← Chapters

အခန်း (၉၈၁-၉၈၂)

Vol. 95 Ch. 981-982

အခန်း (၉၈၁-၉၈၂)

Vol. 95 Ch. 981-982

​အခန်း ၉၈၁ စမ်းသပ်ချက်

လုံချန်း၏ ရှေ့မှောက်တွင် ယောက်ျားတစ်ယောက် ရပ်တန့်နေလေသည်။ ထိုသူကား ဤအင်ပါယာ၏ မင်းသားဖြစ်မည်ဟု လုံချန်း တွေးဆမိ၏။ မင်ယု၏ အစ်ကို မင်းသားပင် ဖြစ်တန်ရာသည်။

​"မင်းက ဘယ်သူလဲ" မင်းသားက မျက်စိကို မှေးစင်းလျက် လုံချန်း မည်သူမည်ဝါဖြစ်ကြောင်းကို မေးခွန်းထုတ်လိုက်လေသည်။

"ခင်ဗျားက လုဝမ်လား" ​လုံချန်းကမူ အမေးကို အဖြေမပေးဘဲ တန်ပြန်မေးခွန်း ထုတ်လိုက်၏။

​"ဒီနေရာမှာ မေးခွန်းမေးရမယ့်သူက ငါပဲ" လုဝမ်က မျက်မှောင်ကြုတ်လျက် ဆိုသည်။ သူ သတ်ဖြတ်ရမည့်သူကား ဤလုံချန်းပင်လောဟု သူ စဉ်းစားတွေးတောနေမိလေသည်။

​"ကျွန်တော်က လုံချန်း... မင်းသမီး မင်ယုရဲ့ ခင်ပွန်းပဲ" လုံချန်းက ဖြေလိုက်သည်။ ဤသူနှင့် ဆက်လက် အချေအတင် ပြောဆိုနေခြင်းက အကျိုးမရှိနိုင်ပေ။ မည်သို့ဆိုစေ သူသည် လုဝမ်၏ နန်းတော်အတွင်းမှ ဧည့်သည်မျှသာ ဖြစ်သည် မဟုတ်လော။

​"မင်ယုရဲ့ ခင်ပွန်း ဟုတ်လား။ သူက အိမ်ထောင်ပြုသွားပြီလား" လုဝမ်က မျက်မှောင်ကြုတ်လျက် အာမေဍိတ်သံ ပြုလိုက်လေသည်။ လုံချန်း၏ စကားများကို သူ ယုံကြည်နိုင်စွမ်း မရှိချေ။ မျက်နှာဖုံး တစ်ဝက်နှင့် လူထံမှ ကြားသိရသမျှအရ လုံချန်းနှင့် သူ၏ညီမတို့ အချစ်ရေးအရ နီးစပ်မှုရှိကြောင်းကို သူ သိထားသော်ငြား ဤမျှ အလျင်အမြန် လက်ထပ်သွားကြလိမ့်မည်ဟုကား သူ မျှော်လင့်မထားခဲ့ပေ။

​ဤသည်မှာ သူ လုပ်ဆောင်ရမည့် ကိစ္စကား မိမိ၏ ယောက်ဖတော်စပ်သူအား သတ်ဖြတ်ရမည်ဟု ဆိုလိုရာ ကျနေသည် မဟုတ်လော။ ညီမတော်၏ အချစ်ကို သူ လုယူရတော့မည်လော။ ညီမတော်ကို မုဆိုးမတစ်ယောက် ဖြစ်သွားအောင် လုပ်ရတော့မည်လော။ သူ စောင့်ရှောက်ရမည့် ညီမတော်သည် သူ၏ လက်ချက်ဖြင့် ခင်ပွန်းသည်ကို ဆုံးရှုံးရတော့မည်လော။

​"မင်း နောက်နေတာလား" သူက လုံချန်းအား မေးလိုက်ရာ သူ၏ မျက်မှောင်များကား ပို၍ပင် တွန့်ချိုးသွားလေသည်။

​"ခင်ဗျား ကျုပ်ကို အခုထိ မပြောရသေးဘူးလေ။ ခင်ဗျားက သူ့ရဲ့ အစ်ကိုလား။ မဟုတ်ဘူးဆိုရင်တော့ ကျုပ်ဘက်က ခင်ဗျားကို ဖြေစရာ အကြောင်းမရှိဘူး" လုံချန်းက တုံ့ပြန်လိုက်၏။ သူကချည်း ဆက်တိုက် ဖြေကြားနေ၍ မဖြစ်ချေ။ သူ၏ ရှေ့မှောက်မှ လူသည် မင်းသားဖြစ်နေလျှင်ကော ဘာအရေးနည်း။ လုံချန်းအား မိမိအောက် နိမ့်ကျသူတစ်ဦးပမာ ဆက်ဆံပြောဆိုလာခြင်းကို သူ လက်ခံမည် မဟုတ်ပေ။

