← Chapters

အခန်း (၉၈၅-၉၈၆)

Vol. 95 Ch. 985-986

အခန်း (၉၈၅-၉၈၆)

Vol. 95 Ch. 985-986

​အခန်း ၉၈၅ အစီအစဉ်

ဧကရာဇ်သည် လုံချန်းဘက်သို့ ပြန်လှည့်လာပြီး လက်နက်ကို အောက်သို့ ချလိုက်သည်။

​ဧကရာဇ် လုကျွင်းဝေက ခေါင်းခါယမ်းရင်း လုံချန်းအား ပြောလိုက်၏။ "ဒီတိုက်ပွဲက ငါစီစဉ်ထားသလို ဖြစ်မလာခဲ့ပေမဲ့ ဒါဟာ တကယ့် တိုက်ပွဲထက်စာရင် လှည့်ကွက်တစ်ခု ဖြစ်နေခဲ့ရင်တောင် မင်း ငါ့ကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ငါ ဝမ်းသာပါတယ်"

​"ပြန်ကြစို့" သူက ဆိုကာ အပြင်သို့ ထွက်ရန် တံခါးဆီသို့ ဦးတည် လျှောက်လှမ်းသွားလေသည်။ သူ၏ မျက်နှာထက်တွင် စိတ်ပျက်မှု အရိပ်အယောင်များ ထင်ဟပ်နေ၏။

​"ခင်ဗျား ဘယ်ကို သွားမလို့လဲ" လုံချန်းက ထွက်ခွာသွားသော ဧကရာဇ်ကို ကြည့်ကာ မေးလိုက်သည်။

​"ဘာကို ဆိုလိုတာလဲ။ တိုက်ပွဲက ပြီးသွားပြီလေ။ ဒါကြောင့် ငါ ထွက်သွားတော့မလို့ပေါ့" ဧကရာဇ်က နောက်သို့ လှည့်ကြည့်ကာ ပြန်ဖြေ၏။

​"တိုက်ပွဲက မပြီးသေးပါဘူး။ ပထမတိုက်ပွဲက ခင်ဗျားရဲ့ အနိုင်ရရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ပြီးမြောက်အောင် လုပ်ခဲ့တာပဲ ရှိသေးတယ်။ အခု ကျုပ် နိုင်သွားပြီဆိုတော့ မင်ယုနဲ့ တွေ့တာ၊ အတူနေတာတွေကို ခင်ဗျား တားလို့မရတော့ဘူး။ အစစ်အမှန် တိုက်ပွဲကတော့ အခုမှ စမှာပါ။ ပြီးတော့ ဒါက ဘာစည်းကမ်းချက်မှ မရှိဘူး။ ကျုပ် ရှုံးသွားရင်တောင်မှ ကျုပ်က အနိုင်ရပြီးသား ဖြစ်တဲ့အတွက် ခင်ဗျား ကျုပ်ကို မင်ယုနဲ့ တွေ့ဖို့ မတားရဘူးနော်" လုံချန်းက ဧကရာဇ်အား ပြောလိုက်သည်။

​သူသည် အချင်းချင်း သတ်ဖြတ်ရန် မရည်ရွယ်ဘဲ စွမ်းအားကြီးပြီး ပါရမီထူးသော ပြိုင်ဘက်တစ်ဦးနှင့် အားရပါးရ ယှဉ်ပြိုင်ချင်နေခြင်း ဖြစ်သည်။ ဤသည်မှာ အခွင့်အရေးကောင်း တစ်ခုဖြစ်သဖြင့် သူ၏ စိတ်ကြိုက် တိုက်ခိုက်လိုပေသည်။

​ပထမတိုက်ပွဲတွင် သူသည် ဧကရာဇ်၏ ခွင့်ပြုချက်ရရန်အတွက်သာ လမ်းကြောင်းတိုကို ရွေးချယ်ကာ ပုံရိပ်ယောင်အား အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အဓိက အပိုင်းမှာ အခုမှ လာမည် ဖြစ်သည်။ ၎င်းမှာ သူ၏ နိယာမများအား အသုံးမပြုဘဲ သူ၏ အစစ်အမှန် ခွန်အားကို စမ်းသပ်လေ့ကျင့်ခြင်းပင် ဖြစ်ပေလိမ့်မည်။

​ဧကရာဇ်မှာ လုံချန်းကို ကြည့်ကာ မယုံနိုင်လောက်အောင် ကြောင်အသွားမိ၏။ ဤကောင်လေးက တကယ်ကြီး ပြောနေသည်လော။

​"ဟားဟားဟားဟား..."

