အခန်း (၁၂၅-၁၂၆)
Vol. 9 Ch. 125-126
အပိုင်း(၁၂၅)
ဝူမြို့သို့ ရောက်ရှိသောအခါ ကျန်းလျိုသည် သူ၏ ဆေးခန်းဖွင့်သည့်နေရာသို့ ပြန်သွားခဲ့ပြီး ဒဏ်ရာရနေသော သာမန်ပြည်သူတိုင်းကို အခမဲ့ ကုသပေးခြင်းဖြင့် လောကီလူသားများအား ကုသပေးသည့် အလုပ်ကို ဆက်လက်လုပ်ဆောင်နေလေသည်။
ကွမ်ယင် ဂါထာများ တစ်ခုပြီးတစ်ခု ကျဆင်းလာသည်နှင့်အမျှ သူ၏ ဒုတိယအကြိမ်မြောက် အဆင့်ကူးပြောင်းရေး တာဝန်၏ တိုးတက်မှုမှာလည်း မှန်မှန် ရှေ့သို့ တက်လှမ်းနေလေသည်။
ဒင် - တာဝန် ပြီးမြောက်မှု ၈၈/၂၀၀
ဒင် - တာဝန် ပြီးမြောက်မှု ၉၂/၂၀၀
ဒင် - တာဝန် ပြီးမြောက်မှု ၉၉/၂၀၀
ဦးခေါင်းပေါ်ရှိ နံသာတိုင် အမာရွတ် ဆယ့်နှစ်ခုကို ပြသထားသောကြောင့် ၎င်းက ထင်ရှားကျော်ကြားသူတစ်ဦးအလား သက်ရောက်မှုကြီးမားစေခဲ့သည်။
ကွမ်ယင် ဂါထာ၏ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုနှင့်အတူ သာမန်ပွန်းပဲ့ဒဏ်ရာများ အားလုံးနီးပါးမှာ ဂါထာတစ်ခေါက် ရွတ်ဆိုလိုက်ရုံဖြင့် ပျောက်ကင်းသွားသောကြောင့် ကြီးမားသော တုံ့ပြန်မှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် ဝူမြို့ရှိ သာမန်ပြည်သူအများအပြားမှာ ကျန်းလျို၏ ကုသမှုကို ခံယူရန် တန်းစီစောင့်ဆိုင်းနေကြရသည်။
ကွမ်ယင် ဂါထာ၏ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၆၀၀ စက္ကန့် ရှိသောကြောင့် တစ်နာရီလျှင် ခြောက်ကြိမ် အသုံးပြုနိုင်ပေသည်။ ဤတိုးတက်မှု အခြေအနေအရဆိုလျှင် သူ၏ အဆင့်ကူးပြောင်းရေး တာဝန်၏ ဒုတိယအပိုင်းကို ပြီးမြောက်ရန် အချိန်သိပ်မကြာနိုင်တော့ပေ။
ဆေးခန်းရှေ့တွင် ကျန်းလျို၏ စိတ်အာရုံများက ဒဏ်ရာရနေသော ပြည်သူများအပေါ်တွင်သာ အာရုံစိုက်ထားပြီး ၎င်းတို့ကို စိတ်အားထက်သန်စွာ ကုသပေးနေသည်။ထိုစဉ် သူ၏ဘေးတွင် စွန်ဝူခုန်းမှာမူ သစ်သားပျဉ်ပြားတစ်ခုပေါ်တွင် ခြေချိတ်လှဲလျောင်းနေကာ ပါးစပ်ထဲတွင် သစ်ကိုင်းခြောက်တစ်ခုကို ကိုက်ထားရင်း အလွန်တရာ ငြီးငွေ့နေသည့်ပုံ ပေါက်နေလေသည်။
သူ၏ဘေးတွင် နဂါးမြင်းဖြူကလည်း တိတ်ဆိတ်စွာ ရပ်နေပြီး ကျန်းလျို အလုပ်ပြီးမည့်အချိန်ကို စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေလေသည်။
ကျန်းလျိုသည် အဘယ်ကြောင့် ကျမ်းစာပင့်ဆောင်မည့်ခရီးကို ဆက်မသွားဘဲ ဤနေရာရှိ သာမန်ပြည်သူများကို ကုသပေးရန် ရွေးချယ်ခဲ့သည်ကို သူ နားမလည်သော်လည်း ပို၍ မမေးရဲခဲ့ပေ။
ကျမ်းစာပင့်ဆောင်သူက သူ့ကို လေဟာနယ်တစ်ခုအလား အရေးမပါသကဲ့သို့ သဘောထားနေသော်လည်း သူကတော့ မျက်နှာပြောင်တိုက်ကာ ဆက်လက်လိုက်ပါရန် ဆုံးဖြတ်ထားလေသည်။
"ဟေး... မင်းက အောင်းလီ ဆိုတဲ့ နဂါးဖြူလေး မဟုတ်လား..."
စွန်ဝူခုန်း တစ်ယောက် ငြီးငွေ့နေသောကြောင့် ဖြစ်ကောင်းဖြစ်မည် ဘေးနားရှိ နဂါးမြင်းဖြူကို ရုတ်တရက် စကားလှမ်းပြောလိုက်သည်။
"ဟုတ်ပါတယ် မဟာပညာရှိကြီး... ကျွန်တော်မျိုးရဲ့ နာမည်က အောင်းလီ ပါ..."
