← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 9 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 9 Ch. 113-114

အပိုင်း(၁၁၃)

ဒင် -အတွေ့အကြုံမှတ် ၁၀၀ နှင့် ဒင်္ဂါးပြား ၁၂ ပြား ရရှိပြီး၊ အဆင့်ပြောင်းမစ်ရှင် ပြီးမြောက်မှု ၉၉/၁၀၀ ရှိသည်။

ဒင် -သင့်ဗောဓိ လက်စွပ် ၏ ကြံ့ခိုင်မှု ကုန်ဆုံးသွားပြီး ပျက်စီးသွားပါပြီ။

မိစ္ဆာငှက်လေး ပွဲချင်းပြီး သေဆုံးသွားသည်နှင့် တပြိုင်နက် နောက်ထပ် စနစ်အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။

တစ်ချိန်တည်းလိုလိုမှာပင် ကျန်းလျို၏ လက်ချောင်းပေါ်ရှိ ဖြူစင်တောက်ပနေသော လက်စွပ်လေးသည် ရုတ်တရက် အက်ကွဲသွားကာ အပိုင်းပိုင်းအစစ ပြတ်တောက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

"အင်း... ဒီလက်စွပ်လေး ကျလာတုန်းက ကြံ့ခိုင်မှု ၁ မှတ်ပဲ ပါတာဆိုတော့ ငါနဲ့အတူ ဒီလောက်ကြာကြာ တိုက်ပွဲဝင်ပြီးတဲ့နောက်မှာ အခုတော့ ကုန်သွားပြီပေါ့လေ..."

ကျန်းလျိုသည် သူ၏လက်ချောင်းပေါ်မှ ပျက်စီးသွားသော လက်စွပ်ကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ချန်အန်းမြို့တော် မှ အနောက်ဘက်သို့ ခရီးထွက်လာခဲ့သည်မှာ နှစ်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူသည် တိုက်ပွဲမြောက်မြားစွာကို ဆင်နွှဲခဲ့ရသဖြင့် သူ၏ ကိုယ်ပေါ်ရှိ လက်နက်ကိရိယာများ၏ ကြံ့ခိုင်မှုမှာလည်း အတော်အတန် လျော့ကျလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုအရာများက အရေးမကြီးချေ။ မိစ္ဆာငှက်၏ ကျယ်လောင်သော အော်သံထွက်ပေါပြီး လျှပ်စီးမီးပုတီးဖြင့် အမြန်သတ်ဖြတ်လိုက်ပြီးနောက် မှောင်မိုက်သော ညယံ၌ မိစ္ဆာဝိညာဉ်ဆိုးများ ထွက်ပေါ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော မိစ္ဆာကောင်များ ပေါ်လာပြီး ကျန်းလျိုကို အလယ်တွင် ဝိုင်းရံလိုက်ကြတော့သည်။

၎င်းတို့ကို ဦးဆောင်လာသူမှာ ယခင်ကထက် များစွာ ပိုမိုနုပျိုနေပုံရသော သွေးကျားဘုရင် ပင်ဖြစ်သည်။

ဖူထူတောင် တိုက်ပွဲနှင့် နှိုင်းယှဉ်လျှင် ယခု သွေးကျားဘုရင်သည် လူသားအသွင်ဖြင့် ပေါ်ထွက်လာပြီး အားမာန်အပြည့်နှင့် တက်ကြွနေပုံရသည်။ သူ၏ အကြည့်တို့သည် ကျန်းလျိုထံသို့ စူးစိုက်ကျရောက်သွားလေသည်။

ကျန်းလျိုကို မြင်လိုက်ရသောအခါ သွေးကျားဘုရင်သည် အစပိုင်းတွင် အံ့သြသွားသော်လည်း ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားတော့သည်။

"ဟားဟားဟား... ရွှမ်ကျန်းဆရာတော်... ငါတို့တွေ မဟာထန် နယ်စပ်အပြင်ဘက်မှာ ပြန်ဆုံကြမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး… တကယ့် ရေစက်ပဲ... ပြီးတော့ ငါ့အတွက် ပိုကြီးမားတဲ့ ကံကောင်းမှုကြီးပဲကွ..."

သွေးကျားဘုရင်သည် အံ့သြဝမ်းသာဖြစ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

ရာနှင့်ချီသော မိစ္ဆာငယ်များ အသတ်ခံရကြောင်း ကြားလိုက်ရသဖြင့် ဒေါသထွက်ခဲ့ရသော်လည်း ယခုမူ သူသည် ကောင်းကင်ဘုံမှ မုန့်ချိုထုပ်ကြီး ပြုတ်ကျလာပြီး သူ့ခေါင်းကို လာမှန်သကဲ့သို့ ခံစားနေရတော့သည်။

"ဆရာတော်... ဆရာတော်နဲ့ ဒီသွေးကျားဘုရင်က မိတ်ဆွေဟောင်းတွေပေါ့..."

