← Chapters

လိပ်နဂါး ပဲ့တင်ထပ်သံ….

Vol. 65 Ch. 909

လိပ်နဂါး ပဲ့တင်ထပ်သံ….

Vol. 65 Ch. 909

​လီချင်းဖုန်း ပေသုံးသောင်းအမှတ်သို့ မရောက်ရှိနိုင်ဘဲ ကျရှုံးသွားပြီးနောက် ရေတွက်မရနိုင်သော သက်ပြင်းချသံများ ထွက်ပေါ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူအများစုက ဒဏ္ဍာရီသစ်တစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့ချင်နေကြသောကြောင့်ပင်။

ဤမျှအထိ အထွတ်အထိပ်နေရာသို့ ရောက်ရှိနိုင်သူ ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

​ဤမျိုးဆက်၏ အကျော်ကြားဆုံး ပါရမီရှင်အနေဖြင့် လီချင်းဖုန်းတယောက်သာ အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် အခွင့်အရေးအရှိဆုံးသူ ဖြစ်သည်။ အကယ်၍ သူပင် ကျရှုံးခဲ့သည်ဆိုပါက နောက်ထပ်မျိုးဆက်တစ်ခုအထိ မချိတင်ကဲ စောင့်ဆိုင်းကြရတော့မှာ သေချာသည်။

​ထိုသက်ပြင်းချသံများကြားမှာပင် လုချင်းမိန်သည်လည်း သူမ၏ တက်လှမ်းမှုကို စတင်လိုက်တော့သည်။

​ လီချင်းဖုန်း ကျရှုံးသွားခြင်းကြောင့် သူမ တွန့်ဆုတ်သွားခြင်းမရှိပေ။ထိုအစား သူမ၏ မျက်ဝန်းအတွင်း၌ ပြိုင်ဆိုင်လိုစိတ်များ ပိုမို၍ တောက်လောင်လာခဲ့ပြီး ရှေ့သို့ မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းခဲ့လေသည်။

​ထိုအခါ ကိုးကောင်မြောက် မီးနဂါးကြီး ပေါ်ထွက်လာခဲ့ပြီး မယုံနိုင်လောက်အောင် ပြင်းထန်လှသော နဂါးဖိအားက သူမ၏အပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်တော့သည်။

​ပွဲကြည့်ပရိသတ်အားလုံး၏ အကြည့်များအောက်တွင် လုချင်းမိန်က စိန်ခေါ်မှုများပြည့်နှက်နေသော ကျောက်လှေကားထစ်များအတိုင်း အထက်သို့ တက်လှမ်းခဲ့သည်။ သူမသည်လည်း ဤအချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားအားလုံးကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။

​ထိုအခါ ကိုးရောင်ခြည် အလင်းတန်းများ ဖြာထွက်နေသော ရွှေရောင်သမင်ကြီးတစ်ကောင်၏ ပုံရိပ် သူမ၏နောက်၌ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သူမ၏ အဆင့်ကိုးတပိုင်း ကိုးရောင်ခြယ်ရွှေသမင်ပဲ့တင်ထပ်သံပင် ဖြစ်သည်။

​တစ်ချိန်တည်းမှာပင် သူမ၏နောက်မှ ကောင်းကင်ပုလဲမှာလည်း ပြင်းထန်စွာ တုန်ခါနေခဲ့သည်။ ဟင်းလင်းပြင်တွင် မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းက ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို အဆက်မပြတ် စုပ်ယူကာ သူမအတွက် ပဲ့တင်ထပ်သံစွမ်းအားများအဖြစ် ပြောင်းလဲပေးလိုက်သည်။

​လုချင်းမိန်၏ ခြေလှမ်းများက လီချင်းဖုန်းနှင့် ယှဉ်လျှင် အနည်းငယ် ပိုမိုလေးလံနေသည်။ နှစ်ဦးစလုံးမှာ ကောင်းကင်ပုလဲအဆင့်သို့ ရောက်ရှိနေကြသည်မှန်သော်လည်း သူမ၏ အခြေခံအုတ်မြစ်က သူ့လောက် မခိုင်မာသေးကြောင်း ထင်ရှားလှသည်။

