← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 27 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 27 Ch. 313-314

အပိုင်း (၃၁၃)

ဝေမြို့စားကြီး အိမ်တော်၏ တံခါးကြီး ပွင့်သွားပြီး မိသားစုဝင် အားလုံး ညီညာစွာ ဒူးထောက်ကာ ကိုယ်စားလှယ်တော် မင်းကြီးကို ကြိုဆိုလိုက်ကြသည်။

ကိုယ်စားလှယ်တော် မင်းကြီးက အသံကျယ်ကျယ်ဖြင့် အမိန့်တော် ဖတ်လိုက်၏။ “အရှင်မင်းမြတ်၏ အမိန့်တော်… ဝေမြို့စားကြီး တွမ်ပိသည် မိသားစုကို သေချာစွာ မထိန်းကျောင်းနိုင်ဘဲ ဘိုးဘေးများ၏ စည်းမျဉ်းကို ချိုးဖောက်သောကြောင့် ကြိမ်ဒဏ် အချက်သုံးဆယ် ရိုက်စေ။”

အမိန့်တော်ကို ကြားလိုက်ရချိန်တွင် ဝေမြို့စားကြီး သတိလစ်မတတ် ဖြစ်သွားသည်။ ကြောက်ရွံ့၍ မဟုတ်ဘဲ ဝမ်းသာလွန်း၍ ဖြစ်သည်။

လက်ရှိ အခြေအနေမျိုးတွင် ကြိမ်ဒဏ် အချက်သုံးဆယ်မှာ သာမန် အပြစ်ပေးခံရခြင်းမျှသာ ဖြစ်၏။

သို့ပေမည့် ဘာကြောင့်နည်း။ ဤသည်က မည်သည့် အပြစ်မျိုးနည်း။ ဝေ့ချီတွမ်၊ ရွှီဖူ တို့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဟု သူ တွေးနေမိသည်။

မိသားစုကို သေချာစွာ မထိန်းကျောင်းနိုင်ဘဲ ဘိုးဘေးများ၏ စည်းမျဉ်းကို ချိုးဖောက်သည် ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ အဘယ့်ကြောင့်နည်း။

ထိုစဉ် ကိုယ်စားလှယ်တော် မင်းကြီး၏ အစောင့်တပ်သား အချို့ ထွက်လာပြီး ဝေမြို့စားကြီး တွမ်ပိကို မြေပြင်ပေါ် ဖိချလိုက်ကြသည်။ ထို့နောက် သစ်သားတုတ်များကို မြှောက်ကာ ပြင်းထန်စွာ ရိုက်နှက် ကြလေ၏။

ဤသည်မှာ အမှန်တကယ် ရိုက်နှက်ခြင်း ဖြစ်၏။ ဝေမြို့စားကြီးသည် သိုင်းပညာရှင် တစ်ဦး ဖြစ်ပြီး အဆင့်မနိမ့်သော်လည်း ဤအချိန်တွင် အတွင်းအားကို လုံးဝ မသုံးရဲချေ။

ထို့ကြောင့် အချက် ဆယ်ချက်ကျော်မျှ ရိုက်နှက်ခံရပြီးချိန်တွင် သူ၏ အသားများ ပဲ့ထွက်ကာ သွေးများက အဝတ်အစားများကို ဖောက်ထွက်လာသည်။

အချက်သုံးဆယ် ပြည့်ချိန်မှာတော့ ဝေမြို့စားကြီး၏ ခါးအောက်ပိုင်း တစ်ခုလုံး သွေးသံရဲရဲ ဖြစ်နေပြီး မကြည့်ရဲလောက်အောင် ဖြစ်နေ၏။

သို့ပေမည့် ဝေမြို့စားကြီးသည် ခက်ခဲစွာ ထရပ်လိုက်ပြီး ဒူးထောက် ခေါင်းငုံ့လျက် ပြောလိုက်သည်။ “ကျုပ် အပြစ်ကို သိပါပြီ။ ကျုပ် အပြစ်ကို သိပါပြီ။ အရှင်မင်းမြတ်၏ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် သူက ကိုယ်စားလှယ်တော် မင်းကြီးရှေ့သို့ သွားကာ တိုးတိုးလေး မေးလိုက်၏။ “အမတ်ဝူ… ကျုပ် ဘာကို ပြင်ဆင်ရမလဲဆိုတာ လမ်းညွှန်ပေးပါအုံး။”

ဤသည်မှာ သူ မည်သည့်အချက်ကြောင့် ဧကရာဇ်မင်းမြတ်၏ ဒေါသကို ဆွပေးမိသနည်းဟု မေးမြန်းခြင်း ဖြစ်သည်။

ကိုယ်စားလှယ်တော် မင်းကြီးက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။ “အရှင်မင်းမြတ်က ခင်ဗျားတို့ မိသားစု ဆက်ဆံရေးတွေ အရမ်း ရှုပ်ထွေးလွန်းတယ်လို့ ထင်နေတယ်။”

ဝေမြို့စားကြီး အံ့အားသင့်သွား၏။ သူတို့ မိသားစု ဆက်ဆံရေးက မည်သည့်နေရာတွင် ရှုပ်ထွေးနေသနည်း။ အလွန် စနစ်ကျသည်။ သို့ပေမည့် ဧကရာဇ်မင်းမြတ်က ရှုပ်ထွေးသည်ဟု ဆိုလျှင် ရှုပ်ထွေးသည်သာ ဖြစ်ရပေမည်။

“အရှေ့ဆောင်မှတ်တမ်း” ကိုယ်စားလှယ်တော် မင်းကြီးက တိုးတိုးလေး ပြောလိုက်၏။

ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “တွမ်ပိ…ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။”

ထိုသို့ ပြောပြီးနောက် ကိုယ်စားလှယ်တော် မင်းကြီးသည် အစောင့်တပ်ကို ဦးဆောင်ကာ ခန့်ညားထည်ဝါစွာ ထွက်ခွာသွား၏။

“ကိုယ်စားလှယ်တော် မင်းကြီးကို ပို့ဆောင်ပါတယ်။” ဝေမြို့စားကြီး တွမ်ပိက ခါးညွှတ်၍ နှုတ်ဆက်လိုက်၏။

သို့ပေမည့် ရင်ထဲတွင်မူ ပြင်းပြင်းထန်ထန် ကျိန်ဆဲနေမိ၏။ အောက်ယွီ၏ ဘိုးဘေးဆယ့်ရှစ်ဆက်လုံး ကျိန်စာသင့်စေရန် ဝေမြို့စားကြီး ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်မိသည်။

