အခန်း (၁၂၃-၁၂၄)
Vol. 9 Ch. 123-124
အပိုင်း(၁၂၃)
"တကယ်ကို ကျွမ်းကျင်တဲ့ မှော်ဆရာပဲ..."
ကျန်းလျို၏ တာအို မှော်ပညာ လျှပ်စီး မီးလုံးက ဓားပြတစ်ယောက်အား မီးလောင်ကျွမ်းသွားစေသည်အထိ ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသောအခါ ဘေးနားရှိ အစောင့်ခေါင်းဆောင်မှာ အံ့ဩဝမ်းမြောက်သွားခဲ့သည်။
မူလက ကျန်းလျိုသည် ကုသခြင်းပညာတွင်သာ ကျွမ်းကျင်သည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော်လည်း ယခုကဲ့သို့ မိစ္ဆာနှိမ်နင်းရေး နတ်ဘုရားစွမ်းရည်များကိုပါ ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ဘေးနားရှိ စွန်ဝူခုန်းသည်လည်း စိတ်အားထက်သန်စွာ ကြည့်ရှုနေလေသည်။ ဤအရာများသည် လူသားများ၏ နာကြည်းချက်များမှ ဖြစ်တည်လာသော မိစ္ဆာငယ်လေးများသာ ဖြစ်သော်လည်း ဤမျှ ပြဿနာရှာနိုင်ကြပေသည်။ သူ စွန်ဝူခုန်းသာ ဝင်ပါလိုက်လျှင် မိစ္ဆာတစ်ကောင်ကို တစ်ချက်တည်းနှင့် အေးအေးဆေးဆေး ပြီးသွားမည် ဖြစ်သည်။
သို့ရာတွင် စွန်ဝူခုန်းသည် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်သည်ဟု ကျန်းလျို၏ အပြစ်တင်ပြောဆိုခြင်းကို ခံထားရဖူးသောကြောင့် ယခုအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခြင်း မပြုဘဲ နေနေခြင်းဖြစ်သည်။
သို့တိုင်အောင် စွန်ဝူခုန်း၏ အကြည့်များက ကျန်းလျိုအပေါ်တွင် တည်ရှိနေဆဲဖြစ်၏။ ထင်ယောင်ထင်မှားဖြစ်ခြင်းလားတော့ မသေချာပေ။ တစ်လဝန်းကျင်ခန့် အချိန်အတွင်းမှာပင် ကျန်းလျို၏ ကျင့်ကြံမှုအဆင့်မှာ များစွာ တိုးတက်လာသကဲ့သို့ ခံစားနေရလေသည်။
ဒင် - သင်သည် အတွေ့အကြုံမှတ် ၂,၃၆၀ နှင့် ရွှေပြား ၁၂၀ ကို ရရှိပါသည်။
ဒငိ - သင်သည် အတွေ့အကြုံမှတ် ၂,၅၀၀ နှင့် ရွှေပြား ၁၂၅ ကို ရရှိပါသည်။
ထိုဓားပြခြောက်ယောက်မှာ အလွန် အစွမ်းထက်သော်လည်း ကျန်းလျို၏ စွမ်းဆောင်ရည်မှာလည်း ထပ်တူပင် အံ့မခန်းဖြစ်နေသည်။
ဘေးနားရှိ အစောင့်များ၏ အကူအညီဖြင့် သူတို့သည် အသာစီးရလာခဲ့သည်။ ခေတ္တမျှ တိုက်ခိုက်ပြီးနောက် ဓားပြနှစ်ယောက် အသတ်ခံလိုက်ရပြီး ခန္ဓာကိုယ်များမှာ မီးခိုးငွေ့အဖြစ် ပြောင်းလဲပျောက်ကွယ်သွားရာ ၎င်းတို့မှာ သက်ရှိလူသားများ မဟုတ်ဘဲ မိစ္ဆာများဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
ဓားပြတစ်ယောက်ကို သတ်လျှင် အတွေ့အကြုံမှတ် ၂,၀၀၀ ကျော် ရရှိမည်ဆိုတော့ ခြောက်ယောက်ဆိုပါက အတွေ့အကြုံမှတ် ၁၀,၀၀၀ ဝန်းကျင် ရနိုင်မည် မဟုတ်ပါလော။ တာဝန်ပြီးမြောက်ပါက ရရှိမည့် ဆုလာဘ်နှင့်ပေါင်းလိုက်လျှင် ဤရလဒ်မှာ လုံးဝ မဆိုးလှချေဟု ကျန်းလျို အတော်လေး ကျေနပ်စွာဖြင့် တွေးလိုက်သည်။
ပို၍ အရေးကြီးသည်မှာ အစောင့်များ၏ ကျင့်ကြံခြင်း အဆင့်များက မမြင့်မားသောကြောင့် အဖွဲ့လိုက် တိုက်ခိုက်နေရသည့် အခြေအနေတွင်ပင် ထွက်ကျလာသော ပစ္စည်းများမှာ မိမိ၏ သိုလှောင် နေရာလွတ်ထဲသို့ အလိုအလျောက် ကောက်ယူပြီးသား ဖြစ်နေခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ရုတ်တရက် ကောင်းကင်ယံမှ နဂါးဟိန်းသံကြီး ထွက်ပေါ်လာပြီး တိမ်တိုက်များ၊ မိုးပေါက်များနှင့်အတူ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
မည်းမှောင်နေသော တိမ်တိုက်များကြားတွင် တိမ်ပင်လယ်ထဲ၌ လူးလွန့်နေသော နဂါးဖြူတစ်ကောင်ကို မြင်တွေ့လိုက်ကြရသည်။
"နဂါးကြီးပါလား..."
