အခန်း (၉၇၉-၉၈၀)
Vol. 95 Ch. 979-980
အခန်း (၉၇၉) ဆုံးရှုံးသွားသော စွမ်းအားများ
"အဲဒီအတွက် ကျေးဇူးတင်စကား ပြောဖို့ လိုလို့လား။ ကိုယ့်မိန်းမအတွက် ဒီလောက်လေးတောင် မလုပ်ပေးနိုင်ရင် ငါက ဘယ်လိုလုပ် ယောက်ျားပီသပါ့မလဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
လုံချန်း၏ စကားကြောင့် မင်ယု၏ ရင်ခုန်သံမှာ တစ်ချက်မျှ တုံ့ဆိုင်းသွားရ၏။
"နင် သိလား... ငါ နင့်ကို ပြောစရာ တစ်ခုရှိတယ်" မင်ယုက သူမ၏ အကြည့်ကို အောက်သို့ နှိမ့်ချရင်း တိုးတိုးလေး ဆိုလိုက်သည်။ သို့သော် သူမ၏ အကြည့်မှာ သူ၏ ခါးဆီသို့ ရောက်သွားသည်ကို သတိပြုမိသွားချိန်တွင် ရှက်သွေးဖြန်းလျက် အကြည့်အား ပြန်လည် မြှင့်လိုက်ရပြန်သည်။
"ဘာပြောမလို့လဲ။ အရာအားလုံးကို ငါ့ကို ပြောပြလို့ ရပါတယ်" လုံချန်းက ဆိုရင်း ရဲတက်နေသော သူမ၏ ပါးပြင်လေးကို ညင်သာစွာ ထိတွေ့လိုက်သည်။
မင်ယုသည် အောက်သို့ ထပ်မံ မကြည့်ရဲတော့ဘဲ လုံချန်း၏ မျက်ဝန်းများကိုသာ စိုက်ကြည့်နေမိတော့၏။
သူမသည် သူ၏ နက်ရှိုင်းသော မျက်ဝန်းများကို စိုက်ကြည့်ရင်း သူမ၏ ပါးပြင်ပေါ်ရှိ သူ၏ လက်ပေါ်သို့ သူမလက်ကလေးအား တင်လိုက်လေသည်။
စိုစွတ်နေသော မျက်ဝန်းအစုံဖြင့် သူမက စတင် ပြောကြားလိုက်၏။ "ငါ ဒါကို ခဏခဏ မပြောဖြစ်ဘူးဆိုတာ သိပေမဲ့ ငါ နင့်ကို တကယ် ချစ်တာပါ။ ဘယ်လောက်တောင် ချစ်လဲဆိုတာ ဖော်ပြဖို့တောင် မတတ်နိုင်ဘူး။ ငါ့ဘဝထဲကို ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်"
လုံချန်းသည် သူမ၏ စကားကို ကြားသောအခါ မပြုံးဘဲ မနေနိုင်တော့ချေ။ သူသည် ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ ပါးပြင်လေးကို အသာအယာ နမ်းရှိုက်လိုက်သည်။
"ငါ့ဘဝထဲကို ရောက်လာပေးတဲ့အတွက် ငါကပဲ ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား။ ငါ တစ်ယောက်တည်း ခရီးနှင်နေချိန်မှာ နင်က ကောင်းကင်တမန် တစ်ပါးလို ရုတ်တရက် ပေါ်လာခဲ့တာလေ။ ဒီခရီးမှာ နင်က ငါ့ရဲ့ အဖော် ဖြစ်ပေးခဲ့သလို နင်ကိုယ်တိုင်တောင် မသိနိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ငါ့ကို ကူညီပေးခဲ့တာ" သူက သူမ၏ နှုတ်ခမ်းလွှာများကို လွှတ်ပေးရင်း ညင်သာစွာ ဆိုလိုက်သည်။
