← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 9 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 9 Ch. 121-122

အပိုင်း(၁၂၁)

လူများသည် ဒဏ်ရာများကို ကုသရန် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။သို့သော်လည်း ကွမ်ယင် ဂါထာ စွမ်းရည်မှာ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် စက္ကန့် ၆၀၀ လိုအပ်သောကြောင့် မစ်ရှင်ပြီးမြောက်မည့် အရှိန်အဟုန်ကို အတော်လေး ကန့်သတ်ထားသလို ဖြစ်နေလေသည်။

သို့သော် မစ်ရှင်ပြီးမြောက်မှု တဖြည်းဖြည်း တိုးတက်လာသည်ကို မြင်ရသောအခါ ကျန်းလျိုသည် အတော်လေး ကျေနပ်အားရနေလေသည်။ ဤနှုန်းအတိုင်းဆိုလျှင် ရက်အနည်းငယ်အတွင်း အဆင့်ပြောင်းမစ်ရှင်၏ ဒုတိယအဆင့်ကို သူ ပြီးမြောက်နိုင်မည် ဖြစ်သည်။

သို့သော် အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားကာ ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာချိန်တွင် ရုတ်တရက် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော စစ်သည်ဆယ်ဂဏန်းခန့်သည် လူအုပ်ကြီးကို တိုးဝှေ့လျက် ကျန်းလျို၏ အနီးသို့ ချဉ်းကပ်လာကြလေသည်။

"ဆရာတော်... ကျေးဇူးပြုပြီး ကူညီပေးပါဦး..."

အစောင့်စစ်သည်တစ်ဦးက ပြောလိုက်ပြီး ပြင်းထန်စွာ ဒဏ်ရာရနေသော စစ်သည်လေးဦး လဲလျောင်းနေသည့် လူနာတင်စင် အချို့ကို သယ်ဆောင်လာကြလေသည်။

၎င်းတို့အနက် တစ်ဦးမှာ ဗိုက်ပွင့်ထွက်မတတ် ဒဏ်ရာရနေပြီး သွေးများ အဆက်မပြတ် ထွက်ကျနေကာ မျက်နှာမှာ သွေးဆုတ်ကာ ဖြူရော်နေလေသည်။ ဤစစ်သည်များ၏ ဒဏ်ရာများသည် ဓား၊ လှံ လက်နက်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ သိသာနေပေသည်။

"ကွမ်ယင် ဂါထာ..."

အပြင်းထန်ဆုံး ဒဏ်ရာရနေသော စစ်သည်ကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် ကွမ်ယင် ဂါထာ စွမ်းရည်ကို အလျင်အမြန် အသုံးပြုလိုက်ရာ သူ၏ အခြေအနေ အနည်းငယ် တိုးတက်လာလေသည်။ ထို့နောက် သူသည် သိုလှောင်အိတ်ထဲမှ သွေးပုလင်း တစ်ပုလင်းကို ထုတ်ယူကာ ဒဏ်ရာ အခြေအနေ တည်ငြိမ်သွားစေရန် စစ်သည်၏ လည်ချောင်းထဲသို့ လောင်းထည့်ပေးလိုက်လေသည်။

ကုသမှု နှစ်မျိုးစလုံး ပေါင်းစပ်လိုက်သောအခါ၊ သွေးအနည်းငယ်မျှသာ ကျန်ရှိတော့သော ထိုစစ်သည်၏ ခေါင်းပေါ်ရှိ သွေးတန်းမှာ ၃၀% ခန့်အထိ ပြန်လည်ပြည့်ဝလာသည်ကို တွေ့လိုက်ရလေသည်။

ပြင်းထန်စွာ ဒဏ်ရာရနေဆဲ ဖြစ်သော်လည်း သူ၏ အသက်အန္တရာယ်အတွက် ချက်ချင်း စိုးရိမ်စရာ မရှိတော့ချေ။

"ဒကာတို့... ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ဒဏ်ရာတွေ ရလာကြတာလဲ..."

အပြင်းထန်ဆုံး ဒဏ်ရာရနေသူကို သေမင်းလက်မှ ယာယီ ကယ်တင်နိုင်ခဲ့ပြီးနောက် ကျန်းလျိုသည် စူးစမ်းလိုစိတ်ဖြင့် ချက်ချင်း မေးလိုက်သည်။

"ဆရာတော် မသိလောက်ဘူး... မကြာသေးခင်က ဓားပြအုပ်စုတစ်စု ပေါ်လာတယ်... သူတို့က သိုင်းပညာ သိပ်တော်ကြတယ်... ကျုပ်တို့ ညီအစ်ကိုတွေ အများကြီး သူတို့ကို သွားရောက် နှိမ်နင်းခဲ့ပေမယ့် ဓားပြတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပြီး အခုလိုပဲ အကျအဆုံး များခဲ့ရပြန်တယ်..."

ခေါင်းဆောင် စစ်သည်က ခေါင်းယမ်းကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ဟင်... ဒီလူတွေ အကူအညီ လိုအပ်နေတာလား..."

