← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 9 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 9 Ch. 119-120

အပိုင်း(၁၁၉)

မြွေခွေးတောင် လင်းယုန်ဝမ်းနည်းချောက် က နဂါးဖြူ...

ဖားမိစ္ဆာ၏ ဤစကားကို ကြားလိုက်ရသောအခါ ကျန်းလျိုသည် တစ်ခဏမျှ မှင်သက်သွားလေသည်။

အခြားသူများ မသိနိုင်သော်လည်း ကျန်းလျိုက မည်သို့လုပ်၍ မသိဘဲ နေမည်နည်း။ ၎င်းမှာ သူ၏ အနာဂတ် စီးတော်ယာဉ်ဖြစ်လာမည့် နဂါးဖြူမြင်း ပင် မဟုတ်ပါလော။

သူသည် လင်းယုန်ဝမ်းနည်းချောက် သို့ပင် မရောက်သေးရာ မည်သည့်အတွက်ကြောင့် မိစ္ဆာတစ်ကောင်ကို တမင်တကာ လွှတ်၍ သူ့ကို လာရှာခိုင်းရသနည်း။ ဘာတွေ ဖြစ်ကုန်ပြီနည်း။

"ဆရာတော်... အဲဒီ နဂါးဖြူကို သိလို့လား..."

ဖားမိစ္ဆာ၏ စကားကို ကြားသောအခါ စွန်ဝူခုန်းသည် ကျန်းလျိုဘက်သို့ ခေါင်းလှည့်ကာ မေးလိုက်သည်။

"မသိဘူး..."

ကျန်းလျိုက ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ သူ၏ လက်ရှိအခြေအနေအရဆိုလျှင် နဂါးဖြူလေးကို သူ မသိသင့်ပေ။ ထို့ကြောင့် ကျန်းလျိုသည် ဝန်ခံမည် မဟုတ်ချေ။

"ဟဲဟဲ... မသိဘူးဆိုမှတော့ ဒီကောင့်ကို အသက်ရှင်လျက် ချန်ထားစရာ မလိုတော့ဘူးပေါ့..."

ကျန်းလျို၏ အဖြေကို ရရှိပြီးနောက် စွန်ဝူခုန်းသည် သွားဖြဲကာ ပြုံးလိုက်ပြီး သူ၏ အကြည့်တို့သည် သူဖမ်းဆုပ်ထားသော ဖားမိစ္ဆာထံသို့ ကျရောက်သွားလေသည်။

ဖားမိစ္ဆာသည် မိစ္ဆာစစ်သည် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်ငြားလည်း စွန်ဝူခုန်း၏ ရှေ့မှောက်တွင် မည်သို့လုပ်၍ ပြန်လည်ခုခံလိုစိတ် ဖြစ်ပေါ်လာနိုင်မည်နည်း။

စွန်ဝူခုန်း၏ မျက်လုံးများထဲရှိ ရက်စက်ကြမ်းကြုတ်သော အလင်းရောင်ကို မြင်သောအခါ ဖားမိစ္ဆာသည် တုန်ရီသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

"မလုပ်ပါနဲ့... မသတ်ပါနဲ့ မဟာသူတော်စင်ကြီး... ကျုပ်… ကျုပ်က တကယ်ပဲ သတင်းလာပို့တာပါ… လိမ်ပြောနေတာ မဟုတ်ပါဘူး..."

"အိုး... မင်းလို မိစ္ဆာလေးက တော်တော် ဗဟုသုတ ရှိတာပဲ… ဘိုးဘိုးစွန်းကိုတောင် မှတ်မိနေတယ်ပေါ့လေ..."

ဖားမိစ္ဆာ၏ တုံ့ပြန်မှုကို သဘောကျသွားဟန်ဖြင့် စွန်ဝူခုန်း၏ မျက်လုံးများမှာ မှေးစင်းသွားပြီး နောက်ဘက်ရှိ အမြီးကိုပင် လှုပ်ရမ်းလိုက်လေသည်။

အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ်တစ်လျှောက်တွင် သူသည် ကောင်းကင်နှင့်တန်းတူ မဟာသူတော်စင်ကြီး ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ငါးရာက ကောင်းကင်ဘုံကို မည်သို့ ကသောင်းကနင်းလုပ်ခဲ့ကြောင်း အစရှိသည်တို့ကို လူတိုင်းအား ပြောပြလေ့ရှိသည်။

ယခုမူ သူကိုယ်တိုင် ပြောပြနေစရာ မလိုဘဲ အခြားသူများက သူ့ကို အလိုလို မှတ်မိနေကြပြီ ဖြစ်သည်။

စွန်ဝူခုန်းသည် ကျေနပ်သွားပြီး ဖားမိစ္ဆာကိုပင် အမြင်ကြည်လာတော့သည်။

"မှတ်မိပါတယ်... မှတ်မိပါတယ်... နဂါးဖြူလေးက ပြောတယ်… မဟာသူတော်စင်ကြီးက ကွမ်ယင် ဘုရားလောင်းရဲ့ လမ်းညွှန်မှုနဲ့ ဆရာတော်ရဲ့ အကြီးကဲဆုံး တပည့်ဖြစ်လာတယ်တဲ့… ပြီးတော့ နဂါးဖြူလေးကလည်း ကွမ်ယင် ဘုရားလောင်းရဲ့ တရားချွတ်မှုကို ခံရပြီး နဂါးဖြူမြင်းအဖြစ် ပြောင်းလဲသွားပြီတဲ့... သူက မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး ဆရာတော်ကို အနောက်ဘက်ကောင်းကင်ဘုံ အထိ ပို့ဆောင်ပေးချင်နေတာပါ..."

ဖားမိစ္ဆာသည် အလျင်အမြန် ခေါင်းတညိတ်ညိတ်လုပ်ကာ ရှင်းပြလိုက်လေသည်။

"ဆရာတော်... ကြည့်ရတာ ကျုပ်တို့တွေ လင်းယုန်ဝမ်းနည်းချောက် ကို တစ်ခေါက်လောက်တော့ သွားရမယ်ထင်တယ်... ကွမ်ယင် က ဆရာတော့်အတွက် နောက်ထပ် တပည့်တစ်ယောက်ကို တရားချွတ်ပေးလိုက်ပြန်ပြီ… ဆရာတော့်ရဲ့ စီးတော်ယာဉ်အဖြစ် အသုံးတော်ခံဖို့တဲ့..."

စွန်ဝူခုန်းသည် ဖားမိစ္ဆာကို လွှတ်ပေးလိုက်ပြီး ကျန်းလျိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ..."

ကျန်းလျို၏ မျက်နှာအမူအရာမှာ လေးနက်သွား၏။ သူသည် ခေါင်းကို တည်ကြည်စွာ ခါယမ်းလျက် ဖားမိစ္ဆာအား ပြောလိုက်သည်။

"မိုက်မဲတဲ့ မိစ္ဆာ... ဒီအကြောင်းပြချက်ကို သုံးပြီး ငါကိုယ်တော်ကို လှည့်စားချင်နေတာလား… အောမိတော်ဖော... အခုချက်ချင်း ထွက်သွားစမ်း… မင်းကို အသေမသတ်ဘဲ အလွတ်ပေးလိုက်မယ်... မဟုတ်လို့ကတော့ ထပ်ပြီး စကားတစ်ခွန်းပြောကြည့်… ဒီနေရာမှာတင် မင်းကို ရိုက်သတ်ပစ်မယ်..."

"ဆရာတော်... တပည့်တော် ပြောတဲ့ စကားတိုင်းက အမှန်တွေချည်းပါပဲ.. ဂွီ..."

ထန်ဆရာတော်က မိမိအား မယုံကြည်သည်ကို မြင်သောအခါ ဖားမိစ္ဆာသည် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"ဟမ့်..."

သို့သော် ဖားမိစ္ဆာ၏ အော်ဟစ်သံကို ကြားသောအခါ ကျန်းလျို၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ သူ၏ မျက်လုံးများက သကောင့်သားကို ခြိမ်းခြောက်သည့်အသွင်ဖြင့် စိုက်ကြည့်လိုက်ကာ လက်ထဲရှိ ကြာပန်းစိမ်း တောင်ဝှေး ကိုလည်း မြှောက်လိုက်လေသည်။

သူ၏ ခြိမ်းခြောက်မှုမှာ စကားလုံးများ မလိုအပ်ဘဲ ရှင်းလင်းနေပေသည်။

"ဆရာတော်... ကျုပ် အခုပဲ သွားပါတော့မယ်..."

ကျန်းလျို၏ အမူအရာသည် လုံးဝ နောက်ပြောင်နေခြင်း မဟုတ်ကြောင်းကို မြင်လိုက်ရသောအခါ ဖားမိစ္ဆာသည် ဘာမျှ ထပ်မပြောရဲတော့ချေ။ အလွန်အမင်း ထိတ်လန့်သွားကာ လှည့်ထွက်ပြီး အနီးရှိ မြက်ခင်းတောထဲသို့ ခုန်ဆင်းသွား၍ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

စွန်ဝူခုန်းသည် ထွက်ပြေးသွားသော ဖားမိစ္ဆာကို ကြည့်ရင်း မည်သို့မျှ မလှုပ်ရှားခဲ့သော်လည်း အနည်းငယ် တွေဝေသွားဟန်ဖြင့် သူ၏ ခေါင်းကို ကုတ်ကာ ကျန်းလျိုအား ကြည့်လျက် ပြောလိုက်သည်။

"ဆရာတော်... ဖားမိစ္ဆာက ကျုပ်တို့ကို လှည့်စားနေတာလို့ ပြောခဲ့တယ်မဟုတ်လား... ဒါပေမဲ့ ဘိုးဘိုးစွန်းကတော့ အဲဒါ လိမ်နေတဲ့ပုံ မပေါ်ဘူးလို့ ထင်တယ်..."

"မျောက်လေး... ဦးနှောက်ဆိုတာ ကောင်းတဲ့အရာတစ်ခုပါ… မင်းမှာလည်း ရှိစေချင်တာပဲ... ကဲပါ... တော်ပြီ ဆက်မပြောနဲ့တော့… အနားယူကြတာပေါ့..."

ကျန်းလျိုသည် စွန်ဝူခုန်းကို တစ်ချက်ကြည့်ကာ ခေါင်းအနည်းငယ် ခါယမ်းရင်း ပြောလိုက်သည်။

"ဆရာတော်... ဆရာတော်က အတင်း ခေါင်းမာနေတာပဲ... ဆရာတော်ကသာ မှားနေတာ ရှင်းနေတာပဲ မဟုတ်ဘူးလား... ဖားမိစ္ဆာရဲ့ စကားတွေက လှည့်စားနေတဲ့ပုံ လုံးဝ မပေါ်ပါဘူး..."

စွန်ဝူခုန်းသည် ကျန်းလျို၏ တုံ့ပြန်မှုကြောင့် အနည်းငယ် မတရားခံလိုက်ရသည်ဟု ခံစားလိုက်ရလေသည်။

ဆရာတော် မှားနေသည်မှာ ထင်ရှားနေပါလျက်နှင့် စွန်ဝူခုန်းအား ဉာဏ်မရှိဟု ပြောရက်လေသလော။

သို့သော် စွန်ဝူခုန်း၏ တိုးတိတ်သော ညည်းညူသံများကို ကျန်းလျိုသည် မည်သို့မျှ ထပ်မံတုံ့ပြန်ခြင်း မပြုတော့ချေ။ အချိန်အတော်ကြာ အနားယူပြီးနောက်၊ သူသည် တင်ပျဉ်ခွေကာ ပြန်လည်ထိုင်လိုက်ပြီး သူ၏ အတွေ့အကြုံမှတ် များကို မြှင့်တင်ရန်အတွက် ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို ဆက်လက် လည်ပတ်စေလိုက်လေသည်။

ဖားမိစ္ဆာ ပြောဆိုခဲ့သောအရာများမှာ အမှန်တရားများဖြစ်ကြောင်းကို ကျန်းလျိုက မည်သို့လုပ်၍ မသိဘဲ နေမည်နည်း။

သူ လင်းယုန်ဝမ်းနည်းချောက် သို့ပင် မရောက်ရှိသေးမီ နဂါးဖြူလေး က သူ၏ အကူအညီကို လိုအပ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထိုမျှမက မိစ္ဆာတစ်ကောင်က သူ့ကို စိတ်အားထက်သန်စွာ လာရောက်ရှာဖွေခဲ့ခြင်းမှာ ကျန်းလျိုအား တကယ်ပင် အံ့အားသင့်သွားစေခဲ့သည်။

သို့ရာတွင် သေချာစွာ စဉ်းစားပြီးနောက် ကျန်းလျိုသည် အနောက်ဘက်ကောင်းကင်ဘုံ သို့ အတူတကွ ခရီးနှင်ရန်အသာထား နဂါးဖြူလေး ကိုပင် ကယ်တင်လိုစိတ်ပင် မရှိခဲ့ပေ။

ပထမအချက်အနေဖြင့် ကျန်းလျိုသည် အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ် ကို အမှန်တကယ် စတင်ခဲ့ပြီဖြစ်သည်။သို့သော်လည်း ဤလမ်း၏ အဆုံးသတ်တွင် သူ့အတွက် အသက်ရှင်လျက် လွတ်မြောက်နိုင်ရန် သေရေးရှင်ရေး တိုက်ပွဲတစ်ခု ပါဝင်နေလေသည်။ ထို့ကြောင့် အချိန်ဆွဲပြီး အနောက်ဘက်ကောင်းကင်ဘုံ သို့ တတ်နိုင်သမျှ နောက်ကျမှ ရောက်ရှိခြင်းက သူ၏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အချိန်ကို အများဆုံး အသုံးချနိုင်မည် ဖြစ်သောကြောင့် ပို၍ ကောင်းမွန်ပေသည်။

ဤသည်မှာ အဘိုးအိုအား ဝူမြို့ သို့ ပို့ဆောင်ရန် လမ်းလွှဲသွားမည့်ခရီးကို သူ လိုလိုလားလား ရွေးချယ်ခဲ့ရသည့် အဓိက အကြောင်းရင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ခရီးလမ်းအား တွင်စေမည့် မြင်းကို ဘာကြောင့် စီးရမည်နည်း။

ထိုသို့လုပ်ခြင်းသည် မိမိ၏ သေမင်း တံခါးဝဆီသို့ အလျင်စလို ပြေးသွားနေခြင်းပင် မဟုတ်ပါလော။

ဒုတိယအချက်အနေဖြင့် သူ၏ အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ် သည် ကောင်းကင်နတ်မင်းများ၊ ရုလိုင်ဗုဒ္ဓတို့နှင့် သေရေးရှင်ရေး ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲတစ်ခု ဖြစ်နေသည်။

ထိုအ‌ကြောင်းကြောင့်ပင်… စွန်ဝူခုန်းသည် သူနှင့်အတူ လိုက်ပါလာရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

နဂါးဖြူလေးသည် ဤခရီးစဉ်တွင် ပါဝင်ရန် မည်မျှ စိတ်အားထက်သန်နေကြောင်းကို ကြည့်ခြင်းအားဖြင့် သူသည် အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ်အပေါ် အမှန်တကယ် ရိုးသားစွာ ကြည်ညိုမြတ်နိုးနေကြောင်း ထင်ရှားလှပေသည်။

ဤသည်မှာ ကျန်းလျို၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

နဂါးဖြူလေးသည် အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ်အဖွဲ့ အတွင်း၌ ဗုဒ္ဓဘာသာဂိုဏ်းမှ စိုက်ပျိုးထားသော ထောက်လှမ်းရေး မျက်လုံးတစ်လုံး ဖြစ်လာနိုင်ခြေရှိသည်ဟု ကျန်းလျို ခံစားမိလေသည်။

ထို့ကြောင့် သူ၏ ကိုယ်ပိုင် ရပ်တည်ချက်မှကြည့်လျှင် ကျန်းလျိုသည် နဂါးဖြူလေးအား သူ၏ စီးတော်ယာဉ်အဖြစ် လက်ခံရန် အလွန်အမင်း ဝန်လေးနေခဲ့သည်။

ဖားမိစ္ဆာ ပြောခဲ့သော စကားများမှာ အမှန်ဖြစ်ကြောင်းကို စွန်ဝူခုန်းက ယုံကြည်ခဲ့ပြီး အမှန်တကယ်လည်း မှန်ကန်လှပေသည်။ သို့သော် နည်းဗျူဟာ ရှုထောင့်မှကြည့်လျှင် နဂါးဖြူလေး ကို အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ်အဖွဲ့ ထဲသို့ ဝင်ရောက်ခွင့် မပြုနိုင်ချေ။

ထို့ကြောင့် ၎င်းမှာ အမှန်ဖြစ်ကြောင်းကို သူ သိနေလင့်ကစား သူသည် ဝန်ခံ၍ မရနိုင်ဘဲ ဖားမိစ္ဆာက သူတို့ကို လှည့်စားနေခြင်းဖြစ်သည်ဟုသာ ပြောဆိုနိုင်ခဲ့လေသည်။

"ဟူး... ဒီမျောက်က မတုံးဘူးဆိုပေမယ့်… အမြဲတမ်း ဖြောင့်ဖြောင့်တန်းတန်းပဲ တွေးတတ်တာခက်တယ်..."

ကျန်းလျိုသည် စွန်ဝူခုန်း၏ မခံမရပ်နိုင် ညည်းညူသံများကို သတိရလိုက်ရင်း စိတ်ထဲမှ သက်ပြင်းချကာ တွေးတောလိုက်လေသည်။

သို့သော် တစ်ဖန် ပြန်တွေးကြည့်လျှင် အကယ်၍ စွန်ဝူခုန်း၌ ထိုမျှလောက် အမြော်အမြင်ရှိပြီး အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်း ရှိခဲ့မည်ဆိုပါက ဝူရှင်းတောင် အောက်တွင် ဖိနှိပ်ခံရမည့် ဘဝသို့ ရောက်ရှိသွားမည် မဟုတ်တန်ရာပေ။

ညတာသည် စကားပြောဆိုခြင်း မရှိဘဲ ကုန်လွန်သွားခဲ့သည်။ နေမင်းကြီး ထပ်မံ ထွက်ပေါ်လာသောအခါ ကျန်းလျိုသည် သူ၏ ချက်ပြုတ်ခြင်း အလုပ်များကို ဆက်လက်လုပ်ဆောင်လေသည်။ ဆန်ပြုတ်တစ်အိုးကို ကျိုချက်ကာ အားလုံး ဗိုက်ဝအောင် ကျွေးမွေးပြီးနောက် အရှေ့တောင်ဘက်သို့ ဦးတည်၍ ခရီးကို ဖြည်းညင်းစွာ ဆက်လက် ထွက်ခွာလာခဲ့ကြလေသည်။

...

တစ်ချိန်တည်းမှာပင် လောကကြီး၏ အခြားတစ်နေရာဖြစ်သော မြွေခွေတောင် လင်းယုန်ဝမ်းနည်းချောက် အတွင်း၌ နဂါးဖြူလေး တစ်ပါးသည် ရေထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူ စေလွှတ်ထားသော မိစ္ဆာငယ်များထံမှ အကြောင်းပြန်ကြားမှုများကို စောင့်ဆိုင်းနေလေသည်။

ကွမ်ယင် ဘုရားလောင်း ထံမှ တရားချွတ်မှုကို ခံယူရရှိပြီးကတည်းက နဂါးဖြူလေး သည် ကျမ်းစာယူမည့်သူ ရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ကျမ်းစာယူမည့်သူ များကို လွတ်သွားမည် စိုးရိမ်သဖြင့် ဖြတ်သန်းသွားလာသော ဘုန်းတော်ကြီးများကို စောင့်ကြည့်ရန် မိစ္ဆာငယ်အချို့ကိုပင် စည်းရုံးဖွဲ့စည်းထားခဲ့လေသည်။

အလွန်ခက်ခဲစွာဖြင့် နောက်ဆုံးတွင် ကျမ်းစာယူမည့်သူ ၏ သဲလွန်စများကို သူ ရှာဖွေတွေ့ရှိသွားခဲ့သည်။ လင်းယုန်ဝမ်းနည်းချောက် အတွင်း ပိတ်မိနေသော နေ့ရက်များ အဆုံးသတ်တော့မည်ဟု ယုံကြည်ကာ နဂါးဖြူလေး သည် ရင်ထဲ၌ ဝမ်းသာပီတိများ လွှမ်းမိုးသွားခဲ့လေသည်။

သို့သော် ကျမ်းစာယူမည့်သူသည် လမ်းတစ်ဝက်မှ နောက်ကြောင်းပြန်လှည့်သွားကာ ပို၍ပို၍ ဝေးကွာသွားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

ဤသည်က နဂါးဖြူလေး အား စိုးရိမ်ပူပန်သွားစေပြီး အခြားရွေးချယ်စရာ မရှိတော့သဖြင့် ကျမ်းစာယူမည့်သူ ၏ နောက်သို့ လိုက်ရန် မိစ္ဆာငယ်တစ်ကောင်ကို စေလွှတ်လိုက်ရလေသည်။

"ကျုပ် ပြန်လာပြီ... ကျုပ် ပြန်လာပြီ..."

နဂါးဖြူလေး ၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်မှာပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။ ချက်ချင်းဆိုသလိုပင် အထက်မှနေ၍ ဖားမိစ္ဆာ တစ်ကောင်သည် လင်းယုန်ဝမ်းနည်းချောက် အတွင်းသို့ ခုန်ဆင်းလာပြီး နဂါးဖြူလေး ထံသို့ ကူးခတ်လာလေသည်။

"ဘယ်လိုလဲ... ကျမ်းစာယူမယ့်သူကို တွေ့ခဲ့လား... သူ ဘယ်တော့လာပြီး ငါ့ကို ကယ်တင်ပေးမှာလဲ..."

မိမိ စေလွှတ်လိုက်သော မိစ္ဆာငယ် ပြန်ရောက်လာသည်ကို မြင်သောအခါ နဂါးဖြူလေး က စိတ်အားထက်သန်စွာဖြင့် မေးလိုက်လေ တော့သည်။

***

အပိုင်း(၁၂၀)

ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းလာခဲ့ရာ တစ်နေ့လျှင် ခရီးမိုင် နှစ်ဆယ် သုံးဆယ်ခန့်သာ ပေါက်ရောက်ခဲ့၏။ မည်သည့်အလျင်စလိုမှုမျှ မရှိခဲ့ပေ။ လဝက်ခန့် ကြာပြီးနောက်တွင် ကျန်းလျိုတို့သည် အဝေးမှ မြို့တစ်မြို့ကို လှမ်းမြင်လိုက်ရပြီး ဝူမြို့ ၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိသွားကြလေသည်။

မြို့ထဲသို့ ဝင်ရောက်ပြီးနောက် အဘိုးအို၏ သမီးဖြစ်သူ နေထိုင်ရာကို စုံစမ်းမေးမြန်းရင်း သူမ၏အိမ်ကို ရှာဖွေတွေ့ရှိသွားခဲ့ကြသည်။

ရှောင်ထျန်းရွာ မှ အဖြစ်ဆိုးကြီးကို ကြားသိရသောအခါ သမီးဖြစ်သူမှာ ပြင်းစွာ ငိုကြွေးလေတော့သည်။ ထို့အပြင် ဖခင်ဖြစ်သူကို သူမထံသို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ကျန်းလျို၏ ကျေးဇူးတရားကို သူမသည် အတိုင်းမသိ ကျေးဇူးတင်နေခဲ့သည်။

"ဆရာတော်... ဆရာတော်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားအတွက် တပည့်တော် တစ်သက်လုံး ကျေးဇူးဆပ်လို့ ကုန်မှာ မဟုတ်ပါဘူး..."

အဘိုးအိုကလည်း ကျန်းလျိုအား လေးနက်စွာ ပြောလိုက်သည်။

အဘိုးအိုအတွက်မူ ကျန်းလျို၏ လုပ်ရပ်သည် အသက်သခင်ကျေးဇူးရှင်နှင့် မခြားပေ။ မည်သို့ပင်ဆိုစေ လမ်းတစ်လျှောက် သူ၏ လိုက်ပါစောင့်ရှောက်မှုသာ မပါခဲ့ပါက မိသားစုမရှိဘဲ တစ်ကောင်ကြွက်ဖြစ်နေသော သူ့လို အဘိုးအိုတစ်ဦးအနေဖြင့် ရှောင်ထျန်းရွာ တွင် ဆက်နေသည်ဖြစ်စေ ခရီးထွက်လာသည်ဖြစ်စေ သေချာပေါက် သေဆုံးခဲ့ရမည် ဖြစ်လေသည်။

"လမ်းခွဲရမယ့် အချိန်တန်ပြီ ဒကာကြီး..."

ကျန်းလျိုသည် လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။ သမီးနှင့် သမက်ဖြစ်သူတို့က အဘိုးအိုအား ပြုစုစောင့်ရှောက်ရန် ဆန္ဒရှိကြသည်ကို မြင်သောအခါ ကျန်းလျိုသည် များစွာ စိတ်အေးသွားခဲ့လေသည်။

ဒင် - "အစောင့်အရှောက်အဖြစ် လိုက်ပါပို့ဆောင်ခြင်း" မစ်ရှင် ပြီးမြောက်သွားပါပြီ။ အတွေ့အကြုံမှတ် ၇,၀၀၀ ရရှိသည်။

အဘိုးအိုအား နှုတ်ဆက်ပြီးနောက် ကျန်းလျိုနှင့် စွန်ဝူခုန်းတို့သည် ဝူမြို့ အတွင်း လမ်းလျှောက်ထွက်လာခဲ့ကြပြီး၊ ဆန်၊ ဂျုံနှင့် ဟင်းသီးဟင်းရွက် ရိက္ခာများကို ဖြည့်တင်းရန် စားနပ်ရိက္ခာဆိုင် တစ်ဆိုင်ရှေ့တွင် ရပ်တန့်လိုက်ကြသည်။

ဝူမြို့သည် မဟာထန် ၏ နယ်နိမိတ်အတွင်း မရှိတော့သဖြင့် ကြေးဒင်္ဂါးများကို လက်မခံကြတော့ပေ။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရွှေနှင့်ငွေတို့မှာ နေရာအနှံ့ လက်ခံသော ငွေကြေးများ ဖြစ်နေဆဲပင်။

ဆန်၊ ဂျုံနှင့် ဟင်းသီးဟင်းရွက်များကို ဝယ်ယူစုဆောင်းပြီးနောက် ကျန်းလျိုသည် ဝူမြို့ မှ ထွက်ခွာရန် အလျင်စလို မရှိခဲ့ပေ။ ယင်းအစား သူသည် ငွေစအချို့ အသုံးပြု၍ ဆိုင်ခန်းငယ်တစ်ခု ဖွင့်လှစ်လိုက်ပြီး ဆိုင်းဘုတ်တစ်ခုကို ထင်ရှားစွာ ချိတ်ဆွဲလိုက်သည်။

ထိုဆိုင်းဘုတ်တွင်…

'အကြောလွဲခြင်းနှင့် ထိခိုက်ဒဏ်ရာများအတွက် အခမဲ့ ကုသပေးသည်။ ငွေမယူပါ'

ဟု ရေးသားထားလေသည်။

သို့သော် ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသော်လည်း တစ်နေကုန်လုနီးပါး အချိန်ကုန်သွားသည့်တိုင် မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ခြင်း မရှိသဖြင့် ကျန်းလျိုမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရလေသည်။

ဤမြို့သည် တကယ်ပဲ ထိုမျှလောက် အန္တရာယ်ကင်းနေသလော။ ရိုးရှင်းသော ထိခိုက်ဒဏ်ရာလေးများ ရထားသူပင် တစ်ယောက်မှ မရှိဘူးလော။

သို့တည်းမဟုတ် အခမဲ့ ဝန်ဆောင်မှုဟု ကြော်ငြာထားသော်လည်း သူ၏ ဆိုင်ခန်းလေးကို လူတွေ သတိမထားမိကြလို့များလော။

"ကြော်ငြာ နည်းနည်းလောက် လုပ်ဖို့ လိုနေတာများလား..."

ကျန်းလျိုသည် ခေတ္တမျှ တွေးတောပြီးနောက် သူ့ဘာသာ ရေရွတ်လိုက်သည်။

အကယ်၍ လူများက သူ၏ ဆိုင်ခန်းအကြောင်းကို မသိကြလျှင် ကုသမှုခံယူရန် သူ့ထံ လာကြမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူ၏ အဆင့်ပြောင်းမစ်ရှင် ဒုတိယအဆင့်မှာ အကန့်အသတ်မရှိ နှောင့်နှေးသွားနိုင်လေသည်။

အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ် ကို နှောင့်နှေးစေရန် သူ လိုလိုလားလား ရှိနေသော်လည်း ဤ အဆင့်ပြောင်းမစ်ရှင် ကိုမူ မြန်မြန်ဆန်ဆန် ပြီးမြောက်သွားစေချင်ခဲ့သည်။

"ဆရာတော်... ဘယ်သူမှလည်း လာတာ မဟုတ်ဘူး… တအား ပျင်းစရာကောင်းမနေဘူးလား..."

ဝါးကုလားထိုင်ပေါ်တွင် လဲလျောင်းကာ ယင်ကောင်များကို ပျင်းရိပျင်းတွဲ ရိုက်ထုတ်နေသော စွန်ဝူခုန်းက ညည်းညူလိုက်သည်။

"အင်း... အဲဒီတော့ မျောက်လေး... မင်း ကျွမ်းဘား နည်းနည်းလောက် ထိုးပြလိုက်ရင် မကောင်းဘူးလား..."

ကျန်းလျိုသည် ခေါင်းအနည်းငယ် ညိတ်ပြကာ စွန်ဝူခုန်းအား အကြံပြုလိုက်သည်။

လူအများ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် ကြော်ငြာအချို့ လိုအပ်နေပြီး မျောက်ပြပွဲ လုပ်ခြင်းသည် အတော်လေး ထိရောက်သော နည်းလမ်းဖြစ်ပုံရသည်။ ထို့ပြင် အသင့်သုံးစရာ မျောက်တစ်ကောင်လည်း ရှိနေသည် မဟုတ်ပါလော။

"မလုပ်ပါဘူး... ဘိုးဘိုးစွန်း ကျွမ်းထိုးပြတာက ဆရာတော် ဦးထုပ်ချွတ်ပြတာလောက် လူစိတ်ဝင်စားမှု ရမှာ မဟုတ်ဘူး... ချွတ်သာ ချွတ်ပြလိုက် ချက်ချင်း လူအုံလာလိမ့်မယ်..."

စွန်ဝူခုန်းသည် နှာခေါင်းကလော်ကာ နှာချေးများကို ခါထုတ်ရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဟင်… မင်းက တစ်ခါတလေကျရင် တော်တော် ပါးနပ်တာပဲ မျောက်လေး..."

ကျန်းလျိုသည် ဝူခုံးကို ကြည့်ကာ အံ့အားသင့်ဟန်ဖြင့် ဆိုလိုက်၏။

"ဒါပေါ့..."

စွန်ဝူခုန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေလိုက်၏။ သူ၏ နောက်ကျောမှ အမြီးသည်လည်း လှုပ်ရမ်းသွားလေသည်။

သို့သော် မကြာမီမှာပင် မျောက်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။

"နေပါဦး... ဟေ့... ဆရာတော် ပြောချင်တာက ဘိုးဘိုးစွန်းက ပုံမှန်ဆို တုံးတယ်ပေါ့..."

ကျန်းလျိုသည် စွန်ဝူခုန်း၏ မေးခွန်းကို ပြုံးရုံသာ ပြုံးပြလိုက်ပြီး မဖြေတော့ချေ။ အကြံပြုချက်ကို လက်ခံသည့်အနေဖြင့် သူ၏ ခေါင်းပေါ်မှ ဝိဒျာရာဇာ သရဖူ ကို ချွတ်ကာ ဘေးနားရှိ စားပွဲပေါ်တွင် တင်ထားလိုက်လေသည်။

သူ၏ ခေါင်းပေါ်ရှိ နံ့သာတိုင်အမာရွတ် အမှတ်အသား ဆယ့်နှစ်ခုသည် ယခုအခါ အပြည့်အဝ ပေါ်လွင်သွားလေပြီ။

အမှန်တကယ်ပင် စွန်ဝူခုန်း ပြောခဲ့သည့်အတိုင်း ကျန်းလျို၏ ဆိုင်ခန်းလေးကို လှမ်းကြည့်မိသော လမ်းသွားလမ်းလာများသည် သူ၏ ခေါင်းပေါ်ရှိ ထူးခြားသော အမှတ်အသား ဆယ့်နှစ်ခုကို ချက်ချင်း သတိပြုမိသွားကြပြီး အံ့သြတကြီး ဆူညံသွားကြတော့သည်။

လက်ဖက်ရည်တစ်ခွက်စာ ကျိုချိန်တောင် မပြည့်မီမှာပင် လူအုပ်ကြီးသည် ကျန်းလျို၏ ဆိုင်ခန်းလေးရှေ့သို့ စုရုံးရောက်ရှိလာကြပြီး အထပ်ထပ်အခါခါ ဝိုင်းအုံကြည့်ရှုနေကြတော့သည်။

"ဒကာ ဒကာမအပေါင်းတို့... ဘုန်းဘုန်းက မဟာထန်ဧကရာဇ်ရဲ့ အမိန့်တော်နဲ့ အနောက်ဘက်ကောင်းကင်ဘုံကို ဘုရားဖူးပြီး ကျမ်းစာသွားပင့်မယ့်သူပါ... ဒီနေရာကို ဖြတ်သွားရင်း ရေစက်ဆုံလို့… ကုသိုလ်ယူတဲ့အနေနဲ့ ပြည်သူတွေအတွက် အကြောလွဲတာတွေ၊ ထိခိုက်ဒဏ်ရာတွေကို အခမဲ့ ကုသပေးဖို့ ဆိုင်ခန်းလေး ဖွင့်လိုက်တာပါ..."

ကျန်းလျိုသည် သူ၏ ဆိုင်ခန်းလေးကို အထပ်ထပ်အခါခါ ဝိုင်းအုံကြည့်ရှုနေသော မရေမတွက်နိုင်သည့် လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်လေသည်။

ထင်ထားသည့်အတိုင်းပင် နာမည်ကျော်ကြားမှုက ကိစ္စရပ်များကို ပိုမို လွယ်ကူချောမွေ့သွားစေလေသည်။

အချိန်တိုအတွင်းမှာပင် ခေါင်းပေါ်၌ နံ့သာတိုင်အမာရွတ် အမှတ်အသားများရှိသော ဘုန်းတော်ကြီးတစ်ပါးက ထိခိုက်ဒဏ်ရာများကို အခမဲ့ ကုသပေးနေကြောင်း လူအများ သိရှိသွားကြသည်။ တစ်ယောက်ပြီးတစ်ယောက် သူ၏ အကူအညီကို ရယူရန် ရောက်လာကြတော့သည်။

အအေးမိခြင်းနှင့် တုပ်ကွေးကဲ့သို့သော ရောဂါများကိုမူ သူ မကုသပေးနိုင်စွမ်း ရှိချေ။ ချော်လဲခြင်းနှင့် ထိခိုက်ဒဏ်ရာများကိုသာ ကုသပေးနိုင်လေသည်။

အချို့လူများသည် အိမ်ခေါင်မိုး ပြင်ဆင်ရင်း ပြုတ်ကျ၍ ဒဏ်ရာရလာကြသည်။ အချို့မှာ အိမ်တွင် ဟင်းသီးဟင်းရွက် လှီးရင်း လက်ချောင်း ရှမိလာကြပြီး၊ အချို့မှာ သိုင်းပညာ လေ့ကျင့်ရင်း ထိခိုက်ဒဏ်ရာ ရလာကြလေသည်...

ဤဒဏ်ရာများအတွက် ကျန်းလျိုသည် မည်သူ့ကိုမျှ ငြင်းလွှတ်ခြင်း မပြုခဲ့ပေ။ ကွမ်ယင် ဂါထာ စွမ်းရည်ကို အထပ်ထပ်အခါခါ အသုံးပြုလိုက်ရာ မူလကတည်းက သိပ်မပြင်းထန်သော ၎င်းတို့၏ ဒဏ်ရာများသည် စွမ်းရည်အသုံးပြုလိုက်တိုင်း ၎င်းတို့၏ ခေါင်းပေါ်ရှိ သွေးတန်းများ ပြန်လည်ပြည့်ဝလာသည်နှင့်အမျှ သက်သာပျောက်ကင်းသွားလေသည်။

ဘေးမှ ကြည့်ရှုနေသူများအတွက်မူ ကျန်းလျို၏ ကုသနည်းများသည် ချက်ချင်း လက်ငင်း ထိရောက်မှုရှိသည်ဟု ထင်မြင်စေပြီး သူ၏ နာမည်ဂုဏ်သတင်းကို ပိုမို ကြီးမားသွားစေလေသည်။

ဒင် - အဆင့်ပြောင်းမစ်ရှင် ပြီးမြောက်မှု ၁၄/၂၀၀ ရှိသည်။

ဒင် - အဆင့်ပြောင်းမစ်ရှင် ပြီးမြောက်မှု ၂၂/၂၀၀ ရှိသည်။

ဒင် - အဆင့်ပြောင်းမစ်ရှင် ပြီးမြောက်မှု ၃၃/၂၀၀ ရှိသည်။

***

All Chapters