‘ကျုပ်တို့ မိသားစု ဆက်ဆံရေးက ဘယ်နေရာမှာ ရှုပ်ထွေးနေလို့လဲ။ ခင်ဗျားရဲ့ အရှေ့ဆောင်မှတ်တမ်း စာအုပ်က ကျုပ်မိသားစု နာမည်ကို ဖျက်ဆီးလိုက်တာပဲ။ ဧကရာဇ်မင်းမြတ်က အဲဒီစာအုပ်ကို ဖတ်ပြီး ကျုပ်မိသားစု ဆက်ဆံရေးတွေ ရှုပ်ထွေးတယ်၊ ရွံစရာကောင်းတယ်လို့ ထင်သွားလို့ ကျုပ်ကို ကြိမ်ဒဏ် အချက်သုံးဆယ်တောင် ပေးလိုက်တာပဲ။’

ထိုကိစ္စက တကယ်ကို မတရားလွန်းလှသည်။ ကိုယ်စားလှယ်တော် မင်းကြီးသည် မည်သည့်အတွက်ကြောင့် ဝေမြို့စားကြီး တွမ်ပိကို ထိုအကြောင်း ပြောပြခဲ့သနည်း။

အကြောင်းမှာ သူသည် ကျန်းကျိုးမြို့တွင် လူအများအပြားကို သတ်ဖြတ်ခဲ့ပြီး အမိန့်အရ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း လူအများ၏ မုန်းတီးမှုကို ခံရမည် စိုးသောကြောင့် သံယောဇဉ် အဆက်အသွယ် တစ်ခု ဖန်တီးထားလိုခြင်း ဖြစ်သည်။

တစ်ဆက်တည်းမှာပဲ ကျန်းကျိုးမြို့ တစ်မြို့လုံးကို အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်ကြောင်းနှင့် ထိတ်လန့် ကြောက်ရွံ့နေစရာ မလိုတော့ကြောင်း သတင်းစကား ပါးလိုက်ခြင်းလည်း ဖြစ်၏။

သတ်ရမည့်သူများ အားလုံး သတ်ပြီးပြီ ဖြစ်ကာ ဖမ်းရမည့်သူများ အားလုံးလည်း ဖမ်းပြီးပြီ ဖြစ်သည်။ ထို့ကြောင့် အိမ်တွင်း၌ ပုန်းအောင်းနေပြီး ကြောက်ရွံ့နေစရာ မလိုတော့ချေ။

မကြာမီ ကျန်းကျိုးမြို့ရှိ အရာရှိများနှင့် မှူးမတ်များ အားလုံး ထိုသတင်းစကားကို နားလည် လက်ခံ သွားကြ၏။

ဝေမြို့စားကြီးကို ကြိမ်ဒဏ် အချက်သုံးဆယ် ပေးခြင်းကသာ အမှန်တကယ် အဆုံးသတ်သွားခြင်း ဖြစ်သည်။

နောက်ဆုံးတော့ ပြီးဆုံးသွားပြီ ဖြစ်သည်။ ဆယ်ရက်ကျော်ကြာ ထိတ်လန့်ကြောက်ရွံ့ခဲ့ရမှုများ နောက်ဆုံး၌ ပြီးဆုံးသွားပြီ ဖြစ်၏။

တကယ်ကို သေလုမတတ် ကြောက်ရွံ့ခဲ့ရ၏။ နေ့စဉ် အိမ်တွင်း၌သာ နေကာ ဆုတောင်းနေခဲ့ရပြီး အချိန်မရွေးကပ်ဘေး ဆိုက်လာနိုင်သည်ဟူသော ခံစားချက်က အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

သတ်ဖြတ်မှုများ နောက်ဆုံးတော့ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် အားလုံး စိတ်အေးနိုင်သွားကြပြီ ဖြစ်သလို

အောင်ပွဲခံနိုင်ကြပြီလည်း ဖြစ်၏။

အထူးသဖြင့် အောက်မျိုးနွယ်စု အိမ်တော်တွင် လူအများအပြား ဝမ်းသာလွန်း၍ မျက်ရည်ကျနေကြသည်။

ကိုယ်စားလှယ်တော် မင်းကြီး ဝေမြို့စားကြီး အိမ်တော်သို့ သွားချိန်က သူတို့ အမှန်တကယ် ထိတ်လန့် တုန်လှုပ်ခဲ့ရပြီး မကြာမီ အောက်မျိုးနွယ်စု အလှည့် ရောက်လာတော့မည်ဟု ထင်ခဲ့ကြခြင်း ဖြစ်၏။

ထိုအရာက အလကား ထိတ်လန့်ခဲ့ရခြင်းသာဖြစ်ပြီး ယခုအခါ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။

ဘိုးဘိုးကြီး အောက်ထင်လည်း ကုတင်ပေါ်မှ ထလာနိုင်ပြီ ဖြစ်၏။

‘ဒါ သေချာပေါက် အောက်ယွီလို တိရစ္ဆာန်ကောင်ရဲ့ အကြံအစည်ပဲ။ ဒီအရာအားလုံးက သူ လုပ်ခဲ့တာ။ ကျုပ်တို့ မျိုးနွယ်စု တစ်ခုလုံးကို သေတွင်းထဲ ပို့ချင်နေတာ။ သူ အိပ်မက် မက်နေတာပဲ။ အိပ်မက် မက်နေတာပဲ။

ဒီလောက် ကြီးမားတဲ့ အကျပ်အတည်းကြီးကို ဖန်တီးနိုင်တော့ကော ဘာဖြစ်လဲ။ ကျုပ်တို့ဆီ ရောက်မလာဘူး မဟုတ်လား။ ကျုပ်တို့ အောက်မိသားစုက မားမားမတ်မတ် ရပ်တည်နေတုန်းပဲ မဟုတ်လား။’

ဘိုးဘိုးကြီး အောက်ထင်က မေးလိုက်သည်။ “အောက်ယွီ လို တိရစ္ဆာန်ကောင်လေးကို လွှတ်ပေးပြီလား။ နုလန်ဟောက် အိမ်တော်ကို ပြန်ဖွင့်ပေးပြီလား။ လျိုကတော်လို မိန်းမယုတ်ကိုရော အစိုးရ တည်းခိုဆောင်ကနေ လွှတ်ပေးပြီလား။”

“မလွှတ်သေးပါဘူး။”

“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။ ခံရမှာပဲ။ ခံရမှာပဲ။”

