အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉) လင်းဝမ်ယွဲ့ ဇာတ်သိမ်းသွားခြင်း
“ဟားဟားဟား..”
“ပန်းကလေး... လင်းဝမ်ယွဲ့က စာအုပ်ကို ရယ်လွန်းလို့ သေအောင် လုပ်ချင်နေတာလား... သူမရဲ့ ဦးနှောက်က ဘာဖြစ်နေတာလဲ... သူမကိုယ်သူမ လူဝင်စားနတ်သမီးလို့ ခေါ်ရဲသေးတယ်..”
ရှင်ခြင်းသေခြင်းစာအုပ်သည် ရယ်လွန်းသဖြင့် ယွင်ဟွား၏ ခေါင်းပေါ်တွင် ပြားပြားဝပ်လုနီးပါး ဖြစ်နေပြီး ၎င်း၏ အတောင်ပံငယ်လေးများကို ရမ်းကားစွာ ခတ်နေသည်။
ယွင်ဟွားသည် တိုက်ကြီးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည့်အလား သူမ၏ မေးစေ့ကို ပွတ်သပ်ကာ မျက်တောင်ခတ်လိုက်၏။
“ရှောင်ရှူးရှူး... ငါ့ကို ပြောစမ်း... ငါရော အဲ့လှည့်ကွက်ကို သုံးလို့ရမလား... ငါက ကောင်းကင်ဘုံက မဟုတ်ပေမယ့် ငါပန်းကလေးက တကယ့် ငရဲပြည်က နတ်ဘုရားတစ်ပါးပဲလေ... ဒါကြောင့် ငါက ပန်းနတ်သမီးတစ်ပွင့်လို့ ထင်ပါတယ်..”
ရှင်ခြင်းသေခြင်းစာအုပ်၏ ရယ်မောသံ ရုတ်တရက် ရပ်တန့်သွားပြီး ထူးဆန်းသော မျက်နှာအမူအရာဖြင့် ထိုင်လိုက်ကာ
“ဟွားဟွား... အကယ်၍ တစ်ယောက်ယောက်ကို သေလုမတတ် မခြောက်လှန့်ချင်ဘူးဆိုရင် အဲ့လိုမလုပ်ဖို့ နင့်ကို အကြံပြုပါရစေ..”
“ငရဲပြည်နတ်ဘုရားဆိုတဲ့ နာမည်ကို ကြားရုံနဲ့တင် အသက်လာနုတ်တဲ့သူနဲ့ တူနေပြီလေ..”
ယွင်ဟွား...
လူတိုင်းက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ကြလေသည်။ နင်တို့နှစ်ယောက် တစ်ယောက်ယောက်အကြောင်း အတင်းပြောတိုင်း လမ်းတစ်လျှောက် အသက်တစ်ချောင်းကိုပါ ယူသွားသလို ဖြစ်နေသည် မဟုတ်ပါလား။
ဧကရာဇ်ဝမ်ရွှမ်းက လူနှင့် စာအုပ်ကြားရှိ စကားပြောဆိုမှုကို နားထောင်ရင်း အလွန်တရာ နေရထိုင်ရ ခက်လာသလို ခံစားလိုက်ရသည်။
သို့သော်လည်း မြေပြင်ပေါ်တွင် ဒူးထောက်နေသော လင်းဝမ်ယွဲ့ကို မြင်လိုက်ရသောအခါ ဧကရာဇ်ဝမ်ရွှမ်း၏ ရင်ဘတ်ထဲမှ ဒေါသမီးတောက်က တစ်ဖန် ပြန်လည်လောင်ကျွမ်းလာသည်။
သူသည် သတ်ဖြတ်လိုသော အငွေ့အသက်ကို ဖိနှိပ်ထားလိုက်ပြီး "လူဝင်စားနတ်သမီး ဟုတ်လား... မင်း ဘယ်လို သက်သေပြနိုင်မလဲ..." ဟု မေးလိုက်လေသည်။
လင်းဝမ်ယွဲ့က ဤစကားများကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။ သူမ၏ နှုတ်ခမ်းပေါ်ရှိ ကြောက်မက်ဖွယ် အပြုံးကြောင့် သခင်မလင်းမှာ ထိတ်လန့်သွားရသည်။
သူမသမီးသည် ဤကဲ့သို့သော မျက်နှာအမူအရာမျိုးကို ဘယ်သောအခါမှ ပြသမည် မဟုတ်ပေ။ သူမသည် နတ်သမီးတစ်ပါးနှင့် မတူဘဲ ပူးကပ်ခံထားရသော နတ်ဆိုးတစ်ကောင်နှင့် ပိုတူနေလေသည်။
ဤအချိန်တွင် လင်းဝမ်ယွဲ့သည် မည်သည့်ကိစ္စကို အရင်ပြောရမည်ကို တွေးတောနေဆဲဖြစ်ရာ သူမ၏ဘေးတွင် ရပ်နေခဲ့သော သခင်မလင်းက သူမနှင့် အသာအယာ ခွာသွားကြောင်းကို လုံးဝ သတိမထားမိခဲ့ပေ။
"အရှင်မင်းကြီး... လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက်က ကျွန်တော်မျိုးမရဲ့ အတိတ်ဘဝက နတ်သမီးတစ်ပါးဖြစ်ခဲ့တဲ့ မှတ်ဉာဏ်တွေကို ပြန်လည်ရရှိခဲ့ပါတယ်... အခု ကျွန်တော်မျိုးမက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်ပြီး ဘေးအန္တရာယ်တွေကို ကာကွယ်နိုင်ပါပြီ... ဒါကြောင့် အရှင်မင်းကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ အခက်အခဲတွေကို သေချာပေါက် မျှဝေခံစားပေးနိုင်ပါလိမ့်မယ်..."
ဤစကားကို ကြားသောအခါ လူတိုင်းက ယုံကြည်မှုရှိပြီး ကျေနပ်ဂုဏ်ယူနေသော အမူအရာရှိသည့် လင်းဝမ်ယွဲ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကြလေသည်။
“ရှောင်... ရှောင်ရှူးရှူး... သူမက နက္ခတ်တာရာ လေ့လာရေးဌာနက ငါ့ရဲ့ ရာထူးကို လုယူဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်..”
