← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅) ဆက်ခံသူမင်းသားကို ရှောင်ယွမ်ယွမ်ဟု ခေါ်ဆိုခြင်း

ယွင်ဟွားသည် သူ့အား အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်ပြီး ရွှေအုတ်ခဲကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ထွက်ပြေးသွားကြသော လူဆယ့်ငါးယောက်ကို ငရဲပြည် လျှို့ဝှက်အစောင့် ဆယ့်ရှစ်ပါးက ဖမ်းဆီးပြီးဖြစ်ကာ ဓားတစ်ချက်တည်းဖြင့် လည်ပင်းလှီး အဆုံးစီရင်လိုက်ပြီး ဖြစ်သည်။

"အရှင်မင်းသား..."

ယွင်ဟွားသည် ခေတ္တမျှ ရပ်တန့်သွားလေသည်။ သူ့အား "အရှင်မင်းသား" ဟု အမြဲခေါ်ဆိုနေရခြင်းက အနည်းငယ် တောင့်တင်းပြီး စည်းကမ်းကြီးလွန်းသည်ဟု သူမ ခံစားလိုက်ရလေသည်။ သူမက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"နောင်အခါ အရှင်မင်းသားကို ရှောင်ယွမ်ယွမ်လို့ပဲ ခေါ်တော့မယ်..."

ငရဲပြည်တွင် နှစ်ပေါင်းရာချီ နေထိုင်ခဲ့သော ယွင်ဟွားအတွက် သူမခေါ်ဆိုသော မည်သူ့နာမည်ရှေ့တွင်မဆို 'ရှောင်' ဟူသော စကားလုံးကိုသာ ထည့်သွင်းခေါ်ဆိုလေ့ရှိလေသည်။

ယွင်ဟွားသည် ရှောင်ရှီစန်းအား ဘေးသို့ တွန်းဖယ်လိုက်၏။ သူမက နန်ကုန်းယွမ်၏ ဘီးတပ်ကုလားထိုင်ကို ကိုယ်တိုင်တွန်းကာ သူမ၏ အောင်မြင်မှုများကို သူ့အား ပြသရန် ရည်ရွယ်ထားလေသည်။ သူမသည် သူမ၏ ခေါင်းငယ်လေးကို နောက်သို့စောင်းကာ အလွန်ဂုဏ်ယူဝင့်ကြွားနေဟန် ရှိလေသည်။

သို့သော်လည်း ဤအမည်နာမကြောင့် နန်ကုန်းယွမ် ရုတ်တရက် တောင့်တင်းသွားပြီး သူ၏ နားရွက်ဖျားများ တဖြည်းဖြည်း နီရဲလာသည်ကို သူတို့ သတိမပြုမိခဲ့ကြပေ။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။

"မလိုပါဘူး... ငါ့နာမည်ကိုပဲ ခေါ်လို့ရပါတယ်..."

ယွင်ဟွားက မကြားဟန်ဆောင်နေသည်။

"ရှောင်ယွမ်ယွမ်... ငါက အံ့ဩစရာ မကောင်းဘူးလား..."

သူမသည် မြေပြင်ပေါ်ရှိ အလောင်းများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒါတွေအားလုံးက ငါ့ရဲ့ အောင်မြင်မှုတွေပဲ... နောက်မှ ဆုချီးမြှင့်ဖို့ ဧကရာဇ်မင်းကို တောင်းဆိုရမယ်..."

ရှောင်ရှီစန်း၏ မျက်ခွံများ တုန်လှုပ်သွားသည်။ ပန်းများ၊ ရှုခင်းများနှင့် လှပသော အမျိုးသမီးများကို ငေးမောခံစားသည်ဟု သူ ကြားဖူးသော်လည်း အလောင်းတစ်လောင်းကို ဂုဏ်ယူစွာ ငေးမောသည်ဟု သူ ဘယ်သောအခါမှ မကြားဖူးခဲ့ပေ။ ရှောင်ရှီစန်းသည် ခေါင်းများ လုံးဝကွဲအက်နေသော မြေပြင်ပေါ်ရှိ ကြောက်မက်ဖွယ် အလောင်းများကို တစ်ချက် ကြည့်လိုက်သည်။

သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

*မင်းတို့အားလုံးက နောက်ဆုံးသေဆုံးချိန်မှာတောင် အကောင်းဆုံး အသုံးတော်ခံသွားကြတာပဲ…*

“လုပ်တာကောင်းတယ်."

ယွင်ဟွား၏ အသံထဲမှ ပျော်ရွှင်မှုကို ကြားရသောအခါ နန်ကုန်းယွမ်သည်လည်း သူမအတွက် ဝမ်းသာနေမိသော်လည်း ထိုခေါ်ဝေါ်ပုံကို တွေးမိသောအခါ သူ၏ နားထင်များကို ပွတ်သပ်လိုက်မိသည်။

"စတုတ္ထသခင်မလေးယွင်... မင်း.. ခေါ်ဝေါ်တဲ့ပုံစံကို ပြောင်းလိုက်ရင် မကောင်းဘူးလား..."

'ရှောင်ယွမ်ယွမ်' ဟူသော အမည်ကို သူ အလွန်ငယ်ရွယ်စဉ်က သူ၏ မိခင်ဖြစ်သူ ခေါ်ဆိုခဲ့ခြင်း ဖြစ်လေသည်။ အကြောင်းတစ်ခုခုကြောင့် သူမ ဤနာမည်ကို ခေါ်ဆိုလိုက်သည့်အချိန်တွင် သူ၏ မှတ်ဉာဏ်များသည် နန်းတွင်းပွဲတော်ကျင်းပခဲ့သည့် ထိုနေ့ဆီသို့ ရုတ်တရက် ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူ၏ မိခင်က သူမနှင့် ညီအစ်မသစ္စာဆိုချင်ခဲ့ပြီး သူ့အား သူမကို ခေါင်းကိုင်မိခင်တစ်ဦးကဲ့သို့ ဆက်ဆံရန်ပင် တောင်းဆိုခဲ့သည်။

နန်ကုန်းယွမ်က တုန်ရီသွား၏။

ယွင်ဟွားသည် သူ၏ စကားနောက်တစ်ဝက်ကို ရွေးချယ်၍ မေ့ဖျောက်လိုက်ပြီး ကျေနပ်ဂုဏ်ယူနေသော အမူအရာဖြင့် ပြောလိုက်သည်။

"ရှောင်ယွမ်ယွမ်... ဒီနေရာမှာ ငါ့ကို ခဏလောက် စောင့်နေဦး... ငါ ဓားစာခံတွေကို သွားလွှတ်ပေးလိုက်ဦးမယ်..."

