ဂုဏ်ပြုညစာစားပွဲ.....
Vol. 38 Ch. 519
သက်ဆိုင်ရာ မျှော်စင်အသီးသီးတွင် ကျောင်းသားအားလုံး မိမိတို့အခန်းဆီသို့ ဦးတည်သွားကြသည်။ ခန်းမအဆင့်ပြိုင်ပွဲသည် ၎င်းတို့ထဲမှ များစွာကို ဖယ်ရှားခဲ့ပြီး ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များဆီသို့ရောက်အောင် တွန်းပို့ခဲ့သည်။
လီလော့သည်လည်း သူ့အခန်းထဲကို ပြန်သွားပြီး ခေါင်းအုံးနှင့် ထိမိသည်နှင့် တချိုးတည်းအိပ်ပျော်သွားလေ၏။
သူပြန်နိုးလာတဲ့အခါ အချိန်တစ်နေ့တာ ကုန်လွန်သွားပြီဖြစ်သည်။
ပြတင်းပေါက်အပြင်ဘက်တွင် ညကောင်းကင်ယံတွင် ကြယ်များမှိတ်တုတ်မှိတ်တုတ်လင်းလက်နေသည်။
ထိုစဉ်တံခါးခေါက်သံက ခပ်တိုးတိုးကိုကြားလိုက်ရသည်။
လီလော့သည် အဝတ်အစားများကို စနစ်တကျ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်ပြီးနောက် တံခါးဖွင့်ပေးလိုက်ရာ တံခါးလာခေါက်သူမှာ ပိုင်မျန်မျန်ဖြစ်နေခဲ့သည်။
သူမသည် ရိုးရှင်းပြီး ဖြူစင်သော အသွင်အပြင်ဖြင့် အရင်တိုင်းနူးညံ့သိမ်မွေ့နေဆဲပင်.....
"ခေါင်းဆောင်.... အခု ကောင်းကောင်း အနားယူပြီးပြီလား....ဒုကျောင်းအုပ်ကြီး စုရှင်းက ခန်းမအဆင့်ပြိုင်ပွဲမှာ ကျွန်မတို့ရဲ့ ရလဒ်ကို အရမ်းသဘောကျတယ်.... ဒါကြောင့် နောက်ဆုံးရလာဒ်က ဘယ်လိုပဲဖြစ်နေပါစေ အားလုံးကို ကျောင်းတွင်းရမှတ် 30,000 ပေးထားပြီးပြီ.... အားလုံးက ပျော်နေကြတာမို့ ဒုတိယထပ်မှာ ညစာစားပွဲကျင်းပနေတယ်.... သူရဲကောင်းဖြစ်တဲ့ ခေါင်းဆောင်လဲ အဲဒီမှာရှိနေရမယ်လေ....."
"ဝိုးးးရက်ရောလှချည်လား..."
ကျောင်းတွင်ရမှတ် 30,000 သည် ကျောင်းသားများစွာအတွက် ကြီးမားသောဘတ်ဂျက်ဖြစ်ပြီး ၎င်းတို့ကို ရေရှည်တည်တံ့စေမည်ဖြစ်သည်။
"ခေါင်းဆောင်နဲ့ စီနီယာကျန်းကို ကျေးဇူးတင်ပါတယ်...."
ပိုင်မျန်မျန်က လီလော့ကို သဘောကျစွာ ပြုံးပြလိုက်သည်။
လီလော့က ပြန်ပြုံးပြလိုက်ပြီး....
"ကောင်းပြီ....မင်းတို့တွေက ငါ့အတွက် လုံခြုံအောင် ကူညီပေးခဲ့ကြတာာလေ... ဒါ လူတစ်ယောက်တည်း အားထုတ်တာ မဟုတ်ဘူး...ကဲပါ သွားကြရအောင်..... ငါလည်း ဗိုက်ဆာနေပြီ....."
