← Chapters

အခန်း (၉၇၅-၉၇၆)

Vol. 95 Ch. 975-976

အခန်း (၉၇၅-၉၇၆)

Vol. 95 Ch. 975-976

​အခန်း (၉၇၅) စမ်းသပ်မှု

ဧကရာဇ် လုကျွင်းဝေသည် လုံချန်းအား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်လေသည်။

​"ယွဲ့အာရဲ့ ခင်ပွန်းသည်က ဘယ်လိုလူမျိုး ဖြစ်လာမလဲဆိုတာကို ငါ အမြဲတွေးနေခဲ့မိတာကွ။ သူ့အတွက် အကောင်းဆုံး အမျိုးသားတစ်ယောက်ကို ရှာဖွေပေးချင်ခဲ့တာ။ ကံမကောင်းစွာနဲ့ပဲ သူကိုယ်တိုင် ရွေးချယ်သွားခဲ့တော့ သူ့အတွက် ခင်ပွန်းရှာပေးခွင့် မရလိုက်တော့ဘူးပေါ့လေ။ ဒါပေမဲ့ သူ့ရွေးချယ်မှုက မဆိုးလှပါဘူး" သူက လုံချန်းကို ရည်ရွယ်၍ ပြောလိုက်၏။

​"ငါတို့ရဲ့ အတော်ဆုံး စစ်သည်တွေရှေ့မှာ သူ့ကို ကာကွယ်ပေးဖို့ ရပ်တည်ခဲ့ပြီး အသက်စွန့်ဖို့တောင် ဝန်မလေးခဲ့တဲ့ မင်းရဲ့ ဟန်ပန်ကို ငါ တွေ့ခဲ့ရတယ်။ မင်းမျက်လုံးတွေထဲက လေးနက်မှုနဲ့ ကြင်နာယုယမှုတွေကိုလည်း ငါ မြင်တွေ့နိုင်ခဲ့ပါတယ်။ ငါ့သမီးကို မင်း သဘောကျနေတယ်လို့ပဲ ထင်ခဲ့တာ၊ သူ့ရဲ့ ခင်ပွန်းဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ငါ့သမီးကို ဒီလို ဂရုစိုက်ပေးတဲ့အတွက် ငါ ဝမ်းသာပါတယ်" သူက ထပ်လောင်း ပြောကြားလေသည်။

​ထို့နောက် သူသည် သမီးဖြစ်သူ မကြားစေရန်အလို့ငှာ အသံကို တိုးချလိုက်ပြီး တီးတိုးရေရွတ်လိုက်လေသည်။ "ဒါပေမဲ့လည်း မင်းကို ဒီလောက်မြန်မြန်ကြီးတော့ ငါ လက်မခံနိုင်သေးဘူး။ မင်းကိုယ်မင်း သက်သေပြဖို့ လိုသေးတယ်။ စမ်းသပ်မှုတွေ ရှိလာလိမ့်မယ်။ ကြိုတင် ပြင်ဆင်ထားပေတော့"

​စကားအဆုံးတွင် သူသည် လုံချန်းကို ဖက်ထားရာမှ လွှတ်ပေးလိုက်၏။ လုံချန်းမှာမူ ဧကရာဇ်အား နားမလည်နိုင်စွာဖြင့် ကြည့်နေမိလေသည်။ ထိုလူကတော့... သူ့ကို ဒုက္ခပေးတော့မည့် ပုံပင်။

​ကံကောင်းထောက်မစွာပင် ထိုလူကြီးထံမှ မည်သည့် မကောင်းသော ရည်ရွယ်ချက်ကိုမျှ သူ မခံစားရပေ။ သမက်ဖြစ်သူအား စမ်းသပ်လိုသော ဖခင်တစ်ဦး၏ သဘောသဘာဝမျှသာ ဖြစ်ပုံရပြီး ဤအတွက်လည်း သူ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်လေသည်။

​ထို့အပြင် စစ်ပွဲလည်း မရှိတော့သဖြင့် မင်ယုဖခင်၏ စမ်းသပ်မှုများကို မရင်ဆိုင်ရချိန်များတွင် သူ အနည်းငယ် အနားယူ အပန်းဖြေနိုင်ပေသည်။ သူ လေ့လာသင်ယူရန် လိုအပ်နေသေးသည့် ကံကြမ္မာ နိယာမလည်း ရှိသေးရာ ဤကဲ့သို့ ငြိမ်းချမ်းသော ပတ်ဝန်းကျင်သည် သူ့အဖို့ အသင့်တော်ဆုံးပင် ဖြစ်ပေသည်။

​ဧကရာဇ် လုကျွင်းဝေသည် သမီးဖြစ်သူထံသို့ ပြန်သွားကာ ဆိုလိုက်သည်။ "လာ... သွားကြစို့။ သမီးရဲ့ မယ်တော်ကို ထပ်ပြီး အစောင့်မခိုင်းကြရအောင်"