​ထို့ကြောင့် လုချင်းမိန်အနေဖြင့် လီချင်းဖုန်း၏ စံချိန်ကို ကျော်ဖြတ်နိုင်မည်မဟုတ်ကြောင်း လူအုပ်ကြီးက သေချာပေါက်လိုက်ကြသည်။

​နောက်ဆုံးရလဒ်ကလည်း သူတို့ ထင်မှတ်ထားခဲ့သည့်အတိုင်းပင် ဖြစ်လာခဲ့ရသည်။

​လုချင်းမိန် ပေနှစ်သောင်းကိုးထောင်ခြောက်ရာရှစ်ဆယ်အမှတ်သို့ ရောက်ရှိသွားချိန်တွင် သူမ၏နောက်မှ ကောင်းကင်ပုလဲထံမှ စူးရှလှသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၎င်းထံမှ စွမ်းအင်လှိုင်းများ အဆက်မပြတ် ထွက်ပေါ်နေသည်။ဤသည်က ၎င်း၏ စွမ်းအားမှာ အမြင့်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ရှေ့ဆက်ရန် မဖြစ်နိုင်တော့ကြောင်း ပြသသည့် အမှတ်အသားပင် ဖြစ်သည်။

​ပြင်းထန်လှသော နဂါးဖိအားကြီးက ဧရာမ တောင်ကြီးတစ်လုံးကဲ့သို့ ဖိချလိုက်သဖြင့် ကောင်းကင်ပုလဲပေါ်သို့ ကြီးမားလှသော ဖိအားများ သက်ရောက်သွားခဲ့ရသည်။

​ဤအချိန်တွင် လုချင်းမိန်၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားခဲ့ရပြီး သူမ၏ စိတ်အာရုံမှာလည်း ဝေဝါးလာခဲ့သည်။ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားမိလိုက်ချိန်တွင် သူမလည်း စိတ်ပျက်စွာ သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။

​တကယ်တော့ သူမ နောက်ထပ် ခြေလှမ်းအနည်းငယ် ထပ်မံလှမ်းနိုင်ပြီး လီချင်းဖုန်းနှင့် ရင်ပေါင်တန်းနိုင်မည့် စွမ်းအား ရှိနေသေးသည်။ထို့‌ကြောင့် သူမအနေဖြင့် နဂါးကိုးကောင် ပေါင်းစပ်ခြင်းကိုပါ စိန်ခေါ်နိုင်မည့် အခွင့်အရေး ရရှိနိုင်ပေသည်။

​နှမြောစရာကောင်းသည်က လီကောင်းကင်ဧကရာဇ်၏ တိုက်ရိုက်မျိုးဆက် မဟုတ်ခြင်းကြောင့် သူမ ကျရှုံးခဲ့ရခြင်းပင် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နဂါးစွမ်းအားမှာ လီချင်းဖုန်းနှင့် အခြားသူများကဲ့သို့ မသန့်စင်သေးပေ။

​ထို့ကြောင့် သူမ ခြေတစ်လှမ်း တိုးတိုင်း အခြားသူများထက် ပိုမိုကြီးမားသော ပေးဆပ်မှုများကို လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။

​တိုက်ရိုက်မျိုးဆက် မဟုတ်ဘဲ ဤမျှဝေးကွာသော နေရာအထိ ရောက်ရှိနိုင်ခြင်းက အမှန်တကယ်ပင် မယုံနိုင်လောက်အောင် ထူးချွန်လှသော အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။

​လုချင်းမိန်က အသာအယာခေါင်းယမ်းလိုက်ပြီး သူမ၏ တက်လှမ်းမှုကို ခေတ္တရပ်တန့်လိုက်ကာ ရှေ့သို့ ဆက်လက်၍ မတက်လှမ်းတော့ပေ။ တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော နဂါးဖိအာများစတင်၍ အားနည်းသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် လွင့်မျောနေသော မီးနဂါး ကိုးကောင်မှာလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

​သေးငယ်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီးနောက် လုချင်းမိန်သည်လည်း ပေနှစ်သောင်းကိုးထောင်အမှတ်သို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

​လီချင်းဖုန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး …. "တကယ့်ကို နှမြောစရာကောင်းတာပဲ…. မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်နဂါးစွမ်းအား အားနည်းမနေဘူးဆိုရင် မင်းရဲ့ အောင်မြင်မှုက ငါ့ထက် လုံးဝ နိမ့်ကျမှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။

​သို့သော်လည်း လုချင်းမိန်ကမူ သူ့စကားကို ဂရုစိုက်ပုံမရဘဲ….