တိုက်ပွဲတွေကြောင့် လီလော့ ပင်ပန်းနေဆဲဖြစ်သော်လည်း ဒုကျောင်းအုပ်စုရှင်း ကျင်းပပေးသည့် ညစာစားပွဲက ပြိုင်ပွဲဝင်များအား ဝိညာဉ်ရေးအရ ပြန်လည်ကောင်းမွန်လာစေရန်နှင့် နောက်တစ်ဆင့်တက်ဖို့ ကူညီပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ပို၍ပင်ခက်ခဲသောစိန်ခေါ်မှုတစ်ခုက ၎င်းတို့ကို စောင့်ကြိုနေသည်မဟုတ်လော......
နှစ်ယောက်သား တိတ်တဆိတ် စကားစမြည်ပြောရင်း ဒုတိယထပ်သို့ လျှောက်သွားခဲ့ကြသည်။
ကန့်လန့်ကာကို ဖြတ်ကျော်ကာ ကျောင်းသားများ၏ စကားသံများဖြင့် အသက်ဝင်နေသော ခန်းမကြီးတစ်ခုသို့ ဝင်လာခဲ့ကြသည်။
ကျောင်းသားအားလုံး ဤနေရာတွင် ရှိနေကြပြီး၊ အချင်းချင်း စုရုံးကာ ရယ်မောကာ ရယ်မောကာ စကားစမြည်ပြောဆိုနေကြသည်။
လီလော့ ရောက်ရှိလာသောအခါ စီနီယာကျောင်းသားများပင်လျှင် ဖော်ရွေသောအမူအရာဖြင့် ဝိုင်ခွက်များကို မြှောက်၍ ပြုံးကာ ခေါင်းညိတ်အသိမှတ်ပြုနေကြသည်။
လီလော့၏ဂုဏ်သတင်းသည် ယခင်ကတည်းက လျင်မြန်စွာကြီးထွားလာခဲ့သော်လည်း၊ ကြယ်တစ်ပွင့်ခန်းမတွင်သာ ကန့်သတ်ခံထားရသည်။ ကြယ်သုံးပွင့်နှင့် ကြယ်လေးပွင့်ခန်းမ ကျောင်းသားများအတွက်တော့ လီလော့၏သန်မာမှုကပြောပလောက်စရာမရှိပေ။
အရင်တုန်းကတော့ လီလော့နဲ့ကျန်းချင်းအာ တို့ရဲ့ ဆက်ဆံရေးကို ပိုစိတ်ဝင်စားခဲ့သော်လည်း ယခုချိန်တွင် လီလော့၏သန်မာမှုကို စိတ်ဝင်စားနေကြပြီဖြစ်သည်။
ခန်းမအဆင့် ယှဉ်ပြိုင်မှုအပြီးတွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
လီလော့သည် ယခုအခါ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏ အသန်မာဆုံး ကြယ်တစ်ပွင့်ကျောင်းသားဖြစ်နေပြီဖြစ်သည်။ ဤသည်မှာ ပေါ့ပေါ့တန်တန်ရယူနိုင်သည့် ခေါင်းစဉ်မျိုးမဟုတ်ပေ။ ရှန့်ပိန်းတွေ့ဆုံပွဲ ပြီးဆုံးပြီးနောက်တွင်ပင် လီလော့၏ ဂုဏ်သတင်းသည် ရှပြည်ထောင်စု၏အပြင်ဘက်တွင် ဆက်လက်ကြီးထွားလာမည်ဖြစ်သည်။
လော့လန်အိမ်တော်၏ ကျန်းချင်းအာသည် အမှန်တကယ် အရည်အချင်းရှိသော ကြယ်ပွင့်တစ်ဦးအဖြစ် ကျော်ကြားခဲ့သည်။လော့လန်အိမ်တော်၏အစစ်အမှန်သခင်ငယ်လေးကမူ သူမ၏ ထက်မြက်မှုကြောင့် အှေးမှိန်နေသယောင်ဖြစ်ခဲ့ရသည်။ သူမသည် လီလော့ထက် အားကောင်းနေသေးသော်လည်း ယခုအချိန်တွင် သခင်ငယ်လေးကို မည်သူမျှ လျစ်လျူမရှုဝံ့တော့ပေ။
သူ၏အနာဂတ်က အကန့်အသတ်ရှိမည်မဟုတ်ပေ။
လီလော့ကလည်း အားလုံးကို ဖော်ရွေသော အမူအရာဖြင့် သဘောကျစွာ ခေါင်းညိတ်အသိအမှတ်ပြုလိုက်သည်။
ထို့နောက် ပိုင်မျန်မျန်နှင့်အတူ ကြယ်တစ်ပွင့်ကျောင်းသားများရှိရာဘက်သို့ လိုက်သွားခဲ့သည်။
"ဟော..ငါတို့ရဲ့ဇာတ်လိုက်ကျော်ကြီးရောက်လာပြီ....."
