← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁)

နေမကောင်းခြင်း

ရွှီပေါ်အန်းသည် ထိုအကြောင်းကို အလွန်ရှင်းလင်းစွာ မှတ်မိနေခဲ့လေသည်။

ယခင်က ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ လူများ ဆုတောင်းကြသည့်အခါတိုင်း အလွန်အမင်း ရိုသေကိုင်းရှိုင်း သော သဘောထားဖြင့်သာ ပြုလုပ်လေ့ရှိကြပေသည်။

အရေးကြီးသည့် ကိစ္စရပ်များ ရှိလာသည့်တိုင်အောင် သူတို့သည် စကားကို ရှင်းလင်းစွာ ပြောဆိုကြပြီး သူတို့၏ လိုလားချက်များကို တိုက်ရိုက် တင်ပြလေ့ရှိကြပေသည်။

သို့သော် ယနေ့ ထွက်ပေါ်လာသော အသံမှာမူ ရိုသေမှုရှိသော်ငြားလည်း ထူးဆန်းသော တကွိကွိ မြည်သံများမှာ အခါအားလျော်စွာ ထွက်ပေါ်နေသည်ကို ရွှီပေါ်အန်း ရှင်းရှင်းလင်းလင်း ကြားနေရလေ သည်။

ရွှီပေါ်အန်းသည် အလျင်အမြန်ပင် ရုံးခန်းတံခါးများကို ပိတ်ကာ ဘွန်ဆိုင်းကို ထုတ်၍ ကြည့်လိုက်လေ သည်။

ထို့နောက် သူ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားရတော့လေ၏။

ယခုအချိန်တွင် ဘွန်ဆိုင်းအတွင်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်းထဲ၌ ရှိနေသူများမှာ ခေါင်ရှန်းရွာမှ လူပုလေးများ မဟုတ်သကဲ့သို့ မြို့ရိုးကို စောင့်ကြပ်နေသူများလည်း မဟုတ်ပေ။

အမွှေးတိုင်အိုးရှေ့တွင် ပေါ်လာသည်မှာ အမှန်စင်စစ်အားဖြင့် ရွှီပေါ်အန်း ယခင်က တွေ့ဖူးသည့် မျောက် အုပ်စုပင် ဖြစ်နေခဲ့လေသည်။

မျောက်အုပ်၏ ခေါင်းဆောင်သည် လူသားတို့၏ အမူအရာကို အတုယူ၍ လက်အုပ်ချီကာ ဒူးထောက် ဦးတိုက် နေခဲ့လေ၏။

၎င်း၏ အနောက်တွင်မူ မျောက်ငယ်လေးတစ်ကောင်မှာ အခြားမျောက်တစ်ကောင်၏ ရင်ခွင်ထဲ၌ နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။

“မင်းတို့ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ...။”

“ပူတယ်... ပူတယ်...၊ ကယ်ပါ... နတ်မင်းကြီးကို ရှိခိုးပါတယ်...။ ကယ်ပါ...။”

မျောက်သည် နားရွက်နှင့် ပါးစပ်ကို ကုတ်ခြစ်ကာ သူ၏ အခြေအနေကို အသနားခံ တောင်းဆိုနေလေရာ ရွှီပေါ်အန်း နားလည်သလား၊ မလည်သလားကိုမူ ၎င်းကိုယ်တိုင်လည်း သိပုံမရချေ။

ရွှီပေါ်အန်းသည် အသံကို ရှင်းလင်းစွာ ကြားလိုက်ရသော်လည်း မည်သည့်အဓိပ္ပာယ်လဲ ဆိုသည်ကိုမူ လုံးဝကြီး မသေချာသေးပေ။

“မင်း ဆိုလိုတာက ဒီမျောက်ငယ်လေး ဖျားနေလို့ ငါ့ကို ကယ်ခိုင်းတာလား...။”

ဤစကားကို ကြားသောအခါ မျောက်အုပ်၏ ခေါင်းဆောင်သည် ထူးခြားသော တုံ့ပြန်မှု မပြုတော့ဘဲ မူလ စကားများကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေလေတော့သည်။

ရွှီပေါ်အန်း ခေတ္တမျှ စကားဆွံ့သွားပြီးမှ နားလည်သွားခဲ့လေ၏။

၎င်းတို့နှစ်ဦးမှာ တစ်ဖက်သားပြောသည်ကို အနည်းငယ် နားလည်နိုင်ကြသော်လည်း နားလည်မှု အဆင့် အတန်းတွင်မူ အဆီးအတားမရှိ ဆက်သွယ်နိုင်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။

အကယ်၍ တစ်ဦးနှင့်တစ်ဦး၏ ရည်ရွယ်ချက်ကို ပိုမိုရှင်းလင်းစွာ နားလည်နိုင်မည်ဆိုပါက မည်မျှ ကောင်းလိုက်မည်နည်းဟု ရွှီပေါ်အန်း မတွေးဘဲ မနေနိုင်တော့ချေ။

အဆုံးတွင် ဤကိစ္စသည် လူ (သို့မဟုတ် မျောက်) ၏ အသက်ရှင်သေဆုံးမှုနှင့် သက်ဆိုင်နေပေသည်။ အကယ်၍ နားလည်မှု လွဲမှားသွားပြီး ပြုပြင်၍မရသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာမည် ဆိုပါက အလွန်ဆိုးရွားသွားပေလိမ့်မည်။

ရွှီပေါ်အန်း အံ့အားသင့်သွားရသည်မှာ ထိုအတွေး သူ၏ စိတ်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများ တုန်ယင်သွားသည်ကို ခံစားလိုက်ရခြင်းပင် ဖြစ်သည်။

*ဟမ်…၊ ဒါက...။*

*တိရစ္ဆာန်တွေနဲ့ ဆက်သွယ်နိုင်တဲ့ ငါ့ရဲ့ စွမ်းရည်မှာ ထပ်မံ မြင့်တက်လာတာလား...။*

*ကောင်းလိုက်တဲ့ ဖြစ်ခြင်း...။*

ဤသည်မှာ စွမ်းရည်မြှင့်တင်သည့် ပုံစံမျိုး ဖြစ်နေဆဲပင်...

