အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း (၈၃)
ကုသခြင်း
ရွှီပေါ်အန်းသည် မျောက်အုပ်၏ ခေါင်းဆောင်၏ လှုပ်ရှားမှုများကို မျှော်လင့်ချက်ကြီးစွာဖြင့် စပ်စုကြည့်နေမိ လေသည်။
ဤမျောက်သည် အမွှေးတိုင် ပူဇော်မှု၏ ကောင်းချီးမင်္ဂလာကို ရရှိနိုင်ပါ့မလားဟု သူ သိချင်နေမိ၏။
မျောက်အုပ်၏ ခေါင်းဆောင်သည် သူ၏ လက်ထဲရှိ အမွှေးတိုင်ကို ဘေးရှိ ဆီမီးစာနှင့် မီးတောက်ဆီသို့ ရောက်ရှိစေရန် ခက်ခဲစွာ ကြိုးပမ်းနေခဲ့လေသည်။
၎င်း၏ လှုပ်ရှားမှုများမှာ သဘာဝမကျဘဲ အတော်လေးပင် အဆင်မပြေ ဖြစ်နေသော်လည်း မျောက် ခေါင်းဆောင်မှာမူ ဇွဲမလျှော့ဘဲ ဆက်လက် လုပ်ဆောင်နေခဲ့လေ၏။
မျောက်အုပ်၏ ခေါင်းဆောင်၏ လက်မောင်းမှာ ဟိုဘက်ဒီဘက် ယိမ်းထိုးနေပြီး မီးတောက်နှင့် လွဲချော်သွား သည်မှာ အကြိမ်ကြိမ်ပင် ဖြစ်လေသည်။
အတော်လေး ခဲယဉ်းစွာ ကြိုးစားပြီးနောက်တွင်မူ နောက်ဆုံး၌ အမွှေးတိုင် တစ်ချောင်းကို မီးညှိနိုင်ခဲ့ လေတော့၏။ ထို့နောက် ၎င်းက စိတ်လှုပ်ရှားစွာဖြင့်၊
“အောင်မြင်ပြီ....။” ဟု အော်ဟစ်ကာ အော်မြည်နေလေတော့သည်။
၎င်းသည် မီးညှိထားသော အမွှေးတိုင်ကို ကိုင်ကာ ရုပ်ပွားတော်အား ရိုသေစွာ အကြိမ်ကြိမ် ဦးတိုက်ပြီး နောက် လူသားတို့၏ အပြုအမူကို အတုယူ၍ အမွှေးတိုင်အိုးထဲသို့ ထိုးစိုက်လိုက်လေတော့သည်။
မျောက်သည် မီးတောက်နေသော အမွှေးတိုင်ကို အမွှေးတိုင်အိုးအတွင်းသို့ နောက်ဆုံး၌ ထည့်သွင်းနိုင် သည်ကို မြင်သောအခါ ရွှီပေါ်အန်းမှာ ဝမ်းမြောက်စွာ ပြုံးလိုက်မိလေတော့သည်။
အားလုံး ပြီးဆုံးသွားခဲ့လေပြီ...။
ရွှီပေါ်အန်း၏ နှုတ်ခမ်းပေါ်တွင် စိတ်အေးသွားသော အပြုံးတစ်ခု ပေါ်လာခဲ့၏။
နောက်တစ်ခဏတွင် ရွှီပေါ်အန်းသည် သူ၏ တစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်သွားသည်ကို ခံစားလိုက်ရလေသည်။
မှန်ပေသည်...။ အမွှေးတိုင် ပူဇော်မှု စွမ်းအားကို အောင်မြင်စွာ ရရှိလိုက်ပြီ ဖြစ်၏။
သူ စိတ်ကူးထားပြီးသား ဖြစ်သော်လည်း အမွှေးတိုင်စွမ်းအားကို အမှန်တကယ် ရရှိလိုက်သောအခါ ရွှီပေါ်အန်းမှာ အလွန်အမင်း အံ့အားသင့်ကာ ဝမ်းသာနေမိဆဲပင်။
အဆုံးတွင် ဤသည်မှာ မျိုးစိတ်ကွဲပြားမှု အတားအဆီးကို ပထမဦးဆုံး ကျော်လွန်၍ ရရှိခဲ့သော အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားပင် ဖြစ်လေသည်။
သို့သော် ပြန်လည် စဉ်းစားကြည့်မည်ဆိုပါက ဤသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုပင်။
တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ်တို့မှာ အမျိုးအစား တူညီကြပြီး ၎င်းတို့၏ တာဝန်မှာ နယ်မြေ ဒေသကို စောင့်ရှောက်ရန်နှင့် ခပ်သိမ်းသော သတ္တဝါအပေါင်းကို ကောင်းချီးပေးရန်ပင် ဖြစ်၏။
ဤ “ခပ်သိမ်းသော သတ္တဝါအပေါင်း” ဆိုသည့် အထဲတွင် လူသားများသာ ပါဝင်သည် မဟုတ်ပေ။
ထိုသို့ တွေးလိုက်သောအခါမှ အရာအားလုံးက ယုတ္တိတန်သွားလေတော့သည်။
ရွှီပေါ်အန်းမှာ လက်မရှိ ခြေမရှိသဖြင့် အမွှေးတိုင် ထွန်းခြင်း သို့မဟုတ် ဦးချခြင်းကဲ့သို့ အပြုအမူများကို မလုပ်ဆောင်နိုင်သော အခြား တိရစ္ဆာန်လေးများဆိုလျှင် မည်သို့ ဖြစ်လာမည်နည်းဟု သိချင်နေမိ၏။
အကယ်၍ ၎င်းတို့သည် တောင်စောင့်နတ်မင်းအပေါ် အမှန်တကယ် ကျေးဇူးသိတတ်ပြီး စိတ်ရင်းဖြင့် ရိုသေကြမည်ဆိုလျှင်...။
၎င်းတို့က ကျေးဇူးတင်ရှိမှုကို မည်သို့ ဖော်ပြရမည်နည်း၊ ထိုကျေးဇူးတင်ရှိမှုအပေါ် တောင်စောင့် နတ်မင်းက မည်သို့ ပြန်လည် တုံ့ပြန်ရမည်နည်း...။
အတော်ကြာအောင် တွေးတောသော်လည်း အဖြေတစ်ခုမှ ထွက်မလာသဖြင့် ရွှီပေါ်အန်းမှာ လက်လျှော့ လိုက်လေတော့၏။