​မကြာမီမှာပင် သူသည် ဗိုက်ကို နှိပ်ကာ အားရပါးရ ရယ်မောလေတော့သည်။

​"ဘာဖြစ်လို့လဲ" လုံချန်းက သူ ဘာကြောင့် ရယ်နေရသနည်းဟု ဇဝေဇဝါဖြင့် မေးလိုက်၏။

​"ကောင်းတယ်။ တကယ့်ကို ကောင်းတယ်။ မင်းက တကယ် ကံကောင်းတာပဲ။ မင်းသာ ငါ့ကို အခုလို မတားခဲ့ရင် ငါ မင်းကို ကြိုက်မှာ မဟုတ်ဘူး။ မင်း နိုင်ခဲ့တာက လမ်းကြောင်းတိုကို သုံးခဲ့တာပဲလေ။ တကယ်လို့ မင်းသာ ငါ့ကို အခုလို ထွက်သွားခွင့် ပေးခဲ့မယ်ဆိုရင် မင်းဟာ အစစ်အမှန် တိုက်ပွဲကို ကြောက်ရွံ့နေတယ်လို့ အဓိပ္ပာယ်ရသွားလိမ့်မယ်။ အဲဒါဆိုရင် ငါ့မျက်စိထဲမှာတော့ မင်းဟာ အရည်အချင်းမရှိတဲ့ သမက်တစ်ယောက်ပဲ ဖြစ်နေမှာ" ဧကရာဇ်က အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

​"စိတ်မပူပါနဲ့။ မင်း ရှုံးသွားရင်တောင် မင်ယုနဲ့ အတူနေဖို့ ငါ မတားပါဘူး။ မင်းကို ငါ့သမက်အဖြစ် ငါ လက်ခံတယ်။ အခုတော့ အဲဒီကိစ္စတွေ ခေါင်းထဲမထည့်နဲ့တော့၊ မင်း ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ငါ့ကို ပြစမ်းပါဦး" သူက ပြုံးလျက် ဆိုလိုက်လေသည်။

​သုံးနာရီခန့် ကြာသွားသည်။ လုံချန်းသည် မြေပြင်ပေါ်တွင် ထိုင်ကာ မောဟိုက်စွာ အသက်ရှူနေ၏။

​'ဟင်း... အတွေ့အကြုံဆိုတာ တကယ်ကို အစွမ်းထက်တဲ့ အရာပဲ။ ငါ့ရဲ့ နိယာမတွေနဲ့ မိစ္ဆာဘုရင် ခန္ဓာကိုယ်ကို အသုံးမပြုဘဲနဲ့တော့ သူ့ရှေ့မှာ ငါက အရမ်း အားနည်းလွန်းနေပါလား။ ငါနဲ့ ကျင့်ကြံမှုအဆင့် တူတူချင်း လူတစ်ယောက်ကိုတောင် ငါ မနိုင်နိုင်သေးပါလား' လုံချန်းက အဝေးတစ်နေရာတွင် မတ်မတ်ရပ်နေဆဲဖြစ်သော ဧကရာဇ်ကို ကြည့်ကာ တွေးလိုက်မိသည်။

​"သုံးနာရီတောင် ကြာသွားတယ်... သုံးနာရီကြာတဲ့အထိ ငါ မင်းကို အနိုင်မရခဲ့ဘူး။ ဒါပေမဲ့ မင်းရဲ့ ချီစွမ်းအင်က ပိုမြန်မြန် ကုန်ဆုံးသွားပုံရတယ်။ ဒါကလည်း ဖြစ်သင့်ပါတယ်လေ။ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကန့်သတ်ထားပေမဲ့ စွမ်းအင် သိုလှောင်မှု ပမာဏကိုတော့ မထိခိုက်ဘူးလေ။ ဒါတောင်မှ မင်းရဲ့ စွမ်းအင်တွေ ကုန်သွားတဲ့အထိ အရှုံးမပေးခဲ့တာကတော့ တကယ့်ကို အထင်ကြီးစရာပဲ" ဧကရာဇ်က လုံချန်းအား ချီးကျူးလိုက်သည်။