စွန်ဝူခုန်း၏ စကားကို ကြားသောအခါ နဂါးမြင်းဖြူက ကမန်းကတမ်း ပြန်လည်ဖြေကြားလိုက်သည်။
သူသည် ကျမ်းစာပင့်ဆောင်မည့်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ စွန်ဝူခုန်းနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရန် လိုအပ်သည်မှာ အသေအချာပင်ဖြစ်သည်။ အတိတ်က ကောင်းကင်နှင့် ရင်ပေါင်တန်းနိုင်သော မဟာပညာရှိကြီး ဟူသည့် သူ၏ ဂုဏ်ပုဒ်မှာလည်း များစွာ ဩဇာတိက္ကမ ကြီးမားလှပေသည်။
"မျိုးရိုးနာမည်က အောင်း ဟုတ်လား... ငါသိထားသလောက်တော့ ပင်လယ်လေးသွယ်က နဂါးမင်းတွေပဲ အောင်း ဆိုတဲ့ မျိုးရိုးနာမည် ရှိတာလေ..."
နဂါးဖြူလေး၏ အဖြေကို ကြားပြီးနောက် စွန်ဝူခုန်းက ဆက်ပြောလိုက်သည်။
"ဟုတ်ပါတယ်… ကျွန်တော်မျိုး နဂါးငယ်လေးက အနောက်ပင်လယ် နဂါးမင်းကြီးရဲ့ တတိယမြောက် အိမ်ရှေ့မင်းသား အစစ်ပါ... မဟာပညာရှိကြီး အရှေ့ပင်လယ်ကို လက်နက်သွားငှားတုန်းက… ခမည်းတော်က မဟာပညာရှိကြီးကို ဖီးနစ်တောင်ပံ ခရမ်းရွှေသရဖူ တစ်လုံးတောင် လက်ဆောင်ပေးခဲ့သေးတယ်လေ..."
စွန်ဝူခုန်းက သူ့ကို စကားပြောဆိုလိုစိတ် ရှိနေသည်ကို မြင်သောအခါ နဂါးမြင်းဖြူက သူတို့၏ ဆက်ဆံရေးကို အနည်းငယ် ပို၍ ရင်းနှီးလာစေရန် ရည်ရွယ်ချက်ဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"အို... ငါ မှတ်မိပြီ... အရှေ့ပင်လယ်က နဂါးမင်းအိုကြီးက တော်တော်လေး ကပ်စေးနှဲတာပဲ... ငါက ပင်လယ်ထိန်းအပ် ကို ယူရုံပဲ ယူခဲ့တာ… ချပ်ဝတ်တန်ဆာ တောင်းချင်တဲ့အခါကျတော့ ရွှေကွင်းဆက်ချပ်ဝတ်၊ ဖီးနစ်တောင်ပံ ခရမ်းရွှေသရဖူ နဲ့ ကြာမျှင်တိမ်စီးဖိနပ် တွေကို သူ့ရဲ့ ညီနောင်သုံးပါးဆီကနေ တောင်းပေးရတယ်လေ..."
ပင်လယ်ထိန်းအပ် ကို ရယူရန် အရှေ့ပင်လယ်သို့ သွားခဲ့စဉ်က အချိန်များကို ပြန်လည်တွေးတောမိသောအခါ စွန်ဝူခုန်းမှာ မကျေမနပ် ညည်းတွားခြင်း မပြုဘဲ မနေနိုင်ခဲ့ချေ။
အရှေ့ပင်လယ် နဂါးမင်းကြီးသည် အမှန်တကယ်ပင် ချမ်းသာကြွယ်ဝပြီး နဂါးမျိုးနွယ်စုများက ရတနာများကို စုဆောင်းရသည်ကို နှစ်သက်ကြသည်မှာ မှန်ပေသည်။သို့သော်လည်း အဆုံးတွင်မူ ၎င်းတို့သည် အနည်းငယ် ကပ်စေးနှဲလွန်းလှပေသည်။
"ဒါပေမဲ့ အဲဒီတုန်းက မင်းတို့ အနောက်ပင်လယ်ဆီကနေ ဖီးနစ်တောင်ပံ ခရမ်းရွှေသရဖူ ရခဲ့တာက ငါ့ရဲ့ နာမည်ကျော်ကြားမှုကို ပိုတိုးလာစေခဲ့တာပဲ... မဆိုးဘူး... လုံးဝ မဆိုးဘူး..."
"ဖီးနစ်တောင်ပံ ခရမ်းရွှေသရဖူ လောက်ကတော့ အသေးအဖွဲပါ... မဟာပညာရှိကြီး သဘောကျတယ်ဆိုရင် ကျွန်တော်မျိုးက မဟာပညာရှိကြီးအတွက် တခြားရတနာအချို့ကို ထပ်ရှာပေးပါ့မယ်..."
စွန်ဝူခုန်း၏ စကားကို ထောက်ခံရင်း နဂါးမြင်းဖြူက ပြောလိုက်သည်။ ထို့နောက်... သူက ခဏမျှ ရပ်နားကာ စကားကို ဆက်၍ ထောက်လိုက်သည်။
"ဒါပေမဲ့ အဲဒီတုန်းက မဟာပညာရှိကြီးက ကျင့်စဉ်အသစ် ပြီးမြောက်ခါစဆိုတော့ လက်ထဲမှာ ရတနာတွေ ဘာမှ မရှိသေးဘူးလေ… အခုတော့ မဟာပညာရှိကြီးက ဘုံသုံးပါးလုံးမှာ ကျော်ကြားနေပြီး ကြီးမြတ်တဲ့ နာမည်ဂုဏ်သတင်းလည်း ရှိနေပြီပဲ... ကျွန်တော်မျိုးတို့ နဂါးမျိုးနွယ်စုရဲ့ ရတနာအချို့က မဟာပညာရှိကြီးရဲ့ မျက်စိထဲ ဝင်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်..."
"လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းကဆိုရင် မဟာပညာရှိကြီးရဲ့ ကျက်သရေနဲ့ စွမ်းအားက ဘုံသုံးပါးနဲ့ လမ်းစဉ်ခြောက်သွယ်လုံးကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့တာပါ... ကျွန်တော်မျိုး နဂါးငယ်လေးက မဟာပညာရှိကြီးကို အမြဲတမ်း လေးစားအားကျနေခဲ့တာပါ..."
"ဟီးဟီး... မင်း နဂါးဖြူလေးက တော်တော်လေး အကဲခတ်တတ်တာပဲ… ဒါပေမဲ့ ငါ့ကို အရမ်းကြီး ဆက်မချီးမွမ်းနေနဲ့တော့... အရမ်းပြောလွန်းရင် အပေါစားဆန်သွားတတ်တယ်..."
စွန်ဝူခုန်းက တခစ်ခစ်ရယ်လျက် မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးကာ ပြောလိုက်သည်။ သူသည် ခါးမတ်မတ်ထိုင်လိုက်ပြီး အလွန်ဝမ်းသာအားရ ဖြစ်နေကာ ဂျွမ်းနှစ်ပတ်ခန့် ပစ်လိုက်ချင်စိတ်ပေါက်နေသည်။ သို့သော်လည်း ဟန်ကိုယ့်ဖို့လုပ်ကာ ချုပ်တည်း၍ ပြောနေခြင်း ဖြစ်သည်။
ခေတ္တမျှ ရပ်နားပြီးနောက် စွန်ဝူခုန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဒီလိုမျိုး ချီးမွမ်းတာကို တစ်နေ့ ဆယ်ကြိမ်ထက် မပိုစေနဲ့... အင်း... အကြိမ် နှစ်ဆယ်လောက်ဆို ပိုကောင်းမယ်..."
ဘေးရှိ နဂါးမြင်းဖြူမှာ ဤစကားကို ကြားသောအခါ ခေတ္တမျှ မှင်တက်သွားခဲ့သည်။ သူ၏ မြင်းမျက်နှာမှာ အနည်းငယ် တွန့်ကွေးသွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"နားလည်ပါပြီ မဟာပညာရှိကြီး..."
"ကောင်းပြီ… ငါ့ကို မဟာပညာရှိကြီးလို့ မခေါ်နဲ့တော့... ငါ့ကို 'အစ်ကိုကြီး' လို့ပဲ ခေါ်ပါ... မင်းက ကွမ်ယင်မယ်တော်ရဲ့ လမ်းညွှန်မှုကို ရထားတာဆိုတော့… အဆုံးကျရင် ငါတို့ရဲ့ ခရီးစဉ်မှာ ပါဝင်လာရမှာပဲလေ..."
စွန်ဝူခုန်းက နဂါးမြင်းဖြူ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ သူသည် အရပ်ပုပြီး ပိန်သွယ်နေသော်လည်း အစ်ကိုကြီးတစ်ယောက်၏ တည်ငြိမ်ရင့်ကျက်မှုမျိုးကို ဆောင်ထားလေသည်။
"တကယ်လား... ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."
စွန်ဝူခုန်းသည် သူ နေရမည် သို့မဟုတ် ထွက်သွားရမည်ကို မဆုံးဖြတ်ပေးနိုင်သော်လည်း ဤစကားကို ပြောလိုက်ခြင်းဖြင့် သူ့ကို အနည်းဆုံးတော့ လက်ခံလိုက်ပြီဖြစ်ရာ နဂါးမြင်းဖြူမှာ အလွန်တရာ ဝမ်းသာသွားခဲ့သည်။
ကျန်းလျိုသည် ကွမ်ယင် ဂါထာ စွမ်းရည်၏ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ကို စောင့်ဆိုင်းနေစဉ် ပတ်ဝန်းကျင်ကို နားစွင့် နေမိလေသည်။ ထို့ကြောင့်ပင်... စွန်ဝူခုန်းနှင့် နဂါးမြင်းဖြူတို့၏ စကားပြောဆိုသံများကို ကြားနေရလေသည်။
အမြီးကို လှုပ်ယမ်းနေသည့် စွန်ဝူခုန်းကို ကြည့်ရင်း ကျန်းလျို၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားခဲ့သည်။ စွန်ဝူခုန်းသည် သူ့ကိုယ်သူ ချီးမွမ်းသံများကို နားထောင်ရန်အတွက်သာ နဂါးမြင်းဖြူကို အနားတွင် ထားချင်နေခြင်းလော။
စွန်ဝူခုန်းနှင့် နဂါးမြင်းဖြူတို့ အလွန်တည့်နေကြသည်ကို မြင်သောအခါ ကျန်းလျိုက ဘာမှမတတ်နိုင်စွာဖြင့် ခေါင်းခါလိုက်သည်။
"စိတ်က မျောရိုင်းတစ်ကောင်လို… နှလုံးသားက ထွက်ပြေးနေတဲ့ မြင်းတစ်ကောင်လို... ဆိုတဲ့ စကားပုံက တကယ်ပဲ ကွက်တိမကျဘူးလား... ဒီမျောက်နဲ့ မြင်းက အရမ်းကို ရင်းနှီးသွားကြတဲ့ပုံပဲ..."
"ဒါနဲ့ အစ်ကိုကြီး… ကျွန်တော့်မှာ မေးစရာ တစ်ခုရှိတယ်... ဆရာတော်က ကျွန်တော့်ကို လက်မခံချင်ဘူးဖြစ်နေတာ... အစ်ကိုကြီးကကျတော့ ဘယ်လိုလုပ်ပြီး သူ့ကို လက်ခံလာအောင် လုပ်နိုင်ခဲ့တာလဲ..."
