← Chapters

အခန်း (၉၈၃-၉၈၄)

Vol. 95 Ch. 983-984

အခန်း (၉၈၃-၉၈၄)

Vol. 95 Ch. 983-984

​အခန်း ၉၈၃ ဆရာ

"မင်းဆီမှာ ရှိနေတဲ့ ဓားရဲ့ အရင် သခင်ဟာ ငါ့ရဲ့ ဆရာပဲ" လုကျွင်းဝေက လုံချန်းအား ပြောလိုက်သည်။

​"ဒါဆို ကျွန်တော်က ခင်ဗျားဆရာရဲ့ မျိုးဆက်၊ ဒါမှမဟုတ် သူယုံကြည်ရတဲ့ မိသားစုဝင်တစ်ယောက် ဖြစ်နေမှာပေါ့" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးလျက် ဆိုလိုက်၏။ ဤအချက်က ဧကရာဇ်အပေါ် သူ့ကို အသာစီးရစေသည် မဟုတ်လော။

​"ကိုယ့်ကိုယ်ကိုယ် အထင်ကြီး မစောနဲ့ဦး။ ငါ့ကို အနိုင်ယူနိုင်မှသာ မင်းကိုယ်မင်း သူ့ရဲ့ အမွေဆက်ခံသူလို့ အခိုင်အမာ ပြောနိုင်လိမ့်မယ်။ ငါ့ဆရာရဲ့ အမွေဆက်ခံသူဟာ ကျင့်ကြံခြင်းအဆင့် တူတူချင်းမှာ ငါ့ထက် မနိမ့်ကျစေရဘူး" ဧကရာဇ် လုကျွင်းဝေက မျက်လုံးအစုံကို ဝေ့ယမ်းလျက် ဆိုသည်။

​"ဒါဆို ခင်ဗျားကို အနိုင်ယူလိုက်တာနဲ့ ကျွန်တော်က သူ့ရဲ့ အမွေဆက်ခံသူဆိုတာ သက်သေပြပြီးသား ဖြစ်သွားမှာပေါ့ ဟုတ်လား" လုံချန်းက မေးလိုက်၏။

​"အဲဒါက သက်သေပြလိုက်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ဆရာဟာ ငါ့ရဲ့ဆရာ ဖြစ်နိုင်ခြေ အရမ်းများသွားပြီလို့တော့ ဆိုနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ်လေ၊ မင်းသာ အနိုင်ရခဲ့ရင် မင်းဟာ ပါရမီထူးတဲ့ ကျင့်ကြံသူ တစ်ယောက်ဆိုတာ သေချာသွားပြီမို့ အဲဒီအချိန်ကျရင် အသာစီးရဖို့ဆိုတဲ့ အချက်က မင်းအတွက် သိပ်အရေးပါတော့မှာ မဟုတ်ပါဘူး" ဧကရာဇ်က ထပ်လောင်းပြောဆိုလိုက်သည်။

​"စကားတွေ အများကြီး ပြောမနေနဲ့တော့။ အခုပဲ စလိုက်ကြရအောင်... ငါ့မှာ တစ်နေကုန် အချိန်မရှိဘူး" ထိုသို့ ဆိုကာ သူသည်လည်း သူ၏ဓားကို ထုတ်ယူလိုက်လေသည်။ ၎င်းမှာ လုံချန်း၏ ဓားထက် နှစ်ဆခန့် ပိုမိုထူထဲပြီး အသွားမပါသော လေးလံသည့် ဓားကြီးတစ်လက် ဖြစ်ပေသည်။

​"ခင်ဗျားက ဒီဓားကို သုံးမလို့လား" ဓားကို မြင်သည်နှင့် လုံချန်းက မေးလိုက်၏။

​ဧကရာဇ်သည် အနည်းဆုံး ကောင်းကင်ဘုံအဆင့် ရှိသော ရတနာဓားတစ်လက်ကို အသုံးပြုလိမ့်မည်ဟု လုံချန်း ထင်မှတ်ထားသော်လည်း အမှန်တကယ်တွင် ထိုသို့ မဟုတ်ခဲ့ချေ။ ကောင်းကင်ဘုံအဆင့် မပြောနှင့် ထိုအဆင့်နှင့် နီးစပ်သည့် ဓားမျိုးပင် မဟုတ်ပေ။ ၎င်းမှာ ကျင့်ကြံသူ မဟုတ်သော သာမန်လူများသာ အသုံးပြုလေ့ရှိသည့် သေမျိုးသုံးဓားမျှသာ ဖြစ်၏။ ဤနေရာမျိုးတွင်မူ ၎င်းမှာ အသုံးမကျသော ပစ္စည်းတစ်ခုအဖြစ်သာ ရှုမြင်ကြသည့် အခြေခံအကျဆုံး လက်နက်တစ်ခု ဖြစ်သည်။