“ပန်းကလေး... ယုံကြည်မှုရှိရှိနဲ့ မဟုတ်ပါဘူးနော် ဆိုတဲ့ စကားလုံးကို ဖယ်ရှားလိုက်စမ်း..”
ယွင်ဟွား၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ လင်းဝမ်ယွဲ့ ဘာလုပ်နေသည်ကို သူမ ခန့်မှန်းမိသည်။ သူမသည် သူမ၏ အတိတ်ဘဝက အဖြစ်အပျက်များကို အသုံးပြုကာ လှည့်ကွက်များသုံးပြီး လူဝင်စားနတ်သမီးအဖြစ် ဟန်ဆောင်နေခြင်းသာ ဖြစ်လေသည်။
“ထွီ... ငါ့အလုပ်ကို လုယူတဲ့သူတွေ မိုးကြိုးပစ်ခံရပါစေ…”
ယွင်ဟွား၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရသောအခါ လင်းဝမ်ယွဲ့သည် သူမအား အောင်ပွဲခံသည့်ဟန်ဖြင့် မျက်ခုံးပင့်ပြလိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်ကျေနပ်မှုများ လင်းလက်သွားသည်။
သူမ ပြန်လည်မွေးဖွားလာမှန်း သူတို့သိသွားလျှင်တောင် ဘာဖြစ်မည်နည်း။ ယွင်ဟွားဟူသော ထိုခွေးမလေးသည် မျက်နှာကိုသာ ဖတ်တတ်လေသည်။ အနာဂတ်တွင် မည်သည့်အရာများ ဖြစ်လာမည်ကို သူမ မည်သို့များ သိနိုင်မည်နည်း။
ဤအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် နက္ခတ်တာရာ လေ့လာရေးဌာနရှိ ရာထူးကို ရယူမည့်သူမှာ သူမပင်ဖြစ်လာနိုင်လေသည်။
ယွင်ဟွားက နှုတ်ခမ်းကို သပ်လိုက်လေသည်။ သူမသည် သာမန် ပုရွက်ဆိတ်လေးတစ်ကောင်၏ ရန်စခြင်းကို ခံလိုက်ရလေပြီ။
စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ…
ယွင်ဟွားသည် ပြုံးဖြီးဖြီးဖြင့် လက်ခုပ်တီးကာ "ဝိုး... သခင်မလေးလင်းက လူဝင်စားနတ်သမီးပဲ... ငါကရော အတိတ်ဘဝတုန်းက နတ်ဘုရားတစ်ပါး ဖြစ်ခဲ့သလားဆိုတာ ပြောပြပေးနိုင်မလား..." ဟု အော်ဟစ်လိုက်လေသည်။
လင်းဝမ်ယွဲ့မှာ စကားဆို့သွားလေသည်။
*အဟက်... ယဇ်ပုရောဟိတ်ဟန်တွေ ထပ်လာပြန်ပြီ…*
မည်သည့် ဝေးလံခေါင်ဖျားပြီး ပုန်းကွယ်နေသော နေရာမျိုးက ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာနိုင်မည်ကို မည်သူ သိနိုင်မည်နည်း။
သူမသည် ထိုခွေးမလေး ယွင်ဟွားကို လုံးဝ အာရုံမစိုက်ချင်တော့ပေ။ သူမသည် ခေါင်းကို မော့ကာ ဧကရာဇ်ဝမ်ရွှမ်းကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ ယခုအခါ သူမကို ကျောထောက်နောက်ခံပေးမည့် ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။
"အရှင်မင်းကြီး... တတိယမင်းသားက မကြာခင် ကွယ်လွန်တော့မယ်ဆိုတာကို ကောင်းကင်ယတြာတွက်ချက်မှုကနေတစ်ဆင့် ကျွန်တော်မျိုးမ မြင်တွေ့ခဲ့ရပါတယ်... အကယ်၍ သူ့အသက်ကို ကယ်တင်ချင်တယ်ဆိုရင် လဝက်အတွင်း သူ့ကို မြို့တော်ကနေ ထွက်ခွာခွင့် မပေးပါနဲ့..."
သူမ၏ အတိတ်ဘဝတွင် သူမသည် တတိယမင်းသားနှင့် လက်ထပ်ချင်ခဲ့သော်လည်း သူ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။
လူတိုင်း…..
ဧကရာဇ်ဝမ်ရွှမ်း၏ နှုတ်ခမ်းများက တုန်လှုပ်သွားလေသည်။
သူမ၏ ကိုယ်ကျင့်တရား ပျက်ယွင်းမှုကြောင့် စောစောထွက်ခွာရန် တောင်းဆိုခံခဲ့ရသည်ကို သူ မှတ်မိနေပြီး ထိုအဖြစ်အပျက်ပြီးနောက် မည်သည့်အရာကိုမျှ သူမ သိပုံမရတော့ပေ။
အမတ်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ယိမ်းထိုးနေလေသည်။
"ဖူး..."
ယွင်ဟွားသည် မရယ်မောဘဲ မနေနိုင်အောင် ဖြစ်သွားကာ "သခင်မလေးလင်း... နင် မသိဘူးလား... တတိယမင်းသားက သူ့ရဲ့ ကိုယ်နံ့ဆိုးကြောင့် ဧကရာဇ်မင်းရဲ့ သီးခြားခြံဝင်းတစ်ခုထဲကို ပစ်သွင်းခံရပြီး ပိတ်လှောင်ခံထားရတယ်လေ..." ဟု လှောင်ပြောင်လိုက်လေသည်။
"သူက လဝက်လောက် နေဖို့မပြောနဲ့... သုံးလလုံးလုံး အိမ်အပြင်ကို ထွက်ခွင့်မရှိဘူး..."
"မဖြစ်ဘူး... မဖြစ်နိုင်ဘူး..."