အောင်းလီသည် စွန်ဝူခုန်းကို စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်သည်။ အပေါ်ယံမျှသာ မဟုတ်ဘဲ ရင်ထဲမှကို အမှန်တကယ် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
ကွမ်ယင်မယ်တော်၏ လမ်းညွှန်မှုဖြင့် ကျမ်းစာပင့်ဆောင်သူ၏ စီးတော်ယာအဖြစ် အနောက်ဘက်ခရီးစဉ်တွင် သယ်ဆောင်သွားရန် နဂါးမြင်းဖြူအဖြစ် အသွင်ပြောင်းခဲ့သည်။ သို့သော်လည်း ကျမ်းစာပင့်ဆောင်သူက သူ့ကို လုံးဝ လက်မခံခဲ့ပေ။ သူ မည်မျှပင် ဇွဲကောင်းကောင်းဖြင့် ကပ်တွယ်နေစေကာမူ သဘောတူညီသည့် ခေါင်းညိတ်မှုကို မရနိုင်ခဲ့ချေ။ သို့ဆိုလျှင် စွန်ဝူခုန်းကရော မည်သို့လုပ်ဆောင်နိုင်ခဲ့သနည်း။
စွန်ဝူခုန်း၏ နည်းလမ်းများတွင် အတုယူစရာများ ပါဝင်နေမလား၊ သင်ယူစရာ တစ်ခုခု ရှိနေမလားဆိုသည်ကို သူ နားထောင်ကြည့်ချင်နေမိသည်။
မည်သို့ပင်ဆိုစေ သူရော စွန်ဝူခုန်းပါ ကွမ်ယင်မယ်တော်၏ လမ်းညွှန်မှုကို ရရှိခဲ့ကြပြီး ကျမ်းစာပင့်ဆောင်သူနှင့်အတူ အနောက်ဘက်ကောင်းကင်ဘုံသို့ လိုက်ပါရမည် ဖြစ်သည်။ သဘောတရားအရဆိုလျှင် ၎င်းတို့၏ အခြေအနေမှာ အတူတူပင် ဖြစ်သင့်သည် မဟုတ်ပါလော။
"အဲ့တာက..."
နဂါးမြင်းဖြူ၏ စကားကို ကြားသောအခါ စွန်ဝူခုန်းသည် ပါးစပ်ဟသွားပြီး သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာလေသည်။
"ဘာဖြစ်လို့လဲ အစ်ကိုကြီး... တခြားသူတွေ မသိနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခု… ထုတ်ပြောလို့မရတဲ့ ကိစ္စတစ်ခုခု ရှိနေလို့လား..."
စွန်ဝူခုန်း၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သောအခါ နဂါးမြင်းဖြူက တိုးတိုးလေး မေးလိုက်သည်။
သူ၏ အမူအရာမှာ အလွန်ပင် နားလည်ပေးတတ်သည့်ပုံ ပေါက်နေလေသည်။ အကယ်၍ အခြားသူများ မသိနိုင်သော လျှို့ဝှက်ချက် တစ်ခုခု ရှိနေပါက သူ ဆက်၍ အတင်းအကျပ် မေးမြန်းနေမည် မဟုတ်ပေ။
"မဟုတ်ပါဘူး… တကယ်တော့ ဘယ်လိုပြောရမလဲ... ငါ စွန်ဝူခုန်း က အနောက်ဘက်ကောင်းကင်ဘုံကို ကျမ်းစာသွားမပင့်ချင်ဘူးကွ... ဆရာတော် ကိုယ်တိုင်က ငါ့ကို လိုက်ခဲ့ဖို့ အသနားခံ တောင်းဆိုနေခဲ့တာ..."
စွန်ဝူခုန်းက ခေါင်းခါလိုက်ပြီးနောက် အမှန်တရားကို ဖွင့်ဟပြောပြလိုက်သည်။
နဂါးမြင်းဖြူလေးသည် အံ့ဩပြီးဆွံ့အသွားလေသည်။
"အဲဒီတုန်းက ငါ စွန်ဝူခုန်း က လုံးဝ မလိုက်ဘူးလို့ အကြိမ်ကြိမ် ငြင်းခဲ့တာ… ဒါပေမဲ့ သူက နေ့တိုင်း ဇွဲမလျှော့ဘဲ ဆက်တိုက် နားချနေခဲ့တာ… ငါ့အတွက် နေ့တိုင်း ထမင်းဟင်းတွေတောင် ချက်ကျွေးသေးတယ်... နောက်ဆုံးတော့လည်း တခြားနည်းလမ်း မရှိတော့ဘူးလေ... ဘာပဲဖြစ်ဖြစ် ဒြပ်စင်ငါးပါးတောင် အောက်မှာ ဖိနှိပ်ခံနေရတာထက်စာရင် အပြင်ထွက်ပြီး အခြေအနေကို ကြည့်တာက ပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်တာ..."
ကောင်းကင်ဘုံနှင့် နတ်ဘုရားများကို မှောက်လှန်ပစ်မည်ဟူသော ကျန်းလျိုနှင့် သူ၏ လျှို့ဝှက်သဘောတူညီချက်ကို ထုတ်ဖော်ပြောဆို၍ မရနိုင်သောကြောင့် စွန်ဝူခုန်းသည် ဘာမှမတတ်နိုင်သည့်ပုံစံဖြင့် လက်ကာပြလိုက်သည်။
"အစ်ကိုကြီး... ဆက်မပြောပါနဲ့တော့..."
စွန်ဝူခုန်း၏ စကားလုံးတိုင်းသည် နဂါးမြင်းဖြူ၏ ရင်အုံထဲသို့ အပ်များဖြင့် ထိုးစိုက်နေသကဲ့သို့ ခံစားရစေသည်။ စွန်ဝူခုန်း၏ အကြည့်များ အဘယ်ကြောင့် ထိုမျှ ထူးဆန်းနေခဲ့သနည်းဆိုသည်ကို ထိုအချိန်ကျမှ သူ သဘောပေါက်သွားတော့သည်။
အားလုံးက ကွမ်ယင်မယ်တော်၏ လမ်းညွှန်မှုကြောင့် ဤနေရာသို့ ရောက်လာခဲ့ကြသော်လည်း ဆက်ဆံခံရပုံခြင်းကတော့ လုံးဝ ကွာခြားနေခဲ့သည် မဟုတ်ပါလော။
ခေါင်းကို ငုံ့ထားလျက် နဂါးမြင်းဖြူမှာ တိတ်ဆိတ်သွားခဲ့ပြီး သူ၏ အမူအရာမှာ မှိုင်တွေနေကာ စွန်ဝူခုန်း၏ စကားများကြောင့် သိသိသာသာပင် နာကျင်သွားခဲ့ရလေသည်။
သူက အဖွဲ့ထဲ ဝင်ခွင့်ရရန် အသည်းအသန် ကြိုးစားနေသော်လည်း ဆရာတော်က သူ့ကို အလိုမရှိခဲ့ပေ။ သို့ရာတွင် စွန်ဝူခုန်းကမူ အသည်းအသန် ငြင်းဆန်နေပါလျက်နှင့် ဆရာတော် ကိုယ်တိုင်က အဖွဲ့ထဲဝင်ရန် တောင်းပန်ခြင်းကို ခံခဲ့ရသည် ဟုတ်လား။
***
အပိုင်း(၁၂၆)
နဂါးမြင်းဖြူလေး မည်သို့ ခံစားနေရသည်ဆိုသည်ကို ကျန်းလျိုကတော့ ဂရုမစိုက်ခဲ့ပေ။ သူ၏ စိတ်အာရုံများက ကုသပေးခြင်းအပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်ထားလေသည်။
ဝူမြို့တွင် သုံးရက်ကြာ နေထိုင်ပြီးနောက် တတိယမြောက်နေ့ မွန်းလွဲပိုင်းတွင် ခြေထောက်ကျိုးနေသော နောက်ဆုံးလူတစ်ဦးကို ကျန်းလျို၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့ကြသည်။ ကွမ်ယင် ဂါထာ တစ်ခုကို ရွတ်ဆိုလိုက်ရာ ထိုသူ၏ ဒဏ်ရာများ သိသိသာသာ သက်သာပျောက်ကင်းသွားလေသည်။
ဒင် -လက်ရှိ တာဝန် ပြီးမြောက်မှု - ၂၀၀/၂၀၀
"ကဲ အားလုံးပဲ… ဒီနေ့ကတော့ ဒီဆရာတော် ဒီမှာရှိနေမယ့် နောက်ဆုံးနေ့ပဲ... ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြပေမယ့် အခုတော့ အနောက်ဘက်ခရီးစဉ်ကို ဆက်သွားရတော့မှာမို့ လမ်းခွဲရတော့မယ်... ရေစက်ပါရင် နောက်တစ်ကြိမ် ပြန်ဆုံတွေ့ကြတာပေါ့..."
ကျန်းလျိုသည် ကွမ်ယင် ဂါထာ တစ်ခုကို ထပ်မံရွတ်ဆိုလိုက်ပြီးနောက် ရွာသားအား ကောင်းစွာ အနားယူရန် သေချာစွာ မှာကြားလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
ဆေးခန်းရှေ့တွင် ကုသမှုခံယူရန် တန်းစီစောင့်ဆိုင်းနေသူ လူတစ်ဒါဇင်ခန့် ကျန်ရှိနေသေးသည်။ ကျန်းလျိုသည် အရာရာကို သေသေချာချာ ပြီးပြတ်အောင် လုပ်ချင်သော်လည်း သူ၏ ကိုယ်ပိုင်အသက်ရှင်သန်ရေးအတွက် အချိန်တိုင်း စက္ကန့်တိုင်းက အသက်လုနေရသည်ဖြစ်ရာ အခြားသူများအတွက် အချိန်မဖြုန်းရဲခဲ့ပေ။ တောင်းပန်စကားဆိုပြီးနောက် သူသည် ပြတ်ပြတ်သားသားပင် လှည့်ထွက်လာခဲ့လေသည်။
ကျန်းလျို ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်ကို မြင်သောအခါ ရွာသားအချို့က နောက်မှလိုက်ချင်ကြသော်လည်း ဤအခြေအနေအတွက် ကျန်းလျိုက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ဝူမြို့မှ အစောင့်များ ပေါ်လာပြီး ရွာသားများ သူ့နောက်သို့ မလိုက်နိုင်ရန် တားဆီးပေးခဲ့ကြသည်။
"ဒကာကြီးတို့ အားလုံးကို ကျေးဇူးတင်ပါတယ်..."
ဝူမြို့ တံခါးဝတွင် ကျန်းလျိုက လက်အုပ်ချီကာ ခေါင်းဆောင်အစောင့်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဘာတွေပြောနေတာလဲ ဆရာတော်... အဲဒီနေ့ကသာ ဆရာတော် ဝင်မကူညီခဲ့ဘူးဆိုရင် ကျွန်တော်တို့ ညီအစ်ကိုတွေ အသေအပျောက် များနေလောက်ပြီ… အခုလို ကူညီပေးရတာက ဘာမှမဟုတ်ပါဘူး..."
ဝူမြို့ မှ အစောင့်က လေးစားမှုနှင့် ကြောက်ရွံ့မှု ရောယှက်နေသော အသံဖြင့် ကမန်းကတမ်း ပြန်လည် လက်အုပ်ချီလျက် ပြောလိုက်သည်။
ကျန်းလျိုသည် အချိန်ဖြုန်းကာ စကားစမြည်ပြောဆိုရန် ရည်ရွယ်ချက် မရှိသောကြောင့် ဝူမြို့ မှ အစောင့်များကို နှုတ်ဆက်လိုက်ပြီး စွန်ဝူခုန်း နှင့်အတူ အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်မည့် ခရီးကို ဆက်လက်ထွက်ခွာလာခဲ့လေသည်။
နဂါးမြင်းဖြူ အတွက်မူ ခေါ်ရန်ပင် မလိုအပ်ပေ။ မောင်းထုတ်၍လည်းမရ တိုက်ခိုက်၍လည်း အနိုင်မရနိုင်ဘဲ အရှက်မရှိ ကပ်တွယ်လိုက်လာမည်ဖြစ်ရာ ကျန်းလျိုသည် သူ့ကို သတိမထားမိဟန်သာ ဆောင်နေလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ သူ့ကို ရိုက်သတ်ပစ်ရန် စွန်ဝူခုန်း ကို သူ တကယ် ခွင့်ပြု၍ မရနိုင်ပေ။
ထိုသို့တွေးရင်း ကျန်းလျို လှမ်းကြည့်လိုက်သောအခါ နဂါးမြင်းဖြူ ပေါ်တွင် ထိုင်ကာ ပြုံးဖြဲဖြဲဖြင့် စကားပြောနေသော စွန်ဝူခုန်း ကို မြင်လိုက်ရသည်။ ထိုမျောက်နှင့် မြင်းမှာ အတော်လေး သက်တောင့်သက်သာ ရှိနေသည့်ပုံပင်။
နဂါးမြင်းဖြူ၏ ချိုသာသော စကားများနှင့် မြှောက်ပင့်မှုများကြောင့် စွန်ဝူခုန်း မှာ အလွန်တရာ ကျေနပ်နေပြီး တစ်ခါတစ်ရံ မြင်းကျောပေါ်တွင် ဂျွမ်းနှစ်ပတ်ခန့်ပင် ပစ်လိုက်သေးသည်။
"ဒါပါပဲလေ… မျောက်က မျောက်ပါပဲ..."
ကျန်းလျိုသည် ဘာမှမတတ်နိုင်စွာဖြင့် ရင်ထဲမှ သက်ပြင်းချလိုက်မိသည်။ ယခင်ကဆိုလျှင် မျောက်ကို ချိုသာသော စကားများပြောခဲ့သူမှာ သူသာဖြစ်သော်လည်း ယခုအခါတွင်မူ နဂါးမြင်းဖြူ နှင့် စွန်ဝူခုန်း တို့ကြားတွင် ခိုင်မာသော သံယောဇဉ်တစ်ခု ဖြစ်တည်နေပြီဟု ထင်ရပေသည်။
"တော်လိုက်တာ…သိပ်ကောင်းတဲ့ ဖျော်ဖြေမှုပဲ ကိုရင်လေး..."
လမ်းဘေးမှ ဖြတ်လျှောက်သွားသော ထင်းခုတ်သမားတစ်ဦးက နဂါးမြင်းဖြူ ကျောပေါ်တွင် စွန်ဝူခုန်း ဂျွမ်းပစ်နေသည်ကို ဖျော်ဖြေနေသည်ဟု ထင်မှတ်ကာ အသံကျယ်ကျယ်ဖြင့် လက်ခုပ်တီးပြီး စကားပြောရင်း ကြေးပြားနှစ်ပြားကို လှမ်းပစ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒကာကြီး..."
ကျန်းလျိုက ထိုကြေးပြားနှစ်ပြားကို ကောက်ယူရန် ခါးညွတ်လိုက်ပြီး ထိုစေတနာကို လက်ခံလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဆပ်ကပ်အဖွဲ့မှ မျောက်ပြဆရာတစ်ယောက်နှင့် တူနေပြီ ဟု တွေးလိုက်မိသည်။
ခေါင်းကိုခါယမ်းလျက် ကျန်းလျိုသည် သူ၏ စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး ကြေးပြားနှစ်ပြားကို အိတ်ကပ်ထဲထည့်ကာ ရင်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။
"တာဝန်စာရင်း..."
ကျန်းလျို တိတ်ဆိတ်စွာ ခေါ်လိုက်သည်နှင့် တာဝန်စာရင်း မျက်နှာပြင်က တိုက်ရိုက် ပွင့်လာခဲ့သည်။ စာရင်းထဲတွင် တစ်ခုတည်းသော တာဝန်သာ ကျန်ရှိတော့သည်။ အဆင့်ကူးပြောင်းရေး တာဝန် ၏ ဒုတိယအဆင့် ပြီးဆုံးသွားပြီဖြစ်ရာ ယခုအခါ နောက်ဆုံးအဆင့်သာ ကျန်ရှိတော့သည်။
ကျန်းလျို၏ အကြည့်များက ထိုတာဝန်ပေါ်သို့ ကျရောက်သွားသည် နှင့်တစ်ပြိုင်နက် အဆင့်ကူးပြောင်းရေး တာဝန် ၏ တိကျသော အသေးစိတ်အချက်အလက်များက သူ၏ရှေ့တွင် ပေါ်လာလေသည်။
အဆင့်ကူးပြောင်းရေး တာဝန် (၃/၃) - လိုအပ်ချက် မိမိထက် အနည်းဆုံး အဆင့် ၁၀ ပိုမြင့်သော သတ္တဝါတစ်ကောင်ကို တစ်ကိုယ်တော် သတ်ဖြတ်ရန်။ ပြီးမြောက်ပါက အဆင့်ကူးပြောင်းခွင့် တစ်ကြိမ် ဆုလာဘ်အဖြစ် ရရှိမည်။
အဆင့်ကူးပြောင်းရေး တာဝန် ၏ ဤနောက်ဆုံးအဆင့်ကို ကြည့်ရင်း ကျန်းလျို၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။ ဤတာဝန်၏ နောက်ဆုံးအဆင့်မှာ ယုတ္တိမတန်ဟု သူ ခံစားလိုက်ရသည်။
ဘုန်းတော်ကြီး အသက်မွေးဝမ်းကျောင်း ဆိုသည်မှာ လုံးလုံးလျားလျား အထောက်အပံ့ပေးသည့် အမျိုးအစား မဟုတ်ပါလော။ သူ၏ထံတွင် တိုက်ခိုက်ရေးနည်းလမ်းများ ရှိနေသော်လည်း ရဟန္တာလက်သီး နှင့် လျှပ်တစ်ပြက် မီးလုံး ကဲ့သို့သော စွမ်းရည်များသည် ဘုန်းတော်ကြီး စွမ်းရည်များ မဟုတ်ပေ။ ဘုန်းတော်ကြီး စွမ်းရည်များဆိုသည်မှာ အထောက်အပံ့စွမ်းရည် နှင့် ထိန်းချုပ်မှုများသာ ဖြစ်လေသည်။
သို့တိုင်အောင် ဤ အဆင့်ကူးပြောင်းရေး တာဝန် က သူ့ကို တိုက်ခိုက်ရန် အမှန်တကယ် တောင်းဆိုနေသည်လော။ ထို့အပြင် တစ်ကိုယ်တော် ပြီးမြောက်ရမည် ဟုတ်သလော။ ၎င်းအပြင် တိုက်ခိုက်ရမည့် ပစ်မှတ်က သူ၏ ကိုယ်ပိုင်အဆင့်ထက် ၁၀ ဆင့် ကျော်လွန်နေရမည်လော။
အကယ်၍ သာမန် ဘုန်းတော်ကြီး အသက်မွေးဝမ်းကျောင်း ယူထားသူတစ်ယောက်သာ ဆိုလျှင် ဤတာဝန်ကို မည်သို့ ပြီးမြောက်အောင် လုပ်နိုင်မည်နည်း။ ဤသည်မှာ လူတစ်ယောက်ကို ကျရှုံးစေရန် ရည်ရွယ်ချက်ရှိရှိ ထောင်ချောက်ဆင်ထားခြင်းပင် မဟုတ်ပါလော။
ကံကောင်းထောက်မစွာဖြင့် သူသည် တိုက်ခိုက်ရေးစွမ်းရည်များနှင့် အထောက်အပံ့ပေးရန် ခိုင်မာသော လက်နက်ကိရိယာများ ရှိနေသောကြောင့်သာ တော်သေးသည်။
‘ငါ့အဆင့်ထက် ၁၀ ဆင့် ကျော်လွန်တဲ့ ပစ်မှတ်တွေ ဟုတ်လား... အဲဒါဆိုရင် အဆင့် ၃၀ ဒါမှမဟုတ် အဲဒီထက် မြင့်ရမှာပေါ့...’
‘အဆင့် ၀ နဲ့ အထက်က မိစ္ဆာ တွေဖြစ်ပြီး၊ အဆင့် ၁၀ နဲ့ အထက်က မိစ္ဆာစစ်သည် တွေဆိုတော့...’
"အင်း.... ဒီတာဝန်က ငါ့ကို မိစ္ဆာစစ်ဗိုလ် တစ်ကောင်ကို တစ်ယောက်တည်း အနိုင်ယူစေချင်တာလား… တကယ်တော့ ခက်ခဲပေမယ့်… မျှော်လင့်ချက် မရှိတာတော့ မဟုတ်ဘူး..."