​"ဟုတ်တယ်။ ဒီဓားက ဘာဖြစ်လို့လဲ" ဧကရာဇ်က သူ၏ မျက်နှာထက်တွင် ရွှန်းလဲ့သော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ "ဘာလဲ သူငယ်လေး... မင်း ကြောက်သွားပြီလား"

​"ကျွန်တော် မကြောက်ပါဘူး။ ဒါပေမဲ့ ဒါက သာမန်ဓားတစ်လက်ပဲလေ။ ခင်ဗျားက ကျွန်တော့်ကို အရမ်း အထင်သေးနေတာလား၊ ဒါမှမဟုတ် ခင်ဗျားကိုယ်ခင်ဗျား အသာစီးမယူဘဲ လျှော့ပေးနေတာလား။ အမှန်အတိုင်း ပြောရရင် ခင်ဗျား အဲဒီလို လုပ်ဖို့ မလိုပါဘူး။ ခင်ဗျားရဲ့ အစွမ်းထက်ဆုံး လက်နက်တွေကိုသာ သုံးပါ။ အဲဒါကို ရင်ဆိုင်နိုင်လောက်တဲ့အထိ ကျွန်တော့်မှာ ခွန်အားရှိပါတယ်" လုံချန်းက ဧကရာဇ်အား ပြောလိုက်လေသည်။

​သူတို့ နှစ်ဦးစလုံး ကောင်းကင်ဘုံ အဆင့်တွင် ရှိနေစဉ်မှာပင် လုကျွင်းဝေနှင့် ယှဉ်လိုက်လျှင် သူ မည်မျှ ခွန်အားကြီးကြောင်း ပြသနိုင်မည့် စမ်းသပ်ချက်တစ်ခု ဖြစ်စေရန် သူ အလိုရှိပေသည်။ အားနည်းနေသော ဧကရာဇ်နှင့် သူ မရင်ဆိုင်ချင်ပေ။ ကျင့်ကြံမှုအဆင့် တူညီနေချိန်တွင် အစွမ်းထက်ဆုံး ကမ္ဘာကြီးတစ်ခု၏ ဧကရာဇ်နှင့် ရင်ဆိုင်ခွင့်ရခြင်းမှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နိုင်သည့် အခွင့်အရေးမျိုး မဟုတ်ပေ။

​"ရပါတယ်။ ငါတို့ ကျင့်ကြံမှုအဆင့် တူနေပေမဲ့ ငါက ဒီပညာရပ်တွေကို နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တာဆိုတော့ မင်းထက် ပိုပြီး ကျွမ်းကျင်တာပေါ့။ မင်းက အားနည်းချက် ရှိနေတုန်းပဲ။ ဒါကြောင့် ငါက ငါ့ရဲ့ အဆင့်မြင့် ပညာရပ်တွေကို သုံးပြီး မင်းကတော့ အဆင့်မြင့် လက်နက်ကို သုံးမယ်ဆိုရင် နှစ်ယောက်စလုံးအတွက် တရားမျှတသွားမှာပေါ့" ဧကရာဇ်က ထိုသို့သော အသုံးမကျသည့် လက်နက်ကို ရွေးချယ်ရခြင်း၏ အကြောင်းရင်းအား ရှင်းပြလေသည်။

​'ဟင်း... ဒီလူကြီးကတော့ တရားလွန်းနေပြန်ပြီ။ ဒါပေမဲ့ အဲဒါက ဘာအရေးလဲ။ ခင်ဗျားရဲ့ အကောင်းဆုံး အခြေအနေနဲ့သာ ကျွန်တော့်ကို တိုက်စမ်းပါ' လုံချန်းက ဧကရာဇ်ကို စိုက်ကြည့်ရင်း တွေးလိုက်မိ၏။ သို့သော် သူသည် ဘဝင်မြင့်သည်ဟု အထင်မခံရစေဘဲ ပိုမို အစွမ်းထက်သော လက်နက်များကို အသုံးပြုရန် ဧကရာဇ်အား မည်သို့ တောင်းဆိုရမည်ကို စဉ်းစားနေမိသည်။

​ခဏမျှ စဉ်းစားပြီးနောက် သူ၏ ဆန္ဒကို မည်သို့ ဖော်ပြရမည်ကို သူ ဆုံးဖြတ်လိုက်လေသည်။ "ယောက္ခမ... အမှန်အတိုင်း ပြောရရင် ကျွန်တော်က ဒါကို စမ်းသပ်ချက်တစ်ခုလို့ မမြင်ပါဘူး။ ကျင့်ကြံခြင်း အဆင့် တူတူချင်းမှာ ကမ္ဘာပေါ်မှာ အတော်ဆုံး ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ပြိုင်ခွင့်ရတဲ့ အခွင့်အရေးလို့ပဲ မြင်ပါတယ်"

​"ဒါကြောင့် ခင်ဗျားကိုယ်ခင်ဗျား လျှော့ပေးပြီး ဒီအခွင့်အရေးကို အနှစ်သာရ မရှိအောင် မလုပ်ပါနဲ့ဦး။ အဲဒါက ကျွန်တော့်အတွက် မကောင်းပါဘူး" သူက ထပ်လောင်း ပြောဆိုလိုက်၏။

​ဧကရာဇ်သည် လုံချန်းအား မိနစ်အနည်းငယ်မျှ ကြောင်ကြည့်နေပြီးနောက် အားရပါးရ ရယ်မောလိုက်လေတော့သည်။

​"ဟားဟားဟား..."

​လုံချန်းသည် ဧကရာဇ်၏ ရယ်မောသံကို နားထောင်ရင်း ဤအချက်တွင် မည်သည့်အရာက ရယ်စရာ ဖြစ်နေသည်ကို တွေးတောနေမိ၏။

​"ကောင်းတယ်။ တကယ့်ကို ကောင်းတယ်။ ငါ ငယ်ငယ်တုန်းက အတွေးမျိုးပဲ။ အမှန်အတိုင်း ပြောရရင် ဒါကလည်း စမ်းသပ်ချက် အသေးလေး တစ်ခုပါပဲ" ဧကရာဇ်က ပြုံးလျက် ဆိုသည်။ "မင်း ကောင်းကောင်း အောင်မြင်သွားပြီ"

​သူသည် ထိုသာမန်ဓားကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်ပြီး လွန်ခဲ့သော အတိတ်ကို ပြန်လည် တမ်းတနေသည့် အမူအရာဖြင့် လက်ပိုက်လျက် ရပ်နေလေသည်။

​"ငါ ငယ်ငယ်တုန်းက ငါ့ရဲ့ ဆရာဟာ ငါနဲ့ တခြား တပည့်လောင်း ဖြစ်ချင်ကြတဲ့ လူတွေကိုလည်း ဒီလိုပဲ စမ်းသပ်ခဲ့ဖူးတယ်။ အဲဒီအထဲမှာ ဂုဏ်သရေရှိ မျိုးနွယ်စုတွေ အများကြီး ပါတာပေါ့" သူက လုံချန်းအား ပြောပြ၏။

​"ငါ့ဆရာက သူ သာမန်ဓားတစ်လက် သုံးနေချိန်မှာ သူ့ကို အနိုင်ယူဖို့ ငါတို့အားလုံးကို ပြောခဲ့တယ်။ အဲဒီနောက် ဘာဖြစ်ခဲ့လဲ မင်းသိလား" သူက လုံချန်းအား မေးလိုက်သည်။

​"ကျွန်တော်လည်း သေချာ မသိဘူးလေ။ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး မဟုတ်လား" လုံချန်းက ဖြေလိုက်၏။

​"မှန်တယ်... ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒါတင် မကသေးဘူး။ ငါတစ်ယောက်တည်းကပဲ သူ့ကို ငါတို့နဲ့ တန်းတူညီမျှတဲ့ လက်နက်မျိုး သုံးဖို့နဲ့ ငါတို့ကို အထင်မသေးဖို့ တောင်းဆိုခဲ့တာ။ ငါတို့အားလုံး ရှုံးနိမ့်ခဲ့ကြပေမဲ့ သူက ငါ့ကိုပဲ တပည့်အဖြစ် ရွေးချယ်ခဲ့တယ်" ဧကရာဇ်က ပြောပြလေသည်။

​"ခင်ဗျားက သူ့ကို ပိုအစွမ်းထက်တဲ့ လက်နက်သုံးဖို့ ပြောခဲ့လို့လား" လုံချန်းက မေးလိုက်၏။

​"မှန်တာပေါ့။ ငါ့ထက်တောင် မင်းက ပိုပြီး နားလည်နေပါလား။ ငါက သူ့ကို ဘာလို့ ငါ့ကို ရွေးတာလဲလို့ မေးခဲ့ဖူးတယ်။ သူက ငါ့ကို ဘယ်လိုပဲ ခက်ခဲပါစေ လွယ်ကူတဲ့ လမ်းစဉ်ကို မရွေးချယ်ခဲ့လို့ပဲလို့ ဖြေခဲ့တယ်" ဧကရာဇ်က ပြုံးလျက် ဆိုလိုက်သည်။

​"မင်းသာ ငါ့နေရာမှာ ဆိုရင်လည်း သူက မင်းကိုပဲ တပည့်အဖြစ် ရွေးမှာ သေချာတယ်" ဧကရာဇ်က ခပ်ယဲ့ယဲ့ ပြုံးလျက် ရေရွတ်လိုက်၏။

​"မင်းမှာ အရင်က ဆရာ ရှိဖူးလား" သူက လုံချန်းအား မေးလိုက်သည်။

​"ကျွန်တော့်မှာ အခုထိ ဆရာ မရှိသေးပါဘူး" လုံချန်းက ခေါင်းခါလျက် ဖြေလိုက်၏။

​"ဒါဆို ငါ့ရဲ့ တပည့်ဖြစ်ဖို့ မင်း လက်ခံမလား" ဧကရာဇ်က မေးလိုက်သည်။

​"မလုပ်ပါရစေနဲ့။ ကျွန်တော်က ဆရာ ရှာနေတာ မဟုတ်ဘူး" လုံချန်းက တိုက်ရိုက်ပင် ငြင်းပယ်လိုက်လေသည်။ သူသည် ဆရာတစ်ဦး ရှိနေရန်အတွက် အလွန် အလုပ်များလှပေသည်။ သူသည် ယခုအချိန်အထိ ဆရာမရှိဘဲ ခရီးနှင်လာခဲ့သူ ဖြစ်ရာ အေးချမ်းတည်ငြိမ်သည့် နေရာမျိုး ဖြစ်နေလျှင်တောင်မှ တစ်နေရာတည်းတွင် အမြဲတစေ ချည်နှောင်ခံထားရခြင်းကို သူ မလိုလားပေ။

​ထို့ပြင် သူသည် ဤနေရာတွင် အကြာကြီး နေထိုင်နိုင်စွမ်းလည်း မရှိချေ။ သူ၏ ဘဝတွင် လုပ်ဆောင်ရမည့် ကိစ္စရပ်များစွာ ရှိနေသေးသည်။ အရင်းအမြစ်များ အတွက်မူ သူ အလိုရှိသလောက် ခိုးယူနိုင်သည်၊ သို့မဟုတ်လျှင်လည်း ဧကရာဇ်ထံမှ ခဏတာ ချေးယူ၍ ရနိုင်ပေသည်။ သူသည် ထိုလူ၏ သမက် ဖြစ်နေသည် မဟုတ်လော။

​"မင်း သေချာရဲ့လား။ မင်းကို ပိုပြီး မြန်မြန် အစွမ်းထက်လာစေမယ့် တကယ့်ကို ကောင်းမွန်တဲ့ ပညာရပ်တချို့ ငါ သင်ပေးနိုင်တယ်နော်" ဧကရာဇ်က လုံချန်းအား ပြောလိုက်၏။

​"အားနာပါတယ်... ကျွန်တော့်အတွက် လိုအပ်တဲ့ ပညာရပ်တွေ အကုန် ရှိနေပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါနဲ့... ခင်ဗျား အလောတကြီး သွားစရာ ရှိတယ် မဟုတ်လား။ ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ" လုံချန်းက ဧကရာဇ်အား မေးလိုက်လေသည်။

​"ကျွန်တော်လည်း မင်ယုနဲ့ သွားတွေ့ဖို့ လိုသေးတယ်လေ။ ခင်ဗျားကြောင့် ကျွန်တော် တစ်ညလုံး သူနဲ့ ဝေးနေခဲ့ရတာ။ အခုထိ သူ့ကို နှုတ်တောင် မဆက်ရသေးဘူး" ထိုသို့ ဆိုကာ သူသည် ဧကရာဇ်ကြောင့် မင်ယုနှင့် ဝေးနေရသည်ဟု အရှက်မရှိ လိမ်ညာပြောဆိုလိုက်လေတော့သတည်း။

​အခန်း ၉၈၄ ပုံရိပ်ယောင်၏ အားနည်းချက်

"ငါ့ကို အနိုင်မယူနိုင်ဘဲနဲ့တော့ သူနဲ့ တစ်ညလုံး အတူရှိဖို့ မမျှော်လင့်နဲ့ဦး" ဧကရာဇ်က လုံချန်းအား ပြောဆိုရင်း နောက်ထပ် ဓားတစ်လက်ကို ထုတ်ယူလိုက်လေသည်။

​"ပြီးတော့ ငါ မင်းကို လျှော့ပေးလိမ့်မယ်လို့လည်း မထင်နဲ့ဦး။ ဒါက မင်းကိုယ်တိုင် တောင်းဆိုခဲ့တာလေ" သူက ထပ်လောင်းပြောဆိုရင်း ကြည်လင်သော ကျောက်စိမ်းရောင် ဖန်သားပြင်ကဲ့သို့ အပြာရောင်ဓားတစ်လက်ကို လုံချန်းအား ထုတ်ပြလိုက်၏။

​"မြေကမ္ဘာအဆင့် လက်နက်လား။ ဒါက ခင်ဗျားရဲ့ အကောင်းဆုံး လက်နက်ပဲလား" လုံချန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

​ဧကရာဇ်က သူ၏ အကောင်းဆုံး လက်နက်အား သုံးမည်ဟု ဆိုထားသော်လည်း ယခုမူ မြေကမ္ဘာအဆင့် လက်နက်တစ်ခုကိုသာ အသုံးပြုနေသဖြင့် လုံချန်းမှာ ဇဝေဇဝါ ဖြစ်သွားမိသည်။

​"မင်းက မြေကမ္ဘာအဆင့် လက်နက်ကို သုံးနေတာဆိုတော့ ငါကလည်း မြေကမ္ဘာအဆင့် လက်နက်ကိုပဲ သုံးမှာပေါ့" ဧကရာဇ်က လုံချန်းအား အသိပေးလိုက်၏။ "မင်းက တန်းတူညီမျှမှုကို အလိုရှိတယ်လေ၊ ငါလည်း အဲဒီအတိုင်းပဲ လုပ်ပေးတာ"

​"မင်းရဲ့ လက်နက်ရဲ့ စွမ်းအားကို ငါ ဘယ်လိုသိလဲဆိုတာတော့ စိတ်မပူပါနဲ့။ ငါ့မှာ အဲဒီအတွက် ပညာရပ်တစ်ခု ရှိပါတယ်။ ဒီဓားက ဘာတွေ ဖြစ်ခဲ့လဲတော့ ငါမသိဘူး၊ ဒါပေမဲ့ အခု မြေကမ္ဘာအဆင့်အထိ လျော့ကျသွားတယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို နှမြောစရာပဲ။ ဒီလောက် အစွမ်းထက်တဲ့ လက်နက်တစ်လက်က ဒီလောက်ထိ နိမ့်ကျသွားရတယ်လို့" သူက ခေါင်းခါလျက် ဆိုလိုက်သည်။

​"ဘာပဲဖြစ်ဖြစ်၊ ငါ့လက်ထဲက ဓားက ငါ့ရဲ့ အစွမ်းထက်ဆုံး လက်နက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအဆင့်မှာတော့ မင်းရဲ့ ဓားနဲ့ ကောင်းကောင်း ယှဉ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။ နောက်ပြီးတော့ ဒီဓားရဲ့ ရိုက်ချက်ကို သတိထားနော်၊ ဒါက မင်းကို ထုံကျင်သွားစေနိုင်တယ်။ ဒီတိုက်ပွဲက မိနစ်ပိုင်းအတွင်းမှာတင် ပြီးသွားတာမျိုးတော့ ငါ မဖြစ်စေချင်ဘူး"

​လုံချန်းက ခေါင်းညိတ်ပြလိုက်ရင်း ဓားကို တင်းတင်းဆုပ်ကိုင်လိုက်၏။ သူသည် သူ၏ ကျင့်ကြံမှုကို အပြည့်အဝ အသုံးချရန် ကြိုးစားလိုက်သော်လည်း အစီအရင်၏ ကန့်သတ်ချက်ကြောင့် သူ၏ ခွန်အားများ အားနည်းသွားသည်ကို ပြန်လည် သတိပြုမိလိုက်သည်။

​သူသည် သူ၏ နိယာမ အားလုံးကို ထုတ်မပြဘဲ ဧကရာဇ်ကို မည်သို့ မြန်မြန်ဆန်ဆန် အနိုင်ယူရမမည်နည်းဟု စိတ်ထဲတွင် အကောင်းဆုံး အစီအစဉ်တစ်ခု ဆွဲလိုက်လေသည်။

​'ဒါက ပိုမိုမြင့်မားတဲ့ ကမ္ဘာတစ်ခုပဲ။ သူတို့မှာလည်း နိယာမတွေ ရှိမှာပါ။ ငါ့မှာရှိတဲ့ နိယာမတွေ အကုန်လုံးကို ဖုံးကွယ်ထားစရာ မလိုဘူး ထင်တယ်။ ပုံရိပ်ယောင် နိယာမက အားအနည်းဆုံး ဖြစ်ပေမဲ့ ဒါက အရေးပေါ် အခြေအနေတွေအတွက် ငါ့ရဲ့ လျှို့ဝှက်လက်နက်ပဲ'

​'ဟင်း... ဒါကိုတော့ ထုတ်မပြလို့ မဖြစ်ဘူး။ အမှောင် နိယာမကတော့ အမှောင်ယဇ်ပဏ္ဏာလိုမျိုး ဒါမှမဟုတ် ညဘက်ကျမှ အလုပ်ဖြစ်မှာ။ ဟင်းလင်းပြင် နိယာမကတော့ အရမ်း ရှားပါးလွန်းတယ်' သူက မေးစေ့ကို ပွတ်ရင်း တွေးတောနေမိသည်။ အရေးပေါ် အခြေအနေတွင် ဧကရာဇ်အား ထုတ်ပြရန်မှာ ဟင်းလင်းပြင် နိယာမနှင့် ပုံရိပ်ယောင် နိယာမ တို့ထဲမှ တစ်ခုကိုသာ ရွေးချယ်စရာ ရှိပေသည်။

​"အစီအစဉ် ဆွဲလို့ ပြီးပြီလား။ မင်း အဆင်သင့်ဖြစ်တဲ့ အချိန်မှာ ငါ့ကို လာတိုက်လို့ ရပြီ။ ငါ မင်းကို ဘာမှ ပြန်မလုပ်ဘဲ သုံးကြိမ် အလကား တိုက်ခိုက်ခွင့် ပေးမယ်။ ပျော်ပျော်ပါးပါးသာ ဆော့ကစားလိုက်ပါဦး" ဧကရာဇ်က လုံချန်းအား ပြောလိုက်၏။

​"ဒါဆိုလည်း ကျွန်တော်က မငြင်းတော့ဘူးပေါ့" ဟလုံချန်းက ပြန်ပြောလိုက်ပြီး ဧကရာဇ် စကားအဆုံးတွင် သူ၏ အစီအစဉ်နှင့် အချိန်ကိုက်ကာ ဧကရာဇ်ထံသို့ ဓားဖြင့် ချက်ချင်း ပြေးဝင်လိုက်လေသည်။

​သူသည် သူ၏ လက်ထဲတွင် ဘုရင်ဓားကို ကိုင်ဆွဲလျက် ဧကရာဇ်၏ ဘယ်ဘက်ပုခုံးထံသို့ ဦးတည်ကာ ထိုးနှက်လိုက်၏။ အကယ်၍ ထိမှန်သွားလျှင်ပင် အကြီးအကျယ် ဒဏ်ရာမရစေရန် သူက ဆင်ခြင်လိုက်ခြင်း ဖြစ်သည်။

​ဓားဦးက ဧကရာဇ်၏ ပုခုံးသို့ နီးကပ်လာခဲ့သော်လည်း ရင်ဘတ်ထဲသို့ မဝင်ရောက်မီမှာပင် ဧကရာဇ်မှာ ပျောက်ကွယ်သွားပြီး ဘယ်ဘက် မီတာအနည်းငယ်အကွာတွင် ပေါ်လာလေသည်။

​ဓားမှာ ဧကရာဇ် အရင်ရပ်နေခဲ့သည့် နေရာလွတ်ကိုသာ ဖြတ်သန်းသွားခဲ့ပြီး ယခုအခါ ဘယ်ဘက်တွင် ရပ်နေသော ဧကရာဇ် လုကျွင်းဝေအား ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ချေ။

​"သြော်... ငါ မေ့လို့ သတိမပေးလိုက်မိဘူး။ ငါ့မှာ အတော်လေး ကောင်းမွန်တဲ့ လှုပ်ရှားမှု ပညာရပ်တစ်ခု ရှိတယ်လေ။ ဒါကြောင့် တိုက်ခိုက်နိုင်ဖို့ဆိုရင်တော့ မင်း အတော်လေး ကြိုးစားရလိမ့်မယ်" ဧကရာဇ်က ပြုံးလျက် ဆိုလိုက်သည်။

​ဧကရာဇ် ကျွင်းဝေ၏ ကျင့်ကြံမှုအဆင့်မှာ ကန့်သတ်ခံထားရသော်ငြား သူသည် အခက်အခဲပေါင်းစုံကြားမှ လေ့ကျင့်ထားသော သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကြီးမားသော ပညာရပ်များကို ပိုင်ဆိုင်ထားဆဲပင်။

​"ငါ အရင်ကပေးတဲ့ လျှော့ပေးမှုကို လက်မခံခဲ့မိတာ အခု နောင်တရနေပြီလား" သူက ရွှန်းလဲ့သော အပြုံးဖြင့် လုံချန်းအား မေးလိုက်၏။

​"ငါ ငယ်ငယ်တုန်းက ဒီစမ်းသပ်ချက်ကို ဖြတ်သန်းခဲ့ရချိန်မှာ ငါ့ကို ပါရမီရှင်လို့ သတ်မှတ်ထားကြပေမဲ့လည်း ငါ့ဆရာကို ငါ မနိုင်ခဲ့ဘူး။ အခုလည်း အဲဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ်။ အလားအလာရှိတာ ကောင်းပေမဲ့ အတွေ့အကြုံရှိတဲ့ ပညာရပ်တွေနဲ့ ယှဉ်ရင်တော့ အလွယ်တကူ ရှုံးနိမ့်သွားတတ်ပါတယ်။ ဒါကို ဒီနေ့အတွက် သင်ခန်းစာတစ်ခုအနေနဲ့ မှတ်ယူလိုက်ပါဦး" သူက ထပ်လောင်း ဆိုလိုက်သည်။

​ဧကရာဇ်၏ စကားအဆုံးတွင် လုံချန်း၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်ကို သူ သတိပြုမိလိုက်၏။

​ထိုအချိန်တွင် သူ၏ လည်ပင်းအနောက်ဘက်သို့ အေးစိမ့်ပြီး ထက်ရှသော အရာတစ်ခု လာရောက် ထိတွေ့နေသည်ကို သူ ခံစားလိုက်ရသည်။

​"မှန်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ နေရာမှာ အသုံးချနိုင်မယ်ဆိုရင် အလားအလာက အတွေ့အကြုံကို ကျော်လွန်သွားနိုင်တယ်ဆိုတာလည်း အမှန်တရားပါပဲ" အေးစိမ့်သော အသံတစ်သံက သူ၏ နားထဲသို့ တိုးဝင်လာလေသည်။

​"ဘာ... ဘယ်လိုဖြစ်လို့လဲ" ဧကရာဇ်က ထိုအသံမှာ လုံချန်း၏ အသံဖြစ်ကြောင်း သိလိုက်သဖြင့် အံ့အားသင့်ကာ ရေရွတ်လိုက်မိသည်။ သို့သော် ၎င်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။ လုံချန်းက သူ၏ ရှေ့တွင် ပြုံးလျက် ရပ်နေဆဲ ဖြစ်သည် မဟုတ်လော။

​သူ၏ ရှေ့တွင် ရပ်နေသော လုံချန်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အား မြင်လိုက်ရချိန်တွင်မှ သူ အားလုံးကို နားလည်သွားလေတော့သည်။

​"ပုံရိပ်ယောင်လား... တကယ့်ကို ပါးနပ်တာပဲ" သူက ခပ်ယဲ့ယဲ့ ပြုံးလျက် ရေရွတ်လိုက်၏။

​ယခုအခါ အမှန်တရားကို သူ သိမြင်သွားပြီ ဖြစ်သည်။ သူ၏ လည်ပင်းအနောက်ဘက်ကို ထိနေသော ထက်ရှသည့်အရာမှာ လုံချန်း၏ ဓားပင် ဖြစ်ချေသည်။

​၎င်းတင်မကဘဲ လုံချန်းသည် ယခုအချိန်တွင် သူ၏ အနောက်တွင် ရပ်နေခြင်း ဖြစ်သည်။ သူ လုံချန်းဟု ထင်မှတ်ထားခဲ့သော ရှေ့မှလူမှာ ပုံရိပ်ယောင် မျှသာ ဖြစ်ပေသည်။

​"အရမ်း ပါးနပ်တာပဲ။ ဒါပေမဲ့ ဒီလောက်အထိ လက်တွေ့ကျတဲ့ ပုံရိပ်ယောင်တွေ ဖန်တီးနိုင်ဖို့ဆိုရင် မင်းမှာ ပုံရိပ်ယောင် နိယာမ ရှိနေရမယ်။ ငါ့ကိုတောင် ခဏတာ လှည့်စားနိုင်ဖို့ဆိုရင် ဒါကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး" ဧကရာဇ်က အနောက်သို့ လှည့်မကြည့်ဘဲ ဆိုလိုက်သည်။

​၎င်းမှာ အမှန်တရားပင်။ လုံချန်းသည် ဟင်းလင်းပြင် နိယာမကို ထုတ်ပြမည့်အစား ပုံရိပ်ယောင် နိယာမအား ထုတ်ပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုမျှတင် မကသေးချေ။ သူသည် သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ပိုမိုကောင်းမွန်စွာ ဖုံးကွယ်နိုင်ရန် ကောင်းကင်ဘုံ ခြုံလွှာနှင့်ပါ ရောယှက် အသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနည်းလမ်းသည် သူတော်စင်အဆင့်ရှိသော ဧကရာဇ်တစ်ဦးအပေါ် အလုပ်ဖြစ်မည်လား သူ မသေချာသောကြောင့် ဖြစ်သည်။

​သို့သော် သိသာထင်ရှားသည်မှာ သူ၏ ခန္ဓာကိုယ်အစစ်ကို ဖုံးကွယ်ရာတွင် ၎င်းက အောင်မြင်ခဲ့ပေသည်။ ဧကရာဇ်သည် သူ့ကို တိုက်ခိုက်ရာတွင် အလေးအနက် မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ အကယ်၍ သူသာ အလေးအနက်ထားပြီး ပို၍ သတိဝီရိယ ရှိနေခဲ့မည်ဆိုလျှင် အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။

​"မှန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ဓားက ခင်ဗျားရဲ့ လည်ပင်းပေါ်မှာ ရောက်နေပြီ။ တစ်ချက်တည်း ထိုးလိုက်ရုံနဲ့ ခင်ဗျား သေသွားနိုင်တယ်။ ဒါကို ကျွန်တော့်ရဲ့ အနိုင်အဖြစ် သတ်မှတ်လိုက်လို့ ရမလား" လုံချန်းက တိုးတိုးလေး မေးလိုက်၏။

​"ဟားဟားဟား... ငါဆိုရင်တော့ အဲဒီလောက်အထိ ယုံကြည်မှု ရှိနေမှာ မဟုတ်ဘူး။ တကယ့် တိုက်ပွဲတစ်ခုမှာဆိုရင် မင်းရဲ့ သတ်ဖြတ်လိုစိတ်ကြောင့် မင်းရဲ့ တိုက်ခိုက်မှုကို ငါ ကြိုသိနေမှာ သေချာတယ်။ ဒါပေမဲ့ မင်းက ငါ့ကို ဒဏ်ရာပေးဖို့ ရည်ရွယ်ချက် မရှိခဲ့တာကြောင့် ဒါက မင်းကို အထောက်အကူ ဖြစ်သွားစေတာ။ မင်းမှာ ငါ့ကို သတ်ချင်တဲ့ စိတ်ကလေး တစ်စွန်းတစ်စသာ ရှိခဲ့မယ်ဆိုရင် အရာအားလုံးက ပြောင်းလဲသွားလိမ့်မယ်။ ဒါက ပုံရိပ်ယောင် နိယာမရဲ့ အားနည်းချက်ပဲ" ဧကရာဇ်က လုံချန်းအား သင်ခန်းစာပေးလိုသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။

​"အနာဂတ်မှာ ဒီကန့်သတ်ချက်ကို သတိရရအောင် မှတ်ထားဦး။ အခုအတွက်တော့ မင်းရဲ့ လက်နက်နဲ့ ငါ့ကို ထိနိုင်ခဲ့တာဆိုတော့ ငါ ရှုံးနိမ့်မှုကို လက်ခံပါတယ်" သူက ခပ်ယဲ့ယဲ့ ပြုံးလျက် ဆိုလိုက်လေသည်။

​ဧကရာဇ်က အရှုံးကို လက်ခံလိုက်ပြီးနောက် လုံချန်းသည် သူ၏ လက်ထဲမှ ဓားအား အောက်သို့ ချလိုက်သော်လည်း ဤသည်မှာ အဆုံးသတ် မဟုတ်သေးသည့်အလား သိုလှောင်လက်စွပ်ထဲသို့ ပြန်မထည့်သေးဘဲ ထားရှိလိုက်လေသည်။

All Chapters