"ဘာမှမဖြစ်ပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်စလုံး ပေသုံးသောင်း အထွတ်အထိပ်နေရာသို့ ရောက်နိုင်မှာ မဟုတ်ဘူးလေ" ဟု ပြန်လည် တုံ့ပြန်လိုက်သည်။

​၎င်းကို ကြားသောအခါ လီချင်းဖုန်းက သက်ပြင်းချရင်း …"ပေသုံးသောင်းအပြည့် တက်လှမ်းနိုင်ဖို့ဆိုတာ တကယ့်ကို စမ်းသပ်မှုအစစ်ပဲ…နဂါးကိုးကောင် ပေါင်းစပ်ခြင်းပညာရပ်က ပထမအဆင့် ကောင်းကင်ပုလဲအဆင့်ရှိသူတစ်ဦး တောင့်ခံနိုင်မည့်အရာ မဟုတ်ဘူး… ငါတို့မျိုးဆက်ကတော့ ဒါကို ရဖို့ ကံမပါဘူး ထင်တယ်" ဟု ဆိုလိုက်သည်။

​"အဲဒါတော့ မသေချာသေးပါဘူး... ပွဲ မပြီးသေးဘူး မဟုတ်လား"

ထိုအခါ ​လီချင်းဖုန်းက နောက်သို့ အမြန်ဆုံး တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက်…

"မင်း လီလော့ကို ပြောနေတာလား… သူက အရင်ကထက်တောင် ပိုပြီး နှေးကွေးသွားပုံရတယ်.. လီကျင်းထောင်တောင် သူ့ကို မှီတော့မယ်လေ" ဟု ဆိုလိုက်သည်။

​အမှန်ပင် လီလော့၏ အရှိန်မှာ သူတို့၏ အနောက် ပေအနည်းငယ်အကွာတွင် သိသိသာသာ နှေးကွေးနေခဲ့သည်။

ဒါက ပြင်းထန်လှသော ဖိအားဒဏ်ကို သူ့ ခန္ဓာကိုယ်က မခံနိုင်တော့ခြင်းကြောင့်များလား….

​သူ့အနောက် ပေအနည်းငယ်အကွာတွင်မူ လူပုံရိပ်တစ်ခုမှာ တည်ငြိမ်လှသောအရှိန်ဖြင့် သူ့ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

​ထိုသူမှာ အခြားသူမဟုတ်ဘဲ လီကျင်းထောင်ပင် ဖြစ်သည်။

​လီကျင်းထောင်၏ ခံနိုင်ရည်မှာ လူတိုင်း၏ ထင်မှတ်ချက်များကို လုံးဝ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

​လီချင်းဖုန်းနှင့် လုချင်းမိန်တို့အပြင် ရေတွက်မရနိုင်သော အံ့ဩတကြီး အကြည့်များ သူ့ထံသို့သာ ကျရောက်နေလေ၏။

ပျင်းရိတတ်သော အစ်ကိုကြီးက ယခုတစ်ကြိမ်တွင် သူတို့အတွက် မည်မျှအထိ အံ့ဩစရာများကို သယ်ဆောင်လာဦးမလဲဆိုသည်ကို သူတို့ သိချင်နေကြသည်။

​ရေတွက်မရနိုင်သော အကြည့်များအောက်တွင် လီကျင်းထောင်က လီလော့ရှိရာ နေရာသို့ တဖြည်းဖြည်း တက်လှမ်းလာနေ၏။

လီလော့မှာ မိမိကိုယ်ကိုယ်သာ လုံးဝအာရုံစိုက်ထားပြီး ပြင်ပကမ္ဘာကို လျစ်လျုရှုပြီး ကျင့်ကြံနေသည်ကို သတိပြုမိလိုက်သည်။