​သူသည် သမီးဖြစ်သူနှင့်အတူ တံခါးဆီသို့ လျှောက်သွားကာ ပလ္လင်ခန်းမအတွင်းမှ ထွက်ခွာခဲ့ကြ၏။ လုံချန်းကလည်း သူတို့နှင့်အတူ လိုက်ပါသွားလေသည်။

​သူတို့ စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းသွားကြစဉ် ဧကရာဇ်သည် မင်ယု ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို မေးမြန်းလေတော့သည်။ မိဖုရားကြီး၏ ဆောင်တော်သို့ ခြေလျင်လျှောက်ရမည့် ခရီးမှာ အနည်းဆုံး ဆယ်မိနစ်ခန့် ကြာမြင့်မည်ဖြစ်ရာ ဤရှည်လျားသော စင်္ကြံလမ်းကြီးက စကားပြောရန် အချိန်ကောင်းတစ်ခု ဖြစ်နေပေသည်။

​မင်ယုသည် သူမ ပျောက်ဆုံးသွားခဲ့သောနေ့က ဖြစ်ပျက်ခဲ့သမျှကို စတင် ပြောပြလေသည်။ အစ်ကို၏ မင်္ဂလာကိစ္စ စီစဉ်ပြီးစီးကြောင်း ကြားသိရသဖြင့် အစ်ကိုနှင့် စကားပြောရန် သူ၏ အဆောင်သို့ သွားခဲ့ပုံများကို ပြောပြ၏။

​အစ်ကို ချစ်မြတ်နိုးရသော မိန်းကလေးထံကဟု ယူဆရသည့် စာတစ်စောင်ကို အစ်ကို၏ အခန်းထဲတွင် တွေ့ရှိခဲ့ပုံကိုလည်း သူမက ရှင်းပြလေသည်။

​ထို့နောက် အစ်ကို ချစ်ရသော မိန်းကလေးကို သွားရောက် တွေ့ဆုံရန် နန်းတော်မှ ထွက်ခွာခဲ့ပုံကိုပါ ပြောပြခဲ့သည်။

​"အဲဒီကို ရောက်တော့ သမီး ဖေကျန်နဲ့ သူ့လူတွေကို တွေ့ခဲ့ရတယ်။ မိန်းကလေး တစ်ယောက်လည်း အဲဒီမှာ ရှိနေတယ်။ ဒါက အချစ်ကို လက်နက်လို အသုံးချပြီး သမီးရဲ့ အစ်ကိုကို သတ်ဖို့ ကြံစည်ထားတဲ့ လှည့်ကွက်တစ်ခု ဖြစ်ပုံရတယ်" မင်ယုက ဖခင်ဖြစ်သူအား ပြောပြလေသည်။

​"သူတို့ သမီးကို မြင်သွားတော့ သမီးကို ဖမ်းဖို့ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတွေကို သမီးနောက် လွှတ်လိုက်တယ်။ သမီးလည်း တတ်နိုင်သမျှ အစွမ်းကုန် ထွက်ပြေးခဲ့ပေမဲ့၊ သမီးရဲ့ အမြန်နှုန်းက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတွေရှေ့မှာတော့ ဘာမှ မဟုတ်ခဲ့ပါဘူး..."

​"သမီး အဖမ်းခံရတော့မယ်လို့ ထင်လိုက်တဲ့ အချိန်မှာပဲ... သူ့ကို သမီး တွေ့ခဲ့ရတာပါပဲ" သူမက ဆိုသည်။ ဇာတ်လမ်း၏ ဤအပိုင်းသို့ ရောက်သောအခါ သူမ၏ မျက်နှာမှာ ရုတ်တရက် ပို၍ လေးနက်သွားလေသည်။

​ဤအကြောင်းကို လုံချန်းလည်း အရင်က ကြားဖူးထားပြီး ဖြစ်သည်။ မင်ယုအား ကယ်တင်ပေးခဲ့သော မျက်နှာဝက်ဖုံး ဝတ်ဆင်ထားသူ၏ အကြောင်းက သူ့ကို ယခုတိုင် စိတ်ဝင်စားနေစေဆဲပင်။ လောကတစ်ခုနှင့် တစ်ခုအကြား ချိတ်ဆက်ထားသော တံခါးပေါက်များကို အသုံးမပြုဘဲ လူတစ်ယောက်အား အခြားလောကတစ်ခုသို့ ပို့ဆောင်ပေးနိုင်သည့် ပုံဆောင်ခဲတစ်တုံးအား ထိုသူက ပိုင်ဆိုင်ထားလေသည်။

​ထိုသူသည် သာမန် လူတစ်ယောက်နှင့်တော့ တူမနေချေ။

​လုံချန်းက ထိုလူ၏ ပုံပန်းသဏ္ဌာန်ကို စိတ်ကူးပုံဖော်ကြည့်နေစဉ် မင်ယုက ဆက်လက်၍ ပြောပြနေလေသည်။

​"သူက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူကို ဘာအားစိုက်ထုတ်မှုမှ မပါဘဲ ချက်ချင်း သတ်ပစ်လိုက်ပြီးတော့ သမီးကို တခြားနေရာ တစ်နေရာဆီ ပို့ဆောင်ပေးမယ့် ပုံဆောင်ခဲ တစ်တုံးကို ပေးခဲ့တယ်..."