*ခဏလေး...၊*

*ဒီမျောက်ကို တိုက်ရိုက် ကုသပေးဖို့အတွက် အမွှေးတိုင်နှင့် ဆုတောင်းခြင်းစွမ်းအားကို အသုံးပြုလိုက် တာက ပိုလို့ အဆင်ပြေပြီး ပြည့်စုံမသွားပေ ဘူးလား...။*

ဤသို့ တွေးမိသည်နှင့် ရွှီပေါ်အန်းက သဘောထားကြီးစွာဖြင့် စိတ်ထဲမှ ပြောလိုက်လေ၏။

“ဒီမျောက်ကို ကယ်တင်လိုက်ပါ...။”

အမွှေးတိုင်နှင့် ဆုတောင်းခြင်းစွမ်းအားမှာ လှုပ်ရှားမှု မရှိပေ။

“ဒီမျောက်ကို ကုသပေးစမ်း...။”

အမွှေးတိုင်နှင့် ဆုတောင်းခြင်းစွမ်းအားများ စတင် အလုပ်လုပ်မည့် လက္ခဏာ မရှိသေးပေ။

“သူ့ကို ကျန်းမာရေး ပြန်ကောင်းအောင် လုပ်ပေး...။”

စွမ်းအားမှာ လုံးဝ တုန့်ပြန်ခြင်း မရှိဘဲ ငြိမ်သက်နေဆဲပင်။

“...ကောင်းပြီ... ငါ ပြောစရာ စကားမရှိတော့ဘူး...။”

အမွှေးတိုင် ပူဇော်မှု စွမ်းအားသည် သူ့အပေါ်တွင်သာ တိုက်ရိုက် သက်ရောက်မှု ရှိနိုင်ပုံရသည်ဟု ရွှီပေါ်အန်း အကူအညီမဲ့စွာ တွေးလိုက်မိလေသည်။

*ဒါဆိုရင်... ငါသာ ဆေးပညာရပ်ကို တတ်မြောက်ထားရင် ဒီမျောက်ကို ကယ်တင်နိုင်မည်လား...။*

“ငါ ဆေးပညာကို တတ်ကျွမ်းချင်တယ်...။”

“ငါ တိရစ္ဆာန်ဆေးကု ပညာရပ်ကို တတ်ကျွမ်းချင်တယ်...။”

“ငါ ဒီမျောက်ကို ကုသပေးဖို့ လိုအပ်တယ်...။”

အမွှေးတိုင်စွမ်းအားမှာ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ရွှီပေါ်အန်း တစ်ဖန် စိတ်ပျက်သွားရပြန် လေသည်။

အမွှေးတိုင်နှင့် ဆုတောင်းခြင်းစွမ်းအားကို အားကိုးရုံမျှဖြင့် မည်သည့်စွမ်းရည်ကိုမဆို ရယူနိုင်ရန် မဖြစ်နိုင်ပုံရပေသည်။

ရွှီပေါ်အန်းသည် ပထမဆုံးသော အမွှေးတိုင်စွမ်းအားကို သူ၏ ကိုယ်ကာယ ကြံ့ခိုင်မှုကို မြှင့်တင်ရန် အသုံးပြုခဲ့သည်၊ အကြောင်းမှာ သူ၌ အတိုင်းအတာတစ်ခုအထိ ကြံ့ခိုင်မှု ရှိပြီးသားဖြစ်၍ ဖြစ်သည်။

ဒုတိယအကြိမ် အမွှေးတိုင်စွမ်းအားကို တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်သည့် နည်းလမ်းကို တတ်ကျွမ်း ရန် အသုံးပြုခဲ့သည်၊ အကြောင်းမှာ လူနှင့် တိရစ္ဆာန်တို့သည် သဘာဝအလျောက် ရိုးရှင်းသော ဆက်သွယ်မှုများ ရှိနိုင်၍ ဖြစ်၏။

တတိယအကြိမ် အမွှေးတိုင်စွမ်းအားကို ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ သူ၏ အမြင်အာရုံကို ယ်ပြန့်စေရန် အသုံးပြုခဲ့ခြင်းမှာလည်း နားလည်နိုင်သော အချက်ပင်။

*ဒါဆိုရင် ငါ ဆေးပညာကို သင်ယူလိုရင် အခြေခံ အချက်အချို့ကို အရင် သိထားဖို့ လိုအပ်နေတာ လား...။*

အမွှေးတိုင်နှင့် ဆုတောင်းခြင်းစွမ်းအားကို သုံးရုံဖြင့် မျောက်၏ ရောဂါကို ကုသပေးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

လူနာများကို ကုသရန်အတွက် ဆေးပညာ မသင်ယူမီ စောင့်ဆိုင်းနေရန် အချိန်မရှိတော့ပုံရပေသည်။

အကယ်၍ အခြားနည်းလမ်း အမှန်တကယ် မရှိတော့လျှင် တိရစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်း ကိုသာ ဆက်လက် မြှင့်တင်ရုံသာ ရှိတော့ပေသည်။

ဤအချက်ကို သဘောပေါက်သွားသည်နှင့် ရွှီပေါ်အန်းက ချက်ချင်း ဆုံးဖြတ်လိုက်လေ၏။

“ငါ တိရစ္ဆာန်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းကို မြှင့်တင်ဖို့ လိုအပ်တယ်...။”

နောက်တစ်ခနတွင် ရွှီပေါ်အန်းသည် သူ၏ အမွှေးတိုင်နှင့် ဆုတောင်းခြင်းစွမ်းအား နှစ်ခု လျော့နည်းသွား သည်ကို ချက်ချင်း ခံစားလိုက်ရလေသည်။