ကောင်းကင်ယံတွင် ပေါ်လာသော နဂါးကြီးကို မြင်လိုက်ရသောအခါ အစောင့်များမှာ အလွန်အံ့ဩသွားကြလေသည်။ သာမန်လူသားများဖြစ်ကြသော သူတို့အတွက် သက်ရှိထင်ရှား နဂါးတစ်ကောင်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သောကြောင့်ပင်။
"နဂါးဖြူ ဟုတ်လား... ဒါများ..."
သို့ရာတွင် ရုတ်တရက် ပေါ်လာသော နဂါးကို ကြည့်ရင်း ကျန်းလျို၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ကျန်းလျို ကြည့်နေစဉ်မှာပင် နဂါးဖြူသည် အောက်သို့ ဒိုင်းဗင်ထိုးဆင်းလာကာ သူ၏ပါးစပ်ကြီးကို ဟပြီး နဂါးမီးတောက်များကို မှုတ်ထုတ်လိုက်ရာ အနီးဆုံးတွင်ရှိနေသော ဓားပြနှစ်ယောက်မှာ ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ နဂါးခြေသည်းက ဓားပြတစ်ယောက်ကို ဖမ်းဆွဲလိုက်ပြီး ပါးစပ်က နောက်ဆုံးကျန်နေသော ဓားပြကို ကိုက်ချီကာ ကောင်းကင်ယံသို့ မြင့်မားစွာ ပျံတက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ဆုံး ဓားပြနှစ်ယောက်သည်လည်း အသတ်ခံလိုက်ရလေသည်။
ဒင် - သင်သည် အတွေ့အကြုံမှတ် ၃၅၀ ကို ရရှိပါသည်။
ဒင် - သင်သည် အတွေ့အကြုံမှတ် ၂၆၀ ကို ရရှိပါသည်။
ဒင် - သင်သည် အတွေ့အကြုံမှတ် ၁၀ ကို ရရှိပါသည်။
...
ဆက်တိုက်ပေါ်လာသော စနစ်၏ သတိပေးချက်များကြောင့် ကျန်းလျို၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားခဲ့သည်။ သူ၏ မိစ္ဆာများကို အလုခံလိုက်ရပြန်ပြီ မဟုတ်ပါလော။
ကောင်းကင်ယံတွင် ကခုန်နေပြီး မိုးကြိုးပစ်သကဲ့သို့ လျှပ်တစ်ပြက် အရှိန်ဖြင့် နောက်ဆုံးဓားပြလေးယောက်ကို သတ်ဖြတ်လိုက်သော နဂါးဖြူလေးသည် ဝတ်ရုံဖြူဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးအဖြစ်သို့ အသွင်ပြောင်းသွားကာ ကျန်းလျို၏ ရှေ့တွင် ဆင်းသက်လာသည်။ ထို့နောက် ဒူးတစ်ဖက် ထောက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"နဂါးငယ်လေး အောင်းလီ က ဆရာ့ကို အရိုအသေပေးပါတယ်..."
ကျန်းလျို၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ထားရင်း မိမိ၏ ဆရာတော်အတွက် ရန်သူအချို့ကို ကူညီရှင်းလင်းပေးကာ ခမ်းနားကြီးကျယ်စွာ ဝင်ရောက်လာခဲ့သောကြောင့် သူ့ကိုယ်သူ အမှန်တကယ်ပင် လည်လွန်းသည်ဟု အောင်းလီက ခံစားနေရသည်။
ဆရာတော်က သေချာပေါက် အလွန်ကျေနပ်သွားမည် မဟုတ်ပါလော။
သူသည် ပထမဆုံးတွေ့ဆုံမှုတွင် ကောင်းမွန်သော အထင်အမြင်ကို သေချာပေါက် ဖန်တီးနိုင်ခဲ့ပြီဟု ယုံကြည်နေလေသည်။
ဤနည်းဖြင့် သူသည် အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်မည့်အဖွဲ့တွင် သေချာပေါက် ပါဝင်လာရမည် ဖြစ်သည်။ သူလုပ်ရန် လိုအပ်သည်မှာ အနောက်ဘက် ဝိညာဉ်တောင်သို့ ရောက်ရှိရန်သာဖြစ်ပြီး ထိုသို့ဆိုလျှင် သူ၏ ကုသိုလ်ကံမှာ ပြည့်စုံသွားမည် ဖြစ်သည်။
သူ့အတွက်တော့ အနောက်ဘက်သို့ သွားမည့်ခရီးစဉ်သည် အခြေခံအားဖြင့် အောင်မြင်မှုဆီသို့ သွားရာလမ်းပင် ဖြစ်သည်...။
နဂါးဖြူလေး၏ ရင်ထဲတွင် ဝိညာဉ်တောင်၌ သူ့ကို စောင့်ကြိုနေမည့် အခမ်းအနားကြီးကို စိတ်ကူးယဉ် အိပ်မက်မက်နေလေသည်။
သို့ရာတွင် သူ့ကို ကြည့်နေသော ကျန်းလျို၏ မျက်နှာမှာမူ အတော်လေး မည်းမှောင်နေခဲ့ပေသည်။
ပထမဆုံးတွေ့ဆုံမှုမှာ အမြင်ကောင်းရသွားသည် ဟုတ်ူလော…။
နောက်နေတာပဲ ဖြစ်ရမည်။ အနိုင်မတိုက်နိုင်ဘူးဆိုသည့် အချက်ကို ဖယ်ထားလိုက်လျှင် ကျန်းလျိုသည် သူ၏ ဒေါသများကို ဖြေဖျောက်ရန်အတွက် သူ့ကို ယခုချက်ချင်းပင် ထိုးကြိတ်ပစ်လိုက်ချင်စိတ် ပေါက်နေလေသည်။
နဂါးမြင်းဖြူသည် အနောက်ဘက်မှ ကျမ်းစာများကို ပင့်ဆောင်ရန် အလွန်အားသန်နေသည်ဖြစ်ရာ ဤအနောက်ဘက်သို့ သွားမည့်ခရီးစဉ်၏ ခိုင်မာသော ထောက်ခံသူတစ်ဦး ဖြစ်ရမည်မှာ သေချာလှသည်။
သူ့အား အနောက်ဘက်ကောင်းကင်ဘုံမှ ဘွဲ့တံဆိပ်ချီးမြှင့်ခံရရန် ရည်ရွယ်ထားသည်မှာလည်း ထင်ရှားပေသည်။ ထိုအချက်က ကျန်းလျို၏ ရည်မှန်းချက်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထို့ကြောင့် ကျန်းလျိုသည် သူ့ကို အစကတည်းက လက်မခံချင်ခဲ့ခြင်း ဖြစ်သည်။
သူ့ကို ထားရစ်ခဲ့ပြီး အနောက်ဘက်ကောင်းကင်ဘုံသို့ ခြေလျင်လျှောက်သွားနိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပေမည်။
သို့သော် ယခုမူ သူစိုးရိမ်နေသည့်အတိုင်း နဂါးဖြူသည် ကိုယ့်သဘောနှင့်ကိုယ် လိုက်လာခဲ့လေပြီ။
အနောက်မှ လိုက်လာရုံသက်သက်ဆိုလျှင် ကိစ္စမရှိချေ။ ယခုမူ… သူ့အတွက် အတွေ့အကြုံမှတ်များ ဖြစ်သည့် မိစ္ဆာလေးကောင်ကိုပင် ဝင်ခိုးသွားခဲ့သေးသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မျက်နှာမည်းမှောင်နေသော ကျန်းလျိုက နောက်ဆုံးတွင် စကားစပြောလိုက်သည်။
"အဟမ်း... မင်းနာမည်က အောင်းလီ ဆိုလား... ဘာလို့ ငါ့ကို ဆရာလို့ ခေါ်တာလဲ... ငါ့မှာ မင်းရဲ့ ဆရာဖြစ်ဖို့ ဘယ်လို ကျင့်ဝတ်တွေ၊ စွမ်းရည်တွေ ရှိနေလို့လဲ..."
ဒူးတစ်ဖက်ထောက်ထားသော နဂါးဖြူလေးသည် ကျန်းလျိုကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ သူ၏ မှုန်ကုပ်နေသော မျက်နှာထားကို မြင်သောအခါ နားမလည်နိုင် ဖြစ်သွားရသည်။
သို့သော် သူက ရိုးသားစွာပင် ပြန်လည်လျှောက်ထားလေသည်။
"ဆရာတော်ကို လျှောက်တင်ပါတယ်... ကျွန်တော်မျိုး ကျူးလွန်ခဲ့တဲ့ အမှားအချို့ကြောင့် အပြစ်ပေးခံရဖို့ ကျောက်စိမ်းဧကရာဇ် က လင်းယုန်ငိုကြွေးချောက်မှာ အကျဉ်းချထားခဲ့ပါတယ်... ကံကောင်းထောက်မစွာနဲ့ပဲ သနားကြင်နာတတ်တဲ့ ကွမ်ယင်မယ်တော်က လမ်းညွှန်ပြသပေးခဲ့တဲ့အတွက်… ဆရာတော်နဲ့အတူ အနောက်ဘက်ကောင်းကင်ဘုံကို ကျမ်းစာပင့်ဆောင်တဲ့ခရီးမှာ လိုက်ပါခွင့်ရခဲ့ပြီး ဆရာတော် စီးနင်းဖို့အတွက် နဂါးမြင်း အဖြစ် အသွင်ပြောင်းခွင့် ရရှိခဲ့ပါတယ်..."
"ဒါကြောင့်မို့လို့ ကျွန်တော်မျိုးက သဘောဆန္ဒအလျောက် လာရောက်ပူးပေါင်းတာပါ… ဆရာတော်လည်း အမှန်တရားကို မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်..."
နဂါးမျိုးနွယ်စုမှ အိမ်ရှေ့မင်းသားပီပီ သူ၏ စကားပြောဆိုမှုမှာ အဆက်အစပ်ရှိပြီး အပြစ်ဆိုစရာ မရှိသည့်အပြင် တည်ကြည်ခန့်ညားသော အထင်အမြင်မျိုးကိုပါ ချန်ထားရစ်နိုင်ခဲ့သည်။
ဘေးနားရှိ ဝူမြို့ မှ အစောင့်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်နေကြသည်။
နဂါးဖြူလေးနှင့် ကျန်းလျိုတို့ကို ခိုးကြည့်ကာ ရွှမ်ကျန်းဆရာတော် ၏ အဆင့်အတန်းမှာ မိမိတို့ တွေးထင်ထားခဲ့သည်ထက် ပို၍ပင် ကြီးကျယ်ခမ်းနားလွန်းလှသည်ဟု ခံစားနေကြရသည်။
နဂါးဖြူတစ်ကောင်က ကိုယ့်သဘောနှင့်ကိုယ် ရောက်လာပြီး စီးနင်းရန် နဂါးမြင်းအဖြစ် အသွင်ပြောင်းပေးမည်ဟု ဆိုရုံသာမက ကွမ်ယင်မယ်တော်၏ လမ်းညွှန်မှုကိုပါ ရရှိထားသည် ဟုတ်သလော။
‘ဒီ ရွှမ်ကျန်းဆရာတော် က တကယ် ဘယ်သူများပါလိမ့်…’
သူတို့သည် မယုံနိုင်စရာ စကားဝိုင်းတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရှိနေလေသည်။
"အိုး… မင်းရဲ့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အနောက်ဘက်ကောင်းကင်ဘုံကို သွားတဲ့လမ်းမှာ ခြေတစ်လှမ်းချင်း လျှောက်သွားမယ်… ကျောင်းတော်တိုင်းမှာ ရှိခိုးမယ်… စေတီတိုင်းကို တံမြက်လှည်းမယ်… ပြီးတော့ ဗုဒ္ဓအပေါ်ထားရှိတဲ့ ငါ့ရဲ့ ရိုသေကိုင်းရှိုင်းမှုကို အမှန်တကယ် ဖော်ပြနိုင်ဖို့ ဝိညာဉ်တောင်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်မယ်လို့ သစ္စာဆိုထားပြီးပြီ...ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါတော့..."
နဂါးဖြူလေး၏ စကားကို ကြားပြီးနောက် ကျန်းလျိုက လက်ကာပြကာ ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
ကျန်းလျိုသည် စကားပြောအပြီးတွင် နဂါးဖြူလေးကို ထပ်မံဂရုစိုက်ခြင်းမရှိတော့ဘဲ လှည့်ထွက်သွားခဲ့ပြီး စွန်ဝူခုန်း နှင့် အစောင့်များကိုပါ ခေါ်ကာ ဝူမြို့ သို့ အတူတကွ ပြန်သွားရန် ပြင်လိုက်သည်။
နဂါးဖြူလေး ဝင်ရောက်စွက်ဖက်မှုကြောင့် 'ဓားပြခြောက်ယောက်ကို နှိမ်နင်းခြင်း' တာဝန် ပြီးမြောက်သွားသည်ဟု ယူဆရသော်လည်း အတွေ့အကြုံမှတ် များ အလုခံလိုက်ရသဖြင့် ကျန်းလျိုမှာ အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။
ဒင် - ပြည်သူလူထုအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန် ပြီးမြောက်ပါသည်။ အတွေ့အကြုံမှတ် ၁၄,၀၀၀ နှင့် အခြေခံအဆင့် ပြုပြင်ရေးဆီ ကို ရရှိပါသည်။
ကံကောင်းထောက်မစွာဖြင့် စနစ်၏ သတိပေးချက်က လျင်မြန်စွာ ပေါ်ထွက်လာပြီး အတွေ့အကြုံမှတ် များ ဝင်လာသည်။ ဆုလာဘ်ပစ္စည်းမှာလည်း ကျောပိုးအိတ်ထဲသို့ အလိုအလျောက် ရောက်ရှိသွားသောကြောင့် ကျန်းလျို၏ စိတ်ထဲတွင် များစွာ သက်သာရာရသွားခဲ့သည်။
***
အပိုင်း(၁၂၄)
ကျောပိုးအိတ် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သောအခါ မီးခိုးရောင်နှင့် အနက်ရောင် ရောစပ်နေသော ပုလင်းငယ်အသစ်တစ်ခုကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။ ကျန်းလျို၏ အကြည့်က ထိုပုလင်းပေါ်သို့ ကျရောက်သွားသည် နှင့်တစ်ပြိုင်နက် ပုလင်း၏ အချက်အလက်များပါ ပေါ်ထွက်လာလေသည်။
အခြေခံအဆင့် ပြုပြင်ရေးဆီ - သုံးစွဲနိုင်သောပစ္စည်း၊ ကျွမ်းကျင်သော ပန်းပဲဆရာတစ်ဦးမှ သန့်စင်ထားသည့် မှော်ဝင်ပစ္စည်းဖြစ်ပြီး၊ လက်နက်ကိရိယာများအပေါ်တွင် သုတ်လိမ်းပါက ကြံ့ခိုင်မှု ၁၀ မှတ်ကို ပြန်လည်ရရှိစေပါသည်။
"တကယ့်ကို ကောင်းမွန်တဲ့ ပစ္စည်းလေးပဲ..."
ပြုပြင်ရေးဆီ၏ အချက်အလက်များကို မြင်သောအခါ ကျန်းလျို၏ မျက်လုံးများ အရောင်လက်သွားပြီး ရင်ထဲ၌ အလွန် ဝမ်းသာသွားခဲ့သည်။
လက်နက်ကိရိယာများသည် အဆက်မပြတ် အသုံးပြုပါက ပွန်းပဲ့ပျက်စီးလာမည်ဖြစ်ပြီး ၎င်းတို့၏ ကြံ့ခိုင်မှု မှာလည်း တဖြည်းဖြည်း ကျဆင်းလာမည်ဖြစ်သည်။ သူ့ထံတွင် ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းပညာရပ် မရှိသောကြောင့် ကြံ့ခိုင်မှု များ တစ်စထက်တစ်စ ကျဆင်းသွားသည်ကို ထိုင်ကြည့်နေရုံမှလွဲ၍ သူ ဘာမျှ မတတ်နိုင်ခဲ့ပေ။
ဥပမာအားဖြင့် ဗောဓိ လက်စွပ် သည် ကြံ့ခိုင်မှု ကုန်ခမ်းသွားသောကြောင့် ကွဲကြေပျက်စီးသွားခဲ့ရလေသည်။
ဒဏ္ဍာရီလာ အရည်အသွေး ရှိသော တောက်ပသည့် ဖိနပ်၏ ကြံ့ခိုင်မှု မှာလည်း အမှန်တကယ်ပင် နိမ့်ကျနေခဲ့သည်။ ထိုကိစ္စအတွက် သူ စိုးရိမ်ပူပန်နေခဲ့ရသည်။ ယခုတော့ ဤ အခြေခံအဆင့် ပြုပြင်ရေးဆီ ပုလင်းလေးက သူ၏ အရေးတကြီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ပေါ်ထွက်လာသကဲ့သို့ ရှိနေလေသည်။
"ဆရာတော်… တပည့်တို့က အဲဒီအဘိုးကြီးကို လွှတ်လိုက်ပြီ မဟုတ်ဘူးလား... ဘာလို့ ပြန်လှည့်သွားရမှာလဲ..."
ကျန်းလျို၏ ဘေးတွင် လမ်းလျှောက်နေသော စွန်ဝူခုန်းက ခေါင်းစောင်းကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
စွန်ဝူခုန်း၏ စကားများကြောင့် ပြုပြင်ရေးဆီပေါ်သို့ ရောက်နေသော ကျန်းလျို၏ အာရုံများ ပြတ်တောက်သွားခဲ့ရသည်။ သူက စွန်ဝူခုန်းကို လှမ်းကြည့်ကာ ဖြောင့်မတ်မှန်ကန်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဝူခုန်း... ဝူမြို့မှာ ဆေးခန်းဖွင့်ပြီး လူတွေရဲ့ ဒဏ်ရာတွေကို ကုသပေးမယ်လို့ ငါပြောထားတယ် မဟုတ်လား... ဒီကိစ္စတွေ မပြီးပြတ်သေးဘဲနဲ့ ငါတို့က ဘယ်လိုလုပ်ပြီး ခရီးဆက်လို့ရမှာလဲ... ငါက ကတိတည်တဲ့သူ တစ်ယောက်ပါ..."
"အင်း... ဆရာတော်ရဲ့ အဲဒီအချက်ကိုတော့ ကျုပါ တော်တော် သဘောကျတယ်..."
စွန်ဝူခုန်းက သွားများပေါ်လာသည်အထိ ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။
ယခင်က တထာဂတ၏ စကားတည်ခြင်းမရှိသည့် လုပ်ရပ်များကြောင့် ဖြစ်ကောင်းဖြစ်မည်။ စွန်ဝူခုန်းသည် ကျန်းလျို၏ ကတိတည်မှုကို အထူးတလည် သဘောကျနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤအကြောင်းကို ပြောပြီးသည်နှင့် မျောက်က နောက်ဘက်သို့ မေးဆတ်ပြကာ ပြောလိုက်ပြန်သည်။
"ဆရာတော်... နဂါးဖြူလေးကို တကယ်ပဲ ချန်ထားခဲ့တော့မှာလား... သူသာရှိရင် ငါတို့ အနောက်ဘက်ကောင်းကင်ဘုံကို ပိုမြန်မြန် ရောက်နိုင်မယ် မဟုတ်ဘူးလား..."
စွန်ဝူခုန်းမှာ သဘာဝအားဖြင့် စိတ်မရှည်တတ်သူ ဖြစ်သည်။
မူလက သူသည် ကျန်းလျိုနှင့် ပူးပေါင်းကာ ကောင်းကင်ဘုံနှင့် နတ်ဘုရားများကို မွှေနှောက်ရန်အတွက် ဒြပ်စင် ငါးပါးတောင် အောက်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မကြာသေးမီက ကျန်းလျိုသည် သွားလိုက် ရပ်လိုက်ဖြင့် အချိန်ဆွဲနေခဲ့သောကြောင့် စွန်ဝူခုန်းမှာ စိတ်ပူပန်လာခဲ့ရလေသည်။
"မျောက်... ငါတို့ အနောက်ဘက်ကောင်းကင်ဘုံကို နောက်ကျမှ ရောက်လေလေ… ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ပိုမြင့်မားလာလေလေပဲ..."
ကျန်းလျိုက ခေါင်းလှည့်ကာ စိတ်မရှည်ဖြစ်နေသော စွန်ဝူခုန်းကို ကြည့်ရင်း သတိပေးလိုက်သည်။
ထိုစကားများကြောင့် စွန်ဝူခုန်း၏ မျက်ခုံးနှစ်ခုကြားတွင် တွေးတောနေသည့် အမူအရာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။
ဆရာတော်ပြောသည့် စကားကလည်း ယုတ္တိတန်နေသည် မဟုတ်ပါလော။
ကျန်းလျိုတို့အဖွဲ့သည် ဝူမြို့သို့ ပြန်လည်ထွက်ခွာသွားကြရာ သူတို့၏ ကျောပြင်များမှာ တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။
နဂါးဖြူလေးမှာမူ မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် အတော်လေး မှင်တက်ကြောင်အမ်း နေခဲ့လေသည်။
ကျမ်းစာပင့်ဆောင်သူက သူ့ကို ငြင်းဆိုသွားခဲ့သည်လား။
ဤသည်မှာ သူ မျှော်လင့်ထားခဲ့သည့် အရာ လုံးဝ မဟုတ်ပေ။
အကယ်၍ သာမန်ကိစ္စတစ်ခုသာ ဖြစ်မည်ဆိုလျှင် အောင်းလီသည် ဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်မည်သာ ဖြစ်သည်။ အငြင်းခံရပြီးမှ ဘာကြောင့် ထပ်ပြီး လိုက်နေရဦးမည်နည်း။ သူ ထွက်သွားပြီးလောက်ပြီ ဖြစ်သည်။
သို့ရာတွင် အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်မည့်ခရီးစဉ်မှာ သူ၏ ကိုယ်ပိုင်အနာဂတ်အတွက် သက်သက်သာ မဟုတ်ပေ။
ကျန်းလျိုတို့အဖွဲ့ တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း အောင်းလီသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ပြီးနောက် သူ၏ မာနကို ယာယီဘေးဖယ်ထားကာ အံကြိတ်လိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း မြင်းဖြူတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလိုက်ပြီး လျင်မြန်သော လေဆင်နှာမောင်းဖြူကြီးတစ်ခုအလား ကျန်းလျို၏ နောက်သို့ လိုက်သွားတော့သည်။
အရှက်မရှိဘဲ ဇွဲကောင်းရမည်ဆိုလျှင်တောင်မှ ဤအနောက်ဘက်ခရီးစဉ်တွင် ပါဝင်ခွင့်ရရန် နဂါးဖြူလေးသည် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။
စိတ်ကူးလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ခွာများက မြေပြင်နှင့်မလွတ်တမ်း ပြေးလွှားသွားကာ ကျန်းလျိုတို့အဖွဲ့ကို ကျော်တက်၍ မိုးကုတ်စက်ဝိုင်းအတွင်းသို့ ပျောက်ကွယ်သွားလေသည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းဖြူလေးသည် လျှပ်စီးအလား လျင်မြန်စွာဖြင့် လေလိုပြေးရင်း ပြန်ရောက်လာခဲ့သည်။
"သိပ်မြန်တာပဲ..."
နဂါးမြင်းဖြူ၏ အပြေးအမြန်နှုန်းကို မြင်လိုက်ရသောအခါ ဝူမြို့မှ အစောင့်များအားလုံးမှာ အံ့ဩမှင်တက်သွားကြလေသည်။
အစောင့်များ၏ ဤချီးကျူးစကားကြောင့် နဂါးမြင်းဖြူမှာ ရင်ထဲတွင် ကြည်နူးဝမ်းသာသွားပြီး ကျန်းလျို၏ စိတ်ပြောင်းသွားမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။
သူ ဘယ်လောက် မြန်မြန်ပြေးနိုင်တယ်ဆိုတာ မြင်ပြီးသည့်နောက် ကျန်းလျိုတစ်ယောက် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါဦးမည်လား။
မူလက အနောက်ပင်လယ် နဂါးနန်းတော်၏ တတိယမြောက် အိမ်ရှေ့မင်းသားဖြစ်သော အောင်းလီသည် ထူးကဲသော စွမ်းရည်ရှိပြီး မွေးရာပါ ပြိုင်ဘက်ကင်းသော မာနကို ပိုင်ဆိုင်ထားလေသည်။
ပင်လယ်လေးသွယ်မှ နဂါးမျိုးနွယ်စု၏ မင်းသားတစ်ပါးအနေဖြင့် လင်းယုန်ငိုကြွေးချောက်သို့ နှင်ထုတ်မခံရမီအချိန်က သူသည် တက်ကြွမှု အပြည့်ရှိနေခဲ့ပေသည်။
ကံမကောင်းစွာဖြင့် ယခုအခါ သူသည် သူတစ်ပါး၏ အမိုးအောက်သို့ ရောက်နေပြီဖြစ်ရာ ခေါင်းငုံ့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
နဂါးနန်းတော်တွင် မွေးဖွားလာခဲ့ခြင်းကြောင့်ပင် နတ်ဘုရားများနှင့် ဗုဒ္ဓဘာသာစနစ်အတွင်း ရာထူးတက်ရန် မည်မျှခက်ခဲကြောင်း အောင်းလီ ကောင်းစွာ နားလည်ထားပြီးဖြစ်သည်။ ဤအနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်မည့်ခရီးစဉ်ကို ကံဆိုးမှုမှ ပေါက်ဖွားလာသော ကံကောင်းမှုကြီးတစ်ခုအဖြစ် ရှုမြင်နိုင်ပေသည်။
ထို့ကြောင့် သူ၏ မာနများကို မြိုချရမည်ဆိုလျှင်တောင်မှ ခွေးတစ်ကောင်လို... အဲလေ ကပ်ခွာတစ်ခုလိုမျိုး ကျမ်းစာပင့်ဆောင်သူအနားတွင် ကပ်တွယ်နေပေမည်။ သူသည် အနောက်ဘက်ကောင်းကင်ဘုံအထိ အရောက်သွားမည့်အဖွဲ့ထဲတွင် ပါဝင်ခွင့်ရရန် အရှက်မရှိဘဲ ဆုံးဖြတ်ထားခဲ့သည်။
ပြိုင်ဘက်ကင်းသော အပြေးအမြန်နှုန်းကို ပြသခဲ့ပြီးဖြစ်ရာ နဂါးဖြူလေး၏ အမြင်တွင် ကျမ်းစာပင့်ဆောင်သူ၏ စိတ် ပြောင်းလဲသွားလောက်ပြီဟု ထင်မှတ်ထားခဲ့သည်။
သို့ရာတွင် သူ့ကို အံ့အားသင့်စေသည်မှာ ကျမ်းစာပင့်ဆောင်သူက သူ၏ လျှပ်စီးတမျှ မြန်ဆန်သော အပြေးအမြန်နှုန်းကို သတိမထားမိသည့်အလား မတုန်မလှုပ် ရှိနေခြင်းပင် ဖြစ်သည်။
ပျော်မြူးနေသော ခွေးတစ်ကောင်ကဲ့သို့ ရှေ့နောက် ပြေးလွှားနေခဲ့သော်လည်း ကျမ်းစာပင့်ဆောင်သူက သူ့ကို လေဟာနယ်တစ်ခုအလား လုံးဝ လျစ်လျူရှုထားခဲ့ခြင်းမှာ အောင်းလီအတွက် အတော်လေး သည်းခံရခက်စေခဲ့သည်။ သူ၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားခဲ့သည်။ ဤမျှ အလိုလိုက်ရခက်သော သူကို ဆက်ပြီး အစေခံမနေတော့ဘဲ ထွက်သွားလိုက်ရမည်လော။
သို့သော် ထွက်သွားခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို ပြန်လည်တွေးတောကြည့်သောအခါ ပြစ်ဒဏ်အနေဖြင့် လင်းယုန်ငိုကြွေးချောက်အောက်တွင် တစ်သက်လုံး ဖိနှိပ်ခံရနိုင်ပေသည်။
အခြားတစ်ဖက်တွင်မူ သူသာ ကျမ်းစာပင့်ဆောင်မည့်အဖွဲ့ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လျှင် ရှေ့ဆက်ရမည့်လမ်းမှာ ကျယ်ပြန့် ချောမွေ့နေမည်သာ ဖြစ်သည်။ ထိုနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်လျှင် အရူးတစ်ယောက်ပင် မည်သည့်အရာကို ရွေးချယ်ရမည်ကို သိနိုင်ပေသည်။
ထို့ကြောင့် အရှုံးပေးလိုက်ရန် အတွေးများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် နဂါးဖြူလေးသည် ချက်ချင်းပင် ထိုအတွေးများကို ဖိနှိပ်လိုက်လေသည်။
စောင့်ဆိုင်းနိုင်သူများအတွက် ကောင်းမွန်သောအရာများ ရောက်လာတတ်သည် မဟုတ်ပါလော။ ရွှေကိုယ်ထည်ကိုသာ ရရှိနိုင်မည် ဆိုလျှင် မျက်နှာအနည်းငယ် အပျက်ခံရုံဖြင့် ဘာအရေးနည်း။
ထို့အပြင်… သူလုပ်ချင်သောအရာမှာ ဝိညာဉ်တောင်သို့ အောင်မြင်စွာ ရောက်ရှိပြီး ဘွဲ့တံဆိပ် လက်ခံရယူခြင်းဖြင့်သာ ပြီးမြောက်နိုင်မည် ဖြစ်သည်။
အောင်းလီ ဘာတွေတွေးနေသည်ကို ကျန်းလျိုကတော့ စိတ်မဝင်စားချေ။ နဂါးမြင်းဖြူ၏ လျှပ်စီးအလား မြန်ဆန်သော အပြေးအမြန်နှုန်းကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ထိုအမြန်နှုန်းကို ကြည့်ရင်း ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး သူ၏ ရင်ထဲတွင် ပို၍ပင် ဆန့်ကျင်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့တော့သည်။
***