လီလော့က ကျောက်နဂါးကြီးထံမှ နဂါးဖိအားကို အသုံးချကာ စွမ်းအားများကို သန့်စင်နေခြင်းဖြစ်ကြောင်း လီကျင်းထောင် နားလည်လိုက်သည်။ ထို့ကြောင့် ညီငယ်လေးကို မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။

​"ညီလေး... အစ်ကိုကြီး မင်းအတွက် ရှေ့ကအရင်သွားပြီး စမ်းသပ်ပေးပါ့မယ်" ဟု လီကျင်းထောင်က တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် တက်လှမ်းမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

မကြာမီမှာပင် သူသည်လည်း ပေနှစ်သောင်းကိုးထောင်အမှတ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

​"မင်းရဲ့ စစ်မှန်တဲ့ စွမ်းအားတွေကို တကယ့်ကို ကောင်းကောင်း ဝှက်ထားနိုင်တာပဲ တံခွန်ကိုင် လီကျင်းထောင်" ဟု လီချင်းဖုန်းက လီကျင်းထောင် ချဉ်းကပ်လာသည်ကို ကြည့်ရင်း လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

​လီကျင်းထောင်က ခေါင်းယမ်းကာ နှိမ့်ချစွာ ပြုံး၍ …"ငါ ဝှက်ထားတာ မဟုတ်ပါဘူး… ငါက မင်းတို့နဲ့ ဘာရာထူးကိုမှ မလုယူခဲ့ဖူးလို့ ဘယ်သူမှ ငါ့ကို ဂရုမစိုက်ခဲ့ကြတာပါ" ဟု ဖြေလိုက်သည်။

​"ဒါဆိုရင် မင်း ဒီတစ်ကြိမ်မှာ ငါတို့နဲ့ တကယ် ပြိုင်တော့မှာပေါ့… အကယ်၍ မင်းသာ မင်းရဲ့ စစ်မှန်တဲ့ အစွမ်းတွေကို ထုတ်ပြလိုက်ရင် နောင်ကျရင် ဒီလောက်အထိ အေးအေးဆေးဆေး နေနိုင်တော့မှာ မဟုတ်ဘူးနော်.. အခြားလူတွေ မင်းအပေါ်ကို ဖိအားတွေ သေချာပေါက် ပေးကြလိမ့်မယ်"

​

"ငါလည်း သူတို့ ဒီလောက်အထိ နှေးနှေးကွေးကွေး တက်နေကြလိမ့်မယ်လို့ မထင်ထားဘူးလေ… ငါ ဘာမှ သတိမထားမိခင်မှာတင် ဒီနေရာကို ရောက်နေခဲ့တာ…"

ထိုစကားကြောင့် ​လီချင်းဖုန်း၏ နှုတ်ခမ်းထောင့်ပင် အနည်းငယ် တွန့်ချိုးသွားခဲ့သည်။

ဒီကောင်က တကယ့်ကို လူထူးလူဆန်းပဲ….

​"မင်း ဘယ်လောက်ပဲ နက်ရှိုင်းစွာ ဖုံးကွယ်ထားပါစေ... ငါကတော့ နဂါးခေါင်းဆောင်ရာထူးကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူး…အကြေးခွံလုပွဲကျရင် မင်းရဲ့ စစ်မှန်တဲ့ အစွမ်းတွေ ဘယ်လောက်အထိ ရှိမလဲဆိုတာ ငါကိုယ်တိုင် စမ်းသပ်ကြည့်ချင်သေးတယ်" ဟု လီချင်းဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

ဤစကားများအရ သူသည် လီကျင်းထောင်ကို နဂါးခေါင်းဆောင်ရာထူးအတွက် ပြိုင်ဘက်ကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ထင်ရှားလှသည်။