"တကယ်တော့ ငါ့ဘဝထဲမှာ နင်သာ မရှိရင် အခုလောက်အထိ အောင်မြင်မှုတွေ ရပါ့မလားတောင် မသိဘူး။ ငါ့ဘဝထဲ ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့... ငါက နင့်ကို ပိုချစ်ပါတယ်" လုံချန်းက ကြေညာလိုက်ပြီးနောက် မင်ယု၏ ရဲတက်နေသော နှုတ်ခမ်းလေးများကို နောက်တစ်ကြိမ် ထပ်မံ နမ်းရှိုက်လိုက်လေတော့သည်။
ဝေးလံသော နေရာတစ်နေရာတွင် လူအများဖြင့် ပြည့်နှက်နေသော မြို့အတွင်းသို့ မြင်းရထားတစ်စီး ဖြတ်သန်း မောင်းနှင်နေ၏။ ထိုမြင်းရထားမှာ အခြေအနေ အတော်ပင် ပျက်စီးနေပြီး ချမ်းသာသော မိသားစုဝင် တစ်ဦးဦး ပိုင်ဆိုင်သည့်ပုံ မရပေ။
၎င်းမှာ ခရီးသည်များကို ဈေးနှုန်းချိုသာစွာဖြင့် တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးနေသည့် သာမန် အရပ်သားသုံး မြင်းရထားမျှသာ ဖြစ်သည်။
ရထားအတွင်း၌ ခရီးသည် ဆယ်ဂဏန်းမက ပြည့်နှက်နေပြီး အမှန်တကယ်ပင် အလွန် ကျပ်ညပ်နေလေသည်။
လူအုပ်ကြီးအကြားတွင် ကောင်လေးတစ်ယောက်မှာ နေရာလပ် မရှိသဖြင့် ညှပ်မိနေ၏။
သို့သော် ထိုကောင်လေးမှာ အမှန်တကယ် ကောင်လေးတစ်ယောက် မဟုတ်ချေ။ သူသည် အသက်ရာချီ နေထိုင်လာခဲ့သော်လည်း ကလေးငယ်တစ်ဦး၏ ပုံသဏ္ဌာန် ပေါက်နေသူသာ ဖြစ်သည်။
သူသည် ပျက်စီးသွားခဲ့ပြီ ဖြစ်သော နတ်ကောင်းကင်ဘုံဂိုဏ်းမှ အခု ၂၀ မြောက် ကျေးဇူးတင် တံဆိပ်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ ရှူလျန်နှင့် လုံချန်းတို့ကို တိုက်ခိုက်စေရန် လုံချန်းအပေါ် လှည့်ကွက်ဆင်ခဲ့သူလည်း ဖြစ်ပေသည်။
ကံမကောင်းစွာဖြင့် သူ၏ အစီအစဉ်များမှာ ထင်သလို ဖြစ်မလာခဲ့ချေ။ လုံချန်းမှာ ရှူလျန်၏ လက်ချက်ဖြင့် သေဆုံးလုနီးပါး ဖြစ်နေချိန်တွင် တစ်စုံတစ်ယောက်၏ ပူးကပ်ခြင်းကို ခံလိုက်ရပုံပေါ်သည်။
လုံချန်းသည် သူ ယခုတိုင် နားမလည်နိုင်သော အံ့ဖွယ် ကိစ္စရပ်များကို လုပ်ဆောင်သွားခဲ့သည်။ လုံချန်းသည် ရှူလျန်ကို သတ်ပစ်ခဲ့ရုံတင်မကဘဲ မည်သူမျှ မမြင်နိုင်သည့် အနေအထားတွင် ထိုသို့ လုပ်ဆောင်သွားခဲ့ခြင်း ဖြစ်၏။
ထို့တင်မကသေးဘဲ လုံချန်းသည် အံ့ဖွယ်အစွမ်း တစ်ခုအား အသုံးပြု၍ ဝူလျာကို လူသူကင်းမဲ့သော နေရာတစ်ခုသို့ ပို့ဆောင်လိုက်ချိန်တွင် အခြေအနေများမှာ ပို၍ ဆိုးရွားသွားခဲ့သည်။
