အခန်း (၉၇၇-၉၇၈)
Vol. 95 Ch. 977-978
အခန်း (၉၇၇) လှည့်ကွက်
"အဲလို မဟုတ်ပါဘူး။ ကျွန်တော်က မရည်ရွယ်ဘဲနဲ့ သူ့ကို ငိုအောင် လုပ်မိသွားရင် ဘယ်လိုလုပ်မလဲလို့ တွေးနေမိလို့ပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ အရာမျိုးအပေါ်မှာ ကျွန်တော် ကတိမပေးချင်လို့ပါ" လုံချန်းက အားလုံးကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်လေသည်။
ထိုသည်က ကြီးမားသည့် ကိစ္စရပ်တစ်ခုတော့ မဟုတ်ပေ။ သူ၏ စိုးရိမ်ပူပန်မှုကလည်း ကျိုးကြောင်းဆီလျော်မှု ရှိလှသည်။ သူတို့ နားလည်ပေးလိမ့်မည်ဟု သူ ယုံကြည်သည်။
"သူ့ကို ရည်ရွယ်ချက်ရှိရှိ ဘယ်တော့မှ ငိုအောင် မလုပ်ပါဘူးလို့တော့ ကျွန်တော် ကတိပေးနိုင်ပါတယ်။ ဒါဆိုရင်ရော အဆင်ပြေမလား" သူက ကလေးငယ်တစ်ယောက်ကဲ့သို့ အပြစ်ကင်းသော မျက်ဝန်းများဖြင့် မေးလိုက်၏။
ဧကရာဇ်မှာ လုံချန်းအား ကြောင်တောင်တောင်ဖြင့် ကြည့်နေမိတော့သည်။ ထိုကောင်က ထိုအရာကို စိုးရိမ်နေသည်လော။
ဤမျှထိ ထုံအ,လှသည့်အတွက် သူ့ကို ပါးရိုက်ပစ်ချင်စိတ်ပင် ပေါက်သွားမိသည်။ ကတိဆိုသည်က ရည်ရွယ်ချက်ရှိရှိ ငိုအောင်မလုပ်ဖို့ကို ဆိုလိုခြင်း မဟုတ်လော။
"ရပါတယ်။ သူ့ကို ရည်ရွယ်ချက်ရှိရှိ နာကျင်စေမယ့်၊ ငိုကြွေးစေမယ့် အရာမျိုး ဘယ်တော့မှ မလုပ်ပါဘူးလို့ပဲ ကတိပေးပါ" စုမင်က ပြင်၍ ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ ကျွန်တော် ကတိပေးနိုင်ပါတယ်" လုံချန်းက ခေါင်းညိတ်လိုက်၏။
သူသည် မိမိအား ကြည့်နေသော မင်ယုဘက်သို့ လှည့်ကြည့်လိုက်သည်။
"နင် ကတိပေးနေစရာ မလိုပါဘူး။ နင်က အဲလိုလူမျိုး မဟုတ်ဘူးဆိုတာ ငါ ယုံကြည်ပြီးသားပါ။ ကတိတွေ ဘာတွေ ပေးမနေပါနဲ့တော့" မင်ယုက တိုးညှင်းစွာ ဆိုသည်။ သူမသည် လုံချန်းအပေါ် ယုံကြည်မှု အပြည့်ရှိပြီး သူ့ကို မည်သည်မျှ အတင်းအကျပ် မလုပ်စေလိုပေ။
သူမသည် မိဘများကိုလည်း လုံချန်းအား အတင်းအကျပ် မလုပ်ရန် ပြောဆိုဖို့ ပြင်လိုက်သော်လည်း သူမ စကားမပြောရသေးခင်မှာပင် လုံချန်းက ဆက်ပြောလိုက်၏။
