လုချင်းအာကို အမဲလိုက်ကြခြင်း.......
Vol. 5 Ch. 61
လုချင်းအာ ဝိုင်းရံခံထားရသော မြင်ကွင်းကြောင့် ပရိတ်သတ်များ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
" အဲ့တာ နန်ဖန်းရဲ့ နံပါတ်တစ်ကျောင်းသူ လူချင်းအာ မဟုတ်လား"
" သူ့ကို ဝိုင်းထားတဲ့သူတွေအကုန်လုံးကလည်း ထိပ်တန်းကျောင်းသားတွေချည်းပဲ...."
"ဒီတစ်ခါတော့ နန်ဖန်း တကယ် ဒုက္ခရောက်ပြီပဲ....ရှီယွမ့်ကို ကြည့်ရတာ သေချာပြင်ဆင်ထားပုံရတယ်....လုချင်းအာကိုသာ ထုတ်ပစ်နိုင်ရင် အရှေ့ပိုင်းရေကန်ကျောင်းသားတွေအကုန်လုံး နေရာရသွားတော့မှာ...."
"အလှလေးတစ်ယောက်ကို ဒီကောင်တွေ အုပ်စုဖွဲ့အနိုင်ကျင့်နေကြတာပဲ...အရေထူလိုက်တဲ့ကောင်တွေ....."
"ရှီယွန်တို့ လုပ်ရပ်က စည်းကမ်းနဲ့ မညီဘူးဆိုပေမယ့်လည်း လုချင်းအာကလည်း သိပ်ကို နမော်နမဲ့နိုင်တာပဲလေ...."
"........."
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဆွေးနွေးသံများဆူညံလာခဲ့သည်။ မည်သို့ပင်ဆိုစေ ဤတိုက်ပွဲသည် အခမ်းနားဆုံး တိုက်ပွဲဖြစ်ပေလိမ့်မည်။
............ .................. ....................
ချိုင်ဝေနှင့် ယန်လင်းချီတို့သည်လည်း ထိုမြင်ကွင်းကို စိုးရိမ်ပူပန်စွာ ကြည့်နေခဲ့ကြသည်။
" လုချင်းအာ ဒုက္ခရောက်နေပြီ...."
" သူတို့က နန်ဖန်းကို ပစ်မှတ်ထားနေကြတာ...."
ယန်လင်းချီသည် ချိုင်ဝေထက်ပင် တည့်တိုးဆန်လှပေသည်။
လုချင်းအာ တည်နေရာပြောင်းရွေ့ရန် ပြင်နေချိန်တွင် ရှီယွမ်သည် ထိပ်တန်းကျောင်းသား သုံးယောက်နှင့်အတူ ရောက်ချလာသည်။ လုချင်းအာ ပြေးပေါက်မရှိတော့ပေ။
" ဒုက္ခပါပဲ....."
ချိုင်ဝေ ညီးတွားလိုက်မိသည်။ လီလော့နှင့်ယန်လင်းချီတို့သည် တစ်ကျောင်းတည်းသားများဖြစ်ကြသည့်အပြင် လုချင်းအာသာ ရှီးယန်စံအိမ်အတွက် ကူညီပေးခဲ့ဖူးပေသည်။ ထို့ကြောင့် လုချင်းအာ ထုတ်ပယ်ခံရမည်ကို ချိုင်ဝေ မမြင်လိုပေ။
သို့သော်လည်း သူမ ဆန္ဒရှိနေရုံဖြင့် အခြေနေများကို ပြောင်းလဲစေနိုင်လိမ့်မည်မဟုတ်ပေ။
မဏ္ဍာပ်ထဲတွင် အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်နေပြီး လေထုသည်လည်း အသက်ရှုကြပ်ရလောက်အောင် မွန်းကြပ်ဖွယ်ကောင်းနေလေ၏။
ဌာနမှူး ဝေရှ၏ မျက်နှာသည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တည်တင်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ပဲ့တင်ထပ်သံစွမ်းအားအချို့ ဖုံးလွှမ်းနေသည်။
ဘုရင်ခံရှီချင်သည် ပြင်းထန်လှသော ဖိအားများကို လျစ်လျူရှုထားပြီး ခပ်ဖျော့ဖျော့ ပြုံးရယ်နေသည်။
" ကြည့်ရတာ ဘုရင်ခံရှီက ဒီလိုအခြေနေမျိုးဖြစ်လာဖို့ အတော်လေး အားစိုက်ထားခဲ့ပုံပဲ...."