*အောင်မြင်သွားပြီ...။*

ထို့နောက် ပိုမိုနက်ရှိုင်းသော သဘောပေါက်မှုတစ်ခုမှာ ရွှီပေါ်အန်း၏ စိတ်ထဲသို့ လျှပ်ခနဲ ဝင်ရောက်လာ ခဲ့လေ၏။

သူ၏ စိတ်ထဲတွင် တစ်နှစ်ပြီးတစ်နှစ်၊ တစ်နေ့ပြီးတစ်နေ့ ခက်ခဲပင်ပန်းသော လေ့ကျင့်မှုများကို ဖြတ် သန်းခဲ့ရသကဲ့သို့ ခံစားလိုက်ရလေသည်။

အမျိုးမျိုးသော တိရစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုပြီး ၎င်းတို့၏ အလေ့အထများနှင့် ကိုယ်ဟန်အမူ အရာများကို စောင့်ကြည့်ခဲ့ရသည်။

သူသည် မျောက်များနှင့်အတူ သစ်သီးများ ခူးခဲ့သည်၊ တောရိုင်းမြင်းများနှင့်အတူ ပြေးလွှားခဲ့သည်၊ ဝံပုလွေများနှင့်အတူ အစာရှာဖွေခဲ့သည်၊ ဝက်ဝံများနှင့်အတူ ပျားရည် ရှာဖွေခဲ့လေသည်။

နွေဦးကုန်၍ ဆောင်းဦးရောက်သော်လည်း သူကမူ ရှိနေဆဲပင်။ သတ္တဝါအားလုံး နိုးထလာပြီး ပန်းများ ပွင့်လန်းလာခဲ့သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သူသည် သဘာဝတရားထဲရှိ တိရစ္ဆာန်များနှင့် မိတ်ဆွေကောင်းများ ဖြစ်လာခဲ့ပြီး ၎င်းတို့၏ ကိုယ်ဟန်ပြချက်များ၊ ဘာသာစကားနှင့် အသံထုတ်ပုံများကို သင်ယူနိုင်ခဲ့လေ သည်။

ဇွဲလုံ့လမှာ အကျိုးပေးခဲ့ပြီး တိရစ္ဆာန်များသည်လည်း သူ၏ တည်ရှိမှုကို တဖြည်းဖြည်း လက်ခံလာကြ တော့၏။

သူနှင့် တိရစ္ဆာန်များသည် မျက်နှာအမူအရာများမှတစ်ဆင့် တစ်ဦး၏ ဝမ်းနည်းဝမ်းသာမှုများကို အပြန်အလှန် နားလည်နိုင်ကြပြီး ဆက်သွယ်မှုမှတစ်ဆင့် ပိုမို အသေးစိတ်ကျသော အချက်အလက် များကို ဝေမျှနိုင်ခဲ့ကြလေသည်။

ထိုပုံရိပ်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ရွှီပေါ်အန်းသည် အသက်ပြင်းပြင်း ရှူသွင်းကာ ဖြေးညင်း စွာ ပြန်ထုတ်လိုက်ပြီး သူ၏ စိတ်ကို ရှင်းလင်းအောင် ကြိုးစားလိုက်လေသည်။

တိရစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်ရန် ရရှိလာသော စွမ်းရည်အသစ်ကို သူ မြည်းစမ်းကြည့်လိုက် သောအခါ ၎င်းမှာ သူ၏ မွေးရာပါ စွမ်းရည်တစ်ခုကဲ့သို့ ဖြစ်နေသည်ကို ရွှီပေါ်အန်း ခံစားလိုက်ရလေ သည်။

ယခင်ကလည်း အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ဖူးသော်လည်း ရွှီပေါ်အန်းမှာ ယခု သူ၏ စိတ်ထဲတွင် ပေါ်လာသော ပုံရိပ်သစ်များကို အမှန်တကယ် ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားနေရဆဲပင်။

ရွှီပေါ်အန်းသည် ပြင်းထန်သော အာရုံစူးစိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချ ရန် မျက်တောင်ခတ်လိုက်လေ၏။

သို့သော် တစ်ခုခုတော့ မှားနေပုံရပေသေးသည်...။

ပြန်လည် တွေးတောကြည့်လိုက်သောအခါ ရွှီပေါ်အန်းမှာ အမွှေးတိုင်စွမ်းအား နှစ်ခု ကုန်ဆုံးသွားသည် ကို သတိထားမိလိုက်လေသည်။

*ဘာဖြစ်တာလဲ... တစ်ကြိမ်လျှင် အမွှေးတိုင်စွမ်းအား တစ်ခုစီသာ ကုန်ဆုံးရမှာ မဟုတ်ဘူးလား...။*

*ဘာကြောင့် စွမ်းအား နှစ်ခု ဖြစ်သွားရတာလဲ...။ နောက်တစ်ကြိမ် ငါ ထပ်မံ မြှင့်တင်လိုရင် နောက်ထပ် တစ်ခု ထပ်ပေါင်းရမည်လား ဒါမှမဟုတ် နှစ်ဆ ထပ်တိုးသွားမှာလား...။*

အကယ်၍ သက်ဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုစီကို မြှင့်တင်တိုင်း အမွှေးတိုင်နှင့် ဆုတောင်းခြင်း စွမ်းအား ကုန်ဆုံးမှု တိုးလာမည်ဆိုပါက ၎င်းမှာ လက်ခံနိုင်စရာ ရှိပေသည်။

သို့သော် အကယ်၍ သက်ဆိုင်ရာ လုပ်ဆောင်ချက်ကို မြှင့်တင်တိုင်း အမွှေးတိုင်စွမ်းအား ကုန်ဆုံးမှုမှာ နှစ်ဆစီ တိုးသွားမည်ဆိုပါက ၎င်းမှာ အလွန် ကြောက်စရာကောင်းလှပေလိမ့်မည်။

