ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှု
Vol. 62 Ch. 862
ကျောက်ကျင့်ယွီထံမှ ထွက်ပေါ်လာသော သိသိသာသာ ရန်လိုမှုနှင့် သတ်ဖြတ်လိုစိတ်များကို ရင်ဆိုင်နေရသော်လည်း လီလော့၏ မျက်နှာထားမှာ လုံးဝပြောင်းလဲခြင်းမရှိပေ။ အမျိုးသမီးတစ်ဦးကို မနာလိုဖြစ်မှုကြောင့် ပထမဆုံး ရန်သူစစ်စစ်နှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျောက်ကျင့်ယွီက လက်ထပ်ခွင့်တောင်းရန်အတွက် လီလော့၏ လက်ကို လိုချင်နေသလို လီလော့ကလည်း ပြိုင်ဘက်၏ လက်တစ်ဖက်ကို ရယူလိုနေသည်။ အထူးသဖြင့် ‘ဟင်းလင်းပြင်အိတ်’ ရှိသည့် လက်ကိုပင်။ သူသည် နဂါးစွယ်များကို မေ့မထားပေ။
ဘေးကင်းဇုန်အတွင်းရှိ လူအများကလည်း ကောင်းကင်ဧကရာဇ်မျိုးနွယ်စုကြီး နှစ်ခုမှ ထိပ်တန်းပါရမီရှင်များ တိုက်ခိုက်ကြမည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
ကျောက်ကျင့်ယွီက သွေးရောင်ဓားကြီးကို ကိုင်စွဲကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူ့နောက်မှ ကျားတပ်မမှာမူ မလှုပ်မယှက် ရှိနေသော်လည်း သူတို့၏ အသက်ရှူသံတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်နေသည်။
ကျောက်ကျင့်ယွီသည် လောလောဆယ်တွင် သဟဇာတဖြစ်ခြင်းကို အသုံးမပြုသေးဘဲ လီလော့ကို အထင်အမြင်သေးစွာ စိုက်ကြည့်ရင်း…
"မင်းက ပြင်ပကုန်းမြေမှာ နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ပြီး အခုထိ နတ်ဆိုးနန်းတော်အဆင့်မှာပဲ ရှိနေသေးတယ်ဆိုပဲ။ တကယ့်ကို သနားစရာကောင်းတဲ့ ဇာတ်လမ်းတပုဒ်ပဲ… ဒါပေမဲ့ အဲဒါကြောင့်နဲ့တော့ မင်းကို ငါ အခွင့်အရေးပေးမှာ မဟုတ်ဘူး"
သူသည် ထိုသို့ပြောပြီးနောက် ဓားကြီးကို မြှောက်လိုက်ရာ နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူပီပီ ပြင်းထန်လှသော နတ်ဆိုးဝင်္ကပါစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထိုစွမ်းအားများမှာ ပေရှစ်ရာခန့်အထိ မြင့်တက်နေသည်။
လီလော့ထံသို့ ပြင်းထန်စွာ ပိုင်းချလိုက်ရာ ဟင်းလင်းပြင်ပင် ကွဲအက်သွားသလို ခံစားရပြီး မြေပြင်ပေါ်တွင် မီတာထောင်ချီရှည်လျားသော ဓားရာကြီး ထင်ကျန်ရစ်စေခဲ့သည်။
"ခေါင်းဆောင်... သဟဇာတဖြစ်ခြင်းကို အခုချက်ချင်း အသက်သွင်းလိုက်ပါ" ဟု လီရှီက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ရွှေနတ်ဆိုးခန္ဓာအဆင့်ရှိသူ လီရှီပင်လျှင် ထိုဓားချက်၏ ဖိအားကို ခံစားနေရသည်မဟုတ်လော။
သို့သော် လီလော့က လက်ဝှေ့ယမ်းကာ ငြင်းဆန်လိုက်သည်။ သူသည် မကြာသေးမီကမှ ဖန်သားနတ်ဆိုးခန္ဓာ အဆင့်သို့ တစ်ဝက်ခန့် တက်လှမ်းထားသဖြင့် မိမိ၏ တစ်ကိုယ်တော် စွမ်းအားကို စမ်းသပ်လိုနေသည်။ ထို့ကြောင့် ‘ရွှေကျောက်စိမ်း ဆင်စွယ်ဓား’ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံနန်းတော် သုံးခုစလုံးကို တုန်ခါစေကာ အင်အားကြီးမားသော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
ထိုအခါပဲ့တင်ထပ်သံစွမ်းအား နှစ်မျိုးမှာ မြွေကြီးများကဲ့သို့ လိမ်ယှက်သွားပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
အမြွှာပဲ့တင်ထပ်သံ….
ထိုအခါ သူ့ဓားတွင် အရောင်နှစ်မျိုးပါသော အလင်းကွင်းများ ပေါ်လာပြီး လေထုထဲတွင် လျင်မြန်စွာ လည်ပတ်နေသော ဓားစက်ဝန်းတစ်ခု ပေါ်လာခဲ့သည်။
ထိုဓားစက်ဝန်းအတွင်း၌ ဝိညာဉ်အကြွင်းအကျန် များ ဝေဝေဝါးဝါး ပါဝင်နေသည်။ ၎င်းသည် ကျောက်ကျင့်ယွီ၏ နတ်ဆိုးဝင်္ကပါစွမ်းအားများနှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။
ဘုန်း!