ဌာနမှုးဝေရှ၏ အသံသည် အလွန်တရာ လေးနက်နေသည်။
ထိုဝန်းရံမှုတွင် အရှေ့ပိုင်းရေကန်သာမကဘဲ အခြားသော ကျောင်းသုံးကျောင်းမှ ထိပ်တန်းကျောင်းသားများပါဝင်နေသည့်အတွက် အချိန်ယူပြင်ဆင်ထားမှန်း သိသာလွန်းလှပေသည်။
လျန်ရှန်း၊ ချီစုနှင့် ကျုံးဖူတို့လို ထိပ်တန်းကျောင်းသားများကို တစ်စုတစ်စည်းတည်းစုစည်းနိုင်သူသည် ထျန်ရှုတစ်ခွင်တွင် ရှီချင်တစ်ယောက်သာ ဖြစ်နိုင်ပေလိမ့်မည်။
" နန်ဖန်းက ထျန်ရှုရဲ့ နံပါတ်တစ်ကျောင်းတော်ဂုဏ်ပုဒ်ကို သိမ်းပိုက်ထားတာ နှစ်ပေါင်းမနည်းတော့ဘူး..... အခုဆိုရင် အခြေနေက ကျုပ်တို့ဘက် အလေးသာနေပြီ....."
" ဘုရင်ခံရှီ....မင်းက ထျန်ရှုစီရင်စုကို မင်းလက်ခုပ်ထဲကရေလို သဘောထားနေတာလား....."
ထိုစကားကြောင့် ရှီချင် ရှူရှူရှားရှားဖြစ်သွားခဲ့ပြီး.....
"ကျုပ်လက်နဲ့ ခင်ဗျားကို ဖိအားပေးပြမယ်...စောင့်ကြည့်နေလိုက်...."
"စိတ်မပူပါနဲ့....ဒီနှစ်အတွက် တော်ဝင်ရုံးတော်က အကဲဖြတ်မှုတောင်းခံလာရင် ဘုရင်ခံရှီအတွက် ညံဖျင်းတဲ့ သုံးသပ်ချက်မျိုးရေးပေးလိုက်မှာပါ....ဒါမှ ခင်ဗျား ဘုရင်ခံရာထူးက ဆင်းပေးရမှာ... "
ဝေရှနှင့် ရှီချင်တို့သည် ရောင်းသူဝယ်သူအသံတူဆိုသကဲ့သို့ပင် ဖြစ်နေလေ၏။
" စိတ်မပူပါဘူး.....နန်ဖန်းသာ နံပါတ်ကျောင်းတော်အဆင့်ကနေ ပြုတ်သွားရင် မင်းရဲ့သုံးသပ်ချက်တွေက အရေးပါတော့မှာမှမဟုတ်တာ....."
ဝေရှနှင့် ရှီချင်တို့သည် အကြည့်ချင်းတစ်ဖုံ စကားနှင့်တစ်မျိုး ရန်ဆောင်နေကြသောကြောင့် မဏ္ဍပ်ထဲရှိလေထူသည် အတော်ပင် မွန်းကြပ်ဖွယ်ကောင်းနေလေတော့သည်။
အန်းလဲ့သည် ထိုသို့သော ရန်ပွဲမျိုးကို ကြုံပါများသဖြင့် ရိုးအီနေပြီဖြစ်သည်။ စည်းကမ်းမဖောက်ဖျက်သ၍ ဝင်ပါလိမ့်မည်မဟုတ်ပေ။
အန်းလဲ့သည် မှန်နံရံပေါ်မှ မြင်ကွင်းကိုသာ အာရုံစိုက်ထားခဲ့ပြီး လုချင်းအာအတွက်လည်း စိတ်မကောင်းဖြစ်နေမိခဲ့သည်။
......... .......... ......... .........
တဖက်တွင်မူ.....
လုချင်းအာသည် အေးစက်သောအကြည့်များဖြင့် ရှီယွမ်ကို စိုက်ကြည့်နေပြီး.....
"ဒီလိုအခြေနေမျိုး ဖြစ်လာဖို့ နင် တော်တော်လေးကြိုးစားအားထုတ်ခဲ့ရတယ်မဟုတ်လား...."
ရှီယွမ်ကတော့ ခပ်ထေ့ထေ့ပြုံးနေပြီး.....
" ဒါက နင့်အပေါ်ထားရှိတဲ့ ငါ့ရဲ့လေးစားမှုလို့ပဲ ဆိုရမှာပေါ့ ချင်းအာရယ်...."
