အခန်း (၃၀၇-၃၀၈)
Vol. 27 Ch. 307-308
အပိုင်း (၃၀၇)
ကျန်းကျိုးမြို့...
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်၊ ဟေးပင်းထိုင် စစ်သေနာပတိ ယွီထုံနှင့် နုလန်ဟောက်ကို အိမ်ဝင်စီးရန် လာရောက်ခဲ့သော အထူးကိုယ်စားလှယ် အမတ်တို့ အားလုံး ရောက်ရှိနေကြ၏။
အမတ်ကြီး သုံးဦးက ဝေ့ချီတွမ်ကို စစ်ဆေး မေးမြန်းနေကြသည်။
မူလက ဝေ့ချီယန်ကို စစ်ဆေး မေးမြန်းသင့်သော်လည်း သူသည် သေလုမြောပါး ရိုက်နှက်ခံထားရပြီး ယခုအထိ သတိမလည်သေးပေ။
“ဝေ့ချီတွမ်… ခင်ဗျားတို့ မိသားစုက ဒီလောက် ရူးသွပ်တဲ့ ပုန်ကန်မှုကြီးကိုလုပ်ဖို့ နောက်ကွယ်ကနေ ဘယ်သူက ကြိုးကိုင် ခိုင်းစေတာလဲဆိုတာ အမှန်အတိုင်း ဝန်ခံစမ်း” အထူးကိုယ်စားလှယ် အမတ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ဝေ့ချီတွမ်က ချက်ချင်း မတ်မတ် ထိုင်လိုက်ပြီး ပြောလိုက်သည်။ “သခင်ကြီး သုံးဦး… ကျုပ် မှတ်မိသွားပြီ။ ကျုပ် မှတ်မိသွားပြီ။ ဒါတွေ အားလုံးက အောက်ယွီရဲ့ အကြံအစည်တွေပဲ။ သူက သူ့အဖေ အောက်ရှင်းကို ကယ်တင်ချင်လို့ ဒီပြဿနာကြီးကို ဖန်တီးလိုက်တာပဲ။ ဒါက ရန်သူကို ဝိုင်းပြီး ကိုယ့်လူကို ကယ်တဲ့ နည်းဗျူဟာပဲ။
ကျုပ်သားက ဧကရာဇ်မင်းမြတ်အပေါ် အဆုံးမရှိ သစ္စာရှိပါတယ်။ ဘယ်လိုလုပ် ဒီလို ပုန်ကန်တဲ့ စကားမျိုး ပြောနိုင်မှာလဲ။ သေချာပေါက် တစ်ယောက်ယောက်က သူ့ကို ထောင်ချောက်ဆင်လိုက်တာပဲ။ သေချာပေါက် အောက်ယွီပဲ။ အောက်ယွီ ဖြစ်ရမယ်။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ပြောလိုက်၏။ “ဝေ့ချီတွမ်… ဒီလို အချိန်မျိုးမှာ မှန်းဆနေရုံနဲ့ အသုံးမဝင်ဘူး။ သက်သေလိုတယ်။”
ဝေ့ချီတွမ်က ပြန်ဖြေသည်။ “ကျုပ်မှာ သက်သေ ရှိတယ်။ ကျုပ်မှာ သက်သေ ရှိတယ်။ နာရီအနည်းငယ် အကြာ ကျုပ် ထောင်ထဲမှာ အောက်ယွီကို စစ်ဆေး မေးမြန်းတုန်းက သူ့ညီမ အောက်နင်နင်ကို သံပူကပ်ပြီး နှိပ်စက်ဖို့ လုပ်ခဲ့တယ်။
အဲဒီလို အရေးကြီးတဲ့အချိန်မှာ သူက ကျုပ်ကို ထွက်ပြေးဖို့ ပြောခဲ့တယ်။ ကျုပ်သား ဝေ့ချီယန်က သေချာပေါက် ကြီးကျယ်တဲ့ ပြဿနာကြီး ဖန်တီးလိမ့်မယ်လို့ ပြောခဲ့တယ်။ သူက ဘာလို့ ကြိုသိနေရတာလဲ။ ဒါကြောင့် ဒီကိစ္စက သေချာပေါက် သူ ကြံစည်ထားတာပဲ။ သေချာပေါက် သူပဲ။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က တုန်ယင်စွာ မေးလိုက်၏။ “ခင်ဗျား လိမ်မပြောဘူး ဆိုတာ သေချာလား။”
ဝေ့ချီတွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ကျုပ်ရဲ့ ဘိုးဘေးတွေ နာမည်နဲ့ ကျိန်ဆိုရဲပါတယ်။ အောက်ယွီက ထောင်ထဲမှာ တကယ်ပဲ ပြောခဲ့တာပါ။ ဝေ့ချီ မိသားစု တစ်ခုလုံး သေရတော့မယ်။ ကျုပ် သား ဝေ့ချီယန်က ကြီးကျယ်တဲ့ ပြဿနာကြီး ဖန်တီးပြီး ဝေ့ချီ မျိုးနွယ်စု တစ်ခုလုံးကို သေစေမယ့်။ ဆွေခုနစ်ဆက်၊ မျိုးကိုးဆက်တောင် သတ်ဖြတ်ခံရနိုင်တယ်တဲ့။
ဒါကြောင့် ဒါက အကြံအစည် တစ်ခုပါ။ အားလုံးက အောက်ယွီ ကြံစည်ထားတာပါ။ သူကမှ တကယ့် အဓိက တရားခံ အစစ်ပါ။ သူကမှ ဧကရာဇ်မင်းမြတ်ကို စော်ကားပြီး ပုန်ကန်မှုကြီးကို ကျူးလွန်ခဲ့တဲ့ နောက်ကွယ်က ကြိုးကိုင်သူ အစစ်ပါ။ သူ့ကို ဖမ်းပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး စစ်ဆေးလိုက်ပါ။ သူ သေချာပေါက် ဝန်ခံပါလိမ့်မယ်။ သူ့မိသားစု တစ်ခုလုံးကို သတ်ပစ်ပါ… သူ့မိသားစု တစ်ခုလုံးကို သတ်ပစ်ပါ။”
ဝမ်ချီချန်နှင့် ဟေးပင်းထိုင် စစ်သေနာပတိ ယွီထုံတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ဒေါသတကြီး အော်ဟစ်က အမိန့်ပေးလိုက်၏။ “လာကြစမ်း... မြို့ဝန်အိမ်တော် အကျဉ်းထောင်ကို သွားပြီး အောက်ယွီကို ခေါ်ခဲ့ကြ...”