​"စကားတွေ အလှဆင်မနေပါနဲ့ဦး။ ကျွန်တော့်မှာ စွမ်းအင် မကျန်တော့ဘူး။ ခင်ဗျား ကျွန်တော့်ကို အခု အလွယ်တကူ အနိုင်ယူလို့ ရပြီ။ ဒါ ကျွန်တော့်ရဲ့ အရှုံးပါပဲ။ စွမ်းအင် သိုလှောင်မှု နည်းတာက ကျွန်တော် အနိုင်မရတာအတွက် ဆင်ခြေပေးစရာ အကြောင်းပြချက် မဟုတ်ပါဘူး" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးလျက် ဆိုလိုက်သည်။ သူသည် ဝတ်စုံမှ ဖုန်များကို ခါထုတ်ရင်း ထရပ်လိုက်၏။

​"သြော်... ဟုတ်လို့လား။ မင်း တကယ်ပဲ အကုန်အစင် ထုတ်သုံးခဲ့တာလား။ မင်းမှာ လျှို့ဝှက်ချက်တွေ ကျန်နေသေးတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ" ဧကရာဇ်က ရွှန်းလဲ့သော အပြုံးဖြင့် မေးလိုက်သည်။

​၎င်းမှာ အမှန်တရားပင်။ လုံချန်းသည် ဤတိုက်ပွဲကို ကျင့်ကြံသူတစ်ဦးနှင့် တစ်ဦး ယှဉ်ပြိုင်သည့် တိုက်ပွဲအဖြစ်သာ ရင်ဆိုင်လိုခြင်း ဖြစ်သည်။ သူ၏ နိယာမများနှင့် တခြားသော စွမ်းရည်များကို အသုံးမပြုခဲ့ချေ။

​"ကျွန်တော်လည်း ခင်ဗျားကို ဒီအတိုင်းပဲ ပြောလို့ရပါတယ်။ ခင်ဗျားလို ခွန်အားကြီးတဲ့ ဧကရာဇ်တစ်ဦးမှာ နိယာမ တစ်ခုခု မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ခင်ဗျားလည်း အသုံးမပြုခဲ့ဘူးလေ။ ဒါက ကျွမ်းကျင်မှုတွေကို ယှဉ်ပြိုင်တဲ့ တိုက်ပွဲပဲ၊ ကျွန်တော် ရှုံးသွားတယ်... ဒါပါပဲ" လုံချန်းက ခေါင်းခါလျက် ဆိုလိုက်၏။

​ဧကရာဇ်သည် နွေးထွေးစွာ ပြုံးလိုက်ရင်း လုံချန်းထံသို့ လျှောက်လှမ်းလာသည်။ လုံချန်းအနားသို့ ရောက်သောအခါ သူသည် လုံချန်း၏ ခေါင်းကို သာသာယာယာ ပွတ်သပ်ပေးလိုက်၏။

​"မင်းက ငါ့ရဲ့ မျှော်လင့်ချက်တွေကို တကယ်ပဲ ကျော်လွန်သွားခဲ့ပြီ သူငယ်လေး။ မင်ယုမှာ မင်းလို ခင်ပွန်းတစ်ယောက် ရှိတာကို ငါ ဝမ်းသာပါတယ်။ ဒီနေ့ကစပြီး သူနဲ့ အတူနေနိုင်ပါပြီ" သူက လုံချန်းအား ပြောလိုက်လေသည်။

​သူသည် အနောက်သို့ လှည့်ကာ တံခါးဆီသို့ လျှောက်သွား၏။ တံခါးဝသို့ ရောက်ခါနီးတွင်မှ သူသည် အနောက်သို့ ပြန်လှည့်လာသည်။

​"သြော်... ဟုတ်သားပဲ။ သွားပြီး အနားယူလိုက်ဦး။ အနားယူပြီးရင် ပလ္လင်ခန်းမကို လာခဲ့ဦး။ မင်း အနိုင်ရခဲ့တဲ့အတွက် ပေးစရာ တစ်ခုခု ရှိတယ်" သူက ပြောလိုက်ရာ လုံချန်းက ခေါင်းညိတ်ပြလိုက်၏။

​"ဒါနဲ့... မင်း မင်ယုနဲ့ အတူနေနိုင်ပြီဆိုတော့ ညဘက်မှာ အခန်းထဲကနေ ခိုးထွက်နေစရာ မလိုတော့ဘူးပေါ့။ ဒါကြောင့် ငါ့ကို နောက်တစ်ခါ လိမ်ပြောဖို့ မလိုတော့ဘူးလို့ ထင်တယ်" သူက ခေါင်းခါလျက် ထွက်ခွာသွားလေရာ လုံချန်းမှာ ကြောင်အလျက် ကျန်ရစ်ခဲ့တော့သည်။

