပြူးကျယ်သွားခဲ့သည်။

သူ့ရဲ့ နဂါးအကြေးခွံကိုးခု တဖြည်းဖြည်းနှင့် ပုံဖော်လာခဲ့သဖြင့် သူသည် တံခွန်ကိုင်အားလုံးထဲတွင် ကောင်းကင်နဂါးစွမ်းအင် ပမာဏ အများဆုံးကို ရရှိထားသူ ဖြစ်လာခဲ့သည်။ ၎င်းမှာ လီချင်းဖုန်း ရရှိထားသည့် ပမာဏထက်ပင် နှစ်ဆကျော် ပိုမိုများပြားနေသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ နဖူးအလယ်၌ ရှိသော နဂါးဝိညာဉ်အမှတ်အသားများမ စတင် လည်ပတ်လာပြီး ကောင်းကင်နဂါးစွမ်းအင်များကို ထူးဆန်းလှသော စွမ်းအားတစ်ခုဖြင့် ဆွဲငင်စုပ်ယူတော့သည်။

စွမ်းအင်များ စုပ်ယူလိုက်ချိန်တွင် နဂါးဝိညာဉ်အမှတ်အသားများ တစ်ခုပြီးတစ်ခု တောက်ပလာခဲ့သည်။

လီလော့၏ နဂါးဝိညာဉ်အမှတ်အသားအတွင်း၌မူ နဂါးအကြေးခွံကိုးခုမှာ မှုန်မှိုင်းနေခဲ့ရာမှ အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် အားလုံး တောက်ပလာခဲ့ပြီး နိုးထလာခဲ့ကြတော့သည်။

၎င်းနှင့်အတူ သန့်စင်လှသော စွမ်းအင်အမြောက်အများမှာ နဂါးဝိညာဉ်အမှတ်အသားထံမှ ခန္ဓာကိုယ်၏ အခြားအပိုင်းများသို့ စီးဆင်းသွားခဲ့သည်။ ၎င်းက ကြွက်သားများ၊ သွေးကြောများနှင့် အရိုးအဆစ်များကို အလွန်ပင်သန်မာလာစေခဲ့သည်။

အရိုးအဆစ်များအတွင်းမှ တုန်ခါနေသော အသံမြည်ဟည်းသံများကိုပင် ရှင်းလင်းစွာ ကြားလိုက်ရသည်။

ဤသည်က ခန္ဓာကိုယ် သန်မာလာခြင်း၏ သက်သေပင် ဖြစ်သည်။

ဤတစ်ခဏ၌ လီလော့ ဤစွမ်းအားအောက်တွင် လုံးဝဥဿုံ နစ်မြုပ်သွားခဲ့တော့သည်။

အခြားသော တံခွန်ကိုင်များမှာလည်း မိမိတို့၏ ခန္ဓာကိုယ်များ သန်မာလာခြင်းကြောင့် စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြုံးနေကြသည်။ ဤသည်က လီကောင်းကင်ဧကရာဇ်မျိုးနွယ်စုကြီးအတွင်းရှိ အဖွဲ့ဝင်များအတွက် မဖြစ်မနေ လိုအပ်လှသည့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်။ ၎င်းမှာ လူငယ်မျိုးဆက်များအတွက် အလွန်ပင် ရှားပါးလှသော အခွင့်အရေးတစ်ခု ဖြစ်သည်။

သန့်စင်သော နဂါးခန္ဓာကို ရရှိသွားခြင်းဖြင့် တစ်ဦးချင်းစီအလိုက် စွမ်းဆောင်ရည်များ များစွာ မြင့်တက်လာမည် ဖြစ်သည်။ ဤအခွင့်အရေးမျိုးက အခြားသော အခြေခံအုတ်မြစ် အားနည်းလှသည့် အင်အားစုများအတွက်တော့ အချိန်အလွန်ပေး၍ ကြိုးစားမှသာ ရရှိနိုင်မည့် အခွင့်အရေးမျိုး ဖြစ်သည်။

အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် လီလော့၏ နဖူးအလယ်ရှိ နဂါးဝိညာဉ်အမှတ်အသား အပြည့်အဝ တောက်ပသွားခဲ့သည်။ နဂါးအကြေးခွံကိုးခုစလုံး တောက်ပနေသည့် မြင်ကွင်းမှာ တကယ့်ကို မျက်စိကျိန်းလောက်အောင်ပင် လှပလွန်းသည်။

ဤတစ်ခဏ၌ သူ့ကိုယ်ခန္ဓာမှ ဧရာမ ဖိအားလှိုင်းတစ်ခု နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ထိုဖိအားက သန့်စင်သော နဂါးခန္ဓာမှ သဘာဝအတိုင်း ထုတ်လွှတ်လိုက်သည့် နဂါးဖိအားပင် ဖြစ်သည်။

အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာနှင့်အတူ လီလော့၏ နဂါးဖိအားမှာ သေချာပေါက် အားလုံးထက် ပိုမို ပြင်းထန်ပေလိမ့်မည်။

အကယ်၍ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိခဲ့လျှင်ပင် ဤဖိအားအောက်တွင် သူတို့၏ ခွန်အားမှာ အလိုအလျောက်ပင် နှစ်ဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားမည် ဖြစ်သည်။

အခြားသောတံခွန်ကိုင်များက လီလော့၏ နဂါးဝိညာဉ်အမှတ်အသားကို မနာလိုအားကျမှုများစွာဖြင့် ကြည့်နေကြည်။

၎င်းတို့ထဲတွင် လီချင်းဖုန်းလည်း ပါဝင်သည်။ သူသည် အခုမှပင် အိပ်မက်မက်နေရာမှ နိုးထလာသလိုဖြစ်နေရှာသည်။

သန့်စင်သော နဂါးခန္ဓာကို ပိုင်ဆိုင်ထားခြင်းမှာ နဂါးကလန်ကြီး ငါးခုအတွင်း၌ ထူးဆန်းလှသည့်အရာ မဟုတ်ပေ။ တံခွန်ကိုင် ၂၀ စလုံး ရရှိထားကြပြီး အစောင့်အရှောက် စစ်တပ်ကြီး ငါးခုအတွင်းမှာလည်း လူအမြောက်အမြား ဒါကို ကျင့်ကြံထားကြသည်။

သို့သော်လည်း "အ‌ကြေးခွံကိုးခုသန့်စင်သောနဂါးခန္ဓာ" ကတော့ ကွဲပြားခြားနားလှသည်။ဤသည်က ဤပညာရပ်၏ အကြွင်းမဲ့ ပြီးပြည့်စုံခြင်းအဆင့် ဖြစ်ပြီး ၎င်း၏ စွမ်းအားက သာမန် သန့်စင်သော နဂါးခန္ဓာထက် အဆပေါင်းများစွာ ပိုမိုသာလွန်သည်။

လီလော့ ဤပညာရပ်ကို ရရှိသွားခဲ့ပြီဆိုလျှင် သူသည် တကယ့်ကို တောင်ပံတပ်ပေးလိုက်တဲ့ ကျားတစ်ကောင်ပမာ ဖြစ်သွားပေလိမ့်မည်။

"ဒီကောင်ကတော့..."

လီချင်းဖုန်းက လီလော့ကို မနာလိုသောအကြည့်များဖြင့် စိုက်ကြည့်နေသည်။

လီလော့နှင့် လီတိုင်ရွှမ် (စွမ်းအင်ပုံရိပ်)တို့၏ တိုက်ပွဲကို မြင်တွေ့လိုက်ရပြီးနောက် သူ့ရင်ထဲ၌ အရင်က ရှိခဲ့ဖူးသည့် တည်ငြိမ်မှုများနှင့် ယုံကြည်မှုများအားလုံး လုံးဝ ဥဿုံ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူသည် လီလော့ကို မည်သည့်အခါမျှ အထင်သေးရဲတော့မည် မဟုတ်ပေ။