​အထင်အမြင် သေးခံလိုက်ရပြီးနောက် လုံချန်း၏ မာနတို့ကား နိုးကြွလာခဲ့လေပြီ။

​"မှန်တယ်။ ငါက လုဝမ်၊ ကြယ်တာရာ အင်ပါယာရဲ့ မင်းသား၊ ပြီးတော့ မင်ယုရဲ့ အစ်ကိုပဲ" လုဝမ်က လုံချန်းအား အေးအေးဆေးဆေးပင် ပြန်လည် ဖြေကြားလိုက်လေသည်။

​"ဒီလိုမှပေါ့" ထိုသို့ ဆိုကာ လုံချန်းက ခေါင်းညိတ်ပြလိုက်၏။

​"ဟုတ်ပြီ။ အခု ငါ့ညီမနဲ့ လက်ထပ်ထားတယ်ဆိုတဲ့ ကိစ္စက နောက်နေတာလားဆိုတာ ပြောစမ်းပါ" လုဝမ်က မေးလိုက်သည်။

​"ဒီလိုကိစ္စမျိုးကို ကျုပ်က ဘာကိစ္စ လိမ်ပြောရမှာလဲ။ ကျုပ်သာ ဒီလို ကောလာဟလ အမှားတွေကို လိုက်ဖြန့်နေမယ်ဆိုရင် ခင်ဗျားရဲ့ ခမည်းတော်က ကျုပ်ကို သတ်ဖို့တောင် လိုက်ရှာနေလောက်ပြီ" လုံချန်းက ဖွင့်ဟလိုက်လေသည်။

​သူသည် စကားလုံးများကို သတိကြီးစွာဖြင့် ရွေးချယ်အသုံးပြုသွားခဲ့ရာ ထိုလူကလည်း ၎င်းအား ရိပ်စားမိလိုက်လေသည်။

​ကြားသိထားရသည့် သတင်းများအရ လုံချန်းသည် အပြင်ပန်း ပြသထားသည်ထက် ပို၍ အစွမ်းထက်ကြောင်း လုဝမ် သိထားလေသည်။ ထို့ကြောင့်ပင် ဧကရာဇ်က သူ့အား သတ်ပစ်လိုက်ပြီဟု မသုံးနှုန်းဘဲ သတ်ရန် လိုက်ရှာနေလိမ့်မည်ဟု ပြောဆိုသွားခြင်း ဖြစ်ပေမည်။ ဤသည်ကပင် ခမည်းတော်နှင့် ရင်ဆိုင်ရလျှင်တောင်မှ အသက်ရှင်သန်နိုင်စွမ်းရှိသည် ဟူသော လုံချန်း၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေခြင်းကို ဖော်ပြနေပေသည်။

​"ဒီကိစ္စကို ခမည်းတော် သိလား" လုဝမ်က မေးလိုက်၏။

​"သိတာပေါ့။ ကျုပ်တို့ သူ့ကို ပြောပြပြီးပြီပဲ။ ခင်ဗျား အပြင်ရောက်နေတယ်လို့ သူ ပြောတယ်။ အဲဒါကြောင့် ခင်ဗျား မသိတာ နေမှာပေါ့" လုံချန်းက ယူဆချက်ချလိုက်လေသည်။

​"ဘာပဲဖြစ်ဖြစ်၊ ခင်ဗျားနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ် လုပ်စရာလေးတစ်ခု ရှိသေးလို့ နောက်မှပဲ ထပ်တွေ့ကြတာပေါ့" ထိုသို့ ဆိုကာ လုံချန်းသည် ထိုနေရာမှ စတင် ထွက်ခွာသွားလေသည်။

​လုဝမ်သည် လုံချန်း၏ ကျောပြင်ကို ငေးကြည့်ရင်း နေရာမှ မရွေ့ဘဲ ရပ်နေမိ၏။ အခြေအနေများကား သူ ထင်မှတ်ထားသည်ထက် ပို၍ ဆိုးရွားနေလေပြီ။ မင်ယုသည် သူ၏ ဇနီးသည် ဖြစ်နေချေသည်။ မိမိအသက်ကို ကယ်တင်ခဲ့သော ကျေးဇူးရှင်၏ တာဝန်ပေးချက်အား သူ မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်တော့မည်နည်း။

​လုံချန်း ပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးသွားအောင် သူ လုပ်ဆောင်ရမည်။ ဆိုလိုသည်ကား မင်ယုကို ဆုံးရှုံးစေခြင်းပင်တည်း။ သူသည် မိမိ၏ ညီမတော်ကို သတ်ဖြတ်၍ မရနိုင်ရာ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ထိုနှစ်ဦးကို ကွဲကွာသွားစေရန် ဖန်တီးခြင်းသာ ဖြစ်ပေမည်။ သို့သော် ထိုမျှနှင့် လုံချန်း၏ စိတ်အေးချမ်းမှုကို ပျက်စီးသွားစေရန် လုံလောက်ပါမည်လော။ လုံချန်းက သူ၏ ညီမတော်အပေါ် ရူးရူးမူးမူး ချစ်ခင်နေမှသာ ဤအကြံအစည်ကား အရာရောက်ပေလိမ့်မည်။

