← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 27 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 27 Ch. 309-310

အပိုင်း (၃၀၉)

ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်သက်၍ နားထောင်နေသော အမတ်ကြီး တစ်ဦးက စတင်၍ စကားပြောဆိုရန် ပြင်လိုက်၏။

ထိုသူမှာ ချန်လန်ပြည်နယ်၏ အန်းချာစီ (တရားရေး ဝန်ကြီး) ဖြစ်ပြီး ရာဇဝတ်မှုများကို အဓိက တာဝန်ယူရသူဖြစ်ကာ ချန်လန်ပြည်နယ်၏ တတိယမြောက် အမြင့်ဆုံး အရာရှိဖြစ်သည်။

“ဒါက ယုတ္တိ မတန်ဘူး။”

အန်းချာစီ ဝန်ကြီးက ပြောလိုက်၏။ “ဝေ့ချီတွမ်… ခင်ဗျား ပြောတာက အောက်ယွီက ညီမကို ကယ်ဖို့အတွက် ခင်ဗျား မိသားစု တစ်ခုလုံး သေရတော့မယ် ဆိုတဲ့ စကားတွေကို ပြောခဲ့တယ်ပေါ့။ အဲဒီလို ပြောလိုက်ရင် ခင်ဗျားကို ပိုပြီး ဒေါသထွက်စေပြီး သူ့ညီမကို ပိုဒုက္ခရောက်စေမှာ မဟုတ်ဘူးလား။

ညီမကို ကယ်ဖို့အတွက် မိသားစုရဲ့ လျှို့ဝှက်ငွေတွေရဲ့ နေရာကို ပြောပြလိုက်တာကမှ ပိုပြီး ယုတ္တိတန်တယ်။ ခင်ဗျားသားက ပြဿနာ ဖန်တီးမယ်၊ ခင်ဗျား မိသားစု တစ်ခုလုံး မျိုးဖြုတ် သတ်ဖြတ်ခံရမယ် ဆိုတဲ့ စကားတွေကို ပြောဖို့ လုံးဝ မလိုအပ်ဘူး။ ဘာလို့လဲဆိုတော့ လုံးဝ အဓိပ္ပာယ် မရှိလို့ပဲ။”

လူတိုင်းက ခေါင်းညိတ်ကာ သဘောတူကြောင်း ပြသကြသည်။

ဝေ့ချီတွမ်မှာ စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ ပြန်လည် ချေပရန်ပင် မတတ်နိုင်တော့ပေ။ အောက်ယွီ၏ တုံးအပြီး ဝနေသော မျက်နှာကတော့ လုံးဝ အပြစ်ကင်းစင်သည့် ပုံစံမျိုး ဖြစ်နေ၏။

‘ကောင်းကင်ဘုံ… ကောင်းကင်ဘုံ… အခုချိန်မှာ အမှန်တရားကို ပြောတာတောင် ဘာလို့ ဘယ်သူမှ မယုံကြတော့တာလဲ။ ကျုပ် ပြောတာတွေ အားလုံးက အမှန်တွေချည်းပါပဲ။ ကျုပ် ဝေ့ချီတွမ် တစ်သက်လုံးမှာ အမှန်တရား ပြောတာ အရမ်း ရှားပါတယ်။ ဘာလို့ အခု ခင်ဗျားတို့က မယုံကြတော့တာလဲ။ ခင်ဗျားတို့ မျက်စိကန်း နေကြတာလား။ အောက်ယွီလို ကောက်ကျစ်တဲ့ကောင်ရဲ့ စကားတွေကို ယုံပြီး ကျုပ်ကို မယုံကြဘူးလား။ ခင်ဗျားတို့ နောင်တရလိမ့်မယ်။’

ထိုအချိန်တွင် အပြင်ဘက်မှ လူတစ်ယောက် ပြေးဝင်လာပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ပြည်နယ်ဝန်ကြီးမင်း… ဒုက္ခရောက်ပါပြီ… ဒုက္ခရောက်ပါပြီ။”

ပြည်နယ်ဝန်ကြီး ဝမ်ချီချန် တစ်ချက် တုန်ယင်သွား၏။ ‘အခုတောင် ကြီးကျယ်တဲ့ ပြဿနာကြီး ဖြစ်နေပြီကို ဘာတွေ ဒုက္ခရောက်စရာ ရှိသေးလို့လဲ။ ဒီထက် ပိုပြီး ရှုပ်ထွေးနိုင်သေးလို့လား။ နောက်ထပ် ဘာပြဿနာ ကြီး ထပ်ဖြစ်ပြန်ပြီလဲ။’

ထိုအမတ်က စာရွက် အချို့ကို ကိုင်ဆောင်လာပြီး ပြည်နယ်ဝန်ကြီး ဝမ်ချီချန်၏ လက်ထဲသို့ တုန်ယင်စွာ ပေးအပ်လိုက်သည်။

ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ကြည့်လိုက်ရာ တစ်ခေါင်းလုံး ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွား၏။

ဤသည်မှာ ဝါဒဖြန့် စာရွက် တစ်ရွက် ဖြစ်သော်လည်း အတွင်းရှိ အကြောင်းအရာများက အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ဤစာထဲတွင် ဧကရာဇ်ဟောင်းထံ အာဏာ ပြန်လွှဲပေးရန် ပြောဆိုထားခြင်း မဟုတ်တော့ဘဲ ဧကရာဇ်ဝမ်ယွင် သည် အသုံးမကျရုံသာမက အလွန် ယုတ်မာရက်စက်ပြီး ထီးနန်းကို ရယူရန်အတွက် ဖခင်ကိုပါ လုပ်ကြံခဲ့ကြောင်း ရေးသားထား၏။

ဧကရာဇ်ဟောင်း အချိန်အကြာကြီး ထွက်မလာခြင်းမှာ သူ ထွက်မလာလို၍ မဟုတ်ဘဲ ဧကရာဇ်ဝမ်ယွင်၏ အကျယ်ချုပ် ချထားခြင်းကို ခံရကြောင်းလည်း ရေးသားထားသည်။

ထို့အပြင် ဧကရာဇ်ဟောင်း သည် ဧကရာဇ်ဝမ်ယွင်၏ နှိပ်စက်မှုကြောင့် ခြေလက် လေးဖက်လုံး အကြော သေသွားပြီဖြစ်ပြီး နေ့တိုင်း သေတာထက် ပိုဆိုးသော အခြေအနေ၊ ခွေးဝက် လောက်တောင် အဆင့်မရှိသော အခြေအနေဖြင့် နေထိုင်နေရသည် စသဖြင့် ရေးသားထားလေ၏။

