← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 27 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 27 Ch. 317-318

အပိုင်း (၃၁၇)

ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာ၏ ဟေးပင်းထိုင်မှ စစ်ဆေးမေးမြန်းမှုများကို ရင်ဆိုင်ရာတွင် ယွင်ကျုံးဟဲ့က သက်သေ အထောက်အထားများ ထုတ်ပြခဲ့၏။

လီဝမ်ဖာက အောက်ရှင်းထံ ရေးသားခဲ့သော စာများဖြစ်ပြီး စုစုပေါင်းစာ ခုနစ်စောင် ဖြစ်သည်။

ထိုလျှို့ဝှက်စာများကို အလွန် သိုသိပ်စွာ ရေးသားထားပြီး အများစုမှာ သူ၏ မကျေနပ်ချက်များကို ဖော်ပြထားခြင်း ဖြစ်သည်။ ကျင်းကျိုးမြို့ရှိ အရာရှိများက သူ့ကို ဖိနှိပ်နေကြောင်း ဖော်ပြထား၏။

သူ့ကို ကျင်းကျိုးမြို့မှ ပြောင်းရွှေ့ပေးရန် နုလန်ဟောက် အောက်ရှင်းကို တောင်းဆိုထားပြီး သူသည် အလွန် ပင်ပန်းဆင်းရဲစွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယခုအချိန်အထိ အဆင့်လေး စစ်သူကြီးသာ ဖြစ်နေသေးကြောင်း ညည်းတွားထားသည်။

ထို့နောက်ပိုင်း စာများတွင် သူသည် အောက်ရှင်း အပေါ် မကျေနပ်မှုများကို ဖော်ပြလာ၏။ အောက်ရှင်းက သူ၏ ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှုကိုသာ ဂရုစိုက်ပြီး လက်အောက်ငယ်သားများ၏ အခက်အခဲများကို လျစ်လျူရှုထားကြောင်း ပြောဆိုထား၏။

နောက်ဆုံး စာနှစ်စောင်မှာမူ ပို၍ ထူးဆန်းနေ၏။ လီဝမ်ဖာ၏ စာထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ၊ ဖော်ပြ၍ မရနိုင်သော ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသည်။

အလွန် သိုသိပ်စွာ ဖုံးကွယ်ထားသော်လည်း သူ၏ စိတ်ကူးများ လွင့်မျောနေကြောင်း သိသာထင်ရှားလှ၏။။

နုလန်ဟောက် အောက်ရှင်း ပြုတ်ကျသွားပြီး နောက်ပိုင်းတွင် လီဝမ်ဖာထံမှ စာများ ထပ်မံ ရောက်မလာတော့ချေ။

တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်မှ အကျွမ်းကျင်ဆုံးသော ပညာရှင်များ၏ စစ်ဆေးချက်အရ ထိုစာများကို လီဝမ်ဖာ ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အပြင်ပန်းတွင် ကြည့်လျှင် ထိုစာများမှာ သာမန်ပင် ဖြစ်သော်လည်း အင်ပါယာ ဟေးပင်းထိုင်မှ လူများသည် လူတို့၏ စိတ်ကို ခန့်မှန်းရာတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြ၏။

နောက်ဆုံး စာနှစ်စောင်ကို ကြည့်ခြင်းအားဖြင့် ထိုအချိန်တွင် လီဝမ်ဖာ၌ ငွေကြေးများ ရှိနေပြီဖြစ်ကာ တစ်စုံတစ်ဦးက သူ့ကို ပိုမို မြင့်မားသော အနာဂတ် ရာထူးများ ပေးမည်ဟု ကတိပေးထားကြောင်း သိနိုင်သည်။

ထို့ကြောင့် ဤနောက်ဆုံး စာနှစ်စောင်တွင် လီဝမ်ဖာက အစွမ်းကုန် ဖုံးကွယ်ရန် ကြိုးစားထားသော်လည်း သူ၌ စိတ်ကူးများနေကြောင်း ပေါ်လွင်နေဆဲ ဖြစ်၏။

နေ့ရက်ပေါင်းများစွာ အသေးစိတ် စစ်ဆေးခဲ့ပြီးနောက် အင်ပါယာ ဟေးပင်းထိုင်က အောက်ယွီအပေါ် ရှိနေသည့် သံသယကို ရှင်းလင်းပေးလိုက်ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုစာများမှတစ်ဆင့် လီဝမ်ဖာကို တာယင်အင်ပါယာ၏ ဟေးလုံထိုင်က စည်းရုံး သိမ်းသွင်းသွားနိုင်သည်ဟု ကောက်ချက်ချခြင်းမှာ အလွန် ယုတ္တိတန်သောကြောင့်ပင်။

ယွင်ကျုံးဟဲ့ကို စစ်ဆေးမေးမြန်းသူမှာ နန်ကုန်းကျို ဖြစ်၏။

“ခင်ဗျားရဲ့ အမြင်က ဒီလောက်တောင် စူးရှမယ်လို့ ထင်မထားခဲ့ဘူး။ လီဝမ်ဖာက ခင်ဗျားရဲ့ ဖခင်ဆီ ပေးပို့ခဲ့တဲ့ ဒီစာတွေကို သာမန်လူတွေက ဘာမှ ထူးခြားတာကို မမြင်နိုင်ဘူး။ ခင်ဗျား တစ်ယောက်တည်း ကသာ သူ့ရဲ့ စာတွေထဲကနေ သူ့ရဲ့ စိတ်ထဲက အပြောင်းအလဲတွေကို ဖမ်းဆုပ်နိုင်ခဲ့ပြီး တစ်ယောက်ယောက်က သူ့ကို စည်းရုံး သိမ်းသွင်းသွားနိုင်တယ်လို့ ကောက်ချက်ချနိုင်ခဲ့တာပဲ။”

နန်ကုန်းကျိုက ပြောလိုက်၏။ “ခင်ဗျားရဲ့ အရည်အချင်းက တကယ်ကို သာမန် မဟုတ်ဘူးပဲ။”

ယွင်ကျုံးဟဲ့က ပြုံးလျက် မေးလိုက်သည်။ “ဒါပေါ့။ သခင်လေးကျို… ကျုပ်ရဲ့ အရှေ့ဆောင်မှတ်တမ်းကို ဖတ်ပြီးပြီလား။”

နန်ကုန်းကျိုက ဖြေလိုက်၏။ “ဒါပေါ့ ဖတ်ပြီးပြီ။ ဟေးပင်းထိုင် တစ်ဖွဲ့လုံး ဖတ်ပြီးပြီ။”

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားကာ မေးလိုက်သည်။ “ဘာလို့လဲ။”

နန်ကုန်းကျိုက ရှင်းပြလိုက်၏။ “ပထမအချက်… ဧကရာဇ်မင်းမြတ်က ခင်ဗျားရဲ့ စာအုပ်ကို အရမ်း သဘောကျပြီး အမြဲတမ်း ချီးမွမ်းနေလို့ပဲ။ ဒါကြောင့် နန်းတွင်းက အရာရှိတွေ အားလုံးက ခင်ဗျားရဲ့ စာအုပ်ကို ဝယ်ပြီး အိမ်မှာ ဖတ်ကြတယ်။ ကျုပ်တို့ ဟေးပင်းထိုင်ကလည်း ခြွင်းချက် မဟုတ်ဘူးလေ။”

‘ဒါကြောင့် မြို့တော်မှာ အရှေ့ဆောင်မှတ်တမ်း စာအုပ်တွေ ပြတ်လပ်သွားပြီး ကျန်းကျိုးမြို့ထက်တောင် နှစ်ဆ၊ သုံးဆလောက် ရောင်းအား ကောင်းနေတာကိုး။’

နန်ကုန်းကျိုက ဆက်ပြောသည်။ “အဘိုး (ဟေးပင်းထိုင် ခေါင်းဆောင်)က ခင်ဗျားရဲ့ အရှေ့ဆောင် မှတ်တမ်းကို ဖတ်ပြီးတာနဲ့ ဒီစာအုပ်ကို ဟေးပင်းထိုင်ရဲ့ သင်တန်း လက်စွဲစာအုပ်အဖြစ် သတ်မှတ်လိုက်တယ်။”

‘ဒါ… ဒါက နည်းနည်းတော့ လွန်သွားပြီ မဟုတ်လား။’

နန်ကုန်းကျိုက ပြုံးကာ ရှင်းပြလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားရဲ့ စာအုပ် အစပိုင်းက သာမန် ဇာတ်လမ်းလို့ ထင်ရပေမဲ့ အဲဒီထဲမှာ နတ်ဆိုးလို အသေးစိတ် အချက်အလက်တွေ အများကြီး ဖုံးကွယ်ထားလို့ပဲ။

ဟေးပင်းထိုင်ကို အသစ် ဝင်လာတဲ့ သူတွေက တစ်ခေါက် ဖတ်ပြီးတာနဲ့ အဲဒီ နတ်ဆိုးလို အသေးစိတ် အချက်အလက်တွေကို ရှာဖွေရတယ်။ ကိုးဆယ်ရာခိုင်နှုန်းလောက် ရှာတွေ့ရင် အထူးချွန်ဆုံးလို့ သတ်မှတ်ပြီး ခုနစ်ဆယ် ရာခိုင်နှုန်းအောက် ရရင်တော့ အရည်အချင်း မမီဘူးလို့ သတ်မှတ်တယ်။”

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားသည်။ ‘ဒီလိုကစားနည်းမျိုးတောင် ရှိသေးတာလား။’

သူ ဤစာအုပ်ကို ရေးခဲ့ခြင်းမှာ တွမ်ယင်းယင်းကို အရှက်ခွဲရန် သက်သက်သာ ဖြစ်၏။

“ခင်ဗျားကို စစ်ဆေးမှုကတော့ ပြီးသွားပြီ။”

နန်ကုန်းကျိုက ပြောလိုက်သည်။ “ကျုပ် အမြန်ဆုံး အချိန်အတွင်း ရလဒ်တွေကို မြို့တော်ကို ပို့ပေးမယ်။ ဘာမှ အလွဲအချော် မရှိဘူးဆိုရင် ရက်အနည်းငယ်အတွင်း ခင်ဗျားတို့ မိသားစု အဆင်ပြေသွားမှာပါ။”

ဤသည်မှာ ဟေးပင်းထိုင်က နုလန်ဟောက် အိမ်တော်ကို မိတ်ဆွေဖွဲ့လိုက်ခြင်းပင် ဖြစ်၏။

နန်ကုန်းကျိုက ဤစကား ပြောလိုက်ခြင်းမှာ အန္တရာယ် တော်တော်များ၏။ အဘယ်ကြောင့်ဆိုသော် ရလဒ်ကို အောက်ယွီအား ကြိုတင် ပြောပြလိုက်ခြင်းနှင့် အတူတူ ဖြစ်သောကြောင့်ပင်။

ဤကာလအတွင်း နုလန်ဟောက် အိမ်တော်ကို ဆက်လက် ချိတ်ပိတ်ထားပြီး အောက်ယွီကို ထောင်ထဲတွင် ထားရှိကာ မိခင်ဖြစ်သူတို့ကို အစိုးရ တည်းခိုဆောင်တွင် စောင့်ကြည့်နေခြင်းမှာ ကျင်းကျိုးမြို့ ပုန်ကန်မှုတွင် အောက်ယွီ နှင့် အောက်ရှင်းတို့၏ သံသယကို မရှင်းလင်းရသေးသောကြောင့် ဖြစ်သည်။

ယခု သံသယများ ရှင်းလင်းသွားပြီ ဖြစ်သောကြောင့် နုလန်ဟောက် အိမ်တော်ကို မကြာမီ ပြန်လည် ဖွင့်လှစ်ပေးတော့မည်ဖြစ်ကာ မိခင်ဖြစ်သူ၊ အောက်ယွီနှင့် အောက်နင်နင် တို့ အားလုံး အိမ်ပြန်နိုင်ကြတော့မှာ ဖြစ်၏။

“အောက်ယွီ… ခင်ဗျားလည်း ကျုပ်တို့ ဟေးပင်းထိုင်ကို ဝင်ပါလား။ ကျုပ် ခင်ဗျားကို မိတ်ဆက်ပေးမယ်။”

နန်ကုန်းကျိုက ရုတ်တရက် ပြောလိုက်၏။ “ကျုပ်တို့ ဟေးပင်းထိုင်ထဲမှာလည်း ခင်ဗျားလို့ လူတစ်ယောက် ရှိသေးတယ်။ ဒါပေမဲ့ နှမြောစရာပဲ…”

ဘာကို နှမြောသနည်း။ နန်ကုန်းကျို ဆက်မပြောတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဟေးပင်းထိုင်မှ ထိုလူငယ်သည် ယန်ဖြန်ရှန်နှင့် ပတ်သက်ဆက်နွှယ်မှုကြောင့် ယခုအချိန်အထိ ထောင်ထဲတွင် ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

အောက်ယွီက ခေါင်းခါလျက် ငြင်းပယ်လိုက်သည်။ “မလုပ်ပါဘူး။ ခင်ဗျားတို့ဆီက နေ့ရက်တွေက အရမ်း ကျပ်တည်းလွန်းတယ်။ ကျုပ် မခံနိုင်ဘူး။ ကျုပ်က လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင် နေရတာကိုပဲ သဘောကျတယ်။”

နန်ကုန်းကျိုက လက်ထဲရှိ အထောက်အထားများကို စုစည်းကာ ထွက်သွားရန် ပြင်လိုက်၏။

“သွားတော့မယ်။ ကျုပ် အခုပဲ ခင်ဗျားအတွက် အထောက်အထားတွေကို မြို့တော်ကို ပို့လိုက်မယ်။” နန်ကုန်းကျိုက ပြောလိုက်သည်။

သို့ပေမည့် သူ ထောင်တံခါးဝသို့ ရောက်သည်နှင့် တပြိုင်နက် ကောင်းကင်ကြီးက ထူးဆန်းနေသည်ကို သူ သတိထားမိလိုက်သည်။ နံနက်ခင်း ဖြစ်သော်လည်း ညဘက် ရောက်နေသကဲ့သို့ မည်းမှောင်နေ၏။

ထို့အပြင် လေပြင်းများ တိုက်ခတ်နေပြီး ဖုန်မှုန့်များက မြို့တစ်ခုလုံးကို ဖုံးလွှမ်းနေ၏။ ထိုမျှမက နေရောင်ခြည်က မည်းမှောင်သော တိမ်တိုက်များပေါ်သို့ ထိုးကျနေပြီး ထူးဆန်းသော သွေးရောင်ကို ဖြစ်ပေါ်စေသည်။

ဤကောင်းကင်အခြေအနေက ကြီးမားသော ပြဿနာကြီး တစ်ခု ဖြစ်ပေါ်တော့မည်ကို ပြသနေခြင်း ဖြစ်၏။

ထို့နောက် မြေကြီးမှာလည်း အဆက်မပြတ် တုန်ခါလာ၏။ ရင်းနှီးနေသော မြင်းနက်တပ်သားများ ပြေးဝင်လာကြပြီး မျက်စိတစ်မှိတ်အတွင်း ထောင်တစ်ခုလုံးကို လုံခြုံစွာ ဝိုင်းရံထားလိုက်ကြသည်။

ထို့နောက် နဂါးပုံစံ အင်္ကျီကို ဝတ်ဆင်ထားသော အရာရှိ တစ်ဦး ထွက်ပေါ်လာပြီး လက်ထဲတွင် အမိန့်တော် စာချွန်လွှာ တစ်စောင်ကိုကိုင်ဆောင်ထား၏။

‘နဂါးပုံစံ အင်္ကျီကို ဝတ်ဆင်ထားတဲ့ ကိုယ်စားလှယ်တော် မင်းကြီးလား။’

ယေဘုယျအားဖြင့် စေလွှတ်လိုက်သောကိုယ်စားလှယ်တော် မင်းကြီး၏ ရာထူး အဆင့်အတန်း မြင့်မားလေလေ၊ ပြဿနာ ပိုမို ကြီးမားလေလေ ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်။

ယခင် ကျန်းကျိုးမြို့ အကျပ်အတည်းက ကြီးမားသည် မဟုတ်ပါလား။ တရားရေး ဝန်ကြီးကို စေလွှတ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ ဆူမီယွမ် ဒု-အကြီးအကဲကို စေလွှတ်လိုက်ရုံသာမက သူသည် တော်ဝင် မိသားစုဝင် တစ်ဦးဖြစ်ပြီး ဧကရာဇ်မင်းမြတ်၏ ဝမ်းကွဲအစ်ကိုလည်း ဖြစ်သည်။

‘ဒါ… ဒါ ဘာတွေ ဖြစ်နေတာလဲ။’

နန်ကုန်းကျို ရင်ထဲတွင် ထိတ်လန့်သွားပြီး မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်ကာ မလှုပ်မယှက် နေလိုက်၏။

ကိုယ်စားလှယ်တော် မင်းကြီးက သူ၏ ဘေးမှ ဖြတ်သွားကာ ထောင်ထဲသို့ ဝင်ရောက်သွား၏။ ဟေးပင်းထိုင် တပ်သား ထောင်ပေါင်းများစွာက အပြင်ဘက်တွင် လုံခြုံရေး ယူထားလိုက်ကြသည်။

နန်ကုန်းတာ သည် နန်ကုန်းကျို၏ အနားမှ ဖြတ်သွားစဉ် လျင်မြန်စွာ မျက်ရိပ်ပြလိုက်သော်လည်း စကားပြောရန် အချိန်မရခဲ့ချေ။

ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန်က ထောင်ထဲသို့ ဝင်ရောက်သွားပြီးနောက် အမိန့်တော် စာချွန်လွှာကို ဖွင့်ကာ ဖတ်လိုက်၏။

“ကောင်းကင်ဘုံ၏ အလိုကျ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်… နုလန်ဟောက် အောက်ရှင်း သည် ပုန်ကန်မှုဖြင့် သံသယ ရှိသောကြောင့် ရာထူးအဆောင်အယောင် အားလုံးကို ရုပ်သိမ်းလိုက်သည်။ သူ၏ သားဖြစ်သူ အောက်ယွီ၏ အောင်လက်မှတ် အားလုံးကို ရုပ်သိမ်းလိုက်ပြီး ယခင် နုလန်ဟောက် အိမ်တော်ရှိ လူအားလုံးကို မြို့တော်သို့ ဖမ်းဆီး ခေါ်ဆောင်လာခဲ့ရန် အမိန့်ပေးလိုက်သည်။”

ထိုစကားကို ကြားလိုက်ရချိန်တွင် ယွင်ကျုံးဟဲ့၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ် ဖြစ်သွား၏။

‘ကျုပ်အဖေ အောက်ရှင်း ပုန်ကန်တယ်ပေါ့။ ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တစ်လောလုံးက ပုန်ကန်ရင်တောင် အောက်ရှင်း ပုန်ကန်မှာ မဟုတ်ဘူးလေ။ ဒီလောကမှာ အောက်ရှင်း ထက်ပိုပြီး သစ္စာရှိတဲ့လူ ဘယ်နှစ်ယောက် ရှိနိုင်အုံးမှာလဲ။ လုံးဝ ရှာလို့ မရတော့ဘူး မဟုတ်လား။ ဘာတွေ ဖြစ်ခဲ့တာလဲ။’

ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် မေးလိုက်သည်။ “ကိုယ်စားလှယ်တော် မင်းကြီး… ဘာတွေ ဖြစ်ခဲ့တာလဲ။”

“ပါးစပ်ပိတ်ထား…”

ကိုယ်စားလှယ်တော် မင်းကြီးက အမိန့်ပေးလိုက်သည်နှင့် အစောင့် တစ်ဦး ရှေ့ထွက်လာပြီး ယွင်ကျုံးဟဲ့၏ ပါးစပ်ကို ပိတ်ဆို့ကာ စကားပြောခွင့် မပေးတော့ချေ။

ထို့နောက် လက်ထိတ်ခတ်ကာ မျက်နှာကို ဖုံးအုပ်လိုက်ပြီး လူအချို့က သူ့ကိုမကာ အကျဉ်းသားလှည်းထဲသို့ ထည့်လိုက်ကြလေသည်။

သူ တစ်ယောက်တည်းသာမက အစိုးရ တည်းခိုဆောင်တွင် စောင့်ကြည့်ခံနေရသော မိခင်ဖြစ်သူ လျိုကတော်၊ ညီမဖြစ်သူ အောက်နင်နင် နှင့် နုလန်ဟောက် အိမ်တော်မှ လူအားလုံးကို မျက်နှာ ဖုံးအုပ်ကာ အကျဉ်းသား လှည်းများထဲသို့ ထည့်လိုက်ကြ၏။

လုပ်ငန်းစဉ် တစ်ခုလုံးက အလွန် တိုတောင်းလှသည်။ ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန် သည် ကျန်းကျိုးမြို့သို့ ဝင်ရောက်လာသည်မှ ထွက်ခွာသွားသည်အထိ အချိန် နာရီဝက်သာ ကြာမြင့်ခဲ့သည်။

ဟေးပင်းထိုင်တပ်သား ထောင်ပေါင်းများစွာက အကျဉ်းသားလှည်း ရာပေါင်းများစွာကို ခြံရံကာ မြို့တော်ဆီသို့ ခန့်ညားထည်ဝါစွာ ချီတက်သွားကြလေ၏။

ကျန်းကျိုးမြို့ရှိ ပြည်သူများ အားလုံး ထပ်မံ အံ့အားသင့်သွားကြပြန်သည်။

‘ဒါ… ဒါ ဘာတွေ ဖြစ်ခဲ့တာလဲ။ ဒီအခြေအနေကြီးက အရမ်း မြန်ဆန်လွန်းတယ်။ လူတွေ အလိုက်သင့် မနေနိုင်အောင်ကို ဖြစ်နေတာပဲ။’

ဝေမြို့စားကြီး ကြိမ်ဒဏ် အရိုက်ခံရပြီးနောက် အားလုံးက ကျန်းကျိုးမြို့ အကျပ်အတည်း ပြီးဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြ၏။ အောက်ထင် ထောင်ထဲ ရောက်သွားမည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။

အားလုံးက ဤသည်မှာ အောက်ရှင်းနှင့် အောက်ယွီတို့၏ တန်ပြန် တိုက်ခိုက်မှုဟု ထင်မှတ်ခဲ့ကြပြီး နောက်ပိုင်းတွင် နုလန်ဟောက် အိမ်တော်ကို ပြန်လည် ဖွင့်လှစ်ပေးတော့မည်ဟု ယူဆခဲ့ကြသည်။

သို့ပေမည့် အခြေအနေက ရုတ်တရက် ပြောင်းလဲသွားပြီး အောက်ယွီ မိသားစု တစ်ခုလုံး မြို့တော်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခံရမည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။

ထိုမျှမက ဤအခြေအနေက အန္တရာယ် အများဆုံး ရာဇဝတ်ကောင်များကို ဆက်ဆံသည့် အခြေအနေမျိုး ဖြစ်နေသည်။

ဘာတွေ ဖြစ်ခဲ့သနည်း ဆိုသည်ကို မည်သူမှ မသိကြချေ။

ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန်က တရားရေးဝန်ကြီးကို ပြောပြခဲ့ပြီး နောက်ထပ် အမိန့်တော် တစ်စောင်ကိုလည်း ယူဆောင်လာခဲ့သည်။

“တရားရေး ဝန်ကြီးက ချန်လန်ပြည်နယ် ပြည်နယ်ဝန်ကြီးရာထူးကို ယာယီ တာဝန်ယူရမယ်။ ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က အပြစ်တွေကို ပြင်ဆင်ဖို့ ကျန်းကျိုးမြို့ဝန် ရာထူးကို ယာယီ တာဝန်ယူရမယ်။”

ထိုမျှမက ယခင်က ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော အရာရှိ တစ်ရာကျော် အနက် ထက်ဝက်ခန့်မှာ အပြစ်များကို ပြင်ဆင်ရန် ၎င်းတို့၏ မူလ တာဝန်များကို ပြန်လည် ထမ်းဆောင်ကြရမှာဖြစ်၏။

“ခင်ဗျားတို့ ချန်လန်ပြည်နယ်လည်း အပြည့်အဝ စစ်ရေးပြင်ဆင်မှု လုပ်ထားရမယ်။ တောင်ဘက်ကို ချီတက်ဖို့ အချိန်မရွေး အဆင်သင့် ဖြစ်နေရမယ်။ အခုကစပြီး ရိက္ခာတွေ စုဆောင်းထား။ ရှေ့တန်း စစ်မျက်နှာက ရိက္ခာတွေ အချိန်မရွေး လိုအပ်လာနိုင်တယ်။”

ထို့နောက်တွင် တောင်ပိုင်းကျိုးအင်ပါယာ၏ ပြည်နယ် အသီးသီးမှ စစ်တပ်များ စုရုံးနေကြသည်ကို လူအများအပြား ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

တောင်ဘက်သို့ ချီတက်မည့် စစ်တပ်များ အဆက်မပြတ် ရောက်ရှိလာနေ၏။

‘စစ်ပွဲ ထပ်ဖြစ်တော့မလို့လား။ မဖြစ်နိုင်ပါဘူး။ မနှစ်က တာယင်အင်ပါယာနဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ စစ်သည် သိန်းချီ ဆုံးရှုံးခဲ့ပြီး စစ်စရိတ်ငွေ သန်းဆယ်ချီ ကုန်ကျခဲ့တာလေ။’

တောင်ပိုင်းကျိုးအင်ပါယာသည် နိုင်ငံရေးဩဇာ အင်အားတောင့်တင်းလှသည်ဟု ဆိုနိုင်သော်ငြားလည်း နှစ်နှစ်တာကာလအတွင်း ကြီးမားသောစစ်ပွဲနှစ်ရပ်ကို ဆင်နွှဲရန်မှာမူ များစွာခက်ခဲလို့နေသည်။

“အရေးကြီးတာက စစ်တပ်တွေက တောင်ဘက်ကို ချီတက်နေတာပဲ။ ဘယ်နေရာမှာ ပြဿနာ ဖြစ်နေလို့လဲ။”

ရက်အနည်းငယ် အကြာမှသာ သတင်းများ ရှင်းလင်းလာ၏။

“နန်ကျိုးမြို့မှာ စစ်ပုန်ကန်မှု ဖြစ်နေပြီ။”

......................

အပိုင်း (၃၁၈)

နန်ကျိုးမြို့ ဆိုသည်မှာ တာ့ကျိုးအင်ပါယာ၏ အဓိကမြို့ကြီး လေးမြို့အနက် တစ်မြို့ ဖြစ်သည်။ တာနန် ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ယခင်က တောင်ပိုင်း စစ်သေနာပတိ ရုံးစိုက်ရာဖြစ်ကာ ယခုအခါ တောင်ပိုင်း အစောင့်တပ် ရုံးစိုက်ရာလည်း ဖြစ်သည်။

တာနန် ပြည်နယ် တပ်မှူး၊ တာ့ကျိုးအင်ပါယာ၏ သစ္စာရှိပြီး ရဲရင့်သော (ကျုံးယုံ ပိုင်ဟူ) အဆင့်တစ် စစ်သူကြီး လီဝမ်ဟွာ ပုန်ကန်နေပြီ ဖြစ်၏။

သူသည် စစ်တပ်ကို ဦးဆောင်ကာ နန်ကျိုးမြို့ကို သိမ်းပိုက်လိုက်ပြီး တာနန် ပြည်နယ် ပြည်နယ်ဝန်ကြီးကို ဖမ်းဆီးကာ တောင်ပိုင်း အစောင့်တပ် တပ်မှူး ကျိုးလုံကိုလည်း ဖမ်းဆီးထားလိုက်သည်။

နန်ကျိုးမြို့ကို သိမ်းပိုက်ပြီးနောက် သူက နန်းတွင်းကို လူသိရှင်ကြား စိန်ခေါ်လိုက်သည်။ နုလန်ဟောက် အောက်ရှင်းကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုပြီး မလွှတ်ပေးပါက နောက်ဆက်တွဲ ဆိုးကျိုးများကို တာဝန်ယူရမည်ဟု ခြိမ်းခြောက်လိုက်ခြင်းပင်။

ထိုမျှမက မြို့တော် အတွင်း၌လည်း သိုင်းပညာရှင် အများအပြားက တော်ဝင် တရားရုံးကို ဝင်ရောက် တိုက်ခိုက်ကာ အောက်ရှင်းကို ကယ်တင်ရန် ကြိုးစားခဲ့ကြပြီး မြို့တော် အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားကာ လူအများအပြား သေဆုံးခဲ့ကြသည်။

ယခင်က ဧကရာဇ်မင်းမြတ် အစိုးရိမ်ဆုံး နေရာမှာ နန်ကျိုးမြို့ ဖြစ်၏။

ထိုနေရာသည် ယခင်က တောင်ပိုင်း လူရိုင်းများ နေထိုင်ရာ ဒေသဖြစ်ပြီး တာယင်အင်ပါယာနှင့် စစ်မဖြစ်မီက ဧကရာဇ်မင်းမြတ်သည် စစ်သူကြီး အများအပြားကို တောင်ပိုင်းသို့ စေလွှတ်ကာ စစ်တပ် အားလုံးကို ထိန်းချုပ်ထားခဲ့သည်။

တာယင်အင်ပါယာနှင့် စစ်ပွဲ ပြီးဆုံးပြီးနောက် နန်ကျိုးမြို့မှ စစ်တပ်များ ရှုံးနိမ့်သွားခဲ့သည်။ ထို့နောက် ဧကရာဇ်မင်းမြတ်က အမိန့်ထုတ်ပြန်ကာ တောင်ပိုင်းရှိ ဒေသခံ စစ်တပ် အားလုံးကို လက်နက်ချခိုင်းလိုက်၏။

တောင်ပိုင်းဒေသ တစ်ခုလုံးမှာ စတုရန်းကီလိုမီတာ တစ်သန်း သုံးသိန်း ငါးသောင်း ကျယ်ဝန်းပြီး ပြည်နယ် ငါးခု ပါဝင်သည်။

အောက်ရှင်းက တောင်ပိုင်း အစောင့်တပ် တပ်မှူးအဖြစ် တာဝန်ယူစဉ်က သူ၏ လက်အောက်တွင် စစ်သည်အင်အား မလုံလောက်သောကြောင့် အဆက်မပြတ် ဖြစ်ပေါ်နေသော ဆူပူအုံကြွမှုများကို မနှိမ်နင်းနိုင်ခဲ့ချေ။

ထို့ကြောင့် ဒေသခံ ကာကွယ်ရေးတပ်များကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုကာကွယ်ရေးတပ်များ အားလုံးကို ဒေသခံ လူရိုင်းများဖြင့် ဖွဲ့စည်းထားပြီး တောင်ပိုင်းကျိုး အင်ပါယာအပေါ် သစ္စာအရှိဆုံးသော လူရိုင်းများသာ ကာကွယ်ရေးတပ်သို့ ဝင်ရောက်နိုင်၏။

ထို့အပြင် ကာကွယ်ရေးတပ်သို့ ဝင်ရောက်ပြီးနောက် တောင်ပိုင်းကျိုး နိုင်ငံသားများ၏ အခွင့်အရေးများကို ခံစားရရှိနိုင်ပြီး မြေယာခွဲဝေရရှိခြင်း၊ အခွန်လျှော့ပေါ့ခွင့် ရရှိခြင်းနှင့် စာမေးပွဲ ဖြေဆိုရာတွင် အခွင့်အရေးများ ရရှိခြင်း စသည်တို့ကို ခံစားရရှိနိုင်သည်။

ထိုမူဝါဒ ထွက်ပေါ်လာပြီးနောက် တောင်ပိုင်း တစ်ခုလုံး၏ အခြေအနေမှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့၏။

ထိုကာကွယ်ရေး တပ်သားများက မိမိတို့၏ မျိုးရိုးအမည်များကို ပြောင်းလဲကာ တာ့ကျိုး နိုင်ငံသားများ ဖြစ်လာရန် အပြိုင်အဆိုင် ကြိုးစားခဲ့ကြသည်။

ယခင်က တောင်ပိုင်းရှိ ဆူပူအုံကြွမှုများကို စစ်တပ်ကြီး စေလွှတ်ကာ နှိမ်နင်းနိုင်သော်လည်း အလွန် ပင်ပန်းဆင်းရဲရပြီး အကျိုးအမြတ် နည်းပါးလှသည်။

ဒေသခံ လူရိုင်းများဖြင့် ကာကွယ်ရေးတပ် ဖွဲ့စည်းလိုက်ပြီးနောက်ပိုင်း ထိုဆူပူအုံကြွမှုများ မပြန့်ပွားမီမှာပင် တိုက်ရိုက် နှိမ်နင်းနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အားလုံးက လူရိုင်းများ ဖြစ်ကြပြီး သတင်း ရရှိနှုန်းမှာ အလွန် မြန်ဆန်သောကြောင့် ဖြစ်၏။

ထို့အပြင် ထိုကာကွယ်ရေး တပ်သားများက ဆူပူအုံကြွသူများကို နှိမ်နင်းရာတွင် အလွန် ရက်စက်ကြပြီး တာ့ကျိုး၏ ပုံမှန် စစ်သည်များထက် ပိုမို ရက်စက်ကြကာ အားလုံးကို သတ်ဖြတ်ပစ်လေ့ရှိ၏။

လူရိုင်းများကို လူရိုင်းများဖြင့် အုပ်ချုပ်ခြင်းက အလွန် ထိရောက်လှသည်။

ထို့အပြင် ထိုလူရိုင်းများက တာ့ကျိုး နိုင်ငံသားအဖြစ် ပြောင်းလဲလိုစိတ် အလွန် ပြင်းထန်ကြပြီး နှစ်အနည်းငယ်အတွင်း သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ လူရိုင်း အမှတ်အသားများကို ဖျောက်ဖျက်ကာ အဆင့်မြင့် တာ့ကျိုး နိုင်ငံသားများ ဖြစ်လာရန် အလွန် လိုလားနေကြသည်။

အရာအားလုံးက ကောင်းမွန်သော လမ်းကြောင်းသို့ ဦးတည်နေပြီး အောက်ရှင်း တောင်ပိုင်း အစောင့်တပ် တပ်မှူး ရာထူးမှ ပြောင်းရွှေ့ခံရပြီးနောက်ပိုင်းတွင်လည်း ထိုမူဝါဒက ဆက်လက် တည်ရှိနေခဲ့၏။

သို့ပေမည့် မကြာသေးမီက ထိုမူဝါဒ ပြောင်းလဲသွားခဲ့သည်။

ဧကရာဇ်မင်းမြတ်က ထိုကာကွယ်ရေး တပ်သားများ ပုန်ကန်မည်ကို စိုးရိမ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မျိုးနွယ်စု ကွဲပြားသူများ ဖြစ်သောကြောင့် ဖြစ်၏။

ထို့ကြောင့် ထိုကာကွယ်ရေး တပ်သားများ အားလုံးကို လက်နက်ချခိုင်းပြီး အားလုံးကို စောင့်ကြည့် နေထိုင်စေကာ အချင်းချင်း ဆက်သွယ်ခွင့် မပေးတော့ချေ။

ထို့အပြင် တောင်ပိုင်းရှိ အင်ပါယာ ပုံမှန် စစ်တပ် အားလုံးကိုလည်း အပြည့်အဝ စစ်ရေးပြင်ဆင်မှု လုပ်ထားရန် အမိန့်ပေးခဲ့သည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းက ထိုကာကွယ်ရေး တပ်သားများ၏ ရင်ကို နာကျင်သွားစေခဲ့၏။

‘ကျုပ်တို့က တောင်ပိုင်းကျိုးကို ဒီလောက် သစ္စာရှိတာတောင်၊ကိုယ့်လူတွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတောင်၊ မျိုးရိုးအမည်တွေကိုတောင် ပြောင်းပြီး ဘိုးဘေးတွေကို အသစ် ကိုးကွယ် ခဲ့တာတောင်၊ တောင်ပိုင်း လူရိုင်း အားလုံးက ကျုပ်တို့ကို လူရိုင်း သစ္စာဖောက်တွေလို့ သတ်မှတ်နေကြတယ်။

ဒါကို အခုတော့ ခင်ဗျားတို့ တောင်ပိုင်းကျိုးက ကျုပ်တို့ကို ကိုယ့်လူလို သဘောမထားတော့ဘူးလား။ လက်နက်တွေ အားလုံးကို သိမ်းရုံတင် မကဘူး၊ ပုန်ကန်သူတွေလိုတောင် သံသယ ဝင်နေကြတယ်ပေါ့။’

နုလန်ဟောက် အောက်ရှင်း အကျဉ်းချ ခံလိုက်ရပြီးနောက်ပိုင်း ထိုလူရိုင်း ကာကွယ်ရေး တပ်သားများ ပို၍ပင် ထိတ်လန့်သွားကြသည်။

ထိုအချိန်တွင် တောင်ပိုင်း၌ ကောလာဟလ အများအပြား ပြန့်နှံ့နေသည်။ နုလန်ဟောက် အောက်ရှင်း သေသွားပြီ ဖြစ်သောကြောင့် နန်းတွင်းက တောင်ပိုင်းအပေါ် ထားရှိသည့် မူဝါဒများ ပြောင်းလဲတော့မည် ဖြစ်ကြောင်း ကောလာဟလများ ပြန့်နှံ့နေ၏။

နုလန်ဟောက် အောက်ရှင်းသည် လူအများနှင့် မဆက်ဆံတတ်ဘဲ အုပ်စုဖွဲ့ရန် မကြိုးစားသောကြောင့် နန်းတွင်း၌ အာဏာ မရှိသော်လည်း တောင်ပိုင်းတွင် သူ၏ ဩဇာအာဏာမှာ အလွန် ကြီးမားသည်။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်း လူရိုင်း နိုင်ငံငယ် အများအပြားကို သူက ဖျက်ဆီးခဲ့ပြီး နိုင်ငံခေါင်းဆောင် မည်မျှကို သူ သတ်ဖြတ်ခဲ့သည်ကိုပင် မသိနိုင်တော့ချေ။

တောင်ပိုင်း လူရိုင်းများမှာ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်ကြကာ အားကြီးသူများကို အလွန် လေးစားကြသည်။

သူတို့၏ စိတ်ထဲတွင် အောက်ရှင်းမှာ သူရဲကောင်း တစ်ဦးဖြစ်ပြီး တောင်ပိုင်းကျိုး ဧကရာဇ်မင်းမြတ်အပေါ် အထင်ကြီးမှု သိပ်မရှိသော်လည်း အောက်ရှင်းအပေါ် အလွန်အမင်း ကြောက်ရွံ့ ရိုသေကြ၏။

အောက်ရှင်း တောင်ပိုင်း အစောင့်တပ် တပ်မှူးအဖြစ် တာဝန်ယူစဉ် ကာလအတွင်း ဤကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် အကျိုးအမြတ် အများဆုံး ရရှိသူများ ဖြစ်ကြပြီး အဆင်းရဲဆုံးသော လူရိုင်းဘဝမှ အဆင့်မြင့် လူတန်းစားများ ဖြစ်လာကာ ချမ်းသာကြွယ်ဝမှုများကို ခံစားခဲ့ကြရသည်။

ထို့ကြောင့် ထိုကြောက်ရွံ့ ရိုသေမှုများက ထောက်ခံ အားပေးမှုအဖြစ် ပြောင်းလဲသွားခဲ့၏။

ထိုအချက်ကို နန်းတွင်းက ရိပ်မိသွားသောကြောင့် အောက်ရှင်းကို တောင်ပိုင်း အစောင့်တပ် တပ်မှူး ရာထူးမှ ချက်ချင်း ပြောင်းရွှေ့ခဲ့ကာ မည်သည့် ရာထူးမှ မပေးဘဲ သူ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ရလဒ် အနေဖြင့် နုလန်ဟောက် အောက်ရှင်းမှာ မည်သည့် မကျေနပ်ချက်မှ မရှိခဲ့ချေ။

ထို့နောက် မြောက်ပိုင်း စစ်သေနာပတိရုံးကို ဖွဲ့စည်းပြီးနောက် ဧကရာဇ်မင်းမြတ်က အောက်ရှင်းကို ကျိုးလီ၏ လက်ထောက်အဖြစ် ခန့်အပ်ခဲ့၏။ သို့သော်ငြား ဒုတိယ လက်ထောက်အဖြစ်သာ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အခြားသူများ၏ ရာထူးများ တက်လာခဲ့၏။ သို့ပေမည့် အောက်ရှင်းမှာ ကြီးမားသော စွမ်းဆောင်ရည်များ ပြသခဲ့သော်လည်း ရာထူးများ ပို၍ နိမ့်ကျသွားကာ ရာထူးအဆောင်အယောင်လည်း မတက်ခဲ့ပေ။ ထို့အပြင် သူ၏ ညီအစ်ကို သုံးဦးကို နယ်စားငယ်အဖြစ် ခန့်အပ်ခဲ့သေး၏။

သို့ပေမည့် အောက်ရှင်းမှာ မည်သည့် မကျေနပ်ချက်မှ မရှိခဲ့သောကြောင့် ဧကရာဇ်မင်းမြတ် အနေဖြင့် အောက်ရှင်း အပေါ် စိတ်ချသွားခဲ့ခြင်း ဖြစ်သည်။

အောက်ရှင်း ထောင်ကျသွားပြီးနောက် တောင်ပိုင်းလူရိုင်း ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုလုံး ထိတ်လန့် သွားကြပြီး ကောလာဟလများ ပို၍ ပြင်းထန်လာခဲ့၏။

ဥပမာအားဖြင့် နန်းတွင်းက လူရိုင်းများ ပုန်ကန်မည်ကို စိုးရိမ်သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် အားလုံးကို လှည့်စားပြီး သတ်ဖြတ်ပစ်တော့မည် ဟူသော ကောလာဟလများ ဖြစ်သည်။

ထို့အပြင် အင်ပါယာ စစ်တပ်ကြီးက တောင်ပိုင်းလူရိုင်း အားလုံးကို မျိုးဖြုတ် သတ်ဖြတ်ပစ်တော့မည် စသည်ဖြင့် ကောလာဟလများ ပြန့်နှံ့နေ၏။

တောင်ပိုင်း အစောင့်တပ်ရုံးက ထိုကောလာဟလများကို အဆက်မပြတ် ဖြေရှင်းနေသော်လည်း အင်ပါယာ စစ်တပ်များက ထိုလက်နက်ချထားသော ကာကွယ်ရေး တပ်ဖွဲ့ဝင်များအပေါ် ပို၍ တင်းကျပ်လာပြီး ပို၍ သံသယ ဝင်လာကြသည်။

ထိုသို့ဖြင့် တစ်နေ့တွင် လုံးဝ ထင်မထားသော လူတစ်ဦးဖြစ်သည့် တာနန် ပြည်နယ် တပ်မှူး၊ တာ့ကျိုး အင်ပါယာ၏ ကျုံးယုံ ပိုင်ဟူ၊ အဆင့်တစ် စစ်သူကြီး လီဝမ်ဟွာ ပုန်ကန်ခဲ့ခြင်း ဖြစ်၏။

မည်သူမဆို ပုန်ကန်နိုင်သော်လည်း လီဝမ်ဟွာ အနေဖြင့် ပုန်ကန်ရန် မသင့်ပေ။

သူသည် အောက်ရှင်း၏နောက်သို့ လိုက်ခဲ့ဖူးသော်လည်း အချိန် သိပ်မကြာလှသလို ဆက်ဆံရေးလည်း အလွန် ရင်းနှီးသည်ဟု မဆိုသာချေ။

အရေးကြီးသည်မှာ လီဝမ်ဟွာသည် အင်ပါယာ၏ နှစ်ရာချီ သက်တမ်းရှိသော မှူးမတ်တစ်ဦးဖြစ်ပြီး သူ၏ မိသားစု တစ်ခုလုံး မြို့တော်တွင် ရှိနေခြင်းပင် ဖြစ်သည်။

သို့ပေမည့် သူ ပုန်ကန်ခဲ့ပြီး နန်ကျိုးမြို့ကို သိမ်းပိုက်ကာ တောင်ပိုင်းရှိ နန်းတွင်း အရာရှိ အားလုံးကို ဖမ်းဆီးထားလိုက်၏။

သူနှင့်အတူ ပုန်ကန်ကြသူများမှာ သူ၏ကိုယ်ပိုင် စစ်တပ် အချို့အပြင် အများစုမှာ လူရိုင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

နောက်ဆုံး ရရှိသော သတင်းများအရ သူ၏ လက်အောက်တွင် စစ်တပ် အင်အား တစ်သိန်းခန့် ရှိနေပြီ ဖြစ်ကာ ပုန်ကန်မှု အရှိန်အဟုန်မှာ အလွန် ပြင်းထန်ပြီး တောင်ပိုင်း တစ်ခုလုံးသို့ အဆက်မပြတ် ပြန့်နှံ့နေ၏။

နန်ကျိုးမြို့သည် တောင်ပိုင်းရှိ အင်ပါယာ၏ အဓိကအကျဆုံးသော မြို့တော်ဖြစ်ပြီး ထိုမြို့တော်ပင် ကျသွားခဲ့ပြီ ဖြစ်သလို ပတ်ဝန်းကျင်ရှိ ပြည်နယ်များလည်း အဆက်မပြတ် ကျနေသည်။

ထို့အပြင် သူပုန်တပ်များက အဆက်မပြတ် အော်ဟစ်နေကြပြီး နန်းတွင်းကို အောက်ရှင်းအား ချက်ချင်း လွှတ်ပေးရန် ဖိအားပေးနေကြ၏။

ဧကရာဇ်မင်းမြတ် ဤသတင်းကို ရရှိချိန်တွင် ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ကျင်းကျိုးမြို့ စစ်ပုန်ကန်မှု မအောင်မြင်ခဲ့ခြင်း၊ ကျန်းကျိုးမြို့ အကျပ်အတည်းများမှာ ပြည်သူများ၏ ပြောဆိုမှုများ သက်သက်သာဖြစ်ပြီး မျက်နှာ ပျက်စရာ ကောင်းသော်လည်း သေးငယ်သော ပြဿနာများသာ ဖြစ်၏။

သို့ပေမည့် နန်ကျိုးမြို့ ပုန်ကန်မှုမှာ အလွန် ကြောက်မက်ဖွယ် ကောင်းပြီး အလွန် အန္တရာယ်များလှ၏။ အနည်းငယ် အမှားလုပ်မိသည်နှင့် တောင်ပိုင်း တစ်ခုလုံးသို့ ပြန့်နှံ့သွားနိုင်သည်။

ဤတစ်ကြိမ် တာယင်အင်ပါယာနှင့် စစ်ရှုံးပြီးနောက်ပိုင်း တောင်ပိုင်း လူရိုင်းများအပေါ် သံသယများ လုံလောက်စွာ ရှိနေခဲ့ပြီး စစ်ရေးလက်နက်ပစ္စည်းများကိုပင် သိမ်းဆည်းထားခဲ့ပြီး ဖြစ်၏။

ထို့အပြင် စောင့်ကြည့်ရေး စနစ်ကိုလည်း ကျင့်သုံးခဲ့ပြီး တောင်ပိုင်းကျိုး နိုင်ငံသား တစ်အိမ်ထောင်လျှင် လူရိုင်း ငါးအိမ်ထောင်ကို စောင့်ကြည့်ရမည်ဖြစ်ကာ တောင်ပိုင်းကျိုး နိုင်ငံသားများကိုသာ လက်နက် ကိုင်ဆောင်ခွင့် ပြုထားခြင်း ဖြစ်သည်။

သို့ပေမည့် လူရိုင်းများ မပုန်ကန်ဘဲ အယုံကြည်ရဆုံးသော တာ့ကျိုး ကျုံးယုံ ပိုင်ဟူ လီဝမ်ဟွာ ပုန်ကန်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

မြို့တော်နှင့် နန်ကျိုးမြို့မှာ မိုင်ထောင်ချီ ကွာဝေးပြီး ယခုအခါ ထိုနေရာရှိ ပုန်ကန်မှုများမှာ မီးဟုန်းဟုန်း တောက်နေသကဲ့သို့ ဖြစ်နေကာ မည်မျှအထိ ပြန့်နှံ့သွားပြီနည်း။ မည်သည့် ပြည်နယ်များ ဆုံးရှုံးသွားပြီနည်း ဆိုသည်ကို လုံးဝ မသိနိုင်တော့ချေ။

ထို့ကြောင့် ဧကရာဇ်မင်းမြတ်က အမိန့်ပေးကာ အင်ပါယာ တစ်ခုလုံးမှ စစ်တပ် အင်အား သိန်းချီ စုရုံးပြီး အလျင်အမြန် တောင်ဘက်သို့ ချီတက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး ရိက္ခာများကိုပင် ယူဆောင်သွားရန် အချိန် မရတော့ပေ။

အကျဉ်းသားလှည်းထဲမှ ယွင်ကျုံးဟဲ့ ထိုသတင်းကို ကြားရချိန်တွင် သူ၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက် လုမတတ် ဖြစ်သွား၏။

စကားလုံး တစ်လုံးတည်းကိုသာ သူ ခံစားလိုက်ရသည်။ ‘ကောင်းကင်ကြီး ပြိုကျသွားပြီ။ အမှန်တကယ်ပဲ ကောင်းကင်ကြီး ပြိုကျသွားပြီ။’

အစပိုင်းတွင် ဤသည်မှာ အမတ်ချုပ်ကြီးလင်၏ တန်ပြန် တိုက်ခိုက်မှုဟု သူ ထင်မှတ်ခဲ့၏။

သို့ပေမည့် သေသေချာချာ တွေးတောကြည့်ပြီးနောက် ဤကဲ့သို့ ကြီးမားသော ပုန်ကန်မှုကြီး၏ နောက်ကွယ်တွင် ပိုမို ကြီးမားသော ကြိုးကိုင်သူ တစ်ဦး ရှိနေရမည်ဟု သူ ယုံကြည်နေသည်။

ဝန်ကြီးချုပ် အမတ်ချုပ်ကြီးလင် ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း အကြံအစည် တစ်ခုလုံးကို သူ ဦးဆောင်ခြင်း မဟုတ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ အလွန် ရူးသွပ်လွန်းပြီး တောင်ပိုင်းရှိ စတုရန်းကီလိုမီတာ တစ်သန်းကျော်လုံး ကျဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။

ထိုသို့ဆိုလျှင် တောင်ပိုင်းကျိုးအင်ပါယာ၏ လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကြိုးပမ်းအားထုတ်မှုများ အားလုံး သဲထဲရေသွန် ဖြစ်သွားမှာဖြစ်၏။

တောင်ပိုင်း တစ်ခုလုံး ကျဆုံးသွားပါက ဧကရာဇ်ဟောင်းမှာ အခြား ရွေးချယ်စရာ မရှိတော့ဘဲ ပြန်လည် အာဏာယူရပေလိမ့်မည်။

ထိုသို့ဆိုလျှင် ဧကရာဇ် ဝမ်ယွင် အတွက် အလွန် ဆိုးရွားသော ထိုးနှက်ချက် ဖြစ်သွားမည် ဖြစ်ပြီး အရာအားလုံးကို ပြန်လည် ဆယ်ယူရန် အစွမ်းကုန် ကြိုးစားမည်မှာ ကျိန်းသေပေါက်ပင်။

ဝန်ကြီးချုပ် အမတ်ချုပ်ကြီးလင်ကို ဧကရာဇ် ဝမ်ယွင်က အစိုးရအဖွဲ့ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ပြီး ဧကရာဇ်ဟောင်းသာ ပြန်လည်၍ အာဏာသိမ်းပါက အမတ်ချုပ်ကြီးလင်အတွက် မည်သည့် အကျိုးအမြတ်မှ ရှိမည် မဟုတ်ချေ။

ဧကရာဇ် ဝမ်ယွင် ပြုတ်ကျသွားပါက အမတ်ချုပ်ကြီးလင်လည်း လိုက်ပါ ပြုတ်ကျသွားမှာ ဖြစ်သည်။

ထို့ကြောင့် ဤပုန်ကန်မှု၊ ဤကြောက်မက်ဖွယ် ကောင်းသော အကြံအစည်ကြီး၏ နောက်ကွယ်တွင် နောက်ကွယ်မှ ကြိုးကိုင်သူ တစ်ဦး သေချာပေါက် ရှိနေရပေလိမ့်မည်။

အရေးကြီးဆုံးမှာ သူပုန်တပ်များက နန်းတွင်းကို အောက်ရှင်းအား လွှတ်ပေးရန် ဖိအားပေးနေခြင်းပင် ဖြစ်သည်။

ထို့အပြင် မြို့တော် အတွင်း၌လည်း သိုင်းပညာရှင်များက တော်ဝင် တရားရုံးကို ဝိုင်းရံကာ အောက်ရှင်းကို ကယ်တင်ရန် တကယ် ကြိုးစားခဲ့ကြသေး၏။

ထိုသို့ဆိုလျှင် နုလန်ဟောက် အောက်ရှင်း အနေဖြင့် ထျန်းကျန်းမြစ်ထဲသို့ ခုန်ဆင်းပြီး ဆေးကြောလျှင်တောင် သန့်စင်သွားမည် မဟုတ်တော့ချေ။

ထို့ကြောင့် ဧကရာဇ်မင်းမြတ်က အောက်ရှင်း၏ ရာထူးအဆောင်အယောင် အားလုံးကို ရုပ်သိမ်းလိုက်ပြီး အောက်ယွီ၏ အောင်လက်မှတ် အားလုံးကိုလည်း ရုပ်သိမ်းကာ မိသားစု တစ်ခုလုံးကို အမြန်ဆုံး အချိန်အတွင်း မြို့တော်သို့ ဖမ်းဆီး ခေါ်ဆောင်လာရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

.................

All Chapters