← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 27 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 27 Ch. 311-312

အပိုင်း (၃၁၁)

ထိုသားအဖ နှစ်ယောက် အရက် အများအပြားသောက်ပြီး မူးယစ်လာချိန်တွင် အရာရှိတစ်ဦး ဝင်လာပြီး ပြောလိုက်၏။ “ဒီထမင်းဟင်းတွေက မဆိုးဘူး မဟုတ်လား။ ငွေဆယ့်ငါးပြားတောင် ပေးပြီး စီစဉ်ထားတာ။ အကောင်းဆုံး အရက်တွေနဲ့ ငါးဟင်းလည်း ပါသေးတယ်။

ခင်ဗျားတို့ သားအဖ နှစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝတဲ့ ဘဝအတွက် နောက်ဆုံးပိတ် နှုတ်ဆက်ပွဲပဲ။ သေရွာရောက်ရင် ကျုပ်တို့ကို အပြစ်မတင်ကြနဲ့။ ခေါ်သွားကြ...”

ထိုစကားအဆုံးတွင် အစောင့်တပ်သားအချို့ ဝင်လာပြီး ဝေ့ချီတွမ် သားအဖနှစ်ဦးကို ခေါ်ဆောင် သွားကြသည်။

အကျဉ်းခန်းထဲတွင် ကြာမြင့်စွာ နေခဲ့ရသောကြောင့် အပြင်ဘက် နေရောင်ခြည်ကို မြင်လိုက်ရချိန်တွင် မျက်စိကျိန်းသွားကြ၏။

အချိန်အတန်ကြာမှသာ ဝေ့ချီတွမ် မျက်လုံးဖွင့်နိုင်သွား၏။ သူ ရောက်နေသော နေရာမှာ ပြည်နယ်ဝန်ကြီး အိမ်တော်ရှေ့ရှိ ရင်ပြင်ကျယ်ကြီး ဖြစ်သည်။

လူပေါင်းသောင်းချီ၍ လာရောက် ကြည့်ရှုနေကြပြီး ရင်ပြင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေ၏။

ထို့အတူ ရင်ပြင်တစ်ခုလုံး၌ သေဒဏ်ပေးခံရမည့် လူများဖြင့် ပြည့်နှက်နေသည်။

အမှန်တကယ်ပဲ မျိုးနွယ်စုကိုးဆက် ကွပ်မျက်ခံရခြင်း ဖြစ်သည်။ ဝေ့ချီတွမ်၏ မျိုးနွယ်စုကိုးဆက်၊ ရွှီဖူ၏ မျိုးနွယ်စုကိုးဆက် အားလုံး ပါဝင်၏။

ဧကရာဇ်မင်းမြတ်က အသက်ဆယ့်သုံးနှစ်အောက် ကလေးများကို သေဒဏ်မှ ကင်းလွတ်ခွင့် ပေးခဲ့၏။ မိန်းကလေးများကို စစ်တပ်အတွင်း အစေခံအဖြစ် ပို့ဆောင်ပြီး ယောကျ်ားလေးများကို အနောက်ဘက် နယ်စပ်တံတိုင်း တည်ဆောက်ရန် ကျွန်အဖြစ် စေလွှတ်ခဲ့သည်။

ထိုသို့ သက်ညှာပေးခဲ့သော်လည်း လူပေါင်းတစ်သောင်းကျော် သေဒဏ်ချမှတ်ခံရဆဲဖြစ်ကာ အားလုံး ခေါင်းဖြတ်ခံရမှာဖြစ်၏။

ယခုနေရာတွင် လူတစ်ထောင်သာရှိ၏။ ယနေ့အတွက် လူတစ်ထောင်ကိုသာ ကွပ်မျက်မည်ဖြစ်ကာ ဆယ်ရက်တိုင်တိုင် ကွပ်မျက်ပွဲ ဆင်နွှဲရမှာ ဖြစ်သည်။

ထိုအထဲမှ သုံးဦးဖြစ်သော ဝေ့ချီတွမ်၊ ဝေ့ချီယန်နှင့် ရွှီရွှမ်တို့ကိုမူ အရှင်လတ်လတ် အသားလွှာ၍ သတ်ဖြတ်မည် ဖြစ်၏။

မျက်လုံးဖွင့်၍ ကြည့်လိုက်ရာ ပြစ်ဒဏ်ကျခံရမည့် သူများထဲတွင် ဝေ့ချီတွမ် လုံးဝ မသိသူများပင် ပါဝင်နေ၏။ သို့ပေမည့် ထိုသူအားလုံး သူ၏အမှားကြောင့် သေရွာသို့ သွားရပေတော့မည်။

ဤသည်က အမြင့်မြတ်ဆုံးသော အာဏာလား။ စကားတစ်ခွန်း မှားယွင်းပြောဆိုမိရုံဖြင့် လူပေါင်းသောင်းချီ၍ သေဆုံးရမည်လား။

တောင်ပိုင်းကျိုးအင်ပါယာတွင် လူဦးရေ သန်းရှစ်ဆယ်လား၊ သန်းကိုးဆယ်လား၊ သန်းတစ်ရာလား မည်မျှ ရှိသနည်း။ ဤတစ်ကြိမ်တည်းနှင့် လူပေါင်းသောင်းချီ အသတ်ခံရမည်ဆိုလျှင် အင်ပါယာတစ်ခုလုံး အကြိမ် မည်မျှ အသတ်ခံနိုင်မည်နည်း။

အင်ပါယာကိုယ်စားလှယ်တော်ကြီးက အမိန့်တော်စာချွန်လွှာကို အသံကျယ်ကျယ်ဖြင့် ဖတ်ကြားလိုက်၏။

လာရောက်ကြည့်ရှုသူ ပြည်သူသောင်းချီ အပါအဝင် အားလုံး ဒူးထောက်လိုက်ကြသည်။

“ကောင်းကင်ဘုံ၏ အလိုကျ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်… ချန်လန်ပြည်နယ် ပြည်နယ်ဝန်ကြီး ဝမ်ချီချန်နှင့် တာဝန်ရှိသူ အမတ်များသည် တာဝန်ဝတ္တရား ပျက်ကွက်မှုကြောင့် ရာထူးမှ ထုတ်ပယ် လိုက်သည်။”

ဝမ်ချီချန် အပါအဝင် အမတ်တစ်ရာကျော် ဒူးထောက်နေကြ၏။ လူအများရှေ့တွင် ရာထူး အဆောင် အယောင်များကို ချွတ်ပယ်ခံလိုက်ရသည်။

ဤအမတ် တစ်ရာကျော်သည် အဆင့်ခုနစ်နှင့်အထက် အရာရှိများသာဖြစ်ပြီး ချန်လန်ပြည်နယ် တစ်ခုလုံး၏ အုပ်ချုပ်ရေး ယန္တရား တစ်ဝက်ခန့် ပြိုလဲသွားခဲ့ပြီ ဖြစ်၏။