​သို့ရာတွင် ၎င်းမှာ ဖြစ်နိုင်ပါ့မည်လော။ မည်သို့ပင်ဖြစ်စေ သူ ကြိုးစားကြည့်ရုံမှတစ်ပါး အခြားမရှိတော့ချေ။ သူသည် မေးစေ့ကို ပွတ်သပ်ရင်း နောက်သို့ လှည့်ကာ ထွက်ခွာလာခဲ့ပြီး အကြံအစည် တစ်ခုခု ရနိုင်ရန် ကြိုးပမ်း တွေးတောနေမိလေတော့သည်။

​ထိုအကြံအစည်သည် အပြစ်ဆိုဖွယ်ရာ မရှိလောက်အောင် ပြီးပြည့်စုံရမည့်အပြင် အမှားအယွင်း တစ်စုံတစ်ရာမျှ ရှိနေ၍ မဖြစ်ပေ။ သူ လျင်မြန်ဖို့ လိုအပ်ကြောင်း သူ သိထား၏။ အချိန်ကား အရေးအကြီးဆုံး အရာပင် ဖြစ်ပေသည်။

​လုံချန်းသည် လုဝမ်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရာ လုဝမ် နောက်သို့ လှည့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် နေရာရွှေ့ပြောင်းခြင်း အစွမ်းကို အသုံးပြုကာ သူ၏ အခန်းတွင်းသို့ နေရာရွှေ့ပြောင်းလိုက်လေတော့သည်။

​အခန်းတွင်းသို့ ရောက်ရောက်ချင်းမှာပင် တံခါးကို ပြင်းထန်စွာ ခေါက်လိုက်သံအား ကြားလိုက်ရလေသည်။

​"ထတော့လေ။ ဘယ်လောက်တောင် အိပ်နေမှာလဲ။ မိုးလင်းနေပြီ"

​အပြင်ဘက်မှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရချိန်တွင် လုံချန်းမှာ ခပ်ယဲ့ယဲ့ မပြုံးဘဲ မနေနိုင်တော့ချေ။ ထိုအသံကား ယောက္ခမ ဖြစ်သူ၏ ဩဇာပါသော အသံကြီးပင်တည်း။

​"ထင်တဲ့အတိုင်းပဲ၊ ဒီလူကြီး စောစောစီးစီး နိုးနေပြီကိုး" သူ ခေါင်းခါလျက် တိုးတိုးလေး ရေရွတ်လိုက်၏။

​သူသည် တံခါးဆီသို့ လျှောက်သွားကာ တံခါးကို ဖွင့်လိုက်လေသည်။ အိပ်ရေးဝဝ အိပ်စက်ထားရသူ တစ်ဦးပမာ တံခါးဖွင့်ရင်း သမ်းဝေပြရန်လည်း သူ မမေ့လျော့ခဲ့ချေ။

​"နံနက်ခင်းပါ ယောက္ခမ" သူက လုကျွင်းဝေအား နှုတ်ခွန်းဆက်သလိုက်သည်။

​"နံနက်ခင်းပါ။ မင်း အိပ်ချင်မပြေသေးဘူးလား" ဧကရာဇ်က မေးလိုက်၏။

​"ဟုတ်ကဲ့။ ညက အိပ်တာ နောက်ကျသွားလို့ပါ။ ကျွန်တော် ကျင့်ကြံနေခဲ့တာလေ။ ဒါကြောင့် ယောက္ခမ လာမနှိုးခင် နာရီဝက်လောက်ပဲ အိပ်ရသေးတယ်" လုံချန်းက အပြစ်ကင်းစင်သော မျက်နှာဖြင့် ဖြေကြားလိုက်လေသည်။

​သူသည် သမက်ကောင်း တစ်ယောက် ဖြစ်ကြောင်း ပြသရန်နှင့် အိပ်ချိန်ပင် မရှိလောက်အောင် ကျင့်ကြံခြင်း၌ မည်မျှ ကြိုးပမ်း အားထုတ်နေကြောင်းကို ဖော်ပြရန် ကြိုးစားနေခြင်း ဖြစ်၏။ အမှန်တကယ် သူ ကြိုးပမ်းအားထုတ်နေခဲ့သည်မှာ ကျင့်ကြံခြင်း မဟုတ်ဘဲ ဧကရာဇ်၏ သမီးတော် မင်ယုနှင့် ဖြစ်ကြောင်းကိုမူ ဧကရာဇ် မသိအောင် လိမ္မာပါးနပ်စွာ ဖုံးကွယ်ထားနိုင်ခဲ့လေသည်။