ထိုသို့ပြောပြီးနောက် သူမသည် အကျဉ်းခန်းဆီသို့ ပြေးသွားရန် ပြင်လိုက်သည်။

“ပန်းကလေး... နင် သွားဖို့ မလိုတော့ဘူး... နင့်ရဲ့ အစောင့်တွေက လူတိုင်းကို လွှတ်ပေးပြီးသွားပြီ…”

ရှင်ခြင်းသေခြင်းစာအုပ်၏ စကားအဆုံးတွင်ပင် အစောင့်များသည် လူတိုင်းကို အပြင်သို့ ခေါ်ဆောင်လာခဲ့သည်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို မြင်သောအခါ သူတို့သည် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

နန်ကုန်းယွမ်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

"သူတို့ကို နေရာချထားပေးဖို့ လူအချို့ ချန်ထားခဲ့... စစ်မြေပြင်ကို ရှင်းလင်းပြီး အသက်ရှင်ကျန်ရစ်သူ ရှိမရှိ စစ်ဆေး... ပြီးရင် အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်ကို စောင့်နေကြ..."

"ဟုတ်ကဲ့ပါ..."

တရားရေးဝန်ကြီးဌာနကို လဝက်ကြာ ဒုက္ခပေးနေခဲ့သော အမှုတစ်ခုကို ယွင်ဟွားသည် တစ်ရက်ပင် မပြည့်သော အချိန်အတွင်း ဖြေရှင်းနိုင်ခဲ့လေသည်။ ဤအချိန်တွင် သူမသည် နန်ကုန်းယွမ်၏ ရထားလုံးပေါ်သို့ ပျော်ရွှင်စွာ တက်ရောက်သွားပြီး မြို့တော်ဆီသို့ ဦးတည်သွားနေသည်။

ဧကရာဇ်ဝမ်ရွှမ်းသည် ယွင်ရှောင်ထျန်း၏ အရှက်မရှိသော ကပ်စားမှုကြောင့် အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။

"လျှို့ဝှက်အစောင့်တွေ သတင်းပို့တာနဲ့ မင်းကို အကြောင်းကြားမယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား..."

ထို့ကြောင့် သူ့အနေဖြင့် နန်းတော်ထဲတွင် အချိန်ဆွဲနေရန် တကယ်ကို မလိုအပ်ပေ။

"အရှင်မင်းကြီး..."

ယွင်ရှောင်ထျန်းသည် များပြားလှသော အစားအစာများမှ ခေါင်းကို မော့လာပြီး လေးနက်စွာ ခွဲခြမ်းစိတ်ဖြာလာသည်။

"နန်းတော်ကနေ ကျွန်တော်မျိုးရဲ့ အိမ်ကို ပြန်ဖို့ အနည်းဆုံး နံ့သာတိုင်တစ်တိုင် လောင်ကျွမ်းချိန်ရဲ့ ထက်ဝက်လောက် ကြာပါတယ်... အသွားအပြန်ဆိုရင် နံ့သာတိုင်တစ်တိုင်စာ အချိန်ကုန်သွားမှာမို့ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အနီးအနားမှာနေတာ အကောင်းဆုံးပါပဲ..."

သူက ခေတ္တရပ်တန့်လိုက်ပြီး ဆက်ပြောလေသည်။

"ကျွန်တော်မျိုးက သမီးငယ်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်နေရပြီး တစ်စက္ကန့်လေးတောင် ထပ်မစောင့်ချင်တော့ပါဘူး... ဖခင်အိုကြီးတစ်ယောက်ရဲ့ နှလုံးသားကို အရှင်မင်းကြီး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

ဧကရာဇ်ဝမ်ရွှမ်း၏ နှုတ်ခမ်းများ တုန်လှုပ်သွားသည်။

"အကယ်၍ ဒီနေ့အထိ ငါ့ရဲ့ လျှို့ဝှက်အစောင့်တွေဆီက ဘာသတင်းမှ မရသေးဘူးဆိုရင် မင်း ဘာလုပ်မလဲ..."

ယွင်ရှောင်ထျန်း၏ မျက်လုံးများ ဟိုဟိုဒီဒီ ပြူးတက်သွားပြီး သူက ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေလိုက်သည်။

"အကယ်၍ အရှင်မင်းကြီး စိတ်မရှိဘူးဆိုရင် ဒီည ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့အတူ အိပ်ပေးမယ်လေ... ကျွန်တော်မျိုး ဟောက်မှာ မဟုတ်ဘူးလို့ အာမခံပါတယ်..."

ဧကရာဇ်ဝမ်ရွှမ်း၏ တူများသည် စားပွဲပေါ်သို့ 'ခလွမ်' ဟူသော အသံနှင့်အတူ ပြုတ်ကျသွားသည်။

အရှက်မရှိသော ယွင်ရှောင်ထျန်းကို ထိတ်လန့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူက အော်ဟစ်လိုက်၏။

"အစောင့်တွေ... အစောင့်တွေ... ဒီလူယုတ်မာအိုကြီးကို နန်းတော်ထဲကနေ လွှင့်ပစ်လိုက်ကြစမ်း..."