ဤမြင်ကွင်းကြောင့် လူအများသာမက ဝေ့ချီတွမ်တို့ သားအဖနှစ်ဦးပါ ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဤအမတ်တစ်ရာကျော်သည် ဘဝတလျှောက်လုံး ကြိုးစားရုန်းကန်ခဲ့ရုံသာမက မျိုးဆက်ပေါင်းများစွာ၏ အားထုတ်မှုဖြင့် ယခုကဲ့သို့ ချမ်းသာကြွယ်ဝသော အဆင့်အတန်းသို့ ရောက်ရှိလာခြင်း ဖြစ်၏။

ယခုမူ ဝေ့ချီယန်၏ အရက်မူးပြီး ပြောဆိုခဲ့သော စကားတစ်ခွန်းကြောင့် အားလုံး ပါဝင်ပတ်သက်သွားကာ မျိုးဆက်ပေါင်းများစွာ၏ ကြိုးစားအားထုတ်မှုနှင့် အနာဂတ်များ ပျက်စီးသွားခဲ့ရသည်။

“ဝေ့ချီတွမ်၊ ဝေ့ချီယန်… မျိုးနွယ်စုကိုးဆက် ကွပ်မျက်စေ။”

“ရွှီဖူ၊ ရွှီရွှမ်… မျိုးနွယ်စုကိုးဆက် ကွပ်မျက်စေ။”

“ကွပ်မျက်စေ။”

ကိုယ်စားလှယ်တော် မင်းကြီး လက်ထဲမှ သစ်သားပြား မြေပြင်ပေါ်သို့ ကျသွားသည်နှင့် တပြိုင်နက် ဓားသမား ရာပေါင်းများစွာက ဓားများကို လွှဲလိုက်ကြ၏။

“ရွှမ်း… ရွှမ်း… ရွှမ်း…”

လူခေါင်းတစ်ရာခန့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးများက ရင်ပြင်တစ်ခုလုံးကို နီရဲသွားစေ၏။ ချန်လန်ပြည်နယ် တစ်ခုလုံးတွင် ကျွမ်းကျင်သော ခေါင်းဖြတ်သမား ဤမျှ မများသောကြောင့် စစ်တပ်ထဲမှ ခေါ်ယူထားရခြင်း ဖြစ်သည်။

“သတ်”

“သတ်”

“သတ်”

အမိန့်ပေးသံများနှင့်အတူ ဓားသမားများက လက်ထဲမှ ဓားများကို အဆက်မပြတ် လွှဲပိုင်းနေကြ၏။

တစ်ကြိမ် ပိုင်းချလိုက်တိုင်း လူခေါင်း တစ်ရာစီ ပြုတ်ကျသွားသည်။

ဆယ်ကြိမ်တိတိ ပိုင်းချအပြီးတွင် လူတစ်ထောင်၏ ခေါင်းများ မြေပြင်ပေါ် ပြန့်ကျဲသွားခဲ့ပြီ ဖြစ်၏။

ကွပ်မျက်ပွဲကို လာရောက် ကြည့်ရှုကြသူများသည် ယခင်ကဆိုလျှင် အားပေးဟစ်ကြွေး တတ်ကြသော်လည်း ယခုအခါတွင်မူ အားလုံး မျက်နှာပျက်နေကြပြီး မည်သူမှ အသံမထွက်ရဲကြချေ။

တချို့ဆိုလျှင် အော့အန်နေကြ၏။ သို့ပေမည့် မကြည့်ဘဲ နေ၍လည်း မရပေ။ ဤသည်မှာ ဧကရာဇ် မင်းမြတ်က ပြည်သူများကို ကြောက်ရွံ့သွားစေရန် တမင် စီစဉ်ထားခြင်း ဖြစ်သည်။

ဆယ်ရက်အတွင်း လူသုံးသိန်းခန့်ကို ဤကွပ်မျက်ပွဲ လာရောက်ကြည့်ရှုရန် စီစဉ်ထားခြင်း ဖြစ်၏။ နေ့စဉ်နေ့တိုင်း ပြည်သူအဖွဲ့သစ်များကို လဲလှယ်၍ ကြည့်ရှုစေပေလိမ့်မည်။

ဝေ့ချီတွမ်နှင့် ဝေ့ချီယန်တို့သည် မိမိတို့၏ မိသားစုဝင်များ ခေါင်းနှင့်ကိုယ် ကွဲကွာကာ သေဆုံးသွားသည်ကို မျက်ဝါးထင်ထင် ကြည့်နေရ၏။ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားပြီး ခံစားချက်များ အားလုံး ဆုံးရှုံးသွား သကဲ့သို့ ဖြစ်နေသည်။

ယနေ့အတွက် ခေါင်းဖြတ်ကွပ်မျက်မှု ပြီးဆုံးသွားချိန်တွင် ကိုယ်စားလှယ်တော် မင်းကြီးက အမိန့်တော် စာချွန်လွှာ နောက်တစ်စောင်ကို ထုတ်ယူလိုက်ပြန်၏။

“ဝေ့ချီတွမ်၊ ဝေ့ချီယန်၊ ရွှီရွှမ်… သုံးဦးကို အသားတလွှာချင်း လှီးဖြတ် ကွပ်မျက်စေ။”

“ကွပ်မျက်စေ။”

အကျွမ်းကျင်ဆုံးသော အသားလွှာသမား သုံးဦး ထွက်လာပြီး သူတို့သုံးဦးကို ပိုက်ကွန်ဖြင့် ရစ်ပတ် ချုပ်နှောင်လိုက်ကာ ဓားဖြင့် စတင်လှီးဖြတ်ကြလေ၏။ အမှန်တကယ်ပဲ အသားတလွှာချင်း လှီးဖြတ်ခံရခြင်း ဖြစ်သည်။

ဝေ့ချီတွမ်က ရုတ်တရက် အော်ဟစ်လိုက်၏။ “အောက်ယွီ ကျုပ်ကို ထောင်ချောက်ဆင်တာ။ အောက်ယွီ ကျုပ်ကို ထောင်ချောက်ဆင်တာ။ သူက နောက်ကွယ်က ကြိုးကိုင်သူပဲ။ သူက တရားခံ အစစ်ပဲ။”

ထိုအော်ဟစ်သံကို လူထောင်ပေါင်းများစွာ ကြားလိုက်ရသည်။

ထိုအခါလူတစ်ဦး ထွက်လာပြီး သူ၏ပါးစပ်ထဲသို့ သစ်သားတုံးတစ်တုံး ထိုးထည့်လိုက်သည်။ ယခု သူ အသံမထွက်နိုင်တော့ချေ။

သို့ပေမည့် ထိုနေရာတွင် ပြဿနာ တစ်ခု ရှိနေ၏။ ဝေ့ချီတွမ် အော်ဟစ်ပြီးမှသာ သူ၏ ပါးစပ်ထဲသို့ သစ်သားတုံး ထိုးထည့်လိုက်ခြင်း ဖြစ်၏။ တမင်သက်သက် စကားပြောခွင့် ပေးထားခြင်း ဖြစ်သည်။

...............