ရှီယွမ်လိုလူစားမျိုးနှင့် စကားဖက်ပြောနေလို့ အကျိုးမထူးမှန်း နားလည်လိုက်သောကြောင့် လုချင်းအာ ခေါင်းခါလိုက်မိသည်။
ထို့နောက် သူမသည် ရေခဲပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်သည့်အခါ ထိုစွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်ပေါိလွှမ်းခြုံသွားပြီး သူမ၏ လက်နှစ်ဖက်ပေါ်တွင် ရေခဲလက်အိတ်များသဖွယ် ဖွဲ့စည်းသွားခဲ့ကြသည်။ ထိုလက်အိတ်များပေါ်တွင် ကျားလျှာကဲ့သို့ ကြမ်းရှနေသော အကြေးခွံလေးများရှိနေပြီး အသာလေးထိမိရုံနှင့်ပင် အသားစများ ပဲ့ထွက်စေနိုင်သည်အထိ ထက်ရှကြမ်းတမ်းလှသည်။
ထိုရေခဲလက်အိတ်သည် လုချင်းအာ၏ အထူးလက်နက်တစ်ခုဖြစ်သည်။
လျန်ရှန်းတို့သုံးဉီးသည်လည်း လက်နက်များကို အသင့်ပြင်ကာ ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။
သုံးဉီးစလုံးသည် ဘေးဘီဝဲယာမှနေ၍ လုချင်းအာတစ်ဉီးတည်းကို ရုတ်တရက်ဆန်စွာ ဉီးတည်တိုက်ခိုက်လိုက်ကြသည်။
လုချင်းအာသည် ထိုတိုက်ခိုက်မှုသုံးခုကို မရှောင်တိမ်းခဲ့ဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
သူမ၏ ပတ်ပတ်လည်တွင် ရေခဲလွှာများ ဖြစ်ပေါ်လာပြီး သူမ ခြေဖဝါးအောက်ရှိ မြေပြင်ပေါ်တွင်လည်း ရေခဲထုများ ဖြစ်ပေါ်လာ၏။
စွမ်းအားလေးခု ထိပ်တိုက်တွေ့ကြသည့်အခါ ပေါက်ကွဲမှုကြောင့် လျန်ကျုံးတို့သုံးဉီးစလုံး ခြေလှမ်းအနည်းငယ်ဆီနောက်ဆုတ်လိုက်ကြရသည်။
" တကယ့်ကို စည်းတံဆိပ်ကိုးခုအဆင့်နဲ့ အဆင့်ခုနှစ် ရေခဲပဲ့တင်ထပ်သံပဲ....."
လျန်ရှန်းတို့သုံးဉီး လုချင်းအာကို ထပ်မံတိုက်ခိုက်ကြပြန်သည်။
" ကြက်သွေးရောင်မီးလက်ဖဝါး....."
လျန်ရှန်း ထိုသို့အော်ဟစ်လိုက်ပြီး လက်ဝါးရိုက်ချက်တစ်ခုထုတ်ဖော်လိုက်သောအခါ ကြက်သွေးရောင်လက်ဝါးပုံရိပ်သည် လုချင်းအာထံ ဉီးတည်ရွေ့လျားသွားခဲ့သည်။
"အဆိပ်နွယ်ပင်...."
ချီစုက မြေပြင်ကို ရိုက်ချလိုက်သောအခါ အစိမ်းရောင်အလင်းတန်းများ လင်းလက်လာပြီး မြေပြင်ထဲကနေ နွယ်ပင်များထွက်ပေါ်လာကာ လုချင်းအာ၏ ခြေထောက်ကို ရစ်ပတ်လိုက်ကြသည်။
" ရေကြာပွတ်....."
ကျုံးဖူသည် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ပြီး လုချင်းအာ၏ နဖူးတည့်တည့်သို့ရိုက်ချလိုက်လေသည်။
သုံးဉီးစလုံးသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း လုချင်းအာ၏ အဓိကကျသောနေရာများကို ဉီးတည်တိုက်ခိုက်ခဲ့ကြသည်။
" ရေခဲရောင်ခြည်....."