ဤအရာက ကျိန်ဆဲချင်စရာကောင်းလောက်အောင် ကြောက်စရာကောင်းလှသော်လည်း သူက အတူအိပ်ချင်နေသေးသည် မဟုတ်ပါလား...။

သူ့အနေဖြင့် နောက်ဆောင်ရှိ လှပပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုပ်တော်ပေါင်း မြောက်မြားစွာနှင့် အိပ်မည့်အစား ဤအဘိုးကြီးနှင့် ဘာကြောင့် အိပ်ရမည်နည်း။ သူ အရူးလား သို့မဟုတ် ရူးသွပ်နေသလား။

ယွင်ရှောင်ထျန်းသည် အစောင့်များ၏ ဆွဲထုတ်သွားခြင်းကို ခံရချိန်တွင် သူ၏ လက်ထဲ၌ ဝက်သားနီနှပ်တစ်ပန်းကန်ကို ကိုင်ထားဆဲဖြစ်ပြီး အလောတကြီး အော်ဟစ်နေသည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး... အကယ်၍ ကျွန်တော်မျိုးနဲ့ အိပ်ရာမခွဲချင်ဘူးဆိုရင်... ကျွန်တော်မျိုး ကြမ်းပြင်ပေါ်မှာ အိပ်လို့ရပါတယ်... လိုအပ်ရင် ကုတင်အောက်မှာတောင် အိပ်လို့ရပါတယ်... အရှင်မင်းကြီး ကျွန်တော်မျိုးကို စွန့်ပစ်လို့ မရဘူး..."

"ပိတ်လိုက်စမ်း..."

"သူ့ပါးစပ်ကို မြန်မြန်ဆို့လိုက်စမ်း..."

ဧကရာဇ်ဝမ်ရွှမ်းသည် ရုတ်တရက် ခုန်ထလိုက်ပြီး သူ၏ လက်များ တုန်ယင်နေကာ ယွင်ရှောင်ထျန်း ထွက်သွားသော လမ်းကြောင်းကို လက်ညှိုးထိုးလျက် အဆက်မပြတ် အော်ဟစ်နေသည်။

“သေစမ်း…”

သူ၏ အပြစ်ကင်းစင်သော ခန္ဓာကိုယ်မှာ ယွင်ရှောင်ထျန်း၏ ညစ်ညမ်းသော ပါးစပ်ကြောင့် ညစ်နွမ်းသွားလုနီးပါး ဖြစ်သွားခဲ့ရသည်။

ဤအချိန်တွင် ရထားလုံးထဲ၌...

ယွင်ဟွားသည် နားပင်းပြီး အ, ဟန်ဆောင်ကာ အိပ်ပျော်နေဟန် ဆောင်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဤနည်းလမ်းမကျသော၊ ဖျားနာနေသော မင်းသားကို အာရုံမစိုက်ချင်သောကြောင့်သာ ဖြစ်လေသည်။

“ရှောင်ယွမ်ယွမ်ဆိုတာ အရမ်းချစ်စရာကောင်းတဲ့ နာမည်လေးပဲဟာကို..”

“ငါ့နာမည်က 'ပန်းကလေး'၊ နင့်နာမည်က 'စာအုပ်လေး'၊ ပြီးတော့ ငရဲပြည်က အလုပ်ကြိုးစားတဲ့ တရားသူကြီးရဲ့ စုတ်တံကိုကျတော့ 'စုတ်တံလေး' လို့ ခေါ်တယ်လေ…”

“ ငါတို့နာမည်တွေကို ကြားရုံနဲ့ ငါတို့က ဂိုဏ်းတစ်ခုတည်းဆိုတာ သိနိုင်တယ်…”

“သူကတော့ အခုထိ ညည်းတွားနေတုန်းပဲ... ဟွန့်…”

သူမ ဒေါသထွက်နေပြီး သူက သူမကို ချော့မော့လို့ မရနိုင်ပေ။

“ဟုတ်တယ်... ပန်းကလေးရဲ့ နာမည်ပေးနိုင်စွမ်းက အရမ်းကို ကောင်းတာကို... သူက အကဲဖြတ်တတ်တဲ့ အရသာခံနိုင်စွမ်း မရှိဘူး... ငါတို့ သူနဲ့ ဆက်မကစားတော့ဘူး..”

ရှင်ခြင်းသေခြင်းစာအုပ်က အမြဲတမ်း ယွင်ဟွား၏ ပတ်ပတ်လည်တွင်သာ လည်ပတ်နေလေသည်။ သူမ ပြောသမျှ အရာအားလုံးက အတည်ဖြစ်ပြီး ယွင်ဟွားသာလျှင် ၎င်းကို ငြင်းဆိုနိုင်လေသည်။ မည်သူမျှ သူမနှင့် ပတ်သက်၍ အပျက်သဘောဆောင်သော စကားများ ပြောဆိုခွင့်မရှိပေ။

ဤအရာကို ကြားသောအခါ... နန်ကုန်းယွမ်၏ နှလုံးသားထဲတွင် မသက်မသာဖြစ်မှုတစ်ခု ဖြစ်ပေါ်လာလေသည်။ ငယ်စဉ်ကလေးဘဝကတည်းက သူ၏ ပတ်ဝန်းကျင်ရှိ လူများသည် သူ့အား ရိုသေလေးစားမှု သို့မဟုတ် သတိထားမှုများဖြင့်သာ ဆက်ဆံခဲ့ကြသည်။ သူ့အပေါ် အထင်မသေးသလို ထူးဆန်းသော အကြည့်များဖြင့်လည်း မကြည့်တတ်သော ဤကလေးငယ်မျိုးကို တွေ့ရခြင်းမှာ ရှားပါးလှပေသည်။

သူမကို စိတ်မချမ်းမသာ မဖြစ်စေချင်ပေ။

"ရှောင်... ရှောင်ယွမ်ယွမ်ဆိုတာလည်း မဆိုးပါဘူး..."