နာရီဝက်ခန့် အကြာတွင် ဟေးပင်းထိုင် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာက အကျဉ်းထောင် အတွင်းသို့ ပြေးဝင်သွားကြပြီး ယွင်ကျုံးဟဲ့၏ ပါးစပ်ကို ပိတ်ကာ လျှို့ဝှက် အချုပ်လှည်း အတွင်းသို့ ထည့်သွင်းပြီး ပြည်နယ်ဝန်ကြီးရုံးသို့ ခေါ်ဆောင်လာကြလေသည်။
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က တင်းမာခက်ထန်သည့် လေသံဖြင့် မေးလိုက်၏။ “အောက်ယွီ… ခင်ဗျား သတ္တိ အရမ်းကောင်းတာပဲ။ သေရမှာကို မကြောက်ဘူးလား။ ခင်ဗျားအဖေ သေရမှာ နှေးနေမှာ စိုးလို့လား။ ခင်ဗျားတို့ မိသားစု တစ်ခုလုံး မျိုးဖြုတ် သတ်ဖြတ်ခံရမှာကို စောင့်မနေနိုင်တော့လို့လား။”
ယွင်ကျုံးဟဲ့က နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။ “ပြည်နယ်ဝန်ကြီးမင်း… ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကျုပ် ဘာမှ နားမလည်ဘူး။”
“အောက်ယွီ… ဟန်ဆောင်မနေနဲ့။”
မြို့ဝန် ဝေ့ချီတွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “အဲဒီနေ့က ထောင်ထဲမှာ ခင်ဗျားညီမကို နှိပ်စက်တော့မယ် လုပ်တော့ ခင်ဗျားညီမကို ကယ်ချင်လို့ ခင်ဗျား ဒီစကားတွေ ပြောခဲ့တာလေ။”
ယွင်ကျုံးဟဲ့က လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။ “ကျုပ် ဘာပြောလို့လဲ။ ကျုပ် ဘာပြောခဲ့လို့လဲ။”
ဝေ့ချီတွမ်က ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ခင်ဗျား ပြောခဲ့တယ်။ ကျုပ်ကို အမြန် ထွက်ပြေးဖို့၊ နောက်ကျသွားရင် အချိန်မမီတော့ဘူး။ ကျုပ်သား ဝေ့ချီယန်က ကြီးကျယ်တဲ့ ပြဿနာကြီး ဖန်တီးတော့မယ်။ သူက ယွဲ့တန်းဖျင်ရဲ့ ခေါင်းဆောင် စာပေပညာရှင် ရွှီဖူရဲ့ တပည့် ဖြစ်ခဲ့ဖူးတယ်။
ပြီးတော့ ရွှီဖူက ပင်လယ်ရပ်ခြားကို ထွက်မပြေးခင် ကြောက်စရာ ကောင်းတဲ့ ဗုံးကြီး တစ်လုံး မြှုပ်ထားခဲ့တယ်၊ အချိန်မရွေး ပေါက်ကွဲနိုင်တယ်။ ပေါက်ကွဲသွားရင် လူအများကြီး အမှုန့်ကြိတ်ခံရမယ်။ ကျုပ်တို့ ဝေ့ချီ မိသားစု တစ်ခုလုံး ပြီးဆုံးသွားပြီ၊ ဆွေခုနစ်ဆက်၊ မျိုးကိုးဆက် သတ်ဖြတ်ခံရမယ် ဆိုပြီး ခင်ဗျား ပြောခဲ့တယ်လေ။”
ဝေ့ချီတွမ်က အသက်ကို အလောတကြီး ရှူလိုက်ပြီး ဆက်ပြောသည်။ “အဲဒီအချိန်က ချိုယွဲ့ ပြည့်တန်ဆာရုံ ကိစ္စက ဖြစ်ထားတာ မကြာသေးဘူး။ ခင်ဗျားက မိုင်ဆယ်ဂဏန်းလောက် ဝေးတဲ့နေရာကနေ ဘယ်လိုလုပ် သိနိုင်မှာလဲ။ အဖြေက တစ်ခုတည်းပဲ ရှိတယ်။ ဒါတွေ အားလုံးက ခင်ဗျား ကြံစည်ထားတဲ့ အကြံအစည်တွေပဲ။
ခင်ဗျားက ဆေးတစ်မျိုးသုံးပြီး ကျုပ်သား ဝေ့ချီယန်ကို စိတ်အာရုံ ဝေဝါးသွားအောင် လုပ်ခဲ့တာ။ ပြီးတော့ ပုန်ကန်တဲ့ စကားတွေကို အတင်းအကျပ် ပြောခိုင်းခဲ့တာ။ ဒါတွေ အားလုံးက ခင်ဗျား အောက်ယွီရဲ့ အကြံအစည်တွေပဲ။
ခင်ဗျားအဖေကို ကယ်ဖို့အတွက် ခင်ဗျားက ဧကရာဇ်မင်းမြတ် အပေါ် အမုန်းတရားတွေ ပြည့်နှက်နေတာ။ ခင်ဗျားအဖေက ဧကရာဇ်ဟောင်းရဲ့ အမတ်ဟောင်း တစ်ယောက်ဖြစ်လို့ ခင်ဗျားတို့က ဧကရာဇ်ဟောင်းကို လွမ်းဆွတ်နေကြတာ။ ဒါကြောင့် ဒီကြောက်စရာ ကောင်းတဲ့ အကြံအစည်ကြီးကို ကြံစည်ခဲ့တာ။
ကျုပ်က ခင်ဗျားတို့ရဲ့ နုလန်ဟောက် အိမ်တော်ကို ဝင်စီးခဲ့လို့ ခင်ဗျားက လက်စားချေချင်တာ။ ခင်ဗျားရဲ့ ဒီအကြံအစည်က တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ။ အခု သက်သေ အခိုင်အလုံ ရှိနေပြီ။ ခင်ဗျား ငြင်းလို့ မရတော့ဘူး။”
ဝေ့ချီတွမ်က ဤမျှ အများကြီး ပြောလိုက်ပြီးနောက် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။