ဘိုးဘိုးကြီး အောက်ထင်က ရက်စက်သော လေသံဖြင့် ပြောလိုက်၏။ “ဒီအကျပ်အတည်း ပြီးသွားပြီဆိုတော့ ဆက်ပြီး အောက်ယွီလို တိရစ္ဆာန်ကောင်နဲ့ အသေအကြေ တိုက်ရမယ်။ သက်သေ မရှိပေမဲ့ ဒီအရာအားလုံးကို သူ လုပ်ခဲ့တာဆိုတာ ကျုပ် သိတယ်။

ဝေ့ချီယန် စကားမှားတာလည်း အောက်ယွီ ထောင်ချောက်ဆင်တာပဲ။ ရွှီရွှမ်ရဲ့ ပုန်ကန်တဲ့ စာရွက် စာတမ်းတွေကလည်း အောက်ယွီနဲ့ မကင်းနိုင်ဘူး။ သူက ကျုပ်တို့ကို သတ်ချင်နေတာ။ သူက ကျုပ်တို့ကို သတ်ချင်နေတာ

အိပ်မက်မက်နေတာ။ သူ အိပ်မက်မက်နေတာပဲ။ ကျုပ်က အကောင်းကြီး ရှိနေသေးတယ် မဟုတ်လား။ သူ အရိုးကြေအသားမွ ဖြစ်သွားရင်တောင် ကျုပ်တို့က အကောင်းကြီး ရှိနေအုံးမှာပဲ။ ကျုပ်တို့ အသက်ရှူ ချောင်သွားပြီဆိုတော့ ဆက်ပြီး အောက်ယွီလို တိရစ္ဆာန်ကောင်လေးကို အရိုးအသား တစ်စစီဖြစ်သွားအောင် လုပ်ပစ်မယ်။”

ထိုစဉ် အောက်ကျင်း ပြေးဝင်လာကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “အဖေ… ဒုက္ခရောက်ပါပြီ။ အောက်ယွီက ကိုယ်စားလှယ်တော် မင်းကြီးဆီမှာ အဖေ့ကို တိုင်တန်းလိုက်တယ်။”

ဘိုးဘိုးကြီး အောက်ထင်က မေးလိုက်၏။ “ကျုပ်ကို တိုင်တယ်။ ဘာကို တိုင်တာလဲ။ ကျုပ်က လာဘ်လည်း မစားဘူး။ ဝေ့ချီတွမ်တို့ ရွှီဖူတို့နဲ့လည်း အပြင်ပန်း ဆက်ဆံရေးတောင် မရှိဘူးလေ။”

အောက်ကျင်းက ဖြေလိုက်သည်။ “အောက်ယွီက အဖေ့ကို အာဏာစက်ကို စော်ကားပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတယ်ဆိုပြီး တိုင်လိုက်တာပါ။”

ဘိုးဘိုးကြီး အောက်ထင်က ဒေါသတကြီးဖြင့် ပြန်မေးလိုက်၏။ “ကျုပ်က ဘယ်နေရာမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမိလို့လဲ။”

အောက်ကျင်းက ပြောလိုက်သည်။ “အဖေ ပြောခဲ့တဲ့ စကားတစ်ခွန်းကို တိုင်လိုက်တာ။ အောက်ရှင်းက နုလန်ဟောက် ဖြစ်ပြီး သူ့ရာထူးက အမြင့်ဆုံး ဖြစ်ပေမယ့် အဖေက အောက်မိသားစုရဲ့ ဧကရာဇ်ဟောင်း ဖြစ်ပြီး အိမ်ကိစ္စ အားလုံးကို အဖေပဲ ဆုံးဖြတ်တယ်ဆိုတဲ့ စကားကို တိုင်လိုက်တာပါ။”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဘိုးဘိုးကြီး အောက်ထင် မျက်လုံးများ ပြာဝေသွားကာ သတိလစ် လဲကျသွားလေတော့၏။

‘အောက်ယွီ တိရစ္ဆာန်ကောင်… တကယ်ကို ရက်စက်လွန်းတာပဲ။’

ထိုသို့ဆိုလျှင် အောက်ထင် ထိုစကားမျိုးကို ပြောခဲ့ဖူးသလား။

မည်သို့ ပြောရမည်နည်း။ ပြောခဲ့ဖူးသည်ဟု ဆိုရပေမည်။

သို့ပေမည့် ထိုကိစ္စမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကဖြစ်ပြီး ထိုအချိန်က ဧကရာဇ်ဟောင်းမှာ နန်းစွန့်ခြင်း မရှိသေးပေ။ ထို့ကြောင့် ထိုစကားလုံးမှာ အလွန်အမင်း ဆက်စပ်တွေးတောစရာ မလိုသော စကားလုံး ဖြစ်သည်။

ထိုအချိန်က လူအများ၏ အသိအမြင်တွင် ဧကရာဇ်ဟောင်း ဟူသော စကားရပ်မှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက တာရှအင်ပါယာမှ ဧကရာဇ်ဟောင်းကိုသာ ရည်ညွှန်းလေ့ ရှိကြ၏။

ထိုအချိန်က အခြေအနေမှာ အလွန် ရှုပ်ထွေးလှသည်။ ဧကရာဇ် တစ်ပါး ရုတ်တရက် နတ်ရွာစံသွားပြီး သားတော်လည်း မရှိသောကြောင့် နန်းဆက်ခံရန် တော်ဝင်မိသားစုထဲမှ မင်းသားငယ် တစ်ပါးကို မွေးစားခဲ့ရသည်။

ထိုမင်းသားငယ်တွင် ဖခင် ရှိပြီး ထိုဖခင်မှာ အင်ပါယာ၏ အာဏာရှင် တစ်ဦး ဖြစ်နေသည်။ သို့ပေမည့် ပြည်သူလူထု၏ သဘောထားများကြောင့် သူကိုယ်တိုင် ဧကရာဇ် မဖြစ်နိုင်သောကြောင့် သားဖြစ်သူကို နန်းတင်ခဲ့ခြင်း ဖြစ်၏။

ထိုမင်းသားငယ် နန်းတက်ချိန်တွင် အသက် ဆယ့်နှစ်နှစ်သာ ရှိသေးသောကြောင့် အာဏာအားလုံးကို သူ၏ ဖခင်ကသာ ချုပ်ကိုင်ထားခဲ့သည်။