​"သမီးက ကိုယ့်လောကထဲက တခြားနေရာတစ်ခုကို ရောက်သွားတာလို့ ထင်နေခဲ့တာ။ အဲဒီအချိန်မှာမှ သူနဲ့ တွေ့ခဲ့ရတာပါပဲ" သူမက လုံချန်းဘက်သို့ ကြည့်ကာ ပြောလိုက်လေသည်။

​သူတို့၏ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ပုံကို သတိရသွားသောအခါ သူမ၏ မျက်နှာထက်တွင် လှပသော အပြုံးတစ်ခု ပေါ်ပေါက်လာလေသည်။ ၎င်းမှာ အနည်းငယ် ရှက်စရာကောင်းနေသဖြင့် သူမက အသေးစိတ် မပြောပြခဲ့ချေ။

​"အချိန်အတော်ကြာပြီးတဲ့နောက် ကြယ်တာရာ အင်ပါယာကို ရောက်မှပဲ အဲဒါက ဒီအင်ပါယာမဟုတ်ဘဲ တခြားအင်ပါယာတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်။ အချိန်နည်းနည်း ကြာလာတော့မှ သမီးတို့က တခြားလောကတစ်ခုကို ရောက်နေတာ ဖြစ်ကြောင်း သိလိုက်ရတော့တာပါပဲ။ အဲဒီနေရာက ဖုန်းရှုမှ မဟုတ်ခဲ့တာ..."

​"ရပါတယ်။ ဒီကနေစပြီး ငါ ဆက်ပြောပြပါ့မယ်" လုံချန်းက မင်ယုအား တည်ငြိမ်စွာ ပြောလိုက်၏။ မင်ယုမှာ အချိန်များစွာကို ကမ္ဘာတုတွင်း၌သာ နေထိုင်ခဲ့ရသဖြင့် ဤနေရာမှစ၍ သူကသာ ပို၍ သေချာစွာ ရှင်းပြနိုင်မည် ဖြစ်ပေသည်။

​"အဲဒီနောက်မှာတော့ ကျွန်တော်က ဖေကျန်အနေနဲ့ အယောင်ဆောင်ပြီး စမ်းသပ်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အနိုင်ရပြီးတဲ့ နောက်မှာတော့ အဖွဲ့နဲ့အတူ ဒီကို လိုက်လာခဲ့တာပါ။ အခုတော့ ဒီကို ရောက်နေကြပြီပေါ့" သူက ဇာတ်လမ်းတစ်ခုလုံးကို အကျဉ်းချုံး၍ အဆုံးသတ်လိုက်လေသည်။

​"နေပါဦး။ မင်းက ဖေကျန်ကို သတ်လိုက်တယ်လို့ ပြောချင်တာလား" ဧကရာဇ်သည် မျက်မှောင်ကို ပြင်းပြင်း ကုတ်လျက် လုံချန်းအား မေးမြန်းလိုက်လေသည်။

​"သူ မဟုတ်ပါဘူး ခမည်းတော်။ သမီး သတ်ခဲ့တာပါ။ သူက သမီးကို ကူညီပေးရုံ သက်သက်ပါပဲ" မင်ယုက ဝင်ရောက် ပြောဆိုလိုက်၏။

​ဧကရာဇ်မှာ မည်သည့်စကားမျှ ဝင်မပြောတော့ချေ။ သမီးဖြစ်သူက သူ့အချစ်ဆုံး သူငယ်ချင်း၏ သားဖြစ်သူကို အစ်ကိုဖြစ်သူအား သတ်ရန် ကြံစည်ခဲ့သည်ဟုဆိုကာ သတ်ပစ်ခဲ့လေပြီ။ သို့သော် သားတော်ဖြစ်သူကမူ တစ်မျိုးတစ်ဖုံ ပြောပြခဲ့သည် မဟုတ်လော။ မင်ယုသည် စိတ်ဒဏ်ရာရသွားပြီး သူမ မြင်တွေ့ခဲ့ရသည်ဟု ထင်ယောင်ထင်မှား ဖြစ်နေခြင်းများလော။