ပြင်းထန်လှသော ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စွမ်းအားနှစ်ခုမှာ တစ်ခုကိုတစ်ခု ဝါးမြိုရန် ကြိုးစားနေကြသည်။ ခဏအကြာတွင် လီလော့၏ ဓားစက်ဝန်းမှာ အလင်းစက်များအဖြစ် ကွဲကြေသွားသော်လည်း ကျောက်ကျင့်ယွီ၏ ဓားချက်မှာလည်း အားပျော့သွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် လီလော့က ကျန်ရှိနေသော ဖိအားကို ခိုင်မာသော ခံစစ်ဖြင့် အလွယ်တကူ ကျော်ဖြတ်လိုက်သည်။
ဘေးကင်းဇုန်အတွင်းမှ လူအများမှာ အံ့အားသင့်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်၏ ဓားချက်ကို လီလော့က သဟဇာတဖြစ်ခြင်း အကူအညီမပါဘဲ တစ်ကိုယ်တော် ခုခံနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
လီလော့၏ ပါရမီမှာ အမှန်တကယ်ပင် ထူးချွန်လှသည်။
ထိုအခါ ကျောက်ကျင့်ယွီ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး….
"မင်းက ရွှေနတ်ဆိုးခန္ဓာအဆင့်ကို ရောက်နေတာလား" ဟု လေးနက်သော အသံဖြင့် မေးလိုက်သည်။ လီလော့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများမှာ ရွှေနတ်ဆိုးခန္ဓာ၏ ပြယုဂ်ပင် ဖြစ်သည်။
ကျောက်ကျင့်ယွီက လီလော့ကို အထင်သေး၍ မရတော့မှန်း သိလိုက်ပြီး လက်ဝါးချင်း ရိုက်လိုက်တော့ သူ့နောက်မှ ကျားတပ်မထံမှ ကျားဟိန်းသံများ ထွက်ပေါ်လာပြီး စစ်မှန်သော တိုက်ပွဲ စတင်ချေတော့မည်။
သို့သော် ထိုစဉ်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာပြီး ကောင်းကင်ယံတွင် အလွန်ထူထပ်သော ‘ညစ်ညမ်းမှု’များ ပျံ့နှံ့လာသဖြင့် လူအများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ကမ္ဘာခြားသက်ရှိ ဒီရေလှိုင်း!!!"
လီလော့နှင့် ကျောက်ကျင့်ယွီတို့လည်း တိုက်ပွဲကို ခေတ္တရပ်နားကာ ချဉ်းကပ်လာသော အမည်းရောင် တိမ်တိုက်ကြီးကို ကြည့်လိုက်ကြသည်။ ၎င်းအတွင်း၌ ရေတွက်မရနိုင်သော ကမ္ဘာခြားသက်ရှိများ ပါဝင်နေသည်။
"အစိမ်းရောင်နယ်သာတံခွန်အဖွဲ့.. အားလုံး ခုခံဖို့ ပြင်ဆင်ကြ" ဟု လီလော့က ညွှန်ကြားလိုက်တော့ အဖွဲ့ဝင် ရှစ်ထောင်၏ စွမ်းအားကို စုစည်းလိုက်သောအခါ သူတို့သည် မြို့စားတစ်ဦးကဲ့သို့ သန်မာသွားသဖြင့် ဤဒီရေလှိုင်းကို မကြောက်ပေ။
ချဉ်းကပ်လာသော ကမ္ဘာခြားသက်ရှိများမှာ သွေးရောင်လွှမ်းနေသော ဧရာမ မျက်လုံးအိမ်ကြီးများ ဖြစ်ကြပြီး ၎င်းတို့ထံမှ ဖြူဖျော့သော လူသားလက်များစွာ ထွက်နေသည်။ ၎င်းတို့မှာ မျက်လုံးအိမ် ကမ္ဘာခြားသက်ရှိများ ဖြစ်ကြသည်။
လီလော့က သဟဇာတဖြစ်ခြင်းကို အသက်သွင်းကာ စွမ်းအားတံတိုင်းကြီးဖြင့် ကမ္ဘာခြားသက်ရှိများကို ခုခံလိုက်သည်။
ထိုအခါ မျက်လုံးအိမ် ကမ္ဘာခြားသက်ရှိများစွာမှာ စွမ်းအားတံတိုင်းနှင့် ထိမိကာ ပေါက်ကွဲထွက်ကုန်ကြသည်။ သို့သော် လီလော့က ထိုအချိန်တွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ ဤသည်မှာ တစ်စုံတစ်ယောက်က သူ့ကို အနီးကပ် စောင့်ကြည့်နေသလို ခံစားချက်မျိုး ဖြစ်သည်။
သူသည် စွမ်းအားအမျှင်တန်းတစ်ခုကို ထုတ်လွှတ်ကာ အဝေးရှိ မျက်လုံးအိမ် ကမ္ဘာခြားသက်ရှိ တစ်ကောင်ကို ဖမ်းဆီးပြီး အနားသို့ ဆွဲခေါ်လိုက်သည်။ ထိုမျက်လုံးအိမ်ကြီးက သူ့ကို စိုက်ကြည့်နေသော်လည်း စောစောက ခံစားခဲ့ရသော ‘စောင့်ကြည့်ခံရသည့် ခံစားချက်’ မှာ ပျောက်ကွယ်သွားခဲ့ချေပြီ။
လီလော့က ထိုမျက်လုံးအိမ်ကို ချေမှုန်းပစ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိရှိရှိ ကြည့်လိုက်ပြီး..ာ
"ငါ့ရဲ့ ခံစားချက် မှားသွားတာလား..." ဟု စိတ်ထဲမှ တွေးတောနေမိလေတော့သည်။