ရွှီပေါ်အန်းသည် အလယ်တန်းကျောင်းတုန်းက ကြားဖူးခဲ့သည့် “အာခီးမီးဒီးစ်နှင့် ဘုရင်၏ စတုရန်းကွက် ကစားနည်း” အကြောင်း နာမည်ကြီး သင်္ချာပုံပြင်ကို ရှင်းလင်းစွာ မှတ်မိနေသေး၏။

စပါးစေ့ တစ်စေ့တည်းမှ စတင်ကာ (၆၄) ကြိမ်တိုင်တိုင် နှစ်ဆစီ မြှောက်သွားမည်ဆိုပါက ၎င်းမှာ နိုင်ငံတော်တစ်ခုလုံးပင် မထောက်ပံ့နိုင်လောက်အောင် များပြားလှပေလိမ့်မည်။

အကယ်၍ အမွှေးတိုင်စွမ်းအား ကုန်ဆုံးမှုမှာ အမှန်တကယ် နှစ်ဆစီ တိုးသွားမည်ဆိုပါက ရွှီပေါ်အန်း အနေဖြင့် အမွှေးတိုင်စွမ်းအားကို သုံး၍ ဘွန်ဆိုင်းကမ္ဘာတစ်ခုလုံးကို မြင်တွေ့နိုင်ရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သွားပေလိမ့်မည်။

*ငါ အတွေးလွန်နေတာပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်...။*

ရွှီပေါ်အန်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိ၏။

ယခုအချိန်တွင် အမွှေးတိုင်နှင့် ဆုတောင်းခြင်းစွမ်းအား ကုန်ဆုံးမှု၏ တိကျသော ပုံစံကို ခွဲခြားနိုင်ရန် နည်းလမ်းမရှိသေးရာ အမွှေးတိုင်စွမ်းအားများ ပိုမို စုဆောင်းမိမှသာ ထပ်မံ ကြိုးစားကြည့်ရပေ လိမ့်မည်။

သူ့ရှေ့တွင် စိုးရိမ်ပူပန်နေသော မျောက်အုပ်၏ ခေါင်းဆောင်ကို ကြည့်ရင်း ရွှီပေါ်အန်းက မေးလိုက်လေ သည်။

“သူ ဖျားနေတာ ဘယ်လောက် ကြာပြီလဲ...။”

တစ်ဖက်မှ မျောက်အုပ်၏ ခေါင်းဆောင်မှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလာလေ၏။

“ကွီ...မှောင်လာပြီ... လင်းလာပြီ...။ အဲဒီလိုပဲ... အရမ်းပူနေတာပဲ... နတ်မင်းကြီး...ကယ်ပေးပါဦး...။”

ရွှီပေါ်အန်း ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ ဆိုလိုသည်မှာ ဤမျောက်ငယ်လေး ဖျားနေသည်မှာ တစ်ရက် ရှိပြီဖြစ်လေ၏။

ရွှီပေါ်အန်းသည် မျောက်ငယ်လေး၏ အခြေအနေကို ဂရုတစိုက် ဆန်းစစ်ကြည့်လိုက်လေသည်။

မျောက်ငယ်လေး၏ တစ်ကိုယ်လုံး အေးစက်နေသော်လည်း ဦးခေါင်း၊ ဂျိုင်းနှင့် လည်ပင်းတို့မှာမူ ပုံမှန် ထက် ထူးကဲစွာ ပူလောင်နေလေ၏။

၎င်း၏ ကိုယ်ပေါ်တွင် ချွေးစက်ကလေးများ ရှိနေပြီး အားအင်ကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်နေပုံရကာ မျက်လုံးများမှာလည်း မိနစ်အနည်းငယ်ကြာမှ တစ်ကြိမ်သာ လှုပ်ရှားလေတော့သည်။

သံသယဖြစ်ဖွယ်မရှိဘဲ ဤသည်မှာ အဖျားတက်နေခြင်းပင်။

လူသားတို့၏ ခန္ဓာကိုယ် အပူချိန်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၎င်းမှာ (၃၉.၅) ဒီဂရီ ဆဲလ်စီးယပ်စ် အထက်တွင် ရှိနေပေလိမ့်မည်။

*ဘာလုပ်ရမလဲ...။*

မျောက်များမှာ အကြံကုန်နေကြပြီဖြစ်ရာ တောင်စောင့်နတ်မင်းကြီးအပေါ်၌သာ မျှော်လင့်ချက် ထားနေကြရရှာပေသည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဤကိစ္စအတွက် ရွှီပေါ်အန်းကိုသာ အားကိုးနေကြရခြင်း ဖြစ်ပေ သည်။

အခြေအနေက ဤသို့ ဖြစ်လာပြီဆိုမှတော့ စမ်းသပ်ကြည့်ရုံသာ ရှိတော့ပေသည်။

ဤမျောက်ငယ်လေး ဤမျှ ပူလောင်နေသည်ကို ရွှီပေါ်အန်းအနေဖြင့် ဒီအတိုင်း ကြည့်မနေနိုင်တော့ချေ။

ရွှီပေါ်အန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် သူ၏ မျက်လုံးများ တောက်ပလာခဲ့၏။

သံသယ ရှိလာလျှင် ဘိုင်တူးကို မေးရမည် မဟုတ်ပါလား...၊ချက်ချင်းပင် လုပ်ဆောင်ကြစို့...။

ရွှီပေါ်အန်းသည် သူ၏ ဖုန်းကို ထုတ်ကာ အွန်လိုင်းတွင် ရှာဖွေလိုက်လေသည်။ မကြာမီမှာပင် သူသည် အွန်လိုင်း ဆေးကုသမှု ဆွေးနွေးသည့် ပလပ်ဖောင်းတစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။

“ဟဲလို... ကလေးလေး တစ်ယောက် အဖျားတက်နေလို့ ဘယ်ဆေးတိုက်ရင် အကောင်းဆုံးလဲဆိုတာ သိချင်လို့ပါ...။”