လူတစ်ယောက်သည် လူလတ်ပိုင်းအရွယ်သို့ ရောက်လာသည့်အခါ သေးဖွဲသော ကိစ္စရပ်များအပေါ် အချိန်ကုန်ခံပြီး အားစိုက်မနေတော့သည်မှာ အကောင်းဆုံးပင် ဖြစ်လေသည်။
ရွှီပေါ်အန်းသည် စာရွက်စာတမ်းများကို စစ်ဆေးရန် အာရုံပြန်စိုက်မည် ပြင်စဉ်မှာပင် သူ၏ ဖုန်းမှ အသိပေးချက် အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သူ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ ၎င်းမှာ သူ ဆေးဝါးကိစ္စ မေးမြန်းခဲ့သော မိုဘိုင်းအက်ပ်မှ မက်ဆေ့ခ်ျအသစ် တစ်ခုပင် ဖြစ်လေသည်။
“ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအရ လူနာကို သတိပေးဖို့ တာဝန်ရှိပါတယ်...။ အဖျား ကျဆေးကို သုံးရုံနဲ့ ရောဂါက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး...။ အဖျားကျအောင် လုပ်ပေးရုံနဲ့ အပူချိန်မြင့်မားမှုကြောင့် လူနာရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် အန္တရာယ်ကိုသာ ကာကွယ်ပေးနိုင် တာပါ...။ အကယ်၍ ဆက်လက် ကုသဖို့ လိုအပ်ရင်တော့ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ အတွက် ဆေးရုံကို လာပြပြီး စစ်ဆေးမှုတွေ ထပ်မံ လုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်...။”
ရွှီပေါ်အန်း ခေါင်းညိတ်လိုက်လေသည်၊ ထိုအခြေခံ အချက်အလက်များကို သူ သိရှိပြီးသား ဖြစ်၏။
သို့သော်လည်း ထိုအချိန်တွင် သူ လုံးဝ ဥဿုံ မတွေးမိခဲ့သည်မှာ အမှန်ပင်။ ဤဆရာဝန်မှာ အတော်လေး တာဝန်သိတတ်သည်ဟု ပြောရပေမည်။
အကယ်၍ ကိုယ်တိုင် သို့မဟုတ် သူငယ်ချင်းတစ်ယောက် နေမကောင်းဖြစ်မည်ဆိုပါက ၎င်းထံသို့ သွားရောက် ပြသခြင်းမှာ မဆိုးလှပေ။ အဆုံးတွင် ဆရာဝန် သူငယ်ချင်းတစ်ယောက် ရှိထားခြင်းမှာ မကောင်းသည့်အရာ မဟုတ်သည် မဟုတ်ပါလား။
သို့သော် ဤလူနာမှာ ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ လူပုလေးတစ်ကောင်၊ မျောက်တစ်ကောင်သာ ဖြစ်နေ သဖြင့် ဆေးရုံသို့ ခေါ်သွားရန် ကိစ္စကိုမူ မေ့ထားလိုက်ရုံသာ ရှိတော့ပေသည်။
သူသည် “ကျေးဇူးတင်ပါတယ်” ဟု စာရိုက်ကာ ပို့ရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ရောက်လာပြန်လေ၏။
“နောက်ပြီးတော့... ကျွန်တော့်ရဲ့ အိမ်ထောင်ဖက်နဲ့ အခုပဲ အတည်ပြုပြီးပါပြီ...။ အကယ်၍ စိတ်ကျန်း မာရေး ကုသမှု ခံယူဖို့ အမှန်တကယ် လိုအပ်နေပြီး ငွေကြေး အခက်အခဲ ရှိနေမယ်ဆိုရင်တော့ သက်ဆိုင်ရာ ထောက်ပံ့ကြေးတွေ လျှောက်ထားလို့ ရပါတယ်...။ အဲဒါက ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို အခမဲ့ ရရှိနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်...။”
ရွှီပေါ်အန်းသည် “ကျေးဇူးတင်ပါတယ်” ဟူသော စကားလုံးကို ချက်ချင်း ပြန်လည် ဖျက်လိုက်ပြီး ဆော့ဖ်ဝဲကို ပိတ်လိုက်ကာ စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်လေတော့သည်။
*ဒီလူက စိတ်ကျန်းမာရေး ဆေးရုံအတွက် အရောင်းကိုယ်စားလှယ် လုပ်နေတာများလား….။*
ဤမျှအထိ ခေါင်းမာပြီး အရှက်မရှိသည်မှာ အတော်လေးပင်... သူသာ အာမခံ အရောင်းဝန်ထမ်း လုပ်မည်ဆိုလျှင် အောင်မြင်မည်မှာ သေချာလှသည်။
သို့သော်လည်း တစ်ဖက်လူ၏ သတိပေးချက်မှာ အချိန်ကိုက်ပင် ဖြစ်လေ၏။
အဖျားကျဆေးကို တိုက်ကျွေးပြီးပြီ ဖြစ်သော်လည်း အဖျားကျအောင် လုပ်ခြင်းမှာ ပထမအဆင့်သာ ရှိပေသေးသည်။
ရောဂါကို ကုသရန်အတွက် ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါလား ဆိုသည် ကို ဦးစွာ ခွဲခြားရပေလိမ့်မည်။ ရွှီပေါ်အန်းမှာ ပညာရှင်တစ်ဦး မဟုတ်သဖြင့် ၎င်းကို လုံးဝ နားမလည်နိုင် ချေ။