​အကယ်၍ အမှန်တကယ်သာ ထိုသို့ ဖြစ်ခဲ့လျှင် သူမသည် အပြစ်မဲ့သော ကောင်လေးတစ်ယောက်ကို သတ်ပစ်ခဲ့မိခြင်း မဟုတ်လော။ သမီးဖြစ်သူအား ယုံကြည်မိခဲ့သော လူစိမ်းတစ်ယောက် ဖြစ်သည့် လုံချန်းကိုလည်း သူ အပြစ်မတင်နိုင်သကဲ့သို့ သမီးဖြစ်သူကိုလည်း သူ အပြစ်မဆိုရက်ချေ။

​'အိုး... ငါ့သား... မြန်မြန်ပြန်လာပြီး အမှန်တရားကို ပြောပြပါတော့။ ငါ့သမီး မှားနေတာလား ဒါမှမဟုတ် မင်းကပဲ ငါ့ကို တစ်ခုခု ဖုံးကွယ်ထားခဲ့တာလား' သူက ရင်ထဲမှ ကြိတ်၍ တမ်းတလိုက်လေသည်။ သူသည် သားတော်ဖြစ်သူ အမြန်ပြန်ရောက်လာမည့် အချိန်ကိုပင် မစောင့်နိုင်တော့ချေ။

​ဖြစ်နိုင်ချေ နှစ်ခုသာ ရှိပေသည်။ သမီးဖြစ်သူ၏ စိတ်ကူးယဉ် ထင်ယောင်ထင်မှားမှုများကြောင့် အပြစ်မဲ့သူ တစ်ယောက်ကို သတ်ဖြတ်မိခဲ့ခြင်း သို့မဟုတ် သားဖြစ်သူက သူ့အား အကြောင်းအရာ တစ်ခုခုကို ဖုံးကွယ်ထားခဲ့ခြင်းပင်။ ဒုတိယ အချက်သာ အမှန်ဖြစ်ပါစေဟု သူ ဆုတောင်းရုံသာ တတ်နိုင်တော့သည်။

​သူ၏ စိတ်ထဲတွင် လှည့်ကွက်တစ်ခုကို စဉ်းစားမိသွားလေသည်။ သမီးဖြစ်သူ၏ မှတ်ဉာဏ်များ ကောင်းစွာ မှတ်မိနိုင်စွမ်း ရှိ မရှိကို စမ်းသပ်ရန် ဖြစ်၏။ သူသည် မေးခွန်းများဖြင့် စမ်းသပ်ခဲ့ပြီး ဖြစ်သော်လည်း လွန်ခဲ့သော အချိန်ကာလ ကြာမြင့်စွာက အကြောင်းအရာများကိုသာ မေးမြန်းခဲ့ခြင်း ဖြစ်ပေသည်။ မကြာသေးမီက ဖြစ်ရပ်များကို မမေးမြန်းရသေးချေ။

​မင်ယု မပျောက်ဆုံးမီ ရက်အနည်းငယ် အလိုကမှ မိဖုရားကြီး၏ ဆောင်တော်ကို ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကို သူမ မှတ်မိ မမှတ်မိ စမ်းသပ်ရန် သူ ဆုံးဖြတ်လိုက်၏။ အကယ်၍ သူမ မမှတ်မိပါက သူမ၏ စိတ်အခြေအနေသည် ပုံမှန်မဟုတ်ကြောင်း သေချာသွားမည် ဖြစ်လေသည်။

​သူသည် စင်္ကြံလမ်း၏ အဆုံးသို့ ရောက်ရှိသွားရာ လမ်းမှာ နှစ်ခွ ကွဲထွက်သွားလေသည်။

​ဘယ်ဘက်လမ်းမှာ မိဖုရားကြီး၏ ဆောင်တော်သစ်ဆီသို့ ဦးတည်သွားပြီး ညာဘက်လမ်းမှာမူ ဆောင်တော်ဟောင်းဆီသို့ သွားသော လမ်းဖြစ်၏။ ဤနည်းဖြင့်သာ သူ စမ်းသပ်နိုင်ပေလိမ့်မည်။

​သမီးဖြစ်သူက သူ့အား သတိပေးခြင်း ရှိ မရှိ သိနိုင်ရန်အတွက် သူသည် တမင်တကာပင် မှားယွင်းသော ညာဘက်လမ်းဆီသို့ လျှောက်လှမ်းသွားလေသည်။

​သူ မျှော်လင့်ထားသည့်အတိုင်းပင် မင်ယုသည် မှန်ကန်သော လမ်းကြောင်းကို မှတ်မိနေခဲ့လေသည်။

​"မယ်တော်ရဲ့ ဆောင်တော်ကို ပြောင်းလိုက်ပြန်ပြီလား။ ပြီးခဲ့တဲ့ အခေါက်က ဘယ်ဘက်မှာ မဟုတ်ဘူးလား" မင်ယုက ဖခင်ဖြစ်သူအား မေးမြန်းလိုက်၏။