လင်းဝမ်ယွဲ့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လျက် အော်ဟစ်လိုက်သည်။
ပြီးခဲ့သည့်အကြိမ်က ဟယ်ရှင်းနှင့် ဖြစ်ခဲ့သည့်အတိုင်း အရာအားလုံးက လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
တကယ်တမ်းတွင် ပြန်လည်မွေးဖွားလာပြီးကတည်းက လင်းဝမ်ယွဲ့သည် သူမ၏ အိမ်တော်ထဲတွင်သာ ပိတ်လှောင်နေပြီး ယွင်ဟွားကို ဖယ်ရှားရန် စီစဉ်နေခဲ့သဖြင့် ပြင်ပကမ္ဘာအကြောင်းကို မစုံစမ်းခဲ့ချေ။ ဤသည်က သူမအား သတင်းအချက်အလက်များနှင့် ကင်းကွာသွားစေခဲ့လေသည်။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာအမူအရာ မမှန်သည်ကို မြင်သောအခါ လင်းဝမ်ယွဲ့မှာ အထိတ်တလန့်ဖြစ်သွားပြီး နောက်ထပ်ကိစ္စတစ်ခုကို ချက်ချင်း ဗြုန်းစားကြီး ပြောချလိုက်လေသည်။
"အရှင်မင်းကြီး... ဆွေးနွေးစရာ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်... မင်းသမီးလဲ့အန်းက အရှင်မင်းကြီးရဲ့ သွေးသားအရင်း မဟုတ်ပါဘူး... သူမက ကိုယ်လုပ်တော်ကျန်းနဲ့ တော်ဝင်ကိုယ်ရံတော်တပ်မှူးတို့ရဲ့ ဖောက်ပြန်မှုကနေ မွေးဖွားလာတဲ့ တရားမဝင် ကလေးတစ်ယောက်ပါ..."
သူမ၏ အတိတ်ဘဝတွင် သူမနှင့် လဲ့အန်းတို့သည် သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြလေသည်။ တတိယမင်းသား သေဆုံးပြီးနောက် သူမသည် ဒုတိယမင်းသားအပေါ် မျက်စိကျခဲ့ပြီး လဲ့အန်းက သူမကို စေ့စပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့လေသည်။ မထင်မှတ်ဘဲ ကိုယ်လုပ်တော်ကျန်း၏ ဖောက်ပြန်မှုကို သူမ မတော်တဆ သိရှိသွားခဲ့လေသည်။
ရလဒ်အနေဖြင့် တော်ဝင်ကိုယ်ရံတော်တပ်မှူး၏ ချက်ချင်း ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေသည်။
လင်းဝမ်ယွဲ့သည် သူမ၏ စွမ်းရည်များကို သက်သေပြရန်သာ အာရုံစိုက်နေသဖြင့် ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာအမူအရာမှာ ပို၍ပို၍ မှုန်ကုပ်လာသည်ကို သူမ သတိမထားမိခဲ့ပေ။
ဤအချိန်တွင် အမတ်လင်းမှာ လုံးဝ သတိလစ်မေ့မြောသွားတော့သည်။
"ရိုင်းစိုင်းလှချည်လား..."
ဧကရာဇ်မင်း ဒေါသထွက်သွားသောအခါ လူတိုင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြ၏။
"လင်းဝမ်ယွဲ့... မင်း ဘယ်လိုတောင် ရဲတင်းရတာလဲ..."
ဧကရာဇ်ဝမ်ရွှမ်းက သွားများကို မှုန့်ကြိတ်လုနီးပါး ဖြစ်သွားပြီး သူမကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။
သူသည် ခေါင်းပေါ်တွင် ချိုပေါက်ခံရခြင်းကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့ပြီဖြစ်သော်လည်း ယခု သူမက ထိုအရာကို ထပ်မံ သတိရလာအောင် လုပ်နေသည်။ နိုင်ငံတစ်နိုင်ငံ၏ ဘုရင်ဖြစ်သော သူ့ကို နှစ်ကြိမ်တိုင်တိုင် အရှက်ရစေချင်နေတာလား။
“အရမ်းကောင်းတယ် ပြောင်မြောက်တဲ့ ကန်ချက်ပဲ... ဧကရာဇ်မင်း... နောက်ထပ် နှစ်ချက်လောက် ထပ်ကန်ပေးပါဦး..”
ရှင်ခြင်းသေခြင်းစာအုပ်သည်ပငါ ဧကရာဇ်ဝမ်ရွှမ်း၏ နားအနီးသို့ လှည့်ပတ်ပျံသန်းသွားပြီး သူ့အား အားပေးအားမြှောက် ပြုနေသည်။ ထိုအသံသည် ပုံမှန်ထက် ပိုမို ရှင်းလင်းနေ၏။ ဧကရာဇ်ဝမ်ရွှမ်းသည် အစပိုင်းတွင် လန့်ဖြန့်သွားသော်လည်း နောက်ပိုင်းတွင် ပြုံးဖြီးဖြီးဖြင့် နောက်ထပ် နှစ်ချက် ထပ်ကန်လိုက်လေသည်။
"အရှင်မင်းကြီး..."
လင်းဝမ်ယွဲ့က အက်ကွဲနေသော အသံဖြင့် အော်ဟစ်လိုက်လေသည်။
သူမသည် ရင်ဘတ်ထဲမှ နာကျင်မှုကို အောင့်ခံကာ မြေပြင်ပေါ်တွင် တုန်ရီစွာ ဒူးထောက်လျက် "အရှင်မင်းကြီး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ကျွန်တော်မျိုးမ ပြောခဲ့တဲ့ စကားလုံးတိုင်းက အမှန်တရားပါ... ဘယ်လိုနည်းနဲ့မှ လိမ်ညာဖို့ မဝံ့ရဲပါဘူး..." ဟု ပြောလိုက်လေသည်။
ဧကရာဇ်မင်းက သူမကို မယုံကြည်ဟု လင်းဝမ်ယွဲ့က ထင်မှတ်သွားသဖြင့် အလျင်အမြန် ဦးညွတ်ကာ"အရှင်မင်းကြီး... အကယ်၍ ကျွန်တော်မျိုးမ စကားတစ်ခွန်းလေးတောင် လိမ်ညာပြောဆိုခဲ့မယ်ဆိုရင် မြေမြှုပ်စရာ နေရာမရှိဘဲ သေဆုံးပါရစေလို့ သစ္စာဆိုပါတယ်..." ဟု ကတိပေးလိုက်လေသည်။
"ဟားဟားဟား..."
"ဟားဟား..."