​အရင်ကဆိုလျှင် ဤစာရင်းထဲတွင် လုချင်းမိန်တစ်ဦးတည်းသာ ရှိခဲ့ခြင်း ဖြစ်သည်။

ထိုအခါ ​လီကျင်းထောင်က အလျင်စလိုပင် လက်ဝှေ့ယမ်းကာ …

"အာ... ငါ အဲဒီရာထူးကို မလိုချင်ပါဘူး" ဟု ဆိုလိုက်သည်။

​

"ဒါပေမဲ့ ငါ့ရဲ့ ညီလေးကတော့ ဒါကို ရဖို့ အခွင့်အရေး အများကြီး ရှိတယ်… အကယ်၍ အကြေးခွံလုပွဲကျရင် ငါတို့ ဆုံတွေ့ကြရရင်တော့ ငါ ဒီရာထူးကို မလိုချင်ရင်တောင်မှ နည်းနည်းတော့ ပိုပြီး ကြိုးစားရလိမ့်မယ် ထင်တယ်"

​"လီလော့က မင်းရဲ့ မျှော်လင့်ချက်တွေကို ပြည့်မီအောင် လုပ်နိုင်ပါ့မလားလို့ ငါ စိုးရိမ်မိတယ်"

​ဤအချိန်တွင် လီကျင်းထောင်က ပြုံးရုံသာပြုံးပြလိုက်ပြီး သူနှင့် ထပ်မံ၍ စကားမပြောတော့ပေ။

လီကျင်းထောင်က မိမိရှေ့မှ အစင်းကြောင်းများ ထင်ကျန်နေသော ကျောက်လှေကားများကို မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် သက်ပြင်းချလိုက်မိသည်။

​အကယ်၍ ရွေးချယ်ခွင့်သာ ရှိလျှင် သူသည် နောက်ဆုံး ပေတစ်ထောင်၏ ပြင်းထန်လှသော နာကျင်မှုများကို မည်သို့မျှ ခံယူချင်မည်မဟုတ်ပေ။

​သို့သော်လည်း သူ ဤနေရာသို့ ရောက်ရှိလာခြင်းက လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ သူသာ ဒါကို စမ်းပင်မစမ်းသပ်ဘဲ လက်လျှော့လိုက်ပါက လီဖုန်းယီက သူ့ကို လာမည့် တစ်လခန့်အထိ သေချာပေါက် နှိပ်စက်ညှဉ်းပန်းနေပေလိမ့်မည်။ သူ့အနေနှင့် အရေထူပြီး သူမ၏ ဆဲရေးမှုများကို ခံနိုင်ရည်ရှိသည်မှန်သော်လည်း လီဖုန်းယီ၏ ရက်စက်လှသော မျက်နှာထားဖြင့် တစ်လလုံးလုံး အော်ဟစ်နေသည်ကို မြင်တွေ့ရခြင်းက အလွန်ပင် ဆိုးရွားလှသော အတွေ့အကြုံတစ်ခု ဖြစ်လာပေလိမ့်မည်။

​ထို့ကြောင့် ရေတွက်မရနိုင်သော ထူးဆန်းလှသည့် အကြည့်များအောက်တွင် ရှေ့သို့ ရဲရင့်စွာ ခြေတစ်လှမ်း လှမ်းလိုက်တော့သည်။

​ထိုတစ်ခဏ၌ပင် ကိုးကောင်မြောက် မီးနဂါးကြီး ပေါ်ထွက်လာခဲ့သည်။

​လီကျင်းထောင်လည်း မတတ်သာသည့်အဆုံး လေတစ်ချက် ရှူသွင်းလိုက်သည်။ ပြင်းထန်လှသော ဖိအားများ များစွာ မြင့်တက်လာခဲ့သဖြင့် သူ့ရဲ့ ဝဖိုင့်ဖိုင့် မျက်နှာလေးမှာ အနည်းငယ် ပျက်သွားခဲ့ရသည်။

​ထို့အပြင် ပြင်းထန်လှသော နဂါးဖိအားကြီးက တောင်တစ်လုံးကိုပင် မြေပြန့်ဖြစ်သွားစေနိုင်စွမ်း ရှိသည်။ ၎င်းက သူ့ခန္ဓာကိုယ်ပေါ်သို့ မည်မျှအထိ ပြင်းထန်လှသော ဖိအားများ သက်ရောက်စေမလဲဆိုတာ တွေးကြည့်ရုံနှင့် သိနိုင်သည်။