မျောက်ငယ်လေးကို တိရစ္ဆာန်ဆေးကုဆရာဝန်ထံ တိုက်ရိုက် ခေါ်သွားရန်မှာလည်း မဖြစ်နိုင်ပေ။
ရွှီပေါ်အန်းသည် အလွယ်လမ်းကိုသာ ရွေးချယ်လိုက်ပြီး သူ၏ ဖုန်းမှတစ်ဆင့် တိရစ္ဆာန်ဆေးကုသရေး ဆွေးနွေးသည့် ပလပ်ဖောင်းတစ်ခုကို ရှာဖွေကာ သာမန် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများကို ကာကွယ် ကုသပုံနှင့် ပတ်သက်၍ စုံစမ်းလိုက်လေသည်။
ဤတစ်ကြိမ်တွင်မူ ရွှီပေါ်အန်းသည် အခပေး ဆွေးနွေးမှုကိုသာ တိုက်ရိုက် ရှာဖွေလိုက်တော့၏။
အဆုံးတွင် အခမဲ့ ပေးသော အရာများကို သုံးရသည်မှာ စိတ်ချမ်းသာမှု မရှိလှပေ။ ဝယ်ယူသူကို နတ်ဘုရားကဲ့သို့ မဆက်ဆံသည့်အပြင် စိတ်မနှံ့သူဟုပင် သံသယ ဝင်ခြင်း ခံရသေးသည် မဟုတ်ပါ လား။
ရွှီပေါ်အန်းက အွန်လိုင်းမှတစ်ဆင့် ဆယ်ယွမ်တန် မှတ်ပုံတင်ကြေးကို ယဉ်ကျေးစွာ ပေးဆောင်လိုက်ပြီး နောက် တိရစ္ဆာန်ဆေးကုဆရာဝန်က ဝမ်းမြောက်ဝမ်းသာပင် အကြံဉာဏ် ပေးလာခဲ့လေသည်။
တိရစ္ဆာန်များအတွက် အသေးစိတ် စစ်ဆေးနိုင်သည့် စွမ်းရည်၊ နည်းလမ်း သို့မဟုတ် အခြေအနေများ မရှိပါက အကောင်းဆုံး ရွေးချယ်မှုမှာ ပဋိဇီဝဆေးများကို အသုံးပြုခြင်းပင် ဖြစ်သည်။
ဝက်၊ နွား၊ သိုး၊ ခွေး၊ ကြောင်၊ ကြက်၊ ဘဲ၊ ငါး၊ လိပ်နှင့် ငန်း...၊ ဤသတ္တဝါ အားလုံးမှာ အလားတူ ကုသမှု နည်းလမ်းများ လိုအပ်ကြလေသည်။
တိရစ္ဆာန်များသည် စကားမပြောနိုင်သကဲ့သို့ ဆက်သွယ်မှုလည်း မပြုနိုင်ကြချေ။
ဖြစ်လေ့ဖြစ်ထရှိသော ရောဂါအတော်များများအတွက်မူ လေ့လာမှုများနှင့် အတွေ့အကြုံများ ရှိနေဆဲ ဖြစ်ရာ အကျပ်အတည်း ဖြစ်နေချိန်တွင် စမ်းသပ်ကြည့်ရုံသာ ရှိတော့ပေသည်။
မည်သို့ပင် ဖြစ်စေ၊ သာမန် ရောဂါအများစုတွင် ဖြစ်ပွားရသည့် အခြေခံ အကြောင်းရင်းများမှာ မည်မျှ ပင် ကွဲပြားစေကာမူ အတူတူပင် ဖြစ်လေသည်။
ရွှီပေါ်အန်းသည် တစ်ဖက်လူ၏ အကြံပြုချက်ကို လိုက်နာကာ ဆေးခန်းသို့ ဖုန်းဆက်၍ အဇစ်သရိုမိုင်စင် ဖျားနာကုဆေးမှုန့် နောက်ထပ် တစ်ဗူး ပို့ပေးရန် ပြောလိုက်လေသည်။
ရေနှင့် ဖျော်၍ သောက်နိုင်သော ဤဆေးအမျိုးအစားကို ရွေးချယ်ရခြင်းမှာ မသောက်မီ ဆေးကို ရေရောရန် လွယ်ကူသောကြောင့် ဖြစ်၏။
ဆေးခန်းမှ ဆေးလာပို့သော ဆရာဝန်မှာ စိတ်မရှည်သည့် အမူအရာ မရှိဘဲ ရွှီပေါ်အန်း၏ စားပွဲပေါ်တွင် ပြုံးလျက် တင်ပေးလိုက်လေသည်။
၎င်းက
“မစ္စတာရွှီ... နေကောင်းရဲ့လား...။ လိုအပ်ရင်တော့ ဆေးရုံကို ပို့ပေးဖို့ ကျွန်တော်တို့ အဆက်အသွယ် လုပ်ပေးပါ့မယ်...။ အဲဒီက လူတွေကို ကျွန်တော် ကောင်းကောင်း သိပါတယ်...။” ဟုပင် ကြင်နာစွာ မေးမြန်းနေသေး၏။
ရွှီပေါ်အန်းမှာ ထိုလူကို ကြည့်ကာ မျက်လုံးလှန်ပြမိခြင်းမှအပ အခြားမရှိတော့ပေ။
နှာစေး၊ ဖျားနာရုံမျှဖြင့် ဆေးရုံသို့ ပို့ဆောင်ရန် ပြောနေခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ဆေးခန်း ထက်ပင် နည်းပညာ နိမ့်ကျနေသည်ကို ပြသနေခြင်းပင် ဖြစ်သည်။
ရွှီပေါ်အန်းက လက်ကာပြလိုက်ပြီး၊
“ဘာမှမဟုတ်ပါဘူး... အိမ်နီးနားချင်း တစ်ယောက် နေမကောင်းဖြစ်လို့တဲ့...။ သူက ဆေးထွက်ဝယ်ဖို့ ပျင်းနေတာနဲ့ အလုပ်ဆင်းရင် ဝယ်ခဲ့ပေးဖို့ ပြောထားလို့ပါ...။” ဟု ပေါ့ပေါ့ပါးပါးပင် ပြန်လည် ဖြေလိုက် လေသည်။
ဆရာဝန်ကို လွှတ်လိုက်ပြီးနောက် ရွှီပေါ်အန်းသည် ညွှန်ကြားချက်များအတိုင်း အဇစ်သရိုမိုင်စင် ဖျားနာ ကုဆေးမှုန့်ကို ဖျော်စပ်သည့်ခွက်ထဲတွင် ရေရောလိုက်လေ၏။
မျောက်ကလည်း ထိုနည်းအတိုင်းပင် ဆေးကို သောက်ခဲ့လေသည်။
မျောက်များမှာ မျောက်ငယ်လေးမှာ အဖျားကျသွားပြီ ဖြစ်ပါလျက် တောင်စောင့်နတ်မင်းကြီးက အဘယ်ကြောင့် ဤနတ်ဆေးကို ထပ်မံ ပေးသနားရသနည်းဟု ဇဝေဇဝါ ဖြစ်နေကြသော်လည်း။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ပြောသည်ဖြစ်ရာ သူတို့မှာ ပြောသည့်အတိုင်း လုပ်ဆောင်ကြရပေ လိမ့်မည်။
