အခန်း (၁၁၇-၁၁၈)
Vol. 9 Ch. 117-118
အပိုင်း(၁၁၇)
"အဘိုးရယ်... ဘာလို့ ဒီလိုတွေ လုပ်ရတာလဲ..."
ကျန်းလျိုသည် အလျင်အမြန် ပြေးသွားပြီး အဘိုးအိုကို တွဲထူကာ ပြောလိုက်သည်။
"ကျုပ်က အခု ဘယ်သူမှ မရှိတော့တဲ့ အဘိုးကြီး တစ်ယောက်တည်း ဖြစ်သွားပြီလေ... ဘယ်လို ဆက်အသက်ရှင်ရမှာလဲ... သေလိုက်တာကမှ မရဏလမ်းမှာ သူတို့ကို လိုက်မီကောင်း လိုက်မီနိုင်ဦးမယ်..."
အဘိုးအိုသည် နှလုံးကွဲကြေမတတ် ငိုကြွေးကာ ပြောလိုက်လေသည်။
ဤသည်က ကျန်းလျိုအား စကားတစ်ခွန်းမှ ဆက်မပြောနိုင်အောင် ဆွံ့အသွားစေခဲ့သည်။
တကယ်ပင် သူ၏ အသက်အရွယ်ဖြင့် တစ်ယောက်တည်း ဆက်လက်အသက်ရှင်သန်ရန်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။
"အဘိုးမှာ… တခြား ဆွေမျိုးတွေ တစ်ယောက်မှ မရှိတော့ဘူးလား..."
ကျန်းလျိုက ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
ကျန်းလျို၏ မေးခွန်းကို ကြားသောအခါ အဘိုးအိုသည် တဖြည်းဖြည်း ငိုသံတိတ်သွားသော်လည်း ခေါင်းကိုမူ ခါယမ်းနေဆဲ ဖြစ်လေသည်။
"ဝူမြို့မှာ အဝေးကို အိမ်ထောင်ကျသွားတဲ့ သမီးတစ်ယောက်တော့ ရှိသေးတယ်... ဒါပေမဲ့ ဒီကနေဆိုရင် မိုင်သုံးရာကျော် ဝေးတယ်လေ... ကျုပ်တစ်ယောက်တည်း ဒီလောက် ဝေးတဲ့ခရီးကို ဘယ်လိုလုပ် သွားနိုင်ပါ့မလဲ..."
"ဝူမြို့ ဟုတ်လား... မိုင်သုံးရာကျော် ဝေးတယ်... ဘယ်နားမှာ ရှိတာလဲ..."
အဘိုးအို၌ လောကကြီးတွင် နောက်ဆုံးကျန်ရစ်သော ဆွေမျိုးတစ်ယောက် ရှိသေးကြောင်း သိလိုက်ရသဖြင့် ကျန်းလျိုက အဆက်မပြတ် မေးလိုက်သည်။
"ဝူမြို့က ရှောင်ထျန်းရွာရဲ့ အရှေ့တောင်ဘက်လောက်မှာ ရှိတယ်..."
အဘိုးအိုက ပြန်ဖြေလိုက်သည်။
"အရှေ့တောင်ဘက် ဟုတ်လား..."
အဘိုးအို၏ လမ်းညွှန်မှုကို ကြားသောအခါ ကျန်းလျို၏ မျက်လုံးများ ခေတ္တမျှ အရောင်လင်းသွားလေသည်။
"ဆရာတော်... ဒီအဘိုးကြီးကို ဝူမြို့ဆီ လိုက်ပို့ပေးဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်..."
ကျန်းလျို၏ မျက်နှာအမူအရာ တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသွားသဖြင့် စွန်ဝူခုန်းသည် မပြောဘဲ မနေနိုင်တော့ချေ။
"ကျုပ်တို့က အနောက်ဘက်ကောင်းကင်ဘုံ ကို သွားနေတာလေ… အနောက်ဘက်ကို ဆက်တိုက် သွားနေရမှာ... တကယ်လို့ ဝူမြို့က အနောက်ဘက်မှာ ရှိနေရင်တော့ လမ်းကြုံလို့ ရသေးတယ်... ဒါပေမဲ့ သူက အရှေ့တောင်ဘက်မှာ ရှိနေတာဆိုတော့ ကျုပ်တို့ လမ်းလွှဲသွားရလိမ့်မယ်…”
"လမ်းလွှဲသွားရမယ် ဟုတ်လား..."
ကျန်းလျို၏ မျက်လုံးများထဲတွင် အပြုံးရိပ်လေးတစ်ခု ဖြတ်ပြေးသွားသော်လည်း သူ၏ မျက်နှာပေါ်တွင်မူ ကရုဏာသက်နေသည့် အမူအရာကို ဖော်ပြလျက် ပြတ်သားစွာ ပြောလိုက်သည်။
"ဝူခုန်း... လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ရတာက ခုနစ်ထပ်စေတီကို တည်ရတာထက် ပိုပြီး ကုသိုလ်ရတယ်လို့ ဆိုရိုးစကား ရှိတယ်လေ... ဝူမြို့ကို လမ်းလွှဲသွားရမယ် ဆိုပေမယ့်… လူတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်တယ်ဆိုရင် ဒါက တန်တယ် မဟုတ်ဘူးလား..."
