အဖြေ....
Vol. 54 Ch. 745
ကျုံးယုရှီ၏ စကားလုံးများက ချည်ပြီးတုပ်ပြီးထားသလိုပင်..... တက်ရောက်လာသူအားလုံးသည် နဂါးစွယ်ကလန်၏ အကြီးအကဲများဖြစ်ကြပြီး အချို့မှာ အလွန်အသက်ကြီးသူများဖြစ်သည်။ အခြား ခန်းမသခင်များလည်း တက်ရောက်ကြပြီး သူဘာကိုဆိုလိုသည်ကို လူတိုင်းသိကြသည်။ အစိမ်းရောင်နယ်သာခန်းမ၏ ခန်းမသခင် ရာထူးကို ရယူခြင်းအကြောင်းပင်....
ကျုံးယုရှီသည် အစိမ်းရောင်နယ်သာခန်းမ တွင် နှစ်ပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့ပြီး ဒုတိယခန်းမသခင်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ သူသည် နှစ်များအတွင်း သိသာထင်ရှားသော အင်အားများ စုဆောင်းထားသော်လည်း၊ မည်သူမဆို ခန်းမသခင်အကြောင်းပြောသည့်အခါတိုင်း၊ လီတိုင်ရွှမ်ကိုပင် သဘာဝအတိုင်း တွေးတောမိလိမ့်မည်။
အစိမ်းရောင်နယ်သာခန်းမ၏လစ်လပ်နေသော ခန်းမသခင်ရာထူး ပြဿနာနှင့် ပတ်သက်၍ တောင်သခင်များဖြစ်သော
နဂါးသွေးကလန်ကပင်မေးမြန်းခဲ့ဖူးသည်။ အမှန်တကယ်တော့ သူတို့က တိုက်ရိုက်ဝင်ရောက်စွက်ဖက်လိုတဲ့ အရိပ်အယောင်တွေ ပြခဲ့သော်လည်း တူညီသော အဖြေတစ်ခုသာ ရရှိခဲ့သည်။ ဤသည်မှာ နဂါးစွယ် ကလန်၏အတွင်းရေးကိစ္စဖြစ်ပြီး ပြင်ပလူများပါ၀င်ရောက်နိုင်သောကိစ္စမဟုတ်ပေ။ တောင်သခင်များဖြစ်သော နဂါးသွေးကလန်သည် အခြားကလန်လေးဆက်ကို ကြီးကြပ်ပိုင်ခွင့်ရှိသော်လည်း လီကျင်းဇယ်က ထိုပြဿနာနှင့်ပတ်သတ်လျှင် ခေါင်းမာနေဆဲပင်.....
နဂါးသွေးကလန်သည် ကလန်အကြီးအကဲ၏ ခေါင်းမာသောငြင်းဆန်မှုကို မကျေမနပ်ဖြစ်နေသော်လည်း ပြဿနာ၏အရင်းမြစ်မှာ နဂါးသွေးကလန်က လီတိုင်ရွှမ်ကို သွယ်ဝိုက်သောနည်းဖြင့် အတင်းအကျပ်ခိုင်းစေခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်ကာရုံသာတတ်နိုင်ပြီး ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ပေ။
ထို့ကြောင့် ခန်းမသခင် ရာထူးသည် ဆယ်နှစ်ကြာအောင် လစ်လပ်နေခဲ့ပြီး ခန်းမသခင် မရှိသော တစ်ခုတည်းသောခန်းမအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် ကျုံးယုရှီသည် ပြဿနာကို နောက်တစ်ကြိမ် အစဖော်နေပြန်လေပြီ.....
လီချင်းဖန် က မကျေမနပ်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ... "ဒုတိယခန်းမကျောက်.... ဒီကိစ္စကိုအဖေက အကြိမ်များစွာ ထပ်ခါထပ်ခါ ပြောခဲ့ပြီးပြီကို ဘာလို့ ဒုက္ခထပ်ပြီး အစပြန်ဖော်ချင်နေတာလဲ...."