စစ်သည်၏ စကားကို ကြားလိုက်ရသောအခါ ကျန်းလျို၏ မျက်လုံးများ အနည်းငယ် အရောင်လင်းသွားလေသည်။

‘မစ်ရှင်တစ်ခု ပွင့်လာစေဖို့ သော့ချက်က တစ်ယောက်ယောက် တကယ် အကူအညီ လိုအပ်နေချိန်မှာ ငါက ကူညီပေးဖို့ ဆန္ဒရှိကြောင်း ပြသလိုက်ဖို့များလား…’

ဤသည်မှာ အဖြေရှာရန် အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်လေသည်။

"ဆရာတော်... ဆရာတော့်ရဲ့ ကုသပေးနိုင်တဲ့ စွမ်းရည်တွေနဲ့ဆိုရင်… ဝူမြို့ က ပြည်သူတွေအတွက် ကျုပ်တို့နဲ့ ပူးပေါင်းပြီး ကူညီပေးနိုင်မလား..."

သို့သော် ကျန်းလျိုက ကူညီရန် မကမ်းလှမ်းရသေးမီမှာပင် ခေါင်းဆောင်ဖြစ်သူ စစ်သည်က ကူညီပေးရန် အရင်ဦးချ တောင်းဆိုလိုက်လေသည်။ ကျန်းလျို၏ ကွမ်ယင် ဂါထာ ကုသမှုနည်းလမ်းကို သူ အလွန် သဘောကျသွားကြောင်းမှာ ထင်ရှားလှပေသည်။

ဒင် -"ပြည်သူများအတွက် အန္တရာယ်ကို ဖယ်ရှားခြင်း" မစ်ရှင် ပွင့်သွားပါပြီ။

မစ်ရှင် လိုအပ်ချက် - ဝူမြို့ အနီးရှိ ဓားပြများကို နှိမ်နင်းရန်။

မစ်ရှင် အောင်မြင်ပါက - အတွေ့အကြုံမှတ် ၁၄,၀၀၀ နှင့် ပြုပြင်ရေးဆီ (အခြေခံအဆင့်) ဆုချီးမြှင့်မည်။

ကျရှုံးမှု ပြစ်ဒဏ် - အတွေ့အကြုံမှတ် ၁၄,၀၀၀ နုတ်ယူမည်။

လက်ခံမည် / ငြင်းပယ်မည်

ဤသို့ ရုတ်တရက် ပေါ်ထွက်လာသော တာဝန်က ကျန်းလျို၏ ရင်ထဲတွင် တစ်စုံတစ်ရာကို လှုပ်ခတ်သွားစေခဲ့သည်။

အပေါ်ယံကြည့်လျှင် ရိုးရှင်းသော တာဝန်တစ်ခုဟု ထင်ရသော်လည်း ၎င်းက အချက်အလက်များစွာကို ဖော်ပြနေပေသည်။

ပထမအချက်မှာ ဤတာဝန်တွင် ကျရှုံးပါက ပြစ်ဒဏ်ရှိခြင်းပင် ဖြစ်သည်။ ယခင်က မိစ္ဆာအုပ်ကို နှိမ်နင်းရသည့် တာဝန်နှင့် အစောင့်အရှောက်တာဝန်များတွင် ပြစ်ဒဏ်မပါရှိခဲ့သော်လည်း ယခုတာဝန်တွင်မူ ပါလာခဲ့သည်မှာ အဘယ်ကြောင့်နည်း။

ကံကောင်းသည်မှာ ယခုလို ပြစ်ဒဏ်ပါသော တာဝန်များကို မဖြစ်မနေ လုပ်ဆောင်ရန် မလိုအပ်ဘဲ မိမိသဘောဆန္ဒအတိုင်း လက်ခံနိုင်၊ ပယ်ချနိုင်ခွင့် ပေးထားခြင်းပင် ဖြစ်သည်။

ထိုသို့ အတင်းအကျပ် ခိုင်းစေခြင်းမျိုး မဟုတ်သောကြောင့် ကျန်းလျို၏ စိတ်ထဲတွင် များစွာ ပေါ့ပါးသွားခဲ့ရသည်။

ဒုတိယအချက်မှာ ယခင်က ပေါ်လာခဲ့သော တာဝန်နှစ်ခုနှင့် သူ၏ ကိုယ်ပိုင် စမ်းသပ်မှုများအရ တစ်စုံတစ်ယောက်က အကူအညီ အမှန်တကယ် လိုအပ်နေချိန်တွင် သူက ကူညီရန် ကမ်းလှမ်းလိုက်ပါက တာဝန် ပေါ်လာတတ်ကြောင်း ကျန်းလျို ကောက်ချက်ချနိုင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူက အရင်မကမ်းလှမ်းဘဲ အခြားသူက သူ့ကို အကူအညီတောင်းခံလာလျှင်လည်း တာဝန်ပေါ်လာနိုင်သည်ဟု ထင်ရပေသည်။