ထိန်းချုပ်မထားသော ရယ်မောသံများကြောင့် လူတိုင်းက မော့ကြည့်လိုက်ကြပြီး လင်းဝမ်ယွဲ့သည် ယွင်ဟွားအား မကောင်းဆိုးဝါးဆန်သော အမူအရာဖြင့် စူးရဲစွာ ကြည့်လိုက်၏
ယွင်ဟွားမှာမူ လဲကျလုမတတ် ရယ်မောနေခဲ့လေပြီ။ ယွင်ဟွားအနေဖြင့် လက်တစ်ချောင်းမျှပင် လှုပ်ရှားစရာမလိုဘဲ လင်းဝမ်ယွဲ့က သူ့သေတွင်းကို သူ တူးပြီးသား ဖြစ်နေလေပြီ။
သူမသည် ရယ်မောလွန်းသဖြင့် မျက်ဝန်းများတွင် ပြည့်လျှံနေသော မျက်ရည်များကို သုတ်ဖယ်လိုက်လေသည်။
"သခင်မလေးလင်း... နင် လူဝင်စားနတ်သမီးဖြစ်တယ်ဆိုတဲ့ သတင်းက ခေတ်နောက်ကျနေပြီ... ဧကရာဇ်မင်းက သူတို့သုံးယောက်ကို ပြန်လည်ဆုံစည်းဖို့အတွက် ငရဲပြည်ကို စေလွှတ်လိုက်တာ အတော်ကြာနေပြီလေ..."
ဤအရာကို ကြားသောအခါ လင်းဝမ်ယွဲ့က ယွင်ဟွားဘက်သို့ ရုတ်တရက် ကြည့်လိုက်လေသည်။
ယွင်ဟွားသည် သူမ၏ ရင်ဘတ်ကို ကော့လိုက်ကာ "ငါလေ... သစ္စာဖောက်ကို ဖမ်းဖို့ ဧကရာဇ်မင်းကို ကိုယ်တိုင်ကိုယ်ကျ လမ်းပြပေးခဲ့တာ ငါပဲ..." ဟု ပြောလိုက်သည်။
"ဒါကြောင့် နင်က တစ်လှမ်း နောက်ကျသွားပြီ..."
“ဟွန့်... ငါ့ရဲ့ အောင်ပွဲကို နင်က လုယူနိုင်မယ်လို့ ထင်နေတာလား... နောက်ဘဝမှာတောင် မဖြစ်နိုင်ဘူး…”
“ပန်းကလေး... စိတ်မပူနဲ့... ဒီစာအုပ်ရှိနေတယ်... အကယ်၍ တစ်ယောက်ယောက်က နင့်ရဲ့ အောင်ပွဲကို လုယူဖို့ ကြိုးစားလာရင် ငါ သူတို့ကို သေအောင်ကိုက်ပြီး ငရဲပြည်ထိ ဆွဲခေါ်သွားမယ်... “
ရှင်ခြင်းသေခြင်းစာအုပ်သည် ပြုံးဖြီးဖြီးဖြင့် ၎င်း၏ ထက်မြက်သော အစွယ်ငယ်လေးများကို ဖော်ပြလိုက်လေသည်။
လူတိုင်းမှာ တုန်ရီသွားကြ၏။
လင်းဝမ်ယွဲ့၏ မျက်နှာမှာ ဖြူလျော့နေပြီး သူမ ပြိုလဲလုနီးပါး ဖြစ်နေလေသည်။
"မဖြစ်နိုင်ဘူး... အဲ့လိုမျိုး မဟုတ်ဘူး... အဲ့လိုမျိုး မဖြစ်သင့်ဘူး... ငါက ရွေးချယ်ခံရတဲ့သူပဲ..."
"ဘုရားသခင်က ငါ့ကို ဒုတိယအခွင့်အရေး ပေးခဲ့တာ... ခုလိုမျိုး အဆုံးသတ်မသွားသင့်ဘူး..."
ယွင်ဟွားက ပြုံးလိုက်ပြီး သူမ၏ရှေ့တွင် ထိုင်ချလိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
"နင် ပြောနေတဲ့ ရွေးချယ်ခံရသူဆိုတာ ငါဖြစ်နိုင်တယ်..."
လူ့ပြည်တွင် စမ်းသပ်မှုများကို ဖြတ်သန်းရန် ယမမင်း၏ ရွေးချယ်ခံရခြင်းဖြစ်ပြီး သူမ၏ မှတ်ဉာဏ်များကို ဖျက်ဆီးမခံခဲ့ရရုံသာမက ရှင်ခြင်းသေခြင်းစာအုပ်ကိုလည်း သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် ရရှိခဲ့လေသည်။
အကယ်၍ သူမသာ ရွေးချယ်ခံရသူ မဟုတ်လျှင် မည်သူက ဖြစ်နိုင်ဦးမည်နည်း။
လင်းဝမ်ယွဲ့ ရုတ်တရက် သတိဝင်လာလေသည်။
"နင်ပဲ... ဒီအပြောင်းအလဲတွေ အားလုံးက နင့်ကြောင့်ပဲ..."
"နင်ပဲ... နင်က ငါ့ကို ခုလိုမျိုးဖြစ်အောင် လုပ်ခဲ့တာ... ယွင်ဟွား... ငါ နင့်ကို သတ်ပစ်မယ်..."
လင်းဝမ်ယွဲ့၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လင်းလက်သွားသည်။ အော်ဟစ်သံနှင့်အတူ သူမသည် ယွင်ဟွား၏ လည်ပင်းကို ညှစ်ရန် လက်နှစ်ဖက်ဖြင့် ဆန့်ထုတ်လိုက်၏။
နောက်တစ်စက္ကန့်တွင်…
သူမ၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး သူမသည် ထိတ်လန့်တကြား နောက်ဆုတ်သွားလေသည်။
ယွင်ဟွားသည် မကောင်းယုတ်မာစွာ ပြုံးလိုက်ပြီး "ရွေးချယ်ခံရတဲ့သူက သေချာပေါက် အံ့ဖွယ်အမှုတွေကို လုပ်ပြနိုင်မှာပဲ..." ဟု ပြောလိုက်လေသည်။
ထိုသို့ပြောပြီးနောက် သူမသည် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ လင်းဝမ်ယွဲ့မှာ သတိလစ်သွား၏။
ဧကရာဇ်ဝမ်ရွှမ်းက ပြုံးလိုက်ပြီး လည်ချောင်းဟန့်လိုက်သည်။
"လင်းမိသားစုရဲ့ သမီးဖြစ်သူ လင်းဝမ်ယွဲ့ဟာ တော်ဝင်နန်းတွင်း အရာရှိတစ်ဦးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်... နောက်ပိုင်းမှာ သူမကိုယ်သူမ လူဝင်စားနတ်သမီးအဖြစ် မဟုတ်မမှန် ပြောဆိုပြီး ဧကရာဇ်ကို လှည့်ဖြားခဲ့တယ်...ပြစ်မှုအတွက် သူမကို ခေါင်းဖြတ်သတ်ဒဏ် ပေးသင့်တယ်... သူမရဲ့ဖခင်ဖြစ်သူ ဟန်လင်အကယ်ဒမီက စတုတ္ထအဆင့် ပညာရှိအမတ် လင်းကျောက်ဟာ သမီးကို ကောင်းစွာ ပညာမပေးနိုင်ခဲ့တာကြောင့် ဆဋ္ဌမအဆင့် မှတ်တမ်းပြုစုသူ ရာထူးကို လျှော့ချခံလိုက်ရတယ်..."