"သူ့ကို သိလျက်နဲ့ ငိုအောင် မလုပ်ဘူးလို့ရော သူ့ကို ဝမ်းနည်းစေမယ့် အရာမျိုး မလုပ်ဘူးလို့ရော ကျွန်တော် ကတိပေးပါတယ်" လုံချန်းက ကတိပြုလိုက်လေသည်။
ထိုသို့ ကတိပေးရန် သူ မည်သည့် ပြဿနာမျှ မရှိပေ။ သို့သော် သူက အခြေအနေတစ်ခုကိုတော့ ထည့်သွင်းလိုက်သေး၏။
"တကယ့်ကို မလွဲမရှောင်သာ လိုအပ်လာတဲ့ အခြေအနေမျိုးကလွဲလို့ပေါ့။ တကယ်လို့ မင်ယုကို အန္တရာယ် မကျရောက်စေဘဲ တစ်ယောက်ယောက်ရဲ့ အသက်အန္တရာယ်နဲ့ ဆိုင်လာတဲ့ ကိစ္စမျိုးဆိုရင်တော့ ကျွန်တော် လုပ်မိကောင်း လုပ်မိနိုင်ပါတယ်" သူက ဖြည့်စွက်ပြောလိုက်သည်။
မင်ယုသည် ထိုစကားကို ကြားသော်လည်း စိတ်ထဲ လုံးဝ မထားပေ။ သို့သော် သူ၏ ထိုအခြေအနေ တောင်းဆိုချက်ကြောင့် သူမ၏ မိဘများ စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို သူမ စိုးရိမ်မိသည်။ ထို့ကြောင့် ဤကိစ္စကို ဆက်မတွေးမိစေရန် သူမက စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"ဒါနဲ့ မယ်တော်... အစ်ကို ပြန်ရောက်လာပြီလို့ ကြားတယ်။ သူ ဒဏ်ရာတွေ ဘာတွေ ရလာသေးလဲဟင်၊ ဒါမှမဟုတ် သူလည်း ဘေးကင်းရဲ့လား" သူမက မေးလိုက်၏။
သမီးဖြစ်သူက စကားလမ်းကြောင်း လွှဲနေသည်ကို သူမ၏ မယ်တော်က ရိပ်မိသော်လည်း မည်သည်မျှ မပြောတော့ချေ။ လုံချန်း၏ ကတိစကားမှာ မမှားကြောင်းလည်း သူမ သိရှိပေသည်။
တစ်စုံတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်မည့် ဆုံးဖြတ်ချက်မျိုး ဖြစ်နေပါက မင်ယု စိတ်မကောင်းဖြစ်ရလျှင်ပင် မင်ယုကို အန္တရာယ် မပေးသရွေ့တော့ အဆင်ပြေလှပေသည်။ လုံချန်းက ဤအချက်ကို သေချာစွာ ထည့်သွင်း ပြောကြားသွားခဲ့သည်။
သူမအနေဖြင့် ထိုကတိအပေါ် မည်သို့မျှ ပြောစရာ မရှိသော်လည်း သမီးဖြစ်သူ၏ စကားလမ်းကြောင်း လွှဲမှုကို အောင်မြင်သွားဟန်ဆောင်ကာ လိုက်လျောပေးလိုက်လေသည်။
"ဟုတ်တာပေါ့... သူ ပြန်ရောက်နေပါပြီ။ နတ်ဘုရားတွေရဲ့ ကျေးဇူးကြောင့် သူလည်း နင့်လိုပဲ ဘေးကင်းပါတယ်... အဟွတ်... အဟွတ်..."