လုချင်းအာ ခြေဆောင့်လိုက်သည့်အခါ သူမ ခန္ဓာကိုယ်ပေါ်တွင် ရေခဲပြာရောင်ရောင်ခြည်တစ်လွှာဖုံးအုပ်လာခဲ့ပြီး ထိုရောင်ခြည်အလွှာနှင့်ထိမိသမျှ တိုက်ခိုက်မှုတိုင်းသည် အေးခဲပျောက်ကွယ်သွားခဲ့သည်။
လျန်ရှန်းတို့ ထိတ်လန့်နေသည်ကို အခွင့်ကောင်းယူပြီး လုချင်းအာသည် လျန်ရှန်းကို ရုတ်တရက်တိုက်ခိုက်လိုက်သည်။ သူမ လက်ဝှေ့ယမ်းလိုက်သည့်အခါ အေးခဲနေသော လေများတိုက်ခိုက်လာပြီး လျန်ရှန်းတစ်ကိုယ်လုံး တုန်ရီအေးခဲသွားလေသည်။
လုချင်းအာ၏ တိုက်ကွက်ကြောင့် လျန်ရှန်း အထိနာခဲ့ရပြီး ကျူံးဖူနှင့် ချီစုတို့သာ လာမကယ်ပါက မြေပြင်ပေါ် လဲကျနေပေတော့မည်။
အပျက်စီးနယ်မြေထဲတွင် ထိုတိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော အလင်းတန်းများကို အဝေးကပင် လှမ်းမြင်နိုင်သည်။
သုံးယောက် တစ်ယောက် တိုက်ခိုက်နေရသော်လည်း လုချင်းအာဘက်က အသာစီးရနေသည်မှ သိသာလှပေသည်။
အထိနာသွားခဲ့သည် လျန်ရှန်းသည် ဒေါသတကြီးလှမ်းအော်လိုက်လေသည်။
" ရှီယွမ်! !!!! မင်း ဘာလို့ မတိုက်သေးတာလဲ....."
ထိုအချိန်တွင် မိုးချိန်းသံကြားလိုက်ရပြီး လျှပ်စီးတန်းတစ်ခုသည် လုချင်းအာထံ ဉီးတည်ရွေ့လျားသွားနေသည်ကို မြင်လိုက်ရသည်။
ရုန်းရင်းဆန်ခတ် အခြေနေရောက်မှ ရှီယွမ်တိုက်ပွဲထဲ ဝင်လာမည်မှန်း သိနေသောကြောင့် လုချင်းအာ ပြာယာခတ်မသွားခဲ့ပေ။
သူမသည် ရေခဲစွမ်းအားများကို လက်နှစ်ဖက်ဆီ ပို့လွှတ်ထားသောကြောင့် ရေခဲလက်အိတ်နှစ်ခုသည် သလင်းကျောက်များနှင့်ပင် တူနေသေးသည်။
သူမ၏ လက်ဖဝါးသည် ရှီယွမ် ပစ်လွှတ်လိုက်သော လျှပ်စီးလှံတံ၏ ထိပ်ဖျားနှင့် ပွတ်တိုက်မိသွားသည့်အခါ လုချင်းအာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပေးလိုက်ရသည်။
ဤသည်မှာ လုချင်းအာအတွက် စာမေးပွဲဖြေဆိုနေစဉ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုတ်ပေးခဲ့ရခြင်းဖြစ်သည်။
" အဆင့်ခုနှစ် အဆင့်မြင့် လျှပ်စီးပဲ့တင်ထပ်သံက စွမ်းလှချည်လား...."
" မင်းရဲ့ အဆင့်ခုနှစ် အဆင့်မြင့် ရေခဲပဲ့တင်ထပ်သံကလည်း စွမ်းပါတယ်....ဒါပေမယ့် ဒီနေ့ မင်း ပြေးလို့မလွတ်မှာမဟုတ်တော့ဘူး....."
လုချင်းအာ စဉ်းစားကြည့်လိုက်သည်။ သူမနှင့် ရှီယွမ်သည် လက်ရည်တူ တိုက်ခိုက်နိုင်သော်လည်း ရှီယွမ်ဘက်တွင် ကူမည့်သူ သုံးဉီးရှိနေသည်။
ထိုမျှလောက်နှင့် လုချင်းအာ အရှုံးပေးမည်ထင်နေပါက လုချင်းအာကို အထင်သေးလွန်းရာကျပေလိမ့်မည်။
" နင့်ဘက်က တိုက်ခိုက်ချင်နေမှတော့ ငါကလဲ အဆုံးထိတိုက်ခိုက်ပေးမယ်...."
လုချင်းအာသည် ထိုသ်ို့ပြောလိုက်ပြီး လက်ဖဝါးပေါ်မှ ပဲ့တင်ထပ်သံစွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ ရေခဲလက်အိတ်များ ပျောက်ကွယ်သွားလေ၏။
လုချင်းအာ လက်ဗလာနှင့် တိုက်ခိုက်ဖို့ပြင်နေသည်ကို ရှီယွမ် မျက်မှောင်ကြုံ့၍ ကြည့်နေလိုက်ပြီး......
" နောက်ဆုံးတော့ ဝှက်ဖဲတွေ ထုတ်သုံးပြီပေါ့......."