​"ဒီလူကြီး... သူ သိနေတာပဲ" လုံချန်းသည် ညဘက်တွင် သူ ခိုးထွက်ခဲ့သည်ကို လုကျွင်းဝေ သိနေကြောင်း သဘောပေါက်သွားသဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။

​သူ့တွင် ဟင်းလင်းပြင် နိယာမ ရှိနေသည်ကိုလည်း ထိုလူကြီးက ရိပ်မိနေခြင်းများလော။

​'ဟင်း... ငါ သူ့ကို အထင်သေးခဲ့မိတာပဲ' သူက တွေးတောရင်း ခေါင်းခါလိုက်မိသည်။ သူသည်လည်း အပြင်သို့ ထွက်ရန် လျှောက်လှမ်းလာခဲ့၏။ သူသည် မင်ယု၏ အခန်းသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

​စင်္ကြံလမ်းအတိုင်း လျှောက်လာရင်း သူ၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာလေသည်။

​'ဟုတ်သားပဲ။ အခု သူက ငါ့ကို လက်ခံသွားပြီ။ ပြီးတော့ သူက ဒီက ဧကရာဇ်ပဲလေ။ သူ့လက်အောက်မှာ အဆင့်မြင့် လက်နက်ပညာရှင်တွေ ရှိမှာ သေချာတယ်။ ငါသာ သူ့ကို အကူအညီ တောင်းမယ်ဆိုရင် ငါ့ရဲ့ ဝိညာဉ်ဓားကို ပိုပြီး အစွမ်းထက်တဲ့ လက်နက်တစ်ခု ဖြစ်လာအောင် ပြန်လည် သွန်းလုပ်ပေးနိုင်မှာပဲ။ ဒီနေရာမှာဆိုရင် မြေကမ္ဘာအဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ အဆင့်အထိ မြှင့်တင်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး' သူ၏ ဝိညာဉ်ဓားကို တွေးတောရင်း ရေရွတ်လိုက်မိသည်။

​'ညနေဘက် သူ့ကို တွေ့ရင် ဒီကိစ္စ ပြောကြည့်ရမယ်။ ဒီလောက် ကိစ္စအသေးအမွှားလေးကိုတော့ သူ ငြင်းမှာ မဟုတ်ပါဘူး'

​ထိုနန်းတော်အတွင်း၌ပင် အခန်းတစ်ခန်းထဲ၌ မင်းသား လုဝမ်သည် ကုတင်ပေါ်တွင် ထိုင်ကာ နည်းလမ်းတစ်ခုကို စဉ်းစားနေ၏။

​"ငါ အဲဒီကောင်နဲ့ ခုနတင် တွေ့ခဲ့တာ။ မင်ယု ငါ့ကို မုန်းသွားအောင် သူ့အကြောင်း လိမ်ပြောလို့ မရဘူး။ နားလည်မှု လွဲမှားသွားအောင် သူ တစ်ခုခု လုပ်ခဲ့သလိုမျိုးပဲ ငါ ဖန်တီးမှ ဖြစ်မယ်" သူက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။

​"မင်ယုက သူ့ရဲ့ အစ်ကိုဖြစ်တဲ့ ငါ့ကို ချစ်တယ်။ ပြီးတော့ သူ့ရဲ့ ခင်ပွန်းဖြစ်တဲ့ သူ့ကိုလည်း ချစ်တယ်။ တကယ်လို့ သူက ငါ့ကို သတ်ဖို့ ကြိုးစားတယ်လို့သာ သူတို့ ထင်အောင် ငါ လုပ်နိုင်မယ်ဆိုရင်ကော... အဲဒါဆို အလုပ်ဖြစ်နိုင်မှာပဲ" သူက တွေးတောလိုက်မိသည်။ "ဒါပေမဲ့ ဒါကို ဘယ်လိုမျိုး စလုပ်ရမလဲ"

​သူသည် ကုတင်ပေါ်တွင် လှဲလျက် အတွေးပေါင်းစုံဖြင့် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေလေသည်။