အမတ်လင်းသည် သူ၏ သတိလစ်မေ့မြောမှုမှ နိုးထလာချိန်တွင်ပင် သူ၏ ရာထူးလျှော့ချခံရသည့် ကြေကွဲဖွယ် သတင်းက သူ့ကို ထိမှန်သွားလေသည်။
သူ တစ်သက်လုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သော်လည်း အဆုံးတွင် ဤသမီးကြောင့် သူ ပျက်စီးသွားခဲ့ရလေသည်။
သူသည် မျက်လုံးများကို မှိတ်ထားလျက် နောက်သို့ အံဝင်ခွင်ကျစွာဖြင့် ပြန်လည် လဲကျသွားလေသည်။
အခန်း (၈၀) နောက်ကွယ်မှ ကြိုးကိုင်သူ
“အိုး... အရမ်းကောင်းတာပဲ... ဒီဧကရာဇ်အဘိုးကြီးက တကယ့်ကို အံ့ဩစရာကောင်းတယ်... သူမကို နောက်ထပ် ဆယ့်ငါးမိနစ်တောင် အသက်ဆက်ရှင်ခွင့် မပေးခဲ့ဘူး…”
လင်းဝမ်ယွဲ့ သေဆုံးသွားခြင်းအတွက် အပျော်ရွှင်ဆုံးသူမှာ ရှင်ခြင်းသေခြင်းစာအုပ်ပင် ဖြစ်သည်။
ယွင်ဟွားက လွမ်းဆွတ်တမ်းတစွာ သက်ပြင်းချလိုက်ပြီး
“အား... နေ့လယ်ခင်းတစ်ခုလုံး အချိန်ကုန်ခံပြီး ဖော်စပ်ထားတဲ့ ဆေးလုံးတွေ အကုန်လုံး အသုံးမပြုလိုက်ရတာ တကယ့်ကို နှမြောစရာကောင်းတာပဲ..”
“ပန်းကလေး... အဆင်ပြေပါတယ်..”
ရှင်ခြင်းသေခြင်းစာအုပ်က သူ၏ ဗိုက်ကို ပုတ်လိုက်ပြီး
“ငါ နင့်အတွက် အားလုံးကို လုံခြုံအောင် သိမ်းထားပေးမယ်... နောက်တစ်ခါ တစ်ယောက်ယောက်က လာခိုးဖို့ ကြိုးစားရင် သူတို့ကို သုံးခိုင်းလိုက်မယ်လေ..”
လူတိုင်းက နောက်တစ်ကြိမ် တုန်ရီသွားကြပြန်လေသည်။
ဧကရာဇ်ဝမ်ရွှမ်းက ချောင်းဟန့်လိုက်ရာ ယွင်ဟွားက တစ်စုံတစ်ခုကို မေ့နေခဲ့ကြောင်း သတိရသွားလေသည်။
သူမသည် ပြုံးဖြီးဖြီးဖြင့် ဧကရာဇ်ဝမ်ရွှမ်းအား ဦးညွှတ်အရိုအသေပေးလိုက်လေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမက အသက်ကိုစွန့်ပြီး ဓားပြစခန်းကို ရှင်းလင်းခဲ့တာပါ... ဆုမချီးမြှင့်သင့်ဘူးလား..."
ယွင်ဟွားက သူမ၏ လက်ချောင်းနှစ်ချောင်းကို ပွတ်သပ်ကာ ဆုလာဘ်ကို တိုက်ရိုက် တောင်းခံလိုက်သည်။
ဤမြင်ကွင်းက ဧကရာဇ်ဝမ်ရွှမ်းအား ထိုနံနက်က ယွင်ရှောင်ထျန်းငိုယိုကာ မျက်နှာသာပေးရန် တောင်းဆိုနေသည်ကို သတိရသွားစေသည်။ တကယ့်ကို မျိုးရိုးပဲ ဖြစ်၏။
ဝမ်ရွှမ်း တွေဝေနေသည်ကို မြင်သောအခါ ယွင်ဟွားက နှုတ်ခမ်းဆူလိုက်သည်။
“အကယ်၍ ဆုမချီးမြှင့်ဘူးဆိုရင် နောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူလဲဆိုတာ သိရဖို့ မေ့ထားလိုက်တော့... ကိုယ့်လူတွေကို ကိုယ်တိုင် စေလွှတ်ပြီး စုံစမ်းခိုင်းလိုက်တော့..”
“ဟုတ်တယ်... ပန်းကလေး... နင် ခုလိုလုပ်တာကို ငါ ထောက်ခံတယ်... အဆိုးဆုံးကတော့ ငါတို့ဘာမှမလုပ်ဘဲ ထိုင်နေပြီး ငါတို့ရဲ့ နည်းပါးလှတဲ့ လစာလေးနဲ့ အေးအေးဆေးဆေး နေလိုက်ရုံပဲလေ..”