"ဆရာတော်က တကယ့် လူကောင်းကြီးပါပဲ..."
စွန်ဝူခုန်းသည် ကျန်းလျို၏ လုံးဝ အလျှော့ပေးမည့်ပုံမပေါ်သော ရပ်တည်ချက်ကို မြင်သောအခါ ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးလှန်ကြည့်လိုက်လေသည်။
"ဝူခုန်း... ဆရာတော့်ကို လူကောင်းလို့ ဘယ်တော့မှ မပြောနဲ့... ဆရာတော်တို့ ဇာတိမှာ လူတစ်ယောက်ကို လူကောင်းလို့ ခေါ်တာက တကယ်တော့ စော်ကားတဲ့ ပုံစံတစ်မျိုးပဲ..."
ကျန်းလျိုက စွန်ဝူခုန်းအား လေးနက်စွာ သွန်သင်ဆုံးမလိုက်သည်။
"တိုက်ဆိုင်လိုက်တာ... ဟွာကော်တောင်မှာလည်း အဲဒီအဓိပ္ပာယ်ပဲ..."
"မျောက်စုတ်... နောက်မနေနဲ့… သေချာစကားပြောစမ်း..."
ခေတ္တမျှ အချေအတင် ပြောဆိုပြီးနောက် ကျန်းလျိုသည် စွန်ဝူခုန်း၏ သဘောထားများကို လျစ်လျူရှုလိုက်ပြီး ခေါင်းလှည့်ကာ သူ၏ဘေးရှိ အဘိုးအိုအား ပြောလိုက်သည်။
"အဘိုး... ဝူမြို့ကို မိုင် ၃၀၀ ကျော် ဝေးတယ်ဆိုပေမယ့်… ကျုပ်တို့ ဆရာတပည့်တွေက ခင်ဗျားကို အဲဒီအထိ လိုက်ပို့ပေးပါ့မယ်... ဘယ်လိုလဲ..."
"ဗျာ... ဆရာတော်တို့ရဲ့ ခရီးစဉ်ကို အများကြီး နှောင့်နှေးသွားစေမှာပေါ့... ကျုပ်… ကျုပ်က ဒီလောက်ကြီးတော့ အကူအညီ မယူရဲပါဘူး..."
မိမိကို ဝူမြို့သို့ လိုက်ပို့ရန်အတွက် ခရီးရှည်ကြီး လမ်းလွှဲသွားမည့် ကျန်းလျို၏ ကမ်းလှမ်းမှုကြောင့် အဘိုးအိုမှာ အလွန်အားနာသွားကာ ပြောလိုက်သည်။
"ဒါဆိုလည်း သဘောတူတယ်လို့ပဲ မှတ်လိုက်မယ်... အဘိုး ထုပ်ပိုးစရာ ပစ္စည်းတွေများ ရှိသေးလား... မရှိဘူးဆိုရင် အခုပဲ ထွက်ကြတာပေါ့..."
ကျန်းလျိုသည် လက်ကာပြလိုက်ပြီး အဘိုးအိုအား ငြင်းဆန်ခွင့် လုံးဝ မပေးတော့ချေ။
"ဒါက..."
အဘိုးအိုသည် ကျန်းလျိုအား အံ့အားသင့်စွာ စိုက်ကြည့်နေမိပြီး အနည်းငယ် တွေဝေသွားလေသည်။ ဆရာတော်က သူ့ထက်ပင် ပိုပြီး စိတ်အားထက်သန်နေသယောင် ရှိနေသည် မဟုတ်ပါလော။
အခြေအနေကို မသိသူများက မြင်လျှင်မူ ဆရာတော်သည် ခရီးရှည်ကြီး လမ်းလွှဲသွားရသည်ကိုပင် အမှန်တကယ် သဘောကျနေသည်ဟု ထင်မှတ်သွားနိုင်ပေသည်။
"အဲဒီလိုဆိုရင်လည်း ဆရာတော်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို အများကြီး ကျေးဇူးတင်ပါတယ်... ကျုပ် အသက်ရှင်နေသရွေ့ ဒီကျေးဇူးကို ဘယ်တော့မှ မေ့ရဲမှာ မဟုတ်ပါဘူး..."
အဘိုးအိုသည် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ ဝူမြို့သို့ သွားမည့် ခရီးစဉ်ကို အတင်းအကျပ် တွန်းပို့ခံလိုက်ရသကဲ့သို့ ဖြစ်သွားသော်လည်း ဤသည်မှာ ဗောဓိသတ်တစ်ပါးနှင့် တူသော မဟာထန်မှ ဆရာတော်၏ မေတ္တာကရုဏာပင် ဖြစ်သည်ဟု တကယ်ပင် ခံစားလိုက်ရလေသည်။
ဒင် -"အစောင့်အရှောက်အဖြစ် လိုက်ပါပို့ဆောင်ခြင်း" မစ်ရှင် ပွင့်သွားပါပြီ။
မစ်ရှင် လိုအပ်ချက် - ရှောင်ထျန်းရွာ မှ အဘိုးအိုအား ဝူမြို့သို့ အောင်မြင်စွာ လိုက်ပါပို့ဆောင်ရန်။
မစ်ရှင် အောင်မြင်ပါက - အတွေ့အကြုံမှတ် ၇,၀၀၀ ဆုချီးမြှင့်မည်။
ကျရှုံးမှု ပြစ်ဒဏ် - မရှိပါ။
ထိုစဉ် ဂိမ်းစနစ်ထံမှ အသိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ကျန်းလျို အနည်းငယ် တုံ့ဆိုင်းသွားလေသည်။ နောက်ထပ် မစ်ရှင်တစ်ခု ပွင့်လာပြန်ပြီလေ။
အစောပိုင်းက ရှောင်ထျန်းရွာ မှ ရွာသားများ အသက်ရှင်သေး၊ မရှင်သေးကို စုံစမ်းရန် လေပြန်တောင် သို့ သွားမည်ဟု ဆုံးဖြတ်လိုက်ချိန်တွင် စနစ်က သူ့ကို "မိစ္ဆာနှိမ်နင်းရေး" မစ်ရှင် ပေးအပ်ခဲ့သည်။ ယခု အဘိုးအိုအား ဝူမြို့သို့ လိုက်ပို့မည်ဟု ဆုံးဖြတ်လိုက်သောအခါတွင်လည်း စနစ်က အစောင့်အရှောက် မစ်ရှင်တစ်ခုကို ထပ်မံပေးအပ်လိုက်ပြန်သည်လော။
မစ်ရှင်နှစ်ခုစလုံးမှာ သူ ယခုလေးတင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အရာများနှင့် ကွက်တိကျနေပြီး စနစ်က သူ့ကို မစ်ရှင်များပေးရန် အကြောင်းပြချက်များကို လိုက်လံရှာဖွေနေသကဲ့သို့ ဖြစ်မနေဘူးလား။
"တိုက်ဆိုင်မှုများလား... ငါ တစ်ခုခု လုပ်မယ်လို့ ဆုံးဖြတ်လိုက်တိုင်း စနစ်က မစ်ရှင်တစ်ခု ထုတ်ပေးနေသလိုပဲ... ဒါက မစ်ရှင်တွေ ပွင့်လာစေဖို့ သော့ချက်များ ဖြစ်နေမလား..."
အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ဤနားလည်မှုအသစ်နှင့်အတူ ကျန်းလျို၏ စိတ်ထဲတွင် အကြမ်းဖျင်း ယူဆချက်တစ်ခု ဖြစ်ပေါ်လာလေသည်။
ဤယူဆချက်နှင့်အတူ သူသည် ယင်းကို သေချာစွာ စမ်းသပ်ကြည့်ချင်သွားလေသည်။
"ဝူခုန်း... ရှေ့က ကျောက်တုံးကြီးကို မြင်လား... ဆရာတော် အဲဒါကို ရိုက်ခွဲပစ်တော့မယ်..."
"ဒီနားက သစ်ပင်ကလည်း နေရာကောင်းမှာ ရှိမနေဘူး… လမ်းဘေးမှာ ပေါက်နေတာဆိုတော့ တစ်ယောက်ယောက်နဲ့ တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ... အဲဒါကိုပါ ဆရာတော် ရိုက်ချိုးပစ်လိုက်မယ်..."
...
စွန်ဝူခုန်းနှင့် အဘိုးအိုတို့သည် ကျန်းလျို၏ ထူးဆန်းသော အပြုအမူများကို ကြည့်ရင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံးမှာ အတော်လေး ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
"အမ်း... ရွှမ်ကျန်းဆရာတော်က အမြဲတမ်း ဒီလိုပဲလား..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အဘိုးအိုသည် သူ၏ခေါင်းကို လက်ဖြင့်ဟန်ပြကာ စွန်ဝူခုန်းအား တိုးတိုးလေး မေးလိုက်သည်။
"အဲဒီအတိုင်းပါပဲ..."
စွန်ဝူခုန်းသည် အလေးအနက် ခေါင်းညိတ်လိုက်လေသည်။
သူ ဘာလုပ်မည်ကို ကျယ်လောင်စွာ ချဲ့ကားပြောဆိုနေသော်လည်း အကြိမ်ပေါင်းများစွာ ကြေညာပြီးသည့်တိုင် စနစ်၏ အသိပေးချက်က မည်သို့မျှ တုံ့ပြန်မှု မရှိကြောင်း ကျန်းလျို သတိပြုမိသွားသည်။
သူသည် တိတ်တဆိတ် တွေးတောနေမိသည်။ ဤလုပ်ရပ်များက သေးလွန်းနေသောကြောင့်များလော။ မစ်ရှင်တစ်ခု ဖြစ်မလာနိုင်လောက်အောင် အသေးအဖွဲ ကိစ္စလေးတွေ ဖြစ်နေသောကြောင့်လော။
သို့မဟုတ်… ယခင် မစ်ရှင်နှစ်ခုက အခြားသူများကို ကူညီရန် ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင်နေပြီး ယခု သူလုပ်ဆောင်နေသည့် အရာများက မည်သူ့ကိုမျှ အကူအညီ မဖြစ်စေသောကြောင့်များလေ။
ဤအတွေးနှင့်အတူ ကျန်းလျိုသည် အဘိုးအိုဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အဘိုး... ရေဆာနေပြီလား... ဆရာတော် ခင်ဗျားသောက်ဖို့ ရေတစ်ခွက် သွားခပ်ပေးမယ်..."
ကျန်းလျို၏ စကားကို ကြားသောအခါ အဘိုးအိုသည် အလိုအလျောက် ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားလေသည်။
"မလိုပါဘူး ဆရာတော်... ကျုပ် ရေမဆာပါဘူး..."
"မဟုတ်ဘူး... ခင်ဗျား ရေဆာနေတယ်…”
ရှောင်ထျန်းရွာ မှ ဝူမြို့ သို့ မိုင်နှစ်ရာ၊ သုံးရာခန့် ကွာဝေးရာ သာမန်လူတစ်ယောက် ခြေလျင်လျှောက်သွားမည်ဆိုပါက နှစ်ရက်၊ သုံးရက်ခန့် ကြာမြင့်နိုင်ပေသည်။
သို့သော် ခါးကိုင်းကိုင်းနှင့် လျှောက်လှမ်းနေရသော အဘိုးအိုတစ်ဦးကိုပါ ခေါ်ဆောင်သွားရမည်ဆိုပါက မည်မျှကြာမည်ကို မှန်းဆ၍မရနိုင်တော့ချေ။
သို့ရာတွင် ဖြည်းဖြည်းလျှောက်ရသည်မှာ တစ်ကဏ္ဍဖြစ်ပြီး သူ့ဘက်မှ အလျင်စလိုလုပ်စရာ အကြောင်းမရှိပေ။ အဘိုးအိုအနေဖြင့် တစ်ရက်လျှင် မိုင်နှစ်ဆယ် မလျှောက်နိုင်ပါက ဆယ်မိုင်လျှောက်မည်၊ ဆယ်မိုင် မလျှောက်နိုင်ပါက ငါးမိုင်ခန့် လျှောက်မည် ဖြစ်သည်။
ခြေကြောဆွဲကာ လျှောက်လာရင်း အဘိုးအို ပင်ပန်းသွားတိုင်း ကျန်းလျိုက အနားယူပေးပြီး ထမင်းစားချိန်ရောက်တိုင်း မီးမွှေးကာ ဟင်းချက်ရန် မီးဖိုတည်ပေးလေသည်။
ထို့ကြောင့် လမ်းပေါ်တွင် ငါးရက်၊ ခြောက်ရက်ခန့် အချိန်ဖြုန်းပြီးသည့်တိုင် ဝူမြို့ သို့ မည်မျှဝေးသေးသည်ဆိုသည်မှာ ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေဆဲ ဖြစ်လေသည်။
***
အပိုင်း(၁၁၈)
"ဆရာတော်..."
သစ်ကိုင်းကို တောင်ဝှေးအဖြစ် ထောက်ထားသော အဘိုးအိုသည် ကျန်းလျို ပြင်ဆင်နေသည့် ညစာဖြစ်သော ကင်ထားသည့် သမင်သားကို ကြည့်ရင်း အလိုအလျောက် တံတွေးမျိုချလိုက်မိ၏။
"ဒီသမင်ကိုသာ စီးသွားခဲ့မယ်ဆိုရင် ဝူမြို့ ကို အများကြီး ပိုမြန်မြန် ရောက်နိုင်မယ် မဟုတ်လား..."
"အောမိတော်ဖော... ဒကာကြီး အနောက်ဘက်ကို သွားမယ့် ကျုပ်ရဲ့ ခရီးစဉ်အပေါ်ထားတဲ့ သစ္စာတရားကို သက်သေပြဖို့အတွက် တစ်လှမ်းချင်း လျှောက်သွားရမယ်ဆိုတာကို ခင်ဗျား မသိလို့ပါ..."
"ဒီလိုမှမဟုတ်ရင် ကျုပ်တပည့်ရဲ့ တန်ခိုးစွမ်းရည်တွေကို သုံးပြီး တိမ်တိုက်တွေကို စီး မြူခိုးတွေကို ညွှန်ကြားလိုက်တာနဲ့တင် အနောက်အရပ်က စိတ်ဝိညာဉ်တောင် ကို ခဏလေးနဲ့ ရောက်သွားမှာပေါ့... ဘာလို့ ခြေလျင်လျှောက်ဖို့ လိုတော့မှာလဲ..."
အသားများ နှံ့စပ်စွာ ကျက်စေရန် သမင်သားကို လှန်ပေးရင်း ကျန်းလျိုက ပြောလိုက်သည်။
"ဒီလိုကိုး... ဆရာတော်ရဲ့ ခရီးစဉ်က တကယ်ပဲ ကုသိုလ်တရားတွေ အများကြီး ရနိုင်တာပဲ... ဒါကြောင့် ကျုပ်အနေနဲ့ ဆရာတော်ရဲ့ ခရီးစဉ်ကို ထပ်ပြီး မနှောင့်နှေးစေရဲတော့ပါဘူး... အခုကစပြီး ကျုပ်ရဲ့ ခြေလှမ်းတွေကို ပိုမြန်အောင် ကြိုးစားပါ့မယ်..."
ကျန်းလျို၏ အဖြေကို ကြားပြီးနောက် အဘိုးအိုသည် လေးစားမှုအသစ်ဖြင့် ပြန်လည်ဖြေကြားလေသည်။
"မလိုပါဘူး..."
အဘိုးအို၏ စကားကို ကြားသည်နှင့် ကျန်းလျိုသည် အလျင်အမြန် ခေါင်းခါလိုက်သည်။
ထို့နောက် သူ၏ တုံ့ပြန်မှုမှာ အနည်းငယ် အလျင်စလို နိုင်လွန်းသွားသည်ကို သတိပြုမိဟန်ဖြင့် သူက လေသံကို ပိုမို ပေါ့ပါးသွားစေကာ ပြန်ပြောလိုက်သည်။
"ဒကာကြီး... ဒုက္ခခံမနေပါနဲ့... ခင်ဗျားက အသက်အရွယ်လည်း ကြီးရင့်ပြီး အားနည်းနေတော့ ခရီးရှည်သွားဖို့ အဆင်မပြေပါဘူး... လမ်းမှာ ခင်ဗျားတစ်ခုခု ဖြစ်သွားရင် ကျုပ်ရဲ့ ကုသိုလ်တွေက အကုသိုလ်တွေ ဖြစ်သွားလိမ့်မယ်..."
"ဆရာတော်... အခုလို နှုန်းနဲ့ဆိုရင် မိုင် ရှစ်သောင်းတစ်ထောင် ခရီးစဉ်လေးကို အနောက်ဘက်ကောင်းကင်ဘုံ က တထာဂတ ဆီရောက်ဖို့ ခြောက်နှစ်၊ ခုနစ်နှစ်လောက်တော့ အနည်းဆုံး ကြာလိမ့်မယ်..."
အကင်ကို မျက်စိကျနေသော စွန်ဝူခုန်းသည် ဝင်မပြောဘဲ မနေနိုင်တော့ချေ။
သူစကားပြောနေစဉ်မှာပင် နှာခေါင်းကို အကြိမ်အနည်းငယ် ရှုံ့ကာ အကင်နံ့ကြောင့် စိတ်မရှည်တော့ဘဲ လှမ်းယူလိုက်သည်။
"ဆရာတော်... အသား ကျက်ပြီလား... ဘိုးဘိုးစွန်း ဗိုက်ဆာနေတာ ကြာပြီ..."
"မျောက်လို အလောတကြီး မလုပ်စမ်းနဲ့... နည်းနည်း လိုသေးတယ်..."
ကျန်းလျိုသည် စိတ်အိုက်စွာဖြင့် စွန်ဝူခုန်း၏ လက်ကို ရိုက်ဖယ်လိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"ခြောက်နှစ်၊ ခုနစ်နှစ် ဟုတ်လား... အဲဒီလောက်ဆို ကိစ္စပြတ်သွားမှာပေါ့..."
လက်ကို ရိုက်ဖယ်ခံလိုက်ရသော်လည်း စွန်ဝူခုန်း ဒေါသမထွက်ပေ။ ဆရာတော်၏ တိုးတိတ်သော ရေရွတ်သံကို ကြားသောအခါ ပြုံးလျက် ပြောလိုက်သည်။
"ဆရာတော်သာ အလျင်လိုနေရင် ဘိုးဘိုးစွန်း ခဏလောက် ပိုးပြီး သွားပေးလို့ရတယ်လေ... ဆရာ့ဝန်ကို တပည့်က ကူထမ်းပေးတာဆိုတော့... စည်းကမ်းဖောက်တယ်လို့ မသတ်မှတ်လောက်ပါဘူး..."
"ဆက်မပြောနဲ့တော့ ဝူခုန်း... စိတ်ဝိညာဉ်တောင် ကို ရောက်တဲ့အထိ ခြေရာတစ်ထပ်တည်း လျှောက်သွားမယ်လို့ ဆရာတော် ဆုံးဖြတ်ပြီးသား..."
ကျန်းလျိုက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
သို့သော် သူ၏ ရင်ထဲ၌မူ တိတ်တဆိတ် သက်ပြင်းချမိလေသည်။ စိတ်ဝိညာဉ်တောင်သို့ ရောက်ရန် ခြောက်နှစ်၊ ခုနစ်နှစ် ကြာမည် ဆိုလျှင် ဒုက္ခတော့ ရောက်ချေပြီ။ မူရင်းဇာတ်လမ်းထဲတွင် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့သည် မဟုတ်လော။
‘အဲဒါဆို ငါက အချိန်ဆွဲနိုင်သမျှ အချိန်ဆွဲဖို့၊ ဒါမှမဟုတ် လမ်းလွှဲသွားဖို့ နည်းလမ်းတွေ ရှာရတော့မှာပေါ့…’
အကင် ကျက်ပြီး မကြာမီမှာပင် ဟင်းသီးဟင်းရွက်နှင့် အသားစွပ်ပြုတ် တစ်အိုးလည်း ကျက်သွားလေသည်။ ကျန်းလျိုသည် အဘိုးအိုအား စွပ်ပြုတ်တစ်ပန်းကန်နှင့် အကင်တစ်တုံးကို ထည့်ပေးလိုက်၏။ ထို့နောက် သူတို့ အားလုံး စားကောင်းသောက်ဖွယ်များကို မြိန်ယှက်စွာ စားသုံးလိုက်ကြသည်။
အထူးသဖြင့် စွန်ဝူခုန်းမှာ ကျန်းလျို ချက်ပြုတ်ပေးသော အစားအစာများကို အကြိမ်များစွာ စားဖူးသော်လည်း မည်သည့်အခါမျှ ရိုးအီသွားခြင်း မရှိသည့်အလား ဖြစ်လေသည်။
ဗိုက်ဝသွားပြီးနောက် စွန်ဝူခုန်းသည် ခရီးဆက်ရန် အချိန်တန်ပြီဟု ထင်မှတ်ထားသော်လည်း ကျန်းလျိုက လက်ကာပြကာ ပြောလိုက်သည်။
"ဝူခုန်းရေ... မိုးလည်း ချုပ်နေပြီ… အစားအဝစားပြီးပြီးချင်း အားစိုက်ရတာ မကောင်းဘူး... ဒီညတော့ လမ်းမှာပဲ စခန်းချကြတာပေါ့..."
စွန်ဝူခုန်းမှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး နေမင်းကြီး အနောက်ဘက်သို့ ယိမ်းကျနေဆဲဖြစ်သော မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ မှောင်မိုက်သွားရန် အနည်းဆုံး တစ်နာရီခန့် လိုသေးလေသည်။
ထို့ပြင် သူ၏ ဆရာတော်၏ လျှောက်နှုန်းဖြင့်ဆိုလျှင် မည်သို့လုပ်၍ အားစိုက်ရသော လေ့ကျင့်ခန်းမျိုး ဖြစ်နိုင်မည်နည်း။ ထမင်းစားပြီးနောက် လမ်းလျှောက်ထွက်ခြင်းမျိုးသာ ဖြစ်သည် မဟုတ်ပါလော။
သို့သော် ဆရာတော်ကို သူ မည်သို့ ငြင်းဆန်နိုင်မည်နည်း။
စိတ်ထဲတွင် ကျိတ်၍ ညည်းညူနေသော်ငြားလည်း ကျန်းလျိုသည် ကောင်းကင်နဂါး ဓမ္မတေးသံ ကို ကျင့်ကြံရန် တရားထိုင်နေပြီဖြစ်သည်ကို မြင်လိုက်ရသည်။ ထိုအခါ စွန်ဝူခုန်းသည် ဘာမှဆက်မပြောတော့ဘဲ ပန်းကန်များနှင့် အိုးကို ဆေးကြောရန် နေရာသွားရှာလေတော့သည်။
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားခဲ့သည်။ လုပ်စရာ ဘာမှမရှိသဖြင့် အဘိုးအိုသည် မြေပြင်ပေါ်တွင် လဲလျောင်းကာ အနားယူနေလေသည်။
စွန်ဝူခုန်းသည်လည်း အနီးရှိ မြက်ခင်းပေါ်တွင် လဲလျောင်းကာ ပါးစပ်ထဲတွင် သစ်ကိုင်းခြောက်လေး တစ်ချောင်းကို ကိုက်ထားလိုက်သည်။ ခြေချိတ်လျက် ကောင်းကင်ယံတွင် အသိုက်သို့ ပြန်လာသော ပျံလွှားငှက်များကို ကြည့်ရင်း ဟွာကော်တောင် ကို မတွေးဘဲ မနေနိုင်တော့ချေ။ သူ၏ ငယ်သားလေးများ အားလုံး အဆင်ပြေကြရဲ့လားဟု တွေးတောနေမိလေသည်။
ကောင်းကင်ကြီး ပိုမိုမှောင်မိုက်လာသည်နှင့်အမျှ ကျန်းလျို၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော ယွမ်စွမ်းအင်သည်လည်း အကြိမ် ရှစ်ဆယ့်တစ်ကြိမ်တိတိ လည်ပတ်မှုပြီးမြောက်သွားပြီးနောက် သူ၏ ကျင့်ကြံခြင်းအစီအစဉ်လည်း ပြီးဆုံးသွားလေသည်။ သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ လူနှင့် မျောက် နှစ်ဦးစလုံး အလုပ်မရှိ အကိုင်မရှိ လဲလျောင်းနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
ဤရှေးခေတ်လောကကြီး၏ တောကြိုအုံကြား၌ ညဘက်ရောက်လျှင် မည်သည့် ဖျော်ဖြေရေးအစီအစဉ်မှ မရှိပါလားဟု သူ တိတ်တဆိတ် တွေးတောနေမိသည်။ သူတို့အတွက် ပျော်စရာတစ်ခုခု ရှာပေးသင့်သလော။
‘သူတို့နှစ်ယောက် အချိန်ဖြုန်းလို့ရအောင် စစ်တုရင်ကစားနည်း သင်ပေးလိုက်ရင် ကောင်းမလား…’
သို့သော် မျောက်၏ စိတ်သဘောထားအရ ငြိမ်ငြိမ်ထိုင်ပြီး စစ်တုရင်ကစားရန်ဆိုသည်မှာ သူ့၌ သည်းခံနိုင်စွမ်း လုံးဝရှိမည် မဟုတ်ပေ။
‘ဒါမှမဟုတ် ငါတို့သုံးယောက် ဖဲကစားကြမလား... နောက်ပိုင်း တပည့်လေးယောက်စလုံး စုံသွားတဲ့အခါ အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ်တစ်လျှောက် မာဂျောင် ကစားသွားရင်ရော ကောင်းမလား…’
‘မဖြစ်ဘူး... မဖြစ်ဘူး... ငါ့ရဲ့ အချိန်တွေက အဲဒီလို အလဟဿ ဖြုန်းတီးပစ်ဖို့ အရမ်း တန်ဖိုးကြီးလွန်းတယ်…’
ဖဲကစားရန်နှင့် မာဂျောင်ကစားရန် အတွေးများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျန်းလျိုသည် အလျင်အမြန် ခေါင်းခါလိုက်ပြီး ထိုဆိုးယုတ်သော အတွေးများကို ဖယ်ရှားပစ်လိုက်လေသည်။
ကျန်းလျို ဂယောင်ချောက်ချား တွေးတောနေစဉ်မှာပင် ဘေးနား၌ လုံးဝပျင်းရိနေပြီး အိပ်မပျော်နိုင်ဖြစ်နေသော စွန်ဝူခုန်း၏ မျက်နှာသည် လင်းလက်သွားကာ ရုတ်တရက် မတ်တတ်ထိုင်လိုက်လေသည်။
ကျန်းလျိုနှင့် ဘေးနားရှိ အဘိုးအိုတို့၏ မေးခွန်းထုတ်နေသော အကြည့်များကို ရင်ဆိုင်ရင်း စွန်ဝူခုန်းက သွားဖြဲကာ ပြုံးပြလိုက်၏။
"ဆရာတော်... မိစ္ဆာအငွေ့အသက် ရနေတယ်… သေချင်နေတဲ့ မိစ္ဆာတစ်ကောင် ရောက်လာပြန်ပြီထင်တယ်..."
စွန်ဝူခုန်း၏ စကားသံ ဆုံးသွားသည်နှင့် မကြာမီမှာပင် အနီးရှိ မြက်ခင်းတောထဲမှ မတ်မတ်လျှောက်လှမ်းလာသော မိစ္ဆာတစ်ကောင် ခုန်ထွက်လာလေသည်။ ၎င်းမှာ မတ်တပ်ရပ်လိုက်လျှင် တစ်မီတာကျော် မြင့်မားသော ဖားမိစ္ဆာ တစ်ကောင် ဖြစ်လေသည်။
"မတ်တပ်ရပ် လျှောက်နိုင်တယ်ဆိုတော့ မိစ္ဆာစစ်သည် လား..."
ခုန်ထွက်လာသော ဖားမိစ္ဆာကို မြင်လိုက်ရသောအခါ ကျန်းလျို၏ မျက်လုံးများ အရောင်လင်းသွားလေသည်။
မိစ္ဆာစစ်သည် ဟူသည်မှာ အဆင့် ၂၀ နှင့်အထက် မိစ္ဆာတစ်ကောင် ဖြစ်ကြောင်း အဓိပ္ပာယ်ရလေသည်။ ဤသည်ကား သူတို့၏ တံခါးဝအရောက် လာပို့သော အတွေ့အကြုံမှတ် များပင် ဖြစ်တော့သည်။
"မိုက်လှတဲ့ မိစ္ဆာကောင်... မင်းက ဒီမှာလာပြီး အသေခံရဲတယ်ပေါ့..."
စွန်ဝူခုန်းသည် ပျင်းရိနေသည်မှာ ကြာပြီဖြစ်ရာ ပထမဆုံး လှုပ်ရှားရန် အသင့်ဖြစ်နေပုံရလေသည်။
"ဝူခုန်း... နောက်ဆုတ်နေစမ်း... ဒီကိစ္စကို ဆရာတော်ပဲ ရှင်းမယ်..."
ကျန်းလျိုက အော်ဟစ်လိုက်ရင်း သူ၏လက်ထဲရှိ ကြာပန်းစိမ်း တောင်ဝှေး ကို မြှောက်လိုက်လေသည်။
ခုန်ထွက်လာသော ဖားမိစ္ဆာသည် လူနှင့်မျောက်တို့၏ ရန်လိုနေသော အသွင်အပြင်ကို မြင်သောအခါ လန့်ဖြတ်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားကာ အလျင်အမြန် အော်ဟစ်လိုက်လေသည်။
"ဆရာတော်... နေပါဦး... ကျုပ်... ကျုပ်က တစ်ယောက်ယောက်က ခိုင်းလိုက်လို့ ဆရာတော့်ကို လာရှာတာပါ..."
“ဘာ…”
ဖားမိစ္ဆာ၏ ဤစကားကြောင့် ကျန်းလျိုမှာ တုံ့ဆိုင်းသွားပြီး ရိုက်ချတော့မည့် ကြာပန်းစိမ်း တောင်ဝှေး ကို ပြန်ရုပ်လိုက်လေသည်။
စွန်ဝူခုန်းသည်လည်း သေစေနိုင်သည့် တိုက်ခိုက်မှုမျိုး မလုပ်တော့ဘဲ ဖားမိစ္ဆာကို ဖမ်းဆီးထိန်းချုပ်လိုက်လေသည်။
"တစ်ယောက်ယောက်က ခိုင်းလို့ ငါ့ကို လာရှာတာ ဟုတ်လား... ဘယ်သူက ခိုင်းလိုက်တာလဲ..."
ကျန်းလျိုသည် ဖားမိစ္ဆာကို စူးစမ်းချင်စိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။ အနောက်ဘက် ကောင်းကင်ဘုံ သို့ သွားရာလမ်းတွင် မိစ္ဆာတစ်ကောင်က သူ့ကို အဘယ်ကြောင့် တမင်တကာ လာရှာရသနည်း။ ထိုမျှမက တစ်စုံတစ်ယောက်က ခိုင်းလိုက်သေးသည် ဟုတ်သလော။
"ဒီ... ဒီလူတွေက ဘယ်လို လူတွေလဲဟ..."
သံမဏိကဲ့သို့ မာကျောလှသော စွန်ဝူခုန်း၏ မျောက်လက်ဝါးဖြင့် ဖမ်းဆုပ်ခံထားရသော ဖားမိစ္ဆာမှာ သူ၏ အသည်းနှလုံးများပင် တုန်ယင်နေသလို ခံစားလိုက်ရသည်။ အကယ်၍ သူသာ အချိန်မီ မအော်ဟစ်နိုင်ခဲ့လျှင် ယခုဆို ပြာကျသွားလောက်ပြီ မဟုတ်ပါလော။
‘သိပ်ကို အန္တရာယ်များလွန်းတယ်... သိပ်ကြောက်စရာ ကောင်းလွန်းတယ်…’’
"ဟိတ်ကောင်… ဆရာတော် မေးနေတာကို မကြားဘူးလား... မြန်မြန်ပြောစမ်း..."
ဖားမိစ္ဆာ ကြောက်ရွံ့တုန်လှုပ် နေစဉ်မှာပင် စွန်ဝူခုန်းက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဟိန်းဟောက်လိုက်လေသည်။
စွန်ဝူခုန်း၏ ကြောက်မက်ဖွယ် အမူအရာကို မြင်လိုက်ရသောအခါ ဖားမိစ္ဆာမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး အတွေးလွန်မနေရဲတော့ဘဲ အလျင်အမြန် စတင်ပြောပြလေတော့သည်။
"မြွေခွေးတောင် လင်းယုန်ဝမ်းနည်းချောက် က နဂါးဖြူ တစ်ပါးက ဆရာတော့်ကို လာရှာခိုင်းလိုက်တာပါ…”
***