​"ကောင်းတယ်။ ယောက်ျားတစ်ယောက်ဆိုတာ အိပ်စက်ခြင်းထက် ကျင့်ကြံခြင်းကို အမြဲတမ်း ပိုပြီး အာရုံစိုက်သင့်တာပေါ့။ မင်းကို ငါ သဘောကျသွားပြီ" ဧကရာဇ်က လုံချန်း၏ ပုခုံးကို ပုတ်ရင်း ဆိုလိုက်သည်။

​"မင်းက ကျင့်ကြံသူလေ။ မင်းအတွက် အိပ်စက်ဖို့ မလိုပါဘူး" သူက ထပ်လောင်းပြောဆိုကာ အမိန့်ပေးလိုက်သည်။ "ငါ့နောက်ကို လိုက်ခဲ့"

​ထို့နောက် သူသည် စတင် လျှောက်လှမ်းသွားလေတော့သည်။

​လုံချန်းသည် အခန်းတံခါးကို ပိတ်ကာ အပြင်သို့ ထွက်လာပြီးနောက် ဧကရာဇ်၏ အနောက်သို့ လိုက်ပါသွားလေသည်။

​သူ ဧကရာဇ် အနားသို့ မီသွားချိန်တွင် မေးလိုက်သည်။ "ကျွန်တော်တို့ ဘယ်ကို သွားကြမလို့လဲ"

​"မင်းကို စမ်းသပ်မယ်လို့ ငါ ပြောခဲ့တာ မှတ်မိတယ်မလား။ မင်းက ငါ့သမီးရဲ့ ခင်ပွန်း ဖြစ်ချင်ဖြစ်နေမယ်၊ ဒါပေမဲ့ မင်းကို ငါ လက်ခံဖို့ လိုသေးတယ်။ အဲဒီအတွက် ငါ့ရဲ့ စမ်းသပ်ချက်တချို့ကို မင်း အောင်မြင်မှပဲ ရနိုင်မယ်။ အဲဒီနေရာကို ငါတို့ သွားကြမှာ။ မင်းဆီမှာ ငါ့သမီးအတွက် အသက်ပေးလောက်တဲ့အထိ ချစ်မြတ်နိုးတဲ့ အချစ်တစ်ခုတည်း ရှိတာလား၊ တခြား အရည်အချင်းတွေရော ရှိသေးရဲ့လားဆိုတာကို စမ်းသပ်မယ့် နေရာကိုပေါ့" ဧကရာဇ်က လုံချန်းအား ပြောပြလေသည်။

​"စိတ်ဝင်စားစရာပဲ။ ကျွန်တော်သာ စမ်းသပ်ချက်တွေကို ကျရှုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ" လုံချန်းက မေးလိုက်သည်။

​"မင်းသာ စမ်းသပ်ချက် ကျရှုံးသွားခဲ့ရင် ငါက ဘာတတ်နိုင်မှာလဲ။ မင်းက ငါ့သမီးရဲ့ ခင်ပွန်း ဖြစ်နေပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို လက်ခံရမှာပဲ။ ဒါပေမဲ့ ကွာခြားချက်တွေတော့ ရှိတာပေါ့။ ငါ မင်းကို ပွင့်ပွင့်လင်းလင်း လက်ခံလိုက်မယ်ဆိုရင် အခု မပြောပြနိုင်သေးတဲ့ အကျိုးကျေးဇူးတွေ မင်းအတွက် အများကြီး ရှိလာလိမ့်မယ်။ ဒါကြောင့် မင်း အကောင်းဆုံး ကြိုးစားဖို့ပဲ ငါ မျှော်လင့်တယ်" ဧကရာဇ်က ပြုံးလျက် ဖြေကြားလိုက်၏။

​'ငါ့အတွက် အကျိုးကျေးဇူးတွေ ဟုတ်လား။ အင်း... ဒီလူကြီးက ဧကရာဇ်လေ။ သေချာပေါက် တန်ဖိုးကြီးတဲ့ ရတနာတွေ သူ့ဆီမှာ အများကြီး ရှိမှာပဲ။ မင်ယုရဲ့ ခင်ပွန်းအတွက် သူ ဖယ်ချန်ထားတာတွေများ ရှိနေမလား။ ငါ့ရဲ့ စွမ်းအားတွေကို အများကြီး ထုတ်မပြရသရွေ့တော့ စမ်းသပ်ချက်တချို့ကို အောင်မြင်အောင် လုပ်တာက အရှုံးမရှိပါဘူးလေ' လုံချန်းက မျက်မှောင်ကြုတ်လျက် စဉ်းစားတွေးတောမိလေသည်။

​ဧကရာဇ်သည် လုံချန်းအား ရှည်လျားလှသော စင်္ကြံလမ်းများတစ်လျှောက် ခေါ်ဆောင်လာခဲ့ပြီးနောက် မြေညီထပ်၏ အောက်ဘက်ရှိ ကြမ်းပြင်တွင် တည်ရှိနေသော အခန်းတစ်ခန်းဆီသို့ ရောက်ရှိလာလေသည်။