ဧကရာဇ်ဝမ်ရွှမ်း၏ နှုတ်ခမ်းများ တုန်လှုပ်သွား၏။ သူက မပေးဘူးဟု မပြောခဲ့ပေ။
ဧကရာဇ်ဝမ်ရွှမ်း စကားမပြောနိုင်မီ အရိပ်ထဲတွင် ပုန်းအောင်းနေသော ချန်ကျဲဟန်သည် ခုန်ထွက်လာခဲ့လေသည်။
"အမတ်ငယ်ယွင်... ဒီအမှု ပိတ်သိမ်းသွားတာနဲ့ စွမ်းဆောင်နိုင်တဲ့သူတွေကို ဆုချီးမြှင့်မယ်လို့ ဧကရာဇ်မင်းက ပြောထားပြီးပါပြီ..."
အကယ်၍ အမှုက အမြန်မဖြေရှင်းနိုင်လျှင် အမှန်တကယ် ခေါင်းကိုက်ရမည့်သူမှာ သူပင် ဖြစ်သည်။
ချန်ကျဲဟန်သည် ယွင်ဟွား၏ ဘေးသို့ ပြေးသွားပြီး သူ၏ မျက်နှာတွင် မြှောက်ပင့်မှုများ ပြည့်နှက်နေကာ "အမတ်ငယ်ယွင်... မင်းက ယောကျ်ားတစ်ယောက်လိုပဲ အရည်အချင်းရှိတဲ့၊ ရဲရင့်ပြီး ဉာဏ်ရည်ပြည့်ဝတဲ့ တကယ့် သူရဲကောင်း အမျိုးသမီးတစ်ယောက်ပါ... ဧကရာဇ်မင်းက ခုလိုမျိုး စွမ်းဆောင်နိုင်မှုတွေအတွက် သေချာပေါက် နှမြောနေမှာ မဟုတ်ပါဘူး..."
"ဒီနိမ့်ကျတဲ့အရာရှိကတော့ လုံးဝကို အရှုံးပေးပါတယ်... အမတ်ငယ်ယွင်က အခု သူခိုးစခန်းကို ဖျက်ဆီးပြီး တကယ့်တရားခံကို ရှာတွေ့ခဲ့ပြီပဲ… ဒီနိမ့်ကျတဲ့အရာရှိက နှိုင်းယှဉ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ရှက်မိပါတယ်... လောလောဆယ်မှာတော့ ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့ လစာ သုံးလစာကိုပဲ ပေးကမ်းနိုင်ပါတယ်..."
လမ်းကြောင်းမှန်ပေါ် ရောက်လာပြီပဲ... ယွင်ဟွားသည် သူ့အား နားလည်ကြောင်း အကြည့်တစ်ချက် ကြည့်လိုက်ပြီး
“မဆိုးပါဘူး... မဆိုးပါဘူး... ငါ သူ့ရဲ့ အတိတ်ကို ထပ်ပြီး စူးစမ်းမနေတော့ဘူး..”
ဧကရာဇ်ဝမ်ရွှမ်း….
ယွင်ရှောင်ထျန်းမှာ ကြက်သေသေသွားသည်။ မဖြစ်ဘူး... ထိုငွေအနည်းငယ်က သူ၏ သမီးငယ်လေးကိုယ်စား သူ တိုက်ပွဲဝင်ခဲ့သောအရာ ဖြစ်လေသည်။ ဤအဘိုးကြီးက ပစ္စည်းတွေကို ခိုးယူဖို့ စွဲလမ်းနေတာပဲ မဟုတ်လား။
"သမီး... အဲ့စကားကို နားမထောင်နဲ့..."
ချန်ကျဲဟန်သည် ယွင်ရှောင်ထျန်းအား ဘုန်းခနဲ အသံမည်အောင် ဘေးသို့ တွန်းဖယ်လိုက်လေသည်။
"အမတ်ငယ်ယွင်... ငါတို့ နောက်ကွယ်က လူကို သွားဖမ်းသင့်တယ် မဟုတ်လား... စိတ်မပူပါနဲ့… မင်း လက်တစ်ချောင်းတောင် လှုပ်စရာ မလိုပါဘူး... ငါ့ရဲ့ စစ်သားတွေ အပြင်မှာ စောင့်နေပါတယ်..."
"သွားမယ်..."
ယွင်ဟွားက ငွေလေးများက သူမကို လက်ယပ်ခေါ်နေသည်ကို မြင်လိုက်ရသဖြင့် လင်းအိမ်တော်မှ အလျင်အမြန် ထွက်ပြေးရန် မစောင့်နိုင်တော့ပေ။
လမ်းတစ်ဝက်သို့ ရောက်သောအခါ သူမက လှည့်ပြန်လာပြီး ရှောင်လီဟွာထံမှ ဘီးတပ်ကုလားထိုင်ကို လွှဲပြောင်းယူလိုက်သည်။
"ရှောင်ယွမ်ယွမ်... သွားကြစို့... နင့်ရဲ့ ခေါင်းဆောင်က နင့်အတွက် ကမ္ဘာကြီးကို သိမ်းပိုက်ပေးတာ ကြည့်နေလိုက်... မဟုတ်ဘူး... ငါဆိုလိုတာက ရွှေတွင်းကြီးကို သိမ်းပိုက်ကြရအောင်..."
ထိုသို့ပြောပြီးနောက် ယွင်ဟွားက သူမ၏ ဘီးတပ်ကုလားထိုင်ကို တွန်းကာ တံခါးပေါက်ဆီသို့ ပြေးထွက်သွားသည်။
ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော နန်ကုန်းယွမ်မှာ ပါးစပ်နားရွက်တပ်မတတ် ပြုံးဖြီးနေလေသည်။
တော်ဝင်ကြင်ယာတော်စုက သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ တန်ဖိုးမရှိသူတစ်ဦးကဲ့သို့ ပြုံးဖြီးနေသော ထိုသူမှာ သူမ၏ သားပင် ဖြစ်လေသည်။
သူက သူ့ရဲ့ ဟွားအာလေးကိုတောင် သူ့အတွက် ရွှေတွင်းတစ်ခု ဖန်တီးပေးခိုင်းနေသေးတယ်... သူတို့က တော်တော်လေးကို ရဲတင်းလာကြတာပဲ...။
ရှောင်ဟွားဟွားအတွက် စည်းစိမ်ချမ်းသာတစ်ခု ရှာဖွေပေးရန် သူ့အား မြို့တော်မှ ကိုယ်တိုင်ကိုယ်ကျ စေလွှတ်သင့်သည်ဟု သူမ ခံစားလိုက်ရလေသည်။
ဝေ့အိမ်တော်။
စတုတ္ထအဆင့် လက်ယာ ဒုတိယစစ်ဆေးရေးမှူးချုပ်ဖြစ်သူ ဝေ့တာ့ထုံသည် ယွင်ဟွား အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာကြောင်း သိရှိသွားသောအခါ အရာအားလုံး ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။
သူက အိမ်သို့ မရပ်မနား ချက်ချင်း ပြေးသွားခဲ့လေသည်။
သူ စေလွှတ်ခဲ့သော အနက်ရောင်ဝတ်စုံနှင့် လူများမှာ ပြန်မလာခဲ့ပေ။ ထို့ကြောင့် မင်ရှင်းဘုရားကျောင်း ပေါက်ကြားသွားပြီဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။
ယွင်ဟွား အဘယ်ကြောင့် လင်းအိမ်တော်သို့ အရင်သွားခဲ့သည်ကို မရှင်းလင်းသော်လည်း ယင်းက အနည်းဆုံးတော့ သူ့ပစ္စည်းများကို သိမ်းဆည်းရန် အချိန်များစွာ ရရှိစေခဲ့လေသည်။
"သခင်ကြီး... အမတ်ငယ်ယွင်က တရားရေးဝန်ကြီးဌာန၊ ဧကရာဇ်မင်းတို့နဲ့အတူ ရောက်ရှိလာပါပြီ..."