အမှန်တကယ်တော့ သူ ဘယ်လိုပဲ ဖြေရှင်းချက် ပေးပါစေ ဝေ့ချီယန်၏ ပုန်ကန်မှု အပြစ်ကြီးကို ပြောင်းလဲ၍ မရနိုင်ကြောင်း သူကိုယ်တိုင် သိရှိထားသည်။
သို့ပေမည့် အောက်ရှင်း မိသားစု တစ်ခုလုံးကို ဆွဲသွင်းပြီး အတူတကွ မျိုးဖြုတ် သတ်ဖြတ်ခံရမည် ဆိုလျှင်တော့ သူ၏ ရင်ထဲတွင် ကျေနပ်သွားပြီ ဖြစ်၏။
ထို့အပြင် ဤကိစ္စက အပြစ်ကို ကောင်းကျိုးဖြင့် ဖုံးကွယ်ခြင်းများ ဖြစ်သွားနိုင်သည်လား။ သားဖြစ်သူ ကွပ်မျက်ခံရမည် ဆိုလျှင်တောင် သူ ဝေ့ချီတွမ်၏ အသက်ကိုတော့ ကယ်တင်နိုင်မည်လား။ အသက်ရှင် နိုင်မည် ဆိုပါက သူ မည်သည့် အရာကိုမဆို လုပ်ဆောင်ရန် အသင့် ရှိနေသည်။။
အဘယ်ကြောင့်ဆိုသော် အောက်ယွီကို ဆွဲသွင်းလိုက်ပါက နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့သွားပြီ ဖြစ်ရာ အမတ်ချုပ်ကြီးလင်အတွက် လုံခြုံသွားပြီ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် အမတ်ချုပ်ကြီးလင်က သူ့အသက်ကို ကယ်တင်ရန် နည်းလမ်း ရှာပေးမည်ဟု မျှော်လင့်မိ၏။
ထို့အပြင် ဝေ့ချီတွမ်သည် သူပြောသော စကားများမှာ အမှန်တရားများ ဖြစ်သည်ဟု ယုံကြည်နေ၏။ သူ့ဘဝ တစ်လျှောက်လုံး လိမ်ညာမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ စကားလုံး တိုင်းက ရင်ဘတ်ထဲမှ လာခြင်းဖြစ်ပြီး အားလုံးမှန်ကန်နေသည်။
“အောက်ယွီ… ခင်ဗျား ထွက်ပြေးလို့ မလွတ်တော့ဘူး။ ခင်ဗျား ထွက်ပြေးလို့ မလွတ်တော့ဘူး။ ခင်ဗျားက ပုန်ကန်ခဲ့တယ်။ ခင်ဗျားက ဧကရာဇ်မင်းမြတ်ကို ဖြုတ်ချဖို့ ကြိုးစားခဲ့တယ်။ ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်။ ခင်ဗျားတို့ မိသားစု တစ်ခုလုံး မျိုးဖြုတ် သတ်ဖြတ်ခံရတော့မယ်။”
ဝေ့ချီတွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ခင်ဗျားက ကျုပ်ကို ဒုက္ခပေးဖို့ ယုတ်မာတဲ့ အကြံအစည်တွေ သုံးခဲ့ပေမဲ့ ခင်ဗျား မိသားစု တစ်ခုလုံးလည်း သေရတော့မှာပဲ။”
ပြောပြီးနောက် ဝေ့ချီတွမ်က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံက တရားမျှတပါတယ်။ အောက်ယွီ… ခင်ဗျား ထွက်ပြေးလို့ မလွတ်တော့ပါဘူး။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က အေးစက်စွာ ပြောလိုက်၏။ “အောက်ယွီ… ခင်ဗျား ဘာပြောစရာ ရှိသေးလဲ။”
ယွင်ကျုံးဟဲ့က လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။ “ပြည်နယ်ဝန်ကြီးမင်း… ဒါတွေ အားလုံးက ဝေ့ချီတွမ်ရဲ့ မတရား စွပ်စွဲမှုတွေချည်းပါပဲ။ သူ ရူးနေပါပြီ။ သူ သေချာပေါက် သေရတော့မယ် ဆိုတာသိလို့ ကျုပ်ကိုပါ ဆွဲသွင်းဖို့ ကြိုးစားနေတာပါ။ ကျုပ်တို့ နုလန်ဟောက် အိမ်တော်ကိုပါ ဆွဲသွင်းလိုက်ရင် သူ အသက်ရှင်နိုင်မယ်လို့ ထင်နေတာပါ။
သခင်ကြီး သုံးဦး… အရိုးရှင်းဆုံး အတွေးလေးနဲ့ပဲ စဉ်းစားကြည့်ပါ။ တကယ်လို့ ကျုပ်က ဝေ့ချီယန်ကို ဒုက္ခပေးချင်တယ်ဆိုရင် ကျုပ် ထုတ်ပြောပါ့မလား။ တကယ်လို့ ချိုယွဲ့ ပြည့်တန်ဆာရုံက ကိစ္စ မဖြစ်သေးခင်မှာ ကျုပ်က မြို့ဝန် ဝေ့ချီတွမ်ကို သွားပြောလိုက်ရင် သူက ချက်ချင်း တားဆီးလိုက်မှာပေါ့။
ပြီးတော့ ကျုပ် ဘာလို့ အဲဒီလို လုပ်ရမှာလဲ။ တကယ်လို့ ဒီအကြံအစည်တွေ အားလုံးကို ကျုပ် ကြံစည်ထားတာဆိုရင် ကျုပ် ဘာလို့ ထုတ်ပြောရမှာလဲ။ ဒါက ပုန်ကန်မှု အပြစ်ကြီးလေ။ ကျုပ်ဦးနှောက်ထဲ ရေဝင်နေလို့ ဝေ့ချီတွမ်ကို ကြိုပြောပြပြီး သူ့ရဲ့ ပြန်အကိုက်ခံရအောင် လုပ်ရမှာလား။”