သူသည် သူမအား ညီမငယ်တစ်ဦးကဲ့သို့ ဆက်ဆံနေပြီဖြစ်ရာ သူမ အလိုရှိရာကို ခေါ်ဆိုနိုင်ကြောင်း နန်ကုန်းယွမ်က ချက်ချင်း ပြောဆိုလိုက်သည်။

မြင်းစီးနေသော ရှောင်ရှီစန်းသည် သူ၏ ကလောင်တံထိပ်ကို လျှာဖြင့်လျက်လိုက်ပြီး "သခင်မလေးယွင်ကို ပျော်ရွှင်စေရန် မင်းသားက မိမိနာမည်ကို ရှောင်ယွမ်ယွမ်ဟု ပြောင်းလဲလိုက်လေသည်..." ဟု ရေးမှတ်လိုက်၏။

ယွင်ဟွားသည် မျက်လုံးများကို ပြူးကျယ်သွားပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဒါဆိုလည်း သဘောတူတယ်... အခုကစပြီး ဒီမင်းသားက ငါ့ရဲ့မောင်လေးပဲ... ငါ မင်းသားကို ကာကွယ်ပေးမယ်..."

ယွင်ဟွားက သူမ၏ ရင်ဘတ်ကို ပုတ်ကာ ကတိတစ်ခု ပေးလိုက်သည်။ လူ့ပြည်တွင်ဖြစ်စေ၊ ငရဲပြည်တွင်ဖြစ်စေ သူမက သူ့ကို ကူညီထောက်ပံ့ပေးမည်ဟု ဆိုလေသည်။

နန်ကုန်းယွမ်……

သူသည် တတိယမင်းသားနှင့် တစ်တန်းတည်း ထားရှိခံရခြင်းကို မလိုလားပေ။

“ကောင်းတယ်... ဒီစာအုပ်က သူ့အတွက် ဝန်လေးစွာနဲ့ စဉ်းစားပေးလိုက်မယ်... သူ နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ဆက်ရှူနိုင်အောင် အသက်ရှည်စေမယ့် ရတနာတွေများ ရှာတွေ့မလားဆိုတာ ကြည့်ဖို့ ယမမင်းရဲ့ နေရာလွတ်ထဲကို အကြိမ်နည်းနည်းလောက် သွားရောက် လည်ပတ်ဖို့ အခွင့်အရေး ယူရမယ်…”

ရှင်ခြင်းသေခြင်းစာအုပ် စကားပြောဆိုအပြီးတွင် ၎င်း ဖိနှိပ်ထားသော ငရဲလကျောက်မှာ လင်းလက်သွားပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။ ဤအရာကို ကြားသောအခါ ရထားလုံးကို မောင်းနှင်နေသော ရှောင်ရှီစန်းမှာ ဝမ်းသာမျက်ရည်များပင် ကျလာခဲ့သည်။

*အမတ်ငယ်ယွင်... သခင်လေးစာအုပ်... မနက်ဖြန်ကျရင် သင်တို့နှစ်ယောက်အတွက် အမှတ်တရ ကျောက်စာတိုင်တွေ စိုက်ထူပြီး မနက်၊ နေ့လယ်၊ ည တစ်ရက်ကို သုံးကြိမ် နံ့သာတိုင် ပူဇော်ပါ့မယ်…*

ရှင်ခြင်းသေခြင်းစာအုပ်သည် ဖျားနာနေသော မင်းသားကို ကြင်နာသော အကြည့်မျိုး ရှားရှားပါးပါး ပြသခဲ့လေသည်။

နောက်တစ်စက္ကန့်တွင်...

ရှင်ခြင်းသေခြင်းစာအုပ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်း၏ ကိုယ်ပိုင်ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေပြီး စာမျက်နှာများ လျင်မြန်စွာ လန်သွားကာ စာလုံးများအားလုံးမှာ လေဟာပြင်တွင် လွင့်မျောနေပြီး ပြိုကွဲကာ ပြန်လည်ပေါင်းစပ်နေသည်ကို အာရုံခံမိလိုက်လေသည်။

ရှင်ခြင်းသေခြင်းစာအုပ်မှာ ကြက်သေသေသွား၏။ ၎င်းကို ဖန်တီးခဲ့ပြီးကတည်းက ဤကဲ့သို့ ထူးခြားသော အဖြစ်အပျက်မျိုး ဖြစ်ပေါ်ခဲ့ခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

ခဏအကြာတွင် အရာအားလုံး ပြန်လည် ငြိမ်သက်သွားပြီး ရှင်ခြင်းသေခြင်းစာအုပ်၏ အကြည့်သည် စာမျက်နှာတစ်ခုပေါ်သို့ ကျရောက်သွားလေသည်။ ၎င်းသည် နန်ကုန်းယွမ်အား အံ့အားသင့်စွာ ကြည့်လိုက်လေသည်။ မူလက သူ၏ ကံကြမ္မာကို စကားလုံးအနည်းငယ်ဖြင့်သာ ဖော်ပြထားသော်လည်း ယခုအခါ စာမျက်နှာတစ်ခုလုံးမှာ အဖြူရောင် မြူခိုးလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေလေသည်။

*ဒါက... ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေများလား…*

*ကောင်းကင်ကြီးရေ…*

*ဖျားနာနေတဲ့ မင်းသားက သာမန်လူ မဟုတ်ဘူးပဲ…*

ရှင်ခြင်းသေခြင်းစာအုပ်က အလွန်တရာ သဘောထားကြီးလွန်းသဖြင့် သူ မည်သူဖြစ်ကြောင်း ဦးနှောက်စားခံကာ စဉ်းစားသော်လည်း အဖြေမရသည့်အခါ လုံးဝ ဂရုမစိုက်တော့ဘဲ နေလိုက်တော့သည်။ ၎င်းက သဘောထားသေးသိမ်ပြီး ဟွားဟွားလေးကိုသာ ဂရုစိုက်လေသည်။

ပြန်လည်ပေါင်းစပ်ပြီးနောက် မည်သည့်အရာများ ကွဲပြားသွားသည်ကို သိရှိလိုသဖြင့် သူ၏ မူလခန္ဓာကိုယ်ကို လှန်လှောကြည့်လိုက်သည်။