အစောင့်များက ထိတ်လန့်တကြား သတင်းပို့ရန် ရောက်လာကြသည်။
"ဘာ..."
"ဧကရာဇ်မင်းနဲ့ တရားရေးဝန်ကြီးဌာနကလူတွေ ရောက်လာပြီလား..."
ဝေ့တာ့ထုံက သူ၏ နှလုံးခုန်သံ ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သူသည် ငွေစက္ကူလက်တစ်ဆုပ်စာကို သူ၏ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး အစောင့်များနောက်မှ လိုက်ကာ နောက်ဖေးတံခါးမှ ထွက်သွားသည်။
နောက်ဘက်ခြံဝင်းကို ဖြတ်သန်းသွားစဉ် ဝေ့တာ့ထုံသည် ရပ်တန့်သွားပြီး ခြံဝင်းထဲတွင် သူ၏ ဇနီးနှင့် သားများ ကစားကာ ပန်းများကို ငေးမောနေကြသည်ကို မြင်လိုက်ရလေသည်။
သူ၏ မျက်နှာအမူအရာမှာ မှောင်မိုက်သွားသည်။ လင်နှင့်မယားဆိုသည်မှာ သစ်တောတစ်ခုတည်းရှိ ငှက်များနှင့် တူပေသည်။ ဘေးအန္တရာယ် ကျရောက်လာသောအခါ သူတို့သည် သီးခြားစီ ထွက်ပြေးကြရမည်သာ ဖြစ်လေသည်။
"သွားမယ်..."
ဝေ့တာ့ထုံက အေးစက်စွာ ပြောလိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။
သူသည် ငယ်ရွယ်သေးပြီး သူ့တွင် အသက်တစ်ချောင်းသာ ရှိလေသည်။ သို့သော်လည်း သူသည် အခြားဇနီးနှင့် ကလေးများကို ရရှိနိုင်သေးသည်။ သူတို့ကို ခေါ်ဆောင်သွားခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်စေလိမ့်မည် ဖြစ်လေသည်။
“ပန်းကလေး... အဲ့ဝေ့တာ့ထုံက သူ့ရဲ့ ဇနီးနဲ့ ကလေးတွေကို စွန့်ပစ်ပြီး သာမန်ရထားလုံးတစ်စီးပေါ် တက်ကာ မြောက်ဘက်မြို့တံခါးဆီကို ဦးတည်သွားနေတယ်... သူက ပေကျန်းနိုင်ငံကို သွားရောက်ပူးပေါင်းဖို့ ရည်ရွယ်ထားပုံရတယ်..”
လူတိုင်း : တကယ့်ကို အရည်အချင်းရှိတာပဲ…
ဤအရာကို ကြားသောအခါ ယွင်ဟွားက ချက်ချင်း ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်လေသည်။
သူမသည် ယခုအချိန်တွင် မြောက်ဘက်တံခါးနှင့် အနီးဆုံးနေရာ၌ရှိနေပြီး ယင်းက သူ့အား အိုးတစ်လုံးထဲမှ လိပ်တစ်ကောင်ကဲ့သို့ ထောင်ချောက်ဆင် ဖမ်းဆီးရန် ပြီးပြည့်စုံနေလေသည်။
ဤသည်မှာ ဒေသခံပြည်သူများအတွက် ဤကဲ့သို့သော အတိုင်းအတာကြီးမားသည့် မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်လေသည်။
မိန်းကလေးငယ်တစ်ဦးက ရှေ့ဆုံးမှ ဘီးတပ်ကုလားထိုင်ကို တွန်းကာ လမ်းပြနေပြီး သူမ၏ နောက်တွင် စစ်သား ဒါဇင်ပေါင်းများစွာ ပါဝင်ကာ နောက်ဆုံးတွင် ချမ်းသာကြွယ်ဝပြီး အာဏာရှိသော လူအုပ်ကြီးတစ်အုပ် ပါဝင်နေလေသည်။
လူတိုင်းက ပွဲကြည့်နေသည့်အလား တူညီသော မျက်နှာအမူအရာများကို ပြသနေကြလေသည်။
"သွားပြီး ပါဝင်ဆင်နွှဲကြရအောင်..."
သက်ကြီးအမျိုးသမီးတစ်ဦး၏ မျက်ဝန်းများ တောက်ပသွားပြီး ဟင်းသီးဟင်းရွက်ဝယ်နေခြင်းကို ရပ်တန့်ကာ ခြင်းတောင်းကို ကိုင်လျက် လူအုပ်နောက်သို့ လိုက်သွားလေသည်။
"အဘွားကြီးရေ... လောလောဆယ် ဆိုင်ကို မေ့ထားလိုက်... သွားကြည့်ကြရအောင်..."
"ဆိုင်ရှင်... ငါတို့လည်း သွားကြည့်ကြမလား..."