စုမင်က သမီးဖြစ်သူအား ပြန်လည် ဖြေကြားနေစဉ်မှာပင် စကားမဆုံးသေးမီမှာပင် တဟွတ်ဟွတ်နှင့် ပြင်းပြင်းထန်ထန် ချောင်းဆိုးလေတော့သည်။
"မယ်တော်"
မင်ယုက စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး မယ်တော်၏လက်ကို ဆုပ်ကိုင်၍ ပွတ်သပ်ပေးလေတော့သည်။
"ငါ... ငါ နေကောင်းပါတယ်။ နည်းနည်း ပင်ပန်းသွားလို့ပါ။ မကြာခင်ကမှ ဆေးသောက်ထားလို့ ထင်တယ်" စုမင်က အားနည်းစွာ ပြောလိုက်၏။
"ရော့... ရေလေး နည်းနည်း သောက်လိုက်ပါဦး" ဧကရာဇ်က စုမင်၏ လည်ပင်းကို အနောက်မှ ထိန်းကိုင်ကာ သူမကို ထိုင်ခိုင်းလိုက်ပြီး ဘေးမှ ရေဖန်ခွက်အား သူမ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်လေသည်။
စုမင်သည် ရေအနည်းငယ် သောက်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ပြန်လည် လျောင်းစက်လိုက်၏။
"ကဲ... စကားပြောတာ ဒီလောက်ဆို တော်ပါပြီ။ မင်း အနားယူတော့။ ငါတို့သမီးလည်း ခရီးဝေးက ပြန်လာတာဆိုတော့ အနားယူဖို့ လိုလိမ့်မယ်။ သူတို့အတွက် အဆောင်တွေကို ငါ လိုက်ပြပေးပါ့မယ်" ဧကရာဇ် လုကျွင်းဝေက ဇနီးသည်၏ ပါးပြင်ကို ပွတ်သပ်ရင်း ပြောလိုက်လေသည်။
စုမင်က အားနည်းစွာ ခေါင်းညိတ်ပြ၏။
"အနားယူလိုက်ဦး၊ မနက်ကျမှ မယ်တော့်ဆီ ပြန်လာခဲ့နော်" သူမက မျက်လုံးမမှိတ်မီ မင်ယုကို မှာကြားလိုက်လေသည်။
"သွားကြစို့"
ဧကရာဇ် လုကျွင်းဝေသည် သမီးဖြစ်သူနှင့် သမက်ဖြစ်သူကို ခေါ်ဆောင်ကာ အခန်းအတွင်းမှ ထွက်ခဲ့ပြီးနောက် သမီးဖြစ်သူ၏ အဆောင်သို့ ခေါ်သွားလေသည်။
ဧကရာဇ်၊ မင်ယုနှင့် လုံချန်းတို့ အဆောင်ရှေ့တွင် ရပ်နေကြစဉ် ဧကရာဇ်က မင်ယု၏ ခေါင်းကို ပွတ်သပ်ပေးနေ၏။
"သမီး တကယ် ပြန်ရောက်လာပြီဆိုတာကို အဖေ အခုထိ မယုံနိုင်သေးဘူး။ ဒီအချိန်တွေ အကုန်လုံးက အိမ်မက်တစ်ခုလိုပဲ။ အဖေ ထွက်သွားပြီးရင် သမီး ပြန်ပျောက်မသွားဘူး မဟုတ်လား" ဧကရာဇ် လုကျွင်းဝေက မေးလိုက်သည်။
"သမီး တကယ် ပြန်ရောက်နေတာပါ ခမည်းတော်။ စိတ်မပူပါနဲ့၊ သမီး ခမည်းတော်ကို ပစ်မသွားတော့ပါဘူး" မင်ယုက ပြန်လည် ဖြေကြားရင်း ဖခင်ဖြစ်သူကို နောက်တစ်ကြိမ် ဖက်လိုက်လေသည်။ ထို့နောက် လုံချန်း၏လက်ကို ဆွဲကာ အဆောင်အတွင်းသို့ ဝင်ရန် ပြင်လိုက်၏။
"နေဦး... သူ့ကို အထဲ ခေါ်သွားလို့ မရဘူး" ဧကရာဇ် လုကျွင်းဝေက လုံချန်း၏ နောက်ထပ် လက်တစ်ဖက်ကို ဆွဲ၍ တားဆီးလိုက်လေသည်။
"ဘာလို့လဲ ခမည်းတော်" မင်ယုက လှည့်ကြည့်ကာ မေးလိုက်၏။ "သူက သမီးရဲ့ ခင်ပွန်းပဲလေ။ သူက သမီးနဲ့အတူ အထဲ မလိုက်ရဘူးလား"