သွေးကျားဘုရင်၏ စကားများကို ကြားသောအခါ စွန်ဝူခုန်း၏ ရင်ထဲ၌ အလွန်အမင်း စိတ်ပျက်သွားကာ ပြောလိုက်သည်။

အချိန်အတော်ကြာ အောင့်အည်းသည်းခံနေခဲ့ပြီးနောက် ဤသွေးကျားဘုရင်ဆိုသူ ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းကာ အားရပါးရ တိုက်ခိုက်ရတော့မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် သွေးကျားဘုရင်က ကျန်းလျိုအား မည်မျှ ဝမ်းသာအားရ နှုတ်ဆက်နေသည်ကို မြင်လိုက်ရသောအခါ သူတို့သည် တကယ်ပင် မိတ်ဆွေဟောင်းများ ဖြစ်နေကြလေသလော။

"ဝူခုန်း... သူနဲ့ ငါက မိတ်ဆွေတွေလို့ မင်းထင်နေတာလား..."

ကျန်းလျိုက သူ့ဘက်သို့ ခေါင်းလှည့်ကြည့်ကာ မေးလိုက်သည်။

"မဟုတ်ဘူးလား..."

စွန်ဝူခုန်းမှာ ကျန်းလျိုကို မော့ကြည့်ရင်း အံ့သြသွားလေသည်။ သူတို့သာ မိတ်ဆွေများ မဟုတ်လျှင် သွေးကျားဘုရင်က သူ့ကို တစ်ချက်ကြည့်ရုံဖြင့် အဘယ်ကြောင့် မှတ်မိနေရသနည်း။ ထို့ပြင် အဘယ်ကြောင့် ဤမျှ ဝမ်းသာအားရ နှုတ်ဆက်နေရသနည်း။

"မျောက်... ဦးနှောက်ဆိုတာ ကောင်းတဲ့အရာတစ်ခုပါ… မင်းမှာလည်း ရှိစေချင်မိတယ်..."

ကျန်းလျို၏ နှုတ်ခမ်းစွန်းများက အနည်းငယ် တွန့်ကွေးသွားကာ တိုးတိတ်စွာ ရေရွတ်လိုက်သည်။ သွေးကျားမိစ္ဆာဘုရင် အကြောင်း ကြိုတင် သိထားပါလျှက်နှင့် သူသည် လေပြန်တောင်ထက်၌ မိစ္ဆာကောင် ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ သူတို့သာ တကယ့် မိတ်ဆွေတွေဖြစ်လျှင် သူ ဤသို့ လုပ်ပါမည်လော။

စွန်ဝူခုန်းသည် တုံးအလှသည်တော့ မဟုတ်ပေ။ သို့သော် သူသည် ပြဿနာများကို တွေးတောရာတွင် တည့်တိုးနိုင်လွန်းအားကြီးသည်။ အသေးစိတ် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိချေ။

"ဆရာတော်... ခရီးထွက်တဲ့အခါ အိမ်မွေးတိရစ္ဆာန်လေးတောင် ခေါ်လာမယ်လို့ မထင်ထားဘူး… အတော်လေး အပန်းဖြေတတ်တာပဲ..."

စွန်ဝူခုန်း စကားပြောသည်ကို ကြားသောအခါ သွေးကျားမိစ္ဆာဘုရင်က နောက်ပြောင်လိုက်လေသည်။ ထိုမျောက်မှာ လူအသွင်ပြောင်းထားခြင်း မရှိလေရာ သိပ်အစွမ်း မထက်နိုင်ဟု သူ ယူဆထားခြင်း ဖြစ်သည်။

"အိမ်မွေးတိရစ္ဆာန် ဟုတ်လား..."

သွေးကျားဘုရင်ကို ကျန်းလျို၏ မိတ်ဆွေဟု ထင်ထားသဖြင့် အစပိုင်းတုန်းက တုံ့ပြန်ခြင်း မပြုခဲ့သော်လည်း သူ့ကိုအိမ်မွေးတိရစ္ဆာန်ဟု သုံးနှုန်းလိုက်သည်ကို ကြားလိုက်ရသောအခါ စွန်ဝူခုန်း တစ်ကောင် မည်မျှ ဒေါသထွက်သွားမည်ကို မှန်းဆကြည့်၍ ရနိုင်ပေသည်။

"ဆရာတော်... ဒီကောင်က တော်တော် အမြင်ကပ်စရာ ကောင်းတာပဲ… သူ့ကို သတ်ပစ်လိုက်လို့ ရမလား..."

စွန်ဝူခုန်း၏ မျက်လုံးများ၌ ဒေါသမီးများ တောက်လောင်လာလျက် ကျန်းလျိုဘက်သို့ ခေါင်းလှည့်ကာ မေးလိုက်သည်။

"ရတယ်..."

"တကယ်လား..."

ကျန်းလျို၏ ပြတ်သားသော အဖြေကြောင့် စွန်ဝူခုန်းမှာ ခေတ္တမျှ မှင်သက်သွားလေသည်။

"တကယ်ပေါ့..."