ထိုစဉ် ရွှေရောင်စွမ်းအားများ လီကျင်းထောင်၏ ခန္ဓာကိုယ်အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှ စီးထွက်လာခဲ့ပြီး သူ့အနောက်၌ ဧရာမ သားရဲကြီးတစ်ကောင်၏ ပုံရိပ် ဝေဝေဝါးဝါး ပေါ်ထွက်လာခဲ့သည်။

​ထိုဧရာမ သားရဲကြီးမှာ ဧရာမ လိပ်ကြီးတစ်ကောင်နှင့် တူလှသော်လည်း ၎င်းတွင် နဂါး၏ ဦးခေါင်းနှင့် လက်သည်းများ ရှိနေသည်။ ထူထပ်လှသော အနက်ရောင် လိပ်ခွံကြီးနှင့်အတူ ၎င်းက လူတိုင်းကို မယုံနိုင်လောက်အောင် ခိုင်မာတောင့်တင်းပြီး ဖျက်ဆီး၍မရနိုင်သော ခံစားချက်ကို ပေးစွမ်းလျက် ရှိသည်။

​ဤသည်က လီကျင်းထောင်၏ ပဲ့တင်ထပ်သံဖြစ်သော အဆင့်ရှစ် အဆင့်မြင့် လိပ်နဂါးပဲ့တင်ထပ်သံပင် ဖြစ်သည်။ဤအဆင့်မြင့် ပဲ့တင်ထပ်သံမှာ အသိဉာဏ်အချို့ ပါဝင်နေသည့်အသွင် ရှိနေပြီး ၎င်းက အဆင့်ကိုးတပိုင်းအဆင့်သို့ တက်လှမ်းရန် အလွန်ပင် နီးကပ်နေကြောင်း လူတိုင်း ခံစားမိလိုက်ကြသည်။

​ပွဲကြည့်ပရိသတ်အားလုံးက လီကျင်းထောင်၏ အနောက်၌ တောက်ပလှသော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်ကိုပါ သတိပြုမိလိုက်ကြသည်။ ထိုပြင်းထန်လှသော စွမ်းအားများ ကောင်းကင်ယံ၌ စုစည်းသွားချိန်တွင် တောက်ပလှသော အလင်းတန်းများ နေရာအနှံ့ ဖြာထွက်သွားခဲ့သည်။

​ဤသည်က ပွဲကြည့်ပရိသတ်အားလုံးအတွက် ရင်းနှီးပြီးသား မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

​၎င်းမှာ ကောင်းကင်ပုလဲတစ်လုံးပင် ဖြစ်သည်။

​သို့သော်လည်း လီကျင်းထောင်၏ ကောင်းကင်ပုလဲမှာ အနည်းငယ် ဝေဝါးနေပြီး လုံးဝဥဿုံ ခိုင်မာတောင့်တင်းခြင်း မရှိသေးပေ။

​အတုယောင်ပုလဲ အဆင့်

​လီကျင်းထောင်သည် ကောင်းကင်ပုလဲအဆင့်သို့ ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ခြင်း ဖြစ်သည်။ သူသည် လီချင်းဖုန်းနှင့် လုချင်းမိန်တို့ပြီးလျှင် ဤမျိုးဆက်တွင် ဤအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည့် တတိယမြောက်လူ ဖြစ်လာခဲ့ပြီဖြစ်သည်။

​"အို"

​ဤမြင်ကွင်းကြောင့် လူအုပ်ကြီးကြား၌ ကြီးမားလှသော ဆူညံသံကြီး ထွက်ပေါ်လာခဲ့သည်။ သူ့အနောက်တွင် ရှိနေကြသော တျန့်ဖုန်းရှန်နှင့် လီဟုန်လီတို့၏ မျက်နှာထားများ လုံးဝ ဥဿုံ ပျက်သွားခဲ့ကြသည်။ ယခုအခါ လီကျင်းထောင် အဘယ့်ကြောင့် သူတို့ကို ဒီလောက်အလွယ်တကူ ကျော်တက်သွားနိုသင်လဲဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြချေပြီ။