ထိုစကားကို ကြားချိန်မှာတော့ အမတ်ကြီး သုံးဦးက ခေါင်းညိတ်ကာ သဘောတူကြောင်း ပြသလိုက်ကြ၏။ ယွင်ကျုံးဟဲ့၏ စကားက အလွန် ယုတ္တိတန်လှသည်။ အကယ်၍ သူ ကြံစည်ထားခြင်း ဖြစ်ပါက ဝေ့ချီတွမ်ကို ဘာကြောင့် ကြိုပြောရမည်နည်း။ တစ်ဖက်လူကို အစီအစဉ်များ ဖျက်ဆီးစေချင်လို့လား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံချင်နေလို့လား။
ယွင်ကျုံးဟဲ့က ဦးညွတ်ကာ ပြောလိုက်သည်။ “ဒါကြောင့် ဒါတွေ အားလုံးက ဝေ့ချီတွမ် သေခါနီးမှာ လျှောက်ပြောနေတာပါပဲ။”
ထိုစကားကို ကြားချိန်မှာတော့ ဝေ့ချီတွမ် မျက်နှာ ပျက်ယွင်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ “အောက်ယွီ… မနေ့ညက ထောင်ထဲမှာ ခင်ဗျား ဒီစကားတွေ ပြောခဲ့တာ သေချာတယ်။ အခု ခင်ဗျားက ငြင်းနေတယ်ပေါ့။ ခင်ဗျား ကျိန်ဆိုရဲလား။ ခင်ဗျား ကျိန်ဆိုရဲလား။”
ယွင်ကျုံးဟဲ့က လက်မြှောက်ကာ ပြောလိုက်သည်။ “ကျုပ် ကျိန်ဆိုရဲပါတယ်။ ဝေ့ချီတွမ် စွပ်စွဲတဲ့ စကားတွေကို ကျုပ် လုံးဝ မပြောခဲ့ပါဘူး။ တကယ်လို့ ကျုပ် ပြောခဲ့တယ်ဆိုရင် ကောင်းကင်က မိုးကြိုး ပစ်ချပြီး ကျုပ်ကို အမှုန့်ကြိတ်ပါစေ။ သေသွားရင်တောင် အလောင်းကို ခွေးစားပါစေ။
အောက်မိသားစုရဲ့ ဘိုးဘေးတွေ မြေအောက်မှာ အေးချမ်းစွာ အနားမယူရပါစေနဲ့။ အောက်မိသားစုရဲ့ ဘိုးဘေးသင်္ချိုင်းတွေ ဖျက်ဆီးခံရပြီး အရိုးတွေ အားလုံး ခွေးစားပါစေ။ အောက်မိသားစုရဲ့ ဘိုးဘေးတွေ အားလုံး ငရဲပြည် ၁၈ ထပ်ကို ရောက်ပြီး ဘယ်တော့မှ ပြန်မဝင်စားရပါစေနဲ့။”
လူတိုင်း နှုတ်ခမ်းများ တုန်ယင်သွားကြ၏။ ‘လုံလောက်ပြီ… လုံလောက်ပြီ။ ခင်ဗျားရဲ့ ကျိန်စာက အရမ်း ပြင်းထန်လွန်းတယ်။ ဒါက ကျိန်ဆိုတာလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာ ကျေနပ်အောင် ပြောနေတာလား။’
ဝေ့ချီတွမ်လည်း အံ့အားသင့်သွားသည်။ ‘အောက်ယွီက ဒီလောက်တောင် အရှက် မရှိဘူးလား။ အောက်မိသားစုရဲ့ ဘိုးဘေးတွေကိုတောင် ထည့်ပြီး ကျိန်ဆိုရဲတယ်ပေါ့။ ဒီစကားတွေ သူ ပြောခဲ့တာ သေချာတာကို အခု ငြင်းနေတာ၊ အောက်မိသားစုရဲ့ ဘိုးဘေးတွေ တကယ်ပဲ မြေအောက်မှာ အေးချမ်းစွာ အနားမယူရမှာကို မကြောက်ဘူးလား။’
အောက်ယွီက ဆက်လက် ကျိန်ဆိုနေဆဲ ဖြစ်၏။ “ကျုပ် အောက်ယွီသာ ဒီစကားတွေ ပြောခဲ့တယ်ဆိုရင် အောက်မိသားစုရဲ့ ဘိုးဘေးတွေ ညတိုင်း တစ္ဆေဖြစ်ပြီး ကျုပ် အောက်ယွီကို လာခြောက်ပါစေ။ အောက်မိသားစု တစ်ခုလုံး တောထဲမှာ အသေဆိုးနဲ့သေပြီး အလောင်းတွေ အားလုံး လောက်ကိုက်တဲ့အထိ ဘယ်သူမှ မကြည့်ကြပါစေနဲ့။ တောခွေးတွေ ကိုက်ဖြတ် စားသောက်တာ ခံရပါစေ။”
‘သောက်ကျိုးနည်း… လုံလောက်ပါပြီ… လုံလောက်ပါပြီ။ ခင်ဗျား ဒီထက် ဆက်ပြောနေရင် ကျိန်ဆိုတာ မဟုတ်တော့ဘူး၊ ကျိန်ဆဲနေတာ ဖြစ်သွားပြီ။’
ဝေ့ချီတွမ်က အမတ်ကြီး သုံးဦးကို ကြည့်လိုက်ပြီးနောက် အောက်ယွီကို ကြည့်ကာ အသံသြသြဖြင့် ပြောလိုက်၏။ “အောက်ယွီ… ခင်ဗျား ဒီစကားတွေ ပြောခဲ့တာ သေချာတာကို အခု ငြင်းနေတယ်။ ခင်ဗျားက လူမဟုတ်ဘူး။ ခင်ဗျားက အရှက်မရှိဘူး။ ခင်ဗျားက အောက်ရှင်းရဲ့ သားဖြစ်ဖို့ မထိုက်တန်ဘူး။”
“ကျုပ် တကယ် မပြောခဲ့ပါဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် အောက်ယွီက ပွင့်လင်းမြင်သာ ရှိပါတယ်။ လုပ်ခဲ့တဲ့ ကိစ္စကို ဝန်ခံရဲပါတယ်။ ဒါပေမဲ့ မလုပ်ခဲ့တဲ့ ကိစ္စကို ကျုပ် ဘယ်လိုလုပ် ဝန်ခံလို့ ရမှာလဲ။”
.................