ကျန်းလျိုသည် အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက်... လက်ကိုမြှောက်ကာ လျှပ်စီးမီးပုတီး တစ်လုံးကို သွေးကျားဘုရင်ထံသို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာနှိမ်နင်းရေး အထောက်အပံ့စွမ်းရည် ကို စွန်ဝူခုန်းအပေါ် သက်ရောက်စေလိုက်သည်။

စွန်ဝူခုန်း၏ အဆင့်မှာ မြင့်မားလွန်းသဖြင့် အုပ်စုဖွဲ့၍ မရနိုင်ပေ။ သို့သော်လည်း သွေးကျားဘုရင်ကို တကယ်တမ်း သတ်ဖြတ်နိုင်ခဲ့လျှင် အတွေ့အကြုံမှတ် များကို ပါဝင်ကူညီမှု အမှတ်များအပေါ် အခြေခံ၍ ခွဲဝေပေးမည်ဖြစ်ပြီး ပစ္စည်းကောင်းများလည်း ကျလာနိုင်သောကြောင့် ကျန်းလျိုသည် သူ၏ ပါဝင်ကူညီမှုကို အများဆုံး ဖြစ်စေချင်ခဲ့သည်။

ဘုန်း...

သွေးကျားဘုရင်သည် ပျံဝဲလာသော မီးလုံးကို ပေါ့ပေါ့ပါးပါးပင် ရိုက်ချလိုက်၏။ ထို့နောက် တစ်ချက်ခုန်လိုက်ရုံဖြင့် ကျန်းလျို၏ ရှေ့သို့ ရောက်ရှိလာကာ သူ့ကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်လေသည်။

ဤသည်မှာ တကယ့်ကို ကံကောင်းမှုကြီးက အလိုက်တသိ ရောက်လာခြင်းပင် ဖြစ်သည်။ သူ၏ အသားကို အနည်းငယ် စားရုံမျှဖြင့် အသက် ငါးရာခန့် ရှည်စေခဲ့သည်ဆိုလျှင် တစ်ကိုယ်လုံးကိုသာ စားလိုက်ရပါက...

"ကျွီ... ကျွီ... ကျွီ..."

သို့သော် ကျန်းလျိုက စတင်တိုက်ခိုက်ပြီး ကျားဘုရင်က ပြန်လည်တိုက်ခိုက်သည်ကို မြင်သောအခါ ဘေးနားရှိ စွန်ဝူခုန်းမှာ ဝမ်းသာအားရ အော်ဟစ်နေတော့သည်။

ဆရာတော်နှင့် မိစ္ဆာကျားတို့မှာ အသိအကျွမ်းဟောင်းများ ဖြစ်သော်လည်း တကယ်တမ်းတွင် သူတို့သည် ရန်သူများဖြစ်နေကြောင်းကို နောက်ဆုံး၌ နားလည်သွားခဲ့ပြီဖြစ်ရာ ဤသည်ကား အလွန်ကောင်းသော ကိစ္စပင် ဖြစ်တော့သည်။

သွေးကျားဘုရင်၏ လက်ဝါးသည် ရှောင်လွှဲ၍မရနိုင်သော ခွန်အားမျိုးဖြင့် ကျန်းလျိုထံသို့ ဦးတည်လာခဲ့သည်။ သို့သော်လည်း ကျန်းလျို၏ အပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲအချိန်တွင် သံတုတ်တစ်ချောင်းက သွေးကျားဘုရင်၏ လမ်းကြောင်းကို ရုတ်တရက် တားဆီးလိုက်လေသည်။

ထန်...

လက်ဝါးသည် သံတုတ်ပေါ်သို့ ကျရောက်သွားသော်လည်း သံတုတ်မှာ အနည်းငယ်မျှပင် တုန်လှုပ်မသွားချေ။

"ဘာ... ဒီမျောက်က ထူးခြားပုံမရပေမယ့် ခွန်အားက တော်တော်ကြီးတာပဲ..."

သွေးကျားဘုရင်သည် အောက်ဘက်ရှိ အရပ်ပုပု၊ ပိန်ပိန်ပါးပါး မျောက်ကို မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်လေသည်။

အရွယ်အစားအရ ပြောရလျှင် စွန်ဝူခုန်းသည် သူ၏ ခါးလောက်သာ ရှိလေသည်။

"ဟဲဟဲဟဲ... ဘိုးဘိုးစွန်းနဲ့ လာကစားလှည့်စမ်း..."

စွန်ဝူခုန်းသည် သွေးကျားဘုရင်၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ပိတ်ဆို့လိုက်ပြီး သူ၏ ရွှေကွင်းတုတ်ကို အနည်းငယ် အားစိုက်ကာ လွှဲရိုက်လိုက်လေသည်။

ဘုန်း...

