ကျောက်ကျင့်ယွီ
Vol. 62 Ch. 860
လီဖုန်းယီ၏ အေးစက်သော အသံ ထွက်ပေါ်လာချိန်တွင် လီလော့သည်လည်း ထိုလူအုပ်စု၏ ခေါင်းဆောင်ကို သေချာကြည့်လိုက်မိသည်။ သူသည် အရပ်ရှည်ရှည်၊ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးဖြစ်ပြီး မျက်နှာတစ်ခြမ်းတွင် အနီရောင် ကျားအစင်းကြောင်း တက်တူးများ ထိုးနှံထားသည်။ သူ ပြုံးလိုက်ချိန်တွင် ပေါ်လာသော ဖြူဖွေးသည့် သွားများမှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ပုံစံမျိုး ပေါက်နေသည်။
ဤသူကား ကျောက်ကောင်းကင်ဧကရာဇ်မျိုးနွယ်စု၊ ကျားတပ်မ၏ ခေါင်းဆောင် ကျောက်ကျင့်ယွီပင် ဖြစ်သည်။
သူတို့နှစ်ဦး ဤနေရာတွင် ဆုံတွေ့ကြလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ လီဖုန်းယီ၏ စကားကို ကြားသောအခါ ကျောက်ကျင့်ယွီက သူမကို စိုက်ကြည့်ရင်း ယုတ်မာသော အပြုံးဖြင့်….
"ဘာဖြစ်လို့လဲ... လီဖုန်းယီ၊ နင်ပဲ လေလံဆွဲလို့ ရတာလား။ ငါကရော ဆွဲလို့မရဘူးလား။ လီမျိုးနွယ်စုက သူတို့လူတွေကို ပိုက်ဆံမပေးတော့ဘူးလား" ဟု ဆိုသည်။
ထို့နောက် ဘေးမှ လျန်ရှုံကို လှည့်ကြည့်ကာ….
"ခန်းမသခင် လျန်ရှုံ... ကျွန်တော် ဒီမှာ လေလံဆွဲလို့ မရဘူးလို့ ခင်ဗျား ပြောချင်တာလား"ဟု မေးလိုက်တော့ လျန်ရှုံမှာ အခက်တွေ့သွားပြီး ကျောက်ကျင့်ယွီကို မပြစ်မှားရဲသဖြင့် မည်သူမဆို လေလံဆွဲနိုင်ကြောင်း အားနာစွာ ဖြေကြားလိုက်ရသည်။
ထိုအခါ ကျောက်ကျင့်ယွီက ရယ်မောလိုက်ပြီးနောက် တစ်ချိန်လုံး စကားမပြောဘဲ ရပ်နေသည့် လီလော့ဘက်သို့ လှည့်ကာ…
"ကြားရတာတော့... ပြင်ပကမ္ဘာကနေ လီမျိုးနွယ်စုဆီ အခုမှ ပြန်ရောက်လာတဲ့ တောသားတစ်ယောက် ရှိတယ်ဆိုပဲ။ အဲဒါ မင်းလား" ဟု မောက်မာစွာ မေးလိုက်သည်။
"ကျောက်မျိုးနွယ်စုက ခေါင်းမာတဲ့ လူအတစ်ယောက်က ငါ့လက်ကို လိုချင်နေတယ်လို့ ကြားတယ်။ အဲဒါ မင်းလား" ဟု လီလော့က အေးအေးဆေးဆေးပင် ပြန်လည် တုံ့ပြန်လိုက်သည်။
ထိုအခါ ကျောက်ကျင့်ယွီ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး "တောသား... မင်း သေချင်နေတာလား" ဟု ဟိန်းဟောက်လိုက်သည်။
ဒုန်း!
သူ့စကား မဆုံးခင်မှာပင် လီဖုန်းယီ၏ ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရောင်စုံလှံတစ်စင်းက ကျောက်ကျင့်ယွီထံသို့ လျှပ်စီးကဲ့သို့ ပျံသန်းသွားတော့သည်။ သို့သော် ကျောက်ကျင့်ယွီက မလှုပ်မယှက်ဘဲ လက်သီးတစ်ချက် ဝှေ့ယမ်းကာ ကျားဟိန်းသံနှင့်အတူ ပြန်လည်ခုခံလိုက်သည်။ စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသော်လည်း ဘေးမှ မြို့စားများက ထိန်းချုပ်ပေးလိုက်သဖြင့် ပျက်စီးမှု သိပ်မရှိခဲ့ပေ။
ဤတိုက်ခိုက်မှုတွင် ကျောက်ကျင့်ယွီက အသာစီးရခဲ့ပြီး လီဖုန်းယီမှာမူ အနောက်သို့ နည်းနည်း ဆုတ်လိုက်ရသည်။ နေရာတစ်ခုလုံး တင်းမာမှုများ မြင့်တက်လာချိန်တွင် လျန်ရှုံက ကြားဝင်ဖျန်ဖြေပေးခဲ့ရသည်။
လီဖုန်းယီက…"တစ်ချောင်းကို ငါးသန်း ပေးမယ်" ဟု လေလံထပ်ခေါ်တော့ ကျောက်ကျင့်ယွီကလည်း ချက်ချင်းပင် "ခြောက်သန်း" ဟု ပြုံးလျက်စျေး တိုးပေးလိုက်သည်။
လီဖုန်းယီ နောက်ထပ်ခေါ်ရန် ပြင်စဉ် လီလော့က သူမကို တားလိုက်ပြီး….