အပိုင်း (၃၀၈)
ဝေ့ချီတွမ်က အဆက်မပြတ် မြေကြီးနှင့်ခေါင်းဆောင့်ကာ ပြောလိုက်၏။ “သခင်ကြီး သုံးဦး… သခင်ကြီး သုံးဦး… ကျုပ်ကို ယုံကြည်ပေးပါ။ ယုံကြည်ပေးပါ။ သူ တကယ် ပြောခဲ့တာပါ။ သခင်ကြီး သုံးဦး… သူ တကယ် ပြောခဲ့တာပါ။ အောက်ယွီ… ခင်ဗျား လိမ်ပြောပြီး ငြင်းနေတာ၊ အသေဆိုးနဲ့ သေရမယ်… အသေဆိုးနဲ့ သေရမယ်။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က မေးလိုက်သည်။ “ဝေ့ချီတွမ်… ခင်ဗျားမှာ တခြား သက်သေ ရှိသေးလား။”
“ရှိတယ်… ရှိတယ်… ရှိတယ်။ အဲဒီတုန်းက နန်ကုန်းကျိုက အောက်ယွီကို ကာကွယ်ဖို့ ဟေးပင်းထိုင် သိုင်းပညာရှင် ဆယ်ယောက်ကျော် ထားခဲ့တယ်။” ဝေ့ချီတွမ်က ပြန်ဖြေသည်။
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ဟေးပင်းထိုင် စစ်သေနာပတိ ယွီထုံကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
“လာကြစမ်း... အောက်ယွီကို ကာကွယ်ပေးတဲ့ ဟေးပင်းထိုင် သိုင်းပညာရှင် ဆယ်ဦးကို ခေါ်ခဲ့...” ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် ထိုဟေးပင်းထိုင် သိုင်းပညာရှင် ဆယ်ဦးကို ခေါ်ဆောင်လာခဲ့၏။
“စစ်သေနာပတိကို ဂါရဝပြုပါတယ်။” ဟေးပင်းထိုင် သိုင်းပညာရှင် ဆယ်ဦးက စစ်သေနာပတိ ယွီထုံကို အရင် ဦးညွှတ် အရိုအသေပေးပြီးမှ ပြည်နယ်ဝန်ကြီးကို အရိုအသေပေးကြသည်။
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ပြောလိုက်၏။ “သခင်ကြီးယွီ… ခင်ဗျားပဲ မေးလိုက်ပါလား။”
သူက ယဉ်ကျေးမှုအရ ပြောဆိုခြင်းသာ ဖြစ်၏။ မည်သို့ပင် ဖြစ်စေ ဤလူများက ဟေးပင်းထိုင် သိုင်းပညာရှင်များ ဖြစ်ကြပြီး စစ်သေနာပတိ ယွီထုံ၏ လူများ ဖြစ်ကြသည်။
ဟေးပင်းထိုင် စစ်သေနာပတိ ယွီထုံက ပြောလိုက်၏။ “ပြည်နယ်ဝန်ကြီးမင်းပဲ မေးလိုက်ပါ။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က မေးလိုက်သည်။ “ခင်ဗျားတို့ အားလုံးက ဟေးပင်းထိုင်ရဲ့ သိုင်းပညာရှင်တွေလား။”
“ဟုတ်ပါတယ် သခင်ကြီး..”
“နန်ကုန်းကျိုက ခင်ဗျားတို့ကို ထောင်ထဲမှာ အောက်ယွီကို ကာကွယ်ဖို့ စေလွှတ်ခဲ့တာလား။”
“ဟုတ်ပါတယ် သခင်ကြီး...”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က မေး၏။ “မနေ့ည ၈ နာရီ ၄၅ မိနစ်တုန်းက ခင်ဗျားတို့ ဘယ်မှာ ရှိနေကြလဲ။”
ဟေးပင်းထိုင်မှ လူက ဖြေလိုက်သည်။ “မြို့ဝန်အိမ်တော်ရဲ့ အကျဉ်းထောင် ထဲမှာပါ။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ထပ်မေး၏။ “အဲဒီအချိန် အတွင်းမှာ ကျန်းကျိုး မြို့ဝန်ဟောင်း ဝေ့ချီတွမ်က အောက်ယွီကို လာတွေ့ပြီး စစ်ဆေး မေးမြန်းခဲ့လား။ ပြီးတော့ သူ့ညီမ အောက်နင်နင်ကို ဖမ်းလာပြီး နှိပ်စက်ဖို့ ကြိုးစားခဲ့လား။”
ဟေးပင်းထိုင် သိုင်းပညာရှင်များက ခေါင်းညိတ်လိုက်ကြသည်။ “ဟုတ်ပါတယ်။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က မေးလိုက်၏။ “ညီမ ဖြစ်သူ အောက်နင်နင်ကိုကယ်ဖို့ အတွက် အောက်ယွီက ဝေ့ချီတွမ်ကို စကား တချို့ ပြောခဲ့လား။”
ဟေးပင်းထိုင် သိုင်းပညာရှင်များက ဖြေ၏။ “ဟုတ်ပါတယ်။”
ဝေ့ချီတွမ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ကြားလား။ ပြည်နယ်ဝန်ကြီးမင်း ကြားလား။ ဒီ ဟေးပင်းထိုင် သိုင်းပညာရှင်တွေလည်း သက်သေပြနိုင်ပါတယ်။ အောက်ယွီ… ခင်ဗျား ဘယ်လောက်ပဲ ကောက်ကျစ်ပါစေ၊ ဒီတစ်ခါတော့ လွတ်မှာ မဟုတ်တော့ဘူး။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က လေးနက်သည့် လေသံဖြင့် မေးလိုက်၏။ “အဲဒီတုန်းက အောက်ယွီက ဝမ်ချီချန်ကို ဘာစကားတွေ ပြောခဲ့တာလဲ။”