အစပိုင်းတွင် မင်းသားငယ်၏ ဖခင်သည် ရင်ခွင်ပိုက် အမတ်ကြီးအဖြစ် ခံယူခဲ့သော်လည်း နောင်တွင် မကျေနပ်သောကြောင့် ဧကရာဇ်ဟောင်းဟု မိမိကိုယ်ကို ခေါ်ဝေါ်ခဲ့၏။

တာရှအင်ပါယာ၏ ထိုဧကရာဇ်ဟောင်းသည် အင်ပါယာကို သုံးဆယ့်ငါးနှစ်တိုင်တိုင် အုပ်ချုပ်ခဲ့ပြီး သူ ကွယ်လွန်သွားမှသာ အသက် လေးဆယ့်ခုနစ်နှစ် အရွယ်ရှိ ဧကရာဇ်က အာဏာကို အပြည့်အဝ ရရှိခဲ့ခြင်း ဖြစ်သည်။

အောက်မျိုးနွယ်စု၏ အခြေအနေမှာလည်း ထိုနည်းတူပင် ဖြစ်၏။

ယခင် နုလန်ဟောက်၏ သားသမီးများမှာ ငယ်ရွယ်စဉ် သေဆုံးသူက သေဆုံး၊ စစ်ပွဲတွင် ကျဆုံးသူက ကျဆုံး ဖြစ်သွားသောကြောင့် ရာထူး ဆက်ခံမည့်သူ မရှိတော့ချေ။ ထို့ကြောင့် အောက်ရှင်းကို မွေးစားခဲ့ခြင်း ဖြစ်သည်။

အောက်ရှင်း နုလန်ဟောက် ဖြစ်လာပြီးနောက် ဂုဏ်ပြုလောက်သော စွမ်းဆောင်ရည်များ ပြသကာ မျိုးနွယ်စု၏ နာမည်ကို မြှင့်တင်ပေးနိုင်ခဲ့သော်လည်း အောက်မျိုးနွယ်စု အတွင်းတွင်မူ အောက်ထင်ကသာ အရာအားလုံးကို ဆုံးဖြတ်နေဆဲ ဖြစ်၏။

အောက်ထင် သည် အောက်ယွီကို အမြဲတမ်း အမြင်မကြည်ခဲ့ဘဲ အကြောင်းမဲ့ ရိုက်နှက်လေ့ ရှိ၏။ အောက်ရှင်းက သားဖြစ်သူကို သံယောဇဉ်ကြီးသောကြောင့် အောက်ထင်ထံ သွားရောက် တောင်းပန်လေ့ ရှိသည်။

တစ်နေ့တွင် အောက်ထင်က ဘိုးဘေးဘုရားကျောင်းဆောင် အတွင်း၌ အောက်ရှင်းကို ဒူးထောက်ခိုင်းကာ လူအများရှေ့တွင် ပြောခဲ့ဖူး၏။

မင်းက နုလန်ဟောက် ဖြစ်ပေမယ့် ဒီအိမ်မှာ အရာအားလုံးကို ငါပဲ ဆုံးဖြတ်တယ်။ ငါက အောက်မျိုးနွယ်စုရဲ့ ဧကရာဇ်ဟောင်းပဲ ဟု ပြောခဲ့ခြင်း ဖြစ်သည်။

သူ ထိုစကားကို ပြောချိန်တွင် လူအများအပြား ကြားခဲ့ကြ၏။ သို့ပေမည့် ထိုအချိန်က ဧကရာဇ် ဝမ်ယွင် နန်းမစွန့်သေးသလို တောင်ပိုင်းကျိုးအင်ပါယာတွင်လည်း ဧကရာဇ်ဟောင်း ဟူ၍ မရှိသေးပေ။

ထို့ကြောင့် သူ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းမှာ ကြီးမားသော ပြဿနာ မဟုတ်ပေ။ ဧကရာဇ် ဝမ်ယွင် လက်ထက်က လွတ်လပ်စွာ ပြောဆိုခွင့်ကို ခွင့်ပြုထားသောကြောင့် ပို၍ပင် ပြဿနာ မရှိခဲ့ချေ။

သို့ပေမည့် ယခုအချိန်တွင်မူ ဤသည်မှာ မီးပုံထဲသို့ ခုန်ဆင်းခြင်း သို့မဟုတ် ဓားသွားပေါ်သို့ ပြေးဝင်ခြင်းနှင့် တူနေသည်။

တကယ်ကို ရက်စက်လွန်းလှသည်။ ဤသည်က ဧကရာဇ်မင်းမြတ်ကို သွယ်ဝိုက်၍ စော်ကားခြင်း မဟုတ်ပါလား။

အောက်ထင်က ဧကရာဇ်ဟောင်းဖြစ်လျှင် အောက်ရှင်းက ဧကရာဇ် ဖြစ်နေမည် မဟုတ်ပါလား။ သို့ပေမည့် ယခုအခါ အောက်ရှင်းမှာ ထောင်ကျနေပြီ ဖြစ်သောကြောင့် ဧကရာဇ်မင်းမြတ်ကို ကျိန်ဆဲနေခြင်းလားဟု တွေးစရာ ဖြစ်လာသည်။

ထို့အပြင် ဒီအိမ်မှာ ငါပဲ ဆုံးဖြတ်တယ်ဟု ပြောခဲ့ခြင်းက ဧကရာဇ်မင်းမြတ်မှာ ရုပ်သေးရုပ် သက်သက်သာ ဖြစ်သည်ဟု သွယ်ဝိုက်၍ ပြောဆိုနေခြင်း မဟုတ်ပါလား။

ဤအရာများကို ဆက်စပ်၍ မတွေးတောသင့်ပေ။ ဆက်စပ်၍ တွေးတောမိပါက ကြောက်လန့်လွန်း၍ သေးထွက်ကျသွားနိုင်သည်။

လက်ရှိ အခြေအနေမှာ ပွက်ပွက်ဆူနေသော ဆီအိုးကြီး တစ်အိုးနှင့် တူနေ၏။ ရေတစ်စက် ကျသွားသည်နှင့် အိုးပေါက်ကွဲသွားမည်မှာ သေချာပေါက်ပင်။

ယခုအချိန်၌ အောက်ထင် သည် အမှန်တကယ် သတိလစ်သွားခြင်း ဖြစ်သည်။ အနားရှိ လူများက အလျင်အမြန် ဆေးတိုက်ခြင်း၊ နှာခေါင်းဝကို နှိပ်နယ်ပေးခြင်းများ ပြုလုပ်ကြရ၏။

“အဖေ… အဖေ...”

“ဘိုးဘိုးကြီး… ဘိုးဘိုးကြီး… သတိထားပါအုံး...”

..................

အပိုင်း (၃၁၄)

ထိုအချိန်တွင် ကိုယ်စားလှယ်တော် မင်းကြီးသည်လည်း အောက်ယွီ၏ ပြဿနာရှာမှုကြောင့် အလွန် စိတ်ရှုပ်နေမိသည်။

ဤတစ်ကြိမ် ကျန်းကျိုးမြို့သို့ လာရောက်ခြင်းမှာ လူဆိုးအဖြစ် လာရောက်ရခြင်းဖြစ်ပြီး လူအများအပြားကို သတ်ဖြတ်ခဲ့ရသောကြောင့် လူမည်မျှ၏ မုန်းတီးမှုကို ခံရမည်ကိုပင် မသိနိုင်တော့ချေ။

ယခုမှ အားလုံး အဆုံးသတ်သွားပြီး ကျန်းကျိုးမြို့ အခြေအနေကို ငြိမ်သက်သွားအောင် ကြိုးစားထားရုံ ရှိသေး၏။ အောက်ယွီက မီးလောင်ရာ လေပင့်လိုက်ပြန်သောကြောင့် အခြေအနေများ ပြန်လည် ဆူပွက်လာရပြန်သည်။

‘ခင်ဗျားတို့ အောက်မျိုးနွယ်စုက တကယ်ကို ရက်စက်လွန်းတယ်။ တစ်ယောက်ကို တစ်ယောက် ဓားနဲ့ အပြန်အလှန် ထိုးရတာကို တကယ် ပျော်နေကြတာပဲ။’

သို့ပေမည့် အောက်ယွီက လူအများရှေ့တွင် တိုင်တန်းလိုက်ပြီ ဖြစ်သောကြောင့် ကိုယ်စားလှယ်တော် မင်းကြီး အနေဖြင့် မကြားချင်ယောင် ဆောင်နေ၍ မရတော့ချေ။ ထိုသို့မဟုတ်ပါက သူကိုယ်တိုင် ပြဿနာ တက်သွားနိုင်၏။

“လူလာစမ်း… အောက်ထင်ကို ခေါ်ခဲ့...”

ဟိုဘက်တွင်မူ သမားတော်အချို့က အစွမ်းကုန် ကြိုးစားကုသပေးမှသာ ဘိုးဘိုးကြီး အောက်ထင် သတိ ပြန်လည်လာသည်။

ကုတင်ဘေးတွင် လူအများအပြား ဝိုင်းရံနေကြပြီး သူ၏ မျက်လုံးများက အချစ်ရဆုံး မြေးဖြစ်သူ အောက်မင်ကို ရှာဖွေလိုက်၏။

“မင်အာ… အခု… ဘယ်လို လုပ်ကြမလဲ။ ဘယ်လို လုပ်ကြမလဲ။”

သားဖြစ်သူ အောက်ကျင်းက အကြံပေးလိုက်သည်။ “အဖေ… လုံးဝ ဝန်မခံဘဲ အောက်ယွီလို တိရစ္ဆာန် ကောင်လေးက မဟုတ်မမှန် စွပ်စွဲတယ်ဆိုပြီး ပြန်တိုင်လိုက်ရင်ကော။”

အောက်မင်က ခေါင်းခါလိုက်၏။ “မရဘူး။ အဲဒီတုန်းက ဘိုးဘိုးကြီး ပြောခဲ့တာကို လူအများကြီး ကြားခဲ့ကြတယ်။ အခုအချိန်မှာ ဝန်မခံဘူးဆိုရင် ဧကရာဇ်မင်းမြတ်ကို လိမ်လည်လှည့်ဖြားမှု ဖြစ်သွားပြီး ပြစ်ဒဏ် ပိုကြီးသွားနိုင်တယ်။”

အောက်ထင်က ပြောလိုက်သည်။ “ဒါပေမဲ့ ဝန်ခံလိုက်ရင် ဧကရာဇ်မင်းမြတ်ရဲ့ အမုန်းကို ခံရမှာပေါ့။”

အောက်မင်က သက်ပြင်းချလိုက်၏။ “စောင့်ရမှာပဲ။”

ဘိုးဘိုးကြီး အောက်ထင်က တုန်ယင်သော အသံဖြင့် မေးလိုက်သည်။ “စောင့်မယ်… ဘာကို စောင့်ရမှာလဲ။”

အောက်မင်က ပြောလိုက်၏။ “ပိုကြီးမားတဲ့ အပြောင်းအလဲကြီး ရောက်လာမယ့် အချိန်ကို စောင့်ရမှာပဲ။”

ထိုအချိန်တွင် သားဖြစ်သူ ပြေးဝင်လာပြန်သည်။ “အဖေ… အဖေ…ကိုယ်စားလှယ်တော် မင်းကြီးရဲ့ အစောင့်တပ်တွေ ရောက်နေပြီ။”

အောက်ထင် တစ်ကိုယ်လုံး တုန်ယင်သွားကာ မျက်လုံးများ ပြာဝေသွားပြီး ထပ်မံ သတိလစ်မတတ် ဖြစ်သွားပြန်၏။

သူ အသုံးမကျ၍ မဟုတ်ပေ။ လက်ရှိ အခြေအနေက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းနေပြီး အနည်းငယ် အမှားလုပ်မိသည်နှင့် သေမင်းခံတွင်းဝဆီသို့ ရောက်သွားနိုင်သောကြောင့်ပင်။

ဤလောကတွင် သေရမည်ကို မကြောက်သူ မည်သူ ရှိမည်နည်း။ ယွင်ကျုံးဟဲ့ ကဲ့သို့သော အရူးများသာ အသက် သေရမည်ကို ဂရုမစိုက်ကြခြင်း ဖြစ်သည်။

“မြန်မြန်… မြန်မြန် သွားကြိုကြ..” အောက်ထင်က တုန်ယင်သော အသံဖြင့် ပြောလိုက်၏။

ကြိုဆိုရန် မလိုအပ်တော့ချေ။ ကိုယ်စားလှယ်တော် မင်းကြီး၏ အစောင့်တပ်များက အိမ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်။ “ဘယ်သူက အောက်ထင် လဲ။”

“ကျုပ်ပါ။” အောက်ထင် ရှေ့သို့ ထွက်လာပြီး ခါးညွှတ်၍ အရိုအသေ ပေးလိုက်၏။

“ကျုပ်တို့နဲ့ လိုက်ခဲ့ပါ။”

........