"ဒုတိယအစ်မ... စိတ်လှုပ်ရှားမနေပါနဲ့။ ဒါက လူအတွေ ပေးတဲ့ ဈေးနှုန်းပဲ။ ငါတို့က ချမ်းသာပေမဲ့ ဒီလို အဖြုန်းသမားနဲ့ ပြိုင်ပြီး ပိုက်ဆံဖြုန်းဖို့ မလိုပါဘူး။ တစ်ချောင်း ခြောက်သန်းဆိုရင် ငါးချောင်းကို သန်းသုံးဆယ်။ အဲဒီထဲက နဂါးစွယ်အဆီအနှစ် တစ်စက်ထွက်ရင်တောင် အရင်းပဲ ရှိဦးမယ်။ မတန်တော့ဘူး" ဟု သရော်လိုက်သည်။
ထိုအခါမှသာ လီဖုန်းယီက လီလော့၏ စကားကြောင့် စိတ်အေးသွားပြီး…
"လူအ... နင် အရမ်းလိုချင်ရင်လည်း ယူလိုက်တော့" ဟု ကျောက်ကျင့်ယွီကို ပြောလိုက်သည်။
ကျောက်ကျင့်ယွီက ဒေါသထွက်သွားသော်လည်း သူဝယ်လိုက်သည့် နဂါးစွယ်ငါးချောင်းကို လီလော့က "ငါ့အတွက် အလကားရတော့မှာပေါ့" ဟု ဆိုကာ ပြန်လည်ရန်စလိုက်သည်။ လီလော့ ဆိုလိုသည်မှာ ကျောက်ကျင့်ယွီ သေဆုံးသွားလျှင် ထိုနဂါးစွယ်များကို သူက အလကားရယူမည် ဖြစ်သည်။
"မင်း တကယ်လိုချင်ရင် ရပါတယ်။ အခုချက်ချင်း ချင်ယိကို ဦးညွှတ်ပြီး တောင်းပန်လိုက်... ငါ မင်းကို အလကားပေးမယ်" ဟု ကျောက်ကျင့်ယွီက ကဲ့ရဲ့သည်။
လီလော့က ခေါင်းယမ်းလိုက်ပြီး…. "မလိုပါဘူး... ခဏလောက်တော့ မင်းဆီမှာပဲ သိမ်းထားလိုက်ပါဦး" ဟု ပြန်ပက်လိုက်သည်။
ကျောက်ကျင့်ယွီက ဒေါသတကြီးဖြင့် စိုက်ကြည့်နေသော်လည်း ထပ်မံမပြောတော့ဘဲ နဂါးစွယ်များကို ယူကာ သူ့လူများနှင့်အတူ ထွက်ခွာသွားတော့သည်။
"ကျောက်ကျင့်ယွီက လက်စားချေတတ်တဲ့လူစားမျိုး… အမှောင်နယ်မြေထဲမှာ မင်းနဲ့ သူ အသေ တိုက်ခိုက်ရဖို့ ရှိတယ်" ဟု တျန့်ဖုန်းရှန်က သတိပေးသည်။
ထိုအခါ လီလော့က ဘေးမှ လီကျင်းထောင်၏ ကျောကို ပုတ်ကာ….
"စိတ်မပူပါနဲ့... ငါတို့မှာ ‘မရှုံးနိမ့်နိုင်တဲ့ အရှင်သခင်’ ရှိတာပဲ။ ကျောက်ကျင့်ယွီ ဘယ်လောက်ရူးရူး ငါတို့ မရှုံးပါဘူး" ဟုဆိုကာ ရယ်မောလိုက်သည်။
လီဖုန်း၏ ရှင်းပြချက်အရ မြို့စားအဆင့်ရှိသူများမှာ မျိုးဆက်မတူသူများကို ဝင်ရောက်တိုက်ခိုက်လေ့မရှိသော စည်းမျဉ်းများ ရှိသဖြင့် လီလော့တို့မှာ ကျောက်မျိုးနွယ်စုမှ တပ်မခေါင်းဆောင် လေးဦးကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။
လီလော့တို့တွေ အမှောင်တိမ်တိုက် စည်းဝေးပွဲမှ ထွက်ခွာကာ ရှေ့သို့ ဆက်လက်ဦးတည်ခဲ့သည်။ ဆယ်မိနစ်ခန့်အကြာတွင် ရှေ့ဘက်တွင် ထူးဆန်းသော ကျောက်တိုင်ကြီးများနှင့် ကောင်းကင်တွင် ဟာလာဟင်းလင်းဖြစ်နေသည့် အမည်းရောင် အက်ကြောင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ ငရဲပြည်သို့ သွားရာ တံခါးပေါက်ကြီးနှင့် တူလှသည်။
ထိုအမည်းရောင် အက်ကြောင်းကြီးမှာ သူတို့ သွားရမည့် နေရာပင် ဖြစ်သည်။
အနောက်ဘက်ဒေသ၏ အမှောင်နယ်မြေ …..