ထိုဝါဒဖြန့် စာရွက်ထဲတွင် ဧကရာဇ်ဝမ်ယွင်သည် နေ့တိုင်း ဧကရာဇ်ဟောင်းကို သွားရောက် နှိပ်စက်ကာ ရှင်လျက်နဲ့ သေချင်စိတ် ပေါက်အောင် လုပ်ဆောင်နေကြောင်းလည်း ရေးသားထား၏။ ထို့အပြင် ဧကရာဇ်ဝမ်ယွင်သည် နန်းတွင်းတွင် ရှုပ်ပွေနေပြီး ဧကရာဇ်ဟောင်း၏ ကိုယ်လုပ်တော်တိုင်းကိုပါ အဓမ္မ ပြုကျင့်ခဲ့ကြောင်း ရေးသားထားသည်။

ဤစာရွက်၏ အဆုံးတွင် တစ်လောကရှိ သစ္စာရှိသော သူများ အနေဖြင့် စစ်တပ်များကို စုစည်းကာ မြို့တော်သို့ ဝင်ရောက်ပြီး ဧကရာဇ်ဟောင်းကိုကယ်တင်ရန် တောင်းဆိုထား၏။

‘ဒါ… ဒါက ဝါဒဖြန့် စာရွက်က ပုန်ကန်ဖို့ လှုံ့ဆော်တဲ့ ကြေညာစာတမ်း ကြီးပဲ။ ပြီးတော့ ပစ်မှတ်ထားတာက လက်ရှိ ဧကရာဇ်ဝမ်ယွင်ကိုပဲ။ ဒါ… ဒါ… ဒါက ကမ္ဘာကြီးကို ဖျက်ဆီးတော့မယ့် ကိစ္စပဲ။’

ပြည်နယ်ဝန်ကြီး၏ လက်များက တုန်ယင်နေသောကြောင့် ထို ဝါဒဖြန့်စာရွက်များ မြေပြင်ပေါ်သို့ ပြုတ်ကျ သွား၏။ ထို့နောက် တစ်ကိုယ်လုံး အားနည်းသွားကာ မတ်တတ် မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ အရုပ်ကျိုးပြတ် ထိုင်ချလိုက်ရတော့သည်။

ဟေးပင်းထိုင် စစ်သေနာပတိက ထိုဝါဒဖြန့် စာရွက်များကို ယူကြည့်လိုက်ရာ တစ်ကိုယ်လုံး တုန်ယင် အေးစက်သွား၏။

အထူးကိုယ်စားလှယ် အမတ်က တစ်ချက် ကြည့်လိုက်ပြီးနောက် လုံးဝ သတိလစ်မတတ် ဖြစ်သွားသည်။

အမတ်ကြီး သုံးဦးသည် အချိန် အတော်ကြာသည်အထိ စကား တစ်ခွန်းမှ မပြောနိုင်ဘဲ ခေါင်းမူးနေကာ သတိလစ်တော့မည့်အလား ဖြစ်နေကြ၏။

‘ဒါက ကျန်းကျိုး အစိုးရ အဖွဲ့တွေ သေတာ မလုံလောက်သေးလို့ နောက်ထပ် သေရေးရှင်ရေး တိုက်ခိုက်မှု လာလုပ်တာလား။’

အချိန် အတော်ကြာမှ ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က မေးလိုက်သည်။ “ဒါ… ဒါက ကျန်းကျိုးမြို့ထဲမှာ ပျံ့နေပြီလား။”

“ကျန်းကျိုး မြို့ထဲမှာတင် မဟုတ်ပါဘူး။ ဘေးနားက ယွင်ကျိုးမြို့၊ ချန်းကျိုးမြို့၊ ကျန်းကျိုး ပတ်ဝန်းကျင်က မြို့တွေ အားလုံးမှာ ညတွင်းချင်း ထွက်ပေါ်လာတာပါ။” ထိုလက်အောက်ငယ်သားက ပြန်ဖြေ၏။

ဝမ်ချီချန်က တုန်ယင်စွာ မေးလိုက်သည်။ “ဘယ်လောက်များလဲ။ အားလုံး သိမ်းဆည်း ဖျက်ဆီးပစ်လို့ ရမလား။”

ထိုလက်အောက်ငယ်သားက ခေါင်းခါယမ်းကာ ဖြေလိုက်၏။ “ခန့်မှန်းခြေအရ စောင်ရေ တစ်သိန်းကျော် ရှိပါတယ်။”

ဝမ်ချီချန် ထပ်မံ၍ ခေါင်းမူးသွားပြန်သည်။ ‘စောင်ရေ တစ်သိန်းကျော်လား။ ဒါဆို လုံးဝ ဖုံးကွယ်ထားလို့ မရတော့ဘူး။ မကြာခင် ဒီဝါဒဖြန့် စာရွက်ထဲက အကြောင်းအရာတွေက အင်ပါယာ တစ်ခုလုံးကို ပျံ့နှံ့သွားတော့မှာပဲ။ ပြီးတော့ လူအများအပြားက ဒီအထဲက အကြောင်းအရာတွေကို အမှန်လို့ ထင်မှတ် သွားကြလိမ့်မယ်။’

“ဘယ်သူ… ဘယ်သူ လုပ်တာလဲ။” ဝမ်ချီချန်က တုန်ယင်စွာ မေးလိုက်၏။

ထိုလက်အောက်ငယ်သားက ရှင်းပြလိုက်သည်။ “ကျုပ်တို့ လူသုံးယောက်ကို ဖမ်းမိထားပါတယ်။ အားလုံးက ယွဲ့တန်းဖျင်က နာမည်ကြီး ပညာတတ်တွေပါ။ ရွှီဖူရဲ့ တပည့်ရင်းတွေပါပဲ။ အဲဒီတုန်းက သူတို့ကို ဖမ်းဖို့ လုပ်တုန်းက သူတို့က ထွက်ပြေး ပျောက်ကွယ်သွားခဲ့တာပါ။

ပြီးတော့ ဒီဝါဒဖြန့်စာရွက် အရေအတွက်က အရမ်းများလွန်းတော့ ကျွမ်းကျင်တဲ့ ပုံနှိပ်စက်တွေ လိုအပ်ပါတယ်။ ကျုပ်တို့ စက္ကူနဲ့ မှင်တွေကို စစ်ဆေးကြည့်တော့ လျှို့ဝှက် ပုံနှိပ်စက် တချို့ကို ရှာတွေ့ ခဲ့ပါတယ်။ အားလုံးက ရွှီဖူ ပိုင်တဲ့ဟာတွေပါပဲ။”

ပြည်နယ်ဝန်ကြီး ဝမ်ချီချန် နားလည်သွားပြီ ဖြစ်သည်။ ဤသည်မှာ ရွှီဖူ၏ နောက်ဆုံး အကြံအစည် ပင်ဖြစ်၏။

ပြဿနာ ဖြစ်ပွားပြီးနောက် ရွှီဖူသည် ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ်ယောက်ကျော်ကို ခေါ်ဆောင်ကာ ပင်လယ်ရပ်ခြားသို့ ထွက်ပြေးခဲ့သည်။