တစ်ဖက်မှ ချက်ချင်းပင် ပြန်လည် ဖြေကြားလာခဲ့လေသည်။

“ဘယ်လောက်အထိ ငယ်တာလဲ...။”

ရွှီပေါ်အန်း ချက်ချင်းပင် ဘာပြောရမှန်း မသိ ဖြစ်သွားရလေသည်။

*ဟုတ်ပေသည်… ဘယ်လောက်အထိ ငယ်ပါသနည်း... ၎င်းကို မည်သို့ ပြောပြရပါမည်နည်း...။*

အခန်း (၈၂)

ဤသည်မှာ အမွှေးတိုင် ပူဇော်ခြင်းပင် ဖြစ်သည်

ရွှီပေါ်အန်းသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် သာမန်မေးခွန်းတစ်ခုကို ဦးစွာ မေးမြန်းလိုက် လေသည်။

“ကလေးလေး တစ်ယောက်ပါပဲ...။”

ရွှီပေါ်အန်း၏ ရှင်းပြချက်မှာ အသေးစိတ် မကျလှသည်ကို မြင်သောအခါ အွန်လိုင်းဆရာဝန်သည် ထပ်မံ၍ မမေးမြန်းတော့ဘဲ ဆေးညွှန်ကြားချက် တစ်ခုကိုသာ ပေးပို့လာခဲ့လေသည်။

“အိုင်ဗျူးပရိုဖန် ဖျားနာကုအရည်၊ အသုံးပြုနိုင်သည့် အခြေအနေများ...။ ဆေးပမာဏနှင့် တိုက်ကျွေးပုံ မှာ... အသက် (၁) နှစ်မှ (၃) နှစ်၊ ကိုယ်အလေးချိန် (၁၀) ကီလိုဂရမ်မှ (၁၅) ကီလိုဂရမ်... ၊ အသက် (၄) နှစ်မှ (၆) နှစ်၊ ကိုယ်အလေးချိန်...၊”

ညွှန်ကြားချက်များမှာ အလွန်အသေးစိတ်လှပြီး အသက် (၁) နှစ်မှ (၁၂) နှစ်အထိ ကလေးငယ်များ အတွက် တိုက်ကျွေးရမည့် ဆေးပမာဏနှင့် ​နည်းလမ်းများကို ရွှီပေါ်အန်းအား ပြောပြထားလေသည်။

ထို့နောက် အွန်လိုင်းဆရာဝန်က နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့လာပြန်လေ၏။

“အခြေအနေ အတော်များများမှာတော့ ဒီဆေးက တော်တော်လေး ထိရောက်မှု ရှိပါတယ်...။ ဒါပေမဲ့ ဆေးရုံကို လာပြဖို့တော့ ကျွန်တော် အကြံပြုချင်ပါတယ်...။”

ဆရာဝန်၏ စကားကို ကြည့်ရင်း ရွှီပေါ်အန်းမှာ တစ်ဖန် အခက်တွေ့သွားရပြန်လေသည်။

ယေဘုယျ အခြေအနေ ဆိုသည်မှာ မည်သို့နည်း...။

ဤဘွန်ဆိုင်းကမ္ဘာအတွင်းရှိ မျောက်များမှာ သာမန် သတ္တဝါများ မဟုတ်သည်မှာ ရှင်းလင်းလှပေသည်။

အနည်းဆုံးတော့ သူ နေထိုင်သည့် လက်ရှိ လူ့အဖွဲ့အစည်းတွင် ဆေးဝါးများကို သာမန် လူသားတို့၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံအပေါ် အခြေခံ၍သာ ထုတ်လုပ်ထားခြင်း ဖြစ်လေသည်။

ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ မျောက်ငယ်လေးမှာမူ အဆပေါင်း နှစ်ရာခန့် ပို၍ သေးငယ်နေခဲ့လေ၏။

၎င်းကို ဆေးဝါး မည်သို့ တိုက်ကျွေးရပါမည်နည်း...။

ခေတ္တမျှ တွေးတောပြီးနောက် ရွှီပေါ်အန်းသည် အွန်လိုင်းဆရာဝန်အား သူ၏ သံသယကို ဗြောင်ကျ ကျပင် မေးမြန်းလိုက်လေတော့သည်။

“ဟဲလို... ဆရာဝန်ကြီး... အကယ်၍ ဆေးကုသမယ့် တိရစ္ဆာန်က အရမ်းကို သေးငယ်နေမယ်ဆိုရင်...၊ အရွယ်အစားက သုည ဒသမ (၅) စင်တီမီတာကနေ (၁) စင်တီမီတာလောက်ပဲ ရှိမယ်ဆိုရင် ဆေး ပမာဏကို လျှော့ချလို့ ရမလား...။”

မကြာမီမှာပင် တစ်ဖက်မှ အခြေအနေမှာ “စာရိုက်နေသည်” ဟု ပြောင်းလဲသွားခဲ့လေ၏။

သို့သော် ရွှီပေါ်အန်းမှာ အတော်ကြာအောင် စောင့်လိုက်ရပြီးမှ တစ်ဖက်လူ ပို့လိုက်သော အာမေဍိတ် အမှတ်အသားတစ်ခုကို မြင်လိုက်ရလေသည်။

“?”

