အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း (၇၃) နင်တို့က လူသတ်မှုမြောက်မြားစွာကို ကျူးလွန်ခဲ့လို့ သေသင့်တယ်
ဤစကားကို ကြားသောအခါ…
ထိုအမျိုးသမီးသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ယွင်ဟွားအား အကဲခတ်လိုက်ချိန်တွင် သူမ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ သူမ၏ အသံမှာ အက်ကွဲနေပြီး သူမ၏ အသက်အရွယ်နှင့် မလိုက်ဖက်သော လေသံဖြင့် အေးစက်စွာ မေးလိုက်သည်။
“နင်က နင့်ကိုယ်နင် လာဆက်သတယ်လို့ ပြောနေတာလား..."
"ဟုတ်တယ်... ရန်သူ့စခန်းထဲကို ထိုးဖောက်ဝင်ရောက်လာတာ..."
ယွင်ဟွားက မျက်တောင်ခတ်လိုက်ပြီး အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ထို့နောက် သူမသည် တစ်ဖက်လူ၏ နားအနီးသို့ကပ်ကာ သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
"ငါ နင့်ကို ပြောပြမယ်... ငါက ဧကရာဇ်မင်း ခန့်အပ်ထားတဲ့ နက္ခတ်တာရာ လေ့လာရေးဌာနက အရာရှိပဲ... ငါ ကံကြမ္မာကို ဟောကိန်းထုတ်နိုင်တယ်... နင် ယုံလား..."
ယွင်ဟွား၏ မျက်ဝန်းများမှာ နက်ရှိုင်းကာ လျှို့ဝှက်ဆန်းကြယ်နေပြီး သူမက လက်များကို တိတ်တဆိတ် လှုပ်ရှားနေလေသည်။
ထိုသူသည် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ယွင်ဟွားကို ထပ်မံကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် အမှောင်ထုများ ပြည့်နှက်နေလေသည်။
“နင် ငါ့ကို မယုံဘူးလား…”
ယွင်ဟွားက မျက်ခုံးပင့်လိုက်လေသည်။ သူမကို မယုံကြည်ခဲ့သော နောက်ဆုံးလူ ဘာဖြစ်သွားခဲ့သနည်း။
“ဒါဆိုရင် ငါ နင့်ကို သက်သေပြပါ့မယ်... ဒီနေရာက..."
ယွင်ဟွားက ခေတ္တရပ်တန့်လိုက်ပြီး တစ်ဖက်လူ၏ အသက်ရှူသံများ ရပ်တန့်သွားသည်ကို သတိပြုမိကာ ဆက်ပြောလိုက်သည်။
"မင်ရှင်းဘုရားကျောင်းပဲ..."
ယွင်ဟွားသည် တည်ငြိမ်စွာ ပြောဆိုပြီးနောက် တစ်ဖက်လူ၏ မျက်ဝန်းထဲမှ လျှပ်တစ်ပြက် ပေါ်ထွက်လာသော သတ်ဖြတ်လိုသည့် အရိပ်အယောင်ကို သတိမထားမိဟန်ဖြင့် နားလည်ရခက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
တစ်ဖက်လူမှာ အထိတ်တလန့် ဖြစ်သွားသည်။ သူမသည် သူမ၏ ခန္ဓာကိုယ်ကို သိမ်မွေ့စွာ ရွှေ့လိုက်ရာ ရှင်ခြင်းသေခြင်းစာအုပ်က သူမ၏ လှုပ်ရှားမှုကို သတိပြုမိပြီး ချက်ချင်း သတိပေးလိုက်သည်။
“ပန်းကလေး... သတိထား…”
ယွင်ဟွားက နားလည်လိုက်သည်။
“နင့်ကြည့်ရတာ နေမကောင်းဘူးလား…”
ယွင်ဟွားက ဟန်ဆောင်ပူပန်မှုဖြင့် မေးလိုက်သော်လည်း စကားစကို အမြန်ပြောင်းလိုက်သည်။
"အိုး.. မင့်မျက်နှာက မှုန်မှိုင်းနေတယ်... နင်တော့ ကံဆိုးတော့မယ်ထင်တယ်..."
သူမ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်…
တစ်ဖက်လူကို ချည်နှောင်ထားသော ကြိုးများမှာ ချက်ချင်း ပြုတ်ကျသွားပြီး ယွင်ဟွားသည်လည်း ကြိုးများထဲမှ ရုတ်တရက် ရုန်းထွက်ကာ သူမ၏ လက်သီးဆုပ်လေးကို ဆုပ်၍ တစ်ဖက်လူ၏ မျက်လုံးကို ထိုးချလိုက်သည်။
"အား..."
အော်ဟစ်သံနှင့်အတူ တစ်ဖက်လူက မျက်လုံးများကို အုပ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူမ မတုံ့ပြန်နိုင်မီမှာပင် ယွင်ဟွားက သူမ၏ ဗိုက်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်၏။
ထိုအင်အားမှာ အလွန်ပြင်းထန်လွန်းသဖြင့် ထိုသူသည် နံရံထဲသို့ တိုက်ရိုက် နစ်ဝင်သွားကာ မြဲမြံစွာ ကပ်ငြိသွားတော့သည်။
ယွင်ဟွားက လက်ခုပ်တီးလိုက်ပြီး သူမ၏ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။
"နင် ပြဿနာကြီးကြီးတက်တော့မယ်လို့ ငါ ပြောသားပဲ..."