​သူတို့ နှစ်ဦးသားသည် အနက်ရောင် တံခါးတစ်ချပ်ရှေ့တွင် ရပ်တန့်လိုက်ကြလေသည်။

အခန်း ၉၈၂ ဓားတစ်လက်

ဧကရာဇ် လုကျွင်းဝေနှင့် လုံချန်းတို့သည် ထူးဆန်းနက်နဲသော ပန်းပုကနုတ်ဟန်များ ထွင်းထုထားသည့် အနက်ရောင် တံခါးကြီးတစ်ချပ်ရှေ့တွင် မတ်တတ်ရပ်နေကြ၏။ ထိုအဆင်အသွေး ကနုတ်လက်ရာများကို ရွှေစင်ရွှေသန့်ဖြင့် မွမ်းမံခြယ်သထားဟန် တူပေသည်။

​"ငါက မင်းကို ဘယ်လိုကိစ္စမျိုး စမ်းသပ်မလဲဆိုတာ မင်း တွေးတောနေမိမှာပေါ့။ လင်ယောက်ျားတစ်ယောက်ရဲ့ အရေးအကြီးဆုံး တာဝန်ဆိုတာ ဘာလဲ မင်းသိလား" ဧကရာဇ်က မျက်မှောင်ကြုတ်လျက် မေးခွန်းထုတ်လိုက်လေသည်။

​လုံချန်းက ထိုလူကြီးအား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။ ထိုအရာက မည်သည်များ ဖြစ်နိုင်မည်နည်း။ ဇနီးသည်အား ချစ်မြတ်နိုးစွာ ယုယကြင်နာခြင်းလော။ သူမကို ပျော်ရွှင်အောင် ထားရှိခြင်းလော။

​"သေချာ စဉ်းစားကြည့်မယ်ဆိုရင် အတော်လေး ရိုးရှင်းပါတယ်။ ခင်ပွန်းသည်တစ်ဦးရဲ့ ပထမဆုံး တာဝန်ဝတ္တရားက ကိုယ့်ဇနီးသည်ကို ဘေးအန္တရာယ် ကနေ ကင်းဝေးအောင် ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်။ အဲဒီလို ကာကွယ်နိုင်ဖို့လည်း မင်းမှာ ဘာလိုအပ်မယ်လို ထင်လဲ" ဧကရာဇ် လုကျွင်းဝေက မေးမြန်းလိုက်သည်။

​"ခွန်အား လိုအပ်တာလား" လုံချန်းက ပြန်လည် ဖြေကြားလိုက်၏။

​"မှန်တယ်။ ယောက်ျားတစ်ယောက်ဟာ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် ကိုယ့်ဇနီးသည်ကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ ခွန်အား လိုအပ်တယ်။ ဒါက မင်းအတွက် ပထမဆုံး စမ်းသပ်ချက် ဖြစ်လိမ့်မယ်။ မင်းမှာ လုံလောက်တဲ့ ခွန်အား ရှိကြောင်း ငါ့ကို သက်သေပြရမယ်" ဧကရာဇ်က တုံ့ပြန်လိုက်လေသည်။

​"သြော်... ဒါဆို ကျွန်တော်က ဘယ်လို သက်သေပြရမှာလဲ" လုံချန်းက မျက်မှောင်ကြုတ်လျက် စုံစမ်းမေးမြန်းလိုက်၏။

​"တကယ်တော့ လွယ်လွယ်လေးပါပဲလေ" ဧကရာဇ်က ပြုံးစစဖြင့် ဆိုလိုက်သည်။

​လုံချန်းမှာမူ သံသယဝင်သွားသဖြင့် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ ဤလူကြီးက မည်သည်ကို ဆိုလိုချင်နေသနည်း။ သူ၏ အစစ်အမှန် ခွန်အားကို မည်သို့မည်ပုံ စမ်းသပ်မည်နည်း။

​"မင်း ငါ့ကို အနိုင်ယူရုံပဲ" ဧကရာဇ်က ဖြည့်စွက်ပြောဆိုလိုက်ရင်း တံခါးကြီးကို တွန်းဖွင့်လိုက်လေသည်။

​ဧကရာဇ်၏ စကားကို ကြားလိုက်ရချိန်တွင် လုံချန်း၏ မျက်နှာထက်၌ ထူးဆန်းသော အမူအရာတစ်ခု လွှမ်းခြုံသွားလေ၏။ သူသည် သူတော်စင် အဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေရှိသော ဤလူကြီးအား အနိုင်ယူရမည် မဟုတ်လော။ လူငယ်လေးတစ်ယောက်က သူ့အား အနိုင်ယူနိုင်လိမ့်မည်ဟု ဤလူကြီးက တကယ်ပင် မျှော်လင့်နေသည်လော။

​ထိုလူကြီးအား အနိုင်ယူနိုင်စွမ်းနှင့် အခွင့်အရေး မိမိတွင် ရှိနေကြောင်း လုံချန်း ယုံကြည်ထားသော်ငြား ထိုသို့ ပြုလုပ်ခြင်းက သူ၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်ပြသရာ ကျနေပေလိမ့်မည်။ ထိုကိစ္စမှာ စောလွန်းနေသေးသဖြင့် ရှုပ်ထွေးသွားနိုင်ပြီး သူ၏ စွမ်းအားများအား ထုတ်ပြရန်လည်း သူ စိတ်မသန့်ဖြစ်နေမိ၏။

​"ကျွန်တော်က ခင်ဗျားကို အနိုင်ယူနိုင်လိမ့်မယ်လို့ တကယ်ကြီး မျှော်လင့်နေတယ်လို့တော့ မပြောနဲ့နော်" လုံချန်းက မသိနားမလည်ဟန် ဆောင်ကာ ခပ်ယဲ့ယဲ့ ပြုံးလျက် ပြောလိုက်လေသည်။

​"စိတ်မပူပါနဲ့။ ငါ့ခွန်အားကို ငါသိပါတယ်။ မင်းလို လူငယ်လေး တစ်ယောက်အနေနဲ့ ငါ့ကို အနိုင်မယူနိုင်ပါဘူး။ ကောင်းကင်ဘုံ အဆင့် ၁ လောက်ကတော့ ငါ့ကို ယှဉ်နိုင်ဖို့ အခွင့်အရေး မရှိပါဘူးလေ။ ဒါပေမဲ့လည်း မင်းလာခဲ့တဲ့ နေရာဒေသနဲ့ မင်းရဲ့ အသက်အရွယ်ကို ထောက်ချင့်ကြည့်မယ်ဆိုရင် မင်းရဲ့ ကျင့်ကြံမှုအဆင့်က အတော်လေး အံ့မခန်းဖြစ်နေပြီ ဆိုတာကိုတော့ ငါ ဝန်ခံရလိမ့်မယ်" ဧကရာဇ်က လုံချန်းအား အကဲခတ်လျက် ဆိုလိုက်သည်။

​"ကျွန်တော်က ခင်ဗျားကို အနိုင်မယူနိုင်ဘူးဆိုတာ သိနေလျက်သားနဲ့ ဘာလို့ ကျွန်တော့်ကို တိုက်ခိုက်ချင်ရတာလဲ" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

​"ဒါကို သိဖို့ဆိုရင် မင်း ဒီအခန်းအကြောင်းကို အရင် နားလည်ဖို့ လိုလိမ့်မယ်။ ဒါက သာမန် အခန်းတစ်ခန်း မဟုတ်ဘူး။ အစီအရင်တွေနဲ့ ပြည့်နှက်နေတဲ့ အထူး အခန်းတစ်ခန်းပဲ။ ပြီးတော့ ဒီအစီအရင်တွေရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ အခန်းထဲ ဝင်လာသမျှ လူတိုင်းရဲ့ ကျင့်ကြံမှုအဆင့်ကို မြေကမ္ဘာအဆင့် မှာပဲ ရှိနေအောင် ကန့်သတ်ချုပ်ချယ်ထားဖို့ပဲ" ဧကရာဇ်က ပြုံးလျက် ရှင်းပြလေသည်။

​"ကျွန်တော်တို့ နှစ်ယောက်စလုံးက ကျင့်ကြံမှုအဆင့် အတူတူ ဖြစ်သွားမှာဆိုတော့ ဒါက ခွန်အားအစစ်အမှန် ယှဉ်ပြိုင်တဲ့ တိုက်ပွဲဆိုတာထက် ကျုပ်တို့ရဲ့ စွမ်းဆောင်ရည်၊ အလားအလာနဲ့ ပါရမီတွေကို ယှဉ်ပြိုင်ကြမယ့် တိုက်ပွဲမျိုး ပိုဖြစ်သွားမှာပေါ့" ဧကရာဇ် ဆိုလိုသည့် သဘောကို နားလည်သွားသောအခါ လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်လေသည်။

​ဤသည်မှာ သူ၏ အစွမ်းထက်ဆုံး အနေအထားနှင့် ဧကရာဇ်၏ အစွမ်းထက်ဆုံး အနေအထားတို့ ထိပ်တိုက်ရင်ဆိုင်ကြမည့် တိုက်ပွဲမျိုး မဟုတ်ချေ။ ယင်းအစား သူတို့ နှစ်ဦးစလုံးသည် အခန်းတွင်း၌ ပိုမို နိမ့်ကျသော ကျင့်ကြံမှုအဆင့်ကို ခံစားကြရမည် ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် တန်းတူညီမျှ အနေအထားတွင် ရပ်တည်ကြရမည် ဖြစ်သည်။ သို့သော် ၎င်းသည် တစ်နည်းအားဖြင့် သူ၏ အကျိုးကို ဆောင်နေပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူ ပို၍ အခွင့်အရေး သာနိုင်ကြောင်း ယုံကြည်ချက် အပြည့်ရှိနေ၏။ ထို့ပြင် သူ၏ အစစ်အမှန် စွမ်းအားများကိုလည်း ထုတ်ဖော်ပြသရန် မလိုတော့ချေ။

​"ဒီလောက်တော့ မင်း နားလည်နိုင်မယ်လို့ ငါ ထင်ပါတယ်လေ" ဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။

​"ဘာပဲဖြစ်ဖြစ်၊ ငါ့ကို တိုက်ခိုက်ဖို့ မင်း လက်ခံတယ်ဆိုရင် အထဲကို ဝင်ခဲ့။ မရင်ဆိုင်ချင်ဘူးဆိုရင်တော့ အပြင်မှာပဲ နေရစ်ခဲ့တော့" သူက ထပ်မံ ပြောဆိုရင်း အခန်းတွင်းသို့ လှမ်းဝင်သွားလေသည်။

​လုံချန်းကား တံခါးကြီးကို တွန်းဖွင့်ကာ အခန်းတွင်းသို့ ဝင်ရောက်သွားသော ဧကရာဇ်အား ငေးကြည့်ရင်း အနောက်တွင် ကျန်ရစ်ခဲ့၏။

​'အပြင်မှာ နေရစ်ခဲ့ရမယ် ဟုတ်လား။ ဒီလို အခွင့်အရေးကောင်းကြီးကို ဘာလို့ လက်လွတ်ခံရမှာလဲ။ ကျွန်တော်တို့ နှစ်ယောက်စလုံး ကျင့်ကြံခြင်းအဆင့် တူတူပဲဆိုမှတော့ အပြင်မှာ နေရစ်ခဲ့ရမယ့်သူက ခင်ဗျား ဖြစ်သင့်တာပါ' လုံချန်းက တွေးတောလိုက်ရင်း ပြုံးလျက် အခန်းတွင်းသို့ လှမ်းဝင်လိုက်လေသည်။

​သူသည် ဧကရာဇ် စောင့်ဆိုင်းနေသော အခန်းတွင်းသို့ ခြေချလိုက်လေတော့သည်။

​"ကောင်းတယ်။ မင်း ကြောက်ရွံ့မနေဘူးပဲ။ ဒါက အစပျိုးဖို့အတွက် ကောင်းမွန်တဲ့ လက္ခဏာပဲ" လုံချန်း ဝင်လာသည်ကို မြင်သောအခါ ဧကရာဇ်က ပြုံးလျက် ဆိုလိုက်သည်။

​"ကျွန်တော်တို့သာ အစွမ်းထက်ဆုံး အနေအထားတွေနဲ့ တိုက်ရမယ်ဆိုရင် ကျွန်တော် နှစ်ခါ ပြန်တွေးကောင်း တွေးမိလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဝင်လာမှာပါပဲ။ အခုလို အဆင့်တူနေတဲ့ အခြေအနေမျိုးမှာတော့ ဆိုဖွယ်ရာတောင် မရှိတော့ပါဘူးလေ။ ဒါပေမဲ့ ကျွန်တော် သတိပေးထားပါရစေ၊ ကျွန်တော့်ကို အထင်မသေးပါနဲ့" လုံချန်းက ဖွင့်ဟလိုက်ရင်း ဘုရင်ဓားကို ထုတ်ယူလိုက်လေသည်။

​လုံချန်း၏ ဘုရင်ဓားကို ဧကရာဇ် မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုဓားက သူ့အား အကြီးအကျယ် တုန်လှုပ်သွားစေသည့်အလား သူ၏ မျက်နှာထက်တွင် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်လာလေတော့သည်။

​သူ၏ အံ့အားသင့် မှင်သက်နေသော အမူအရာကို မြင်လိုက်ရသောအခါ လုံချန်းသည်လည်း အကြောင်းရင်းအား စတင် စဉ်းစားတွေးတောမိသွား၏။

​'သူတော်စင် ဘုရင် ရှန်းဝူက ဒီနေရာမှာလည်း ပြဿနာတွေ ဖန်တီးသွားခဲ့ပြန်ပြီလား။ ငါ့ကို သူတော်စင် သတ်ဖြတ်သူရဲ့ အမွေဆက်ခံသူလို့ ခေါ်ပြီး နောက်ကနေ လိုက်သတ်နေတဲ့ ကောင်တွေကိုတောင် ငါ မနည်း ရှောင်တိမ်းလာခဲ့ရတာ။ ဒီမှာလည်း အဲဒီလို အခြေအနေမျိုးသာဆိုရင်တော့ ကမောက်ကမတွေ ဖြစ်ကုန်တော့မှာပဲ' လုံချန်းက မျက်မှောင်ကြုတ်လျက် တွေးလိုက်မိသည်။ ဤသည်မှာ ပြဿနာ ကြီးကြီးမားမား ဖြစ်လာနိုင်ချေရှိပေသည်။

​"အဲဒီဓား... အဲဒီဓားကို မင်း ဘယ်က ရခဲ့တာလဲ" ဧကရာဇ်က မေးလိုက်ရာ ဤလူကြီးက ဓားအကြောင်း သိနေသည်မှာ သေချာသွားပြီဟု လုံချန်း မှတ်ယူလိုက်လေသည်။