"အဲဒါကတော့... ဟုတ်တာပေါ့၊ သူ ဝင်လို့ရပါတယ်။ ဒါပေမဲ့... ဒါတွေက ရုတ်တရက်ကြီး ဖြစ်ကုန်တာလေ။ သမီးမှာ ခင်ပွန်းရှိနေမှန်း အဖေ ခုမှ သိရတာ။ အခြေအနေကို လက်ခံနိုင်ဖို့ အဖေမှာ အချိန်နည်းနည်း လိုသေးတယ်။ အဖေ့ကို နှစ်ရက်လောက် အချိန်ပေးပါ။ နှစ်ရက်ကြာပြီးရင်တော့ သမီးတို့ အတူတူ နေလို့ရပါပြီ။ အဲဒီအချိန်ကျရင်တော့ အဖေ့ ခေါင်းကလည်း ဒါကို လက်ခံနိုင်သွားမှာပါ" ဧကရာဇ်က အနည်းငယ် အနေရခက်စွာ ပြုံးရင်း ပြောလိုက်လေသည်။
"ဒါပေမဲ့..." မင်ယုက ကန့်ကွက်ရန် ပြင်လိုက်သော်လည်း လုံချန်းက သူမကို ကြားဖြတ် တားမြစ်လိုက်ပြန်သည်။
"အရှင်မင်းမြတ် ဒီလို ဖြစ်စေချင်တယ်ဆိုရင်တော့ ကျွန်တော် သဘောတူပါတယ်။ နှစ်ရက်ဆိုတာ ခဏလေးပါပဲ"
မင်ယုက လုံချန်းအား အံ့ဩတကြီး ကြည့်လိုက်သော်လည်း ငြင်းဆို၍ မရတော့ချေ။ သူကိုယ်တိုင်က သဘောတူလိုက်ပြီ မဟုတ်ပါလော။
"ကောင်းပါပြီ" သူမကလည်း သဘောတူလိုက်၏။ "နှစ်ရက်တိတိ သူနဲ့ အဆောင်တစ်ခုတည်းမှာ အတူမနေဘူးလို့ ကတိပေးပါတယ်"
"ဒါပေမဲ့ သူ ဘယ်မှာ နေရမှာလဲ" ဖခင်ဖြစ်သူအား မေးလိုက်၏။
"သူက အဖေ့အဆောင်ရဲ့ ဘေးကပ်လျက် အခန်းမှာ နေရမှာပါ။ စိတ်မပူပါနဲ့။ အဲဒီအခန်းက အဖေ့အခန်းလိုပဲ အသုံးအဆောင်တွေ အကုန်ပြည့်စုံတာမို့ သူ အဆင်ပြေပြေ နေနိုင်မှာပါ" ဧကရာဇ်က သမီးဖြစ်သူအား အသိပေးလိုက်လေသည်။
"ကောင်းပါပြီ"
"လာ... ကောင်လေး... သွားကြစို့" ဧကရာဇ်က လုံချန်းအား ခေါ်ဆောင်ကာ ထွက်ခွာခဲ့လေတော့သည်။
လုံချန်းသည် ခေါင်းညိတ်ပြကာ ဧကရာဇ်၏ အနောက်သို့ လိုက်ပါသွား၏။
သူ့အား နန်းတော်၏ အခြားတစ်နေရာသို့ ခေါ်ဆောင်သွားရာ ထိုနေရာမှာ ဧကရာဇ် နေထိုင်ရာ ဖြစ်သဖြင့် အစောင့်အကြပ်များမှာ ပို၍ပင် ထူထပ်လှပေသည်။ ဤလူကြီးက အဘယ်ကြောင့် သူ့အနားတွင် အခန်းပေးသည်ကို လုံချန်း ရိပ်မိလိုက်၏။
အသုံးအဆောင်များ ပြည့်စုံ၍တော့ မဟုတ်တန်ရာ။ လုံခြုံရေးကြောင့်သာ ဖြစ်ပေလိမ့်မည်။ သူ မသိဘဲ လုံချန်းက သမီးဖြစ်သူထံသို့ ခိုးထွက်သွားမည်ကို ဤလူကြီးက မလိုလားပေ။
ထို့ကြောင့်ပင် အစောင့်အကြပ် အထူထပ်ဆုံးနေရာတွင် အခန်းပေးထားခြင်း ဖြစ်၏။
"ဒါက မင်းရဲ့အခန်းပဲ။ အနားယူတော့။ မနက်ကျမှ တွေ့ကြတာပေါ့" ဧကရာဇ်က အခန်းတစ်ခန်းကို ညွှန်ပြရင်း ပြောလိုက်လေသည်။
လုံချန်းသည် ဧကရာဇ်အား နှုတ်ဆက်ကာ မည်သည့် ပြဿနာမျှ မဖန်တီးဘဲ အခန်းအတွင်းသို့ ဝင်ရောက်လိုက်၏။