​"အို... အဖေကတော့ တော်တော် မေ့တတ်နေပြီပဲ။ အဖေ့ ခေါင်းထဲမှာလည်း ရှုပ်ယှက်ခတ်နေတာနဲ့ ဒါကိုတောင် မေ့သွားရတယ်လို့ ရှက်စရာပါပဲ" ဧကရာဇ်က ရိုးသားဟန်ဆောင်ကာ ပြောလိုက်ပြီးနောက် ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။ ထို့နောက် နောက်သို့ ပြန်လှည့်ကာ ဘယ်ဘက်လမ်းဆီသို့ သူတို့ကို ခေါ်ဆောင်သွားလေတော့သည်။

​ထိုစမ်းသပ်မှုက မင်ယုသည် အစစ်အမှန်ဖြစ်ပြီး သူမ၏ မှတ်ဉာဏ်များလည်း ပုံမှန်အတိုင်း ကောင်းမွန်နေကြောင်း နောက်တစ်ကြိမ် အတည်ပြုလိုက်ခြင်းပင် ဖြစ်၏။ ဆိုလိုသည်မှာ သားဖြစ်သူက သူ့အား လိမ်ညာခဲ့လေသည်လော။

​မကြာမီတွင်ပင် သူတို့သည် မိဖုရားကြီး၏ ဆောင်တော်သို့ ရောက်ရှိသွားကြလေသည်။ ဧကရာဇ်မင်းမြတ်က တံခါးကို တွန်းဖွင့်လိုက်သောအခါ မင်ယုတစ်ယောက် အလွန်တရာ အံ့ဩတုန်လှုပ်သွားရမည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာလေတော့သည်။

​အခန်း (၉၇၆) ကတိစကား

ဧကရာဇ် လုကျွင်းဝေသည် သူ၏ကြင်ယာတော်ဆောင် တံခါးကို တွန်းဖွင့်၍ အတွင်းရှိ မြင်ကွင်းအား ဖော်ထုတ်ပြလိုက်လေသည်။

​မင်ယုသည် ခမည်းတော်၏ ဘေးတွင် ကပ်လျက်ရပ်နေသူ ဖြစ်သဖြင့် အဆောင်အတွင်းသို့ အရင်ဆုံး မြင်လိုက်ရပြီး မှင်တက်မိသွား၏။

"မယ်တော်" ​သူမသည် အော်ဟစ်ကာ အဆောင်အတွင်းသို့ ပြေးဝင်သွားလေတော့သည်။

​လုံချန်းမှာမူ ဧကရာဇ်၏ အနောက်တွင် ရပ်နေသူဖြစ်သဖြင့် အထဲကို မမြင်ရသေးသော်လည်း မင်ယု၏ အလန့်တကြား အော်ဟစ်သံကြောင့် စိုးရိမ်ပူပန်သွားရ၏။

​'ဘာဖြစ်တာလဲ' တွေးတောရင်း သူသည် ဘေးသို့ အမြန်တိုးကာ ကြည့်လိုက်သည်။

​သူ တိုးကြည့်ရန်ပင် မလိုလိုက်ဘဲ ဧကရာဇ်ကိုယ်တိုင်က အထဲသို့ ဝင်သွားသဖြင့် လမ်းပွင့်သွားရာ အဆောင်တွင်း မြင်ကွင်းကို အတိုင်းသား မြင်လိုက်ရလေသည်။

​အဆောင်အတွင်း၌ အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပြီး သူမသည် မင်ယု၏ မယ်တော်ဖြစ်မည်မှာ သေချာလှပေသည်။ ကံမကောင်းသည်မှာ သူမ၏ ကျန်းမာရေးအခြေအနေမှာ အလွန်ပင် ဆိုးရွားနေပုံရ၏။ တစ်ကိုယ်လုံးတွင် သွေးမရှိသကဲ့သို့ မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ရှူသံမှာလည်း အန္တရာယ်ရှိလောက်အောင်ပင် နှေးကွေးနေလေသည်။

​မင်ယုသည် မယ်တော်၏လက်ကို ဆုပ်ကိုင်ရင်း အနားသို့ ပြေးသွားကာ မေးမြန်းလိုက်သည်။ "မယ်တော်... မယ်တော် ဘာဖြစ်တာလဲဟင်"

​မယ်တော်ဖြစ်သူမှာ မျက်စိမှိတ်ထားသော်လည်း သမီးဖြစ်သူ၏ အသံကို ကြားလိုက်ရချိန်တွင် မျက်ခွံများ လှုပ်ခတ်သွားပြီး သူမ ချစ်မြတ်နိုးရသော သမီးတော်လေးအား မြင်နိုင်ရန် အားယူ၍ မျက်လုံးဖွင့်ကြည့်လိုက်လေသည်။

​သမီးဖြစ်သူကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏မျက်နှာတွင် မယုံကြည်နိုင်မှုများ ဖုံးလွှမ်းသွား၏။ သူမ၏ မျက်စိများက ဝေဝါးနေခြင်းလော။

