သတင်းအချက်အလက်
Vol. 62 Ch. 857
အနောက်ဘက်မြို့တော်၊ လီမျိုးနွယ်စု၏ ဘိုးဘွားပိုင်အိမ်တော်…
လီလော့နှင့် အခြားသုံးဦးမှာ ဧည့်ခန်းမဆောင်အတွင်း ဧည့်သည်တော်များအဖြစ် ထိုင်နေကြသည်။ လီဖုန်းသည် အိမ်ရှင်အဖြစ် ကြိုဆိုနေပြီး သူသည် လီကောင်းကင်ဧကရာဇ်မျိုးနွယ်စု၏ ဘေးထွက်မျိုးနွယ်စုခွဲတစ်ခု၏ ခေါင်းဆောင် ဖြစ်ရုံသာမက အနောက်ဘက်မြို့တော်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာသူလည်း ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း သူတို့မျိုးနွယ်စုမှ လီရုန်ယွင့်လို ပါရမီရှင်တစ်ဦး ပေါ်ထွက်လာပြီး ‘အစိမ်းရောင်နယ်သာ’ ခန်းမ၏ တတိယမြောက် ခန်းမသခင် ဖြစ်လာခြင်းက လီမျိုးနွယ်စု၏ ဂုဏ်သတင်းကို ပိုမိုတောက်ပြောင်စေခဲ့သည်။
ထို့ကြောင့် လီဖုန်းက လီလော့အပေါ် အလွန်အမင်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေခြင်း ဖြစ်သည်။ သူသည် မျိုးနွယ်စုအတွင်းမှ ထူးချွန်သော လူငယ်များကိုလည်း လီလော့တို့နှင့် မိတ်ဆက်ပေးခဲ့သည်။ ဤတံခွန်ခေါင်းဆောင် လေးဦးစလုံးမှာ နောင်တစ်ချိန်တွင် မြို့စားအဆင့်သို့ တက်လှမ်းနိုင်ပြီး လီမျိုးနွယ်စု၏ အမာခံဒေါက်တိုင်များ ဖြစ်လာမည့်သူများ ဖြစ်ကြသည်။
လီလော့က ရောက်ရှိလာသော လူငယ်များကို တစ်ချက်ကြည့်လိုက်သော်လည်း သူရှာနေသော လီလင်ကျင့်မှာ ထိုအုပ်စုထဲတွင် မပါဝင်ကြောင်း ခံစားမိလိုက်သည်။ သို့သော် သူက ထပ်မံမမေးတော့ဘဲ လီဖုန်းဘက်သို့ လှည့်၍…..
"မျိုးနွယ်စုခေါင်းဆောင် လီဖုန်း... ကျွန်တော်တို့ အနောက်ဘက်မြို့တော်ကို လာတာက အမှောင်နယ်မြေထဲမှာ မစ်ရှင်တစ်ခု လုပ်ဖို့ပါ။ အဲဒီနေရာက အန္တရာယ်များမှန်း သိထားတော့ ခင်ဗျားဆီက သတင်းအချက်အလက်လေးတွေ သိချင်လို့ပါ" ဟု ဆိုလိုက်သည်။
လီဖုန်းက… "တံခွန်ခေါင်းဆောင် လီလော့... မင်းတို့ရဲ့ မစ်ရှင်က သန္ဓေသားသစ်သီးရဖို့ မဟုတ်လား" ဟု မေးလိုက်တော့ လီလော့က ခေါင်းညိတ်ပြလိုက်သည်။
"သန္ဓေသားသစ်သီးက အနောက်ဘက်ဒေသ အမှောင်နယ်မြေရဲ့ အဖိုးတန်ဆုံး ရတနာပဲ။ အဲဒါက အမှောင်နယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ ရှိတတ်ပြီး အသီးတစ်လုံး ပေါ်လာတိုင်း တိုက်ပွဲတွေ ဖြစ်လေ့ရှိတယ်။ ဒီရတနာကြောင့်ပဲ လီမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုကြားမှာ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ။ မင်းတို့ အခုရောက်လာတာက နည်းနည်းစောနေသေးတော့ အတွင်းပိုင်းက အသီးတွေ မမှည့်သေးဘူး။ ဒါပေမဲ့ အပြင်ဘက်ဒေသက အသီးတွေကိုတော့ ရနိုင်လိမ့်မယ်။ အဲဒါဆိုရင်တော့ သိပ်ပြီး ဆူဆူပူပူ ဖြစ်မှာမဟုတ်ပါဘူး" ဟု လီဖုန်းက အတွေ့အကြုံအရ ရှင်းပြသည်။
ထို့နောက် တျန့်ဖုန်းရှန်က…
"မြို့တော်ဝန်ကြီး... အမှောင်နယ်မြေထဲက ကမ္ဘာခြားသက်ရှိတွေရဲ့ အခြေအနေကိုလည်း သိချင်ပါတယ်" ဟု မေးလိုက်သည်။
"အနောက်ဘက် အမှောင်နယ်မြေက အတိုင်းအတာ သိပ်မကြီးတော့ စစ်မှန်တဲ့ နတ်ဆိုး တွေ သိပ်မများပါဘူး" ဟု လီဖုန်းက ဖြေသည်။
လီလော့ သိထားသလောက် ‘စစ်မှန်သော နတ်ဆိုး’ ဆိုသည်မှာ ‘ကပ်ဘေးအဆင့်’ ကမ္ဘာခြားသက်ရှိများကို ခေါ်ဆိုခြင်း ဖြစ်သည်။ ၎င်းတို့မှာ မြို့စားအဆင့်ရှိသူများနှင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။
လီဖုန်းက သူတို့ကို မြေပုံတစ်ခုစီ ပေးအပ်လိုက်ပြီး အန္တရာယ်ရှိသော နေရာများကို ဦးခေါင်းခွံပုံစံများဖြင့် မှတ်သားပေးထားသည်။
"နောက်ပြီးတော့ ဒီအမှောင်နယ်မြေကို ဒုတိယအဆင့် မြို့စားအောက်ကလူတွေပဲ ဝင်လို့ရတယ်။ အဲဒီထက် သန်မာတဲ့သူဆိုရင် တားမြစ်ခံရလိမ့်မယ်" ဟု လီဖုန်းက ပြောပြသည်။
ဤတားမြစ်ချက်မှာ လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့က ပြင်ပမှ ကျွမ်းကျင်သူများ ဝင်ရောက်မနှောင့်ယှက်နိုင်ရန် ပူးပေါင်းလုပ်ဆောင်ထားခြင်း ဖြစ်သည်။
ဤအချက်မှာ သူတို့အတွက် အားသာချက် ဖြစ်သည်။ သူတို့ လေးဦးစလုံးမှာ တံခွန်တစ်ခုစီကို ဦးဆောင်ထားပြီး သဟဇာတဖြစ်ခြင်း အတတ်ကို အသုံးပြုလိုက်လျှင် ပထမအဆင့် မြို့စားလေးဦးနှင့် တူညီသော စွမ်းအားကို ရရှိမည် ဖြစ်သည်။
"ပုံမှန်ဆိုရင်တော့ တစ်ကိုယ်တော်ကျင့်ကြံသူတွေက လီမျိုးနွယ်စုကို မဆန့်ကျင်ရဲကြဘူး။ ဒါပေမဲ့ ကျောက်ကောင်းကင်ဧကရာဇ်မျိုးနွယ်စုကတော့... ကျုပ်တို့နဲ့ အမြဲတမ်း အဆင်မပြေခဲ့ဘူး။ အမှောင်နယ်မြေထဲမှာ ရင်းမြစ်တွေအတွက် တိုက်ခိုက်ရင်း နှစ်ဖက်စလုံးက ကျွမ်းကျင်သူတွေ အများကြီး ဆုံးရှုံးခဲ့ဖူးတယ်" ဟု လီဖုန်းက သက်ပြင်းချရင်း ဆိုသည်။
"ဘာကို ဆိုလိုတာလဲ မြို့တော်ဝန်ကြီး" ဟု လီလော့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သတင်းတွေအရတော့... မင်း အနောက်ဘက် အမှောင်နယ်မြေကို လာမယ်ဆိုတာ ကြားပြီးတာနဲ့ ကျောက်မျိုးနွယ်စုက ကျောက်ကျင့်ယွီ ချက်ချင်း ထွက်လာခဲ့တယ်လို့ သိရတယ်"
"ကျောက်ကျင့်ယွီ? အဲဒါ ဘယ်သူလဲ"
"ကျောက်မျိုးနွယ်စုမှာ တပ်မ ၂၀ ရှိတယ်၊ ကျွန်တော်တို့ရဲ့ တံခွန် ၂၀ နဲ့ အဆင့်အတန်းတူပဲ။ ကျောက်ကျင့်ယွီက ကျားတပ်မရဲ့ ခေါင်းဆောင်ဖြစ်ပြီး လူငယ်မျိုးဆက်မှာ အဆင့် ၂ ရှိတဲ့သူပဲ" ဟု လီဖုန်းယီက ရှင်းပြပေးသည်။
"ကျောက်ကျင့်ယွီက အရမ်းရက်စက်ပြီး မောက်မာတဲ့သူ။ သူက ဘာလို့ လီလော့ကို ပစ်မှတ်ထားရတာလဲ"
လီဖုန်းယိကမေးတော့ လီဖုန်းက အားမလိုအားမရ ပြုံးလိုက်ပြီး…..
"လူငယ်တွေဆိုတာ တိုက်ခိုက်ရတာ ဝါသနာပါကြတာပဲ။ အထူးသဖြင့် သူတို့နှစ်သက်တဲ့ အမျိုးသမီးအပေါ် အထင်ကြီးခံရဖို့ဆိုရင် ဘာမဆို လုပ်တတ်ကြတယ်"
"သူနှစ်သက်တဲ့ အမျိုးသမီး?"
လီလော့က နားမလည်နိုင် ဖြစ်နေပြီ။
လီဖုန်းယီက တစ်ခုခုကို သတိရသွားဟန်ဖြင့်… "ချင်ယိ လား" ဟု မေးလိုက်သည်။
လီဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး….
"ကျောက်ကျင့်ယွီက ချင်ယိကို အရမ်းစွဲလမ်းတာ။ မင်း နဂါးသွေးကလန်မှာ လုပ်ခဲ့တဲ့ကိစ္စတွေကို ကြားပြီးတော ပစ်မှတ်ထားလာတာပဲ။ သူက လီလော့ရဲ့ လက်တစ်ဖက်ကို ဖြတ်ပြီး ချင်ယိကို လက်ဆောင်ပေးမယ်လို့တောင် ကြေညာထားတယ်"
လီလော့မှာ ဆွံ့အသွားရသည်။ ချင်ယိ ဆိုသည့် အမျိုးသမီးမှာ အမှန်တကယ်ပင် ပြဿနာရှာသူ ဖြစ်သည်။ သူမဘက်သာ ပြဿနာစခဲ့ပြီး အခုတော့ သူက လူတိုင်း၏ ဘုံရန်သူ ဖြစ်လာရသည်။ ချောမောလှပသော အမျိုးသမီးများမှာ ဘေးဒုက္ခကို ယူဆောင်လာတတ်သည်ဆိုသော စကားမှာ မမှားပေ။
သို့သော် ကျောက်ကျင့်ယွီဆိုသူမှာ အမှန်တကယ်ပင် ရူးသွပ်သူ ဖြစ်ရမည်။ သူက လီလော့၏ လက်ကို ဖြတ်မည်ဟုပင် ဆိုထားသေးသည်။
လီလော့က ထိုလူကို စိတ်ထဲမှ အောက်ပါအတိုင်း မှတ်ချက်ချလိုက်သည်
"ဒီကောင်ကတော့ တကယ့်ကို ခေါင်းမာတဲ့ လူအပဲ"