"အစိမ်းရောင်နယ်သာခန်းမက ဒုခန်းမသခင်ကျောက်ရဲ့ ကြီးကြပ်မှုအောက်မှာရှိနေတာတောင် နေ့စဥ် ဂုဏ်သိက္ခာ ကျဆင်းနေတယ်....ဒါနဲ့တောင် ခန်းမသခင်ရာထူးကို လိုချင်နေသေးတာလား....ဒါကို ရယ်စရာလို့ မထင်ဘူးလား" လီကျင်းပန်က သူ့ကို တိုက်ရိုက်လှောင်ပြောင်လိုက်လေသည်။
ကျုံးယုရှီ ခဏလောက် ငြိမ်သက်သွားပြီ.... "အစိမ်းရောင်နယ်သာခန်းမက ကျဆင်းနေတာအမှန်ပါပဲ...ဒါပေမယ့် လူတိုင်းက ခန်းမသခင်မရှိတဲ့အတွက် ဆက်လက်ရုန်းကန်နေရမှာကိုသိနေကြတယ်... အခြေအနေကို ရှင်းရှင်း လင်းလင်း သိထားတာမို့ ရှေ့မျက်နှာနောက်ထားပြီးအခုလိုတောင်းဆိုရတာပါ .... "
အားလုံးက စိတ်ပိုင်းဖြတ်ထားသော ကျုံးယုရှီကို ကြည့်လိုက်ကြသည်။
အကြီးအကဲအချို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အချင်းချင်း ညည်းညူကြသည်။ ၎င်းတို့သည် ယခင်က လစ်လပ်နေသော ခန်းမသခင် ရာထူးကိစ္စကို ဆွေးနွေးခဲ့ကြပြီး၊ အရေးကြီးသောကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်များချရန် ခန်းမသခင် မရှိခြင်းကြောင့် အစိမ်းရောင်နယ်သာခန်းမတွင် အဆုံးမဲ့ပြည်တွင်းရေးပဋိပက္ခများ ဖြစ်ပွားနေသည်။
ဤသည်မှာ ဤကိစ္စ၏အမှန်တရားဖြစ်သည်။ လက်ရှိ အစိမ်းရောင်နယ်သာခန်းမသည် ပြိုကျပျက်စီးနေသော အဖွဲ့အစည်းတစ်ခုဆီသို့ ဦးတည်နေခြင်းမှာ ဉီးဆောင်မည့်သူမရှိခြင်းကြောင့်ပင်...
"ကလန်အကြီးအကဲ၊ အစိမ်းရောင်နယ်သာခန်းမရဲ့ ပြဿနာက နောက်ထပ်အချိန်မဆွဲသင့်တော့ဘူး....."
ထိုအချိန်တွင်၊ ရွှေအလင်းခန်းမ၏ ကျောက်ရွှမ်းမင်က......
"ကလန်အကြီးအကဲ တတိယသခင်ကိုလွမ်းဆွတ်နေမှန်း ကျုပ်တို့အားလုံးသိကြပေမယ့် သူ ထွက်သွားတာ ဆယ်နှစ်ကျော်နေပြီဆိုတာ မမေ့သင့်ဘူး.... အရင်က အသန်မာဆုံးခန်းမက အခုအချိန်မှာ ဆိုးရွားတဲ့ ပရမ်းပတာအဖြစ်ကို ရောက်နေပါပြီ.... တတိယသခင် အများကြီး အားထုတ်ခဲ့ပြီး အထွတ်အထိပ်ကို ဆွဲတင်ခဲ့တဲ့သူ ဆိုတော့ အခြေအနေ ပိုဆိုးလာတာကို သူမြင်ချင်မယ်မထင်ဘူး....."
လီကျင်းဖန်က အေးစက်စွာ ပြုံးလိုက်ပြီး ...
"ခန်းမသခင်ကျောက်....မင်းရဲ့ ပျားရည်စမ်းထားတဲ့စကားတွေက နားထောင်လို့ကောင်းပေမယ့် ခန်းမပြိုကျရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုက မင်းနဲ့ဆိုင်တယ်.... ရွှေအလင်းခန်းမက အစိမ်းရောင်နယ်သာခန်းမရဲ့ အရင်းအမြစ်တွေကို လုယူသွားတာကို မင်းဝန်ခံရဲလား..... ?"