ထိုအချိန်က ဤ ကြီးမားသော ပြဿနာကြီးကို ဖန်တီးရန် နောက်ဆုံး အကြံအစည် တစ်ခု ချန်ထားခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သို့ပေမည့် သူတို့ ထွက်မပြေးနိုင်ခဲ့ဘဲ နန်ကုန်းအာ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သူတို့ လျှောက်ပြောမည်ကို စိုးရိမ်သောကြောင့် မြင်းငါးကောင်ဖြင့် ဆွဲကာ ကွပ်မျက်ခဲ့၏။ သို့ပေမည့် သူ ချန်ထားခဲ့သော နောက်ဆုံး အကြံအစည်ကတော့ ပေါက်ကွဲသွားခဲ့သည်။

ရွှီဖူ၏ တပည့်ရင်းများ၊ သူ၏ တူများ၊ သားများက အမှောင်ထဲတွင် ပုန်းအောင်းကာ ရွှီဖူ အတွက် လက်စားချေပေးခဲ့ခြင်း ဖြစ်၏။

‘သူက ဒီကြောက်မက်ဖွယ် ကောင်းတဲ့ ဗုံးကြီးကို ဖောက်ခွဲလိုက်တာပဲ။ အခြေအနေက လုံးဝ ထိန်းချုပ်လို့ မရတော့ဘူး။’

ထိုအချိန်တွင် ဟေးပင်းထိုင် စစ်သေနာပတိ ယွီထုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဝေ့ချီတွမ်… ခင်ဗျား ဘယ်တုန်းက ရွှီဖူနဲ့ ပူးပေါင်းပြီး ဒီလောက် ကြောက်စရာ ကောင်းတဲ့ ပုန်ကန်မှုကြီးကို ကြံစည်ခဲ့တာလဲ။ အမှန်အတိုင်း ဝန်မခံသေးဘူးလား။”

ဝေ့ချီတွမ်က ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ်… ကျုပ်က ဘယ်လိုလုပ် ရွှီဖူနဲ့ ပူးပေါင်းမှာလဲ။”

ဟေးပင်းထိုင် စစ်သေနာပတိ ယွီထုံက မေးလိုက်သည်။ “ဒါဆို ခင်ဗျား စောစောက အောက်ယွီ ဒီစကားတွေ ပြောခဲ့တယ်လို့ ဘာလို့ စွပ်စွဲတာလဲ။ ခင်ဗျားသား ဝေ့ချီယန်က ရွှီဖူရဲ့ တပည့်ဖြစ်လို့ ကြီးကျယ်တဲ့ ပြဿနာကြီး ဖြစ်လာမယ်လို့ ပြောခဲ့တယ်လေ။ အဲဒီတုန်းက ရွှီဖူ ချန်ထားခဲ့တဲ့ ဒီ ဝါဒဖြန့် စာရွက်တွေက မပေါက်ကွဲသေးဘူး။ ခင်ဗျားက ရွှီဖူနဲ့ မပူးပေါင်းဘူးဆိုရင် ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ။”

ဝေ့ချီတွမ်က တုန်ယင်စွာ ပြန်ဖြေ၏။ “အောက်ယွီ လေ… အောက်ယွီက ကျုပ်ကို ပြောခဲ့တာလေ။”

ယွီထုံက ထပ်မေးလိုက်သည်။ “အောက်ယွီက ဒါတွေ အားလုံးကို ဘယ်လိုလုပ် သိနေမှာလဲ။ သူက ဘယ်လိုလုပ် ရွှီဖူက နောက်ဆုံး အကြံအစည်တွေ ချန်ထားခဲ့ပြီး ပြဿနာကို ဖောက်ခွဲမယ် ဆိုတာ သိနေရတာလဲ။”

ဝေ့ချီတွမ်က အလိုအလျောက် ပြောလိုက်မိ၏။ “သေချာပေါက် ရွှီဖူနဲ့ အောက်ယွီ ပူးပေါင်းနေတာ ဖြစ်ရမယ်။”

ထိုစကားကို ပြောပြီးသည်နှင့် သူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်ချင်စိတ် ပေါက်သွားသော်လည်း စကား ပြင်ပြောရန် အချိန်မမီတော့ပေ။

‘ခင်ဗျားက လူတိုင်းကို ဦးနှောက် မရှိတဲ့သူတွေလို့ ထင်နေတာလား။ ရွှီဖူနဲ့ အောက်ယွီက ရန်သူတွေ ဆိုတာ ဘယ်သူမသိလို့လဲ။ ရွှီဖူကို အောက်ယွီက သတ်ပစ်ခဲ့တာလေ။ ခင်ဗျားက သူတို့ နှစ်ယောက် ပူးပေါင်းနေတယ်လို့ ပြောရဲသေးတယ်ပေါ့။ ခင်ဗျားက ကျုပ်တို့ အားလုံးကို ငတုံးတွေလို့ ထင်နေတာလား။’

ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဝေ့ချီတွမ်… ဒီလို အချိန်မျိုးမှာ ခင်ဗျားက လျှောက်ပြီး စွပ်စွဲနေသေးတယ်။ ခင်ဗျား မျက်လုံးထဲမှာ ဥပဒေ မရှိတော့ဘူးလား။ ခင်ဗျားက ကျုပ်တို့ အထက်လူကြီးတွေကို ဒီလောက်တောင် အထင်သေးနေတာလား။ လာကြစမ်း... ရိုက်စမ်း… ရိုက်စမ်း...”

တကယ်တော့ ဝေ့ချီတွမ် ကဲ့သို့သော အကျဉ်းသားများကို အမတ် ဝတ်စုံနှင့် ဦးထုပ် ချွတ်ထားလျှင်တောင် နှိပ်စက်ခွင့် မရှိပေ။

သို့ပေမည့် ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က တကယ်ကို ဒေါသထွက်နေပြီး ကြောက်ရွံ့နေပြီ ဖြစ်၏။ ‘ခင်ဗျားရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်လုံးကို ချပစ်မယ်။ ခင်ဗျားတို့ ပြဿနာ ရှာချင်ရင် ဘာလို့ ကျုပ်ရဲ့ ချန်လန်ပြည်နယ်မှာ လာလုပ်ရတာလဲ။ ဘာလို့ တခြား နေရာတွေ မသွားကြတာလဲ။’

ထို့ကြောင့် ဤဒေါသများကို သူ သေချာပေါက် ဖွင့်ထုတ်ရပေမည်။

ချက်ချင်းပဲ ပြည်နယ်ဝန်ကြီးရုံး၏ သိုင်းပညာရှင်အချို့ ရှေ့တိုးလာပြီး ဝေ့ချီတွမ်၏ ဘောင်းဘီကို ဆွဲချွတ်ကာ ကြိမ်လုံးဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ကြလေ၏။

အချိန်တို အတွင်းမှာပင် ဝေ့ချီတွမ်ကို သွေးသံရဲရဲ ဖြစ်အောင် ရိုက်နှက်လိုက်ကြသည်။

တစ်ချိန်လုံး ဝေ့ချီတွမ်ကသာ သူများကို ရိုက်နှက်ခဲ့ပြီး သူကိုယ်တိုင် အရိုက်ခံရသည့် အချိန် မရှိခဲ့ဖူးပေ။