​သူသည် ကောင်းကင်ပုလဲအဆင့်သို့ ခြေလှမ်းဝက်ခန့် တက်လှမ်းထားပြီးသား ဖြစ်နေသည် မဟုတ်ပါလား။

​လီဖုန်းယီမှာ မှင်တက်သွားခဲ့ရပြီး အံတင်းတင်းကြိတ်ကာ…

"နင်က တကယ့်ကို လိပ်အိုကြီးပဲ... လူတွေက အနောက်ကနေ အတင်းတွန်းမှပဲ လှုပ်ရှားတော့တယ်" ဟု ဆဲရေးလိုက်မိသည်။

​လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှုများနှင့် အံ့ဩမှုများကြားမှာပင် လီကျင်းထောင်က လက်ဝါးနှစ်ဖက်လုံးဖြင့် လက်ကွက်များကို စတင်ဖော်လိုက်သည်။ထိုအခါ သူ့ အရေပြားပေါ်တွင် အရေးအကြောင်းများ လျင်မြန်စွာ ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့က ကြေးနီရောင်အလင်းတန်းများ ဖြာထွက်နေသော လိပ်ခွံကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

​ထိုမျှပင် မကသေးပေ။ ထိုကြေးနီရောင်အလင်းတန်းများပြီးနောက် သူ့အရေပြားမျက်နှာပြင်ပေါ်တွင် အလင်းလွှာများ တစ်လွှာပြီးတစ်လွှာ ထပ်မံ၍ ဖုံးလွှမ်းလာခဲ့ပြန်သည်။

​စတုတ္ထမြောက် ကြေးနီရောင် အလင်းလွှာ ဖုံးလွှမ်းသွားချိန်တွင် လီကျင်းထောင် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ ထို့နောက် တက်လှမ်းမှုကို ခြေတစ်လှမ်းချင်းစီ တည်ငြိမ်စွာ မှန်မှန် ရှေ့ဆက်ခဲ့ပြန်သည်။

သူသည် ​ယခင်အတိုင်း နှေးကွေးသော်လည်း ခိုင်မာစွာဖြင့် ရှေ့သို့ ဆက်လက်တက်လှမ်းခဲ့သည်။

​နောက်ဆုံးတွင် ပေနှစ်သောင်းကိုးထောင်ခြောက်ရာကိုးဆယ်အမှတ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီး လုချင်းမိန်၏ စံချိန်ထက် ပေဆယ်ဂဏန်းခန့် ပိုမိုသာလွန်သွားခဲ့သည်။

​နောက်ထပ် ခြေလှမ်းကတော့ ပေနှစ်သောင်းကိုးထောင်ခုနစ်ရာအမှတ် ဖြစ်ပြီး ၎င်းမှာ လီချင်းဖုန်း ရှေးယခင်က ရပ်တန့်သွားခဲ့သည့် နေရာလည်း ဖြစ်သည်။ ထိုနေရာတွင် အခက်ခဲဆုံးသော စိန်ခေါ်မှုဖြစ်သည့် နဂါးကိုးကောင် ပေါင်းစပ်ခြင်းပညာရပ် ပေါ်ထွက်လာမည် ဖြစ်သည်။

​ဤအချိန်တွင် လီချင်းဖုန်းက လီကျင်းထောင်၏ ပုံရိပ်ကို သေချာစွာ စိုက်ကြည့်နေသည်။

​လီကျင်းထောင်က ခေတ္တမျှ တွန့်ဆုတ်နေခဲ့ပြီးနောက် နောက်ထပ် ခြေလှမ်းကို လှမ်းလိုက်ရာ ပေနှစ်သောင်းကိုးထောင်ခုနစ်ရာအမှတ်ပေါ်သို့ ခြေချလိုက်မိတော့သည်။

​လီကျင်းထောင် ထိုစည်းချက်ကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် မီးနဂါး ကိုးကောင် အချင်းချင်း ပေါင်းစပ်သွားကြပြီး သက်ဝင်လှုပ်ရှားနေသော ဧရာမ မီးနဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ကာ ၎င်း၏ မီးလျှံမျက်ဝန်းကြီးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