ကျောက်ရွှမ်းမင်က..... "ဒုတိယသခင်....ကျုပ်က ရွှေအလင်းခန်းမရဲ့ ခန်းမသခင်ပဲလေ.... အရင်းအမြစ်တွေအရယူပြီး ကျူပ်ရဲ့ခန်းမကို ခိုင်ခံ့အောင်လုပ်ဖို့က ကျုပ်ရဲ့တာဝန်ပဲလေ.... ကျုပ်တို့ခွန်အားက အရေးမကြီးဘူးလား...ကျုပ်တို့က နဂါးစွယ်ကလန်နဲ့ မသက်ဆိုင်ဘူးလား"
"ဟမ့်! အပြောကတော့ကောင်းပါ့.... " လီကျင်းပန် အတော်ဒေါသထွက်နေလေ၏။
သို့သော်လည်း လီကျင်းဇယ်၏အမူအရာသည် မှောင်မိုက်သွားသည်ကို သူမြင်လိုက်ရပြီး လျှို့ဝှက်ဆန်းကြယ်သော ဖိနှိပ်ချုပ်ချယ်သည့် စွမ်းအားတစ်ခုကြောင့် သူ့ပါးစပ်ကို ပိတ်ထားခဲ့ရသည်။
လီကျင်းဖန်ကတော့ နာခံမှုဖြင့်သာ တိတ်ဆိတ်နေနိုင်ခဲ့သည်။
"ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်မှာ လီမျိုးရိုးတွေပဲရှိနေတာမဟုတ်ဘူး... တိုက်ရိုက်ဆင်းသက်လာသူဖြစ်စေ၊ ပြင်ပမှပါ၀င်လာသူဖြစ်စေ ကလန်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတာနဲ့ သူတို့ရဲ့ယခင်အဆင့်အတန်းက အရေးမကြီးတော့ဘူး..... ရလဒ်တွေကသာအဓိကပဲ....ဒါဟာ ဘိုးဘေးတွေရဲ့ အကြွင်းမဲ့ သွန်သင်ချက်ပဲ” ဟု လီကျင်းဇယ်က လီကျင်းပန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်းသတိပေးခဲ့သည်။
"နောက်တစ်ခါ ဒီစကားထပ်ကြားရင် ကြီးလေးတဲ့ အပြစ်ပေးခံရလိမ့်မယ်!"
ဤစကားကို လူတိုင်းကြားသောအခါ ခေါင်းငုံ့ကာ လေးလေးစားစား တုံ့ပြန်ကြသည်။
လီကျင်းဇယ်က ကျုံးယုရှီဘက်သို့လှည့်လိုက်ကာ....."အစိမ်းရောင်နယ်သာခန်းမရဲ့ ခန်းမသခင် ထိုင်ခုံဟာ နှစ်ပေါင်းများစွာ လစ်လပ်နေခဲ့တယ်.... အမှန်တရားကတော့ လီတိုင်ရွှမ်အတွက် ဒီရာထူးကို ကျုပ်ကိုယ်တိုင် ချန်ထားခဲ့လို့ပဲ...."
အားလုံးတိတ်ဆိတ်သွားသော်လည်း ဤကိစ္စကို မည်သူမျှ မအံ့သြကြပေ။ ဒါကို သူတို့အားလုံး သိကြသည်။သို့သော် ၎င်းတို့ကို အံ့အားသင့်စေသည့်အရာမှာ ကလန်အကြီးအကဲသည် ၎င်းတို့၏သံသယများကို ပွင့်ပွင့်လင်းလင်း အတည်ပြုခဲ့ချေပြီ။
"ဒါပေမယ့် ဒီရာထူးကို လစ်လပ်ထားတာက တစ်ကိုယ်ကောင်းဆန်မှုတစ်ခုပဲ....ခုနကပြောခဲ့သလိုပေါ့... ရလဒ်ကသာ အရေးကြီးတယ်"
လီကျင်းဇယ်က တည်ငြိမ်စွာပြောဆိုသော်လည်း သူ့ဆီမှ ကြီးကျယ်ခမ်းနားသော အော်ရာများ ထွက်ပေါ်လာသည်။
"အစိမ်းရောင်နယ်သာခန်းမရဲ့အောင်မြင်မှုတွေက တိုင်ရွှမ်ရဲ့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ဖြစ်ခဲ့တယ်...ဒါကြောင့် သူ့အတွက် ဒီရာထူးကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဒီအတိုင်း ထားခဲ့ဖို့ ဆန္ဒရှိခဲ့တာ.... သူပြန်လာတဲ့နေ့မှာ သူ အလွယ်တကူ ပြန်ယူနိုင်မယ်လို့ ယုံကြည်ခဲ့တယ်....."