ဝူလျာသည် အချိန်နိယာမကို ပိုင်ဆိုင်ထားသကဲ့သို့ တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းနိုင်သည့် စွမ်းအားလည်း ရှိသည်။ ထို့ကြောင့်ပင် သူသည် ကမ္ဘာအမျိုးမျိုးသို့ လှည့်လည်သွားလာနိုင်ပြီး လုံချန်း၏ အနားသို့လည်း ပေါ်လာနိုင်ခြင်း ဖြစ်၏။
လုံချန်းနှင့် ရင်ဆိုင်ပြီးနောက် ကန္တာရထဲတွင် သူ ပြန်လည် နိုးထလာချိန်၌ သူ၏ စွမ်းအားများ ဆုံးရှုံးသွားသည်ကို သိလိုက်ရသည်။ သူသည် အချိန်နိယာမ စွမ်းအားများကို အသုံးမပြုနိုင်တော့သကဲ့သို့ ဟင်းလင်းပြင် ကူးပြောင်းခြင်းလည်း လုပ်၍ မရတော့ပေ။
သူ၏ အခြေခံ ခွန်အားအချို့ ကျန်ရှိနေသေးသော်လည်း အချိန်ကို ရပ်တန့်ခြင်းနှင့် နေရာရွှေ့ပြောင်းခြင်း ကဲ့သို့သော အစွမ်းမျိုး မရှိတော့ချေ။
သူသည် နေရာရွှေ့ပြောင်း၍ မရတော့သဖြင့် မိမိ၏ လိုရာခရီးသို့ ရောက်ရန် ရက်ပေါင်းများစွာ ခရီးနှင်နေရလေသည်။
ဤရှည်လျားသော ခရီးတစ်လျှောက်တွင် သူ၏ စိတ်ထဲ၌ မေးခွန်းတစ်ခုသာ ထပ်ခါတလဲလဲ ပေါ်ပေါက်နေခဲ့သည်။
'သူ ဘယ်လိုလုပ်လိုက်တာလဲ'
သူ၏ စွမ်းအားများကို ရုတ်သိမ်းလိုက်ခြင်းမှာ မဖြစ်နိုင်သောအရာပင်။ သူ မည်သို့ လုပ်ခဲ့သနည်း။ သူက တကယ်တမ်း မည်သူနည်း။ သူ အနည်းငယ် ခန့်မှန်းထားသော်လည်း လုံချန်း လုပ်ဆောင်သွားခဲ့သမျှမှာ ဖြစ်နိုင်ခြေများထက် ကျော်လွန်နေခဲ့သည်။
'ငါ တစ်ခုခု လုပ်မှ ဖြစ်မယ်။ ငါ့ရဲ့ စွမ်းအားအများစုကို သုံးလို့မရတော့ပေမဲ့ သူ့ကိုတော့ သတိပေးလို့ ရသေးတယ်။ ငါတို့တွေ ပေါင်းပြီး တစ်ခုခု ကြံစည်ရမယ်။ သူက ဘာလို့များ ဖုန်းရှုမှာ ရှိနေရတာလဲ။ အခု ငါ နေရာရွှေ့ပြောင်းလို့ မရတော့တာက အလုပ်ရှုပ်စေတယ်။ ဟင်း... ငါ အခုတော့ အခြေအနေတွေကို ရှုပ်ထွေးအောင် လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြရတော့မှာပေါ့' တွေးတောရင်း သူ ခေါင်းခါလိုက်မိသည်။
သူသည် ကြယ်တာရာ အင်ပါယာသို့ မြင်းရထားဖြင့် ခရီးနှင်နေခြင်းမှာ ထိုနေရာတွင် ဖုန်းရှုသို့ သွားနိုင်သော တံခါးပေါက်များ ရှိသည်ကို သိသောကြောင့် ဖြစ်၏။ ၎င်းမှာ သူ လုပ်ဆောင်လိုသော ကိစ္စအတွက် လိုအပ်လှပေသည်။
စွမ်းအားများ ဆုံးရှုံးသွားသောအခါ သူသည် သာမန်ခွန်အားရှိသော ကျင့်ကြံသူတစ်ဦးနှင့်သာ တူတော့သည်။ သူ့အကြောင်းကို မသိသော ဧကရာဇ်ထံမှ ခွင့်ပြုချက်ကို မည်သို့ ရယူရမည်အား သူ မသိချေ။
'ငါ ဒါကို ဘယ်လို ကိုင်တွယ်ရမလဲ။ သူ့ကို ရိုက်နှက်ပြီး အတင်းအကျပ် လုပ်ရမလား၊ ဒါမှမဟုတ် ပိုပြီး ယဉ်ကျေးတဲ့ နည်းလမ်းတွေ သုံးရမလား။ ငါ့ရဲ့ ကန့်သတ်ထားတဲ့ စွမ်းအားတွေနဲ့တောင် သူ့ကို အနိုင်ယူနိုင်သင့်ပေမဲ့ အဲဒါက ပြဿနာတွေ အကြီးအကျယ် ဖြစ်စေလိမ့်မယ်။ ဟား... အဲဒီကောင်က ငါ့စွမ်းအားတွေကို တကယ်ပဲ ယူသွားခဲ့တာလား။ သူက ငါ့ကို တကယ် ခက်ခဲအောင် လုပ်နေတာပဲ' ထိုသို့ တွေးရင်း သူ၏ မျက်မှောင်များမှာ ပို၍ပင် တွန့်ချိုးသွားလေသည်။
နှင်းများ ဖုံးလွှမ်းနေသော လမ်းမထက်တွင် မြင်းရထားမှာ ဆက်လက် ထွက်ခွာနေဆဲ ဖြစ်သကဲ့သို့ ကောင်လေးမှာလည်း ဆက်လက် တွေးတောနေဆဲပင်။
ဖုန်းရှုသို့ ပြန်ကြည့်သော်... ကြယ်တာရာ နန်းတော်သည် လက်ရှိတွင် မင်းသမီးနှင့်အတူ ရှိနေသော သမက်အား ကြိုဆိုထားလေသည်။
ထိုကမ္ဘာ၏ အခြားတစ်နေရာတွင်မူ မျက်နှာဖုံး တစ်ဝက် ဝတ်ဆင်ထားသူနှင့် လူငယ်တစ်ဦးတို့အကြား ဆွေးနွေးမှုတစ်ခု ဖြစ်ပွားနေ၏။
"မင်း ရောက်လာပြီလား။ ကောင်းပြီ။ ငါ ခိုင်းထားတဲ့အတိုင်း လုပ်ခဲ့ရဲ့လား" မျက်နှာဖုံးစွပ်ထားသူက မေးလိုက်သည်။
"လုပ်ခဲ့ပါတယ်" လူငယ်က ဖော်ပြချက်မရှိသော မျက်နှာဖြင့် ခေါင်းညိတ်ပြ၏။
"ကောင်းပြီ။ ငါတို့ သူ့ကို မသတ်ဘဲ တားဆီးနိုင်မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ အဲဒီလူကို ငါ အာရုံခံလို့ မရတော့ဘူး။ ဒါဟာ လုံချန်းက သူ့ကို သတ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ရမယ်။ အဲဒါကသာ အမှန်ဆိုရင်တော့ ခြိမ်းခြောက်မှုက ကြီးလွန်းနေပြီ။ သူ့ကို သတ်မှ ဖြစ်မယ်" မျက်နှာဖုံး တစ်ဝက် စွပ်ထားသူက ခက်ထန်စွာ ရေရွတ်လိုက်လေသည်။
"ဒီမှာ သူ့ရဲ့ တည်ရှိမှုကို ငါ အာရုံခံနေရပြီ။ အချိန်တန်ပြီ ထင်တယ်" သူက ဆက်ပြောသည်။
လုံချန်းက ဝူလျာကို သတ်လိုက်ပြီဟု သူ ထင်နေခြင်း ဖြစ်၏။ သို့သော် သူ ဝူလျာကို အာရုံခံ၍ မရခြင်းမှာ ဝူလျာ၏ စွမ်းအားများ ရုတ်သိမ်းခံထားရခြင်းကြောင့် ဖြစ်သည်ကို သူ မသိရှိပေ။ ထိုသို့ စွမ်းအားများ ပျောက်ဆုံးသွားသဖြင့် သူ၏ အထူးအရှိန်အဝါလည်း ကွယ်ပျောက်သွားရာ ထိုသူက အာရုံခံ၍ မရတော့ခြင်း ဖြစ်ပေသည်။
အခန်း (၉၈၀) မြင်တွေ့သွားခြင်း
"ကောင်းပါပြီ။ ဒီအတွက်ကြောင့်ပဲ ကျွန်တော် သေခြင်းတရားကနေ ပြန်နိုးထလာခဲ့တာပါ။ ခင်ဗျားက ကျွန်တော့်ကို အသက်ပြန်ပေးခဲ့ပြီး ပြန်လာနိုင်အောင် လုပ်ပေးခဲ့တယ်။ ကျွန်တော့်ကို ဘာကြောင့် နှိုးခဲ့လဲဆိုတဲ့ အလုပ်ကို အပြီးသတ်နိုင်မှသာ ကျွန်တော် လွတ်လပ်စွာ လျှောက်လှမ်းနိုင်မှာ" လူငယ်က သူ၏လက်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါက မင်းထင်သလို မရိုးရှင်းဘူး။ သူက ဝူလျာကို သတ်နိုင်ခဲ့တယ်ဆိုရင် သူက မင်း ရင်ဆိုင်နိုင်မယ့် လူမျိုး မဟုတ်တော့ဘူး။ ငါ သူ့ကို အထင်သေးခဲ့မိတာပဲ" မျက်နှာဖုံး တစ်ဝက်နှင့် လူက ပြတင်းပေါက်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။
"ပြီးတော့ ငါ မြင်ရသလောက်တော့ သူက မင်းတို့ရဲ့ နန်းတော်ထဲမှာ ရောက်နေတာ။ သူ့ရဲ့ အကြောင်းအရာ အားလုံးကို ငါ မမြင်နိုင်တဲ့အတွက် သူ ဘာလို့ ဒီကို ရောက်နေလဲဆိုတာတော့ ငါ မသိဘူး။ ဖြစ်နိုင်တာကတော့ မင်းရဲ့ ညီမကို ပြန်ခေါ်လာပေးလို့ ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် မင်း သတိထားရမယ်။ ခွန်အားတစ်ခုတည်းနဲ့တင် အဖြေမဟုတ်ဘူး။ မင်းက အဲဒါကို အခြားအရာတစ်ခုခုနဲ့ ရောနှောအသုံးချဖို့ လိုတယ်" သူက ဆက်ပြောသည်။
"ကျွန်တော်ူ ဘာထပ်လုပ်ရမလဲ။ သူက နန်းတော်ထဲမှာ ရှိနေရင် ကျွန်တော် တိုက်ရိုက်သွားတိုက်ပြီး သတ်ပစ်လိုက်ရုံပဲပေါ့" လူငယ်က ရေရွတ်လိုက်၏။ သူသည် အင်ပါယာအတွင်း၌ လုဝမ်ဟု လူသိများပြီး ကြယ်တာရာ အင်ပါယာ၏ မင်းသားနှင့် မင်ယု၏ အစ်ကိုလည်း ဖြစ်ပေသည်။
မင်ယုနှင့် သူမ၏ ခမည်းတော်တို့က လုဝမ်မှာ ကိစ္စတစ်ခုဖြင့် အပြင်သို့ သွားနေသည်ဟု သိထားကြသော်လည်း အမှန်စင်စစ်မှာမူ ၎င်းမှာ မျက်နှာဖုံး တစ်ဝက်နှင့် လူကို လာရောက်တွေ့ဆုံရန် သူ အသုံးချခဲ့သည့် ဆင်ခြေတစ်ခုသာ ဖြစ်၏။
"သူက ဝူလျာကို သတ်နိုင်ခဲ့ရင် မင်း ရင်ဆိုင်နိုင်တာထက် ပိုတဲ့ ခွန်အား ရှိနေလိမ့်မယ်။ အနည်းဆုံးတော့ မင်း သူ့ကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်လို့ မရဘူး။ ပြီးတော့ ငါကိုယ်တိုင်လည်း ဒီကိစ္စမှာ ပါဝင်လို့ မရပြန်ဘူး။ ဒါကြောင့် မင်း တစ်ယောက်တည်းပဲ လုပ်ရလိမ့်မယ်" မျက်နှာဖုံးနှင့်လူက မျက်မှောင်ကြုတ်ရင်း ဆိုသည်။
"ဒါဆို ကျွန်တော် ဘယ်လို လုပ်ရမလဲ" လုဝမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"အဖြေက ရိုးရိုးလေးပါ။ လူတစ်ယောက်ဟာ သူ စိတ်တည်ငြိမ်နေတဲ့ အချိန်မှာ အကောင်းဆုံး တိုက်ခိုက်နိုင်တယ်။ ရှင်းရှင်းလင်းလင်း တွေးတောနိုင်ပြီး မြန်မြန် ဆုံးဖြတ်နိုင်တဲ့ အချိန်မျိုးမှာပေါ့။ ဒါကြောင့် လူတစ်ယောက်ကို အားနည်းသွားအောင် လုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့... သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ တွေးတောနိုင်စွမ်းကို ရိုက်ချိုးပစ်ဖို့ပဲ" မျက်နှာဖုံးနှင့်လူက ဆိုသည်။
"ကျွန်တော်က ဒါကို ဘယ်လိုလုပ်ရမှာလဲ။ ကျွန်တော်က သူ့ကိုတောင် မသိတာကို" လုဝမ်၏ မျက်မှောင်များမှာ ပို၍ပင် တွန့်ချိုးသွား၏။
"လွယ်ပါတယ်လေ။ လူတစ်ယောက် ရူးသွပ်သွားနိုင်တဲ့ နည်းလမ်း နှစ်မျိုးရှိတယ်။ တစ်ခုက ဆေးခတ်ခံရတာဖြစ်ပြီး နောက်တစ်ခုကတော့ သူ့အနားမှာရှိတဲ့ အရာအားလုံးကို ဆုံးရှုံးလိုက်ရတာပဲ။ ပထမနည်းလမ်းကတော့ မင်း သိစရာမလိုတဲ့ အကြောင်းပြချက်အချို့ကြောင့် အလုပ်မဖြစ်နိုင်ဘူး။ ဒုတိယနည်းလမ်းကတော့ လွယ်ပါတယ်။ မင်းက သူချစ်တဲ့ အမျိုးသမီးရဲ့ အစ်ကိုပဲလေ။ သူ တန်ဖိုးထားတဲ့ အရာအားလုံးကို သူ ဆုံးရှုံးသွားအောင် မင်း အလွယ်တကူ လုပ်နိုင်တာပေါ့" မျက်နှာဖုံးနှင့်လူက ဆိုရင်း ထရပ်လိုက်လေသည်။
"ဒါကို ဘယ်လိုလုပ်ရမလဲ ဆိုတာတော့... မင်းကိုယ်တိုင် တစ်ခုခု တွေးတောနိုင်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်" ထိုသို့ ပြောပြီးနောက် သူသည် ပြတင်းပေါက်ဆီသို့ လျှောက်သွား၏။
"အခု သွားလို့ရပြီ" သူက နောက်သို့ လှည့်မကြည့်ဘဲ ထပ်မံ ပြောကြားလိုက်လေသည်။
လုဝမ်သည် ပြတင်းပေါက်နားတွင် ရပ်နေသော ထိုလူ၏ ကျောပြင်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ထွက်ခွာသွားလေတော့သည်။
သူသည် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်ခဲ့၏။
"ဒါက နည်းနည်းတော့ ရှုပ်ထွေးသွားတော့မယ်။ အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ ကံကြမ္မာကသာ သူ့ကို ထိန်းချုပ်ထားနိုင်ရင် ဒီလောက်အထိ မရေမရာ ဖြစ်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ပိုပြီး အစွမ်းထက်လာလေလေ၊ ကံကြမ္မာက သူ့နဲ့ ပတ်သက်တဲ့ အရာတွေကို စောင့်ကြည့်နိုင်စွမ်း လျော့နည်းလာလေလေပဲ။ အခုတော့ အားလုံးက ဝေဝါးနေပြီ" မျက်နှာဖုံး တစ်ဝက်နှင့် လူက လမ်းမပေါ်တွင် သွားလာနေကြသော လူများကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ဤလူများသည် ပို၍ ကံကောင်းကြသည်လော သို့မဟုတ် ပို၍ ကံဆိုးကြသည်လောဟု သူ တွေးတောနေမိသည်။ ကမ္ဘာကြီးတစ်ခုလုံးကို ပျက်စီးသွားစေနိုင်မည့် အရာများအတွက် သူတို့ ပူပန်နေစရာ မလိုသဖြင့် သူတို့မှာ ကံကောင်းသည်ဟု ဆိုနိုင်သကဲ့သို့ သူတို့၏ ဘဝကိုလည်း အေးအေးလူလူ ဖြတ်သန်းနိုင်ကြသည်။
အခြားတစ်ဖက်တွင်မူ သူတို့သည် ကံဆိုးသည်ဟုလည်း ဆိုနိုင်သည်။ ဤကမ္ဘာပေါ်တွင် သူတို့ကို မည်သည့်အချိန်၌မဆို ဖျက်ဆီးပစ်နိုင်သည့် အင်အားကြီး အဖွဲ့အစည်းများ ရှိနေပြီး ထိုလူများမှာ ထိုအရာအား သိပင် မသိနိုင်ကြချေ။ သူတို့က ကံကောင်းသည်လော၊ ကံဆိုးသည်လော။
လုဝမ်သည် အိမ်အိုလေး၏ အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။ အပြင်ပန်းကြည့်လျှင် အလွန်ပင် စုတ်ပြတ်နေသော ဤနေရာမျိုးတွင် သြဇာအာဏာရှိသူများ ဆွေးနွေးမှု ပြုလုပ်နေကြလိမ့်မည်ဟု မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်ချေ။
သူသည် လှပသော ယူနီကွန် အတောင်ပံမြင်းပေါ်သို့ တက်လိုက်၏။ လုဝမ် မြင်းပေါ်တက်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်းသည် လေထဲသို့ ပျံတက်သွားလေတော့သည်။ ၎င်းမှာ လုံချန်းနှင့် မင်ယုတို့ရှိရာ ကြယ်တာရာ နန်းတော်ဆီသို့ ဦးတည် ပျံသန်းသွား၏။
နန်းတော်မှာ ကြယ်တာရာ အင်ပါယာ၏ အခြားတစ်ဖက် အစွန်းတွင် ရှိနေပြီး လုဝမ်မှာမူ လက်ရှိတွင် အင်ပါယာ၏ ဆန့်ကျင်ဘက် အစွန်းတစ်နေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ နန်းတော်သို့ ပြန်ရောက်ရန် တစ်ညလုံး ခရီးနှင်ရမည့်ပုံ ပေါ်နေလေသည်။
လုံချန်းနှင့် မင်ယုတို့မှာ အချိန်အတော်ကြာ ကွဲကွာနေခဲ့သော ချစ်သူမောင်နှံတို့၏ စည်းစိမ်ကို ခံစားရင်း တစ်ညလုံး အတူတူ ဖြတ်သန်းခဲ့ကြသည်။
ညတာမှာ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ပထမဆုံးသော နေရောင်ခြည်မှာ မြေပြင်ထက်သို့ ကျရောက်လာ၏။
လုံချန်းသည် မင်ယုကို သူ၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားရင်း ကုတင်ပေါ်၌ လှဲလျောင်းနေသည်။
သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ပြန်ရမည့်အချိန် ရောက်နေပြီဖြစ်ကြောင်း သတိပြုမိသွား၏။
သူသည် သူ၏ ဘယ်ဘက်လက်မောင်းပေါ်တွင် ခေါင်းတင်၍ အိပ်ပျော်နေသော မင်ယုကို ကြည့်လိုက်သည်။ သူမကို နှိုးရန် သူ မလိုလားသော်လည်း ဧကရာဇ် လာရောက်မစစ်ဆေးမီ သူ ပြန်သွားရမည် ဖြစ်သည်။
မင်ယုကို မနှိုးမိစေဘဲ သူ ထွက်သွားရပေမည်။ သူသည် အခြားလက်တစ်ဖက်ကို အသုံးပြု၍ မင်ယု၏ ခေါင်းအား ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကျန်လက်တစ်ဖက်ကို ဆွဲထုတ်လိုက်၏။
လက်ကို အောင်မြင်စွာ ဆွဲထုတ်ပြီးနောက် လုံချန်းသည် ကုတင်ပေါ်မှ ဆင်းလိုက်သည်။
ထို့နောက် သူ၏ ဝတ်စုံကို သေချာစွာ ပြန်လည် ဝတ်ဆင်လိုက်ပြီး မင်ယုကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်၏။ သူမမှာ ပင်ပန်းနေဟန်ဖြင့် အေးချမ်းစွာ အိပ်ပျော်နေဆဲပင်။ လွန်ခဲ့သော တစ်နာရီခန့်ကမှ အိပ်ပျော်သွားခြင်း ဖြစ်သဖြင့် သူမ နိုးလာရန်မှာ စောလွန်းနေသေးသည်။
သူသည် တံခါးကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး မင်ယု မနိုးမီ မည်သူမျှ အထဲသို့ ဇွတ်မဝင်နိုင်စေရန် တံခါးပိတ်ထားသည်မှာ သေချာကြောင်း အတည်ပြုလိုက်သည်။
အားလုံး အဆင်ပြေပြီဟု သေချာသွားသောအခါ သူသည် အခန်းအပြင်ဘက်သို့ နေရာရွှေ့ပြောင်းလိုက်၏။ သူသည် ဝိညာဉ်အာရုံကို ဖြန့်ကျက်ထားရင်း အနီးကပ် နေရာရွှေ့ပြောင်းခြင်းများအား အကြိမ်ကြိမ် အသုံးပြုခဲ့သည်။
အတော်ကြာပြီးနောက် သူ၏ အဆောင်အနီးသို့ ရောက်ရှိသွား၏။ သူသည် မိမိအခန်းနှင့် မီတာတစ်ရာအကွာတွင် ရှိနေပြီး နောက်ထပ် တစ်ကြိမ် ကူးပြောင်းလိုက်ရုံဖြင့် အခန်းထဲသို့ ရောက်မည် ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် သူ ထိုနေရာတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရပ်တန့်သွားရ၏။ ထိုစင်္ကြံလမ်းအတွင်းသို့ လူတစ်ယောက် လှမ်းဝင်လာခဲ့ပြီ ဖြစ်သဖြင့် နေရာကူးပြောင်းခြင်းကို ထပ်မသုံးနိုင်တော့ချေ။ အကယ်၍ သူ ယခု ထပ်မံ ပျောက်ကွယ်သွားပါက ထိုသူမှာ သူ၏ စွမ်းအားကို သိရှိသွားပေလိမ့်မည်။
ထိုလမ်းထဲသို့ လှမ်းဝင်လာသူမှာ အသက် ၂၀ ကျော်ခန့်ရှိသော လူငယ်တစ်ဦး ဖြစ်ပုံရ၏။ သူသည် အလွန်ပင် တန်ဖိုးကြီးလှသော ဝတ်စုံများကို ဝတ်ဆင်ထားသဖြင့် မင်းသားတစ်ပါးဟုပင် ထင်မှတ်ရလေသည်။
ထိုအချက်များကို ကြည့်ခြင်းအားဖြင့် လုံချန်းအနေဖြင့် သူ၏ အထောက်အထားကို ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဤအင်ပါယာတွင် မင်းသားတစ်ပါးသာ ရှိသည် မဟုတ်လော၊ သူသည် မင်ယု၏ အစ်ကိုပင် ဖြစ်ပေလိမ့်မည်။