ဆေးသောက်ပြီးနောက် မျောက်အုပ်စုသည် ရုပ်ထုအား ကျေးဇူးတင်စွာဖြင့် ဦးတိုက်ပူဇော်ကြပြီး သူတို့ ၏ ဝမ်းမြောက်မှုနှင့် ရိုသေမှုကို ဖော်ပြခဲံ့ကြလေသည်။
ရွှီပေါ်အန်းသည် ၎င်းကို စောင့်ကြည့်ရင်း ခေတ္တမျှ တွေးတောနေမိ၏။
*အင်း... ဓီကုသမှု နည်းလမ်းက ဖြစ်နိုင်ပုံရတယ်...။
မဟုတ်ပါက ဤမျောက်မှာ ယခုအချိန်အထိ အသက်ရှင်နိုင်မည် မဟုတ်သည်မှာ သေချာလှသည်။
ဤဆေးဝါးများသည် မျောက်များကို ကုသရန်အတွက် ဖြစ်သော်လည်း ၎င်းမှာ စမ်းသပ်မှု ပုံစံတစ်ခု လည်း ဖြစ်နေခဲ့၏။
မျောက်များက သုံးနိုင်သည်ဆိုလျှင် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ လူပုလေးများလည်း သုံးနိုင်သည်ဟု အခြေခံအားဖြင့် ဆိုနိုင်လေသည်။ အဆုံးတွင် မျောက်နှင့် လူသားမှာ နို့တိုက်သတ္တဝါချင်း တူညီကြသည် မဟုတ်ပါလား။
နောင်တွင် ရွာသားများ အကူအညီ လိုအပ်လာပါက ရွှီပေါ်အန်းအနေဖြင့် လက်မှိုင်ချနေစရာ မလိုတော့ပေ။
ဤအကြောင်းကို တွေးမိသောအခါ ရွှီပေါ်အန်းသည် မျောက်ကို စမ်းသပ်ခံအဖြစ် အသုံးပြုခဲ့မိသဖြင့် အနည်းငယ် စိတ်မကောင်း ဖြစ်မိလေသည်။
အနည်းဆုံးတော့ လက်ရှိကမ္ဘာတွင် ဆေးဝါးစမ်းသပ်မှုများမှာ အခကြေးငွေ ရရှိကြသည် မဟုတ်ပါ လား။
ထိုသို့ တွေးမိသည်နှင့် ရွှီပေါ်အန်းသည် ထမင်းစားဆောင်သို့ ဖုန်းဆက်ကာ ငှက်ပျောသီးအချို့ ပို့ပေးရန် ပြောလိုက်လေတော့၏။
ထို့နောက် ငှက်ပျောသီး တစ်စိတ်ကို ယူကာ မျောက်များကို ညင်သာစွာ ကျွေးလိုက်လေသည်။
ငှက်ပျောသီးကို ရရှိသောအခါ မျောက်များမှာ ချက်ချင်းပင် အံ့အားသင့်သွားကြပြီး နောက်ထပ်တစ်ဖန် ကျေးဇူးတင်စကားများကို စိတ်လှုပ်ရှားစွာဖြင့် တကွီကွီ အော်မြည် ပြောဆိုနေကြလေတော့၏။
“ကျေးဇူးတင်ပါတယ်... နတ်မင်းကြီး...။ ကျွန်တော်တို့ တစ်ခါမှ... မစားဖူးဘူး...၊ အရမ်း အရသာရှိ တာပဲ...။”
မျောက်အုပ်၏ ခေါင်းဆောင်၏ ထစ်ထစ်ငေါ့ငေါ့ စကားပြောပုံအရ ဘွန်ဆိုင်းကမ္ဘာတွင် ငှက်ပျောသီးပင် မရှိသေးပုံရပေသည်။
ဤကိစ္စ ပြီးဆုံးသွားပြီဟု ခံစားလိုက်ရသဖြင့် ရွှီပေါ်အန်းသည် ခေါင်ရှန်းရွာမှ ရွာသားများ၏ အခြေ အနေကို စစ်ဆေးကြည့်လိုက်လေ၏။
ရွာသားများသည် ပျော်ရွှင်စွာဖြင့် အိမ်ပြောင်းနေကြပြီး အမျိုးသားရော အမျိုးသမီးပါ စနစ်တကျ အလုပ်လုပ်နေကြလေရာ အလုပ်များနေကြသော်လည်း ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် လုံးဝ မရှိကြပေ။
အခြားတစ်ဖက်တွင်မူ မြို့ရိုးအောက်ရှိ လူပုလေးအချို့မှာမူ ပျင်းရိစွာဖြင့် ခေါင်ရှန်းရွာသားများ အိမ်သစ်သို့ ပျော်ရွှင်စွာ ပြောင်းရွှေ့နေကြသည်ကို အားကျစွာ ငေးကြည့်နေကြလေသည်။
ရွှီပေါ်အန်းက သူတို့ကို တိုက်တွန်းရန် ပျင်းရိနေမိ၏။ လူတိုင်း ခေတ္တမျှ အနားယူနိုင်သည် မဟုတ်ပါလား။
ရွှီပေါ်အန်း ဘွန်ဆိုင်းကို ပြန်သိမ်းမည် ပြင်စဉ်မှာပင် သူ၏ ဖုန်းမြည်လာခဲ့လေသည်။
၎င်းမှာ ထျန်ရှောင်ဟူထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်လေ၏။
“အစ်ကို... ဟိုတယ် ဘိုကင်တင်ပြီးပါပြီ...။ တုန်းကျန်း ဟိုတယ်ကိုပဲ ရွေးထားတယ်...။”
“ကောင်းပြီ... နောက်မှ တွေ့ကြတာပေါ့...။”
ရွှီပေါ်အန်း ဖုန်းကို လိုရင်းတိုရှင်းပင် ချလိုက်ပြီးမှ သေတ္တာထဲရှိ မျောက်အုပ်စုမှာ မပြန်ကြသေးသည်ကို တွေ့လိုက်ရလေ၏။
မျောက်အုပ်၏ ခေါင်းဆောင်သည် လက်ဖဝါးအရွယ်အစားရှိသော အမည်းရောင် အရာဝတ္ထုတစ်ခုကို
သယ်ဆောင်လာပြီး တောင်စောင့်နတ်မင်း နတ်ကွန်းရှိ အမွှေးတိုင်စင်ပေါ်တွင် ရိုသေစွာ တင်ထားခဲ့ပြီးမှ ထွက်ခွာသွားလေတော့သည်။
အခန်း (၈၄)
မည်မျှ တိုက်ဆိုင်လိုက်ပါသနည်း
စပ်စုလိုစိတ် ပြင်းပြနေသော ရွှီပေါ်အန်းသည် မျောက်ကလေးက အမွှေးတိုင်စင်ပေါ်တွင် တင်ထားခဲ့ သော အရာဝတ္ထုကို ကောက်ယူကြည့်လိုက်လေသည်။
မကြာမီတွင် ထိုအရာသည် တဖြည်းဖြည်း ကြီးထွားလာပြီးနောက် တည်ငြိမ်သွားသောအခါ ရွှီပေါ်အန်း ၏ လက်ဝါးခန့် အရွယ်အစားသို့ ရောက်ရှိသွား၏။ ၎င်း၏ ပုံသဏ္ဌာန်မှာ ခရမ်းရောင်ရင့်ရင့် ကန်စွန်းဥနှင့် တူသလို၊ ထူးဆန်းသော သစ်ကြားသီးကြီး တစ်လုံးနှင့်လည်း ဆင်တူနေပေသည်။
ပထမဆုံး ကြည့်လိုက်လျှင် ဤအရာမှာ ထူထဲပြီး ဘဲဥပုံသဏ္ဌာန် ရှိလေသည်။ အသာအယာ ညှစ်ကြည့် လိုက်သောအခါ အတော်အတန် မာကျောပြီး အမျှင်ဓာတ် အသွေးအသား အချို့ကိုလည်း တွေ့မြင်ရ၏။
ဤအရာကို စားကြည့်လျှင် အလွန် ခြောက်သွေ့နေမည်ဟု ရွှီပေါ်အန်း ခန့်မှန်းလိုက်မိသည်။
သို့သော် ဤအရာက အမှန်တကယ် ဘာကြီးဖြစ်ပါသနည်း။
ရွှီပေါ်အန်းသည် ထောင့်ပေါင်းစုံမှ လှည့်ပတ်ကြည့်ရှုသော်လည်း အမှန်တကယ်ပင် မမှတ်မိခဲ့ချေ။
သို့သော် ဤသည်မှာ ခေတ်မီနည်းပညာများအတွက်မူ စိန်ခေါ်မှု တစ်ခုတော့ မဟုတ်ပေ။
ရွှီပေါ်အန်းသည် သူ၏ဖုန်းကို ထုတ်ကာ ပစ္စည်းစစ်ဆေးသည့် လုပ်ဆောင်ချက် ကို ဖွင့်၍ ထိုအရာကို စကန်ဖတ်လိုက်လေ၏။
မကြာမီမှာပင် ထိုအရာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များက ရွှီပေါ်အန်း၏ ဖုန်း မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့လေသည်။
ဟယ်ရှိုဝူး အမြစ်ဥ။
“ဝါး... ဒီအရာက တော်တော် နာမည်ကြီးတာပဲ...။”
၎င်းမှာ အမှန်တကယ်ပင် နာမည်ကျော် ဟယ်ရှိုဝူး ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။
ဟယ်ရှိုဝူးသည် ဤမျှ နာမည်ကြီးရခြင်းမှာ ရွှီပေါ်အန်း ကျောင်းသားဘဝ အခြေခံပညာ သင်ကြားစဉ်က သင်ခန်းစာစာအုပ်ထဲတွင် ဆရာကြီးတစ်ဦး ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ် ပါရှိခဲ့ဖူးသောကြောင့် ဖြစ်၏။ ထိုဆောင်းပါးထဲတွင် ဤကဲ့သို့သော စာသားတစ်ကြောင်း ပါရှိခဲ့လေသည်။
“အချို့သောသူတွေက ဟယ်ရှိုဝူးရဲ့ အမြစ်ဟာ လူပုံသဏ္ဌာန်ရှိပြီး အဲဒါကို စားရင် မသေနိုင်တဲ့ အမြုတေကို ရရှိနိုင်တယ်လို့ ပြောကြတယ်...။”
ရလဒ်အနေဖြင့် ထိုစဉ်က ကလေးငယ် အများအပြားသည် ဤ “လူပုံသဏ္ဌာန် ဟယ်ရှိုဝူး” အပေါ် အဆုံးမဲ့ တောင့်တမှုများ ရှိခဲ့ကြလေသည်။
ဤအရာကို စားသုံးခြင်းဖြင့် မည်သူမျှ မယှဉ်နိုင်သော စွမ်းအားရှင် ဖြစ်လာကာ အလင်းစစ်သည်တော် များကို နင်းခြေပြီး ထရန်စဖော်မာများကို လက်သီးဖြင့် ထိုးနှက်နိုင်ရန်၊ အနှိုင်းမဲ့သူ ဖြစ်လာစေရန် သူတို့ မျှော်လင့်ခဲ့ကြဖူးလေ၏။
အရွယ်ရောက်လာမှသာ ဤအရာသည် လုပ်ကြံဖန်တီးထားသော အရာဖြစ်ကြောင်း ရွှီပေါ်အန်း သိရှိခဲ့ ရခြင်း ဖြစ်ပေသည်။
သို့သော် ငယ်ဘဝ၏ လှပသော အမှတ်တရများသည် သူ၏ စိတ်ထဲတွင် ကျန်ရစ်နေဆဲပင် ဖြစ်၏။
ဟယ်ရှိုဝူး (ပေါ်လီဂွန်နမ် မာတီဖလော်ရမ်) သည် ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်လေသည်။
ဤသော့ချက်စကားလုံး နှစ်ခုတည်းနှင့်ပင် လုံလောက်နေပြီ ဖြစ်၏။
ရွှီပေါ်အန်းသည် ဖုန်းမျက်နှာပြင်ပေါ်ရှိ ဟယ်ရှိုဝူး၏ အာနိသင်များကို အမှတ်မထင် ဖတ်ကြည့်လိုက်ပြီး ဝမ်းသာအားရဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်မိလေသည်။
“ဘုရားရေ... ဒါက တကယ့်ကို အားဖြည့်ပေးနိုင်တာပဲ...။ လူလတ်ပိုင်း အမျိုးသားတွေအတွက် တကယ့် ကို ရတနာပဲ...။”
အစောပိုင်းက ထိုအရာကို သိပ်ဂရုမစိုက်ခဲ့သော ရွှီပေါ်အန်းသည် အာနိသင် ဖော်ပြချက်များကို မြင်ပြီး နောက်တွင် ထိုအရာကို ဂရုတစိုက် ပြန်လည် သေးငယ်စေကာ သိမ်းဆည်းလိုက်လေတော့သည်။
ဤဟယ်ရှိုဝူး၏ အာနိသင်မှာ မည်မျှအထိ ထိရောက်မည်ကို မသိရသေးသော်လည်း အနည်းဆုံးတော့ ၎င်းမှာ သဘာဝအလျောက် ပေါက်ရောက်သော အရာဖြစ်သဖြင့် ယခုခေတ် ဆေးဆိုင်များတွင် ဝယ်ယူ ရရှိနိုင်သော စိုက်ပျိုးထားသည့် ဆေးဖက်ဝင် အပင်များထက် ပိုမို အာနိသင် ထက်မြက်မည်မှာ သေချာ လှပေသည်။
အမြန် ပြင်ဆင်ပြီးနောက် ရွှီပေါ်အန်းသည် အခန်းတံခါးကို ဖွင့်၍ ရုံးခန်းထဲမှ ထွက်လာကာ စားသောက် ပွဲသို့ တက်ရောက်ရန် ပြင်ဆင်လိုက်လေ၏။
သူ အကြောဆန့်လိုက်စဉ်မှာပင် ဘေးခန်းမှ သွယ်လျသော ကိုယ်လုံးလေး တစ်ခု လျင်မြန်စွာ ထွက်လာ ခဲ့သည်။
ရွှီပေါ်အန်းက မသိမသာ လှမ်းကြည့်လိုက်မိ၏။
“ဟင်... ထျန်ရှောင်ထုန် မဟုတ်လား...။”
ထျန်ရှောင်ထုန်သည် ယခုတစ်ကြိမ်တွင် ပေါ့ပေါ့ပါးပါး အဝတ်အစားများ သို့မဟုတ် ကုမ္ပဏီတံဆိပ်ပါ သော အလုပ်ဝတ်စုံများကို ဝတ်ဆင်မထားဘဲ ရုံးခန်း ဒုတိယညွှန်ကြားရေးမှူး လျှိုဝေ ဝတ်ဆင်သကဲ့သို့ သော ရုံးဝန်ထမ်း ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
စကတ်တိုအောက်ရှိ ဖြောင့်စင်းသော ခြေတံရှည်များပေါ်တွင် ခြေအိတ်ရှည်များ ဝတ်ဆင်ထားခဲ့ပြီး အနက်ရောင် ဒေါက်မြင့်ဖိနပ်နှင့် တွဲဖက်လိုက်သောအခါ သူမသည် ပိုမိုတင့်တယ်ပြီး စွဲမက်ဖွယ်ကောင်း နေလေတော့သည်။
“ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ...၊ စမ်းသပ်ရေး အစီအစဉ်ကို အဆင့်မြှင့်လိုက်တာလား...။ ငါတို့ ကို အလုပ်ထဲမှာ စိတ်အေးအေးထားခွင့် မပေးတော့ဘူးလား...။”
ရွှီပေါ်အန်းသည် ယခင်က ဓာတ်ပုံထဲတွင် မြင်ခဲ့ရသော ဆွဲဆောင်မှုရှိသည့် ညီအစ်မများကို မတွေးဘဲ မနေနိုင် ဖြစ်သွားခဲ့ရလေသည်။
“မင်္ဂလာပါ အင်ဂျင်နီယာချုပ်ရွှီ...။”
ထျန်ရှောင်ထုန်၏ ချိုသာသော နှုတ်ဆက်သံက ရွှီပေါ်အန်း၏ အတွေးများကို ဖြတ်တောက်လိုက် လေသည်။
ရွှီပေါ်အန်းက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး၊
“အင်း... မင်း ဒီရုံးခန်းထဲမှာ ဘာလုပ်နေတာလဲ...။” ဟု မေးလိုက်၏။
ဘေးခန်းမှာ ယခင်က ဒုတိယမန်နေဂျာ တစ်ဦး၏ ရုံးခန်းဖြစ်ပြီး နောက်ပိုင်းတွင် ထိုရာထူး လစ်လပ်သွား သဖြင့် ရုံးခန်းတံခါးမှာ အမြဲတမ်း ပိတ်ထားလေ့ရှိသည်ကို ရွှီပေါ်အန်း ရှင်းရှင်းလင်းလင်း မှတ်မိနေခြင်း ဖြစ်သည်။
“အင်ဂျင်နီယာချုပ်ရွှီ... ညွှန်ကြားရေးမှူးလျှိုက ကျွန်မကို အင်ဂျင်နီယာချုပ်ရွှီရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးလိုက်ပါတယ်...။ အင်ဂျင်နီယာချုပ်ရွှီ ခိုင်းစေရတာ အဆင်ပြေအောင် အခုလောလောဆယ် ဒီဘေးခန်းမှာပဲ အလုပ်လုပ်နေမှာပါ... အင်ဂျင်နီယာချုပ်ရွှီရဲ့ ရုံးခန်းသစ် ပြင်ဆင်ပြီးသွားရင်တော့ ကျွန်မ တို့ ပြောင်းရွှေ့ကြတာပေါ့...။”
“မဟုတ်သေးဘူး... ခဏလေး... ဘယ်သူက အတွင်းရေးမှူး လိုတယ်လို့ ပြောလို့လဲ...။ အင်ဂျင်နီယာချုပ် အဟောင်းမှာတုန်းကရော အတွင်းရေးမှူး ရှိခဲ့လို့လား...။”
ကုမ္ပဏီတစ်ခုတည်းရှိ ခေါင်းဆောင်နှစ်ဦးကြားတွင် မည်မျှပင် မုန်းတီးမှုများ ရှိနေပါစေ၊ အလုပ်ချိန် အတွင်း၌မူ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းရပေမည်။ ဟုတ်ပေသည်... လုပ်ငန်းခွင်ဆိုသည်မှာ စစ်မြေပြင်ကဲ့သို့ပင် ဖြစ်သဖြင့် နောက်ကျောကို ဓားနှင့် ထိုးမည့်သူကို မည်သူကမှ ကရုဏာ ထားနေ မည် မဟုတ်ပေ။
“ဟုတ်ကဲ့... ရှိပါတယ်...။ ဒါပေမဲ့ သူရွေးချယ်ထားတဲ့ အတွင်းရေးမှူးက သူ့ရဲ့ တူမတော်စပ်သူ ဖြစ်နေပြီး အချိန်အတော်များများ ရုံးမတက်တာကြောင့်...။”
ထျန်ရှောင်ထုန်က စကားကို ဆက်မပြောတော့ပေ။
သို့သော် ထပ်မံ ရှင်းပြနေရန် မလိုတော့ပေ။ အချို့သောအရာများသည် ရှင်းရှင်းလင်းလင်း မပြောသော် လည်း နားလည်နိုင်ပေသည်...။ ဤသည်မှာ အလုပ်မလုပ်ဘဲ လစာအလကား ယူနေခြင်း မဟုတ်ပါလား။
ရွှီပေါ်အန်းက မိမိတွင် အတွင်းရေးမှူး မလိုကြောင်း ပြောရန် ပြင်လိုက်သော်လည်း နောက်မှ ပြန်တွေး ကြည့်လိုက်ရာ၊
*ငါက ဘာလို့ မထားရမှာလဲ...၊ တခြားလူတွေ ရှိရင် ငါလည်း ရှိသင့်တာပေါ့...* ဟု တွေးလိုက်မိသည်။
သူ၏ ရာထူးအဆင့်အတန်းအရ အတွင်းရေးမှူး ထားရှိရန် တရားဝင် ခွင့်မပြုသော်လည်း ခေါ်ဝေါ်သည့် အမည်နာမများမှာ အမျိုးမျိုး ရှိနေပေသည်။ အချို့က အမှာတော်ပါးသူ၊ အချို့က ဆက်သွယ်ရေး အရာရှိ ၊ အချို့ကမူ ခေါင်းဆောင်ကို ကူညီရန် တာဝန်ပေးထားသော ရုံးဝန်ထမ်း...။ ဤအရာအားလုံးမှာ အတွင်း ရေးမှူးဟူသော အဓိပ္ပာယ်ပင် ဖြစ်လေသည်။
ထို့အပြင် သူသည် ယခု ထျန်ရှောင်ထူ၏ ယောက္ခမလောင်းနှင့် သွားရောက် တွေ့ဆုံရမည် ဖြစ်သဖြင့် အရက်သောက်ရန်မှာ ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။ ကားမောင်းပေးမည့်သူ လိုအပ်နေသဖြင့် ထျန်ရှောင်ထုန်ကို သူနှင့်အတူ ယာဉ်မောင်းအဖြစ် ခေါ်သွားရန် ဆုံးဖြတ်လိုက်လေသည်။
ရွှီပေါ်အန်းက ထျန်ရှောင်ထုန်၏ ဒေါက်မြင့်ဖိနပ်ကို လက်ညှိုးထိုးပြကာ ၊
“ကားမောင်းရတာ အဆင်ပြေမယ့် ဖိနပ်မျိုး ပြောင်းဝတ်ခဲ့ပါ...။ မင်း ကားမောင်းပြီး ငါနဲ့ လိုက်ခဲ့...။” ဟု ပြောလိုက်လေ၏။
ထျန်ရှောင်ထုန်က ခေါင်းညိတ်ပြကာ ၊
“ကောင်းပါပြီ အင်ဂျင်နီယာချုပ်ရွှီ... ကျွန်မ အခုချက်ချင်း သွားလဲလိုက်ပါ့မယ်...။ ခဏလောက် စောင့် ပေးဖို့ မေတ္တာရပ်ခံပါပါတယ်ရှင်...။” ဟု ပြောလိုက်လေသည်။
ရွှီပေါ်အန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ထျန်ရှောင်ထုန်သည် သူမ၏ ဒေါက်မြင့်ဖိနပ်သံ တဂွပ်ဂွပ်ဖြင့် ပေါ့ပါးစွာ ထွက်ခွာသွားလေတော့သည်။
ထျန်ရှောင်ထုန်၏ လှုပ်ရှားနေသော နောက်ကျောကို ကြည့်ရင်း ရွှီပေါ်အန်းက၊
“လူငယ်ဘဝက တကယ်ကို ကောင်းတာပဲ...။ လမ်းလျှောက်တာတောင်မှ လူငယ်တွေရဲ့ အငွေ့အသက် ကို ခံစားနေရတယ်...။” ဟု မချီးကျူးဘဲ မနေနိုင် ဖြစ်သွားရလေသည်။
ရွှီပေါ်အန်းသည် ကားရှေ့တွင် ခေတ္တမျှ စောင့်ဆိုင်းလိုက်ပြီးနောက် ထျန်ရှောင်ထုန် ပြန်ရောက်လာ ခဲ့လေသည်။ သူမသည် အဝတ်အစားများမှာ ယခင်အတိုင်းပင် ဖြစ်သော်လည်း ဖိနပ်ကိုမူ အရောင်တူ ဒေါက်နိမ့်ဖိနပ်တစ်စုံဖြင့် လဲလှယ်ထားသဖြင့် ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦး၏ ပုံစံ ပေါက်နေဆဲပင် ဖြစ်၏။
တုန်းကျန်း ဟိုတယ်။
တုန်းကျန်းမြို့၏ ပထမဆုံး ကြယ်ပွင့်အဆင့်ရှိ ဟိုတယ် ဖြစ်လေသည်။
ယခင်က တုန်းကျန်းမြို့ အမှတ် (၁) ဧည့်ဂေဟာဟု လူသိများခဲ့ပြီး အလွန်အဆင့်မြင့်သော စံနှုန်းများ ရှိခဲ့ ဖူးလေသည်။ သို့သော် လွန်ခဲ့သော နှစ်များအတွင်း အထက်အာဏာပိုင်များ၏ စည်းမျဉ်းစည်းကမ်းများ ကြောင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အကန့်အသတ် ရှိခဲ့ပြီး အသုံးအဆောင်များမှာ ဟောင်းနွမ်းကာ လဲလှယ်ရန် ခက်ခဲခဲ့သဖြင့် ဧည့်သည်များစွာ ဆုံးရှုံးခဲ့ရကာ ဧည့်ခံကျွေးမွေးရေး တာဝန်များဖြင့်သာ ရပ်တည်ခဲ့ရလေသည်။
နောက်ပိုင်းတွင် စည်းမျဉ်းသစ်များ ထွက်ပေါ်လာပြီးနောက် ထိုဧည့်ဂေဟာကို လေလံတင် ရောင်းချခဲ့ရာ တုန်းကျန်းမြို့၏ အဓိက လုပ်ငန်းကြီးတစ်ခုဖြစ်သော တုန်းကျန်း သံမဏိစက်ရုံက ဝယ်ယူခဲ့လေသည်။ ၎င်းကို တုန်းကျန်း ဟိုတယ်ဟု အမည်ပြောင်းလဲခဲ့ပြီး ကုမ္ပဏီက အကြီးစား ပြုပြင်မွမ်းမံမှုများ ပြုလုပ် ကာ ကျွမ်းကျင်သော မန်နေဂျာများနှင့် နာမည်ကျော် စားဖိုမှူးများကို ငှားရမ်းခဲ့လေသည်။