လုချင်းအာက လီလော့ကိုမြင်သည်နှင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
လီလော့ကလည်း သူမကို တစ်ချက်ကြည့်လိုက်သည်။ ယနေ့တွင် မိန်းကလေးများအားလုံး အထူးဂရုစိုက်ပြီး မိတ်ကပ်လိမ်းပးထားကြသည်။ လုချင်းအာသည်လည်း အများနည်းတူ အကောင်းမွန်ဆုံး ၀တ်စားဆင်ယင်ထားသည်။ သူမ၏ ဂန္ထဝင်ရေခဲပိုးလက်အိတ်များသည် သူမ၏ ဖြူစင်သော အသားအရေပေါ်တွင် လွန်စွာပနံရလှပနေလေ၏။
လုချင်းအာ ဝိုင်ခွက်ကို ဖြည်းညှင်းစွာ လှည့်ပတ်ဆော့ကစားနေရင်းကနေ သူ့ကိုပြုံးပြသည်။
သူမသည် အခန်းတွင်းရှိ ယောက်ျားလေးများ၏ အကြည့်များကို ဆွဲဆောင်နေသည်။ သူမသည် အရည်အသွေးပြည့်မီသော အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်ခံအသိုင်းအဝိုင်းအင်အားတောင့်တင်းသူဆိးြုလည်းမမှားနိုင်ပေ။
ဒါပေမယ့် လီလော့ကို သူမကြည့်နေတဲ့ပုံစံကိုမြင်တော့ တခြားကျောင်းသားတွေ ခေါင်းခါလိုက်ကြသည်။
ဒီကောင် ကံကောင်းလွန်းတယ်......ဒီကောင်က စီနီယာကျန်းနဲ့ စေ့စပ်ထားတာတောင် လူမြင်ကွင်းမှာ အခြားမိန်းကလေးတစ်ယောက်နဲ့ အကြည်စိုက်နေသေးတယ်.... စီနီယာကျန်းက သူ့ခြေထောက်ကို ဘာလို့ရိုက်မချိုးသေးတာလဲ......
လီလော့သည် သူ့ကိုမုန်းတီးနေသူများကို လျစ်လျူရှုကာ လုချင်းအာထံမှ သစ်သီးဖျော်ရည်တစ်ခွက်ကို အလွယ်တကူ လက်ခံလိုက်သည်။
"လီလော့၊ ကျောင်းတစ်ခုစီက ရောနှောအဆင့်ပြိုင်ပွဲအတွက် အသင်းနှစ်သင်းပဲ စေလွှတ်နိုင်တယ်လို့ကြားထားတယ်.... ငါတို့အတူတူတိုက်ခိုက်ခွင့်မရနိုင်တော့ဘူး...." ဟု ချင်ဇူလုက ညည်းတွားကာ သူ့ဘေးရှိ ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။
"နှစ်ဖွဲ့တည်းလား...?"