ရုတ်တရက် သူ၏ မျက်လုံးများ တောက်ပသွားလေ၏

*လင်းဝမ်ယွဲ့……*

*သူမရဲ့ ကံကြမ္မာက ပြင်ဆင်ပြီးသွားပြီပဲ…..*

အခန်း (၇၆) လင်းအိမ်တော်သို့ သွားရောက်ခြင်းနှင့် ရှောင်ရှီစန်းလည်း နာမည်ပြောင်းသွားခြင်း

ရှင်ခြင်းသေခြင်းစာအုပ်က ပျော်ရွှင်စွာ လှည့်ပတ်ပျံသန်းနေပြီးနောက် ပန်းကလေး၏ ပခုံးပေါ်သို့ နောက်ဆုံးတွင် ဆင်းသက်သွားသည်။

၎င်း၏ ပန်းကလေးကို ပြန်ပေးဆွဲရန် လူကုန်ကူးသူများကို မည်သူက သွေးထိုးလှုံ့ဆော်ခဲ့သည်ကို ၎င်း သိရှိထားပြီး ဖြစ်လေသည်။

“ပန်းကလေး... ငါတို့ လက်စားချေကြရအောင်... လင်းအိမ်တော်ကို တိုက်ရိုက်သွားပြီး လင်းဝမ်ယွဲ့ကို သွားရှာကြမယ်... သူမက အရမ်းကို ယုတ်မာလွန်းတယ်... သူမက အတိတ်ဘဝက အရာတွေကို အသုံးပြုပြီး နင့်ကို ပြန်ပေးဆွဲဖို့ လူငှားခဲ့တာပဲ..”

မင်ယွမ်နယ်စားအိမ်တော်သို့ သွားရောက်ခဲ့စဉ်က ထိုအမျိုးသမီးနှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရှင်ခြင်းသေခြင်းစာအုပ်ထဲတွင် အာရုံခံမိခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ၊ သူမသည် တစ်စုံတစ်ခုကို ကြံစည်နေခဲ့ခြင်းပင် ဖြစ်သည်

ယွင်ဟွားသည် သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်၏။

“သွားကြစို့... လက်စားချေကြမယ်... ငါ့ကို မတရားလုပ်တဲ့ ဘယ်သူ့ကိုမဆို မြေဩဇာအဖြစ် ပြောင်းလဲပစ်မယ်..”

ပြန်လည်မွေးဖွားလာသော အမျိုးသမီးတစ်ဦးအနေဖြင့် အခွင့်အရေးကို ဆုပ်ကိုင်မထားနိုင်ပါက ဤဘဝတွင် သူမ၏ အခွင့်အရေးကို ရက်စက်စွာ ဖျက်ဆီးပစ်မည့်အပေါ် အပြစ်မတင်သင့်ပေ။

"ရှောင်ရှီစန်း... ကျူးချွဲလမ်းကို လမ်းကြောင်းပြောင်းလိုက်စမ်း..."

နန်ကုန်းယွမ်သည် ထိုအမျိုးသမီး မည်သို့ သေဆုံးရမည်ကို တွေးတောနေပြီဖြစ်ကာ အေးစက်သော မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။

မျက်လုံးများကို မော့ကြည့်လိုက်သောအခါ ယွင်ဟွား၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရသည်။

နန်ကုန်းယွမ်၏ နှလုံးသားမှာ တစ်ချက် ခုန်လွဲသွားသည်။

"မင်း မနေ့ညကတည်းက ဘာမှ မစားရသေးဘူးလေ... ကျူးချွဲလမ်းမှာ အသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်... အဲ့က အစားအစာတွေက အတော်လေး ကောင်းတယ်..."

“အဓိပ္ပာယ်မရှိတာ... ပန်းကလေး... နင် မနေ့ညက မြို့စားအိမ်တော်မှာ အားရပါးရ စားသောက်ခဲ့တာ ရှင်းနေတာပဲ..”

ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွား လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို မှတ်မိနေလေသည်။

အရသာရှိသော အစားအစာများအကြောင်း ကြားရသောအခါ ယွင်ဟွားသည် သတိလစ်လုမတတ် တံတွေးမျိုချလိုက်မိလေသည်။

“ရှောင်ရှူးရှူး... နင် ဘာပြောတယ်ဆိုတာ သတိထားဖို့ လိုတယ်နော်..”

ထို့နောက် သူမက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"ရှောင်ယွမ်ယွမ်က လမ်းကြောင်းမှန်ပေါ် ရောက်နေပြီပဲ..."

ဤမောင်လေးသည် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လေသည်။ သူက သူမအပေါ် နားလည်စာနာမှု ရှိပေသည်။

ထိုအရာနှင့် နှိုင်းယှဉ်ပါက ဓားကို ကာကွယ်ရန် သူမအား တွန်းပို့ခဲ့သော တတိယမင်းသားထက် သူက များစွာပိုကောင်းသည်ဟု ယွင်ဟွား ခံစားလိုက်ရသည်။

ဤမိန်းကလေးမှာ ချော့မော့ရန် လွယ်ကူနေသည့်အလား နန်ကုန်းယွမ်က အပြုံးဖျော့ဖျော့လေး ပြုံးလိုက်၏။

သူမ ဆန္ဒရှိသည့်အတိုင်း အားရပါးရ စားသောက်ပြီးနောက် ယွင်ဟွားသည် နန်ကုန်းယွမ်အားတွန်းကာ နည်းလမ်းရှာလျက် လင်းအိမ်တော်ဆီသို့ ခေါ်ဆောင်သွားသည်။

သို့သော်လည်း မထင်မှတ်ထားဘဲ…

ယွင်ဟွားက လမ်းထောင့်တစ်ခုကို ကွေ့လိုက်ချိန်တွင် သူမ၏ ရင်ခွင်ထဲ၌ ပန်းကန်အလွတ်တစ်ခုကို ပိုက်ထားပြီး ယွင်အိမ်တော်ဆီသို့ တွေဝေငေးမောစွာ လျှောက်လှမ်းလာသော ယွင်ရှောင်ထျန်းနှင့် ဆုံတွေ့လိုက်လေသည်။

သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ဆုံတွေ့သွားကြ၏။

သူတို့သည် မျက်လုံးများကို တစ်ပြိုင်နက်တည်း ပွတ်သပ်လိုက်ကြသည်။

"အဖေ..."