အခန်း ၉၈၆ မေးခွန်း

လုံချန်းသည် မင်ယု၏ အခန်းတံခါးကို ခေါင်းလောင်းတီးသကဲ့သို့ ခေါက်လိုက်ရာ ရေချိုးပြီးခါစ ဆံပင်စိုစိုလေးများဖြင့် လှပနေသော မင်ယုက တံခါးလာဖွင့်ပေးသည်။

​"ပြန်လာပြီလား... ငါ မနိုးခင် ဘာလို့ ထွက်သွားတာလဲ။ အနည်းဆုံးတော့ အသိပေးသွားသင့်တာပေါ့" မင်ယုက လုံချန်းကို အပြစ်တင်သလို ပြောဆိုရင်း ကုတင်ဆီသို့ ပြန်လျှောက်သွားသည်။

​လုံချန်းက တံခါးကို ပြန်ပိတ်လိုက်ပြီး သူမအနားသို့ တိုးသွား၏။ "စိတ်မကောင်းပါဘူး။ နင့်အဖေ မသိအောင်လို့ ကိုယ့်အခန်းကို ပြန်သွားတာပါ။ ဒါပေမဲ့ ကံမကောင်းချင်တော့ သူက ငါ့ ဒီမှာ တစ်ညလုံး နေခဲ့မှန်း သိပြီးသား ဖြစ်နေတယ်" သူက ခပ်ယဲ့ယဲ့ ပြုံးလျက် ဆိုလိုက်သည်။

​"ဘာ..." မင်ယုမှာ အံ့အားသင့်သွားပြီး ကုတင်ပေါ်မှ ချက်ချင်း ထရပ်လိုက်၏။ "သူ ဘာလုပ်လိုက်သေးလဲ။ နင့်ကို ဆူလိုက်သေးလား"

​"စိတ်မပူပါနဲ့။ သူ ဘာမှမလုပ်ပါဘူး။ တကယ်တော့ သူက ဒီနေ့ကစပြီး နင်နဲ့အတူ နေဖို့တောင် ခွင့်ပြုလိုက်သေးတယ် လုံချန်းက ပြောရင်း မင်ယု၏ ခါးကို ဖက်ကာ နမ်းလိုက်လေသည်။

​"ညနေကျမှ သူ့ကို သွားတွေ့ရမှာဆိုတော့ အဲဒီအချိန်ထိ ကိုယ် အားနေတာပေါ့။ ဒါကြောင့်..." လုံချန်းက မင်ယု၏ မျက်လုံးများကို စိုက်ကြည့်ကာ အသံတိုးတိုးဖြင့် ဆိုလိုက်၏။ မင်ယုကလည်း မသိချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သည်။ "ဒါကြောင့်... ဘာဖြစ်လဲ"

လုံချန်းက သူမ၏ တင်ပါးကို ခပ်ဖွဖွ ရိုက်လိုက်သည်။ "အပြစ်ကင်းစင်ချင်ယောင် ဆောင်မနေပါနဲ့ဦး မိန်းကလေးရယ်... ကဲ... အလုပ်ရှုပ်ကြရအောင်" ထိုသို့ ဆိုကာ သူမကို ကုတင်ပေါ်သို့ ဆွဲခေါ်သွားလေတော့သည်။

​အခြားတစ်ဖက်တွင် မင်းသား လုဝမ်သည် သူ၏ ဖခင်ရှိရာ ပလ္လင်ခန်းမသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ဧကရာဇ် လုကျွင်းဝေ တစ်ဦးတည်းသာ ရှိနေပြီး အစောင့်အကြပ်များပင် မရှိချေ။

​"ဝမ်အာ... မင်း မနက်ကတည်းက ပြန်ရောက်နေတယ်လို့ ငါကြားတယ်။ ဘာလို့ အခုမှ ငါ့ကို လာတွေ့တာလဲ" ဧကရာဇ်က မေးလိုက်သည်။

"သား အတော်လေး ပင်ပန်းနေလို့ အနားယူနေတာပါ။ ပြီးတော့ ခမည်းတော် ကျင့်ကြံနေချိန်နဲ့ တိုးမှာလည်း စိုးတာနဲ့ နောက်ကျမှ လာခဲ့တာပါ" သူက အကြောင်းပြချက် ပေးလိုက်၏။

​"ရပါတယ်။ မင်း ဘယ်လောက် ပင်ပန်းမလဲဆိုတာ ငါ နားလည်ပါတယ်။ အခု အနားရပြီလား" ဧကရာဇ်က မေးမြန်းလိုက်သည်။