ထိုထူးဆန်းလှသော ရေနဂါးစွယ်ဓားကြီးက လီတိုင်ရွှမ်၏ စွမ်းအင်ပုံရိပ်ကိုပင် ခုခံနိုင်စွမ်း ရှိခဲ့သည်။ အကယ်၍ သူသာ ထိုဓားချက်နှင့်သာ တိုက်ရိုက် ရင်ဆိုင်မိခဲ့လျှင် ထိုဓားချက်၏ အင်အားကြီးမားလှသော ဖိအားဒဏ်အောက်မှာတင် သေဆုံးသွားနိုင်လောက်အောင် ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

လုံးဝ လက်မခံနိုင်သော်လည်း လီလော့ကသာ နောင်အနာဂတ်၌ တံခွန်တော် ၂၀ လုံး၏ စစ်မှန်သော နဂါးခေါင်းဆောင် ဖြစ်လာတော့မည်ကို ငြင်းပယ်၍မရနိုင်တော့ပေ။

လီလော့ကတော့ လီချင်းဖုန်း၏ မကျေမနပ်ဖြစ်နေသည့် အကြည့်များကို ဂရုမစိုက်ဘဲ အောင်မြင်စွာ ရရှိလိုက်သည့် အ‌ကြေးခွံကိုးခုသန့်စင်သောနဂါးခန္ဓာ၏ စွမ်းအားများကိုသာ စိတ်လှုပ်ရှားစွာဖြင့် စမ်းသပ်နေမိတော့သည်။

စိတ်အာရုံ အနည်းငယ် စုစည်းလိုက်သည်နှင့် နဂါးဝိညာဉ်အမှတ်အသား တောက်ပလာခဲ့ပြီး သူ့ကျောပြင်တွင် ပေဆယ်ဂဏန်းခန့် ရှည်လျားလှသည့် နဂါးစွမ်းအင်တောင်ပံကြီး အလိုအလျောက် အပြင်သို့ ထွက်ပေါ်လာခဲ့သည်။

ဒါက သူ အသက်လုပြီး ထွက်ပြေးရမည့်အချိန်ကျလျှင် နောက်ထပ် အာမခံချက်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

သေချာတာကတော့ အရေးအကြီးဆုံးမှာ... နဂါးဖိအားပင် ဖြစ်သည်။

လီလော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်နှင့် ဧရာမ စွမ်းအင်လှိုင်းကြီးတစ်ခု နဂါးဝိညာဉ်အမှတ်အသားထံမှ ခန္ဓာကိုယ်၏ အခြားအပိုင်းများသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားခဲ့သည်။

ဒါက သန့်စင်သော နဂါးခန္ဓာထံမှ ရရှိလာမည့် နဂါးဖိအား စွမ်းအားပင် ဖြစ်သည်။

အ‌ကြေးခွံကိုးခုသန့်စင်သောနဂါးခန္ဓာဖြင့် နဂါးကိုးကောင်၏ စွမ်းအားကို တိုက်ပွဲအတွင်းမှာ အကောင်းဆုံး အသုံးချနိုင်ခွင့် ရှိလာခဲ့ပြီ ဖြစ်သည်။

"ငါ့ရဲ့ ခန္ဓာကိုယ်က ကမ္ဘာဦးဆင်ရိုင်းခွန်အား တတိယအဆင့်နဲ့နဂါးကိုးကောင်ရဲ့ ဖိအားကို တပြိုက်နက် တောင့်ခံနိုင်ပါ့မလား"

လီလော့ စိတ်ထဲမှ တွေးတောလိုက်မိသည်။ ရှေးယခင်တုန်းက ကမ္ဘာဦးဆင်ရိုင်းခွန်အားကို

အသုံးပြုစဉ်ကပင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အကြီးအကျယ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ဖူးသည်။ သူသည် ဒါကို တောင့်ခံနိုင်ရန်အတွက် ကုသရေးဆိုင်ရာပညာရပ်များကို အမြဲတမ်း အသုံးပြုခဲ့ရပြီး နတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိသွားခဲ့မှသာ ၎င်းကို အဆင်ပြေစွာ အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နဂါးကိုးကောင်၏ဖိအားမှာလည်း မယုံနိုင်လောက်အောင် ပြင်းထန်လှသည်။ အကယ်၍ သူသာ ၎င်းကို ကမ္ဘာဦးဆင်ရိုင်းခွန်အားနှင့်အတူ တပြိုင်တည်း အသုံးပြုလိုက်လျှင် သူ့ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် ဖိအားဒဏ်များစွာကို သေချာပေါက် ရင်ဆိုင်ရပေမည်။