တတိယ အဆင့်ရှိသော မြို့ဝန်ကြီးက ဘောင်းဘီ အချွတ်ခံရပြီး အရိုက်ခံနေရသည်မှာ အောက်တန်း အကျဆုံးသော အကျဉ်းသား တစ်ဦးနှင့် တူနေ၏။

ဤအချိန်တွင် သူက ချက်ချင်း သေဆုံးသွားချင်စိတ် ပေါက်နေပြီ ဖြစ်၏။ ထို့အပြင် ထိုပြင်းထန်သော နာကျင်မှုက သူ့ကို မနေနိုင်ဘဲ အော်ဟစ် ညည်းတွားစေ၏။

‘ကြိမ်လုံးနဲ့ အရိုက်ခံရတာ ဒီလောက် နာမှန်း အခုမှ သိတော့တယ်။ ကျုပ်က လူဘယ်လောက်များများကို ရိုက်ဖို့ အမိန့်ပေးခဲ့ဖူးလဲ။ ဒီလောက် နာမယ်လို့ တကယ် မထင်ထားခဲ့ဘူး။’

အချိန်တို အတွင်းမှာပင် တရားရုံးပေါ်တွင် အနံ့ဆိုး တစ်ခု ထွက်ပေါ်လာ၏။ ဝေ့ချီတွမ် က ရိုက်နှက် ခံရလွန်းသောကြောင့် ကျင်ကြီး ကျင်ငယ်များ ထွက်ကျသွားခြင်း ဖြစ်သည်။

နေရာတိုင်းတွင် သွေးများ ပြည့်နှက်နေပြီး ချီးနှင့် သေးများ အားလုံး ထွက်ကျနေသည်။ တကယ်ကို သနားစရာ ကောင်းလွန်းလှ၏။

သို့ပေမည့် ပြည်နယ်ဝန်ကြီး ဝမ်ချီချန် ရိုက်နှက်ခဲ့သည်မှာလည်း ဒေါသ ထွက်ပေါက် တစ်ခု သက်သက်သာ ဖြစ်သည်။

နောက်ပိုင်းတွင် အခြေအနေက လုံးဝ ထိန်းချုပ်၍ မရတော့ပေ။ ဤ သတင်းဆိုးများ မြို့တော်သို့ ရောက်ရှိသွားပြီး ဧကရာဇ်၏ နားထဲသို့ ရောက်သွားပါက ထို အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်က မည်မျှ အထိ ဒေါသထွက်မည်ကို သူ မတွေးရဲတော့ပေ။

ဧကရာဇ် အမျက်ထွက်လျှင် လူဘယ်နှစ်ယောက်၏ ခေါင်းများ ပြတ်ကျမည်ကို မသိနိုင်တော့ပေ။ သေချာပေါက် သွေးချောင်းစီးသွားမှာဖြစ်၏။

ဤဧကရာဇ်မင်းမြတ် အကြောင်းကို ဝမ်ချီချန်က ကောင်းကောင်း သိရှိထားသည်။ သူသည် ဧကရာဇ်ဟောင်းထက် ပို၍ ရက်စက်ပြီး ဧကရာဇ်၏ စိတ်သဘောထား ကစားကွက်များကို အနှစ်သက်ဆုံး သူ ဖြစ်သည်။

‘ကျန်းကျိုးမြို့မှာ သွေးချောင်းစီးမလားဆိုတာ နတ်ဘုရားတွေပဲ သိနိုင်တော့မယ်။’

အနည်းဆုံးတော့ ယခုအချိန်တွင် ဤကိစ္စသည် ပြည်နယ်ဝန်ကြီး ဝမ်ချီချန်၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားပြီဖြစ်ရာ သူ လုပ်နိုင်သမျှ လုပ်ပြီး ကံတရားကိုသာ အားကိုးရတော့မှာ ဖြစ်၏။

အစိုးရအဖွဲ့ထဲက အမတ်ချုပ်ကြီးလင်က ဤအခြေအနေကို ပြန်လည်ကယ်တင်နိုင်ဖို့ မျှော်လင့်ရုံသာ ရှိတော့သည်။

မဟုတ်ပါက ချန်လန်ပြည်နယ်ရှိ အဆင့် ခုနစ်နှင့်အထက် အမတ် မည်မျှ အသတ်ခံရမည်၊ မည်မျှ ထောင်ကျမည် ဆိုသည်ကို မသိနိုင်တော့ပေ။

မဟုတ်ပေ။ ပြောရလျှင် ချန်လန်ပြည်နယ် တစ်ခုလုံး၊ အထူးသဖြင့် ကျန်းကျိုး တစ်မြို့လုံး၌ အဆင့် ခုနစ်နှင့်အထက် အမတ် ဘယ်နှစ်ယောက် အသက်ရှင်နိုင်ဦးမည်နည်း ဆိုသည်ကို ဖြစ်သည်။

ပြည်နယ်ဝန်ကြီး ဝမ်ချီချန် မျက်ရည်များ ကျဆင်းလာပြီး သူ၏ အမတ် ဦးထုပ်ကို ဖြည်းညင်းစွာ ချွတ်ကာ စားပွဲပေါ် တင်လိုက်၏။ “အမတ်ကြီးတို့… ကိစ္စက ဖြစ်သွားပြီ ဆိုတော့ ရှေ့ဆက်ပြီး လုပ်နိုင်တာ လုပ်ပြီး ကံတရားကိုပဲ အားကိုးရတော့မယ်။”

ထိုနေရာတွင် ရှိနေသော အမတ်များ အားလုံး အမတ် ဦးထုပ်များကို ချွတ်ကာ စားပွဲပေါ် တင်လိုက်ကြပြီး တစ်ကိုယ်လုံး ယိုင်နဲ့ယိုင်နဲ့ ဖြစ်ကာ မျက်နှာများ ဖြူရော်သွားကြ၏။

........................

အပိုင်း (၃၁၀)

ဝေမြို့စားကြီး အိမ်တော်...