ဟေးပင်းထိုင် သိုင်းပညာရှင်များထဲမှ တစ်ဦးက ဖြေလိုက်သည်။ “တောင်းပန်ပါတယ်။ ကျုပ်တို့ မကြားလိုက်ရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ နှစ်ယောက် လျှို့ဝှက် စကားပြောတုန်းက ကျုပ်တို့ အားလုံးကို အဝေးကို သွားခိုင်းလိုက်လို့ပါ။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ထပ်မေးလိုက်၏။ “သေချာပေါက် ဘာမှ မကြားခဲ့ရဘူးလား။”
ဟေးပင်းထိုင် သိုင်းပညာရှင်များက ခေါင်းညိတ်လိုက်သည်။ “လုံးဝ မကြားရပါဘူး။ အဲဒီတုန်းက ကျုပ်တို့ အဝေးမှာ ရှိနေပြီး သူတို့ နှစ်ယောက် စကားပြောသံကလည်း အရမ်း တိုးလို့ပါ။”
မြို့ဝန်ဟောင်း ဝေ့ချီတွမ်က ပြောလိုက်၏။ “ပြည်နယ်ဝန်ကြီးမင်း… သခင်ကြီး သုံးဦး… အဲဒီတုန်းက အောက်ယွီက ကျုပ်ကို ပြောခဲ့တာ အဲဒီစကားတွေပါပဲ။ ဝေ့ချီယန်က ကြီးကျယ်တဲ့ ပြဿနာကြီး ဖန်တီးတော့မယ်၊ ဝေ့ချီ မိသားစု တစ်ခုလုံး သေရတော့မယ်၊ ဆွေခုနစ်ဆက်၊ မျိုးကိုးဆက် သတ်ဖြတ်ခံရမယ် ဆိုတဲ့ စကားတွေပါ။ ကျုပ် ကျိန်ဆိုရဲပါတယ်။ ကျုပ် ပြောသမျှ အားလုံး အမှန်တွေချည်းပါပဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “မဟုတ်ပါဘူး။ ကျုပ် အဲဒီစကားတွေကို လုံးဝ မပြောခဲ့ပါဘူး။ ကျုပ်က အရူးမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် ပြဿနာရှာဖို့ ဘာလို့ အဲဒီစကားတွေ ပြောရမှာလဲ။”
ဝေ့ချီတွမ်က စိတ်လှုပ်ရှားစွာဖြင့် သူကျူးလွန်ခဲ့သည့် အရာများကို ဖော်ထုတ်လိုက်၏။ “အဲဒါက ကျုပ် ခင်ဗျား ညီမကို နှိပ်စက်တော့မယ် လုပ်လို့လေ။ နီရဲနေတဲ့ သံပူက သူ့မျက်နှာပေါ် ဖိချတော့မှာ မလို့လေ။”
ထိုစကားကို ကြားချိန်မှာတော့ ထိုနေရာတွင် ရှိနေသော အမတ်ကြီး သုံးဦး၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားကြ၏။
‘ဒီကိစ္စကတော့ လွန်သွားပြီ။ ခင်ဗျားက တတိယ အဆင့်ရှိတဲ့ မြို့ဝန်ကြီးဖြစ်ပြီး ဒီလောက် ယုတ်မာရသလား။ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ယောက်ကို နီရဲနေတဲ့ သံပူနဲ့ နှိပ်စက်ဖို့ ကြိုးစားတယ်ပေါ့။’
ဤကိစ္စက တကယ် အရှက်ရစရာ ကောင်းပြီး ထုတ်ပြောလို့ မရသည့် ကိစ္စဖြစ်၏။ သို့သော်ငြား ယခုချိန်တွင် ဝေ့ချီတွမ်လည်း ဘာမှ ဂရုမစိုက်နိုင်တော့ပေ။
ဝေ့ချီတွမ်က ဆက်ပြော၏။ “ခင်ဗျားက ခင်ဗျားညီမကို ကယ်ဖို့အတွက် ဒီစကားတွေကို ပြောခဲ့တာပဲ။ ကျုပ်သား ဝေ့ချီယန်က ကြီးကျယ်တဲ့ ပြဿနာကြီး ဖန်တီးတော့မယ်၊ ဝေ့ချီ မိသားစု တစ်ခုလုံး သေရတော့မယ်၊ ဆွေခုနစ်ဆက်၊ မျိုးကိုးဆက် သတ်ဖြတ်ခံရမယ် ဆိုတာတွေကို ပြောခဲ့တာပဲ။”
ယွင်ကျုံးဟဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မြို့ဝန် ဝေ့ချီတွမ်… ခင်ဗျား ဘာလို့ အမှန်အတိုင်း မပြောနိုင်ရတာလဲ။ ကျုပ် အဲဒီတုန်းက ဘာပြောခဲ့လဲဆိုတာ ခင်ဗျား စိတ်ထဲမှာ မသိဘူးလား။ ခင်ဗျားက ကျုပ်တို့ အိမ်ကို ဝင်စီးပြီး ငွေတုံး နှစ်သိန်း ရခဲ့တဲ့အပြင် ပစ္စည်း အများကြီးကိုလည်း ကိုယ်ကျိုးအတွက် ယူခဲ့တယ်။