ရွှီပေါ်အန်းက ထပ်မံ ရှင်းပြရန် ပြင်နေစဉ်မှာပင် နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ရောက်လာပြန်လေသည်။

ဤတစ်ကြိမ်တွင်မူ အတော်ရှည်လျားသော စာသားများ ဖြစ်လေ၏။

“သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်...။ ဒါပေမဲ့ ဆေးပမာဏကို လျှော့ချဖို့ဆိုတာ လက်တွေ့မှာ သိပ်မ လွယ်လှပါဘူး...။ ဘာလို့လဲဆိုတော့ တစ်ကြိမ် သောက်ရမယ့် ဆေးပမာဏက နည်းနေပြီသားမို့ ပိုလျှော့လေလေ တိကျတဲ့ ပမာဏကို ရဖို့ ပိုခက်လေလေပဲ...။ ဒါပေမဲ့ မူအရဆိုရင်တော့ သာမန် အခြေအနေတွေမှာ ဆေးကို ရေနဲ့ ရောပြီး တိုက်လို့ ရပါတယ်...။”

၎င်းကို မြင်လိုက်ရသောအခါ ရွှီပေါ်အန်း၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်လာခဲ့လေသည်။

ဤသည်မှာ ယုံကြည်စိတ်ချရပေသည်...။ ပညာရှင်တစ်ယောက်ဖြစ်သဖြင့် အကြံဉာဏ်မှာ အလွန် ကောင်းမွန်လှပေသည်။

*ဒါပဲ... အိုကေပြီ...။*

ရွှီပေါ်အန်းက “ကျေးဇူးတင်ပါတယ်” ဟု စာရိုက်ရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်လူက နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့လာပြန်လေသည်။

“ခင်ဗျား တုန်းကျန်းမြို့မှာ ရှိနေတာကို ကျွန်တော် မြင်ပါတယ်...။ အကယ်၍ ခင်ဗျားက ‘အမှန်အတိုင်း ပြောမလား၊ စိန်ခေါ်မှုကို လက်ခံမလား’ ဆိုတဲ့ ကစားနည်းကို ကစားနေတာဆိုရင်တော့ အောင်မြင်သွား တဲ့အတွက် ဂုဏ်ယူပါတယ်...။ အကယ်၍ မဟုတ်ဘူးဆိုရင်တော့... အင်း... တုန်းကျန်းမြို့ စိတ်ကျန်းမာ ရေး ဆေးရုံရဲ့ ဒုတိယဥက္ကဋ္ဌက ကျွန်တော့်ရဲ့ အချစ်တော်ပါ...၊ လိုအပ်ရင် အဆက်အသွယ် လုပ်ပေးပါ့ မယ်...။”

“ကိုယ့်ကိုယ်ကိုယ် အားငယ်မနေပါနဲ့...။ ဘယ်လိုရောဂါမျိုးကိုမဆို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ပါ...။”

ရွှီပေါ်အန်းမှာ ပြောစရာ စကားပင် ဆွံ့သွားရတော့သည်။ ဤသည်မှာ အတော်လေး အရှက်ရစရာ ကောင်းလှပေသည်။

*သူတို့က ငါ့ကို စိတ်မနှံ့သူတစ်ယောက်လို ဆက်ဆံနေကြတာပဲ...။*

တစ်ဖက်တွင် စကားပြောရင်း စိတ်အေးအောင် လုပ်ပေးနေပြီး အခြားတစ်ဖက်တွင်မူ ဆေးရုံနှင့် မိတ်ဆက်ပေးနေခဲ့လေသည်။

ဤသည်မှာ တစ်ဖက်လူကို စိတ်ဝေဒနာရှင် တစ်ဦးကဲ့သို့ လုံးဝ ဥဿုံ သဘောထားနေခြင်းပင် ဖြစ်၏။

ရွှီပေါ်အန်းမှာ ရယ်လည်းရယ်ချင်သလို စိတ်လည်း တိုမိလေသည်။

သို့သော် တစ်ဖက်လူက အနည်းဆုံးတော့ အကြံဉာဏ် ပေးခဲ့သည်ကို ထည့်တွေးပြီး ရွှီပေါ်အန်းက သဘောထားကြီးစွာဖြင့် စိတ်မဆိုးရန် ဆုံးဖြတ်လိုက်လေသည်။

သူသည် ကုမ္ပဏီ၏ ဆေးကုသဆောင်သို့ ချက်ချင်း ဖုန်းဆက်လိုက်ပြီး အိုင်ဗျူးပရိုဖန် ဖျားနာကုအရည် တစ်ဗူးနှင့် တစ်ခါသုံး ဆေးထိုးပြွန်အသေးလေး တစ်ခုကို ယူလာခိုင်းလိုက်လေသည်။

ဆရာဝန် အကြံပြုထားသော ဆေးကို အသုံးပြုရန်အတွက် ရွှီပေါ်အန်းသည် အွန်လိုင်းတွင်လည်း ရှာဖွေ ကြည့်ခဲ့သေး၏။

ဤဆေးသည် အဖျားကျစေရန်အတွက် အလွန်ကောင်းမွန်သော ဆေးတစ်မျိုး ဖြစ်လေသည်။ ၎င်းကို “အံ့ဖွယ်ဆေး” ဟု ခေါ်ဆိုလျှင်ပင် လွန်အံ့မထင်ပေ။

ရုံးခန်းတံခါးကို တစ်ဖန် ပြန်လည် ပိတ်လိုက်ပြီးနောက် ရွှီပေါ်အန်းသည် သူ၏ ဆေးဖျော်စပ်မည့် အစီ အစဉ်ကို စတင်လိုက်လေတော့သည်။

ပထမဦးစွာ ဆေး၏ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးမည့် ရက်စွဲကို စစ်ဆေးလိုက်၏။

မှန်ပေသည်... အသစ်စက်စက် ရက်စွဲပင် ဖြစ်၏။

ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူ မဖြစ်မနေ လုပ်ဆောင်ရန် အကျင့်ပါနေခဲ့သော အလေ့အထကောင်း တစ်ခုပင် ဖြစ်လေသည်။

ရွှီပေါ်အန်း၏ နှုတ်ခမ်းများမှာ အကူအညီမဲ့သော အမူအရာဖြင့် တွန့်ကွေးသွားခဲ့လေသည်။

ကုမ္ပဏီ၏ ဆေးကုသဆောင် ဆိုသည်မှာ အမှန်စင်စစ် ဆေးဆိုင်တစ်ခုမျှသာ ဖြစ်လေသည်။

၎င်းတွင် ပြန်လည် ခန့်အပ်ထားသော ဆရာဝန်များမှာလည်း အချိန်ဖြုန်းနေကြသူများသာ ဖြစ်ကြ၏။ ထိုသူတို့မှာ တောလက်ကျေးရွာများမှ ဆရာဝန်ငယ်လေးများ အဆင့်သာ ရှိကြသည်ဟု ဆိုကြပြီး ကုမ္ပဏီအတွင်းရှိ မည်သူကမျှ သူတို့ကို လူနာကုသပေးရန် မျှော်လင့်မထားကြပေ။

သူ အလုပ်စဝင်ခါစက အဖျားတက်သဖြင့် ဆေးခန်းသို့ ဆေးသွားယူခဲ့ဖူးသည်ကို သူ မှတ်မိနေသေး သည်။ ဆေးကို သောက်ရန် ပြင်လိုက်စဉ်မှာပင် လုပ်ဖော်ကိုင်ဖက် တစ်ဦးက ထိုဆေးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သက်တမ်းကုန်နေပြီဖြစ်ကြောင်း သတိပေးခဲ့လေသည်။

ထိုဆေးခန်းမှ ခန့်အပ်ထားသော ဆရာဝန်မှာ သူ၏ ယခင် ကုမ္ပဏီခေါင်းဆောင်၏ ယောက္ခမ ဖြစ် ကြောင်းကို ရွှီပေါ်အန်း နောက်ပိုင်းမှ သိရှိခဲ့ရလေ၏။

အလယ်အလတ်နှင့် အထက်တန်း စီမံခန့်ခွဲသူများမှအပ ကုမ္ပဏီဝန်ထမ်းတိုင်းလိုလိုမှာ သက်တမ်းကုန် ဆေးဝါးများ ရရှိဖူးသည့် အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ကြဖူးလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ကုမ္ပဏီဝန်ထမ်း အားလုံးနီးပါးမှာ ဆေးခန်းသို့ ဆေးသွားယူခြင်းကို ရပ်တန့် လိုက်ကြလေတော့သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ယခုကဲ့သို့ ရာထူးနေရာသို့ ရောက်ရှိလာချိန်တွင်မူ လူမှာ ထိုလူပင် ဖြစ်သော်လည်း ဆေးဝါးများမှာမူ ယခင်ကကဲ့သို့ မဟုတ်တော့သည်ကို ရွှီပေါ်အန်း သတိပြုမိလိုက် လေသည်။ အထက်လူကြီးများကို ဖားရာတွင်မူ ယခုထက်တိုင် တော်နေဆဲပင်...။

ဤသည်မှာ အရာရှိသစ်၏ မီးတောက်သုံးခုအနက် ဒုတိယမြောက် မီးတောက် ဖြစ်လာပုံရပေသည်။

သို့သော် ယခုအချိန်မှာ ထိုအကြောင်းကို တွေးနေရမည့် အချိန်မဟုတ်ပေ။

အရေးအကြီးဆုံး အလုပ်မှာ မျောက်ငယ်လေးကို ကယ်တင်ရန်ပင် ဖြစ်၏။

ရွှီပေါ်အန်းသည် တွေဝေမနေဘဲ ညွှန်ကြားချက်များအရ အနည်းဆုံး ဆေးပမာဏကို ဦးစွာ ထုတ်ယူ လိုက်လေသည်။

ထို့နောက် ရေပမာဏကို အဆပေါင်း နှစ်ရာခန့် ထပ်ပေါင်းထည့်ကာ အပူချိန်ကို ညှိလိုက်၏။ အပူချိန် သင့်တော်သွားပြီဆိုမှ ရွှီပေါ်အန်းသည် ဆေးရည်ကို ရေနွေးနွေးနှင့် ရောစပ်လိုက်လေတော့သည်။

နောက်ဆုံးတွင် သူ ဝယ်ယူထားသော ဗီဗီ ပဲနို့စက်နှင့်အတူ ပါလာသော ဖျော်စပ်သည့် ခွက်ကို အသုံးပြု ၍ သေချာစွာ နှံ့စပ်အောင် မွှေလိုက်လေ၏။

ဤသို့ဖြင့် ဘွန်ဆိုင်းကမ္ဘာအတွက် အံ့ဖွယ် အဖျားပျောက်ဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်လေသည်။

မှန်ပေသည်... ဤသည်မှာ ရွှီပေါ်အန်းအတွက် နောက်ဆုံး လက်နက်ပင် ဖြစ်လေ၏။

မျောက်ငယ်လေးမှာ အခြေအနေ ဆိုးရွားနေပြီး မျောက်အုပ်၏ ခေါင်းဆောင်မှာလည်း အကူအညီမဲ့ကာ ဘာ လုပ်ရမှန်း မသိ ဖြစ်နေသည်ကို မြင်သောအခါ ဤအတိုင်း ပစ်ထားလိုက်ခြင်းထက်စာလျှင် ကိုယ်တိုင် ကုသပေးလိုက်ခြင်းက ပို၍ ကောင်းမည်ဟု သူ တွေးလိုက်မိခြင်း ဖြစ်ပေသည်။

*နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ ကယ်တင်နိုင်ဖို့ ကြိုးစားကြည့်လိုက်မယ်...။*

ရွှီပေါ်အန်းသည် ဆေးထိုးပြွန်ကို ကိုင်ကာ အသစ်ဖော်စပ်ထားသော အဖျားကျဆေးရည် (၄) မီလီ လီတာကို စုပ်ယူလိုက်ပြီးမှ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားလေ၏။

ဆေးရည်ကို ရေနှင့် မှန်ကန်သော အချိုးအစားအတိုင်း ရောစပ်ထားသည်မှာ မှန်ပေသည်။

သို့သော် ဤမျှ သေးငယ်လှသော (၄) မီလီလီတာမှာ ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ သူတို့အတွက်မူ ရေတစ် ပေါင်ကျော်ခန့်နှင့် ညီမျှနေပေလိမ့်မည်။