ဤအချက်က အွန်လိုင်းဂိမ်းများထဲမှ ခံစားချက်မျိုးကို ထူးဆန်းစွာ ပေးစွမ်းနေ၏။

ဂိမ်းများထဲတွင် ဇာတ်ကောင်များက ကစားသမားများ၏ အကူအညီကို လိုအပ်သောအခါ တာဝန်များ ပေါ်လာတတ်သည်။ ထိုကဲ့သို့ ကျန်းလျို၏ လက်တွေ့ဘဝတွင်လည်း လူများက သူ့ထံ အကူအညီတောင်းလာသောအခါ တာဝန်များ ပေါ်လာခြင်းဖြစ်ရာ ယခုတော့ ယုတ္တိတန်သည်ဟု ဆိုရမည် မဟုတ်ပါလော။

တစ်စုံတစ်ယောက်က သူ့ကို အကူအညီတောင်းလာလျှင် သူက လက်ခံရန် သို့မဟုတ် ပယ်ချရန် ရွေးချယ်နိုင်သောကြောင့် ပေါ်လာသော တာဝန်များကိုလည်း လုပ်ချင်မှ လုပ်၍ရသည်ဟု ဆိုလိုခြင်းလော။ သို့ရာတွင် တာဝန်တစ်ခုတွင် ကျရှုံးမှုပြစ်ဒဏ် ပါလာခြင်းမှာ ဤသို့သောအခြေအနေမျိုးတွင်မှ ဖြစ်ပေါ်လာခြင်းလော။

စနစ်က သူသာ တစ်ခုခုကို သဘောတူလိုက်ပါက မည်သို့ပင်ဖြစ်စေ အောင်မြင်အောင် လုပ်ရမည်ဟု တိတ်တဆိတ် သတ်မှတ်ထားခြင်းများလော။

နောက်ဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ အတွေ့အကြုံမှတ် ဆုလာဘ်ပင် ဖြစ်သည်။

မိစ္ဆာအုပ်ကို နှိမ်နင်းရသော တာဝန်က အတွေ့အကြုံမှတ် ၁၂,၀၀၀ သာ ရရှိခဲ့သော်လည်း ယခု ဓားပြနှိမ်နင်းမည့် တာဝန်ကမူ အတွေ့အကြုံမှတ် ၁၄,၀၀၀ အထိ အများအပြား ရရှိမည်ဖြစ်သည်။

ဤဓားပြများသည် လေပြန်တောင်မှ မိစ္ဆာများထက် ပို၍ အစွမ်းထက်နေခြင်းများလော။

ဤသည်မှာ မဖြစ်နိုင်ပေ။

သို့ဆိုလျှင် မည်သို့သော အကြောင်းကြောင့်နည်း။ အန္တရာယ်ကြားမှ ဓနရှာရမည် ဆိုသည့်အတိုင်း ကျရှုံးမှုပြစ်ဒဏ် ပါနေသောကြောင့် အတွေ့အကြုံမှတ် ဆုလာဘ် ပိုများရခြင်းများလော။

...

ကျန်းလျို၏ ရင်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်လာခဲ့ပြီး တိတ်ဆိတ်စွာ တွေးတောရင်း ခန့်မှန်းချက်များစွာကို ထုတ်ကြည့်နေမိသည်။ ဘေးရှိ အစောင့်မှာမူ ကျန်းလျို တစ်ယောက် ငြိမ်သက်တွေးတောနေသည်ကို မြင်သောအခါ ကူညီရန် ဝန်လေးနေသည်ဟု ထင်မှတ်သွားခဲ့သည်။

စိတ်ပျက်သွားသော်လည်း အစောင့်က လက်အုပ်ချီ အရိုအသေပေးလျက် မေးလာသည်။

"ဆရာတော်က လက်ခံဖို့ ဝန်လေးနေတာလား.... ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ… ဘယ်လိုပဲဖြစ်ဖြစ် ဆရာတော် ဝင်ကူညီပေးခဲ့တဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်..."

"မဟုတ်ပါဘူး… ဒကာကြီး ထင်တာ မှားနေပြီ... ငါတွေးနေတာက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားပြတွေလဲ ဆိုတာကိုပါ... ငါက သေချာပေါက် ကူညီမှာပါ..."

အစောင့်၏ စကားကို ကြားသောအခါ ကျန်းလျို သတိပြန်ဝင်လာပြီး တာဝန်ကို လက်ခံလိုက်သည်။ သူသည် ပေါ်လာသော တာဝန်ကိုလည်း ယူလိုက်ပြီ ဖြစ်သည်။

ကျန်းလျိုအတွက်ကတော့ ဓားပြအချို့ကို နှိမ်နင်းရုံသာဖြစ်ပြီး သူ၏ဘေးတွင် အထူးသက်တော်စောင့် စွန်ဝူခုန်း ရှိနေသောကြောင့် လုံခြုံရေးအတွက် ပူပန်စရာ မလိုပေ။