ဒါတောင် ခင်ဗျားက မကျေနပ်သေးဘူး။ ကျုပ်တို့ အိမ်က ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ဂုဏ်သရေရှိ မှူးမတ်အိမ်တော် ဆိုတော့ ဒီငွေလောက်ပဲ ရှိမှာ မဟုတ်ဘူးလို့ ထင်ပြီး တခြား ငွေတွေရဲ့ နေရာကို သိဖို့ ကျုပ်ကို ညှဉ်းပန်းနှိပ်စက်ဖို့ လုပ်ခဲ့တယ်။
ဒါပေမဲ့ ဟေးပင်းထိုင် သိုင်းပညာရှင်တွေက ကျုပ်ကို ကာကွယ်ပေးနေတော့ ကျုပ်ကို နှိပ်စက်လို့ မရဘူးလေ။ ဒါကြောင့် ကျုပ်ညီမကို ဖမ်းလာပြီး နှိပ်စက်ဖို့ လုပ်တယ်။ ကျုပ်တို့ အိမ်က လျှို့ဝှက်သိမ်းထားတဲ့ ငွေတွေရဲ့ နေရာကို သိချင်လို့လေ။”
ထိုစကားကို ကြားချိန်မှာတော့ ဝေ့ချီတွမ် မျက်နှာ ချက်ချင်း ပျက်ယွင်းသွားတော့၏။
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ကျုပ်ညီမကို ကယ်ဖို့အတွက် ကျုပ်က မိသားစုရဲ့ လျှို့ဝှက်ငွေတွေရဲ့ နေရာကို ပြောပြလိုက်ရတာပဲ။ အဲဒါက ကျုပ်တို့ စကားပြောခဲ့တဲ့ အကြောင်းအရာပဲ။ တခြား ကိစ္စတွေ အားလုံးက လုံးဝ မရှိခဲ့ပါဘူး။ အားလုံးက ခင်ဗျားရဲ့ မတရား စွပ်စွဲမှုတွေချည်းပါပဲ။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က မေးလိုက်၏။ “အောက်ယွီ… ခင်ဗျား ပြောတဲ့ စကားတွေအတွက် သက်သေ ရှိလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “ကျုပ်ညီမကို ကာကွယ်ဖို့အတွက် ကျုပ် ပြောခဲ့ပါတယ်။ သူသာ ကျုပ်ညီမကို မနှိပ်စက်ရင် ငွေတုံး ငါးသိန်း ပေးပါ့မယ်လို့။ ပြီးတော့ အဖေ့ရဲ့ စာကြည့်ခန်းထဲက စာအုပ်စင်ရဲ့ အနောက်မှာ နံရံ တစ်ခုရှိပြီး အဲဒီ အုတ်ခဲတွေထဲမှာ ငွေတုံး ငါးသိန်းနဲ့ ညီမျှတဲ့ ရွှေတွေ ဝှက်ထားတယ်လို့ ပြောပြခဲ့ပါတယ်။
ဒါက ဘိုးဘေးတွေ ချန်ထားခဲ့တာပါ။ ကြီးကျယ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာရင် အောက်မိသားစု ထမင်းစားဖို့ ရှိအောင် ဖုံးကွယ်ထားခဲ့တာပါ။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က အမိန့်ပေးလိုက်၏။ “လာကြစမ်း... နုလန်ဟောက် အိမ်တော်ရဲ့ စာကြည့်ခန်းကို ချက်ချင်း သွားစစ်ဆေးကြ...”
ပြည်နယ်ဝန်ကြီး၏ အမိန့်ကို မစောင့်ဘဲ ဟေးပင်းထိုင် သိုင်းပညာရှင်များ ချက်ချင်း ပြေးထွက်သွားကြ၏။ သူတို့က ပညာတတ်အမတ် အုပ်စုကြီးကို မယုံကြည်သောကြောင့် ကိုယ်တိုင် သွားရောက် စစ်ဆေးရန် ဖြစ်သည်။
ထို့ကြောင့် လူအုပ်စု သုံးစုက နုလန်ဟောက် အိမ်တော်သို့ သွားရောက် စစ်ဆေးကြလေ၏။
အထူးကိုယ်စားလှယ် အမတ်၏ လူတစ်စု၊ ပြည်နယ်ဝန်ကြီး၏ လူတစ်စုနှင့် ဟေးပင်းထိုင်မှ လူတစ်စုတို့ ဖြစ်သည်။
ထိုအချိန်တွင် ဝေ့ချီတွမ်မှာ ယိုင်တိယိုင်တိုင် ဖြစ်နေပြီး မျက်နှာတွင် သွေးရောင် တစ်စက်မှ မရှိတော့ပေ။
နာရီဝက်ခန့် အကြာတွင် ဤလူအုပ်စု သုံးစုလုံး ပြန်လည် ရောက်ရှိလာကြပြီး သက်သေ လူတစ်စုကိုပါ ခေါ်ဆောင်လာကြ၏။ သူတို့မှာ မနေ့ညက နုလန်ဟောက် အိမ်တော်ကို စောင့်ကြပ်ခဲ့သော စစ်သည်များ ပင်ဖြစ်သည်။
“သခင်ကြီးကို သတင်းပို့ပါတယ်။ နုလန်ဟောက် အိမ်တော်ရဲ့ စာကြည့်ခန်းထဲက စာအုပ်စင်ရဲ့ အနောက်မှာ တကယ်ပဲ ထူးခြားတဲ့ နံရံ တစ်ခု ရှိပါတယ်။ အဲဒီ အုတ်ခဲတွေထဲမှာ ရွှေတွေ ဝှက်ထားတာ သေချာပါတယ်။ စာအုပ်စင်ကို ရွှေ့ထားတဲ့ လက္ခဏာတွေ ရှိပြီး အုတ်ခဲတွေကို ခြစ်ထားတဲ့ လက္ခဏာတွေလည်း ရှိပါတယ်။ အဲဒီထဲက အုတ်ခဲ တစ်လုံးကတော့ ခွဲခံထားရပြီး အတွင်းက ရွှေတွေ ထွက်နေပါတယ်။”