ဝေမြို့စားကြီး၊ အောက်ထင်၊ အောက်မင်၊ တွမ်ယင်းယင်း အစရှိသူများ အားလုံး ဤပိုမို ကြောက်စရာ ကောင်းသော သတင်းဆိုးကို ရရှိသွားကြပြီ ဖြစ်သည်။

ရွှီဖူ သေဆုံးပြီးနောက် ပိုမို ကြောက်စရာ ကောင်းသော ဗုံးကြီး တစ်လုံးကို ဖောက်ခွဲခဲ့ပြီး ဝါဒဖြန့် စာရွက် တစ်သိန်းကျော် ဖြန့်ဝေခဲ့၏။

ဤဝါဒဖြန့် စာရွက်ပေါ်ရှိ အကြောင်းအရာများက ဝေ့ချီယန် ပြောခဲ့သော စကားများထက် အများကြီး ပိုမို ယုတ်မာလှသည်။

ဧကရာဇ် ဝမ်ယွင်သည် ဧကရာဇ်ဟောင်းအား အကျယ်ချုပ်ချထားကာ နှိပ်စက်ညှင်းပန်းနေလေသည်။ လူအများ၏ ချစ်ခင်လေးစားမှုကို ခံယူခဲ့ရသော ဧကရာဇ်ဟောင်းမှာ ယခုအခါတွင်မူ တိရစ္ဆာန် တစ်ကောင်ကဲ့သို့ အဆင့်အတန်းမဲ့စွာဖြင့် ရှင်လျက်နှင့် သေချင်စိတ်ပေါက်ရလောက်အောင်ပင် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရ၏။

ထို့ကြောင့် တစ်လောကလုံးရှိ သစ္စာရှိသူများအနေဖြင့် မြို့တော်သို့ ချီတက်လာကြရန်နှင့် ဧကရာဇ်ဟောင်းအား ကယ်တင်ရန်၊ တာ့ကျိုးအင်ပါယာကြီးကို စောင့်ရှောက်ရန် ဝါဒဖြန့်စာများ ပေါ်ပေါက်လာခဲ့သည်။

အစောပိုင်းကမူ ဧကရာဇ်သည် အရည်အချင်း ကင်းမဲ့သောကြောင့် ဧကရာဇ်ဟောင်းထံ အာဏာပြန်လည် လွှဲပြောင်းပေးရန်သာ ပြောဆိုခဲ့ကြသော်လည်း၊ ယခုမူ ဧကရာဇ်ဟောင်းအား ကယ်တင်ရန်အထိပါ ဟစ်ကြွေးလာကြပြီ ဖြစ်၏။

ဤသည်မှာ လက်ရှိဧကရာဇ်မင်းမြတ်အား ပုန်ကန်ရန် ဗြောင်ကျကျ လှုံ့ဆော်လိုက်သည့် ကြေညာစာတမ်းပင် ဖြစ်တော့သည်။

ဤဖြစ်ရပ်ကြောင့် ဧကရာဇ်မင်းမြတ် မည်မျှအထိ အမျက်ဒေါသ ချောင်းချောင်းထွက်မည်ကို ခန့်မှန်းရန်ပင် ခဲယဉ်းလှ၏။

ကျန်းကျိုးအစိုးရအဖွဲ့နှင့် ကျန်းကျိုးရှိ ဂုဏ်သရေရှိ မှူးမတ်များအနေဖြင့် ဧကရာဇ်၏ မည်မျှကြီးမားသော အပြစ်ပေးမှုကို ခံရမည်နည်းဟူသည်မှာ နတ်ဘုရားများသာ သိနိုင်မည့်အရာ ဖြစ်သည်။

ကြီးမားသော နိုင်ငံရေးမုန်တိုင်းကြီး ပေါက်ကွဲလာတော့မည်ကို သိရှိထားကြသောကြောင့် လူတိုင်းက ထိုမုန်တိုင်းကို အတိုင်းအတာတစ်ခုအထိသာ ဖြစ်စေရန် အစွမ်းကုန် ထိန်းချုပ်ခဲ့ကြသော်လည်း၊ ယခုမူ အခြေအနေများမှာ လက်လွန်သွားခဲ့ပြီ ဖြစ်၏။

ဤအရာမှာ သာမန်လေပြင်းမုန်တိုင်း မဟုတ်တော့ဘဲ အရာအားလုံးကို ဖျက်ဆီးပစ်မည့် လေဆင်နှာမောင်း မုန်တိုင်းကြီးသဖွယ် အရှိန်အဟုန် ပြင်းထန်သွားခဲ့သည်။

လူပေါင်းများစွာနှင့် မိသားစုများစွာကို အမှုန့်ကြိတ် ဖျက်ဆီးပစ်မည့် ကြောက်မက်ဖွယ် ကောင်းသော ထိုလေဆင်နှာမောင်း မုန်တိုင်းကြီးသည် တားဆီး၍ မရနိုင်အောင်ပင် ပေါ်ပေါက်လာလေတော့၏။

ထိုအချိန်တွင် ဝေမြို့စားကြီးက တုန်ယင်စွာ ပြောလိုက်သည်။ “အခု… တကယ်ပဲ ပင်လယ်ရပ်ခြားကို ထွက်ပြေးဖို့ စဉ်းစားသင့်ပြီ။ အနည်းဆုံးတော့ တစ်စိတ်တစ်ပိုင်းလောက် ထွက်ပြေးရမယ်။”

အောက်ထင် တစ်ကိုယ်လုံး တုန်ယင်သွား၏။ အကယ်၍ ပင်လယ်ရပ်ခြားသို့ ထွက်ပြေးရန် ဆုံးဖြတ်ပါက အမြန်ဆုံး လှုပ်ရှားရမှာဖြစ်၏။

ကျန်းကျိုးတွင် ဖြစ်ပျက်ခဲ့သမျှကို အမြန်ဆုံးနှုန်းဖြင့် မြို့တော်သို့ ပို့ဆောင်မှာဖြစ်ပြီး သန်ဘက်ခါတွင် ဧကရာဇ်က ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သိရှိသွားပေလိမ့်မည်။

မကြာမီ အထူးကိုယ်စားလှယ် အမတ်က အမြန်ဆုံးနှုန်းဖြင့် ရောက်ရှိလာမည်ဖြစ်ရာ ထိုအချိန်ရောက်လျှင် ထွက်ပြေးရန် ခက်ခဲသွားမှာဖြစ်သည်။

သို့သော်ငြား တကယ် ထွက်ပြေးရန် လိုအပ်နေသည်လား။ ဤကြောက်စရာ ကောင်းသည့် မုန်တိုင်းကြီးက အောက်မျိုးနွယ်စု၊ ဝေမြို့စားကြီး အိမ်တော်တို့ကို တကယ် ထိခိုက်နိုင်ပါ့မည်လား။

ဝေမြို့စားကြီးက တုန်ယင်စွာ ပြောလိုက်၏။ “ကျုပ်တို့က ဝေ့ချီတွမ်နဲ့ အဆက်အသွယ် အရမ်းများတယ်။ ပြီးတော့ ရွှီဖူနဲ့လည်း အဆက်အသွယ် အရမ်းများတယ်။ ကျန်းကျိုးရဲ့ ပထမဆုံး ပါရမီရှင် အောက်မင်ကိုတောင် ယွဲ့တန်းဖျင်က ရွှီဖူက မြှင့်တင်ပေးခဲ့တာပဲ။”

အောက်မင်က ပြောလိုက်သည်။ “မလောပါနဲ့။ ပင်လယ်ရပ်ခြားကို ထွက်ပြေးမယ် ဆိုရင်တောင် သိပ်ပြီး သတိမထားမိတဲ့ ကလေးတွေကိုပဲ ပို့လို့ရမယ်။ အကုန်လုံး ဖမ်းဆီး မခံရအောင်လို့ပေါ့။ ဒါပေမဲ့ အဓိက အချက်က ကျင်းကျိုး ဘက်မှာပဲ ရှိသေးတယ်။ ကျင်းကျိုး ဘက်မှာသာ အောင်မြင်သွားရင် ကျုပ်တို့ ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။”