အတန်ကြာ တွေးတောပြီးနောက် သူက ခေါင်းညိတ်ကာ သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် ဝိဒျာရာဇာ သရဖူ နှင့် တောက်ပသည့် ဖိနပ် တို့ကို ထည့်ပြောစရာပင် မလိုတော့ပေ။ စွန်ဝူခုန်း နှင့် အတူရှိနေပြီး ရွှေခြည်ထိုး သင်္ကန်း လည်း ရှိနေသောကြောင့် သူသည် မည်သူမှ အနိုင်မယူနိုင်သော အနေအထားတွင် ရှိနေပြီး ကြောက်ရွံ့စရာ ဘာမျှမရှိပေ။
သို့ရာတွင် မိစ္ဆာစစ်ဗိုလ် အဆင့်ရှိသော သက်ရှိများအကြောင်းကို တွေးလိုက်မိသောအခါ မျက်လုံးသုံးလုံး ကျီးကန်း မိစ္ဆာစစ်ဗိုလ် ကျင်းဆန်းကျောင်းတော် ကို လာရောက်တိုက်ခိုက်ခဲ့သောနေ့ကို ကျန်းလျို၏ စိတ်ထဲတွင် အလိုအလျောက် ပြန်လည်သတိရသွားမိလေသည်။
ထိုအချိန်က သူ နည်းလမ်းများအားလုံးကို အသုံးပြုခဲ့လျှင်တောင်မှ ၎င်းကို အနိုင်ယူနိုင်ရန် လုံးဝ မဖြစ်နိုင်ခဲ့ပေ။ အထူးသဖြင့် မိစ္ဆာစစ်ဗိုလ် အသုံးပြုခဲ့သော ထူးဆန်းသည့် မှော်အတတ်ပညာများကြောင့် ၎င်း၏ စွမ်းအားမှာ အမှန်တကယ်ပင် အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
အချိန်တွေ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး သူ၏ စွမ်းအားမှာလည်း အရင်ကကဲ့သို့ မဟုတ်တော့ချေ။
သို့သော်လည်း... အသက်မွေးဝမ်းကျောင်း အဆင့်ကူးပြောင်းရန် ရွေးချယ်မှုနှင့် ပတ်သက်၍ ကျန်းလျိုသည် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ ရရှိနိုင်သော အသက်မွေးဝမ်းကျောင်း နှစ်ခုဖြစ်သည့် ကရုဏာရှင် ဗောဓိသတ် နှင့် တုန်လှုပ်ခြင်းကင်း မင်ဘုရင် တို့တွင် မတူညီသော စွမ်းရည်များ ရှိကြသည်။ ပထမတစ်ခုမှာ အထောက်အပံ့ပေးရန် ပို၍ ဦးတည်ပြီး၊ ဒုတိယတစ်ခုမှာမူ တိုက်ခိုက်ရေးအတွက် ပို၍ ဦးတည်ထားလေသည်။
ကျင်းဆန်းကျောင်းတော် တွင် ရှိနေစဉ်ကတည်းက သူ၏ အနာဂတ် အဆင့်ကူးပြောင်းရေးအတွက် စဉ်းစားရာတွင် ကျန်းလျိုသည် တုန်လှုပ်ခြင်းကင်း မင်ဘုရင် တစ်ပါး ဖြစ်လာရန် ဆန္ဒရှိခဲ့သည်။ ဤသည်မှာ လက်တွေ့ကမ္ဘာဖြစ်ပြီး ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားရန် လိုအပ်သည် မဟုတ်ပါလော။
သူသည် အမြဲတမ်း အခြားသူများကို အားကိုးပြီး နောက်ကွယ်တွင် ပုန်းအောင်းကာ ကုသခြင်းနှင့် အထောက်အပံ့စွမ်းရည် အချို့ကိုသာ အသုံးပြုနေ၍ မဖြစ်နိုင်ပေ။
အကယ်၍ သူ၏ဘေးတွင် အဖွဲ့ဝင်များ မရှိတော့လျှင်ကော မည်သို့ လုပ်မည်နည်း။
သို့ရာတွင် ယခုအခါ ကျန်းလျို၏ အတွေးများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ လက်ရှိ အခြေအနေအရ စဉ်းစားကြည့်မည်ဆိုလျှင် ကရုဏာရှင် ဗောဓိသတ် အဖြစ်သို့ အဆင့်ကူးပြောင်းခြင်းက အတော်လေး ကောင်းမွန်နိုင်သည်ဟု ထင်ရပေသည်။
ယခင်က သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ တိုက်ခိုက်ရေးစွမ်းအား မရှိခြင်းဖြစ်သည်။ထို့ကြောင့်ပင် တုန်လှုပ်ခြင်းကင်း မင်ဘုရင် ဖြစ်ချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ဤကျမ်းစာပင့်ဆောင်မည့် ကမ္ဘာကြီးထဲတွင် သူသည် ကျွမ်းကျင်မှတ် များကို အသုံးပြု၍ မူလမှော်ပညာများနှင့် နတ်ဘုရားစွမ်းရည်များကို သင်ယူနိုင်ကြောင်း ကျန်းလျို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ့ထံတွင် အခြားအသက်မွေးဝမ်းကျောင်းများမှ စွမ်းရည်သုံးခုကို သင်ယူခွင့်ပေးထားသည့် ကျွမ်းကျင်မှုစာအုပ်စင် ဟူသော အထူး လက်နက်ကိရိယာလည်း ရှိနေသေးသည်။
အနာဂတ်တွင် တိုက်ခိုက်ရန် နည်းလမ်းများ ပြတ်လပ်နေမည် မဟုတ်ကြောင်း သိရှိထားသောကြောင့် ယေဘုယျအားဖြင့် ကရုဏာရှင် ဗောဓိသတ် က ပို၍ သင့်လျော်မည်ဟု သူ ထင်မြင်လာခဲ့သည်။
သူ၏ နောက်ဆုံးတိုက်ပွဲမှာ မည်သို့သော ပုံစံမျိုး ဖြစ်လာမည်နည်း။ ၎င်းမှာ ရေတွက်မရနိုင်သော ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် ဗုဒ္ဓများအား ဆန့်ကျင်တိုက်ခိုက်ရမည်ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် ရာနှင့် ချီ၍၊ ထောင်နှင့် ချီ၍၊ သို့မဟုတ် သောင်းနှင့် ချီ၍ပင် ရင်ဆိုင်ရနိုင်ပေသည်။
ထို့ကြောင့် ကြီးမားကျယ်ပြန့်သော တိုက်ပွဲကြီးတစ်ခုတွင် ထိန်းချုပ်မှုစွမ်းရည်များ၊ အထောက်အပံ့စွမ်းရည် များနှင့် ကုသနိုင်စွမ်းများသည် တိုက်ပွဲ၏ ခံနိုင်ရည်ကို သိသိသာသာ ရှည်ကြာစေနိုင်ပေသည်။ သူ၏ ပြင်ဆင်မှုအားလုံးသည် ဝိညာဉ်တောင် ၌ ဖြစ်ပွားမည့် နောက်ဆုံးတိုက်ပွဲကြီးအတွက်သာ ဖြစ်ရပေမည်။
***