ဖော်ပြ၍မရနိုင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး သွေးကျားဘုရင်သည် လောကကြီးတစ်ခုလုံး လည်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ သတိပြန်ဝင်လာချိန်တွင်မူ ရွှေကွင်းတုတ်၏ ရိုက်လွှင့်မှုကြောင့် မီတာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျကွဲသွားလေတော့သည်။

ပစ်မှတ်တစ်ခုကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် အောင့်အည်းသည်းခံနေခဲ့ရသော စွန်ဝူခုန်းသည် ယခုအခါ သူ၏ ခွန်အားများကို အသုံးချရန် အခွင့်အရေး ရရှိသွားပြီဖြစ်သည်။ တိုက်ပွဲကို အလျင်စလို အဆုံးမသတ်သေးဘဲ ရွှေကွင်းတုတ်ကို ကိုင်ဆောင်လျက် ဘယ်ညာ လွှဲရမ်းကာ သွေးကျားဘုရင်ကို ဘောလုံးတစ်လုံးကဲ့သို့ ကစားနေတော့သည်။

"ဟေ့ကောင်တွေ... ရွှမ်ကျန်းဆရာတော်ကို ဖမ်းကြစမ်း..."

သုံးကွက်၊ နှစ်ကွက်ခန့် တိုက်ခိုက်ပြီးနောက်တွင် ဤသာမန်ရုပ်ဆင်းသွင်ပြင်ရှိသော မျောက်သည် သူ့ထက် များစွာ ပို၍ အစွမ်းထက်ကြောင်းကို သွေးကျားဘုရင် သဘောပေါက်သွားလေသည်။ ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိတော့သဖြင့် သူသည် ကျန်းလျိုကို ဖမ်းဆီး၍ အရင်ထွက်ပြေးရန် ရည်ရွယ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သွေးကျားဘုရင်၏ အမိန့်ပေးသံနှင့်အတူ သူ၏ဘေးနားရှိ မိစ္ဆာကောင်များသည် လှုပ်ရှားလာကြပြီး ကျန်းလျိုကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်ကြတော့သည်။

***

အပိုင်း(၁၁၄)

မိစ္ဆာဘုရင်၏ လက်အောက်တွင် များပြားလှသော မိစ္ဆာစစ်ဗိုလ်များနှင့် မိစ္ဆာစစ်သူကြီး အဆင့်ရှိသူအချို့ပင် ရှိနေကြလေသည်။

"ဟွန့်... လူများတာနဲ့ပဲ ငါ့ကို နိုင်မယ်ထင်နေတာလား..."

သို့သော် ကျန်းလျိုထံသို့ ပြေးဝင်လာသော မိစ္ဆာစစ်ဗိုလ် အချို့ကို ကြည့်ကာ စွန်ဝူခုန်းက အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ နောက်စေ့မှ အမွေးတစ်ပင်ကို နှုတ်ယူကာ ညင်သာစွာ မှုတ်ထုတ်လိုက်လေသည်။

ဝှစ်…

သူ မှုတ်ထုတ်လိုက်သော ဆံပင်မျှင်လေးသည် လေထဲတွင် စွန်ဝူခုန်း၏ ပုံသဏ္ဌာန်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။ ကိုယ်ပွား ဆယ်ဂဏန်းခန့်သည် သံတုတ်များကို လွှဲရမ်းလျက် ကျန်းလျိုအား ကာကွယ်ပေးထားရာ မည်သည့် မိစ္ဆာကောင်မှ ကျန်းလျို၏ အနီးသို့ မကပ်နိုင်တော့ပေ။

"အထင်ကြီးစရာပဲ..."

ဤသည်မှာ ဝူရှင်းတောင်မှ ထွက်လာပြီးကတည်းက စွန်ဝူခုန်း၏ ပထမဆုံး တိုက်ပွဲပင် ဖြစ်သည်။ စွန်ဝူခုန်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိသာထင်ရှားနေပြီးဖြစ်သည်။

သို့သော်လည်း ကြီးမြတ်လှသော မိစ္ဆာဘုရင် တစ်ပါးသည် သူ၏ လက်ထဲ၌ ကစားစရာတစ်ခုမျှသာ ဖြစ်နေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အပြင် ကိုယ်ပွားများအဖြစ် ပြောင်းလဲသွားနိုင်သော ဤဆံပင်မျှင်စွမ်းရည်ကြောင့် ကျန်းလျိုသည် စိတ်ထဲမှ တိတ်တခိုး ချီးကျူးလိုက်လေသည်။

မိစ္ဆာစစ်သူကြီးများသည် သားရဲခေါင်းနှင့် လူကိုယ်လုံးကဲ့သို့သော လူသားအသွင်သဏ္ဌာန်များကို ယူဆောင်နိုင်စွမ်း ရှိနေကြပြီ ဖြစ်သည်။

သို့ရာတွင် သူတို့ထံသို့ ပြေးဝင်လာကြသော မိစ္ဆာစစ်သူကြီး အဆင့်ရှိ မိစ္ဆာကောင်များပင်လျှင် စွန်ဝူခုန်း ကိုယ်ပွားများ၏ တစ်ချက်တည်း ရိုက်နှက်မှုဖြင့် လွင့်စင်သွားကြသည်ကို ကျန်းလျို ကိုယ်တိုင် မြင်တွေ့လိုက်ရလေသည်။