တွမ်ယင်းယင်းက ဝင်ပြော၏။ “ဟုတ်တယ်။ ဧကရာဇ်က အများဆုံး တစ်ဖွဲ့တည်းကိုပဲ အပြတ်အသတ် ဖိနှိပ်နိုင်မှာ။ နှစ်ဖွဲ့လုံးကို ဖိနှိပ်လို့ မရဘူးလေ။ ကျင်းကျိုးမှာ စစ်ပုန်ကန်မှု ဖြစ်ရင် သူက အောက်ရှင်းကို သတ်ပြီး ဂုဏ်သရေရှိ မှူးမတ် စစ်သူကြီးတွေကို ရှင်းလင်းမယ်။

ကျန်းကျိုးမှာ ပြဿနာ ဖြစ်ရင် ပညာတတ် အမတ်တွေကို ရှင်းလင်းမယ်။ သူက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှာမှန်ပေမယ့် အဖွဲ့ နှစ်ခုလုံးကိုတော့ အကုန် မသတ်နိုင်ဘူးလေ။ အမတ်ချုပ်ကြီးလင် ဘာမှ မဖြစ်သရွေ့ ကျွန်မတို့ အားလုံး ဘာမှဖြစ်မှာ မဟုတ်ဘူး။”

...........

နင်ပေ ပြည်နယ်၊ ကျင်းကျိုးမြို့…

နင်ပေ ပြည်နယ်ဝန်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “လီဝမ်ဖာ… ခင်ဗျား ပုန်ကန်ချင် နေတာလား။”

လီဝမ်ဖာ ဓားကို ဆွဲထုတ်ကာ ပြည်နယ်ဝန်ကြီးဆီသို့ ခုတ်ချရန် ပြင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ဟုတ်တယ်။ ကျုပ် ပုန်ကန်တော့မှာပဲ။”

အခြေအနေက လုံးဝ ပျက်စီးသွားတော့မှာ ဖြစ်သည်။

လီဝမ်ဖာက နင်ပေ ပြည်နယ်ဝန်ကြီးကို သတ်လိုက်သည်နှင့် ပုန်ကန်မှုက အစစ်အမှန် ဖြစ်သွားမှာဖြစ်ပြီး အောက်ရှင်း၏ နာမည်ဖြင့် ပုန်ကန်ခြင်း ဖြစ်မည်။ အောက်ရှင်း မိသားစု တစ်ခုလုံး မျိုးဖြုတ် သတ်ဖြတ် ခံရမည်မှာ သေချာသွားပြီ ဖြစ်၏။

ထိုအချိန်တွင် ထိုဟေးပင်းထိုင် သိုင်းပညာရှင်သည် ကျင်းကျိုးမြို့ရိုးကို စတင် မြင်တွေ့ရုံသာ ရှိသေးပြီး တားဆီးရန် လုံးဝ အချိန်မမီတော့ပေ။

လီဝမ်ဖာက နင်ပေ ပြည်နယ်ဝန်ကြီးကို ခုတ်သတ်ရင်း နောက်ဆက်တွဲ ပြောရမည့် စကားများကို ပြင်ဆင်နေ၏။ ‘စစ်သေနာပတိ အောက်ရှင်းဟာ ပြိုင်ဘက်ကင်း ကောင်းကျိုးတွေ ရှိတယ်။ ဧကရာဇ်မင်းမြတ်က အသုံးမကျဘူး၊ သစ္စာရှိတဲ့ အမတ်ကို နှိပ်စက်တယ်။ စစ်သေနာပတိ အောက်ရှင်း အတွက် ကျုပ်တို့ ပုန်ကန်ပြီ။’

နင်ပေ ပြည်နယ်ဝန်ကြီး၏ခေါင်း ပြတ်ကျတော့မည့် အချိန်တွင် ကျင်းကျိုးပြည်နယ် စစ်တပ် တပ်မှူး လီဝမ်ဖာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “စစ်သေနာပတိ အောက်ရှင်း…”

သို့ပေမည့် သူ စကားလေးလုံးသာ အော်ဟစ်ရသေးချိန်တွင် သူ၏ အနောက်မှ ကိုယ်ရံတော် အချို့က မြားများဖြင့် အဆက်မပြတ် ပစ်ခတ်လိုက်၏။

“ရွှီး… ရွှီး… ရွှီး… ရွှီး… ရွှီး…”

လီဝမ်ဖာ လုံးဝ သတိမထားမိလိုက်ပေ။ သံချပ်ကာ ဝတ်ဆင်ထားသော်လည်း ဤမျှ နီးကပ်သော အကွာအဝေးမှ ပစ်ခတ်လိုက်သောကြောင့် သံမြား ဆယ်ချောင်းကျော်က သူ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်။

မြားထိပ်များတွင် အဆိပ်ပြင်း သုတ်လိမ်းထားသောကြောင့် ချက်ချင်းပဲ လီဝမ်ဖာ သည် လှုပ်ရှားနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ တစ်ကိုယ်လုံး တောင့်တင်းသွား၏။

“လီဝမ်ဖာ ပုန်ကန်နေတယ်။ ကျုပ် ဧကရာဇ်မင်းမြတ်အတွက် ဒီလူယုတ်မာကို သတ်လိုက်တယ်။ စစ်သေနာပတိ အောက်ရှင်း အတွက် ဒီလူယုတ်မာကို သတ်လိုက်တယ်။”

တပ်မှူး တစ်ဦးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “လူတစ်ယောက်က စစ်သေနာပတိ အောက်ရှင်းကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတယ်။ လီဝမ်ဖာကို အတင်းအကျပ် ပုန်ကန်ခိုင်းပြီး စစ်သေနာပတိ အောက်ရှင်းကို အပြစ်ပုံချဖို့ လုပ်နေတယ်။

ကျုပ် ဧကရာဇ်မင်းမြတ် အတွက် ဒီလူယုတ်မာကို သတ်လိုက်တယ်။ စစ်သေနာပတိ အောက်ရှင်း အတွက် ဒီလူယုတ်မာကို သတ်လိုက်တယ်။”

ထိုတပ်မှူးက အော်ဟစ်ရင်း ပြည်နယ်ဝန်ကြီး၏ အရှေ့သို့ သွားကာ ဒူးထောက်လိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်၏။ “ပြည်နယ်ဝန်ကြီးမင်း လန့်သွားပြီ။ ပြည်နယ်ဝန်ကြီးမင်းကို ကာကွယ်ကြ...”