​"ဒါက ကျွန်တော့် မိသားစု အိမ်တော်ကနေ အမွေရလာတဲ့ ဓားလေ။ ဘာဖြစ်လို့လဲ" လုံချန်းက မျက်စိမှေးစင်းလျက် ပြန်လည် ဖြေကြားလိုက်၏။

​"မင်းရဲ့ မိသားစု အမွေအနှစ် ဟုတ်လား။ မင်းက စီနီယာ သူတော်စင်ရဲ့ မျိုးဆက်လား" ဧကရာဇ်က ရိုသေလေးစားသော ဟန်ဖြင့် မေးမြန်းလိုက်လေသည်။

​"စီနီယာ သူတော်စင်..." လုံချန်း အံ့အားသင့်သွားမိ၏။

​'သူ ပြောနေတာ သူတော်စင် ဧကရာဇ်ကိုများ ဆိုလိုတာလား။ သူ ပြောဆိုနေတဲ့ လေယူလေသိမ်းအရဆိုရင် အဲဒီလူကို မုန်းတီးနေတဲ့ပုံ မရပါဘူး။ ဒီအစား သူက ဒီလူကို သိကျွမ်းပြီး လေးစားနေတဲ့ပုံပဲ' လုံချန်း တွေးတောမိလေသည်။

​"သြော်... မင်း သူ့ကို ဘယ်နာမည်နဲ့ သိထားလဲဆိုတာတော့ ငါ မသိဘူး။ ဒါပေမဲ့ အဲဒီဓားကို နောက်ဆုံး ငါ မြင်တွေ့ခဲ့ရတုန်းက အဲဒီဓားကို ပိုင်ဆိုင်ထားတာ သူပဲ။ အဲဒီအချိန်ကစလို့ ရေတွက်ရင် အချိန်အတော်ကြာခဲ့ပြီပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက သူ့ရဲ့ မျိုးဆက် ဖြစ်ရမယ်။ သူ့ဆီက ဓားကို ခိုးယူနိုင်စွမ်းရှိတဲ့လူဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် မင်းတို့ အိမ်တော်မှာ ဒီဓား ရှိနေတယ်ဆိုရင် သူက မင်းရဲ့ ဘိုးဘေး ဖြစ်ရမယ်၊ ဒါမှမဟုတ် မင်းရဲ့ ဘိုးဘေးတွေကို အဲဒီဓား သူ လက်ဆောင်ပေးသွားတာမျိုးပဲ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ်လေ၊ မင်းက အမျိုးကောင်းဆွေကောင်းက ဆင်းသက်လာတာပဲ" ဧကရာဇ်က ဓားကို အကဲခတ်ရင်း ပြောဆိုလိုက်လေသည်။

​"အဲဒီလူအကြောင်း ကျွန်တော့်ကို နည်းနည်းလောက် ပိုပြောပြလို့ ရမလား" လုံချန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

​ဤလူကြီးက သူ၏ သက်တမ်းတစ်လျှောက်တွင် ဤဓားကို မြင်ဖူးခဲ့သည် ဆိုလျှင် ၎င်းမှာ သူ၏ခေတ်ထက် များစွာ စောစီးစွာကတည်းက ပျောက်ကွယ်သွားခဲ့သော သူတော်စင် ဧကရာဇ် မဖြစ်နိုင်တော့ချေ။

​ဤသည်မှာ သူတော်စင် ဧကရာဇ်၏ နောက်ထပ် အမွေဆက်ခံသူ တစ်ဦးဦးက ဤဓားကို အရင် ပိုင်ဆိုင်ခဲ့ဖူးသည်ဟု ဆိုလိုခြင်းများလော။ သို့တည်းမဟုတ် သူ၏ ဘိုးဘေးများထဲမှ တစ်ဦးဦးက ဤဓားကို တွေ့ရှိခဲ့ပြီး ကမ္ဘာလောက အနှံ့အပြားသို့ လှည့်လည်သွားလာခဲ့ပြီးမှ ပြန်လာခဲ့ခြင်းများလော။

​ဧကရာဇ် ပြောသကဲ့သို့လည်း ဖြစ်နိုင်ပေသည်။ သူတော်စင် ဧကရာဇ်၏ အနောက်တွင် ဤဓားကို ပိုင်ဆိုင်ခဲ့သူမှာ... ဓား ပျက်စီးသွားပြီးနောက် မိသားစုဝင် တစ်ဦးဦးထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းလော။ အဘယ်ကြောင့်ဆိုသော် သူ လက်ခံရရှိချိန်တွင် ဓားမှာ ပျက်စီးယိုယွင်းနေခဲ့သောကြောင့်ပင်။

​"အဲဒီလူ ဟုတ်လား... သူက ငါ့ရဲ့ ဆရာပဲ" ဧကရာဇ်က ဖြေကြားလိုက်လေသည်။

All Chapters