သို့သော် သူ အထဲရောက်သွားသော်လည်း တံခါးနှင့် ဝေးရာသို့ မသွားသေးပေ။ သူ၏ သံသယကို အတည်ပြုရန်အတွက် တံခါးအနီးတွင်ပင် ရပ်နေလိုက်သည်။
"ဒီည သူ့ကို အပြင်ထွက်ခွင့် မပေးနဲ့"
ဧကရာဇ်က အစောင့်များကို မှာကြားနေသံကို သူ ကြားလိုက်ရလေသည်။
'ဟင်း... ယောက္ခမကြီးရာ... ယောက္ခမကြီးကတော့ သမက်ကို အထင်သေးလွန်းနေသေးတာပဲ' တွေးတောရင်း လုံချန်းသည် ကုတင်ဆီသို့ လျှောက်လှမ်းသွားလေတော့သည်။
အခန်း (၉၇၈) ခိုးထွက်ခြင်း
လုံချန်းသည် ကုတင်ပေါ်တွင် ထိုင်ရင်း ပြုံးလိုက်မိသည်။ အပြင်ဘက်က အစောင့်များနှင့် သူ့ကို တားဆီးနိုင်မည်ဟု တစ်စုံတစ်ယောက်က ထင်မှတ်နေခြင်းသည် တကယ်ကို ရယ်စရာကောင်းလှပေသည်။
သူသည် ဟင်းလင်းပြင် နိယာမကို ထိန်းချုပ်နိုင်သူ ဖြစ်ရာ ဤမျှလောက်ကတော့ သူ့အတွက် ဘာမှမဟုတ်ချေ။ ဤနေရာက ထွက်ဖို့နေနေသာသာ၊ မင်ယု၏ အဆောင်တံခါးရှေ့သို့ပင် မျက်စိတစ်မှိတ်အတွင်း ရောက်အောင်သွားနိုင်စွမ်း ရှိသူဖြစ်သည်။
သို့သော်လည်း အချိန်စောလွန်းသေးကြောင်း သူသိသည်။ အနည်းဆုံးတော့ မင်ယုဖခင် အိပ်ပျော်သွားသည်အထိ သူ စောင့်ရပေဦးမည်။
သူသည် မင်ယုဖခင်အား စောင့်ကြည့်ရန်အတွက် ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ရာ မိမိအခန်းသာမက ဘေးပတ်ပတ်လည်ရှိ အခန်းများပါ လွှမ်းခြုံသွားလေတော့သည်။
လုံချန်း၏ ဝိညာဉ်အာရုံသည် သာမန်ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံထက် ပို၍ ကျယ်ပြန့်ရုံသာမက ပို၍လည်း လျှို့ဝှက်လှသည်။ သူ့ထက် အဆင့်မြင့်သော ကျင့်ကြံသူများပင်လျှင် လုံချန်း၏ စောင့်ကြည့်ခြင်းကို ခံနေရမှန်း ရိပ်မိနိုင်စွမ်း မရှိကြချေ။
ဧကရာဇ်သည် လုံချန်းက သူ့ကို စောင့်ကြည့်နေမှန်း မသိသဖြင့် လုံချန်း၏ အကြည့်အောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
လုံချန်းသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဧကရာဇ် အိပ်ပျော်မည့်အချိန်ကို စောင့်နေမိသည်။ သူ ထွက်သွားချိန်တွင် ဧကရာဇ်က အခန်းထဲသို့ လာရောက်စစ်ဆေးမည်ကို သူ မလိုလားသဖြင့် လူမိမည့် အန္တရာယ်အား လျှော့ချရန်အတွက် ဧကရာဇ် အိပ်ပျော်သွားသည်အထိ သည်းခံစောင့်ဆိုင်းနေခြင်း ဖြစ်၏။
"ဟင်း... ဘယ်လောက်တောင် ကြာဦးမှာလဲ။ သူက တစ်ယောက်တည်း ထိုင်နေပြီး ဘာတွေ လုပ်နေတာပါလိမ့်"
ဧကရာဇ်သည် ကုတင်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး မည်သည်မျှ မလုပ်ဘဲ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသည်ကို လုံချန်း တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်မိသွားသည်။