နှစ်နှစ်၊ သုံးနှစ်အတွင်းမှာပင် ၎င်းသည် တုန်းကျန်းမြို့၏ ကျော်ကြားသော အဆင့်မြင့် ဟိုတယ်တစ်ခု ပြန်လည် ဖြစ်တည်လာခဲ့လေသည်။ ယခုအခါ ၎င်း၏ ဝင်ငွေမှာ တုန်းကျန်းမြို့ရှိ နာမည်ကြီး ဟိုတယ် တစ်ခုဖြစ်သော ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်နှင့်ပင် ယှဉ်နိုင်နေပြီဟု သိရသဖြင့် အောင်မြင်မှုမှာ အံ့မခန်းပင် ဖြစ်လေသည်။
ထျန်ရှောင်ဟူသည် ဤနေရာကို ရွေးချယ်ရန်အတွက် အမှန်တကယ်ပင် ကြိုးစားအားထုတ်ခဲ့ပုံ ရပေ သည်။
ရွှီပေါ်အန်းနှင့် ထျန်ရှောင်ဟူတို့သည် လမ်းတစ်လျှောက် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြပြီး မိန်းကလေး ၏ မိဘများနှင့် ချိန်းဆိုထားသော အချိန်ထက် မိနစ်နှစ်ဆယ်ခန့် စော၍ တုန်းကျန်း ဟိုတယ်သို့ ရောက်ရှိ သွားခဲ့ကြလေသည်။
သူ ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ထျန်ရှောင်ဟူသည် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင် ကာ သူ့ထံသို့ လျှောက်လာခဲ့လေသည်။
“အစ်ကို... ရောက်ပြီလား... ဟဲဟဲ...။ လာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် အစ်ကို...။”
ရွှီပေါ်အန်းက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ၊
“စကားမများနဲ့တော့... မြန်မြန် မိတ်ဆက်ပေးစမ်းပါ...။ ဒါက မင်းရဲ့ ဇနီးလောင်း မဟုတ်လား...။” ဟု ရယ်မောရင်း ပြောလိုက်လေသည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့... ဒါက မြောင်မြောင်ပါ...။ မြောင်မြောင်... ဒါက ကိုယ်ပြောပြတဲ့ အစ်ကိုလေ...၊ ကိုယ့်ရဲ့ ညီအစ်ကိုအရင်းလို ခင်ရတဲ့သူပါ...။ တို့တွေ သိလာတာ နှစ်အတော်ကြာပြီ...။”
လင်းမြောင်မြောင်က ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။
“မင်္ဂလာပါ အစ်ကိုရွှီ... ကျွန်မနာမည် လင်းမြောင်မြောင်ပါ...။ ရှောင်ဟူ ခေါ်သလိုပဲ မြောင်မြောင်လို့ ခေါ်လို့ ရပါတယ်...။ ဒါက အစ်ကို့ရဲ့ ဇနီး ဖြစ်မှာပေါ့နော်... တော်တော်လေး ငယ်ပုံရတယ်...။”
ကားပေါ်မှ ဆင်းကာ ကားသော့ကို ဟိုတယ်ဝန်ထမ်းထံ ပေးအပ်လိုက်သော ထျန်ရှောင်ထုန်သည် ဤ စကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားပြီး ရှင်းပြရန် လက်ဟန်ပြလိုက်စဉ်မှာပင် ထျန်ရှောင်ဟူက
“မြောင်မြောင်... စကားကို လျှောက်မပြောနဲ့လေ... သူက ငါတို့ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်ပါ...။” ဟု ပြောလိုက်လေသည်။
လင်းမြောင်မြောင် မျက်နှာလေး နီမြန်းသွားကာ၊
“အားနာလိုက်တာရှင်... ကျွန်မ...။”
သူမ စကားမဆုံးခင်မှာပင် နောက်ကွယ်မှ သရော်သံ တစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“အို... ဒါက ငါတို့ရဲ့ အင်ဂျင်နီယာချုပ်ရွှီ မဟုတ်ဘူးလား...။ ရာထူးတက်ပြီး သခင်သစ် တွေ့သွားတယ်လို့ ကြားတယ် ... ယောက်ျားတွေက ပိုက်ဆံရှိလာရင် တကယ်ပဲ ဖောက်ပြန်တတ်ကြတာပဲ...။ ကွာရှင်းထား တာ ရက်တစ်ရာတောင် မပြည့်သေးဘူး...၊ အငယ်အနှေးတောင် တွေ့နေပြီလား...။”
လူစုမှာ ထိုအသံလာရာသို့ လှည့်ကြည့်လိုက်ရာ ဝတ်စုံဖြူ ဝတ်ဆင်ထားသော ချီရှောင်ရွှယ်သည် မောက်မာသော မျက်နှာထားဖြင့် တုန်းကျန်း ဟိုတယ်၏ ဧည့်ခန်းမထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ လေသည်။
ရွှီပေါ်အန်း၏ မျက်နှာမှာ မှောင်ကျသွားပြီးနောက် သရော်ပြုံး တစ်ခု ပေါ်လာခဲ့လေသည်။
“ဘုရားရေ... ငါက လွန်ခဲ့တဲ့ ရက်ပိုင်းက အလုပ်များနေလို့ မင်းလို သစ္စာဖောက်ကို အချိန်မပေးနိုင်သေး တာ...။ မင်းက ဒီနေ့ ငါ့ရှေ့ကို ကိုယ်တိုင် ရောက်လာတာပဲ...။”
“နတ်ပြည်သွားမယ့် လမ်းရှိပါလျက်နဲ့ မသွားဘဲ ငရဲပြည်ကိုပဲ တိုးဝင်ချင်နေတာကိုး...။”