​သူမသည် အိမ်မက် မဟုတ်ကြောင်း သေချာစေရန် လက်ကို ဖြည်းညှင်းစွာ မြှောက်၍ မျက်လုံးအား ပွတ်ကြည့်လိုက်သည်။

​"ယုအာ... ဒါ တကယ်ပဲ သမီးလား" သူမက မေးလိုက်၏။

​အက်ကွဲနေသော သူမ၏ အသံနှင့် ပုံပန်းသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် သူမသည် အမှန်တကယ်ပင် ဖျားနာနေကြောင်း ထင်ရှားလှပေသည်။

​"ဟုတ်ပါတယ်... ဟုတ်ပါတယ် မယ်တော်၊ သမီး ရောက်နေပါပြီ။ သမီး မယ်တော့်ဆီကို ပြန်လာပါပြီ။ မယ်တော် ဘာဖြစ်လို့ ဒီလို ဖြစ်နေရတာလဲ" မင်ယုက မေးလိုက်ရင်း မျက်ဝန်းအစုံမှ မျက်ရည်များ ဝဲတက်လာလေသည်။

​"စိတ်မပူပါနဲ့ သမီးရယ်။ သမီးရဲ့မယ်တော်က နည်းနည်းလောက် နေမကောင်းဖြစ်နေတာပါ။ သမားတော်တွေကတော့ မကြာခင် ပြန်ကောင်းလာလိမ့်မယ်လို့ ပြောပါတယ်။ သူ အနားယူဖို့ပဲ လိုတာပါ။ အခု သမီး ပြန်ရောက်လာပြီဆိုတော့ သူ ပိုပြီး မြန်မြန် နေကောင်းလာမှာပါ" ဧကရာဇ်က သမီးဖြစ်သူ၏ ကျောပြင်ကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်လေသည်။

​"ဟုတ်ပါတယ်... ဘာမှ မဖြစ်ပါဘူး" မင်ယု၏မယ်တော် စုမင်က ပြုံးလျက် ပြောလိုက်၏။ သူမသည် သမီးဖြစ်သူကို စိတ်မပူစေချင်ပေ။

​"ဒါနဲ့... နင်က ငါ့ကို ပစ်ထားပြီး ဘယ်တွေ လျှောက်သွားနေတာလဲ။ ငါ ဘယ်လောက်တောင် စိုးရိမ်နေခဲ့ရလဲ သိရဲ့လား။ နင် ကံကောင်းသွားတာက ငါ နေမကောင်းဖြစ်နေလို့ပဲ၊ မဟုတ်ရင်တော့ နင် အဆူခံရမှာ အသေအချာပဲ" သူမက ထပ်လောင်းပြောကြားလိုက်သည်။

​"သမီး တောင်းပန်ပါတယ် မယ်တော်။ နောက်ဆို သမီး မယ်တော့်ကို ဘယ်တော့မှ ပစ်မသွားတော့ဘူးလို့ ကတိပေးပါတယ်။ ဒါကြောင့် မြန်မြန် နေကောင်းအောင် လုပ်ပါဦး၊ သမီးကို စိတ်ကြိုက် ဆူပူလို့ရအောင်လို့ပါ" မင်ယုက မယ်တော်၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်လေသည်။

​လုံချန်းသည် အခန်းအတွင်းသို့ လှမ်းဝင်လိုက်ချိန်တွင် မင်ယု၏ စကားကို ကြားလိုက်ရ၏။

​သူမ၏ စကားမှာ မည်သို့သော အဓိပ္ပာယ်နည်းဟု သူ တွေးတောမိသွားသည်။ သူမသည် မယ်တော်ကို ထားခဲ့မည် မဟုတ်ဟု ဆို၏။ သို့သော် လုံချန်းအနေဖြင့်မူ ဤနေရာတွင် အမြဲတမ်း နေထိုင်ရန် မဖြစ်နိုင်ပေ။ ထျန်းရှန်၏ လက်ချက်ဖြင့် မသေဆုံးစေရန် သူသည် ပို၍ ပို၍ အစွမ်းထက်လာအောင် ကြိုးစားရဦးမည် ဖြစ်ရာ တစ်နေရာတည်း၌ ရောင့်ရဲတင်းတိမ်၍ နေနေ၍ မရချေ။

​ဤနေရာတွင် အတည်တကျ နေရန်မှာ မဖြစ်နိုင်သကဲ့သို့ မင်ယုကိုလည်း ချန်ထားရစ်ခဲ့ရန် သူ အလိုမရှိပေ။ နောင်အနာဂတ်တွင် ဤကိစ္စမှာ မည်သို့ ဖြစ်လာမည်နည်း။ ထိုသည်က အမှန်တကယ် ပြဿနာ ဖြစ်လာမည်လော သို့မဟုတ် မင်ယုက မယ်တော် စိတ်သက်သာရာ ရစေရန်အတွက်သာ ပြောလိုက်ခြင်းလော။

​'နောက်မှပဲ သူ့ကို မေးကြည့်ရတော့မယ်' တွေးတောရင်း သူသည် မင်ယု၏ အနားသို့ တိုးသွားလိုက်သည်။

​စုမင်သည် သမီးဖြစ်သူ၏ ဘေးတွင် ရပ်နေသော လုံချန်းကို သတိပြုမိသွားရာ သူမ၏ မျက်နှာတွင် စူးစမ်းလိုသော အကြည့်များ ပေါ်လာ၏။ သူမသည် ခင်ပွန်းဖြစ်သူအား ဇဝေဇဝါဖြင့် ကြည့်လိုက်လေသည်။

​ဧကရာဇ် လုကျွင်းဝေသည် မိဖုရား စကားတစ်ခွန်းမျှ မပြောရသေးခင်မှာပင် သူမ မည်သည်ကို ဆိုလိုသည်အား သိလိုက်၏။ ဤလူငယ်နှင့် မိတ်ဆက်ပေးစေလိုကြောင်း သူ သိလိုက်ခြင်း ဖြစ်ပေသည်။

​"မင်အာ... မင်း မြန်မြန် နေကောင်းလာမှ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့သမီးကို ဆူစရာက တစ်ခုတည်း မဟုတ်လို့ပဲ။ သူက ငါတို့ကို အသိမပေးဘဲ ပျောက်သွားရုံတင်မကဘူး၊ ဆူရမယ့် ကိစ္စတွေ အများကြီး ထပ်လုပ်ထားသေးတယ်" ဧကရာဇ် လုကျွင်းဝေက ခပ်ယဲ့ယဲ့ ပြုံးလျက် ပြောလိုက်သည်။

​"သူက ခင်ပွန်းရှာတွေ့ပြီး ငါတို့ကို အသိမပေးဘဲ လက်ထပ်လိုက်ပြီလေ။ ဒါပေမဲ့ ငါတို့ရဲ့ သမက်ကိုတော့ ငါ တွေ့ခဲ့ပြီးပြီ။ သူက ငါတို့သမီးကို တကယ် ချစ်တာပါ၊ ဒါကိုတော့ ငါ အသေအချာ အာမခံပါတယ်" သူက ဆက်လက် ပြောကြားလေသည်။

​"သမက် ဟုတ်လား..."

​စုမင်သည် သမီးဖြစ်သူအား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။ ဤမိန်းကလေးက အိမ်ထောင်ပြုသွားပြီလော။

​"ယောက္ခမ... အရင်ဦးဆုံး လာရောက် မတွေ့ဆုံနိုင်ခဲ့တာကို တောင်းပန်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေအရ လာတွေ့ဖို့ မဖြစ်နိုင်ခဲ့လို့ပါ။ အခုလို အားလုံး ဘေးကင်းနေတာကို မြင်ရတဲ့အတွက် ကျွန်တော် ဘယ်လောက်တောင် ဝမ်းသာမိလဲဆိုတာ မပြောပြတတ်တော့ပါဘူး" လုံချန်းက ယောက္ခမအား ညင်သာစွာ ဂါရဝပြုရင်း တိုးညှင်းစွာ ပြောလိုက်လေသည်။

​စုမင်မှာ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ သူမသည် လူစိမ်းတစ်ယောက်နှင့် ယခုမှ ဆုံတွေ့ရခြင်း ဖြစ်သော်လည်း ထိုလူစိမ်းမှာ သူမ၏ မိသားစုဝင် တစ်ဦး ဖြစ်နေလေပြီ။ ထိုသူနှင့် ချက်ချင်း ရင်းနှီးစွာ ဆက်ဆံရန်မှာ အဆင်ပြေပါ့မလား။

​"စကားပြောရတာ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်။ ဒါက ငါ့အတွက်တော့ အသစ်အဆန်း ဖြစ်နေလို့ပါ။ မင်းက ငါ့အတွက် လူစိမ်းတစ်ယောက် ဖြစ်နေသေးတယ်လေ။ ငါတောင် မသိတဲ့လူတစ်ယောက်နဲ့ ငါ့သမီး လက်ထပ်လိုက်ပြီဆိုတော့ စိတ်ထဲမှာ နည်းနည်းတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်မိတာပေါ့" စုမင်က လုံချန်းအား ပြောလိုက်၏။

​"ဟုတ်ကဲ့ပါ" လုံချန်းက ခေါင်းညိတ်လိုက်သည်။

​"ဒါပေမဲ့လည်း မင်းက မင်ယုရဲ့ ခင်ပွန်းပဲလေ။ ငါ့ကို ယောက္ခမလို့ ခေါ်နေစရာ မလိုပါဘူး။ သူ ခေါ်သလိုပဲ မယ်တော်လို့ပဲ ခေါ်ပါ" စုမင်က လုံချန်းအား ဆက်လက် ပြောကြားလေသည်။