မြို့ဝန် အိမ်တော်အတွင်း၌ အမတ်ကြီးများ နေရာယူထားကြပြီ ဖြစ်၏။ အလယ်တွင် ကိုယ်စားလှယ်တော် မင်းကြီး ထိုင်နေပြီး ဘယ်ဘက်တွင် စုံစမ်းစစ်ဆေးရေး အမတ်ကြီး၊ ညာဘက်တွင် တရားရေး အမတ်ကြီးတို့ ထိုင်နေကြသည်။

ဤနေရာမှာ မြို့တော် မဟုတ်သော်လည်း ယခု မြင်ကွင်းမှာ တရားရုံးချုပ်တွင် အမှုစစ်ဆေးနေသည့်အလား ထင်မှတ်ရ၏။

ထိုနေရာတွင် အောက်ထင် သည် အောက်ယွီကို ထပ်မံတွေ့လိုက်ရပြန်သည်။ ‘ဒီတိရစ္ဆာန်ကောင်လေး… ဘာလို့ မသေသွားရတာလဲ။ မြို့တော်က အောက်ရှင်း ဆိုတဲ့ တိရစ္ဆာန်ကောင်ကြီးကော ဘာလို့ မသေသွားရတာလဲ။ မင်းတို့သာ သေသွားရင် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူးလေ။ အခုတော့ မြို့တစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီ မဟုတ်လား။’

ထိုနှစ်ဦးလုံး ဒူးထောက်ရန် မလိုအပ်ချေ။ အောက်ထင် သည် စာမေးပွဲ အောင်မြင်ထားသူ မဟုတ်သော်လည်း အနားယူသွားသော အရာရှိ တစ်ဦးဖြစ်ပြီး အသက် ခုနစ်ဆယ် ကျော်နေပြီ ဖြစ်သောကြောင့် အရာရှိများရှေ့တွင် ဒူးထောက်စရာ မလိုပေ။

တောင်ပိုင်းကျိုးအင်ပါယာတွင် သက်ကြီးရွယ်အိုများကို ရိုသေလေးစားမှု ရှိသည်။

အောက်ယွီ သည်လည်း ကျွမ့်ယွမ် အသစ် ဖြစ်ပြီး သူ၏ အောင်လက်မှတ်ကို ရုပ်သိမ်းထားခြင်း မရှိသေးသောကြောင့် ဒူးထောက်စရာ မလိုပေ။

“အောက်ထင် ဟုတ်ပါသလား။” ကိုယ်စားလှယ်တော် မင်းကြီးက မေးလိုက်၏။

“ဟုတ်ပါတယ် အမတ်ကြီး” အောက်ထင်က ခါးညွှတ်၍ ပြန်ဖြေလိုက်သည်။

အိမ်တွင် သတိလစ်မတတ် ဖြစ်ခဲ့သော်လည်း တရားခွင်တွင်မူ သူသည် အလွန် တည်ငြိမ်နေပြီး မာနလည်း မကြီးသလို နှိမ့်ချလွန်းခြင်းလည်း မရှိချေ။ သူသည်လည်း အတွေ့အကြုံများစွာ ရှိခဲ့သူ တစ်ဦး ဖြစ်၏။

ကိုယ်စားလှယ်တော် မင်းကြီးက မေးလိုက်သည်။ “အောက်ယွီက ခင်ဗျားကို အာဏာစက်ကို စော်ကားတဲ့ စကားတွေ ပြောဆိုခဲ့တယ်လို့ တိုင်တန်းထားတယ်။ ခင်ဗျား ဝန်ခံပါသလား။”

အောက်ထင်က ပြောလိုက်၏။ “ကျုပ် ဝန်မခံခင် တာ့ကျိုး ဥပဒေအကြောင်း အမတ်ကြီးကို နည်းနည်းလောက် မေးခွင့်ပြုပါ။”

ကိုယ်စားလှယ်တော် မင်းကြီးက ခွင့်ပြုလိုက်သည်။ “မေးနိုင်ပါတယ်။”

အောက်ထင်က မေးလိုက်၏။ “တာ့ကျိုး ဥပဒေအရ သားက အဖေကို တိုင်တန်းရင် ဘယ်လို ပြစ်ဒဏ် ပေးရမလဲ။ မြေးက အဘိုးကို တိုင်တန်းရင်ကော ဘယ်လိုပြစ်ဒဏ် ပေးရမလဲ။”

ဘိုးဘိုးကြီး အောက်ထင်မှာ အလွန် ပါးနပ်သူ ဖြစ်၏။ တရားခွင်သို့ ရောက်သည်နှင့် တပြိုင်နက် ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။

ကိုယ်စားလှယ်တော် မင်းကြီး စကားမပြောရသေးမီ စုံစမ်းစစ်ဆေးရေး အမတ်ကြီးက တိုက်ရိုက် ဖြေကြားလိုက်၏။ “သားက အဖေကို တိုင်တန်းရင် အဖေမှာ အပြစ်ရှိတယ် ဆိုရင်တောင် သားကို ကြိမ်ဒဏ် အချက် ငါးဆယ်ရိုက်ပြီး ထိပ်တုံး ခြောက်လ ခတ်ထားရမယ်။ မြေးက အဘိုးကို တိုင်တန်းရင် အဘိုးမှာ အပြစ်ရှိတယ် ဆိုရင်တောင် မြေးကို ကြိမ်ဒဏ် အချက်တစ်ရာ ရိုက်ပြီး ထိပ်တုံး တစ်နှစ် ခတ်ထားရမယ်။”

တောင်ပိုင်းကျိုးအင်ပါယာ၏ ဥပဒေမှာ အမှန်တကယ်ပင် ထိုသို့ ဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာ သာမက တာယင်အင်ပါယာ၊ တာရှအင်ပါယာ တို့တွင်လည်း ထိုသို့ပင် ဖြစ်သည်။

အရိုင်းအစိုင်း နိုင်ငံအဖြစ် သတ်မှတ်ခံထားရသော တာ့လျန်နိုင်ငံတွင်သာ ထိုဥပဒေမျိုး မရှိခြင်း ဖြစ်၏။

အောက်ထင်က ထပ်မေးလိုက်သည်။ “အောက်ရှင်းကို ကျုပ် ညီဆီ မွေးစားဖို့ ပေးခဲ့တာပါ။ သူက ကျုပ်ရဲ့ သားအရင်းဖြစ်ပြီး ဒီအောက်ယွီက ကျုပ်ရဲ့ မြေးအရင်းပါ။ သူက သူ့အဘိုးအရင်းကို တိုင်တန်းတဲ့အတွက် တာ့ကျိုး ဥပဒေအရ သူ့ကို ကြိမ်ဒဏ် အချက်တစ်ရာ ရိုက်ပြီး ထိပ်တုံး တစ်နှစ် ခတ်ထားသင့်တယ် မဟုတ်လား။”