ထို့နောက် နုလန်ဟောက် အိမ်တော်ကို ပိတ်ဆို့ထားသော သိုင်းပညာရှင်များက ဒူးထောက်ကာ တုန်ယင်နေသည့် လေသံဖြင့် ပြန်လည် ဖြေကြ၏။ “မနေ့ည ည ၉ နာရီ ၁၅ လောက်မှာ လူတစ်ယောက် နုလန်ဟောက် အိမ်တော် အနားကို ရောက်လာပါတယ်။ ကျုပ်တို့ တားဆီးလိုက်တော့ မြို့ဝန် ဝေ့ချီတွမ် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ သူက နုလန်ဟောက် အိမ်တော်ထဲ ဝင်ချင်တယ်တဲ့။
စည်းကမ်းအရဆိုရင် မရပါဘူး။ ဘာလို့လဲဆိုတော့ နုလန်ဟောက် အိမ်တော်ကို ချိတ်ပိတ်ထားပြီးပြီလေ။ အထူးကိုယ်စားလှယ် အမတ်ရဲ့ ခွင့်ပြုချက်ပါမှ ဝင်လို့ ရမှာပါ။ ဒါပေမဲ့ သူက မြို့ဝန် ဖြစ်နေတော့ ကျုပ်တို့ မတားရဲပါဘူး။”
ဟေးပင်းထိုင် စစ်သေနာပတိ ယွီထုံက မေးလိုက်သည်။ “သူ တစ်ယောက်တည်း ဝင်သွားတာလား၊ ဒါမှမဟုတ် တခြားသူတွေ ပါသေးလား။”
ထိုသိုင်းပညာရှင် ခေါင်းဆောင်က ပြန်ဖြေ၏။ “မြို့ဝန် ဝေ့ချီတွမ် တစ်ယောက်တည်း နုလန်ဟောက် အိမ်တော်ထဲ ဝင်သွားတာပါ။”
ဟေးပင်းထိုင် သိုင်းပညာရှင်က ဝင်ပြောလိုက်သည်။ “မနေ့ညက မြို့ဝန် ဝေ့ချီတွမ် ပြည်နယ်ဝန်ကြီးရုံးကို လာတုန်းက သူနဲ့အတူ ထူထဲတဲ့ ဓားမြှောင် တစ်လက် ပါလာပါတယ်။ အဲဒါကို သက်သေအဖြစ် သိမ်းဆည်းထားပြီးပြီ။ အခု ထုတ်ပြီး စစ်ဆေးကြည့်လို့ ရပါတယ်။”
ပြည်နယ်ဝန်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်၏။ “သက်သေကို ယူခဲ့...”
ခဏအကြာတွင် မြို့ဝန် ဝေ့ချီတွမ်၏ ဓားမြှောင်ကို ယူဆောင်လာကာ စစ်ဆေးကြ၏။ ဆွဲထုတ်လိုက်သည်နှင့် ကျွမ်းကျင်သူများ မလိုဘဲ မည်သူမဆို မြင်တွေ့နိုင်လေသည်။
ဟေးပင်းထိုင် သိုင်းပညာရှင်က ရှင်းပြလိုက်၏။ “သခင်ကြီး သုံးဦး… ဝေ့ချီတွမ်ရဲ့ ဒီဓားမြှောင်မှာ ထင်ရှားတဲ့ ပဲ့နေတဲ့ နေရာတွေ ရှိပါတယ်။ ဒါက အုတ်ခဲတွေကို ခုတ်ထားတဲ့ လက္ခဏာပါပဲ။ ပြီးတော့ အဲဒီအပေါ်မှာ ရွှေတွေရဲ့ အရိပ်အယောင်လည်း ရှိနေပါတယ်။
ဒါကြောင့် မနေ့ညက မြို့ဝန် ဝေ့ချီတွမ်ဟာ အောက်ရှင်းရဲ့ စာကြည့်ခန်းထဲကို တစ်ယောက်တည်း ဝင်သွားပြီး စာအုပ်စင်ကိုဖယ်၊ နံရံကိုခွာ၊ အုတ်ခဲတွေကိုခွဲပြီး အတွင်းက ရွှေတွေကိုတွေ့ခဲ့တယ် ဆိုတာ သေချာသွားပါပြီ။”
ဟေးပင်းထိုင် စစ်သေနာပတိ ယွီထုံက ပြောလိုက်သည်။ “ဒါဆို အောက်ယွီက လိမ်မပြောဘူး ဆိုတာ သက်သေပြနိုင်ပြီပေါ့။”
ယွင်ကျုံးဟဲ့က ဦးညွှတ်ကာ ပြောလိုက်၏။ “သခင်ကြီး သုံးဦးက ဉာဏ်ပညာ ကြီးမားလှပါတယ်။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ဒေါသတကြီး မေးလိုက်သည်။ “ဝေ့ချီတွမ်… ခင်ဗျား ဘာပြောစရာ ရှိသေးလဲ။”
ဝေ့ချီတွမ် လုံးဝ သတိလစ်မတတ် ဖြစ်သွား၏။ ‘ဒီ အောက်ယွီက အရမ်း ယုတ်မာတာပဲ။ သူ မနေ့ညက ရွှေတွေ ဝှက်ထားတဲ့ကိစ္စကို တမင် ပြောခဲ့တာ ဒီနေ့ စစ်ဆေး မေးမြန်းတဲ့ အချိန်အတွက် ကြိုတင် ပြင်ဆင်ထားတာပဲ။ ဒီကောင်လေးက အရမ်း ကောက်ကျစ်ပြီး ရက်စက်လွန်းတယ်။’
ဝေ့ချီတွမ်က တုန်ယင်နေသည့် လေသံဖြင့် ဖြေလိုက်သည်။ “သခင်ကြီး သုံးဦး… ဒါ… ဒါက တကယ် မှန်ပါတယ်။ အောက်ယွီက စာကြည့်ခန်း နံရံထဲမှာ ရွှေတွေ ဝှက်ထားတဲ့အကြောင်း ပြောခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်သား ဝေ့ချီယန်က ကြီးကျယ်တဲ့ ပြဿနာကြီး ဖန်တီးပြီး ဆွေခုနစ်ဆက်၊ မျိုးကိုးဆက် သတ်ဖြတ်ခံရမယ်ဆိုတဲ့ စကားကိုလည်း သူ ပြောခဲ့တာပါ။”
ယွင်ကျုံးဟဲ့က လက်ဖြန့်ကာ အလွန် စိတ်ပျက်ဟန် ပြုမူလိုက်၏။
.....................