ထို့နောက် ဤတပ်မှူးက နင်ပေ ပြည်နယ်ဝန်ကြီး၏ အရှေ့တွင် ကာကွယ်ပေးလိုက်သည်။

နင်ပေ ပြည်နယ်ဝန်ကြီး မြေပြင်ပေါ်သို့ လဲကျသွားပြီဖြစ်ပြီး အဝတ်အစားများလည်း စုတ်ပြဲသွားသည်။ လီဝမ်ဖာ၏ ဓားချက်ကြောင့် ဗိုက်ကွဲလုနီးပါး ဖြစ်သွားခဲ့သောကြောင့် လုံးဝ ကြောက်လန့်သွားခဲ့၏။

အချိန် အတော်ကြာမှ သူက ကျင်းကျိုး စစ်တပ်၏ ထိုတပ်မှူးကို ကြည့်ကာ ပြောလိုက်သည်။ “စစ်သူကြီးက တကယ့်ကို ဖြောင့်မတ်တဲ့ သူရဲကောင်းပါပဲ။”

“ကျုပ် ချီးကျူးတာကို လက်ခံဖို့ မရဲပါဘူး။ စစ်သေနာပတိ အောက်ရှင်းရဲ့ သွန်သင်မှုကို နာခံပြီး အချိန်တိုင်း ဧကရာဇ်မင်းမြတ်ကို သစ္စာရှိဖို့၊ နိုင်ငံတော်ကို ချစ်ဖို့ သိထားလို့ပါ။”

ထို တပ်မှူးက ပြောလိုက်၏။ “ပြည်နယ်ဝန်ကြီးမင်း… လူတစ်ယောက်က လီဝမ်ဖာကို အတင်းအကျပ် ပုန်ကန်ခိုင်းပြီး စစ်သေနာပတိ အောက်ရှင်းကို အပြစ်ပုံချဖို့ လုပ်နေပါတယ်။ လီဝမ်ဖာကို ပုန်ကန်ဖို့ အတင်းအကျပ် ခိုင်းစေတဲ့ သူတွေက ငွေတုံး သိန်းနဲ့ချီ ပေးထားတဲ့အပြင် ဆူမီယွမ်ရဲ့ အမိန့်စာ အတုကိုလည်း ဖန်တီးထားပါတယ်။

အဲဒီလူတွေက မြို့ထဲမှာ ရှိနေပါတယ်။ အမည်းရောင် ဖီးနစ်ငှက်အလံ စိုက်ထားတဲ့ နေရာက သူတို့ရဲ့ စခန်းပါပဲ။ သူတို့ကို ဖမ်းဆီးရမလား။ ပြည်နယ်ဝန်ကြီးမင်း အမိန့်ပေးပါ။”

နင်ပေ ပြည်နယ်ဝန်ကြီးက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ “ဖမ်း… ဖမ်း… ဖမ်း”

အမိန့်ပေးသံနှင့်အတူ ပြည်နယ်ဝန်ကြီး အိမ်တော်၏ ကိုယ်ရံတော်များ၊ ကျင်းကျိုး စစ်တပ်၏ စစ်သည်များက နင်ဝူချွဲ့ အစရှိသူများ ပုန်းအောင်းနေသော နေရာသို့ ဒီရေလှိုင်းကြီးအလား ပြေးဝင်သွားကြလေသည်။ ဤသို့ဖြင့် ကျင်းကျိုးတွင် ရန်သူများ၏ အကြံအစည် လုံးဝ ပျက်စီးသွားပြီ ဖြစ်၏။

ကျင်းကျိုးတွင် စစ်ပုန်ကန်မှု မရှိခဲ့သလို ဧကရာဇ်ကို ပုန်ကန်ခြင်းလည်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက် အနေဖြင့် အောက်ရှင်း၏ လက်အောက်ငယ်သားများက ဧကရာဇ်အပေါ် သစ္စာရှိစွာဖြင့် ပြည်နယ်ဝန်ကြီးကို ကယ်တင်ခဲ့ပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သော ပြဇာတ် တစ်ပုဒ်ကိုသာ ကပြခဲ့ခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲသွားသည်မှာ ကျန်းကျိုး တစ်ခုတည်းသာ ဖြစ်သည်။ ဧကရာဇ်၏ အဆုံးမရှိသော ဒေါသကို ခံရမည်မှာလည်း ကျန်းကျိုး တစ်ခုတည်းသာ ဖြစ်၏။

ယခုအချိန်တွင် ကျန်းကျိုး တစ်မြို့လုံး၌ အပြစ်ကင်းစင်သော မိသားစု တစ်စုတည်းသာ ရှိသည်။ ထိုအရာမှာ နုလန်ဟောက် အိမ်တော်ပင် ဖြစ်သည်။

‘ကျုပ်တို့က အိမ်ဝင်စီး ခံထားရပြီး ထောင်ကျနေတာလေ။ ရွှီဖူနဲ့ ဝေ့ချီယန်တို့ရဲ့ ပုန်ကန်မှု အကြံအစည်တွေမှာ ဘယ်လိုလုပ် ပါဝင်ပတ်သက်နိုင်မှာလဲ။’

ထို့ကြောင့် ယွင်ကျုံးဟဲ့က ထိုအချိန်က ပြောခဲ့ခြင်း ဖြစ်၏။ ဤအချိန်မျိုးတွင် အကျဉ်းထောင်ကသာ အလုံခြုံဆုံး ဖြစ်သည် ဟူ၍ပင်။

ကျန်းကျိုးတွင် ဗုံးပေါက်ကွဲသွားပြီဖြစ်ရာ အကျဉ်းထောင် အတွင်း၌ ပုန်းအောင်းနေခြင်းကသာ ထိခိုက်မှု မရှိဘဲ သုံးရက်အတွင်း အခြေအနေကို ပြန်လည် ကယ်တင်နိုင်မှာဖြစ်၏။

............................

တောင်ပိုင်းကျိုးအင်ပါယာ မြို့တော်၊ ရွှေရောင် တောက်ပပြီး ကြီးကျယ်ခမ်းနားသော နန်းတော်...

“သတင်းပို့ပါတယ်… သတင်းပို့ပါတယ်… သတင်းပို့ပါတယ်။”

“ကျန်းကျိုးက အရေးပေါ် သတင်း... ဧကရာဇ်မင်းမြတ်ကို တိုက်ရိုက် တင်ပြချင်ပါတယ်။”

“ကျန်းကျိုးက အရေးပေါ် သတင်း... ဧကရာဇ်မင်းမြတ်ကို တိုက်ရိုက် တင်ပြချင်ပါတယ်။”

ကျန်းကျိုးတွင် ဖြစ်ပေါ်ခဲ့သော ပြဿနာကြီး၏ သတင်းဆိုးက နောက်ဆုံးတွင် ဧကရာဇ်၏ အရှေ့သို့ ရောက်ရှိလာတော့မှာ ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ကျင်းကျိုးမြို့ဆီမှ လျှို့ဝှက်သတင်းကလည်း ရောက်ရှိလာခဲ့၏။

“သတင်းပို့ပါတယ်… သတင်းပို့ပါတယ်… သတင်းပို့ပါတယ်။”