ရှုကော်ကွန်း အိမ်တော်...

ရှုကော်ကွန်း မိသားစု တစ်ခုလုံး ညီညာစွာ ဒူးထောက်နေကြ၏။

ကိုယ်စားလှယ်တော် မင်းကြီးက ပြောလိုက်သည်။ “အရှင်မင်းမြတ်က မေးခိုင်းလိုက်တယ်။ ရှုကော်ကွန်း… ခင်ဗျားနဲ့ သူပုန် ရွှီဖူက ဆွေမျိုးတော်စပ်သလားတဲ့။”

ရှုကော်ကွန်းက ဖြေလိုက်၏။ “ဆွေမျိုးအရင်းတော့ မဟုတ်ပါဘူး။ သူ့ညီမက ကျုပ်ရဲ့ မယားငယ်ပါ။”

ကိုယ်စားလှယ်တော် မင်းကြီးက ထပ်မေးလိုက်သည်။ “အဲနေ့က ရွှီဖူတို့ မိသားစုကို ဖမ်းဆီးချိန်မှာ သူ့သား ရွှီရွှမ် လွတ်သွားခဲ့တယ်။ ခင်ဗျားက သူ့ကို ဖွက်ထားပြီး ပင်လယ်ရပ်ခြားကို ပို့ပေးခဲ့တာလား။”

ရှုကော်ကွန်း၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။ သူ ရွှီဖူကို အလွန်အမင်း ရွံရှာမုန်းတီးမိ၏။

ထိုနေ့က ယွဲ့တန်းဖျင်၏ ပညာရှင် ဆယ့်တစ်ဦးကို မြင်းဖြင့် ဆွဲသတ်ခံရခြင်းမှာ ပြင်းထန်လှသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထိုကိစ္စမှာ ကြီးမားသော ပြဿနာ မဟုတ်ကြောင်း အထက်ပိုင်း အရာရှိများက သိရှိထားကြသည်။

ထိုဆယ့်သုံးဦး အသတ်ခံရခြင်းမှာ ဧကရာဇ်မင်းမြတ်က ယွဲ့တန်းဖျင် အဖွဲ့အစည်းကို ခြောက်လှန့်ရန် အတွက်သာ သူတို့၏ ခေါင်းများကို အသုံးပြုခဲ့ခြင်း ဖြစ်၏။

ဧကရာဇ်မင်းမြတ် အနေဖြင့် ထိုပညာရှင် ဆယ့်သုံးဦးအပေါ် မုန်းတီးမှု သိပ်မရှိလှချေ။

အမှန်တကယ်၌ ထိုပညာရှင်များမှာ အောက်ယွီကိုသာ ရန်မူခဲ့ကြခြင်း ဖြစ်ပြီး ဧကရာဇ်မင်းမြတ်ကို တိုက်ရိုက် ဆန့်ကျင်ခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ရွှီဖူ၏ သားကို သူကယ်တင်ခဲ့ခြင်း ဖြစ်၏။

ဤကိစ္စကို လူအများအပြား သိရှိထားကြပြီး ပြည်နယ်ဝန်ကြီး ဝမ်ချီချန်နှင့် ဟေးပင်းထိုင်မှ တပ်မှူး ယွီထုံ တို့ပင် နှုတ်ဆိတ်၍ ခွင့်ပြုထားခဲ့ကြသည်။

သို့ပေမည့် ပင်လယ်ရပ်ခြားသို့ ထွက်ပြေးသွားရမည့် ရွှီရွှမ် တစ်ယောက် ပြန်ရောက်လာပြီး ရွှီဖူ၏ တပည့်ရင်းများ၊ တူများနှင့် ပူးပေါင်းကာ ဤမျှ ကြီးမားသော ကိစ္စကြီးကို လုပ်ဆောင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ဧကရာဇ် ဝမ်ယွင်ကို ဆန့်ကျင်သည့် စာရွက်စာတမ်းပေါင်း သိန်းနှင့်ချီ၍ ပုံနှိပ်ဖြန့်ဝေခဲ့ခြင်း ဖြစ်၏။

ဤသို့ ဖြစ်လာမည်ကိုသာ ကြိုသိခဲ့လျှင် ရှုကော်ကွန်း အနေဖြင့် ရွှီရွှမ်ကို ဖမ်းဆီးပြီး မိလ္လာကျင်းထဲတွင် အရှင်လတ်လတ် နစ်သတ်ပစ်ခဲ့မှာ ဖြစ်သည်။

စာရွက်စာတမ်းများ ပျံ့နှံ့သွားသည်နှင့်တပြိုင်နက် ရွှီဖူ၏ ညီမဖြစ်သူ ထိုမယားငယ်ကို သူ ချက်ချင်း သတ်ပစ်ခဲ့၏။

ထို့နောက် မြို့တော်သို့ လူလွှတ်ကာ ရွှေငွေများစွာဖြင့် နန်းတော်ရှိ မိန်းမစိုးများမှစ၍ မင်းသားများအထိ အားလုံးကို လာဘ်ထိုးခဲ့သည်။

သူ၏ ရည်ရွယ်ချက်မှာ သူ၏ ရာထူးအဆောင်အယောင်ကို ကာကွယ်ရန်သာ ဖြစ်၏။

ရှုကော်ကွန်းက နဖူးမှ သွေးများ ထွက်လာသည်အထိ ကြမ်းပြင်နှင့် ဆောင့်၍ ပြောလိုက်သည်။ “ကျုပ်မှာ အပြစ်ရှိပါတယ်။ ကျုပ်မှာ အပြစ်ရှိပါတယ်။”

ဤသို့သော အချိန်တွင် ဆင်ခြေပေးနေခြင်းထက် ရိုးသားစွာ ဝန်ခံလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဧကရာဇ်မင်းမြတ်ကို ပို၍ ဒေါသထွက်စေမှာဖြစ်၏။

ကိုယ်စားလှယ်တော် မင်းကြီးက ပြောလိုက်သည်။ “ရှုကော်ကွန်း… အရှင်မင်းမြတ်က မေးခိုင်းလိုက်တယ်။ ခင်ဗျားက အသက်ကို လိုချင်သလား၊ ရာထူးကို လိုချင်သလားတဲ့။”

ရှုကော်ကွန်း၏ မျက်နှာ တုန်လှုပ်သွားကာ သွေးဆုတ်သွား၏။

ဧကရာဇ်မင်းမြတ်၏ စကားမှာ အလွန် ရှင်းလင်းသည်။ မိသားစု၏ ရာထူး အဆောင်အယောင်ကို ထိန်းသိမ်း လိုလျှင် သူ သေပေးရမှာ ဖြစ်၏။ အကယ်၍ သူ အသက်ရှင်လိုလျှင် မိသားစု၏ ရာထူး အဆောင်အယောင်ကို ဆုံးရှုံးရမည် ဖြစ်သည်။

အချိန်အတန်ကြာမှသာ ရှုကော်ကွန်းက ဖြေလိုက်၏။ “ကျုပ် နားလည်ပါပြီ။ မနက်ဖြန် မိုးမလင်းခင် ကိုယ်စားလှယ်တော် မင်းကြီးဆီ အဖြေပေးပါ့မယ်။”

ထို့နောက် ရှုကော်ကွန်းသည် ယိုင်တိယိုင်တိုင်ဖြင့် ထရပ်လိုက်ပြီး စာကြည့်ခန်းအတွင်းသို့ တစ်ကိုယ်တည်း ဝင်ရောက်သွားသည်။

တစ်နာရီခန့် အကြာတွင် ရှုကော်ကွန်း အိမ်တော်အတွင်းမှ ငိုကြွေးသံများ ထွက်ပေါ်လာ၏။

ထို့နောက် အိမ်တော်ရှိ လူတိုင်း အဖြူရောင် ဝတ်စုံများ ဝတ်ဆင်လိုက်ကြပြီး မိသားစု အစောင့်များက သတင်းဆိုးကို နေရာအနှံ့ သွားရောက် အကြောင်းကြား ကြလေသည်။

ရှုကော်ကွန်းကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီ ဖြစ်သည်။ မသေမီတွင် အပြစ်ဝန်ခံလွှာ တစ်စောင်ကို ဧကရာဇ်မင်းမြတ်ထံ ဆက်သပေးရန် ကိုယ်စားလှယ်တော် မင်းကြီးကို တောင်းဆိုခဲ့၏။

ကျန်းကျိုးမြို့ တစ်မြို့လုံးရှိ ပြည်သူများ၊ အရာရှိများနှင့် မှူးမတ်များ အားလုံး အသက်ရှူမဝလောက်အောင် ကြောက်ရွံ့တုန်လှုပ်နေကြ၏။

ကိုယ်စားလှယ်တော် မင်းကြီးသည် တစ်ဦးတည်း ရောက်လာခြင်း မဟုတ်ဘဲ အရာရှိ ရာပေါင်းများစွာ၊ စစ်သည် ထောင်ပေါင်းများစွာကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းကျိုးမြို့သို့ ရောက်သည်နှင့်တပြိုင်နက် စစ်သည် သောင်းချီရှိသော တပ်တော်၏ အာဏာကို သိမ်းယူကာ မြို့တစ်ခုလုံးကို အသေအချာ ပိတ်ဆို့ထားလိုက်သည်။ ထို့နောက် အရေးကြီးသော အမိန့်တော်များ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာ၏။

ပြည်နယ်ဝန်ကြီးမှအစ ခရိုင်ဝန်အဆုံး အရာရှိများစွာ ရာထူးမှ ထုတ်ပယ်ခံရ၏။ ဝေ့ချီတွမ်နှင့် ပတ်သက် ဆက်နွှယ်သူ အရာရှိ အားလုံး ဖမ်းဆီးခံရကာ ထောင်ထဲသို့ ရောက်သွားကြသည်။

လူရာပေါင်းများစွာ ဖမ်းဆီးခံထားရပြီး နေ့စဉ်နှင့်အမျှ အရေအတွက် တိုးလာနေသည်မှာ အကျဉ်းထောင်များပင် ပြည့်နှက်သွားခဲ့ပြီ ဖြစ်၏။

ကြောက်မက်ဖွယ် သတင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ဝေ့ချီတွမ်နှင့် ရွှီဖူတို့၏ မျိုးနွယ်စုကိုးဆက် ကွပ်မျက်ခံရခြင်းကား ပြောဖွယ်ရာ မရှိတော့ချေ။

ဝေ့ချီတွမ် သားအဖနှင့် ရွှီရွှမ်တို့ အရှင်လတ်လတ် အသားလွှာခံရခြင်းမှာလည်း ပြောစရာ မရှိတော့ပေ။

ယခုမူ ရှုကော်ကွန်း သည်လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ရပြီ ဖြစ်၏။ သူသည် အင်ပါယာ၏ ထိပ်တန်း မှူးမတ်ကြီး တစ်ဦး ဖြစ်သည်။

ယခင်က ကျန်းကျိုးမြို့သည် ညစဉ်ညတိုင်း ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားနေတတ်၏။

အထူးသဖြင့် ထိုချမ်းသာသော အသိုင်းအဝိုင်းမှ သားသမီးများသည် နေ့စဉ်နှင့်အမျှ မြို့ထဲတွင် လှည့်လည်ကာ ပျော်ပါးနေတတ်ကြသည်။

သို့ပေမည့် ယခုအခါ အိမ်တိုင်းစေ့ တံခါးများ ပိတ်ထားကြ၏။

မှူးမတ် အိမ်တော်များအားလုံး တံခါးကြီးများကို ပိတ်ထားကြပြီး အိမ်ရှေ့ရှိ အစောင့်များကိုပင် ရုပ်သိမ်းထား လိုက်ကြသည်။

မှူးမတ်တိုင်း မိမိတို့၏ အိမ်တွင်း၌သာ ပုန်းအောင်းကာ မည်သည့်အချိန်တွင် ကပ်ဘေးဆိုက်လာမည်ကို ထိတ်လန့် တုန်လှုပ်စွာဖြင့် စောင့်ဆိုင်းနေကြရ၏။

ဤကပ်ဘေးကြီး မိမိတို့ထံ ရောက်မလာနိုင်ဟု မည်သူ တပ်အပ် ပြောနိုင်မည်နည်း။

ဝေ့ချီတွမ်သည် ကျန်းကျိုး မြို့ဝန်ဖြစ်ပြီး ရွှီဖူသည် ပညာရှင်များ၏ ခေါင်းဆောင် ဖြစ်၏။ ကျန်းကျိုးမြို့ရှိ မှူးမတ်တိုင်းလိုလို သူတို့နှစ်ဦးနှင့် ပတ်သက်ဆက်နွှယ်မှု ရှိခဲ့ကြသည်ချည်း ဖြစ်သည်။

အတူတကွ စီးပွားရေး လုပ်ခဲ့ကြခြင်း၊ အတူတကွ စားသောက်ခဲ့ကြခြင်းများကား ဆိုဖွယ်ရာ မရှိပေ။ မယားငယ်များကိုပင် အပြန်အလှန် လက်ဆောင်ပေးခဲ့ကြသေး၏။

တကယ်ကို ကြောက်စရာ ကောင်းလှ၏။ နေ့စဉ်နှင့်အမျှ ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေကြရသည်။

ယခုအခါ ကိုယ်စားလှယ်တော် မင်းကြီးသည် သေမင်းတမန်နှင့် တူနေသည်။ သူ ရောက်သွားသည့် နေရာတိုင်းတွင် ကြီးမားသော ကြောက်ရွံ့မှုများကို ဖြစ်ပေါ်စေ၏။

သူ တစ်စုံတစ်ဦး၏ အိမ်သို့ သွားရောက်သည်ဆိုလျှင် အမိန့်တော် ဖတ်ကြားရန်သာ ဖြစ်၏။ ထိုအိမ်မှ တစ်စုံတစ်ဦး သေဆုံးရမည် သို့မဟုတ် ရာထူးမှ ထုတ်ပယ်ခံရမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ယခုအချိန်အထိ ကိုယ်စားလှယ်တော် မင်းကြီးသည် အိမ်တော် ဆယ်ခုကျော်သို့ သွားရောက်ခဲ့ပြီးပြီ ဖြစ်၏။ အချို့မှာ အရာရှိကြီးများဖြစ်ပြီး အချို့မှာမှူးမတ်များ ဖြစ်ကြသည်။

သူ ထွက်ခွာသွားပြီးနောက် ထိုအိမ်တော်မှ တစ်စုံတစ်ဦး ဖမ်းဆီးခံရလျှင် ခံရ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လျှင် စီရင်ရ ပေလိမ့်မည်။ ခြွင်းချက် မရှိပေ။

ထို့ကြောင့် မှူးမတ်တိုင်း မိမိတို့ အိမ်တော်ဆီသို့ ကိုယ်စားလှယ်တော် မင်းကြီး ရောက်မလာစေရန် ဆုတောင်း နေကြရ၏။

အထူးသဖြင့် ဝေမြို့စားကြီး အိမ်တော်နှင့် အောက်မျိုးနွယ်စုတို့မှာ အိမ်တံခါးများ ပိတ်ကာ ဘိုးဘေး ကျောင်းဆောင်တွင် ဒူးထောက်၍ ကာကွယ်စောင့်ရှောက်ပေးရန် ဆုတောင်းနေကြရသည်။

..................

အပိုင်း (၃၁၂)

ဝေမြို့စားကြီး အိမ်တော်..

အဘွားအိုသည် နေ့စဉ်နေ့တိုင်း သက်သတ်လွတ် စားကာ တရားထိုင်နေ၏။

ဝေမြို့စားကြီးကတော်က နေ့စဉ် ညည်းတွားနေတော့သည်။ “ချမ်းသာကြွယ်ဝပြီး ငြိမ်းချမ်းတဲ့ ဘဝလေး နေရတာ ကောင်းနေတာကို ဘာလို့ နန်းတွင်း နိုင်ငံရေးတွေထဲ သွားပါဝင်ရတာလဲ။ အခုတော့ ဘာဖြစ်လဲ။ ဝဋ်လည်ပြီ မဟုတ်လား။ နေ့တိုင်း ထိတ်လန့် ကြောက်ရွံ့နေရတယ်။ ကိုယ်စားလှယ်တော် မင်းကြီး အိမ်ကို ရောက်လာပြီး လူသတ်မှာကို အချိန်တိုင်း စိုးရိမ်နေရတယ်။”

ဝေမြို့စားကြီးကတော်က ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ချမ်းသာတဲ့ ဘဝလေးကို ကောင်းကောင်း မနေဘဲ ဘာလို့ အမတ်ချုပ်ကြီးလင်တို့၊ ဒုတိယ မင်းသားတို့ကို သွားပေါင်းရတာလဲ။ အခုတော့ ကြည့်စမ်း။ ပြဿနာ တက်ပြီ မဟုတ်လား။”

ဝေမြို့စားကြီးက ဇနီးဖြစ်သူနှင့် စကား မများချင်တော့ပေ။ မိန်းမများကား တကယ်ကို နားလည်ရ ခက်သည်။

အစပိုင်းတွင် အမတ်ချုပ်ကြီးလင်နှင့် ဆွေမျိုးစပ်ရန်၊ ဒုတိယမင်းသား၏ နောက်လိုက်လုပ်ရန် သူမက အားလုံးထက် ပို၍ တက်ကြွနေခဲ့ခြင်း ဖြစ်၏။

အိမ်တော်အတွင်းရှိ တစ်စုံတစ်ဦးက သဘောမတူပါက သူမကပင် ထိုသူကို ပြင်းပြင်းထန်ထန် ဆဲဆိုခဲ့သေးသည်။

ရှင်တို့က အသုံးမကျဘူး။ အန္တရာယ် နည်းနည်းလေးတောင် မယူရဲဘူးဆိုရင် အနာဂတ်မှာ ဘယ်လိုလုပ် ချမ်းသာနိုင်မှာလဲ ဟု ပြောခဲ့သေး၏။

ယခု အန္တရာယ် ကြုံလာချိန်မှ သူမက ငြိမ်းချမ်းသော ဘဝတွင်သာ နေလိုသည်ဟု ပြောဆိုနေပြန်သည်။

ထိုစဉ်က သူမ တားဆီးခဲ့သော်လည်း သူတို့က အမတ်ချုပ်ကြီးလင်နှင့် ဒုတိယမင်းသားတို့နှင့် ပူးပေါင်းရန် မရမက လုပ်ဆောင်ခဲ့သည်ဟု ဆိုနေပြန်သည်။ မည်သို့ပင်ဆိုစေ အရာအားလုံးက သူမ အမှန်ချည်းသာ ဖြစ်နေ၏။

“အခုတော့ ကောင်းရော။ အခုတော့ ကောင်းရော။ စောင့်ကြည့်နေကြ။ အမတ်ချုပ်ကြီးလင်နဲ့ ပူးပေါင်းပြီး ဝေ့ချီတွမ်တို့၊ ရွှီဖူတို့နဲ့ ရင်းနှီးခဲ့လို့ အခုတော့ကပ်ဘေး ဆိုက်ပြီ မဟုတ်လား။ ကပ်ဘေး ဆိုက်ပြီ မဟုတ်လား။” ဝေမြို့စားကြီးကတော်က မရပ်မနား ပြောဆိုနေဆဲ ဖြစ်သည်။

ရုတ်တရက် တွမ်ယင်းယင်းက ဒေါသတကြီးဖြင့် အော်လိုက်၏။ “အမေ… ပါးစပ်ပိတ်ထားစမ်းပါ။”

ဝေမြို့စားကြီးကတော် တုန်လှုပ်သွားပြီး သမီးဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်လျက် စူးရှသော အသံဖြင့် ပြောလိုက်သည်။ “နင်က ငါ့ကို အော်ရဲတယ်ပေါ့။ နင့်မှာ ကိုယ်ကျင့်တရား မရှိဘူးလား။ ငါက နင့်အမေလေ။ နင်က ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတယ်ပေါ့။”

တွမ်ယင်းယင်းက အေးစက်စွာဖြင့် ပြောလိုက်၏။ “အမေ… ကျွန်မတို့ လုပ်ခဲ့သမျှက အနာဂတ်မှာ အခုလို အန္တရာယ် ကြုံလာရင် ဘာမှမတတ်နိုင်ဘဲ အသေမခံရဖို့ပဲ။ အောက်ယွီလို တိရစ္ဆာန်ကောင်မျိုး ကျွန်မတို့ ခေါင်းပေါ် တက်မနင်းနိုင်အောင်လို့ ကျွန်မတို့ လုပ်ခဲ့ကြတာပါ။”

ဝေမြို့စားကြီးကတော်က ငိုယိုလျက် ပြောသည်။ “ငါတို့ မိသားစုမှာ ဘာအနာဂတ် ရှိတော့လို့လဲ။ အခု အကျပ်အတည်းကနေတောင် လွတ်မှာ မဟုတ်ဘူး။”

တွမ်ယင်းယင်းက ရှင်းပြလိုက်၏။ “အမေ ကြိုပြီး စိုးရိမ်မနေပါနဲ့။ ဧကရာဇ်မင်းမြတ်က ရူးနေတာ မဟုတ်ဘူး။ ဒီလောက် လူအများကြီးကို သူ သတ်ချင်နေတာလို့ ထင်နေလား။ မတတ်သာလို့သာ သတ်နေရတာပါ။ ကျွန်မတို့ မိသားစု ဘာမှ မဖြစ်နိုင်ပါဘူး။ ရှုကော်ကွန်း သေသွားတာက အရှင်မင်းမြတ်ရဲ့ လူသတ်ပွဲအတွက် နောက်ဆုံး သတ်မှတ်ချက်ပဲ။”

ဝေမြို့စားကြီးကတော်က မေးလိုက်သည်။ “နင့်လို မိန်းမသားက ဘာနားလည်လို့လဲ။”

သူမကိုယ်တိုင်လည်း မိန်းမသား ဖြစ်နေလျက်နှင့် တွမ်ယင်းယင်းကို မိန်းမသားဟု ပြောနေသေး၏။

ဝေမြို့စားကြီးက ရုတ်တရက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “မင်း ပါးစပ်ပိတ်ထားစမ်း။ မဟုတ်ရင် မင်းကို ပါးရိုက်ပစ်မယ်။ မင်းလို မိန်းမမျိုးကို ဘာလို့များ ယူခဲ့မိပါလိမ့်။ ထွက်သွားစမ်း။ ဒီမှာ လာပြီး ဆူညံမနေနဲ့။”

ဝေမြို့စားကြီးမှာ မျက်လုံးများ ပြူးကျယ်လာပြီး ဒေါသပေါက်ကွဲလုနီးပါး ဖြစ်နေ၏။

ခင်ပွန်းဖြစ်သူ တကယ် လက်ရွယ်လိုက်သည်ကို မြင်ချိန်မှာတော့ ကတော်ဖြစ်သူမှာ ငိုယိုကာ ဘုရား ကျောင်းဆောင်ဘက်သို့ ထွက်သွားပြီး အဘွားအိုထံ သွားရောက် တိုင်တန်းလေတော့သည်။

စာကြည့်ခန်းထဲတွင် ဝေမြို့စားကြီးနှင့် တွမ်ယင်းယင်း နှစ်ဦးသာ ကျန်ရစ်၏။

ဝေမြို့စားကြီးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျိန်စာသင့်မယ့် လီချုံယန်… တစ်နေ့ကျရင် သူ့ကို အသေသတ်ပစ်မယ်။ သူသာ လီဝမ်ဖာကို မသတ်ခဲ့ရင် ကျင်းကျိုးမြို့မှာ စစ်ပုန်ကန်မှုဖြစ်ပြီး အောက်ရှင်း တစ်မိသားစုလုံး သေဒဏ်ပေးခံရမှာ။ အခုတော့ ကျုပ်တို့က ဒီမှာ ထိတ်လန့် ကြောက်ရွံ့နေရတယ်။ အခုတော့ ကျန်းကျိုးမြို့ တစ်မြို့တည်းက ဧကရာဇ်မင်းမြတ်ရဲ့ ဒေါသကို ခံစားနေရပြီ။”

တွမ်ယင်းယင်းက နှစ်သိမ့်လိုက်၏။ “အဖေ စိတ်အေးအေးထားပါ။ ကျန်းကျိုးမြို့က ကိစ္စတွေ မကြာခင် ပြီးဆုံးသွားမှာပါ။ သတင်းကောင်း တစ်ခုကတော့ နုလန်ဟောက် အိမ်တော်ကို အခုထိ ချိတ်ပိတ်ထားတုန်းပဲ။ လျိုကတော်ကိုလည်း မလွှတ်သေးသလို အောက်ယွီလို တိရစ္ဆာန်ကောင်ကိုလည်း မလွှတ်သေးဘူး။ ဒါက သတင်းကောင်းပဲ။”

ဝေမြို့စားကြီးက မေးလိုက်သည်။ “ငါတို့မိသားစုရော ပါသွားနိုင်သလား။”

တွမ်ယင်းယင်းက ခေါင်းခါလိုက်၏။ “မဖြစ်နိုင်ပါဘူး။ ဝေ့ချီတွမ်၊ ရွှီဖူတို့နဲ့ ကျွန်မတို့က ဆွေမျိုးတော်စပ်တာမှ မဟုတ်တာ။ သွားလာဆက်ဆံမှု အရမ်းများတယ် ဆိုပေမဲ့ ဒါက ကျွန်မတို့ဘာသာ ထင်နေတာပါ။ အများ အမြင်မှာတော့ ကျွန်မတို့က သူတို့နဲ့ ဆရာတပည့်လည်း မဟုတ်ဘူး၊ ဆွေမျိုးလည်း မဟုတ်တဲ့အတွက် ကျွန်မတို့ မိသားစု ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။”

ဝေမြို့စားကြီးက အံကြိတ်လျက် ပြောလိုက်သည်။ “အောက်ယွီလို တိရစ္ဆာန်ကောင်က ထောင်ထဲမှာ ရှိနေလို့သာ ဒီကိစ္စတွေကနေ ကင်းလွတ်နေတာ။ တကယ်ကို မကျေနပ်စရာပဲ။ ဒီတစ်ခါ သူတို့ သားအဖ သေမသွားတာ နှမြောစရာပဲ။”

တွမ်ယင်းယင်းက ပြောလိုက်၏။ “ကျွန်မ အောက်မင်နဲ့ တိုင်ပင်ပြီးပါပြီ။ အမတ်ချုပ်ကြီးလင်က ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူးလို့ ကျွန်မတို့ ထင်တယ်။ အောက်ရှင်း သားအဖကို သတ်ဖို့ သူ နည်းလမ်း ရှာမှာပါ။ ကျွန်မတို့ စောင့်ကြည့်ကြတာပေါ့။”

ထိုစဉ် အပြင်ဘက်မှ သားဖြစ်သူ၏ ကြောက်လန့်တကြားအသံ ထွက်ပေါ်လာသည်။ “အဖေ… အဖေ… ဒုက္ခရောက်ပြီ။ ကိုယ်စားလှယ်တော် မင်းကြီး ကျုပ်တို့ အိမ်ဘက် လာနေပြီ။”

ထိုစကားကြောင့် ဝေမြို့စားကြီး မြေပြင်ပေါ် ခွေကျလုမတတ် ဖြစ်သွားကာ မျက်နှာ သွေးဆုတ်သွားပြီး သတိလစ်မတတ် ဖြစ်သွား၏။

ကိုယ်စားလှယ်တော် မင်းကြီး လာနေပြီလား၊ ထိုသေမင်းတမန် ရောက်လာပြီလားဟု သူတွေးလိုက်မိသည်။

ယခင်က သူ သွားခဲ့သည့် အိမ်တိုင်းတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ ရှိလျှင်ရှိ သို့မဟုတ် ထောင်ချခံရသူ ရှိလျှင်ရှိသည်။ ယခု သူ၏ ဝေမြို့စားကြီး အိမ်တော်သို့ ရောက်လာပြီလား။

အဘယ့်ကြောင့်နည်း၊ အဘယ့်ကြောင့်နည်း ဟု သူတွေးနေမိ၏။ ထိုသို့ဆိုလျှင် သူ၏ တွမ်မိသားစုလည်း ကပ်ဘေး ဆိုက်တော့မည်လားဟု စိုးရိမ်သွား၏။

တွမ်ပိ အနေဖြင့် ကိုယ်စားလှယ်တော်မင်းကြီး ရှုကော်ကွန်း အိမ်တော်တွင် ပြောခဲ့သည့် စကားများကို ပြန်လည် ကြားယောင်လာမိ၏။ အသက်ကို ကာကွယ်မည်လား၊ ရာထူးကို ကာကွယ်မည်လား။

ရလဒ်ကတော့ ရှုကော်ကွန်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။

တွမ်ယင်းယင်း တစ်ကိုယ်လုံး တုန်ယင်သွားကာ ရေရွတ်လိုက်၏။ “မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ အကြောင်းပြချက် မရှိပါဘူး။ ကျွန်မတို့က အပြင်ပန်းကြည့်ရင် ဝေ့ချီတွမ်၊ ရွှီဖူတို့နဲ့ အရမ်း ရင်းနှီးတာမှ မဟုတ်တာ။ အကျိုးစီးပွားချင်း ပတ်သက်မှု ရှိပေမယ့် ဆွေမျိုးတော်စပ်တာမှ မဟုတ်တာ။ ဆရာတပည့်လည်း မဟုတ်ဘူးလေ။”

ဝေမြို့စားကြီးက တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။ “မင်း သေချာ ကြည့်ခဲ့ရဲ့လား။ ကိုယ်စားလှယ်တော် မင်းကြီးက တခြားဘက်ကို သွားတာများလား။”

သားဖြစ်သူက ပြောလိုက်၏။ “အဖေရယ်… ကျုပ်တို့က သာမန် မိသားစုမှ မဟုတ်တာ။ ဒီလမ်းမှာ ကျုပ်တို့ အိမ်တစ်အိမ်တည်း ရှိတာလေ။ ကိုယ်စားလှယ်တော် မင်းကြီးက ကျုပ်တို့ အိမ်မလာဘဲ ဘယ်သွားစရာ ရှိလို့လဲ။

ကျုပ် အဲဒီတုန်းတည်းက ပြောသားပဲ။ ပင်လယ်ရပ်ခြား ထွက်ပြေးရအောင်လို့။ အခုတော့ အောက်မင်ရဲ့ စကားကို နားယောင်ပြီး အမတ်ချုပ်ကြီးလင်မှာ အကြံအစည် ရှိလိမ့်မယ်လို့ ယုံကြည်ပြီး ဒီမှာ ဆက်နေခဲ့လို့ အခု ကြည့်စမ်း။ ကပ်ဘေး ဆိုက်ပြီ မဟုတ်လား။ ကပ်ဘေး ဆိုက်ပြီ။”

ဤမြင်ကွင်းက မည်သည့်အတွက်ကြောင့် ဤမျှ ရင်းနှီးနေသကဲ့သို့ ခံစားရသနည်း။

စောစောက ဇနီးဖြစ်သူ၏ အမူအရာကို ဝေမြို့စားကြီး ချက်ချင်း သတိရသွား၏။ သူ့ရှေ့ရှိ သားဖြစ်သူမှာ မိခင်ဖြစ်သူနှင့် တစ်ထပ်တည်း ဖြစ်နေသည်။

“ခွေးကောင်... တိတ်စမ်း။” ဝေမြို့စားကြီးက သားဖြစ်သူ၏ ပါးကို ရုတ်တရက် ဖြတ်ရိုက်လိုက်၏။

“ဖြောင်း...”

ထိုစဉ် အပြင်ဘက်မှ အိမ်တော်ထိန်း၏ တုန်ယင်နေသော အသံ ထွက်ပေါ်လာ၏။ “သခင်ကြီး… ကိုယ်စားလှယ်တော် မင်းကြီး ရောက်နေပါပြီ။ သခင်ကြီးကိုယ်တိုင် တံခါးကြီးဖွင့်ပြီး သွားကြိုရပါမယ်။”

.........................

အောက်မျိုးနွယ်စု အိမ်တော်...

ဘိုးဘေးကြီး အောက်ထင်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး စောင်များစွာ ခြုံထားသော်လည်း တုန်ယင်နေဆဲ ဖြစ်သည်။

အရိုးထဲမှ စိမ့်ထွက်လာသည့် အအေးဒဏ်ကြောင့် မီးလှုံ၍လည်း မရနိုင်ချေ။

ဤတစ်ကြိမ် ကျန်းကျိုးမြို့ အကျပ်အတည်းတွင် အောက်မျိုးနွယ်စုနှင့် ဝေမြို့စားကြီး တို့မှာ အကြောက်ဆုံး ဖြစ်နေကြသည်။

ယခုအချိန်တွင် လာဘ်ထိုး၍လည်း လုံးဝ မရတော့ချေ။ ကိုယ်စားလှယ်တော် မင်းကြီးထံ တံစိုးလက်ဆောင် သွားပေးသူများ ရှိသော်လည်း သူက လုံးဝ လက်မခံခဲ့ပေ။

ထို့ကြောင့် ဤကျန်းကျိုးမြို့ ပြဿနာကြီးကို ဖြေရှင်းမည့် အာဏာသည် ဧကရာဇ်မင်းမြတ်၏ လက်ထဲတွင်သာရှိပြီး ကိုယ်စားလှယ်တော် မင်းကြီးသည် အမိန့်ကို အကောင်အထည်ဖော်သူ သက်သက်သာ ဖြစ်ကြောင်း အားလုံး သိရှိသွားကြ၏။

ဤသည်မှာ အသက်နုတ်ယူရန် သီးသန့် တာဝန်ယူထားသော သေမင်းတမန်များနှင့် တူနေပြီး သူတို့သည် အကောင်အထည်ဖော်သူများသာဖြစ်ကာ ကံကြမ္မာကို အမှန်တကယ် ဆုံးဖြတ်ပေးသူမှာ ယမမင်းသာ ဖြစ်သည်။

မှူးမတ်များအားလုံး အိမ်တွင်း၌သာ ငြိမ်သက်စွာ နေထိုင်ရင်း ကံကြမ္မာ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်း နေကြရုံသာ ရှိတော့၏။

အောက်မျိုးနွယ်စုကမူ ဝေမြို့စားကြီး အိမ်တော်ကိုသာ အသေအချာ စောင့်ကြည့်နေကြ၏။ အကြောင်းမှာ မိသားစု နှစ်ခုသည် တစ်သားတည်းနီးပါး ဖြစ်နေသောကြောင့် ဖြစ်သည်။

ဝေမြို့စားကြီး အိမ်တော်သာ တစ်ခုခု ဖြစ်သွားပါက အောက်မျိုးနွယ်စုလည်း အန္တရာယ် ရှိလာမှာဖြစ်၏။ ထို့အတူ ဝေမြို့စားကြီး အိမ်တော် ဘာမှမဖြစ်လျှင် အောက်မျိုးနွယ်စုလည်း ဘာမှဖြစ်မည် မဟုတ်ပေ။

ထို့ကြောင့် ကိုယ်စားလှယ်တော်မင်းကြီး ဝေမြို့စားကြီး အိမ်တော်သို့ မသွားစေရန် အောက်ထင် နေ့စဉ်ရက်ဆက် ဆုတောင်းနေခဲ့၏။

သို့သော်ငြား ထိုအချိန်မှာပဲ သူ၏ သားဖြစ်သူ အောက်ကျင်း ပြေးဝင်လာကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “အဖေ… အဖေ… ဒုက္ခပါပဲ။ ဒုက္ခပါပဲ။ ကိုယ်စားလှယ်တော် မင်းကြီး ဝေမြို့စားကြီး အိမ်တော်ကို သွားနေပြီ။”

ထိုစကားကြောင့် အောက်ထင် မျက်လုံးများ ပြာဝေသွားကာ သတိလစ်မတတ် ဖြစ်သွား၏။

ခန္ဓာကိုယ် တစ်ခုလုံး အာရုံခံစားမှုကင်းမဲ့သွားသကဲ့သို့ ဖြစ်သွားသည်။

“အား… အား…” သူ၏ လည်ချောင်းထဲမှ အက်ကွဲသော အသံများ ထွက်ပေါ်လာ၏။

ဤသည်ကကပ်ဘေး ဆိုက်ရောက်လာခြင်းလား။ မြေးဖြစ်သူ အောက်မင်က ဝေမြို့စားကြီး အိမ်တော် ဘာမှ မဖြစ်နိုင်သလို အောက်မျိုးနွယ်စုလည်း ပို၍ပင် ဘာမှမဖြစ်နိုင်ဟု ရှင်းလင်းစွာ ပြောခဲ့သည် မဟုတ်ပါလား။

ရှုကော်ကွန်း သေဆုံးသွားခြင်းမှာ ဤကျန်းကျိုးမြို့ အကျပ်အတည်း၏ နောက်ဆုံး နယ်နိမိတ်ပင် ဖြစ်၏။

ဤလောကတွင် ဆုံးရှုံးမှု ရပ်တန့်ခြင်း ဟူသော စကားရပ် မရှိပေ။ ရှိခဲ့လျှင် ပို၍ တိကျပေလိမ့်မည်။

မကြာမီ အောက်မင်လည်း ဝင်လာ၏။

အောက်ထင်က မေးလိုက်သည်။ “မင်အာ… ဝေမြို့စားကြီး အိမ်တော် ဘာမှမဖြစ်နိုင်ဘူးလို့ မင်း ပြောခဲ့တယ် မဟုတ်လား။ ဘာလို့ ကိုယ်စားလှယ်တော် မင်းကြီးက သူတို့ဆီ သွားရတာလဲ။ ဝေမြို့စားကြီး အိမ်တော် တစ်ခုခု ဖြစ်ရင် ငါတို့လည်း လွတ်မှာ မဟုတ်တော့ဘူး။”

အောက်မင်က လေးနက်သော မျက်နှာထားဖြင့် ဖြေလိုက်၏။ “မဖြစ်နိုင်ပါဘူး။ လုံးဝ မဖြစ်နိုင်ပါဘူး။ ဧကရာဇ်မင်းမြတ်ကလည်း လူအများကြီးကို မသတ်ချင်ပါဘူး။ အာဏာစက်ကို ကာကွယ်ဖို့အတွက် မတတ်သာလို့သာ သတ်ရတာပါ။ ဒါကြောင့် ကော်ကွန်း(မင်းသား) တစ်ယောက် သေသွားတာက လုံလောက်နေပါပြီ။

ဘိုးဘိုးကြီး စဉ်းစားကြည့်လေ… မျိုးနွယ်စုကိုးဆက် နှစ်ခုကို ကွပ်မျက်လိုက်တာက အာဏာပြတာပဲ။ ပြည်နယ်ဝန်ကြီး ဝမ်ချီချန်လို အရာရှိကြီး တစ်ယောက်လည်း ပြုတ်ကျသွားပြီ။ ကော်ကွန်း တစ်ယောက်လည်း သေသွားပြီလေ။”

အုပ်စုတိုင်းမှလူများ ကြောက်ရွံ့သွားခဲ့ကြပြီ ဖြစ်၏။ ရှုကော်ကွန်း သေဆုံးသွားပြီ ဖြစ်သောကြောင့် ဝေမြို့စားကြီးကို ရင်ဆိုင်ရန် မလိုအပ်တော့ချေ။

အောက်မင်က ဆက်ပြောလိုက်သည်။ “ဒါကြောင့် ယုတ္တိအရ ကြည့်ရင် ဧကရာဇ်မင်းမြတ် အနေနဲ့ ဝေမြို့စားကြီးကို မထိသင့်ပါဘူး။ တကယ်ကို ထူးဆန်းတယ်။”

အောက်မင် နှင့် တွမ်ယင်းယင်း တို့သည် အမှန်တကယ် ဉာဏ်ကောင်းကြပြီး အရာအားလုံးကို ထိုးထွင်း သိမြင်နိုင်စွမ်း ရှိကြသည်ဟု ဆိုရပေမည်။

သို့ပေမည့် သူတို့နှစ်ဦး မထင်မှတ်ထားခဲ့သည့် အရာမှာ ဧကရာဇ်မင်းမြတ်က နာမည်စာရင်းကို ကြည့်ရှုနေစဉ် ဝေမြို့စားကြီး တွမ်ပိ၏ နာမည်ကို အမှတ်မထင် မြင်တွေ့သွားပြီး ယွင်ကျုံးဟဲ့ ရေးသားခဲ့သော အရှေ့ဆောင် မှတ်တမ်းကို သွားရောက် သတိရကာ ထိုအထဲမှ ချွေကော်ကွန်းကို ရွံရှာမိသောကြောင့် အလွယ်တကူပင် တစ်ချက် ရေးခြစ်လိုက်ခြင်း ဖြစ်သည်။

ဤသည်က ဝေမြို့စားကြီး ကံဆိုးသွားခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ အမှန်တကယ်ပဲ မထင်မှတ်ထားသော ကံကြမ္မာ အလှည့်အပြောင်း ဖြစ်၏။

.......................

All Chapters