"ဟုတ်ကဲ့ပါ ခမည်းတော်" လုဝမ် ပြန်ဖြေလိုက်သည်။

"ဒါနဲ့ ချန်တီ ဧကရာဇ်ဆီ သွားတဲ့ ခရီးစဉ်ကရော အခြေအနေ ဘယ်လို ရှိလဲ" ဧကရာဇ်က မေးလိုက်သည်။

"အခြေအနေတွေကတော့ ပြေလည်သွားပါပြီ။ အပစ်အခတ် ရပ်စဲဖို့လည်း သဘောတူညီမှု ရခဲ့ပါတယ်" မင်းသား လုဝမ်က တင်ပြလိုက်သည်။

​"ဒါက ပိုကောင်းတာပေါ့" ဧကရာဇ်က ရေရွတ်ရင်း မေးလိုက်သည်။ "ယုအာ လက်ထပ်လိုက်ပြီဆိုတာ မင်း ကြားပြီးပြီလား"

​"ဟုတ်ကဲ့... ကြားပါတယ်။ အဲဒါ အမှန်ပဲလား" လုဝမ်က မေးလိုက်သည်။

"သူက အတော်လေး သဘောကျဖို့ ကောင်းပါတယ်။ တော်လည်း တော်တယ်။ သူက ငါထက်တောင် သာတဲ့ လူငယ်တစ်ယောက်ပဲ" ဧကရာဇ်က ချီးကျူးစကား ဆိုလေသည်။

​လုဝမ်သည် ခေါင်းငုံ့လျက်သာ နားထောင်နေ၏။ 'သူက ငါ့ကို အသက်ပြန်သွင်းပေးတဲ့လူရဲ့ သူငယ်ချင်းကို သတ်ခဲ့တဲ့လူပဲလေ။ ဘယ်လောက်အထိ အစွမ်းထက်မလဲဆိုတာ ခန့်မှန်းလို့ ရပါတယ်' သူ စိတ်ထဲတွင် တွေးနေမိသည်။

​ထို့နောက် ဧကရာဇ်သည် လုဝမ်အား အရေးကြီးသော မေးခွန်းတစ်ခုကို စတင် မေးမြန်းလေတော့သည်။

​"ဟုတ်သားပဲ... မင်ယု ပြန်ရောက်လာတော့ သူ ပျောက်သွားတဲ့အချိန်က ကိစ္စတွေကို ငါ့ကို ပြောပြတယ်။ သူ ပြောပုံအရဆိုရင် မင်းကို ဖေကျန်က သတ်လိုက်တာဆိုပဲ။ အဲဒါ ဘယ်လို ဖြစ်ရတာလဲ"

​လုဝမ်၏ လက်များ ခဏမျှ တုန်ယင်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေခဲ့သည်။

​'အဲဒီကောင်မလေး... ငါ့နောက်ကို ခိုးလိုက်လာတာလား။ ဒါဆို ငါ့ရဲ့ လုပ်ရပ်တွေက သူ့ကိုပါ အန္တရာယ်ဖြစ်စေခဲ့တာပေါ့...'

​ဧကရာဇ်က မင်ယု ပြောပြခဲ့သည့် ဇာတ်လမ်းအပြည့်အစုံနှင့် သူမကို ကံကြမ္မာ ပုံဆောင်ခဲ ပေးခဲ့သည့် မျက်နှာတစ်ဝက်ဖုံးထားသော လူ အကြောင်းကိုပါ ရှင်းပြလိုက်သည်။

​ထိုအခါမှ လုဝမ်သည် အချက်အလက်များကို ဆက်စပ်ကြည့်မိလေတော့သည်။ 'အဲဒီလူပဲ၊ သူက ငါ့ညီမကို ဒီကပ်ဘေးနဲ့ ဆုံအောင် လုပ်ခဲ့တာလား။ ငါ့ကို အသက်ပြန်သွင်းပေးတဲ့ လူကပဲ မင်ယုကို ပုံဆောင်ခဲပေးခဲ့တာဆိုတော့... ဒါတွေအားလုံးက တိုက်ဆိုင်မှု မဟုတ်နိုင်ဘူး။ သူက လုံချန်းကို သတ်ဖို့ ငါ့ကို ခိုင်းရုံတင်မကဘဲ မင်ယုကိုပါ ဒီကစားပွဲထဲ ဆွဲထည့်ခဲ့တာပဲ'

All Chapters