ကျုံးယုရှီ အပါအဝင် လူတိုင်း လေးလေးနက်နက်တွေးနေကြပြီ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက လီတိုင်ရွှမ်ကိုယ်တိုင် ထွက်ခွာသွားခဲ့သော်လည်း ဤပြောဆိုချက်ကို မည်သူမျှ ငြင်းဆိုခြင်းမရှိပေ။ အစိမ်းရောင်နယ်သာခန်းမတွင် လီတိုင်ရွှမ် ချန်ထားခဲ့သော မဖျောက်ဖျက်နိုင်သော အမှတ်အသားသည် ဤနေရာတွင် မည်သူမျှ မေ့မရနိုင်သော အရာဖြစ်သည်။
သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ အရည်အချင်းကို ဘယ်သူမှ သံသယမ၀င်ခဲ့ကြပေ။
အစိမ်းရောင်နယ်သာခန်းမသည် လီတိုင်ရွှမ် ၏လက်ထဲတွင်သာရှိပြီး ခန်းမနှစ်ဆယ်၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။ နဂါးသွေးကလန်အောက်ရှိ ခန်းမလေးခုကိုပင် အခိုင်အမာ ဖိနှိပ်ခဲ့ဖူးသည်။
အကယ်၍ သူပြန်လာခဲ့ပါက အမှောင်ထုများ လွင့်စင်သွားကာ အောင်မြင်မှုရောင်ခြည်သစ်များ မလွဲမသွေရှိနေမည်ဖြစ်သည်။
ခဏအကြာတွင်...
ကျောက်ရွှမ်းမင်က.... "တတိယသခင်ရဲ့ အရည်အချင်းတွေက ငြင်းလို့မရပေမယ့် ခန်းမက သူ့မရှိတာနဲ့ သိပ်ကို အင်အားဆုတ်ယုတ်နေပြီ.... သူ့ရဲ့အရင်က အောင်မြင်မှုတွေ ဘယ်လောက်ပဲ ထူးခြားနေပါစေ အစိမ်းရောင်နယ်သာခန်းမက နဂါးစွယ်ကလန်ရဲ့အစိတ်အပိုင်းဖြစ်နေတာမို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မှဖြစ်မယ်...."
ကျောက်ရွှမ်းမင်၏ စကားကြောင့် လီကျင်းပန်၏ မျက်လုံးများအတွင်း ဒေါသအရိပ်အယောင်များ တဖျပ်ဖျပ် ပေါ်လာသည်။ သို့သော်လည်း လီကျင်းဇယ်က ပြုံး၍ ခေါင်းညိတ်ကာ....
"မင်းရဲ့စကားတွေက ယုတ္တိရှိပါတယ်။ တကယ်တော့ တိုင်ရွမ်ပေးခဲ့တဲ့ ထူးခြားတဲ့ရလဒ်တွေကုန်ဆုံးသွားခဲ့တာ ကြာပြီ...."
ကျုံးယုရှီ ထိုစကားများကို ကြားလိုက်သောအခါ ရွှင်မြူးသွားသည်။ ကလန်အကြီးအကဲသည် နောက်ဆုံးမှာ စိတ်ပြောင်းသွားပြီလား.....
"ကျူပ်က နောင်နှစ်နှစ်ကြာရင် သူ့ရာထူးကနေ ဖယ်ရှားဖို့ စီစဉ်ခဲ့တာ.... ဒါပေမယ့် အခြေအနေတွေပြောင်းသွားပြီထင်တယ်...." လီကျင်းဇယ် အနည်းငယ်ပြုံးလိုက်သည်။
သူသည် အဖွဲ့တစ်ဖွဲ့လုံးကို စူးစူးစိုက်စိုက်ကြည့်ရင်း နောက်ဆုံးတွင် သူ့မျက်လုံးများက လီလော့ကို စိုက်ကြည့်ကာ အပြုံးများက ပို၍ပင် ပြင်းထန်လာသည်။
"တိုင်ရွှမ် ပြန်မလာသေးပေမယ့် အခု သူ့သားရောက်နေပြီ.... သူ့သားက သူ့ကိုယ်စား အစိမ်းရောင်နယ်သာခန်းမကိုတာဝန်ယူမယ်ဆိုရင်ရော....."