“ကျင်းကျိုးက အရေးပေါ် သတင်း... နင်ပေ ပြည်နယ်ဝန်ကြီးရဲ့ လျှို့ဝှက် စာချွန်လွှာ”

“ကျင်းကျိုးက အရေးပေါ် သတင်း.. နင်ပေ ပြည်နယ်ဝန်ကြီးရဲ့ လျှို့ဝှက် စစ်ရေး စာချွန်လွှာ”

ဤစာချွန်လွှာမှာ နင်ပေ ပြည်နယ်ဝန်ကြီး၏ လျှို့ဝှက် စာချွန်လွှာဖြစ်ပြီး လီဝမ်ဖာ၏ စစ်ပုန်ကန်မှု မအောင်မြင်ခဲ့ဘဲ သစ္စာရှိသော စစ်သူကြီးက အောင်မြင်စွာ တားဆီးနိုင်ခဲ့ကြောင်း ပါရှိသည်။

ထိုသစ္စာရှိသော တပ်မှူးက လီဝမ်ဖာကို သတ်ဖြတ်ချိန်တွင် ဧကရာဇ်မင်းမြတ် အတွက်၊ စစ်သေနာပတိ အောက်ရှင်း အတွက် ဤလူယုတ်မာကို သတ်ဖြတ်ခြင်း ဖြစ်ကြောင်း အဆက်မပြတ် အော်ဟစ်ခဲ့သည်။ အောက်ရှင်း၏ သစ္စာရှိမှုကို အဆက်မပြတ် အော်ဟစ်ခဲ့ခြင်းကြောင်း တင်ပြထား၏။

မိန်းမစိုးကြီး ဟောက်ကျန်းက အရေးပေါ် လျှို့ဝှက်သတင်း နှစ်စောင်ကိုကိုင်ဆောင်ကာ ဧကရာဇ်ဝမ်ယွင်၏ စာကြည့်ဆောင်ဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားလေတော့သည်။

.......................

အရက်သည် ပူဆွေးနေသော ရင်ထဲသို့ ဝင်ရောက်သွားပြီး မျက်ရည်အဖြစ် ပြောင်းလဲသွားသည်။ အကျဉ်းခန်းထဲရှိ ဝေ့ချီတွမ်တို့ သားအဖနှစ်ဦးမှာ စကားတစ်ခွန်းမှ မပြောနိုင်ဘဲ အရက်ကိုသာ တစ်ခွက်ပြီး တစ်ခွက် သောက်နေကြ၏။

ထိုနေ့က ဝေ့ချီယန် အပြင်းအထန် အရိုက်ခံခဲ့ရပြီး ယခုမှသာ အနည်းငယ် သက်သာလာခြင်း ဖြစ်သည်။

ဤကာလအတွင်း ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က သူ၏ ကျန်းမာရေးအတွက် အကောင်းဆုံး သမားတော်များကို ရှာဖွေပေးကာ အဖိုးတန် ဆေးဝါးများကို ငွေမနှမြောဘဲ တိုက်ကျွေးခဲ့၏။

ရည်ရွယ်ချက်မှာ သူ့ကို ကျန်းမာဝဖြိုး လာစေရန် ဖြစ်၏။ ထိုမှသာ အသားတလွှာချင်း လှီးဖြတ် သတ်ဖြတ်မည့် ဒဏ်ကို ခံနိုင်မှာ ဖြစ်သည်။

ထိုအရာသည် တင်စားချက် မဟုတ်ဘဲ အမှန်တကယ် အရှင်လတ်လတ် အသားလွှာမည့် ပြစ်ဒဏ် ဖြစ်၏။

အချိန်အတန်ကြာပြီးနောက် ဝေ့ချီတွမ်က တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။ “သား… ဘာဖြစ်လို့လဲ။ မင်းက ဒီလိုလူမျိုး မဟုတ်ပါဘူး။ နည်းနည်း ပေါ့ပျက်ပျက် နေတတ်ပေမဲ့ အရေးကြီးချိန်မှာ အမှားလုပ်တတ်တဲ့သူ မဟုတ်ဘူး။ ရမ်းသန်းပြီး စကားပြောတတ်တဲ့သူလည်း မဟုတ်ဘူးလေ။”

ဝေ့ချီယန်၏ မျက်ရည်များ ရုတ်တရက် ကျဆင်းလာ၏။ နောင်တရစရာ ဆေးသာ ရှိမည်ဆိုလျှင် မည်မျှပင် အဖိုးတန်ပါစေ သူ ဝယ်သောက်မိပေလိမ့်မည်။ ထိုအချိန်က သူ မည်သည့်အတွက်ကြောင့် ထိုစကားများကို ပြောထွက်သွားခဲ့သနည်း။ ယခု သူ့ကြောင့် လူပေါင်းသောင်းချီ၍ သေတွင်းထဲ ကျရောက်သွားခဲ့ရပြီ ဖြစ်၏။

ဝေ့ချီတွမ်က ထပ်မေးလိုက်သည်။ “သား… အဲဒီအချိန်က တစ်ယောက်ယောက် မင်းကို ဆေးခတ် လိုက်တာများလား။ အောက်ယွီရဲ့ လူတွေ လုပ်တာများလား။ အဲဒီ တိရစ္ဆာန် လုပ်တာလား။”

ဝေ့ချီယန်က ခေါင်းကို အဆက်မပြတ် ခါယမ်းနေ၏။ ဤကာလအတွင်း သူ အကြိမ်ကြိမ် စဉ်းစားခဲ့သော်လည်း မည်သည့်အရာကိုမှ မှတ်မိခြင်း မရှိပေ။

အိပ်မက်ဆိုလျှင် အနည်းငယ် မှတ်မိနိုင်သေး၏။ သို့ပေမည့် ထိုညက အကြောင်းကိုမူ လုံးဝ အမှတ်မရချေ။

တစ်ယောက်ယောက် ဆေးခတ်ခဲ့သည် ဆိုသည်ကိုလည်း သူ လုံးဝ သတိမရပေ။

ဝေ့ချီယန်က တုန်ယင်သော အသံဖြင့် ဖြေလိုက်သည်။ “အဖေ… ကျုပ် တကယ် မသိဘူး။ အဲဒီအချိန်က ကျုပ် အရမ်းမူးနေခဲ့တယ်။ တချို့စကားတွေက ကျုပ်တို့ ရင်ထဲမှာ အချိန်အကြာကြီး မြိုသိပ်ထားခဲ့တာတွေပါ။ ဒါပေမဲ့ ဘာလို့ ထုတ်ပြောမိသွားလဲ ကျုပ် ကိုယ်တိုင်လည်း မသိဘူး။”

ဝေ့ချီတွမ်က ငိုကြွေးလျက် မေးလိုက်၏။ “မင်းက ဘာလို့ အမှန်တွေ သွားပြောနေရတာလဲ။”

ထို့နောက် သားအဖနှစ်ဦး စကားမပြောကြတော့ဘဲ ဆက်လက်၍ အရက်သောက်နေကြတော့သည်။

....................

All Chapters