ရေသန့်ဘူး တစ်ဗူးခွဲစာကို တစ်ထိုင်တည်းနှင့် သောက်ခိုင်းခြင်းမှာ တရုတ်တိုင်းရင်းဆေး ဖြစ်သည့်တိုင် အောင် မလုပ်သင့်သော ကိစ္စပင် ဖြစ်ချေ၏။

၎င်းအပြင် တစ်ဖက်လူမှာ မျောက်ငယ်လေးတစ်ကောင်မျှသာ ဖြစ်ရာ ၎င်းက ထိုမျှအထိ သောက်နိုင် မည် ဆိုပါက ထူးဆန်းလှပေလိမ့်မည်။

ရွှီပေါ်အန်း အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီး ဆေးကို အသစ်ပြန်လည် ဖော်စပ်ရန်မှတစ်ပါး အခြားမရှိ တော့ပေ။

မူလဆေးကို ထပ်မံယူ၍ အကြိမ်ကြိမ် ဆေးဖျော်စပ်မှုကို စမ်းသပ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာမှ မျောက်ငယ်လေး တစ်ငုံတည်းနှင့် သောက်နိုင်မည့် ဆေးပမာဏအထိ လျှော့ချလိုက်နိုင်လေတော့သည်။

မျောက်တစ်ကောင်၏ အရွယ်အစားရှိသော လူပုလေးများအတွက်မူ သစ်ကြားသီး တစ်လုံးခန့်ရှိသော ဆေးရည်ပမာဏမှာ လိုချင်သော အာနိသင်ကို ရရှိရန် လုံလောက်လှပေပြီ။

ရွှီပေါ်အန်းသည် ဆေးထိုးပြွန်ဖြင့် အသစ်ဖော်စပ်ထားသော ဆေးရည်အချို့ကို ညင်သာစွာ စုပ်ယူလိုက် ပြီး ဆေးအပ်ထိပ်ဖျားမှ ဆေးရည်စက်လေး တစ်စက် ထွက်လာသည်အထိ ဖြေးဖြေးချင်း တွန်းထုတ် လိုက်လေ၏။

ထို့နောက် စီးကရက်ဗူးအတွင်းမှ ငွေရောင်စက္ကူလေး တစ်ခုကို ဆွဲဖြတ်လိုက်ပြီး အပ်ဖျားမှ ဆေးရည် စက်လေးကို ငွေရောင်စက္ကူပေါ်သို့ အသာအယာ တင်ပေးလိုက်လေသည်။

နောက်ဆုံးတွင် ၎င်းကို တောင်စောင့်နတ်မင်း နတ်ကွန်း၏ ခြံဝင်းအတွင်းသို့ အသာအယာ ချပေးလိုက် လေတော့၏။

“ကဲ... မင်းတို့ မျောက်တွေ စကားများမနေကြနဲ့တော့...။ ငါ ခြံထဲမှာ ဆေးတွေ ပြင်ပေးထားတယ်...။ အဲဒါကို ယူပြီး ဒီမျောက်ငယ်လေးကို တိုက်လိုက်ကြတော့...။”

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး... ကျေးဇူးတင်ပါတယ်...။ ကျေးဇူးအများကြီး တင်ပါတယ်...။”

မကြာမီမှာပင် မျောက်အုပ်၏ ခေါင်းဆောင်သည် ဘေးရှိ မျောက်တစ်ကောင်ကို အပြင်သို့ ထွက်၍ ရွှေရောင် ငွေရောင် တောက်ပနေသော စက္ကူကို သွားယူခိုင်းလိုက်လေ၏။

မျောက်သည် ငွေရောင်စက္ကူကို ဂရုတစိုက် သယ်ဆောင်လာပြီးနောက် “နတ်မင်းကြီး... ရွှေ...စက္ကူ... ကွိ...ကွိ...ကွိ...” ဟု မအော်ဘဲ မနေနိုင် ဖြစ်သွားရလေသည်။

ရွှီပေါ်အန်းသည် မျောက်အုပ်၏ ခေါင်းဆောင်က မျောက်ငယ်လေးကို ဆေးတိုက်နေသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေမိလေ၏။

ဆယ်မိနစ်ခန့် ကြာပြီးနောက် မျောက်ငယ်လေး၏ ကိုယ်အပူချိန်မှာ စတင် ကျဆင်းလာသည်ကို ရွှီပေါ်အန်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။

မျောက်ငယ်လေးမှာ ပိုမို သွက်လက်လာပြီး မျက်လုံးများကို ဖွင့်ကာ ဝဲယာသို့ ကြည့်နေတော့၏။ ၎င်း၏ အမွှေးအမျှင်များကို ကစားနေပြီး တီးတိုး ရေရွတ်သံများလည်း ထွက်ပေါ်လာလေသည်။

မျောက်များမှာ ထိုအခြေအနေကို မြင်သောအခါ အလွန်အမင်း ဝမ်းသာသွားကြပြီး တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြလေတော့၏။

၎င်းတို့သည် တောင်စောင့်နတ်မင်း ရုပ်ပွားတော်ရှေ့တွင် အလေးအနက်ထား၍ ဒူးထောက် ပူဇော်နေကြ လေသည်။

မျောက်အုပ်၏ ခေါင်းဆောင်သည် လူသားတို့၏ လှုပ်ရှားမှုကို အတော်လေး အဆင်မပြေစွာ အတုယူရင်း အမွှေးတိုင် စင်ဆီသို့ ခဲယဉ်းစွာ လျှောက်လှမ်းသွားပြီး အမွှေးတိုင် တစ်ချောင်းကို ယူလိုက်လေ၏။

ရွှီပေါ်အန်းသည် ၎င်းကို မြင်သောအခါ အလွန် စပ်စုလိုစိတ် ဖြစ်သွားရလေသည်။

*ဒီမျောက်က... ငါ့ကို အမွှေးတိုင် လာထွန်းနေတာလား...။*

All Chapters