​အစောပိုင်းက လီချင်းဖုန်းပင် ထိုနက်မှောင်သော ရွှေရောင်မီးလျှံကို မခံနိုင်ကြောင်း ယူဆသဖြင့် ဤနေရာတွင်ပင် အရှုံးပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

​အလားတူပင် လီကျင်းထောင်သည်လည်း ထိုပြင်းထန်လှသော ခြိမ်းခြောက်မှုကို ခံစားမိလိုက်သဖြင့် စိတ်ထဲတွင်လည်း အနောက်သို့ ဆုတ်ခွာရန် တွေးတောနေမိသည်။

သူ့အနေဖြင့် လုချင်းမိန်ကို ကျော်ဖြတ်ကာ လီချင်းဖုန်းနှင့် ရင်ပေါင်တန်းနိုင်ခဲ့သည်မှာ သူတို့ထက် သန်မာနေ၍ မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားသည်။ ဤအထူးစမ်းသပ်မှုတွင် သူ့ရဲ့ စွမ်းရည်က အားသာချက် ရှိနေခြင်းကြောင့်သာ ဖြစ်သည်။

​သူ့ရဲ့ အထူးပြုစွမ်းရည်မှာ ခုခံမှုပိုင်းတွင်သာ အားကောင်းသည်။ နဂါးပျံတက်ခြင်းပွဲက လူတစ်ဦး၏ တိုက်စစ်စွမ်းအားကို မည်သို့မျှ စမ်းသပ်ခြင်းမရှိသဖြင့် လူတစ်ဦးအနေဖြင့် ဖိအားများကို အသံတိတ် အောင့်ခံပြီး အထက်သို့ တက်လှမ်းနိုင်လျှင် အဆင်ပြေသည်။ ဒါကြောင့်ပင် သူ့ရဲ့ စွမ်းဆောင်ရည်က လူတိုင်း၏ ထင်မှတ်ချက်များကို လုံးဝ ကျော်လွန်နေခဲ့ခြင်း ဖြစ်သည်။

​အကယ်၍ စစ်မှန်သော တိုက်ပွဲသာ ဖြစ်ပွားခဲ့လျှင် သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မိမိ၏ အရေပြားကို ထူအောင်လုပ်ပြီး ခုခံမှုကိုသာ အာရုံစိုက်ကာ သရေကျအောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

​လီကျင်းထောင် ခေတ္တမျှ တွန့်ဆုတ်နေခဲ့ပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

​"ညီလေးက နဂါးခေါင်းဆောင်ရာထူးကို ရဖို့ သေချာပေါက် ရည်ရွယ်ထားတာပဲ… ဒါဆိုရင် အစ်ကိုကြီးတယောက် အနေနဲ့ ဒီနဂါးကိုးကောင် ပေါင်းစပ်ခြင်းပညာရပ်ရဲ့ ပြင်းထန်မှုကို အရင်ဆုံး စမ်းသပ်ပေးရမှာပေါ့… ငါ့ရဲ့ အရေထူတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် လောင်ကျွမ်းမှုဒဏ်က အဲ့လောက်အထိ ဆိုးရွားမှာ မဟုတ်လောက်ဘူး… သူ ရောက်လာတဲ့အခါ ငါ ဒီအချက်အလက်တွေကို သူ့ကို ပြန်ပြီး မျှဝေပေးလို့ ရတာပေါ့"

​ဤအတွေးများဖြင့် သူ့ရှေ့မှ ဧရာမ မီးနဂါးကြီးကို တိုက်ရိုက် ရင်ဆိုင်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း ထပ်မံလှမ်းလိုက်တော့သည်။ထိုအခါ လူတိုင်း မယုံနိုင်လောက်အောင် ဖြစ်သွားကြရပြီး လေအေး

တစ်ချက် ရှူသွင်းလိုက်မိကြသည်။

​ဝုန်း

​ဧရာမ နဂါးကြီးက ဟိန်းဟောက်လိုက်ပြီးနောက် နက်မှောင်သော ရွှေရောင်မီးလျှံအမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ လီကျင်းထောင်ထံသို့ တိုက်ရိုက် တိုးဝင်သွားခဲ့လေတော့သည်။

All Chapters