"ဩော်... သိပြီ။ သူ ကျင့်ကြံနေတာပဲ။ ဒီလိုပုံစံနဲ့ ကျင့်ကြံတာလား... စိတ်ဝင်စားဖို့ကောင်းပြီး အသစ်အဆန်းပါပဲလား။ ပုံမှန် အနေအထားနဲ့ ကျင့်ကြံရမှာ မဟုတ်ဘူးလား၊ အခုတော့ ကုတင်အစွန်းမှာ ထိုင်ပြီး ကျင့်ကြံနေတာကိုး"
ခေတ္တအကြာတွင် ထိုလူကြီး မည်သည်များ လုပ်နေသည်ကို လုံချန်း သဘောပေါက်သွားလေသည်။
သူသည် ကျင့်ကြံနေခြင်း ဖြစ်သဖြင့် အချိန်အတော်ကြာ အိပ်ပျော်ဦးမည် မဟုတ်သော်လည်း ကျင့်ကြံခြင်းကိုလည်း အလွယ်တကူ လက်စသတ်မည် မဟုတ်ပေ။ ထို့ကြောင့် သူ ဘေးကင်းသွားပြီ ဖြစ်၏။
"အခုတော့ ထွက်သွားလို့ ရပြီ ထင်တာပဲ။ တကယ်လို့ သူက ကျင့်ကြံတာကို ရပ်ပြီး ငါ့ကို လာစစ်ရင်တော့ ငါ့ရဲ့ ကံဆိုးမှုလို့ပဲ မှတ်ရတော့မှာပေါ့" ထိုသို့ တွေးရင်း လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ၊ ငါက ကြီးမားတဲ့ ပြစ်မှုတစ်ခု ကျူးလွန်နေတာမှ မဟုတ်တာ။ ငါ့မိန်းမဆီ ငါသွားတာပဲ။ သူက သူတို့သမီး ဖြစ်နေတာကတော့ ဘာတတ်နိုင်မှာလဲ" ထိုသို့ ဆိုကာ သူ ထရပ်လိုက်လေသည်။
တစ်စက္ကန့်မျှပင် အချိန်မဖြုန်းတော့ဘဲ သူ ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။
မင်ယု၏ အဆောင်မှာ မီတာနှစ်ရာအတွင်း မရှိသဖြင့် အနီးကပ် နေရာပြောင်းခြင်းအား သုံး၍ မရသော်လည်း ဟင်းလင်းပြင် ဖြတ်သန်းခြင်းကိုလည်း သူ မသုံးချင်ပေ။
၎င်းကို တစ်နေ့လျှင် နှစ်ကြိမ်သာ သုံးနိုင်သဖြင့် အရေးပေါ် အခြေအနေများ အတွက်သာ ချန်ထားရန် သူ ဆုံးဖြတ်ထားသည်။ နန်းတော်ထဲ၌ ဆိုသော်လည်း အနာဂတ်က မည်သို့ ဖြစ်လာမည်မှန်း မသိသဖြင့် ထိုအစွမ်းကို သိမ်းဆည်းထားခြင်းကသာ ပိုကောင်းပေလိမ့်မည်။
အကောင်းဆုံး နည်းလမ်းမှာ အစောင့်များမရှိသော နေရာများကို ရွေး၍ အနီးကပ် နေရာပြောင်းခြင်းကို အကြိမ်ကြိမ် အသုံးပြုသွားရန်ပင် ဖြစ်၏။
သူသည် ဤနေရာမှ မင်ယုအဆောင်အထိ အစောင့်များ ချထားပုံကို ကြိုတင်ကြည့်ရှုပြီး ဖြစ်ရာ မည်သည့်နေရာမှ သွားရမည်အား သိနေသည်။
သူသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အနီးရှိ လူသူကင်းမဲ့သော စင်္ကြံလမ်းတစ်ခုအတွင်း မီတာတစ်ရာအကွာသို့ ရောက်ရှိသွားသည်။ သူသည် အချိန်မဆွဲဘဲ ထပ်မံ ပျောက်ကွယ်သွားကာ အခြားနေရာတစ်ခုသို့ ရောက်သွားပြန်သည်။