စုံစမ်းစစ်ဆေးရေး အမတ်ကြီးက ခေါင်းညိတ်လိုက်၏။ “ကြိမ်ဒဏ် အချက်တစ်ရာ ရိုက်ပြီး ထိပ်တုံး တစ်နှစ် ခတ်ထားသင့်ပါတယ်။ ကျုပ်တို့ တာ့ကျိုးအင်ပါယာက မိဘကို ရိုသေမှုကို အခြေခံပြီး အုပ်ချုပ်တာပါ။ မြေးက အဘိုးကို တိုင်တန်းရင်ကိုယ်ကျင့်တရား ဘယ်မှာ ရှိတော့မလဲ။”

ထို့နောက် စုံစမ်းစစ်ဆေးရေး အမတ်ကြီးက ကိုယ်စားလှယ်တော် မင်းကြီးဘက် လှည့်ကာ ပြောလိုက်သည်။ “အမတ်ကြီး… အောက်ယွီကို ချက်ချင်း ကြိမ်ဒဏ် အချက်တစ်ရာ ရိုက်ပြီးမှ ဒီအမှုကို ဆက်စစ်သင့်တယ်လို့ ကျုပ် ထင်ပါတယ်။”

ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ဖြင့် ကြိမ်ဒဏ် အချက်တစ်ရာသာ အရိုက်ခံရလျှင် ချက်ချင်း သေသွားနိုင်၏။

ယွင်ကျုံးဟဲ့ ထိုစုံစမ်းစစ်ဆေးရေး အမတ်ကြီးကို တစ်ချက် ကြည့်လိုက်ကာ တွေးလိုက်သည်။ ‘ဒီလူ… တစ်ခုခုမှားနေပြီ။ အောက်ယွီ အပေါ် အလွန်အမင်း ရန်လိုနေပါလား။’

ရန်လိုသည်မှာ သေချာသည်။ လွန်ခဲ့သော ကာလများက နန်းတွင်း၌ နုလန်ဟောက် အောက်ရှင်းကို အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့သူ၊ အောက်ရှင်းကို အသေသတ်လိုသူမှာ ဤစုံစမ်းစစ်ဆေးရေး အမတ်ကြီးပင် ဖြစ်၏။

သူသည် နန်းတွင်းရှိ ဩဇာကြီးမားသူ တစ်ဦး၏ လက်အောက်ငယ်သား ဖြစ်ပြီး အောက်ရှင်းကို သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားနေသူ ဖြစ်ကြောင်း ထင်ရှားလှသည်။

ထို့အပြင် ဤသူသည် အမတ်ကြီး ယွီကျန်းကို စုံစမ်းစစ်ဆေးရေးရုံးမှ နှင်ထုတ်ခဲ့သူလည်း ဖြစ်၏။

ယခင်က ယွီကျန်း သည် စုံစမ်းစစ်ဆေးရေး အမတ်ကြီး ဖြစ်ခဲ့သော်လည်း ဤ ယွီဝမ်ကျူ၏ လုပ်ကြံမှုကြောင့် စုံစမ်းစစ်ဆေးရေးရုံးမှ နှင်ထုတ်ခံရကာ နက္ခတ်တာရာရုံးကဲ့သို့ အရေးမပါသော နေရာသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ယွီကျန်းကို နှင်ထုတ်ပြီးနောက် ယွီဝမ်ကျူက စုံစမ်းစစ်ဆေးရေး အမတ်ကြီး နေရာကို အစားထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။

ယွီကျန်း နှင့် အောက်ယွီ တို့သည် အပြန်အလှန် ဆက်ဆံမှု သိပ်မရှိခဲ့သော်လည်း နိုင်ငံရေး မဟာမိတ်များ ဖြစ်နေကြပြီ ဖြစ်သည်။

ထို့အပြင် ယခင်က ဖြစ်ပွားခဲ့သော စာမေးပွဲ မသမာမှု ပြဿနာတွင် စာမေးပွဲ ကြီးကြပ်ရေးမှူးဖြစ်သူ ယွီကျန်းက ယွင်ကျုံးဟဲ့ကို အများကြီး ကူညီပေးခဲ့၏။

ထို့ကြောင့် မျက်မှောက်ရှိ စုံစမ်းစစ်ဆေးရေး အမတ်ကြီး ယွီဝမ်ကျူ သည် ရန်သူပင် ဖြစ်သည်။

ကိုယ်စားလှယ်တော် မင်းကြီးသည်လည်း အောက်ယွီကို သဘောကျပုံ မပေါ်ပေ။ စုံစမ်းစစ်ဆေးရေး အမတ်ကြီး၏ စကားကို ကြားပြီးနောက် အောက်ယွီကို ကြိမ်ဒဏ်ပေးရန် အမိန့်ပေးတော့မှာ ဖြစ်၏။

သေလုမတတ် ရိုက်နှက်ပြီးမှ အမှုစစ်မည်။ ‘ခင်ဗျားက အပိုအလုပ်တွေ ရှုပ်အောင် လုပ်တာကိုး။ ကျန်းကျိုးမြို့က တာဝန်တွေ အားလုံး ပြီးဆုံးလုနီးပါး ဖြစ်နေပြီကို ခင်ဗျား အောက်ယွီက ပြဿနာ အသစ်တွေ ထပ်ဖန်တီးနေတယ် မဟုတ်လား။’

“လူလာစမ်း…” ကိုယ်စားလှယ်တော် မင်းကြီးက အေးစက်သော အသံဖြင့် အော်လိုက်၏။

ချက်ချင်းပဲ အစောင့်တပ်သား အချို့က တုတ်ကြီးများကိုကိုင်ဆောင်ကာ ရှေ့သို့ ထွက်လာကြပြီး အချို့က အောက်ယွီ၏ ဘောင်းဘီကို ဆွဲချွတ်ရန် ပြင်လိုက်ကြသည်။

ကြိမ်ဒဏ် အချက်တစ်ရာသာ အရိုက်ခံရလျှင် အသက်ရှင်လျက် ကျန်ရစ်ခဲ့လျှင်တောင် သေးမသိ၊ အီးမသိ ဖြစ်သွားနိုင်ပြီး မျိုးဆက်ပွားနိုင်စွမ်းလည်း လုံးဝ ပျက်စီးသွားပေလိမ့်မည်။

ဘိုးဘိုးကြီး အောက်ထင်၏ မျက်လုံးများတွင် ရက်စက်မှုများနှင့် ကျေနပ်မှုများ ပြည့်နှက်နေ၏။ ‘တိရစ္ဆာန်ကောင်လေး… မင်းက ငါ့ကို တိုင်တန်းရဲတယ်ပေါ့။ သေလုမတတ် အရင် အရိုက်ခံလိုက်စမ်း။’

“ခဏနေပါအုံး။”

အောက်ယွီက တားမြစ်ကာ မေးလိုက်သည်။ “ကိုယ်စားလှယ်တော် မင်းကြီးနဲ့ စုံစမ်းစစ်ဆေးရေး အမတ်ကြီးကို မေးပါရစေ။ တာ့ကျိုးဥပဒေအရ မိဘက သားသမီးကို စွန့်ပစ်ရင် ဘယ်လို ပြစ်ဒဏ် ပေးရမလဲ။”

စုံစမ်းစစ်ဆေးရေး အမတ်ကြီးက အေးစက်စွာဖြင့် ပြောလိုက်၏။ “အဲဒီတုန်းက အောက်ထင်က သားဖြစ်သူကို ယခင် နုလန်ဟောက်ဆီ မွေးစားပေးခဲ့တာက ညီဖြစ်သူ မျိုးဆက် မပြတ်စေချင်တဲ့ သံယောဇဉ်ကြောင့်ပါ။ ဘယ်လိုလုပ် စွန့်ပစ်တာလို့ ခေါ်လို့ရမလဲ။ ဒါကြောင့် သူက အောက်ရှင်းရဲ့ အဖေ ဖြစ်တယ်ဆိုတဲ့ အချက်ကို ပြောင်းလဲလို့ မရသလို ခင်ဗျားရဲ့ အဘိုး ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ပြောင်းလဲလို့ မရဘူး။”

ယွင်ကျုံးဟဲ့က ပြုံးလျက် ပြောလိုက်သည်။ “ကျုပ်က အဲဒီအချိန်တုန်းက အကြောင်းကို ပြောနေတာ မဟုတ်ပါဘူး။ မကြာသေးခင်က အောက်ထင်က ကြေညာစာ ထုတ်ပြီး အောက်ရှင်းနဲ့ သားအဖ အဆက်အသွယ် ဖြတ်လိုက်ပြီလို့ ပြောခဲ့တာကို ဆိုလိုတာပါ။

ကျုပ်တို့ သားအဖ နှစ်ယောက်ကို အောက်မျိုးနွယ်စုကနေ မောင်းထုတ်ပြီး လုံးဝ အဆက်အသွယ် ဖြတ်လိုက်ပြီလို့ ကြေညာခဲ့တာလေ။ အဲဒီလိုဆိုရင် သူက ကျုပ်ရဲ့ အဘိုး ဖြစ်သေးရဲ့လား။”

ထိုစကားကို ကြားလိုက်ရချိန်တွင် အားလုံး အံ့အားသင့်သွားကြပြီး အောက်ထင်ကို လှမ်းကြည့်လိုက်ကြ၏။

အောက်ထင်၏ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေ၏။ သူ အမှန်တကယ်ပင် အောက်ရှင်း သားအဖကို မျိုးဆက်စာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာစာ ထုတ်ခဲ့သည်။

ဘိုးဘေးဘုရားကျောင်းဆောင် အတွင်း၌ အောက်ရှင်း သားအဖ၏ အမည်များကို ဖျက်ပစ်ခဲ့ပြီး သူတို့နှင့် လုံးဝ အဆက်အသွယ် ဖြတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်၏။

ထိုနေ့က ကျန်းကျိုးမြို့ရှိ မှူးမတ်များနှင့် အရာရှိ အများအပြား သက်သေအဖြစ် ရှိနေခဲ့ကြသည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဆက်အသွယ် ဖြတ်လိုက်ပြီဆိုတော့ သူက ကျုပ်ရဲ့ အဘိုး မဟုတ်တော့ဘူးလေ။ သူ့ကို ကျုပ် ဘာလို့ မတိုင်တန်းနိုင်ရမှာလဲ။”

အားလုံး စကားမပြောနိုင် ဖြစ်သွားကြသည်။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဒါက ပထမအချက်ပဲ ရှိသေးတယ်။ စုံစမ်းစစ်ဆေးရေး အမတ်ကြီးကို နောက်တစ်ခု ထပ်မေးချင်တယ်။ တာ့ကျိုးဥပဒေအရ ကိုယ့်ဖခင်၊ ဒါမှမဟုတ် အဘိုးက ပုန်ကန်ဖို့ ကြံစည် နေတာကို သိရင် တိုင်တန်းသင့်သလား၊ မတိုင်တန်းသင့်ဘူးလား။ တာ့ကျိုး နိုင်ငံသား တစ်ယောက် အနေနဲ့ ဧကရာဇ်မင်းမြတ်ကို သစ္စာစောင့်သိတာနဲ့ အဘိုးကို ရိုသေတာ… ဘယ်ဟာက ပိုအရေးကြီးသလဲ။”

အားလုံး၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားကြ၏။ ဧကရာဇ်မင်းမြတ်ကို သစ္စာစောင့်သိခြင်းက ဦးစားပေး ဖြစ်ပြီးမှသာ မိဘကို ရိုသေမှုကို စဉ်းစားရမှာ ဖြစ်သည်။

သစ္စာစောင့်သိမှု၊ ရိုသေမှု၊ ကိုယ်ကျင့်တရား၊ သစ္စာတရား… ထိုအရာများ အားလုံး အစဉ်လိုက် ရှိနေသည်။ ထို့ကြောင့်ပင် တိုင်းပြည်အကျိုးအတွက် ဆွေမျိုးများကိုပင် အပြစ်ပေးရမည် ဟူသော စကား ရှိလာခြင်း ဖြစ်၏။

ကောင်းကင်၊ မြေကြီး၊ ဧကရာဇ်၊ မိဘ၊ ဆရာ… တာ့ကျိုးအင်ပါယာ၏ ဥပဒေတွင် ဧကရာဇ်မင်းမြတ်ကို သစ္စာစောင့်သိခြင်းက မိဘကို ရိုသေခြင်းထက် အမြဲတမ်း ပို၍ အရေးကြီးသည်။

.................

All Chapters