၎င်းတို့သည် ကိုယ်ပွားများမျှသာ ဖြစ်လင့်ကစား မိစ္ဆာစစ်သူကြီးများကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်း ရှိနေကြောင်းမှာ ထင်ရှားလှပေသည်။

ဤသည်မှာ အပြတ်အသတ် ရိုက်နှက်မှုကြီးပင် ဖြစ်တော့သည်။

စွန်ဝူခုန်း စတင်လှုပ်ရှားပြီးနောက်တွင် အခြေအနေမှာ တစ်ဖက်သတ် အနိုင်ကျင့်သည့်ပွဲ ဖြစ်သွားပြီး မည်သည့် အံ့အားသင့်စရာမှ မရှိတော့ချေ။ ကိုယ်ပွား ဆယ်ဂဏန်းခန့်က ကျန်းလျိုအား ကာကွယ်ပေးထားသဖြင့် မည်သည့် မိစ္ဆာမှ အနားသို့ မချဉ်းကပ်နိုင်တော့ပေ။

ကျန်းလျို၏ အမြင်တွင်မူ စွန်ဝူခုန်း၏ ခန္ဓာကိုယ်အစစ်သည် ကျားဘုရင်ကို ကစားစရာအရုပ်တစ်ရုပ်ကဲ့သို့ သဘောထားနေပြီး သူ၏ သွေးတန်းမှာ အဆက်မပြတ် ကျဆင်းနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။

ကျန်းလျို မိမိကိုယ်တိုင်၏ တိုက်ပွဲကို ပြန်လည် အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ မိစ္ဆာစစ်ဗိုလ် အဆင့်နှင့်အထက် ဆိုလျှင်မူ သူ ယှဉ်နိုင်မည် မဟုတ်‌ပေ။ သို့သော်လည်း မိစ္ဆာငယ်လေးများမှာမူ သူ၏ အတွေ့အကြုံမှတ် များ ဖြစ်သည်မဟုတ်လော။

ကျန်းလျိုသည် သူ၏ မိစ္ဆာနှင် တောင်ဝှေးကို မြှောက်ကာ ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်ပြောင်းမစ်ရှင် ပြီးမြောက်ရန် သတ္တဝါ တစ်ကောင်သာ လိုတော့သောကြောင့် ဖြစ်သည်။

သို့သော် စွန်ဝူခုန်း၏ ကိုယ်ပွားများသည် ကျန်းလျို၏ဘေးတွင် အနီးကပ် လိုက်ပါနေကြပြီး သူ၏အနီးနားသို့ မိစ္ဆာတစ်ကောင်မှ အကပ်မခံသောကြောင့် သူ တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။

"ဟဲဟဲဟဲ... ဆရာတော်... ဒီမှာ မိစ္ဆာတွေ အရမ်းများတယ်… ဆရာတော်က ငြိမ်ငြိမ်လေးပဲနေပါ… အကုန်လုံး ဘိုးဘိုးစွန်းကိုသာ လွှဲထားလိုက်ပါ..."

သူ၏ဘေးရှိ ကိုယ်ပွားက ကျန်းလျိုအား ရယ်မောကာ ပြောလိုက်သည်။

"ဒါက ကလဲ့စားချေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား..."

စွန်ဝူခုန်း၏ စကားကြောင့် ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။

လမ်းတစ်လျှောက်လုံး သူ့ကို လှုပ်ရှားခွင့်မပေးဘဲ ဖိနှိပ်ထားခဲ့ရာ သည်းခံနိုင်စရာ မရှိဖြစ်ခဲ့ရမည်။ ယခု သူ အခွင့်အရေးရလာသောအခါ မိမိကိုလည်း လှုပ်ရှားခွင့် မပေးတော့ဖို့ ဆုံးဖြတ်လိုက်ပုံ ရသည်။

ဤမျောက်၏ စိတ်ထားမှာ သူထင်ထားသည်ထက်ပင် ပို၍ သေးသိမ်နေသေးတော့သည်။

ကွမ်ယင် ဂါထာ၊ လျှပ်စီးမီးပုတီး၊ ဝရဇိန်ဂါထာ...

ဤမိစ္ဆာငယ်လေးများကို မတိုက်ခိုက်နိုင်တော့သဖြင့် ကျန်းလျို၏ အတွေးများသည် သွေးကျားဘုရင်ထံသို့ ခေတ္တ ပြောင်းလဲသွားလေသည်။

သူ၏ စွမ်းရည်များ ထိရောက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပါဝင်ကူညီမှု အမှတ်များကို တိုးပွားစေရန် အားထုတ်မှုအဖြစ် ကျန်းလျိုသည် အစွမ်းကုန် ကြိုးစားလေတော့သည်။ သူသည် အသုံးပြုနိုင်သမျှ စွမ်းရည်များနှင့် အထောက်အပံ့စွမ်းရည် အားလုံးကို စွန်ဝူခုန်းအပေါ် သက်ရောက်စေသည်။ အဝေးပစ်တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သော လျှပ်စီးမီးပုတီးများကိုလည်း သွေးကျားဘုရင်ထံသို့ အဆက်မပြတ် ပစ်လွှတ်လိုက်လေသည်။

လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်မည့် အခြေအနေဖြစ်သော်လည်း စွန်ဝူခုန်းသည် ကျားဘုရင်ကို ဘောလုံးတစ်လုံးကဲ့သို့ နာရီဝက်ခန့် ကြာအောင် ကစားပြီးမှသာ နောက်ဆုံးတွင် သွေးကျားဘုရင်ကို သတ်ဖြတ်လိုက်တော့သည်။

သေဆုံးသွားသည်နှင့်အမျှ သွေးကျားဘုရင်၏ ခန္ဓာကိုယ်သည် သူ၏ မူလအသွင်သဏ္ဌာန်ဖြစ်သော သွေးရောင်ပြောက်ကျား အမွေးများရှိသည့် ကျားကြီးတစ်ကောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေသည်။

ဒင် -အတွေ့အကြုံမှတ် ၄,၂၀၀ နှင့် ငွေ ၅ တေးလ် ရရှိသည်။

သွေးကျားဘုရင်၏ အလောင်းကို ကြည့်ရင်း ကျန်းလျို၏ မျက်လုံးများ အရောင်လင်းသွားကာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

သူသည် အဖွဲ့ဖွဲ့ထားခြင်း မရှိသော်လည်း ပါဝင်ကူညီမှု အမှတ်များ ရှိနေသေးသဖြင့် သူလည်း အတွေ့အကြုံမှတ် များ ရရှိခဲ့လေသည်။ ထို့ပြင် ပစ္စည်းကောင်းများလည်း ကျလာနိုင်ခြေရှိသည် မဟုတ်ပါလော။ သို့သော် ကျလာသော ပစ္စည်းများကို အလိုအလျောက် ကောက်ယူနိုင်မည် မဟုတ်ဘဲ အလောင်းအောက်တွင် ရှိနေမည် ဖြစ်သည်။

မိစ္ဆာဘုရင် အဆင့်ရှိ မိစ္ဆာ တစ်ကောင်က မည်ကဲ့သို့ ပစ္စည်းကောင်းမျိုးများကို ချပေးနိုင်မည်နည်း။

"ဝူခုန်း... နောက်ဆုတ်နေစမ်း… ဒီကိစ္စကို ဆရာတော်ပဲ ရှင်းမယ်..."

ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ကျန်းလျိုသည် သူ၏လက်ထဲတွင် ကြီးမားသော မီးလုံးကြီးတစ်လုံးကို ချက်ချင်း ဖန်တီးလိုက်ပြီး မဝေးလှသောနေရာရှိ ကျားကြီးတစ်ကောင်ထံသို့ ပစ်လွှတ်လိုက်လေသည်။

သွေးတန်း လေးပုံတစ်ပုံခန့်သာ ကျန်တော့သော ထိုမိစ္ဆာသည် ကျန်းလျို၏ လျှပ်စီးမီးပုတီး နှင့် ထိမှန်သွားရာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သွေးတန်းမှာ ချက်ချင်း ကုန်ခမ်းသွားတော့သည်။

ဒင် -အတွေ့အကြုံမှတ် ၂၂၀ နှင့် ဒင်္ဂါးပြား ၂၀ ရရှိပြီး၊ အဆင့်ပြောင်းမစ်ရှင် ပြီးမြောက်မှု ၁၀၀/၁၀၀ ရှိသည်။

ဒင် -သင့်မစ်ရှင်တွင် အသစ်ပြောင်းလဲမှု ရှိပါသည်။ ကျေးဇူးပြု၍ မစ်ရှင်စာရင်းကို စစ်ဆေးပါ။

တစ်ချိန်တည်း၌… ကျားမိစ္ဆာ ဘုရင်ကြီး သေဆုံးသွားပြီ ဖြစ်‌သော်လည်း လက်အောက်ခံ မိစ္ဆာများစွာကတော့ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ စွန်ဝူခုန်းသည် ဆံပင်တစ်ပင်ကို နှုတ်ကာ ကိုယ်ပွား ဆယ်ဂဏန်းခန့်အဖြစ် ပြောင်းလဲလိုက်ပြီး သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်ရောက်လာသကဲ့သို့ ရွှေကွင်းတုတ် ဖြင့် ရမ်းသမ်းတိုက်ခိုက်လိုက်ရာ လေပြန်တောင်ပေါ်ရှိ မိစ္ဆာများထဲတွင် မည်သူကများ သူ့ကို ယှဉ်နိုင်မည်နည်း။

ဘုန်း… ဘုန်း… ဘုန်း…

ရွှေကွင်းတုတ် လွှဲရမ်းသွားသမျှ နေရာတိုင်းတွင် အမှန်တကယ်ပင် ထိလျှင်ပွဲချင်းပြီးသေဆုံးကာ၊ ရှပ်မိရုံဖြင့် ဒဏ်ရာရစေခဲ့သည်။ ခဏအကြာမှာပင် ရာနှင့်ချီသော မိစ္ဆာများသည် ဟိုတစ်ကောင်၊ ဒီတစ်ကောင် သေဆုံးလျက် ပြန့်ကျဲသွားတော့သည်။

ကျန်းလျိုသည် နှမြောတသစွာဖြင့် စိုက်ကြည့်နေမိသည်။ အကယ်၍ ဤမိစ္ဆာများအားလုံး သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရပါက သောင်းနှင့်ချီသော အတွေ့အကြုံမှတ်များ ရရှိမည်ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် မိစ္ဆာစစ်ဗိုလ်များနှင့် မိစ္ဆာစစ်သူကြီးများပါ ပါဝင်နေသော ဤမိစ္ဆာအုပ်ကြီးသည် အင်အားအလွန်ကြီးမားလွန်းသဖြင့် သူတစ်ယောက်တည်း ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့်… သူသည် သွေးကျားဘုရင်၏ အလောင်းကို လှန်ကြည့်ပြီးနောက် အလျင်စလို စစ်ဆေးမနေဘဲ အလောင်းအောက်ရှိ ပစ္စည်းအားလုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ တစ်ပြိုင်နက် သိမ်းဆည်းလိုက်ကာ နောက်ဆုံးအချိန်လေးတွင် ဝူခုန်း၏ ကိုယ်ပွားများလက်ထဲမှ မိစ္ဆာတစ်ကောင်ကို လုယူသတ်ဖြတ်နိုင်ခဲ့ပေသည်။

ထိုသို့မဟုတ်ပါက အဆင့်ပြောင်းမစ်ရှင် ပြီးမြောက်ရန် နောက်ဆုံးကျန်ရှိနေသော မိစ္ဆာတစ်ကောင် လိုအပ်ချက်ကို လက်လွတ်လိုက်ရလျှင် တကယ်ကို ဒေါသထွက်စရာ ကောင်းမည်ဖြစ်သည်။

စွန်ဝူခုန်းထံမှ မိစ္ဆာတစ်ကောင်ကို လုယူသတ်ဖြတ်ပြီးနောက် အဆင့်ပြောင်းမစ်ရှင်၏ ပထမအဆင့် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းလျိုသည် စိတ်ထဲမှ မစ်ရှင်စာရင်း ဟု တိတ်တဆိတ် ရွတ်ဆိုလိုက်ပြီး အဆင့်ပြောင်းမစ်ရှင်အပေါ် အာရုံစိုက်လိုက်လေသည်။

အမှန်တကယ်ပင် အဆင့်ပြောင်းမစ်ရှင်သည် အသစ်တစ်ခုသို့ ပြောင်းလဲသွားခဲ့လေပြီ။

အဆင့်ပြောင်းမစ်ရှင် (၂/၃) - ကုသခြင်းစွမ်းရည်များကို အသုံးပြု၍ ဒဏ်ရာရနေသော ပစ်မှတ် ၂၀၀ အား ကုသမှုပေးရန်။ လက်ရှိ မစ်ရှင်ပြီးမြောက်မှု ၀/၂၀၀။

အဆင့်ပြောင်းမစ်ရှင်၏ ဤဒုတိယအဆင့်ကို မြင်လိုက်ရသောအခါ ကျန်းလျို၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားလေသည်။

‘ဒဏ်ရာရနေတဲ့ ပစ်မှတ် ၂၀၀ ကို ကုသမှုပေးရုံ သက်သက်ပဲလားဟ…’

သို့သော်လည်း… ဘုန်းတော်ကြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများသည် အထောက်အပံ့ပေးသော သဘောသဘာဝရှိသောကြောင့် ဤအဆင့်ပြောင်းမစ်ရှင်မှာ အတော်လေး သင့်လျော်သည် မဟုတ်ပါလော။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လေပြန်တောင်ပေါ်တွင် မိစ္ဆာကောင် သိပ်မကျန်တော့ဘဲ အားလုံးနီးပါး သေဆုံး သို့မဟုတ်ပါကလည်း ဒဏ်ရာရနေကြပြီ ဖြစ်သည်။ ကျန်းလျိုသည် ဒဏ်ရာရနေသော မိစ္ဆာစစ်ဗိုလ် တစ်ကောင်ကို မြင်လိုက်ရပြီး၊ အတွေးတစ်ချက်ဖြင့် ထိုအကောင်အပေါ်သို့ ကွမ်ယင် ဂါထာ စွမ်းရည်ကို သုံးလိုက်လေသည်။

ဟူး…

စိမ်းလဲ့လဲ့ အလင်းတန်းတစ်ခုသည် မိစ္ဆာစစ်ဗိုလ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သိသာထင်ရှားစွာပင် ၎င်း၏ဒဏ်ရာများ အတော်အတန် သက်သာသွားပြီး သွေးတန်းမှာလည်း အနည်းငယ် ပြန်လည်ပြည့်ဝလာလေသည်။

ဒင် -လက်ရှိ မစ်ရှင်ပြီးမြောက်မှု ၁/၂၀၀။

အမှန်ပင် စနစ်၏ အသိပေးချက်ကို ရရှိပြီးနောက် ကျန်းလျိုသည် တိတ်တခိုး ဝမ်းသာသွားတော့သည်။

‘ဒါဆို ဒဏ်ရာရနေတဲ့ ပစ်မှတ်တိုင်းက အကျုံးဝင်တာပေါ့… ဒီလိုဆိုရင်တော့ ဒီမစ်ရှင်က ပြီးမြောက်ဖို့ သိပ်မခက်လောက်ဘူး၊ ပထမအဆင့်ထက်တောင် ပိုလွယ်နေဦးမလားပဲ'

ဘုန်း…

ကျန်းလျို တစ်ယောက်တည်း ကျိတ်၍ ဝမ်းသာနေစဉ်မှာပင် ရွှေကွင်းတုတ် တစ်ချောင်း ကျလာပြီး၊ ကွမ်ယင် ဂါထာ ၏ ကုသမှုအာနိသင်ကို ရရှိထားခါစ မိစ္ဆာစစ်ဗိုလ် ထံသို့ ရိုက်ချလိုက်လေသည်။

၎င်း၏ ခေါင်းမှာ ပွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် ခေတ္တမျှ တဆတ်ဆတ်တုန်ကာ မူလအသွင်သဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားတော့သည်။

ကွမ်ယင် ဂါထာ ၏ အာနိသင်သည် အတော်လေး ကောင်းမွန်သော်လည်း ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် မှာ စက္ကန့် ၆၀၀ အတိအကျ ကြာမြင့်လေသည်။ အခြေအနေအရ ကြည့်လျှင် နောက်တစ်ကြိမ် ကွမ်ယင် ဂါထာ ပြန်လည်ပြည့်ဝလာချိန်တွင် ဤမိစ္ဆာကောင်အားလုံး စွန်ဝူခုန်း၏ လက်ချက်ဖြင့် ပြောင်သလင်းခါသွားမည် မဟုတ်ပါလော။

"ဝူခုန်း... အဟွတ် အဟွတ်... ဆရာတော်တို့တွေ သိပ်ရက်စက်ရာကျနေပြီလို့ ထင်တယ်… သူတို့ရဲ့ ဒဏ်ရာတွေကို ဆရာတော် အရင် ကုသပေးလိုက်ရရင် ကောင်းမလား…”

ထိုသို့ပြောရသည်မှာ အနည်းငယ် ကသိကအောက်ဖြစ်ဖွယ် ကောင်းသော်လည်း မစ်ရှင်ကို အမြန်ဆုံး ပြီးမြောက်စေရန်နှင့် သူ၏ စွမ်းရည်ကို မြှင့်တင်ရန်အတွက် ဖြစ်သောကြောင့် ကျန်းလျိုသည် လည်ချောင်းဟန့်ကာ စွန်ဝူခုန်းအား ပြောလိုက်သည်။

"ဟင်... ဆရာတော်က ဒီမိစ္ဆာတွေကို လွှတ်ပေးလိုက်ဖို့ စဉ်းစားနေတာလား..."

စွန်ဝူခုန်း အစစ်သည် ရွှေကွင်းတုတ်ကို ပခုံးပေါ်တင်လျက် ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေရာမှ ကျန်းလျို၏ စကားကြောင့် အံ့အားသင့်သွားလေသည်။

ထို့နောက် ချက်ချင်းပင် သူက ထူးဆန်းသောအမူအရာဖြင့် မေးလိုက်သည်။

"ဆရာတော်ကပဲ အဆိုးယုတ်တွေကို အမြစ်ပြတ်ချေမှုန်းရမယ်… ပြည်သူတွေကို ဒုက္ခမပေးနိုင်အောင် ဒီအန္တရာယ်ကောင် မိစ္ဆာတွေကို အပြတ်ရှင်းရမယ်လို့ အမြဲပြောနေခဲ့တာ မဟုတ်ဘူးလား..."

"မဟုတ်ပါဘူး... ဆရာတော်က သူတို့ကို အရင်ကုသပေးမယ်လို့ပဲ ပြောတာပါ… အလွတ်ပေးမယ်လို့ မပြောပါဘူး..."

ကျန်းလျိုသည် ခေါင်းခါလျက် ပြင်ပြောလိုက်သည်။

"ဒါဆို အရင်ကုပေးပြီးမှ သတ်မယ်ပေါ့... ဆရာတော်က ဒီလိုမျိုးလို့ မထင်ထားခဲ့ဘူး… ဘိုးဘိုးစွန်းထက်တောင် ပိုရက်စက်နေပါလား..."

"မျောက်စုတ်... နောက်မနေနဲ့… သေချာစကားပြောစမ်း..."

***

All Chapters