လီလော့ အံ့သြစွာမေးလိုက်သည်။
"ဟုတ်တယ်... ဒုကျောင်းအုပ်စုရှင်းက အချက်အလက်တချို့ ပေါက်ကြားခဲ့တဲ့ဆီကကြားခဲ့တာတဲ့..." ဟု လုချင်းအာမှ အတည်ပြုပေးလိုက်သည်။
လီလော့ ဤအချက်အလက်ကို သုံးသပ်ကြည့်လိုက်သည်။ ရှန့်ပိန်းတွေ့ဆုံပွဲကျင်းပချိန်တိုင်း မတူညီသောပုံစံများကို မြင်တွေ့ခဲ့ရသောကြောင့် ယခုတစ်ကြိမ်တွင် မည်သို့မည်ပုံကြုံတွေ့ရမည်ကို သေချာမသိနိုင်ပေ။ သို့သော် ကျောင်းတစ်ခုစီကို နှစ်ဖွဲ့အထိ ကန့်သတ်ခြင်းသည် အခက်အခဲကို သိသာထင်ရှားစွာ မြှင့်တင်ပေးလိုက်ခြင်းပင်....
သူ ကျန်းချင်းအာနဲ့ အတူရှိနေမည်မှာတော့ သေချာပါသည်။
သူ့ရဲ့ ခွန်အားကြောင့်၊ ကြယ်နှစ်ပွင့်ခန်းမ ကျောင်းသားတွေနဲ့ ယှဉ်ရင် အများစုကို သူ့ဘာသာသူ ထိန်းထားနိုင်ပေလိမ့်မည်။
ဆိုလိုသည်မှာ သူနှင့် ကျန်းချင်းအာတို့သည် ၎င်းတို့နှင့်ပူးပေါင်းရန် နောက်ထပ် ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားတစ်ဦးသာ လိုအပ်သည်။
ရွေးချယ်စရာတွေလည်း အများကြီးမရှိခဲ့ပေ...
ကုန်းရှန်ကျွင်း သို့မဟုတ်မင်းသမီးကိုသာရွေးချယ်ရပေလိမ့်မည်။
ဘယ်သူ့ကို ရွေးသင့်သနည်း......
ဒါကို စဉ်းစားနေတုန်း အနောက်ကနေ ခြေသံတွေအချို့ ကြားလိုက်ရသည်။ ကုန်းရှန်ကျွင်းသည် လက်ထဲတွင် ဝိုင်ခွက်ကိုကိုင်ကာ လမ်းလျှောက်လာသည်ကို မြင်လိုက်ရပြီး သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုဆင်မြန်းထားသည်။
"ဂျူနီယာ လီလော့က ခန်းမအဆင့်ပြိုင်ပွဲမှာ တကယ်ကို အထင်ကြီးစရာကောင်းလောက်အောင်စွမ်းဆောင်နိုင်ခဲ့တာပဲ...."
လီလော့က ယဉ်ကျေးစွာ ပြန်ပြုံးပြလိုက်ပြီး....
"ချင်းအာရဲ့အောင်မြင်မှုနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲဗျာ....."
ကုန်းရှန်ကျွင်းက ရယ်နေပေမယ့်လည်း လီလော့၏စကားကို မငြင်းဆန်ခဲ့ပေ။
"ဂျူနီယာလီလော့.... ရောနှောအဆင့်ပြိုင်ပွဲမှာ ကျုပ်တို့အသင်းနဲ့ပူးပေါင်းနိုင်မလား....မင်းသာပူးပေါင်းမယ်ဆို နောက်အကျော့မှာ အကောင်းဆုံးရလဒ်တွေ ရနိူင်မယ်လို့ ယုံကြည်တယ်..."
လီလော့ ဤကမ်းလှမ်းမှုကြောင့် အံ့အားသင့်သွားသည်။
ကုန်းရှန်ကျွင်းက ပွင့်ပွင့်လင်းလင်းကမ်းလှမ်းဖို့ရောက်လာတာလား......
သန်မာမှုအရပြောရလျှင် ကုန်းရှန်ကျွင်းက ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်နေသည်။... ဒါပေမယ့် သူလုံးဝယုံကြည်မှုမရှိတဲ့ ဒီကောင်လေးနဲ့ တကယ်အလုပ်လုပ်ရမှာလား.....
လီလော့က ဘာမှပြန်မဖြေဘဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားခဲ့သည်။