မိစ္ဆာ များကို တိုက်ခိုက်ပြီး တာဝန်များ ပြီးမြောက်အောင် လုပ်ရင်း အဆင့်တက်နိုင်ခြင်းက ဤခရီးအတွက် အမှန်တကယ်ပင် တန်ဖိုးရှိလှပေသည်။

မိုးလည်း ချုပ်နေပြီ ဖြစ်သောကြောင့် ကျန်းလျိုက ဒဏ်ရာရနေသော အစောင့်များကို ယာယီသက်သာစေရန် ကွမ်ယင် ဂါထာ ကို အသုံးပြုပေးခဲ့သည်။ ထို့နောက် နောက်နေ့နံနက်တွင် ဓားပြများကို သွားရောက်ရှင်းလင်းမည့် အစီအစဉ်ကို ဆွေးနွေးကာ လောလောဆယ်တွင် လမ်းခွဲခဲ့ကြတော့သည်။

ထိုညက ကျန်းလျိုနှင့် စွန်ဝူခုန်းတို့သည် မြို့တွင်းရှိ တည်းခိုခန်းတစ်ခုတွင် ညအိပ်တည်းခိုခဲ့ကြသည်။ သူတို့သည် တည်းခိုခန်း၌ပင် ညစာစားခဲ့ကြပြီး ထိုအစားအစာများမှာ ကျန်းလျို ချက်ပြုတ်သည်လောက် အရသာမရှိကြောင်း စွန်ဝူခုန်းတစ်ယောက် ညည်းတွားနေခဲ့သော်လည်း ထိုအကြောင်းကို ဆက်မပြောကြတော့ချေ။

***

အပိုင်း(၁၂၂)

နောက်နေ့နံနက်တွင် ကျန်းလျိုသည် မြို့တံခါးဝ၌ အစောင့်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ကာ လက်နက်များ ကိုင်ဆောင်ထားသော လူတစ်ရာနီးပါးခန့်ရှိသည့် ထိုအစောင့်တပ်ဖွဲ့ကြီးကို မြင်လိုက်ရသောအခါ သူတို့ သွားရောက်နှိမ်နင်းမည့် ဓားပြများမှာ အတော်လေး အစွမ်းထက်မည်မှာ ထင်ရှားနေပေသည်။

စစ်တပ်တစ်ခု ချီတက်ရာတွင် ပါရှိတတ်သော တည်ကြည်လေးနက်မှုမျိုးဖြင့် ခေါင်းဆောင်အစောင့်က ကျန်းလျိုကို နှုတ်ဆက်လိုက်သည်။

"ဆရာတော်… သွားကြရအောင်..."

ထို့နောက် သူတို့သည် မြို့တံခါးမှ ထွက်ကာ အနောက်ဘက်သို့ တည့်မတ်စွာ ထွက်ခွာသွားကြတော့သည်။

လူတစ်ရာနီးပါးပါဝင်သော စစ်သည်တပ်ဖွဲ့ကြီးကို ကြည့်ရင်း ကျန်းလျိုက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒါနဲ့ မေးပါရစေ… ငါတို့သွားနှိမ်နင်းမယ့် ဓားပြတွေက အင်အားကြီးတဲ့ အဖွဲ့ကြီးမို့လို့လား..."

"ရိုးရိုးဓားပြတွေဆိုတာ လူဆယ်ယောက်၊ နှစ်ဆယ်လောက်ပဲ ရှိတတ်တာ မဟုတ်ဘူးလား..."

ကျန်းလျို၏ မေးခွန်းကို ကြားသောအခါ အစောင့်က ပြန်ဖြေလိုက်သည်။

"ဆရာတော်… အဲဒီအဖွဲ့က လူအင်အားများတဲ့ ဓားပြဂိုဏ်းကြီး မဟုတ်ပါဘူး… လူခြောက်ယောက်တည်း ရှိတာပါ… ဒါပေမဲ့ သူတို့က အလွန်အစွမ်းထက်ပြီး ရက်စက်ကြတယ်..."

ကျန်းလျို တစ်ယောက် အံ့ဩသွားခဲ့သည်။

"ခြောက်ယောက်တည်း ဟုတ်လား..."

လူခြောက်ယောက်တည်းကို နှိမ်နင်းရန်အတွက် ဤမျှများပြားသော အစောင့်များကို စုဆောင်းထားရသည်လော။

အစောင့်က ခေါင်းညိတ်၍ ပြန်ဖြေလေသည်။

"ဟုတ်ပါတယ်… အဲဒီဓားပြတွေက သိုင်းပညာမှာ အရမ်းကျွမ်းကျင်ကြတယ်… သူတို့က ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့်ကို ရောက်နေလောက်ပြီ..."

ဤသည်ကို ကြားသောအခါ ကျန်းလျိုက ခေါင်းညိတ်လိုက်သည်။

"ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့်ရှိတဲ့ ဓားပြ ခြောက်ယောက် ဟုတ်လား… ဒါက တကယ်ကို အင်အားကြီးတဲ့ အနေအထားပဲ..."