သို့သော်လည်း သူ ရရှိထားသည့် အကြီးအမားဆုံးသော စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ၎င်းမှာ အသေးအဖွဲမျှသာ ဖြစ်သည်။

အကယ်၍ အသက်နှင့် ရင်းရမည့် အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့လျှင် ကြွက်သားများ ပေါက်ပြဲသွားခြင်းမှာ မိမိ၏ အသက်ကို စတေးခြင်းထက်စာလျှင် ဘာမှ မဟုတ်ပေ။

နောက်ထပ်အတွေးတစ်ခု လီလော့၏ စိတ်ထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီးနောက် နဖူးအလယ်ရှိ နဂါးဝိညာဉ်အမှတ်အသားမှာ တဖြည်းဖြည်းနှင့် မှေးမှိန်သွားခဲ့သည်။

အချိန်အနည်းငယ် ကြာမြင့်သွားခဲ့ပြီးနောက် ၎င်းမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နဂါးဖိအားများ၊ နဂါးစွမ်းအင်တောင်ပံများနှင့်အတူ လုံးဝ ဥဿုံ ကွယ်ပျောက်သွားခဲ့တော့သည်။

အကြေးခွံကိုးခုသန့်စင်သောနဂါးခန္ဓာကို ရရှိသွားခဲ့ခြင်းအတွက် လီလော့ အလွန်ပင် ပျော်ရွှင်နေမိသည်။

သို့သော်လည်း အရေးအကြီးဆုံးမှာ သူ လိုချင်နေသည့် နဂါးခေါင်းဆောင်ရာထူးနှင့်အတူ အမှတ်သားကိုးခုကြာပန်းကိုပါ အောင်မြင်စွာ ရရှိသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ အမှတ်သားကိုးခုကြာပန်းကို မရှိခဲ့လျှင် သူ့ရင်ထဲတွင် စိုးရိမ်မှုများစွာ ပြည့်နှက်နေမည်ဖြစ်ပြီး ကျန်းချင်းအာနှင့်အတူ မြင့်မြတ်သောအလင်းတော်ကောလိပ်သို့ လိုက်ပါသွားနိုင်ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။

ကံကောင်းထောက်မစွာဖြင့် ဤခြောက်လကျော်ကြာ ပြင်းထန်လှသော ကြိုးစားအားထုတ်မှုများအပြီးတွင် လိုချင်သည့်အရာများကို အောင်မြင်စွာ ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဤအချိန်၌ ကောင်းကင်ယံမှ အလင်းတန်းများ ထပ်မံ ကျရောက်လာခဲ့ပြီး လီလော့နှင့် အခြားသူများအားလုံးကို လုံးဝ ဥဿုံ ဖုံးလွှမ်းသွားခဲ့ပြီးနောက် သူတို့ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ တဖြည်းဖြည်းနှင့် ပုံစံပြောင်းလဲသွားခဲ့သည်။

မကြာမီမှာပင် သူတို့အားလုံး ကျောက်နဂါးကြီး၏ ကမ္ဘာအတွင်းမှ အပြင်ဘက်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ကြတော့သည်။

လီလော့က မည်သို့မျှ ခုခံခြင်းမရှိဘဲ ခန္ဓာကိုယ်ကို အသာအယာ လျှော့ချလိုက်ပြီး သက်ပြင်းတစ်ချက် ရှည်လျားစွာ ချလိုက်မိသည်။

သူစိတ်အေးသွားသည့်အချိန်တွင် ကျန်းချင်းအာ၏ မျက်နှာလေး သူ့ရဲ့ စိတ်အာရုံအတွင်း၌ ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။

"ကျန်းချင်းအာ.. အမှတ်အသားကိုးခုကြာပန်း ငါ့လက်ထဲ ရောက်တာနဲ့ ငါ ဒါကို မင်းဆီ ဘယ်လိုရောက်အောင် ပို့ပေးရမလဲဆိုတာ သေချာပေါက် စဉ်းစားသွားမယ်”

All Chapters