သူတို့ လှည့်ကြည့်လိုက်သောအခါ လူတိုင်းသည် ထောင့်တွင် စုပုံနေကြပြီး တုန်ယင်ကာ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်မှုများဖြင့် ယွင်ဟွားကို ကြည့်နေကြလေသည်။
ယွင်ဟွားက နှုတ်ခမ်းကို တွန့်လိုက်ပြီး သူမ၏ လက်လေးဖြင့် လက်ညှိုးထိုးပြလိုက်သည်။
"သူမ နာမည်က ကျောက်ဟယ်ဟွားတဲ့... အသက်က သုံးဆယ်ကျော်နေပြီ... သူမက လူကုန်ကူးသူတွေရဲ့ လက်ပါးစေတွေထဲက တစ်ယောက်ပဲ... သူမက သူမရဲ့ ငယ်ရွယ်တဲ့ ရုပ်ရည်ကို အသုံးပြုပြီး အဖမ်းခံရသူတွေကြားထဲကို ဝင်ရောက်လာတာ... တကယ်တော့ နင်တို့ကြားထဲမှာ ပြဿနာရှာမယ့်သူတွေ သို့မဟုတ် ဘယ်လို ထွက်ပြေးရမလဲဆိုတာ စဉ်းစားနေတဲ့သူတွေ ရှိမရှိ စစ်ဆေးနေတာ..."
လူတိုင်းသည် နံရံထဲရှိ ထိုသူကို အံ့သြတုန်လှုပ်စွာ စိုက်ကြည့်နေကြသည်။ သူမက ဘာကိုမှ မကြောက်သည့်အလား တည်ငြိမ်နေသည့် တစ်ဦးတည်းသောသူ ဖြစ်နေခြင်းမှာ မဆန်းတော့ပေ။ ယခုမှသာ သူတို့ နားလည်သွားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ယွင်ဟွားနှင့် ပတ်သက်၍ အလွန်တရာ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြလေသည်။
ယွင်ဟွားက သူတို့ကို ကြိုးဖြည်ပေးတော့မည့် ဆဲဆဲတွင်ပင်...။
"ဝုန်း" ဟူသော အသံနှင့်အတူ သူတို့ကို ဖမ်းဆီးထားသော အခန်း၏ တံခါးမှာ ပြင်းထန်သော အင်အားဖြင့် ပွင့်ဟသွားပြီး လူတိုင်းသည် နံရံပေါ်ရှိ ကျောက်ဟယ်ဟွား၏ မြင်ကွင်းကို အလိုအလျောက် ကာကွယ်ပိတ်ဆို့လိုက်ကြသည်။
ယွင်ဟွားက မကြောက်ပါဘူးဟု ပြောခဲ့သော်လည်း သူမ၏ နှလုံးသားမှာ တုန်ယင်သွားသေးသည်။
ဤအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် တောင့်တင်းခိုင်မာသော အမျိုးသားကြီးတစ်ဦး ဝင်ရောက်လာပြီး ကြမ်းတမ်းသော အကြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်လေသည်။
"ယွင်ဟွားဆိုတာ ဘယ်သူလဲ..."
ထိုလူစုသည် တစ်ယောက်ကို တစ်ယောက် တွေဝေစွာ ကြည့်လိုက်ကြသည်။ မည်သူမျှ စကားမပြောသည်ကို မြင်သောအခါ ထိုအမျိုးသားကြီး၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားလေသည်။ သူ ဒေါသပေါက်ကွဲတော့မည့် ဆဲဆဲတွင်ပင် ယွင်ဟွားသည် သူမ၏ လက်လေးကို မြှောက်ကာ လူအုပ်ကြားထဲမှ ထွက်ပေါ်လာသည်။
"ငါ... ငါ့နာမည် ယွင်ဟွားပါ..."
ချက်ချင်းပင် ထိုအမျိုးသားကြီးသည် ပန်းချီကားတစ်ချပ်ကို ကောက်ယူကာ နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် သူသည် ယွင်ဟွား၏ အင်္ကျီကော်လာနောက်ဘက်မှ ဆွဲကိုင်လိုက်ပြီး ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ မ,ချီလိုက်လေသည်။
ယွင်ဟွား……
သူမသည် လေထဲတွင် ခြေထောက်များကို ရမ်းကားစွာ ကန်ကျောက်နေပြီး သူမ၏ မျက်နှာမှာ နီရဲနေတော့၏။
"ဟေ့... ဟေ့... ငါ့ကို မျက်နှာလေးတော့ နည်းနည်းပေးလို့ မရဘူးလား..."
ဤသည်မှာ အလွန်မတရားပေ။
ထိုအမျိုးသားကြီးသည် ယွင်ဟွားအား မထီမဲ့မြင်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ယွင်ဟွားကို ဆွဲကိုင်ထားသော လက်ကို ရန်လိုစွာဖြင့် အကြိမ်အနည်းငယ် လှုပ်ယမ်းလိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားလေသည်။
တောင်ခြေတွင်...
ကျောက်ခြင်္သေ့တစ်စုံ၏ ရှေ့တွင် ဟောင်းနွမ်းပျက်စီးနေသော ရထားလုံးတစ်စီး ရပ်နားထားပြီး ၎င်း၏ဘေးတွင် အနက်ရောင် ဝတ်စုံဝတ် အမျိုးသားတစ်ဦး ရပ်နေလေသည်။
"ငါ လူကို ခေါ်လာခဲ့ပြီ..."
ထိုအမျိုးသားကြီးက ယွင်ဟွားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူ့ရှေ့ရှိ အနက်ရောင် ဝတ်စုံဝတ် အမျိုးသား၏ ဖုံးကွယ်မထားသော ကြမ်းတမ်းမှုနှင့် ရင်ဆိုင်ရသောအခါ နောက်သို့ တစ်လှမ်း မဆုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
"နောက်တစ်ခါ မျက်လုံးကို သေချာဖွင့်ကြည့်... မည်သူ့ကိုမဆို ဖမ်းဆီးလို့ ရတာမဟုတ်ဘူး..."