သို့ရာတွင် သူသည် ပို၍ပင် နားမလည်နိုင် ဖြစ်သွားရသည်။ ထိုမျှလောက် အဆင့်မြင့်မားသော ကျင့်ကြံခြင်း အဆင့်ဖြင့် အဘယ်ကြောင့် ဓားပြအလုပ်ကို ရွေးချယ်ခဲ့ကြသနည်း။

ကျန်းလျို သိထားသလောက် လူသားကျင့်ကြံသူများ၏ အဆင့်များကို ချီစွမ်းအင်သန့်စင်ခြင်းအဆင့်၊ သွေးကြောပွင့်အဆင့်၊ ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့်၊ ဥပဒေသထိန်းချုပ်ခြင်းအဆင့်၊ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့်နှင့် ဗလာနယ်သို့ပြန်လည်ဝင်ရောက်ခြင်းအဆင့်ဟူ၍ အဓိကအဆင့်ကြီး ခြောက်ဆင့် ခွဲခြားထားသည်။ ထိုအဆင့်များ၏ အထက်တွင်တော့ နတ်အဆင့် ရှိပေသည်။

ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့်ဆိုသည်မှာ သူတို့သည် အဆင့် ၂၀ ကို ကျော်လွန်သွားသော ဇာတ်ကောင်များဖြစ်သည်ဟု ဆိုလိုခြင်းလော။ ၎င်းသည် မိစ္ဆာစစ်သည် အဆင့်နှင့် ညီမျှပေသည်။ ထိုမျှလောက် ကျင့်ကြံနိုင်စွမ်းရှိပြီး လူခြောက်ယောက်တောင် ရှိနေပါလျက်နှင့် သူတို့က ဓားပြလုပ်ရန် ရွေးချယ်ခဲ့ကြသည်လား။ ဤသည်မှာ အမှန်တကယ်ပင် နားလည်ရခက်လှပေသည်။

ထို့ကြောင့်လည်း ဤအစောင့်များက အပြည့်အဝ ပြင်ဆင်ထားကြပြီး ၎င်းတို့ကို ရင်ဆိုင်ရန်အတွက် လူရာနှင့်ချီ၍ စေလွှတ်ခဲ့ရသည်မှာ မဆန်းတော့ပေ။

"ဆရာတော်… ပြောရမယ်ဆိုရင် ဒီဓားပြခြောက်ယောက်က တော်တော်လေး ထူးဆန်းတယ်..."

ဘေးနားရှိ အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်ရှိပြီး ကျန်းလျိုနှင့် အရွယ်တူလောက်ရှိမည့် စကားများသော အစောင့်ငယ်လေးတစ်ဦးက ပြောလာသည်။

"ဒီဓားပြခြောက်ယောက်က ခြေရာလက်ရာမကျန် ပေါ်လာလိုက် ပျောက်သွားလိုက်ပဲ… သူတို့ရဲ့ ပုန်းအောင်းရာနေရာက ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိကြဘူး… တစ်ခါတလေ အဆုံးအစမရှိ ကျယ်ပြန့်တဲ့ ကွင်းပြင်ကြီးထဲမှာ ရောက်နေရင်တောင် ဒီဓားပြခြောက်ယောက်က မြေကြီးထဲကနေ ဘာသတိပေးချက်မှမရှိဘဲ ရုတ်တရက် ထွက်လာတတ်တယ်လို့ ဆိုကြတယ်..."

ထိုသို့ပြောပြီးနောက် လူငယ်လေးက ခဏရပ်ကာ ဆက်ပြောလေသည်။

"အထူးဆန်းဆုံးကတော့ ဒီခြောက်ယောက်က သတ်မှတ်ထားတဲ့ နေရာတစ်ခုတည်းမှာပဲ လှုပ်ရှားကြတာပဲ… သူတို့ကို သွားရောက်နှိမ်နင်းဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား… သူတို့က အဲဒီနေရာကနေ ထွက်သွားမယ့် အရိပ်အယောင်တောင် မပြကြဘူး… ကျွန်တော်တို့ကို နည်းနည်းလေးတောင် ကြောက်တဲ့ပုံမပေါ်ဘူး… အဲဒါက အဒေါသထွက်စရာ အကောင်းဆုံးပဲ… ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ လူအင်အား အများကြီး စေလွှတ်ပြီး ဒီဓားပြတွေကို အမြစ်ပြတ်ချေမှုန်းပစ်ဖို့ ဆုံးဖြတ်ထားကြတာ..."

ကျန်းလျိုက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ဒီဓားပြတွေက တကယ်ကို ထူးဆန်းတဲ့ပုံပဲ..."

အစိုးရမင်းမှုထမ်းများက အကြိမ်ကြိမ် လိုက်လံဖမ်းဆီးနေပါလျက်နှင့် မထွက်ပြေးသော ဓားပြဟူ၍ ရှိပါမည်လော။

ဘေးနားတွင် တိတ်ဆိတ်စွာ နေနေသော စွန်ဝူခုန်းက အစောင့်၏စကားကို ကြားသောအခါ ရုတ်တရက် ဝင်ပြောလိုက်သည်။

"ကျွတ်... မင်းပြောပုံအရဆိုရင် ဒီခြောက်ယောက်က လူတောင် ဖြစ်ချင်မှ ဖြစ်မှာ..."

စွန်ဝူခုန်း၏ စကားကြောင့် အစောင့်က အံ့ဩတကြီး မေးလိုက်သည်။

"လူမဟုတ်ဘူး ဟုတ်လား… မိစ္ဆာတွေများ ဖြစ်နေမလား..."

အနည်းငယ် ထူးဆန်းသည်ဟု ဆိုသော်ငြားလည်း ထိုဓားပြခြောက်ယောက်မှာ လူသားများကဲ့သို့ပင် ပြုမူလှုပ်ရှားကြပြီး လူသားအသွင်အပြင် ရှိကြပေသည်။

ကျန်းလျိုကလည်း စွန်ဝူခုန်းကို အံ့ဩစွာ လှည့်ကြည့်လိုက်သည်။

"ဝူခုန်း...မင်း တစ်ခုခု သိနေလို့လား… ငါသိထားသလောက်ကတော့ မိစ္ဆာတစ်ကောင်က လူအသွင်ပြောင်းနိုင်တယ်ဆိုရင် မိစ္ဆာဘုရင်အဆင့်ကို ရောက်နေပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား… မင်းဆိုလိုတာက အဲဒီဓားပြခြောက်ယောက်က မိစ္ဆာဘုရင်အဆင့်တွေများ ဖြစ်နေမလားလို့လား..."

မိစ္ဆာဘုရင် ခြောက်ပါး ပေါင်းစုပြီး ဓားပြလာလုပ်ကြသည်လော။ ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင် မဟုတ်ပါလော။

"အင်း... အဲဒီလိုတော့ မဟုတ်ဘူး… ဆရာတော် နားမလည်သေးလို့ပါ… မိစ္ဆာမျိုးနွယ်တွေက တာအိုခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်ဖို့ဆိုရင် သေချာပေါက် မိစ္ဆာဘုရင်အဆင့်ကို ရောက်ဖို့ လိုအပ်တယ်… ဒါပေမဲ့ ကောင်းကင်အောက်က အရာအားလုံး ငါးတွေ၊ အင်းဆက်တွေကနေစပြီး သားရဲတွေ၊ တောင်တန်းတွေနဲ့ သစ်ပင်တွေတောင် မိစ္ဆာဖြစ်လာနိုင်တာပဲ… ဘာလို့ လူတွေက မိစ္ဆာမဖြစ်နိုင်ရမှာလဲ… သေဆုံးသွားတဲ့ လူသေအလောင်းတွေကနေ ဖြစ်လာတဲ့ အလောင်းကောင်မိစ္ဆာတွေ… ဒါမှမဟုတ် သေခါနီးလူတွေရဲ့ မကျေနပ်ချက် အာဃာတတွေကနေ မွေးဖွားလာတဲ့ မိစ္ဆာတွေလိုမျိုးပေါ့..."

စွန်ဝူခုန်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းလျို၏ စိတ်ထဲတွင် အရိုးဖြူမိစ္ဆာကို အလိုအလျောက် သွားသတိရမိလိုက်သည်။

သူ မှတ်မိသလောက် အရိုးဖြူမိစ္ဆာဆိုသည်မှာ အမှန်တကယ်တော့ အမျိုးသမီးတစ်ဦးဖြစ်ပြီး သေဆုံးပြီးနောက် သူမ၏ နာကြည်းချက် အာဃာတများက အရိုးစု၌ တွယ်ကပ်နေကာ မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းပင် မဟုတ်ပါလော။

အစောင့်မှာ တစ်စုံတစ်ရာကို ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ပြောလိုက်သည်။

"အယ်... အဲဒါလည်း ဟုတ်တာပဲ… အဲဒီ ဓားပြခြောက်ယောက်ရဲ့ နာမည်တွေက တကယ်ကို ထူးဆန်းတယ်… လူနာမည်တွေနဲ့ မတူဘူး..."

"အို... အဲဒီ ဓားပြခြောက်ယောက်ရဲ့ နာမည်တွေက ဘာတွေများလဲ..."

"သူတို့နာမည်တွေက မျက်စိမြင်ဝမ်းသာ၊ နားကြားဒေါသ၊ နှာနမ်းချစ်ခင်၊ လျှာမြည်းတွေးတော၊ စိတ်ကူးဆန္ဒ နဲ့ ကိုယ်ထိဝမ်းနည်း လို့ ခေါ်တယ်..."

ကျန်းလျို - "....”

…

မြွေလိမ်တောင် လင်းယုန်ငိုကြွေးချောက်…

နဂါးဖြူတစ်ကောင်၏ ခန္ဓာကိုယ်အများစုမှာ ရေအောက်တွင် နစ်မြုပ်နေပြီး တစ်ခါတစ်ရံမှသာ အကြေးခွံ သို့မဟုတ် ခြေသည်းလက်သည်းများကို ဖော်ပြနေကာ ၎င်း၏ နဂါးစွမ်းအင်မှာ အလွန်တရာ ကြီးမားလှပေသည်။

ဧရာမ နဂါးခေါင်းကြီးတစ်ခု ရေပေါ်သို့ ထွက်ပေါ်လာပြီး သူ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားကာ အမူအရာမှာ မှင်တက်နေလေသည်။

နဂါးဖြူလေး၏ရှေ့တွင် ရပ်နေသော ဖားမိစ္ဆာမှာမူ လေထုကိုယ်တိုင် ခဲသွားသည့်အလား ခံစားနေရပြီး ရင်ထဲတွင် တုန်လှုပ်ကာ အထိတ်တလန့် ဖြစ်နေလေသည်။

"မင်း ဘာပြောလိုက်တယ်... ကျမ်းစာပင့်ဆောင်သူက မင်းပြောတာကို မယုံဘူး ဟုတ်လား..."

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် နဂါးဖြူက မေးလိုက်သည်။

"ဟုတ်တယ် အဲဒါ တကယ်ပါ... သခင်လေးက သူ့ကို လင်းယုန်ငိုကြွေးချောက်မှာ စောင့်နေတယ်ဆိုတဲ့အကြောင်း… ပြီးတော့ မြင်းဖြူအဖြစ် အသွင်ပြောင်းပြီး အနောက်ဘက်ခရီးစဉ်ကို သယ်ဆောင်သွားပေးချင်တဲ့ အကြောင်း ကျွန်တော် လျှောက်တင်ခဲ့ပါတယ်... ဒါပေမဲ့ သူက ကျွန်တော် လိမ်နေတာလို့ ပြောတယ်..."

ဖားမိစ္ဆာမှာ အကြောက်လွန်ကာ ထစ်အလျက် ခေါင်းကို အဆက်မပြတ် ညိတ်၍ ပြန်ဖြေလေသည်။

"ဒါဆိုရင် ငါက ကွမ်ယင်မယ်တော်ရဲ့ လမ်းညွှန်မှုကို ရထားတာလို့ကော မင်း မပြောလိုက်ဘူးလား..."

နဂါးဖြူ၏ အသံမှာ နှစ်ဆခန့် ပို၍ ကျယ်လောင်သွားသည်။

"ကျွန်တော် ပြောခဲ့ပါတယ်… ဒါပေမဲ့ ဆရာတော်က မယုံသေးဘူး... ကျွန်တော်သာ မြန်မြန်မပြေးရင် ရိုက်သတ်ခံရလောက်တယ်..."

ဖားမိစ္ဆာမှာ အလျင်စလို ခေါင်းညိတ်လိုက်ပြီး ကျန်းလျိုတို့အဖွဲ့နှင့် ပထမဆုံး တွေ့ဆုံခဲ့ရပုံကို ပြန်စဉ်းစားမိကာ ငိုလုမတတ် ဖြစ်သွားရသည်။

ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက ဆရာတော်နှင့် မဟာပညာရှိကြီးတို့သည် သူ့ကို တိုက်ခိုက်ရန် ပြေးလာခဲ့ကြသည်။ သူလုပ်ခဲ့သည်မှာ သတင်းစကားပါးရုံသာ ဖြစ်သော်လည်း အသက်ပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပေသည်။

"ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ..."

ဖားမိစ္ဆာ၏ စကားကို ကြားသောအခါ နဂါးဖြူသည် ၎င်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ရာ လင်းယုန်ငိုကြွေးချောက်အတွင်း လှိုင်းလုံးကြီးများ ရိုက်ခတ်သွားစေပြီး မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။

ကွမ်ယင်မယ်တော်၏ လမ်းညွှန်မှုကို ရရှိခဲ့ပြီးနောက် ကျမ်းစာပင့်ဆောင်သူ ရောက်လာမည့်အချိန်ကို ဝမ်းမြောက်ဝမ်းသာ စောင့်မျှော်နေခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ စိတ်ပျက်ဖွယ် အခြေအနေသို့ ရောက်ရှိသွားမည်ဟု မျှော်လင့်မထားခဲ့ပေ။

နဂါးဖြူလေးသည် အတန်ကြာ စဉ်းစားပြီးနောက် ကျမ်းစာပင့်ဆောင်သူကို ကိုယ်တိုင်သွားရှာပြီး သူမည်သူဖြစ်ကြောင်း ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။

သူသည် ကျောက်စိမ်းဧကရာဇ်၏ အမိန့်ဖြင့် လင်းယုန်ငိုကြွေးချောက်တွင် အကျဉ်းချခံထားရသော်လည်း ကွမ်ယင်မယ်တော်၏ လမ်းညွှန်မှုကို ရရှိထားသောကြောင့် သူ၏ ဒုက္ခများ ပြေလည်သွားပြီဟု ယူဆရပေမည်။

ထိုသို့ တွေးလိုက်မိသည်နှင့် နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်တော့ချေ။ နဂါးဖြူလေးသည် ကျယ်လောင်သော နဂါးဟိန်းသံကို အော်ဟစ်လိုက်သည်။ပြီးနောက် လင်းယုန်ငိုကြွေးချောက်မှနေ၍ အရှေ့တောင်ဘက်သို့ ဦးတည်ကာ ပျံသန်းထွက်ခွာသွားတော့သည်။

နဂါးဖြူ ပျံသန်းသွားသည်နှင့်အမျှ ကောင်းကင်ယံ၌ တိမ်တိုက်များနှင့် မိုးရွာသွန်းမှုများက နောက်မှ လိုက်ပါသွားလေသည်။

...

အခြားတစ်ဖက်တွင်မူ ကျန်းလျိုသည် ဝူမြို့မှ အစောင့်များနှင့်အတူ ထွက်ခွာလာခဲ့ရာ ဓားပြ ခြောက်ယောက် လှုပ်ရှားနေသော နေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုဓားပြခြောက်ယောက်၏ ပုန်းအောင်းရာနေရာကို မသိရဘဲ လေဟာနယ်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေသောကြောင့် ဤအစောင့်များသည် ဓားပြများ လှုပ်ရှားခဲ့ဖူးသော နေရာတဝိုက်တွင်သာ လိုက်လံရှာဖွေနေကြခြင်း ဖြစ်သည်။

သို့သော် အချိန်သိပ်မဖြုန်းလိုက်ရဘဲ အစောင့်များသည် အဖွဲ့သုံးဖွဲ့ ခွဲ၍ အချိန်တိုအတွင်း ရှာဖွေပြီးနောက် ဓားပြများ၏ ခြေရာများကို အမြန်ဆုံး တွေ့ရှိသွားခဲ့ကြသည်။

အဝေးမှ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့နှင့်အတူ ရှိနေသော ကျန်းလျိုသည် ဆူညံနေသော နေရာဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရက်စက်ကြမ်းကြုတ်သော ဓားပြအချို့သည် အစောင့်များနှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့၏ တိုက်ခိုက်မှုများမှာ ပြတ်သားပြီး အားပါလွန်းလှသဖြင့် အစောင့်အများအပြားမှာ ဒဏ်ရာရကာ မြေပြင်ပေါ်တွင် လဲကျနေကြလေသည်။

အစောင့်တစ်ယောက်က သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သော်လည်း ဓားပြတစ်ယောက်က သူ၏လက်မောင်းကို မြှောက်ကာ ကာကွယ်လိုက်ရာ အရေပြားပေါ်တွင် ပွန်းပဲ့ရုံသာ ဒဏ်ရာရသွားသည်ကို ကျန်းလျို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

"ဒါက ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့် ကျင့်ကြံမှုရဲ့ လက္ခဏာများလား..."

ဓားပြ၏ ခန္ဓာကိုယ် ကာကွယ်နိုင်စွမ်းကို မြင်သောအခါ ကျန်းလျိုမှာ ရင်ထဲတွင် အံ့ဩတုန်လှုပ်သွားခဲ့သည်။

ကွမ်ယင် ဂါထာ…

သူ၏အလုပ်ကို ကောင်းစွာသိသော ကျန်းလျိုသည် လက်ကိုမြှောက်လိုက်ရာ ကုသပေးနိုင်သော ကွမ်ယင် ဂါထာ တစ်ခုက အပြင်းထန်ဆုံး ဒဏ်ရာရနေသော အစောင့်ထံသို့ ကျဆင်းသွားပြီး သူ၏ သွေးတန်းကို သိသိသာသာ ပြန်လည်ပြည့်ဝသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် လက်ဝါးကို မြှောက်ကာ ပြိုင်ဘက်များဆီသို့ တာအိုမှော်ပညာ လျှပ်စီး မီးလုံးငယ် တစ်လုံးကို ပစ်လွှတ်လိုက်သည်။

ဘုန်း…

ထိုမီးလုံးသည် ဓားပြတစ်ယောက်အပေါ်သို့ တိုက်ရိုက်ပေါက်ကွဲသွားပြီး သစ်နီ လက်စွပ် ၏ နှစ်ဆပျက်စီးမှု တိုးမြှင့်ပေးသည့် အာနိသင်အောက်တွင် သူ၏ သွေးတန်းမှာ အကြီးအကျယ် ထိုးကျသွားခဲ့သည်။

ကျန်းလျို၏ အဆင့်မှာ ဤဓားပြများထက် နိမ့်ကျနေသည်။ သို့သော်လည်း အစုံအလင် တပ်ဆင်ထားသော သူ၏ လက်နက်ကိရိယာများမှ ပံ့ပိုးမှုနှင့် သူ၏ စွမ်းရည်များမှ ဖျက်ဆီးနိုင်စွမ်းတို့ ပေါင်းစပ်လိုက်သောအခါ သူ့ထက် အဆင့်အနည်းငယ်သာ မြင့်သော ဤပစ်မှတ်များကို သိသာထင်ရှားသော ပျက်စီးမှုများ အမှန်တကယ် ဖြစ်ပေါ်စေခဲ့ပေသည်။

***

All Chapters