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ချိန်က စည်ကားနေခဲ့သော လမ်းမကြီးသည် လူသူကင်းမဲ့သွားပြီး သူတို့၏ ပိုင်ရှင်များကို စောင့်ဆိုင်းနေသည့် ဗလာကျင်းနေသော ဆိုင်ခန်းတန်းများသာ ကျန်ရစ်ခဲ့သည်။
ဤအချိန်တွင် ရထားလုံးကို မောင်းနှင်နေသော အစောင့်များသည် ဗလာကျင်းနေသော လမ်းမကြီးကို အံ့အားသင့်စွာ ကြည့်နေကြသည်။
"သခင်ကြီး... ဒီလမ်းက တစ်ခုခု မှားယွင်းနေသလိုပဲ..."
ကြီးမားသော အဖြစ်အပျက်တစ်ခုခု ဖြစ်ပွားခဲ့သည့်အလား လူတိုင်းက ထိတ်လန့်တကြား ထွက်ပြေးသွားကြပြီး သူတို့၏ ပစ္စည်းများကို သိမ်းဆည်းရန် အချိန်ပင် မရလိုက်သည့်ပုံ ပေါက်နေသည်။
ဝေ့တာ့ထုံ၏ စိတ်သည် သူ၏ လက်ထဲရှိ မြေပုံပေါ်တွင်သာ စူးစိုက်နေပြီး မော့မကြည့်ဘဲ "ထားလိုက်စမ်းပါ... အရင်ဆုံး မြို့ပြင်ကို ထွက်ကြရအောင်..." ဟု ပြန်ဖြေလိုက်သည်။
အစောင့်များသည် ပါးစပ်ကို ဟလိုက်ကြ၏။ သူတို့သည် သူတို့၏ အသက်ကိုစွန့်ကာ အန္တရာယ်ကြားတွင် ရှင်သန်နေကျဖြစ်သဖြင့် အန္တရာယ်နှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ အာရုံခံနိုင်စွမ်း ရှိကြသည်။
"သခင်ကြီး… ကျွန်တော်တို့ လမ်းကြောင်း ပြောင်းလိုက်ရင်ကော..."
ဝေ့တာ့ထုံမှာ စိတ်မရှည်တော့ပေ။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး "အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... ငါ ထွက်သွားလို့ ပြောရင် ထွက်သွားလိုက်စမ်း..." ဟု အော်ဟစ်လိုက်၏။
လမ်းလွှဲရမယ် ဟုတ်လား... အကယ်၍ သူတို့ နောက်လှည့်သွားလျှင် ပြဿနာကောင် ယွင်ဟွားနှင့်သာ တိုက်မိလိမ့်မည်ဖြစ်ပြီး သူမက သူတို့ဆီသို့ လာမည် မဟုတ်ပေ။
အစောင့်သည် အံကိုကြိတ်လိုက်ပြီး ဆိုးရွားသော ကြိုတင်နိမိတ်ကို အတင်းအကျပ် ဖိနှိပ်ထားလိုက်လေသည်။
ရထားလုံးက မြို့တံခါးဆီသို့ အရှိန်ပြင်းစွာ မောင်းနှင်သွားလေသည်။
နောက်တစ်စက္ကန့်တွင်။
အစောင့်သည် ထိတ်လန့်တကြား စိုက်ကြည့်နေပြီး အသံတစ်ခု ထွက်ပေါ်လာတော့မည့် ဆဲဆဲတွင် ကောင်းကင်မှ ဆင်းသက်လာသော ရှောင်လီဟွာက သူ့လည်ပင်းကို ရိုက်ချကာ သတိလစ်သွားစေပြီး သူ့အား ခေါ်ဆောင်သွားလိုက်သည်။
"မြန်မြန်ထွက်သွားဖို့ ငါ ပြောထားတယ် မဟုတ်လား... ဘာလို့ ရပ်လိုက်တာလဲ..."
ဝေ့တာ့ထုံက မကျေမနပ်ဖြင့် ဟိန်းဟောက်လိုက်လေသည်။ အကယ်၍ သူတို့ ဤထက်ပို၍ အချိန်ဆွဲနေလျှင် အမီလိုက်ခံရနိုင်ပေသည်။
......
ဝေ့တာ့ထုံသည် မျက်မှောင်ကြုတ်လိုက်၏။
"ငါ မင်းကို ပြောနေတယ်လေ... အခုချက်ချင်း မောင်းထွက်သွားစမ်း..."
ရထားလုံးအပြင်ဘက်တွင် တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။
ထိုအချိန်တွင် ဝေ့တာ့ထုံက တုန်ရီသွားပြီး သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော အထိတ်တလန့်ဖြစ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
သူ့လက်များ တုန်ရီနေပြီး ရထားလုံးတံခါးကို ဖွင့်ရန် အချိန်အတော်ကြာသည်အထိ မဝံ့ရဲခဲ့ပေ။
“ပန်းကလေး... အဲ့လူက ရထားလုံးထဲမှာ ကြောက်လွန်းလို့ သေလုမတတ် ဖြစ်နေပြီ..”
“ထွီ... သတ္တိကြောင်လိုက်တာ... ဧကရာဇ်မင်းရဲ့ နှာခေါင်းအောက်မှာတင် လူတွေကို ပြန်ပေးဆွဲရဲသေးတယ်..”
ရှင်ခြင်းသေခြင်းစာအုပ်က ရထားလုံးပတ်လည်တွင် လှည့်ပတ်ပျံသန်းပြီးနောက် ယွင်ဟွား၏ ခေါင်းပေါ်သို့ ဆင်းသက်လိုက်လေသည်။
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ပွဲကြည့်နေသူ အနည်းငယ်မှာ လန့်ဖြန့်သွားကြသည်။
လူအုပ်စုသည် အသံဘယ်ကလာသနည်းဟု တွေးတောလျက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
စိတ်မရှည်တော့သော ယွင်ဟွားသည် ရထားလုံးရှေ့တွင် ရပ်ကာ လည်ချောင်းဟန့်လိုက်ပြီး "ဝေ့တာ့ထုံ... အခုချက်ချင်း လက်နက်ချလိုက်စမ်း... အချည်းနှီးဖြစ်မယ့် ရုန်းကန်မှုတွေကို မလုပ်နဲ့တော့… နင် ငါ့ရဲ့ ဝိုင်းရံပိတ်ဆို့မှုကို လုံးဝ ခံထားရပြီ..."