*သေစမ်း…*
ဤအရူးများသည် သူတို့၏ သခင်အတွက် ပြဿနာရှာရာတွင် အလွန်တော်ကြပေသည်။ ထိုသို့ပြောပြီးနောက် သူသည် ယွင်ဟွားကို ကောက်မ,ကာ ရထားလုံးထဲသို့ ပစ်ထည့်ရန် ပြင်လိုက်ပြီး သူမကို အဆုံးစီရင်ရန် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေရန် စဉ်းစားလိုက်လေသည်။
သင်ခန်းစာ တစ်ကြိမ်ရရှိထားပြီးဖြစ်ရာ ယွင်ဟွားက ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ နောက်တစ်ကြိမ် အလွှင့်ပစ်ခံရမည် မဟုတ်ပေ။ သူမသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ဆုပ်ကိုင်မှုမှ ရှောင်ရှားရန် မြေပြင်ပေါ်တွင် လိမ့်လိုက်ပြီး ချက်ချင်း မတ်တပ်ရပ်လိုက်လေသည်။
အနက်ရောင် ဝတ်စုံဝတ် အမျိုးသား၏ မျက်နှာမှာ မှောင်မိုက်သွားသည်။
"မင်း ကလေးဆိုး... လိမ္မာတဲ့ မိန်းကလေးတစ်ယောက်လို ရထားလုံးပေါ် တက်စမ်း..."
“ပန်းကလေး... ဒီလူက အရမ်းသွေးဆာနေပြီး သူ့လက်ထဲမှာ အသက်ပေါင်း မြောက်မြားစွာ ရှိနေတယ်…”
ထိုသူ့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါမှာ ထိတွေ့နိုင်လောက်အောင်ပင် ဖြစ်နေကြောင်း ယွင်ဟွား သေချာပေါက် သိရှိထားလေသည်။
"နင်က ငါ့ကို သတ်ချင်နေတာကို ငါက ရထားလုံးပေါ်ကို လိမ္မာပါးနပ်စွာ တက်ရဦးမယ်ပေါ့လေ... ငါက အဆင့်နိမ့် အစေခံတစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မယ်... ဒါပေမယ့် ငါ အရူးမဟုတ်ဘူး..."
ယွင်ဟွားသည် ပြုံးလိုက်ပြီး နောက်တစ်စက္ကန့်တွင် သူမ၏ ခန္ဓာကိုယ်မှ အလွန်အေးစက်သော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ လေထု၏ အပူချိန်ကို ဆောင်းရာသီ၏ အလယ်ဗဟိုကဲ့သို့ ခံစားလိုက်ရသည်။။
ဤရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားနှင့် တောင့်တင်းခိုင်မာသော အမျိုးသားကြီးတို့မှာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ငရဲပြည်မှ ထွက်ပေါ်လာသည့်အလား ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကို ထိတ်လန့်တကြား မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်နေကြသည်။
"ငါ့ကို ချည်နှောင်မယ်... ငါ့ကို သတ်မယ်... နင့်ကို ဘယ်သူက အဲ့လောက် ရဲတင်းခွင့်ပေးထားတာလဲ..."
ယွင်ဟွားက အော်ဟစ်လိုက်ပြီး ခေါင်းကို စောင်းကာ သူတို့ကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ လက်လေးများကို တစ်ချက် လှုပ်ခါလိုက်သည်နှင့် တောက်ပနေသော အုတ်ခဲတစ်လုံးက သူတို့၏ မျက်စိရှေ့တွင် ပေါ်လာသည်။
သူတို့၏ သူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး ခြေထောက်များ တုန်ယင်ကာ အလိုအလျောက် နောက်ဆုတ်သွားကြလေသည်။
"နင်... နင်က... နင်က ဘယ်လိုနတ်ဆိုးကြီးလဲ..."
"ငါလား..."
ယွင်ဟွား၏ မျက်နှာအမူအရာမှာ မှုန်မှိုင်းနေပြီး သူမ၏ မျက်ဝန်းများထဲတွင် မည်သည့် နွေးထွေးမှုမျှ မရှိပေ။
"ငါက ငရဲပြည်ရဲ့ ပြန်လည်မွေးဖွားခြင်းသံသရာတံခါးရဲ့ နတ်ဘုရားပဲ... နင်တို့က လူသတ်မှုမြောက်မြားစွာကို ကျူးလွန်ခဲ့ပြီးပြီ သေဒဏ်ပေးခံရဖို့ ထိုက်တန်တယ်..."
ယွင်ဟွား စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူမ၏ လက်ထဲရှိ ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲက သူ၏ မူလအရောင်သို့ ချက်ချင်း ပြန်လည်ပြောင်းလဲသွားကာ အမှောင်ရောင် အငွေ့အသက်များကို ထုတ်လွှတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားနှင့် တောင့်တင်းခိုင်မာသော အမျိုးသားကြီးတို့ခမျာ အသက်ရှူရန် ရုန်းကန်လိုက်ရလေသည်။ ဤမျှကြောက်မက်ဖွယ်ကောင်းသော ဆိုးယုတ်သော စွမ်းအားက သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ထိုအချိန်တွင် သူတို့၏ စိတ်ထဲ၌ စကားလုံးတစ်လုံးတည်းသာ အဆက်မပြတ် ပေါ်ပေါက်လာသည်။
ပြေး...။
အထိတ်တလန့် ထွက်ပြေးသွားသော ထိုနှစ်ဦးကို ယွင်ဟွားက အေးစက်စွာ ကြည့်နေပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လွင်နေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမ၏ လက်ထဲရှိ ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲက ပူလောင်နေသော ဥက္ကာခဲများအဖြစ်သို့ ပြောင်းလဲသွားကာ ကြယ်ပျံများကဲ့သို့ သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားပြီး ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားစေသည်။
တစ်ချိန်တည်းမှာပင် ဤအရာက လျှို့ဝှက်အစောင့်ကို သေလုမတတ် ထိတ်လန့်သွားစေခဲ့သည်။ ခေတ္တမျှ သူသည် ငရဲပြည်သို့ အမှန်တကယ် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ နှလုံးသားက အဆက်မပြတ် အော်ဟစ်နေလေသည်။
*အရှင်မင်းကြီး... အမတ်ငယ်ယွင်က အကာအကွယ်ပေးဖို့ တကယ်မလိုအပ်ပါဘူး… ကျွန်တော့်ရဲ့ မူလအဖွဲ့ထဲ ပြန်ဝင်ဖို့ လျှောက်ထားချင်နေပါပြီ…*
ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲက ၎င်း၏ စွမ်းအား ၁၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သော်လည်း ယွင်ဟွားကို အလွန် မူးဝေသွားစေလေသည်။ သူမ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ စီးကျလာသည်။
“ပန်းကလေး... ပန်းကလေး... နင် အဆင်ပြေရဲ့လား..”
ရှင်ခြင်းသေခြင်းစာအုပ်မှာ အလွန် စိုးရိမ်ပူပန်နေပြီး ပန်းကလေးအား ၎င်း၏ အတောင်ပံငယ်လေးများဖြင့် အဆက်မပြတ် ယပ်ခတ်ပေးနေလေသည်။
“အဆင်ပြေပါတယ်..”
သူမ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ယွင်ဟွားက ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲကို ရွှေအုတ်ခဲအဖြစ်သို့ ပြန်လည် ပြောင်းလဲလိုက်လေသည်။
ယွင်ဟွားသည် သူမ အကြီးအကျယ် နစ်နာသွားသည်ဟု ခံစားလိုက်ရလေသည်။ သူမသည် ဤလွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဒုက္ခရောက်နေခဲ့ရသည်။ သူမ ပြန်ရောက်သောအခါ လစာတိုးပေးရန် ဧကရာဇ်မင်းနှင့် သေချာပေါက် ဆွေးနွေးရမည်ဖြစ်ပြီး မဟုတ်လျှင် သူမ အလုပ်ထွက်မည် ဖြစ်လေသည်။
“ပန်းကလေး... တစ်ယောက်ယောက်က ဒီကိစ္စကို မြင်သွားတယ်... နင် သူ့ကို…”
ရှင်ခြင်းသေခြင်းစာအုပ်က လည်ပင်းလှီးသည့် ဟန်အမူအရာ လုပ်ပြလိုက်လေသည်။ ဧကရာဇ်မင်းက လျှို့ဝှက်အစောင့်များကို စေလွှတ်ထားကြောင်း ၎င်းက အမြဲ သိရှိထားသော်လည်း ယခုလေးတင် ပန်းကလေး၏ နတ်ဘုရားစွမ်းအားက။
အလိုအလျောက်ပင် ရှင်ခြင်းသေခြင်းစာအုပ်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။ ယွင်ဟွားသည် ကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလား ဖြစ်နေသော အစောင့်ကို တစ်ချက် ကြည့်လိုက်လေသည်။
ယွင်ဟွားက သူမ၏ လက်ကို ခါယမ်းလိုက်ပြီး ပြောလိုက်၏။
“ရပါတယ်... ဧကရာဇ်မင်းက ငါ့အပေါ် အရမ်းသဘောထားကြီးတယ်ဆိုတာ ငါ သိတယ်... အကယ်၍ သူသာ ငါ့ရဲ့ သာမန်ထက်လွန်ကဲတဲ့ စွမ်းရည်တွေကို သိသွားရင် သူ ငါ့ကို တော်ဝင်မျိုးနွယ်တစ်ယောက်လိုတောင် ဆက်ဆံလာနိုင်တယ်... “
ထိုအစောင့်မှာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိသည်။ သူ့အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
ယွင်ဟွားက အနည်းငယ် ပြန်လည် သက်သာလာပြီးနောက် သူမသည် သူမ၏ ခေါင်းကို ရုတ်တရက် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။
“အိုး…”
“ရှောင်ရှူးရှူး... ငါက စွမ်းရည်တွေကို အချိန်မတိုင်ခင် အသုံးပြုခဲ့မိပြီး ဘုရားကျောင်းမှာ ပြန်ပေးဆွဲတဲ့သူတွေ အများကြီး ရှိနေသေးတာကို မေ့သွားတယ်…”
အခန်း (၇၄) ဖြူမည်း သေမင်းတမန်များ၊ ဆက်ခံသူမင်းသား ရောက်ရှိလာခြင်း
ယွင်ဟွားက နောင်တရနေဟန်ရှိသည်။ သူမသည် ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲ၏ စွမ်းအားကို တစ်ကြိမ်သာ အသုံးပြုခဲ့ရပြီး ယခု သူမ၏ သေမျိုးခန္ဓာကိုယ်မှာ ဒုတိယအကြိမ် အသုံးပြုရန် လုံးဝ ခံနိုင်ရည်မရှိတော့ပေ။
သူမသည် အင်အားကို မချွေတာဘဲ အစွမ်းကုန်သုံးကာ သူ့ကို သတ်ပစ်ခဲ့သင့်သည်ဟု တွေးကာ နောင်တရနေမိလေသည်။ ယွင်ဟွားက သူမ၏ လက်ထဲရှိ ရွှေအုတ်ခဲကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
“ထားလိုက်ပါတော့... ငါ့ကိုယ်ငါပဲ အားကိုးရတော့မယ်..”
အနားယူပြီးနောက် ယွင်ဟွားက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပြုံးလိုက်လေသည်။
"ထွက်လာခဲ့စမ်း..."
အစောင့်သည် ယွင်ဟွားက သူ့ကို ရည်ညွှန်းနေကြောင်း သိလိုက်ပြီး သူမ၏ ရှေ့ရှိ မြေပြင်ကို ခြေဖျားဖြင့် ညင်သာစွာ ထိလိုက်ကာ ဆင်းသက်လာသည်။
"အမတ်ငယ်ယွင်..."
အစောင့်သည် လေးစားအားကျမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် အရိုအသေပေးလိုက်သည်။
ယွင်ဟွားသည် ခေါင်းကို မော့ကာ သူ၏ လက်မောင်းကို လှမ်း၍ ဆွဲညှစ်လိုက်လေသည်။
ဝိုး... ဤကြွက်သားများမှာ အတော်လေး ကောင်းမွန်၏။
“ဒီလူက..”
ယွင်ဟွားက သူ့ကို တစ်ပတ် ပတ်ကြည့်လိုက်လေသည်။
“သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထင်းရှူးပင်တစ်ပင်လိုပဲ... သူ့ရဲ့အရှိန်အဝါက ကြမ်းတမ်းပြီး အရိုက်ခံနိုင်မယ့် ပုံစံမျိုးပဲ..”
ယွင်ဟွား၏ ဖုံးကွယ်မထားသော ချီးကျူးစကားများကြောင့် အသားညိုသော အစောင့်မှာ မျက်နှာနီရဲသွားလေသည်။
"နင်... ရန်သူကို တိုက်ခိုက်ဖို့၊ ရန်သူ့စခန်းကို ဝင်စီးပြီး ဓားစာခံတွေကို ကယ်တင်ဖို့ ငါနဲ့ လိုက်ခဲ့..."
ယွင်ဟွားသည် အလွန် စိတ်လှုပ်ရှားနေပြီး သူမ၏ လက်ငယ်လေးများကို လက်သီးဆုပ်ထားလိုက်မိသည်။
"ဟုတ်ကဲ့ပါ..."
အစောင့်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး "ရွှမ်း" ဟူသော အသံနှင့်အတူ သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ သူသည် ယွင်ဟွား၏ ဦးဆောင်မှုနောက်သို့ လိုက်ပါသွားသဖြင့် သူတို့၏ လက်ရှိတည်နေရာကို သတင်းပို့ရန် ဧကရာဇ်မင်းထံသို့ စာပို့ခိုဖြင့် သတင်းပို့ရမည့်ကိစ္စကို လုံးဝ မေ့လျော့နေခဲ့၏။
လူတစ်ယောက်က ဓားကို ကိုင်ဆောင်ထားပြီး နောက်တစ်ယောက်က အုတ်ခဲကို ကိုင်ဆောင်ထားကာ ဝိညာဉ်တစ်ခုက လမ်းပြနေလေသည်။ လူနှစ်ဦးနှင့် သူတို့၏ ပစ္စည်းများသည် ခြိမ်းခြောက်နေသော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး မင်ရှင်းဘုရားကျောင်းဆီသို့ ရန်လိုစွာ ချီတက်သွားကြ းတော့သည်။
"ဘုရားရေ..."
ယွင်ဟွား ထွက်သွားပြီးနောက် အနက်ရောင်တစ်ဦးနှင့် အဖြူရောင်တစ်ဦးဖြစ်သော ပုံရိပ်နှစ်ခုသည် တိတ်ဆိတ်စွာ ပေါ်လာလေသည်။
“ဒါက... ဒါက... ဟိုပြဿနာကောင် နှစ်ကောင် မဟုတ်ဘူးလား... သူတို့... သူတို့က တကယ်ပဲ အတူတူ ပူးပေါင်းနေကြတာပဲ..."
"ကောင်းကင်ကြီးရေ... ဒါက နောက်ထပ် လူတစ်စုကို ကပ်ဘေးဆိုက်စေတော့မှာ မဟုတ်ဘူးလား..."
အဖြူရောင်သေမင်းတမန် နှုတ်ခမ်းကို သပ်လိုက်ပြီး လုံးဝ အံ့အားသင့်နေဟန် ရှိသည်။
အနက်ရောင် သေမင်းတမန်က အဖြူရောင် သေမင်းတမန် ပြောနေသည်ကို မကြားလိုက်ပေ။ သူ၏ မျက်လုံးများသည် ကပ်ဘေးဒုက္ခကြီး၏ လက်ထဲရှိ အရောင်ပြောင်းသွားသော ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲပေါ်တွင် စူးစိုက်နေပြီး အသက်ရှူမှားသွားလေတော့၏။
ကောင်းကင်ကြီးရေ... တရားသူကြီးချွေ့ကျွယ် အမြဲတမ်း ပြောဆိုနေတတ်သော ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲသည် ဤမိန်းကလေး၏ လက်ထဲသို့ ဘယ်အချိန်ကတည်းက ရောက်ရှိသွားခဲ့သနည်းဟု တွေးလိုက်မိလေသည်။
အဖြူရောင် သေမင်းတမန်က ရှေ့သို့ တိုးလာပြီး အနက်ရောင် သေမင်းတမန်၏ ထူးဆန်းသောအကြည့်ကို သတိပြုမိသွားကာ သူ၏ လက်မောင်းဖြင့် အလျင်အမြန် တွန်းလိုက်ပြီး ပြောလိုက်သည်။
"မင်း ဘာကို ကြည့်နေတာလဲ... ဟိုပြဿနာကောင်နှစ်ကောင်က အဝေးကြီးကို ရောက်သွားပြီ..."
အဖြူရောင် သေမင်းတမန်က သူ၏ ရင်ဘတ်ကို ဖိထားလိုက်လေသည်။ ဤနှစ်ဦးကို ထပ်မံမြင်တွေ့လိုက်ရခြင်းက နာကျင်ဖွယ် အမှတ်ရစရာများကို ပြန်လည် ပေါ်လာစေခဲ့လေသည်။ သူသည် တုန်ရီသွားပြီး အနက်ရောင် သေမင်းတမန်၏ ဝတ်ရုံစွန်းကို ဆွဲကိုင်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
"သွားကြစို့... မြန်မြန် သွားကြရအောင်... ငါတို့မှာ လုပ်စရာ တာဝန်ရှိသေးတယ်... အကယ်၍ အဲ့နှစ်ယောက်သာ ငါတို့ကို မြင်သွားရင် ငါတို့ ပြဿနာအကြီးကြီး တက်လိမ့်မယ်..."
အနက်ရောင် သေမင်းတမန်၏ မျက်နှာအမူအရာမှာ ထူးဆန်းနေပြီး သူက မလှုပ်မယှက် ရပ်နေကာ အဖြူရောင် သေမင်းတမန်ကို စိုက်ကြည့်လျက် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။
"ဒီနေ့ ငါတို့ ဝိညာဉ်တွေကို သွားကောက်ရမယ့်နေရာက ဘယ်နေရာလဲ..."
အဖြူရောင် သေမင်းတမန်က သူ့ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။
"မင်း အရူးလား... မင်ရှင်းဘုရားကျောင်းမှာ စုစုပေါင်း လူ ၇၈ ယောက်ရှိတယ်... သူတို့အားလုံးက အပြစ်သားတွေချည်းပဲ..."
သူ စကားပြော၍ မဆုံးမီမှာပင် အနက်ရောင် သေမင်းတမန်က စောစောက ပြဿနာနှစ်ကောင် ဝင်ရောက်သွားခဲ့သော ဘုရားကျောင်း၏ တံခါးဝကို လက်ညှိုးထိုးပြလိုက်သည်။
တံခါးပေါက်အထက်ရှိ ဆိုင်းဘုတ်ပေါ်တွင် "မင်ရှင်းဘုရားကျောင်း" ဟူသော စာလုံးကြီး သုံးလုံးကို ထင်ရှားစွာ ပြသထားသည်။
တစ္ဆေနှစ်ကောင်က တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြလေသည်။ အဖြူရောင် သေမင်းတမန်သည် သူ၏ လည်ချောင်းထဲတွင် သွေးတစ်လုတ် နင်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ကောင်းကင်ကြီးကား ပြိုကျသွားလေပြီ။
သူတို့အံ့အားသင့်နေဆဲ အချိန်တွင် နောက်တစ်စက္ကန့်၌ ခြိမ်းခြောက်နေသော အစောင့်နှစ်ဆယ်ကျော်က သူတို့၏ ဘေးတွင် ရုတ်တရက် ပေါ်လာသည်။
အဖြူရောင် သေမင်းတမန် ပထမဆုံး မြင်လိုက်ရသည်မှာ မှုန်ကုပ်နေသော မျက်နှာအမူအရာဖြင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော နန်ကုန်းယွမ်ပင် ဖြစ်သည်။ သူက မျက်လုံးများကို ပွတ်သပ်လိုက်သည်။ တစ်နည်းနည်းဖြင့် ရင်းနှီးနေပုံရ၏။ အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် ထိုတစ္ဆေမှာ သေလုမတတ် ထိတ်လန့်သွားခဲ့တော့၏။
"အနက်... အနက်ရောင်ကြီး..."
"သူ... သူက..."
အဖြူရောင် သေမင်းတမန်မှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီဖြစ်ပြီး နန်ကုန်းယွမ်ကို လက်ညှိုးထိုးကာ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းကို ပြီးပြည့်စုံအောင် မပြောနိုင်ခဲ့ပေ။
အမြဲတမ်း သေသပ်လှပသော မျက်နှာဖုံးကို တပ်ဆင်ထားလေ့ရှိသည့် ထိုအရေးပါသော ပုဂ္ဂိုလ်ကြီး...။
အကယ်၍ သူသည် အနက်ရောင် သေမင်းတမန်နှင့်အတူ အလုပ်ကိစ္စတစ်ခု သွားရောက်လုပ်ဆောင်စဉ် သူ့ကို တစ်ကြိမ် မြင်တွေ့ခွင့်ရလောက်အောင် ကံမကောင်းခဲ့လျှင် ငရဲပြည်တစ်ခုလုံး သို့မဟုတ် ငရဲပြည်ကိုးထပ်ရှိ မည်သည့်တစ္ဆေ သို့မဟုတ် နတ်ဘုရားကမျှ သူ၏ အစစ်အမှန် ရုပ်သွင်ကို မြင်တွေ့ဖူးမည် မဟုတ်ပေ။
အနက်ရောင် သေမင်းတမန်သည်လည်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်လေသည်။
ထိုသူ၏ မျက်နှာကို ကြည့်ရင်း ဤပုဂ္ဂိုလ်ကြီး၏ နောက်ဆုံး လူ့ဘဝ အတွေ့အကြုံသည် ဤကပ်ဘေးဒုက္ခနှင့် တိုက်မိလိမ့်မည်ဟု သူ အိမ်မက်တောင် မမက်ဖူးခဲ့ပေ။ ကောင်းကင်ကြီးရေ... ဤအရာက တကယ်ကို အန္တရာယ်များလွန်းလှပေသည်။
ဤအချိန်တွင် နန်ကုန်းယွမ်၏ မျက်လုံးများသည် သူ၏ရှေ့ရှိ မင်ရှင်းဘုရားကျောင်းပေါ်တွင် စူးစိုက်နေပြီး သူ၏ လက်များသည် ဘီးတပ်ကုလားထိုင်၏ နှစ်ဖက်ရှိ လက်ရန်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ လက်ဆစ်များပင် ဖြူလျော့နေသည်။
နေရောင်ခြည်ကဲ့သို့ တောက်ပသော ထိုမိန်းကလေးငယ် ပြန်ပေးဆွဲခံရကြောင်း ကြားသိရသောကြောင့်သာ ငရဲပြည် လျှို့ဝှက်အစောင့် ဆယ့်ရှစ်ပါးကို သူ ရှားရှားပါးပါး အသုံးပြုခဲ့ခြင်း ဖြစ်သည်။ တစ်ရက်အတွင်းမှာပင် သူသည် သူမ၏ တည်နေရာကို ရှာတွေ့ခဲ့သည်။
“မင်းသား.. ကျွန်တော်မျိုးတို့ အခု တိုက်ခိုက်ရတော့မလား..."
ရှောင်ရှီစန်းသည်လည်း မင်ရှင်းဘုရားကျောင်းကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။ ရေခဲတောင်ကဲ့သို့ အေးစက်သော မင်းသားအား ရေအဖြစ်သို့ ပြောင်းလဲသွားစေရန် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မလွယ်ကူခဲ့ပေ။ သူ၏ နတ်ဘုရားကို ထိရဲသူ မည်သူ့ကိုမဆို အပိုင်းပိုင်း တစ်ရာ့ရှစ်ပိုင်း ခုတ်ထစ်ပစ်မည် ဖြစ်သည်။
"ဝင်သွားကြစမ်း..."
အေးစက်သော အသံတွင် နှလုံးသားကို ထိုးဖောက်ဝင်ရောက်နိုင်သည့် ငြင်းဆန်၍မရသော ဖိအားတစ်ခု ပါဝင်နေပြီး သေမင်းတမန်နှစ်ပါးအား ထိုအချိန်က အမြင့်မြတ်ဆုံးနှင့် တုန်လှုပ်ချောက်ချားဖွယ် မရှိသော ငရဲပြည်ကိုးထပ်၏ အရှင်သခင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်စေလေသည်။
နန်ကုန်းယွမ်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး သူ၏ အေးစက်သော အကြည့်သည် သူတို့ ရှိနေသော နေရာကို ဝေ့ဝဲကြည့်လိုက်သည်။ ထိုအကြည့်တစ်ချက်တည်းကပင် သူတို့၏ ကြက်သီးမွေးညင်းများကို ထသွားစေပြီး အသက်ရှူရန်ပင် မဝံ့ရဲဖြစ်သွားကြ၏။
တစ္ဆေနှစ်ကောင်ခမျာ တုန်ရီသွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြလေသည်။
သူတို့သည် ထိုပြဿနာကောင် နှစ်ကောင်အပြင် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် ထိပ်တိုက် မရင်ဆိုင်လိုကြသဖြင့် ထိုတာဝန်ကို အသစ်ခန့်အပ်ထားသော တစ္ဆေသံတမန်ထံသို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်ကြလေသည်။ မည်သို့ပင်ဆိုစေကာမူ မသိနားမလည်သူများသည် မည်သည့်အရာကိုမျှ မကြောက်ရွံ့ကြပေ။
နန်ကုန်းယွမ်သည် ငရဲပြည် လျှို့ဝှက်အစောင့် ဆယ့်ရှစ်ပါးကို ဦးဆောင်ကာ အထဲသို့ ဝင်ရောက်သွားသော်လည်း သူတို့ ဝင်ပေါက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် အထဲမှ ထွက်ပေါ်လာသော ပျော်ရွှင်ဖွယ် အသံနှစ်သံကို ကြားလိုက်ရသည်။
“ပန်းကလေး... မြန်မြန်လုပ်... နင့်ရဲ့ ဘယ်ဘက် မီတာ ၂၀၀ အကွာမှာ နောက်တစ်ယောက် ရှိသေးတယ်... သူ ထွက်ပြေးနေပြီ…”
ရှင်ခြင်းသေခြင်းစာအုပ်က ရေဒါငယ်လေးတစ်ခုနှင့်တူပြီး ဟိုဟိုဒီဒီ ထွက်ပြေးနေကြသော လူကုန်ကူးသူများကို နေရာအနှံ့ ရှာဖွေပေးနေလေသည်။
“ကောင်းပြီ... စာအုပ်လေး…”
ယွင်ဟွားသည် သူမ၏ လက်သူကြွယ်လေးဖြင့် လက်ညှိုးထိုးပြလိုက်ရာ ရွှေအုတ်ခဲသည် မည်သူ့ခေါင်းဆီသို့မဆို ဝင်ဆောင့်သွားသည်။ သူမ လက်ညှိုးထိုးပြရာ နေရာတိုင်းကို ထိမှန်ပြီး အုတ်ခဲတိုင်းက အသက်တစ်ချောင်းကို နုတ်ယူသွားလေသည်။ သူမသည် အလွန်ပျော်ရွှင်နေပြီး မလှမ်းမကမ်းရှိ အစောင့်မှာလည်း စိတ်လှုပ်ရှားနေ၏။
ဓားတစ်ချက်၊ အသက်တစ်ချောင်း…
ကိုယ်ရံတော်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့သော်လည်း ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းအောင် လူတစ်ယောက်ကို သတ်ဖူးခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
နန်ကုန်းယွမ်၏ မျက်ခုံးများ ပြေလျော့သွားပြီး သူ၏ ကြမ်းတမ်းသော အရှိန်အဝါကို အလိုအလျောက် ဖိနှိပ်ထားလိုက်ကာ ယွင်ဟွားအား အပြုံးတစ်ခုဖြင့် ကြည့်နေမိသည်။
ရှောင်ရှီစန်းသည် သူ မြင်တွေ့လိုက်ရသော အရာများကြောင့် အလွန် အံ့အားသင့်သွားပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားတော့သည်။
စတုတ္ထသခင်မလေးယွင်…
"သခင်မလေးက ကျွန်တော့်ရဲ့ နတ်ဘုရားပါပဲ..."
ရှောင်ရှီစန်းသည် စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေပြီး သူသည်လည်း ပါဝင်ချင်နေသည်။
“မင်းသား..."
ရှောင်ရှီစန်းသည် ခေါင်းလှည့်ကြည့်လိုက်ရာ သူ့မင်းသား၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရလေသည်။ သူ၏ မျက်ဝန်းများမှာ တောက်ပသွားသည်။
“မင်းသား... ကျွန်တော်တို့လည်း သွားပြီး မကူညီပေးကြဘူးလား..."
နန်ကုန်းယွမ်သည် ရှင်းလင်းပြတ်သားသော လက်ချောင်းများဖြင့် လက်ရန်းကို ဖြည်းညင်းစွာ ပွတ်သပ်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မြတ်နိုးယုယမှုများ ပြည့်နှက်နေသည်။
"မလိုပါဘူး... သူမကို ဖြည်းဖြည်းချင်း ကစားပါစေ..."
လူတိုင်းသည် နားမလည်နိုင်သော အမူအရာများ ဖြစ်သွားကြသည်။
ယမန်နေ့က မရပ်မနား အလျင်အမြန် ပြန်လာခဲ့သူက မည်သူနည်း။ လူတစ်ယောက်၏ တည်နေရာကို ရှာဖွေရန်အတွက် ငရဲပြည် လျှို့ဝှက်အစောင့် ဆယ့်ရှစ်ပါးကို ဆင့်ခေါ်ခဲ့သူက မည်သူနည်း။
ရှောင်ရှီစန်းသည် သူ၏ အိတ်ကပ်ထဲမှ မှတ်စုစာအုပ်ငယ်ကို တွန့်ဆုတ်စွာ ဆွဲထုတ်လိုက်ပြီး ကလောင်တံကို တိတ်တဆိတ် ကောက်ကိုင်လိုက်လေသည်။
မင်းသားသည် ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ပြီးနောက် သခင်မလေးယွင် တစ်ယောက်တည်း တိုက်ခိုက်နေသည်ကို အေးစက်စွာ ကြည့်နေကာ အရှက်မရှိဘဲ သူမကို သူမဘာသာ ကစားပါစေ ဟု ပြောဆိုခဲ့လေသည်။
ရှောင်ရှီစန်းသည် သူ၏ ပြီးပြည့်စုံသော လက်ရာကို ကြည့်လိုက်ပြီး မင်ရည်ကို မှုတ်လိုက်ကာ သူ၏ ရင်ခွင်ထဲသို့ ပြန်ထည့်လိုက်သည်။
“ရှေ့ဆက်သွား... ပန်းကလေး…”
“ဒီစာအုပ်က နင့်အတွက် အရေအတွက်ကို မှတ်သားထားတယ်... နင်က လူဆိုး ၄၃ ယောက်ကို ဖြုတ်ချပြီးပြီ... အဲ့ကိုယ်ရံတော်က အယောက် ၂၀ ကို ဖြုတ်ချခဲ့တယ်ဆိုတော့ ၁၅ ယောက် ကျန်သေးတယ်…”
ကျန်ရှိနေသော လူဆယ်ဂဏန်းခန့်သည် ဖြူလျော့နေသော မျက်နှာများဖြင့် တံခါးပေါက်ဆီသို့ ပြေးသွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်နှစ်ခု…
သူတို့ထဲမှ တစ်ယောက်က ရွှေအုတ်ခဲကိုပင် အလိုရှိသလို စေခိုင်းနိုင်ပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သို့သော်လည်း သူတို့ ဝင်ပေါက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် လူဒါဇင်ပေါင်းများစွာက တံခါးစောင့်များကဲ့သို့ ထွက်ပေါက်တွင် အစောင့်အဖြစ် ရပ်နေကြလေသည်။
ရုတ်တရက် အရာအားလုံး မှောင်မိုက်သွားလေသည်။ ပြီးဆုံးသွားလေပြီ။ သူတို့သည် ဤနေရာတွင် လုံးဝ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား..."
“ငါ့ရဲ့ပြိုင်ဘက်ကင်း ရွှေအုတ်ခဲကြီးကို မြည်းကြည့်လိုက်စမ်း..."
ရွှေအုတ်ခဲကို ကိုင်ဆောင်ထားသော ယွင်ဟွားက အော်ဟစ်လျက် နောက်မှ လိုက်သွားလေသည်။
နောက်တစ်စက္ကန့်တွင်…
သူမသည် ထိုနေရာ၌ပင် အေးခဲသွားပြီးနောက် သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"အရှင်မင်းသား... ဒီနေရာမှာ ဘာလာလုပ်တာလဲ..."