"သမီးလေး..."

“သမီး ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ…”

ယွင်ရှောင်ထျန်းမှာ ကြက်သေသေသွားသည်။ သူ၏ သမီးသည် သူခိုးဂိုဏ်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည် မဟုတ်ပါလား။ သူမ မည်သို့လုပ်ပြီး ဤမျှ မြန်မြန် ပြန်ရောက်လာရသနည်း။

ဤသည်က ရန်သူ့စခန်းထဲသို့ ဝင်ရောက်ခြင်းလား၊ သို့မဟုတ် ရန်သူ့စခန်းကို ဖျက်ဆီးပစ်ခြင်းလား။

"အမတ်ယွင်..."

အေးစက်ပြီး ကြည်လင်သော အသံက ယွင်ရှောင်ထျန်း၏ အာရုံကို ဖမ်းစားသွားလေသည်။

သူ၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားပြီး စိတ်တိုစွာဖြင့် ပြောလိုက်သည်။

"မင်းသားက ဒီနေရာမှာ ဘာလာလုပ်နေတာလဲ..."

သူသည် သူ၏ သမီးငယ်လေးနှင့် အမှန်တကယ် အတူရှိနေခဲ့၏။ ဤသည်မှာ မင်းသားစု၏ သင်ကြားပေးမှုကြောင့် ဖြစ်ကြောင်း ရှင်းလင်းနေသည်။

နန်ကုန်းယွမ် စကားမပြောနိုင်မီမှာပင် ယွင်ဟွားက ယွင်ရှောင်ထျန်း၏ အဝတ်အစားများကို ဆွဲလိုက်သည်။

"အဖေ... ပထမဆုံးအကြိမ် သမီးကို ကယ်တင်ဖို့ တပ်ဖွဲ့တွေကို ဦးဆောင်လာခဲ့တာ ရှောင်ယွမ်ယွမ်ပဲ..."

မည်သို့ပင်ဆိုစေကာမူ သူသည် အသစ်အသိအမှတ်ပြုထားသော လက်အောက်ငယ်သားတစ်ဦး ဖြစ်လေရာ သူတို့အနေဖြင့် သူ့ကို အနည်းဆုံးတော့ ကာကွယ်ပေးသင့်ပေသည်။

"ရှောင်ယွမ်ယွမ်..."

ယွင်ရှောင်ထျန်း၏ အသံမှာ ရုတ်တရက် စူးရှစွာ ထွက်ပေါ်လာသည်။

"ငါ့သမီးလေး... သမီးက သူ့ကို ဘယ်လိုလုပ်ပြီး ရှောင်ယွမ်ယွမ်လို့ ခေါ်နိုင်ရတာလဲ..."

သူသည် ပထမဆုံး စကားလုံးသုံးလုံးကိုသာ ဖမ်းဆုပ်နိုင်ခဲ့ပြီး နန်ကုန်းယွမ်ထံသို့ အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ဤသားအဖနှစ်ဦးစလုံးသည် လူကောင်းများ မဟုတ်ကြပေ။ သူတို့က သူ၏ သမီးကိုပင် အကြံအစည် ရှိနေကြသည်။

နန်ကုန်းယွမ်က သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်သည်။ ဤအချိန်တွင် စကားမပြောခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်လေသည်။

"အဖေ့..."

ယွင်ဟွားသည် အောက်သို့ ကျဆင်းနေသော သူမ၏ ဖခင် နှုတ်ခမ်းထောင့်များကို ညင်သာစွာ ဆွဲတင်လိုက်ပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။

“သူက သမီးရဲ့မောင်လေး အသစ်ပါ... အခုကစပြီး သူက သမီးဘက်မှာ ရှိနေလိမ့်မယ်... အဖေ... ကျေးဇူးပြုပြီး သူ့ကို အခက်တွေ့အောင် မလုပ်ပါနဲ့နော်..."

“ရှောင်ရှူးရှူး... တကယ် ထူးဆန်းတယ်... ငါ့အဖေက ဘာလို့ ရှောင်ယွမ်ယွမ်အပေါ် အဲ့လောက် ရန်လိုနေရတာလဲ…”

ယွင်ရှောင်ထျန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ယွင်ဟွားက မင်းသားအား လက်အောက်ငယ်သားတစ်ဦးကဲ့သို့ ဆက်ဆံသည်ကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာပေါ်ရှိ အပြုံးကို မထိန်းချုပ်နိုင်တော့ပေ။

"ဒါနဲ့... သမီးလေး ဘာကိစ္စရှိလို့ ဒီနေရာကို ရောက်လာတာလဲ..."

ယွင်ရှောင်ထျန်း၏ စကားများက ယွင်ဟွားတွင် အရေးကြီးသော ကိစ္စရပ်တစ်ခု ရှိနေကြောင်းကို သတိရသွားစေပြီး သူမ၏ မျက်နှာအမူအရာမှာ လေးနက်သွားသည်။

"အဖေ... လင်းအိမ်တော်ကို အရင် သွားစီးကြရအောင်..."

လမ်းတစ်လျှောက်တွင် ရှောင်ရှီစန်း၏ မြှောက်ပင့်သွေးထိုးပေးမှုနှင့်အတူ ယွင်ရှောင်ထျန်းသည် နောက်ဆုံးတွင် အခြေအနေများကို နားလည်သဘောပေါက်သွားသည်။

သူ၏ သမီးသည် အံ့မခန်းပင် ဖြစ်လေသည်။

သူမသည် လူဆိုးဂိုဏ်းတစ်ခုလုံးကို တစ်ကိုယ်တော် ဖျက်ဆီးပစ်ခဲ့၏။ သူမသည် ထိုလူယုတ်မာအိုကြီး ချန်ကျဲဟန်ထက် ပို၍ အရည်အချင်းရှိပေသည်။

သတင်းကို စောင့်ဆိုင်းနေခဲ့သော ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ လျှို့ဝှက်အစောင့်များထံမှ သတင်းကို နောက်ဆုံးတွင် လက်ခံရရှိခဲ့သည်။

"ဘာ..."

ဧကရာဇ်ဝမ်ရွှမ်းမှာ အလွန်အံ့အားသင့်သွားပြီး စားပွဲကို လက်သီးဖြင့် ထုကာ မတ်တပ်ရပ်လိုက်သည်။

"အဲ့မိန်းကလေးက ပြန်ရောက်လာပြီ... အခု သူမက လင်းအိမ်တော်ကိုတောင် သွားရောက် စီးနင်းနေပြီလား..."

ဧကရာဇ်ဝမ်ရွှမ်း၏ မျက်ဝန်းများထဲတွင် ဒေါသမီးတောက်တစ်ခု လောင်ကျွမ်းသွားသည်။

လင်းဝမ်ယွဲ့... ထိုပြန်လည်မွေးဖွားလာသော အမျိုးသမီးက သူ၏ ကံကောင်းစေသော ကြယ်ပွင့်လေးကို အမှန်တကယ် ထိခိုက်ရန် ရဲတင်းခဲ့သည်။

ကြည့်ရသည်မှာ သူမ ဆက်၍ နေ၍မရတော့ပေ။

ယွင်ဟွား မြို့တော်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာသည့် သတင်းကို လျှို့ဝှက်မထားခဲ့သဖြင့် လူတိုင်း၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

အချို့က ပျော်ရွှင်နေကြပြီး အချို့က ဒေါသထွက်နေကြကာ အချို့မှာ ထွက်ပြေးရန်ပင် ပြင်ဆင်နေကြသည်။

ဧကရာဇ်ဝမ်ရွှမ်းသည် အဝတ်အစားသစ်တစ်ခုကို ချက်ချင်း လဲလှယ်ဝတ်ဆင်လိုက်ပြီး ပွင့်ပွင့်လင်းလင်း သွားရောက် စားသောက်ရန်... အဟမ်း... အဟမ်း... ထိုမိန်းကလေးက လူများကို သင်ခန်းစာပေးသည်ကို ကြည့်ရှုရန် ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လင်းအိမ်တော်၏ နောက်ဘက်ခြံဝင်းထဲ၌…

အေးစက်သော မျက်နှာဖြင့် လင်းဝမ်ယွဲ့က ဒေါသတကြီးဖြင့် လက်ဖက်ရည်ပန်းကန်ကို ရိုက်ခွဲလိုက်သည်။

"ခလွမ်" ဟူသော အသံနှင့်အတူ...

ထိုအသံက အစေခံမိန်းကလေးများ၏ နှလုံးသားကို ထိမှန်သွားစေပြီး သူတို့ကို ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားစေခဲ့သည်။

"ဘာဖြစ်လို့လဲ..."

"ဘာလို့ အဲ့ခွေးမလေးက ဒီလောက်တောင် ကံကောင်းနေရတာလဲ... သူမ ဖမ်းခံရပြီးမှ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတယ်... အဲ့ပြန်ပေးဆွဲတဲ့သူတွေက အရူးတွေလား... သူတို့က လူတစ်ယောက်ကိုတောင် သေချာ မစောင့်ကြည့်နိုင်ကြဘူး..."

"ဘယ်သူလဲ... ဘယ်သူက ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်တာလဲ..."

လင်းဝမ်ယွဲ့၏ အဆိပ်ပြင်းသော အကြည့်များက အစေခံမိန်းကလေးများအပေါ် ဝေ့ဝဲသွားသည်။

လူတိုင်းမှာ တုန်ယင်သွားကြပြီး မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ကြသည်။

အစေခံမိန်းကလေးများထဲမှ တစ်ဦးက ငိုယိုလျက် ပြောလိုက်သည်။

“ကျွန်မ ကြားတာက... လူကို ကယ်တင်ပြီး ပြန်ခေါ်လာတာက မင်းသားစုရဲ့ ဆက်ခံသူမင်းသားလို့ ကြားပါတယ်..."

"မင်းသားစုရဲ့ ဆက်ခံသူမင်းသားလား..."

"အဲ့အသက်တိုတဲ့ကောင်..."

လင်းဝမ်ယွဲ့သည် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် အံကြိတ်ကာ ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။

"ခွေးမ... ခွေးမ... နင်တို့အားလုံးက ငါ့ရဲ့ ရန်သူတွေ... ငါ့ရဲ့ အဟန့်အတားတွေပဲ..."

"ဘာလို့ သူက အနားယူပြီး ကျန်းမာရေးကို ဂရုမစိုက်တာလဲ... ဘာလို့ သူက လူတွေကို သွားကယ်တင်ရတာလဲ... သူက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဖို့ထိုက်တန်တယ်..."

*ရွံစရာကောင်းလိုက်တာ…*

သူမ၏ အကြံအစည်များမှာ လုံးဝ အလဟဿ ဖြစ်သွားခဲ့ပြီး သူမကို အချိန်ခဏလေးသာ ပျော်ရွှင်စေခဲ့သည်။

အချိန်ခဏလေးပင်။

လင်းဝမ်ယွဲ့သည် ရှုံ့မဲ့နေသော မျက်နှာဖြင့် ကျိန်ဆဲပြောဆိုနေပြီး မည်သူမျှ ကျယ်လောင်စွာ အသက်မရှူရဲကြပေ။

"မဖြစ်ဘူး... ငါ ဒီနေရာမှာ ထိုင်ပြီး အသေခံလို့ မရဘူး..."

လင်းဝမ်ယွဲ့က ဒေါသတကြီး မတ်တပ်ရပ်လိုက်ရာ သူမ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားမှုကြောင့် လက်ဆစ်များပင် ဖြူလျော့နေလေသည်။

ခဏအကြာတွင်…

သူမ၏ မျက်ဝန်းထဲမှ ဒေါသများမှာ တဖြည်းဖြည်း လျော့ကျသွားပြီး အပြုံးဖျော့ဖျော့လေးဖြင့် သူမသည် ခြားနားသော အမူအရာတစ်ခုကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

"အဝတ်အစားလဲလှယ်ဖို့ ငါနဲ့လိုက်ခဲ့..."

ကြိုးကိုင်သူ မည်သူဖြစ်ကြောင်း သူမ သိရှိထားပြီး မည်သူကမျှ အမှန်တရားကို မဖော်ထုတ်နိုင်မီ သူမက တရားရေးဝန်ကြီးဌာနသို့ သွားရောက်ကာ သူ့အား ဖော်ထုတ်မည် ဖြစ်သည်။

လင်းဝမ်ယွဲ့၏ အစီအစဉ်မှာ ပြီးပြည့်စုံနေသော်လည်း ယွင်ဟွားက လင်းအိမ်တော်၏ တံခါးဝသို့ ရောက်ရှိနေပြီဆိုသည်ကိုမူ သူမ မသိခဲ့ပေ။

ပို၍ပင် မသိရှိခဲ့သောအရာမှာ သတင်းကြားခဲ့ရသော အမတ်များနှင့် အမျိုးသမီးများ၊ သခင်မလေးများ အများအပြားသည်လည်း သူတို့၏ အဝတ်အစားများကို တိတ်တဆိတ် လဲလှယ်ဝတ်ဆင်ကာ လင်းအိမ်တော်ဆီသို့ အလျင်အမြန် လာရောက်နေကြခြင်းပင် ဖြစ်လေသည်။

"ရှောင်ထောင်ဟွာ... ငါ့အတွက် တံခါးကို ကန်ဖွင့်လိုက်စမ်း..."

တံခါးခေါက်ရမည်လား။

ယင်းက မဖြစ်နိုင်ဘူးပေ။

ယွင်ဟွားက ပြောလိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် မကောင်းယုတ်မာမှုများ လင်းလက်နေကာ သူမရှေ့ရှိ တင်းကျပ်စွာ ပိတ်ထားသော တံခါးကို သွားကြိတ်လျက် စိုက်ကြည့်နေလေသည်။

"ဟုတ်ကဲ့ပါ..."

ရှောင်ရှီဝူသည် သူ၏ နာမည်ကို ရှောင်ထောင်ဟွာအဖြစ် ပြောင်းလဲလိုက်ကြောင်း ကြားရသောအခါ ရှောင်ရှီစန်းမှာ ခြေချော်လုနီးပါး ဖြစ်သွားပြီး ဟက်ဟက်ပက်ပက် မရယ်မောဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

"ရှောင်ထောင်ဟွာ... ဟားဟားဟား... ဒီနာမည်ကို ဘယ်သူက စဉ်းစားပေးလိုက်တာလဲဆိုတာ ငါ တကယ် သိချင်မိတယ်..."

ရှောင်ရှီစန်းသည် သူ၏ ပခုံးကို ပုတ်ကာ သူ၏ ကိုယ်ချင်းစာမှုကို ဖော်ပြလိုက်လေသည်။

ယွင်ဟွားနှင့် နန်ကုန်းယွမ်တို့က ရှောင်ရှီစန်းအား နက်ရှိုင်းသော အကြည့်ဖြင့် တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

သူ၏ သတိပေးခေါင်းလောင်းများ ချက်ချင်း မြည်လာသည်။ သူ၏ လက်အောက်ငယ်သားများ၏ အမည်များကို သူတို့၏ သခင်များက ပေးသနားထားခြင်းဖြစ်ပြီး ဆယ့်ငါး၏ လက်ရှိသခင်မှာ စတုတ္ထသခင်မလေးယွင်ပင် ဖြစ်သည်။

ရှောင်ရှီစန်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။

"ထောင်ဟွာက အရမ်းကောင်းပါတယ်... ထောင်ဟွာက အံ့ဩစရာကောင်းပါတယ်... သခင်မလေးယွင် ပေးသနားထားတဲ့ နာမည်က ကြီးကျယ်ခမ်းနားပြီး လှပပါတယ်..."

သူသည် သူ၏ သခင်ကို ကြည့်ရန် မဝံ့ရဲသလို သခင်မလေးယွင်ကိုလည်း ပို၍ပင် မကြည့်ဝံ့ပေ။

“ပန်းကလေး... ဒီအရူးက နင် စာမတတ်တာကို အမှန်တကယ် အထင်သေးနေတာပဲ..”

ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်နေပြီး သူ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် အသင့်ဖြစ်နေသည်။

“သူက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ... အဓိပ္ပာယ်မရှိတာတွေ…”

"ဟုတ်လား..."

ယွင်ဟွား၏ နှုတ်ခမ်းထောင့်များကို ကွေးညွတ်ကာ ပြုံးလိုက်သည်။

"နင်က ထောင်ဟွာဆိုတဲ့ နာမည်လေးကို နားထောင်လို့ ကောင်းတယ်လို့ ထင်နေမှတော့ နင့်အတွက်လည်း ငါ ပြောင်းပေးမယ်လေ... ရှောင်လီဟွာ... လီဟွာလေး... ဟင်း... ဒါလည်း နားထောင်လို့ အတော်လေး ကောင်းတာပဲ..."

"သခင်မလေးယွင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... မလိုပါဘူး... ပြောင်းပေးစရာ မလိုပါဘူး..."

ရှောင်ရှီစန်းက သူ့လက်များကို အဆက်မပြတ် ဝှေ့ယမ်းလိုက်လေသည်။ အကယ်၍ သူလို လူကြီးတစ်ယောက်ကို ရှောင်လီဟွာဟု အမည်ပေးထားကြောင်း ရွှမ်ကျားတပ်စခန်းက သိသွားပါက သူတို့ ရယ်မောလွန်း၍ သေသွားကြပေလိမ့်မည်။

နန်ကုန်းယွမ်သည် ရှောင်ရှီစန်းအား အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး တိုက်ရိုက်ပင် ဆုံးဖြတ်ချက်ချလိုက်သည်။

"ရှောင်လီဟွာ... မဆိုးပါဘူး..."

All Chapters