လူမမြင်အောင် ရှောင်တိမ်းရင်း အနီးကပ် နေရာပြောင်းခြင်းကို အကြိမ်ကြိမ် အသုံးပြုခဲ့ရာ မကြာမီမှာပင် မင်ယု၏ အဆောင်ရှေ့သို့ ရောက်ရှိသွားလေတော့သည်။
မင်ယု၏ အဆောင်ရှေ့ စင်္ကြံလမ်းတွင် အစောင့်များ မရှိသော်လည်း ထိုလမ်းသို့ လာရာလမ်းတစ်လျှောက်တွင်မူ အစောင့်များ ထူထပ်လှသည်။ ကံကောင်းထောက်မစွာဖြင့် လုံချန်းသည် နေရာပြောင်းခြင်း အစွမ်းဖြင့် ထိုသူများကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။
မင်ယု၏ အဆောင်တံခါးရှေ့တွင် ရပ်နေရင်း လုံချန်း ပြုံးလိုက်မိသည်။ ဤနေရာသို့ ရောက်ရှိလာခြင်းသည်ပင် သူ့ကို တားဆီးနိုင်မည်ဟု ထင်နေသော ယောက္ခမအပေါ် သူ အောင်ပွဲခံလိုက်ခြင်း ဖြစ်ပေသည်။
သူသည် မင်ယု၏ တံခါးကို အသာအယာ ခေါက်လိုက်ပြီး သူမ တံခါးဖွင့်အလာကို စောင့်နေလိုက်၏။
"ဘယ်သူလဲ" အတွင်းမှ မင်ယုက မေးလိုက်သည်။
လုံချန်းသည် ဖခင်ဖြစ်သူ၏ အသံနှင့် တူစေရန် အသံကို သြဇာပါအောင် လုပ်လိုက်ပြီး ပြန်ပြောလိုက်သည်။ "အဖေပါ... တံခါးဖွင့်ဦး"
"ခမည်းတော်လား" မင်ယုက အံ့ဩတကြီး ရေရွတ်လိုက်ပြီး ကုတင်ပေါ်မှ ကမန်းကတန်း ထကာ တံခါးဆီသို့ လျှောက်လာလေသည်။
သူမ တံခါးဖွင့်လိုက်သည်နှင့် တစ်စုံတစ်ယောက်၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရ၏။ သူမ အံ့အားသင့်ကာ နှုတ်ခမ်းလေး ဟသွားစဉ်မှာပင် တစ်စုံတစ်ယောက်က ထိုနှုတ်ခမ်းများကို ပိတ်ဆို့လိုက်လေတော့သည်။ သူမ၏ မျက်ဝန်းများမှာ ထိတ်လန့်မှုကြောင့် ဝိုင်းစက်သွားသော်လည်း ရှေ့မှလူမှာ လုံချန်းဖြစ်ကြောင်း သိလိုက်ရချိန်တွင် ပြန်လည် တည်ငြိမ်သွား၏။ ထိုနှုတ်ခမ်းများ၏ အရသာမှာလည်း ယခင်အတိုင်းပင် ဖြစ်ပေသည်။
လုံချန်းသည် မင်ယု၏ ခါးကို ဖက်ထားရင်း အခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်။ ကျန်လက်တစ်ဖက်ဖြင့် နောက်မှ တံခါးကို ပိတ်ရန်လည်း မမေ့ချေ။
မင်ယုသည် အသက်ကို ပြင်းပြင်းရှူရင်း လုံချန်း၏ နမ်းရှိုက်မှုမှ ရုန်းထွက်လိုက်ကာ မေးလိုက်သည်။ "နင် ဘယ်လိုလုပ် ရောက်လာတာလဲ"
"နင့်ရဲ့ ခမည်းတော်က ငါ ခိုးထွက်မလာနိုင်အောင် အစွမ်းကုန် တားဆီးထားပေမဲ့ ငါကတော့ ရောက်အောင် လာခဲ့တာပေါ့။ စိတ်မပူပါနဲ့၊ သူ သိမှာ မဟုတ်ပါဘူး" လုံချန်းက ပြန်လည် ဖြေကြားရင်း မင်ယုကို တင်းကျပ်စွာ ပွေ့ဖက်ကာ သူမ၏ ပုခုံးပေါ်သို့ ခေါင်းမှီထားလိုက်လေသည်။
"နင်နဲ့ ဘယ်လိုလုပ် ခွဲနေနိုင်မှာလဲ။ အချိန်အတော်ကြာမှ ငါတို့ အေးအေးဆေးဆေး နားနားနေနေ နေနိုင်မယ့် နေရာကို ရောက်တာလေ။ ဒီအချိန်မှာမှ အတူမရှိရင် တကယ်ကို နှမြောစရာကြီး ဖြစ်မှာပေါ့" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးရင်း တိုးတိုးလေး ဆိုလိုက်၏။