​'အဲ... ဟုတ်ကဲ့ မယ်တော်' လုံချန်းက ချက်ချင်းပင် ပြင်၍ ခေါ်လိုက်၏။

​သူ့အဖို့တော့ ဖြစ်ပျက်နေသမျှမှာ အလွန်ပင် စိတ်ကသိကအောက် ဖြစ်စရာ ကောင်းလှပေသည်။ သူက ယောက္ခမ တစ်ယောက်ကို မယ်တော်ဟု ခေါ်နေရချိန်တွင် နောက်ထပ် ယောက္ခမ တစ်ယောက်မှာမူ သူ၏ ဇနီးသည် ဖြစ်နေသည် မဟုတ်လော။ အရာအားလုံးက ရှုပ်ထွေးပွေလီလှပေသည်။

​သူသည် ရှေ့မှ အမျိုးသမီးအား မယ်တော်ဟု ခေါ်ရသည်ထက် ယောက္ခမဟုသာ ခေါ်ရန် ပို၍ နှစ်သက်သော်လည်း သူမကိုယ်တိုင်က မယ်တော်ဟု ခေါ်ရန် တောင်းဆိုနေသဖြင့် သူ နာခံလိုက်ရုံသာ ရှိတော့သည်။

​"ဒီလိုမှပေါ့။ မင်းအကြောင်း ပိုသိနိုင်အောင် ငါ မြန်မြန် နေကောင်းအောင် ကြိုးစားပါ့မယ်။ ငါ့သမီးက မင်းကို ရွေးချယ်ခဲ့တာဆိုတော့ မင်းဟာ အတော်ဆုံး အမျိုးသားတွေထဲက တစ်ယောက် ဖြစ်မယ်ဆိုတာ ငါ ယုံကြည်ပြီးသားပါ" စုမင်က လုံချန်းအား ပြောလိုက်၏။

​သူမသည် လုံချန်းထံသို့ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သော်လည်း မမှီခဲ့ချေ။

​"အနားကို တိုးလာပါဦး" သူမက ဆိုသည်။

​လုံချန်းကလည်း စုမင်၏ အနားသို့ တိုးကပ်သွားလိုက်လေသည်။

​သူ အနားသို့ ရောက်ရှိသွားသောအခါ ထိုအမျိုးသမီး၏ လက်များက သူ့ထံသို့ ရောက်ရှိလာ၏။ သူမသည် လုံချန်း၏ ပါးပြင်ကို အုပ်ကိုင်လျက် အလွန်ပင် လေးနက်သော လေသံဖြင့် ဆိုသည်။ "ငါ့သမီးကို အမြဲတမ်း ဂရုစိုက်ပေးပါ။ ငါ့ရဲ့ မင်းသမီးလေးကို ဘယ်တော့မှ ငိုအောင် မလုပ်ပါနဲ့"

​"သူ့ကို ဘယ်တော့မှ ငိုအောင် မလုပ်ပါဘူးလို့ ငါ့ကို ကတိပေးပါ..." သူမက ထပ်လောင်း ပြောကြားလိုက်လေသည်။

​'ဒီလို ကတိမျိုးလား' လုံချန်းသည် တွေးတောရင်း ငိုင်ကျသွားမိ၏။

​သူက သူမကို ငိုအောင် လုပ်ချင်နေသည်တော့ မဟုတ်ပေ။ သို့သော် သူသည် အနာဂတ်ကို မမြင်နိုင်ချေ။ အကယ်၍ တစ်စုံတစ်ရာကြောင့် သူက သူမကို မတော်တဆ ငိုအောင် လုပ်မိသွားလျှင်ရော။ သူသည် ကတိစကားကို အလွန် လေးစားလိုက်နာသူ တစ်ဦး ဖြစ်သည်။ သူသည် မတည်နိုင်မည့် ကတိမျိုးကို မပေးချင်ပေ။

​လုံချန်း၏ တွန့်ဆုတ်နေမှုကို မြင်သောအခါ စူမင်သည် မျက်မှောင်ကြုတ်သွား၏။ ဤမျှ ရိုးရှင်းသော ကတိမျိုးကိုပင် သူ မပေးနိုင်ဘူးတဲ့လား။

​ဧကရာဇ်သည်လည်း အံ့ဩသွားရလေသည်။

​"ဘာဖြစ်တာလဲ။ မင်း ဘာလို့ ကတိမပေးတာလဲ။ မင်းက သူ့ကို ငိုအောင် လုပ်မယ်လို့ ပြောချင်တာလား" သူက လေးနက်စွာ မေးမြန်းလိုက်လေတော့သည်။

All Chapters