မင်ယုက လုံချန်းကို သံသယဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။ "ဒါဆို ဒီညအတွက် နင့်ရဲ့ အစီအစဉ်က ဘာလဲ"
"အစီအစဉ် ဟုတ်လား။ အဲဒါက သိသာနေတာပဲ မဟုတ်လား" လုံချန်းက ရယ်မောရင်း မေးလိုက်၏။ သူသည် မင်ယုကို ပွေ့ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး မင်းသမီးလေး တစ်ပါးကဲ့သို့ ပွေ့ချီလိုက်လေသည်။
သူသည် မင်ယုကို ချီလျက် ကုတင်ဆီသို့ လျှောက်သွား၏။ မင်ယုကတော့ အစီအစဉ်က မည်သို့ ဖြစ်ကြောင်းကို သိသွားပြီ ဖြစ်သည်။ အခုတော့ အားလုံးက သိသာလွန်းနေလေပြီ။
ထိုသည်ကို မသိပါက သူမသည် ငတုံးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
လုံချန်းသည် မင်ယုကို ကုတင်ပေါ်တွင် ညင်သာစွာ ချထားလိုက်ပြီးနောက် ပြောလိုက်သည်။ "ခဏလေးစောင့်ဦး၊ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်" ဟ
သူသည် နောက်သို့ ပြန်လှည့်ကာ ပိတ်ထားသော တံခါးဆီသို့ လျှောက်သွားသည်။ တံခါးကို သေချာစွာ ဂျက်ထိုး လော့ခ်ချလိုက်ပြီးနောက် မင်ယုထံသို့ ပြန်လာခဲ့၏။
"အခုတော့ ပိုကောင်းသွားပြီ။ ဘယ်သူမှ ငါတို့ကို လာမနှောင့်ယှက်နိုင်တော့ဘူး" သူက ညင်သာစွာ ပြောလိုက်ပြီး ဝတ်ရုံကို ချွတ်လိုက်လေသည်။ ဝတ်ရုံကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် အပေါ်အင်္ကျီကိုပါ ထပ်မံ ချွတ်လိုက်ပြန်သည်။
အင်္ကျီကို ချွတ်လိုက်ချိန်တွင် အချိန်နှင့်အမျှ ပို၍ ကျစ်လျစ်လာသော သူ၏ ကြွက်သားများမှာ မင်ယု၏ မျက်စိရှေ့တွင် အထင်သား ပေါ်ထွက်လာ၏။
လုံချန်းသည် မင်ယု၏ အပေါ်သို့ တက်လိုက်ရာ မင်ယုကလည်း သူ၏ ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်ပေးနေမိသည်။
မင်ယုသည် စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် လုံချန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရင်း ဆိုသည်။
"ငါ့အတွက် ဒီလောက်အထိ လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နင်က ငါ့အသက်ကို ကယ်ခဲ့ရုံတင်မကဘူး၊ အိမ်ကိုပါ အရောက်ပြန်ပို့ပေးခဲ့တာ။ နင်သာ မရှိရင် ဒါတွေက ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ ဒါတွေ ဖြစ်လာဖို့အတွက် နင် အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတာပဲ"