← Chapters

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အခန်း (၁၀၆) - စေ့စပ်ပွဲ ဖျက်သိမ်းခြင်း (၁)

နီယန်သည် အဒေါ်ဝမ်၏ အိမ်သို့ ရောက်သောအခါ ယန်ကွေ့ပေါင်သည် သူ၏ မောင်နှမ ဝမ်းကွဲများ ဖြစ်သော ဝမ်ယွမ်ကျစ် ဝမ်ရှောင်ချင် တို့နှင့်အတူ တံခါးဝတွင် ရွှံ့ပစ်တမ်း ကစားနေကြလေသည်။ အဒေါ်ဝမ်နှင့် ဝမ်မေဖုန်းတို့မှာမူ အိမ်ရှေ့၌ စကားပြောနေကြသည်။ နီယန် လာသည်အား မြင်သည်နှင့် ဝမ်မေဖုန်းနှင့် အဒေါ်ဝမ်တို့မှ ပြုံးရွှင်စွာ နှုတ်ဆက်ကြလေသည်။

"ယန်ယန် ရောက်လာပြီပဲ"

"အဒေါ် အဒေါ်ဝမ် ကျွန်မ ခြင်းတောင်း ပြန်ပေးဖို့ လာတာပါ"

အဒေါ်ဝမ်မှ ပြုံးလိုက်ရင်း ...

"ခြင်းတောင်း ပြန်ပေးရုံတင်ကို ကိုယ်တိုင် လာစရာ မလိုပါဘူးကွယ်"

ဟု ဆိုကာ ဝမ်မေဖုန်းအား ခိုင်းစေလိုက်လေသည်။

"မေဖုန်း ယန်ယန်အတွက် လက်ဖက်ရည် မြန်မြန် သွားဖျော်လိုက်ဦး"

အဒေါ်ဝမ်၏ မိသားစုမှာ ယခုအခါ နီယန်အား အဖိုးတန် ဧည့်သည်တော် တစ်ဦးကဲ့သို့ ဆက်ဆံနေကြပြီ ဖြစ်သည်။ ယန်ကွေ့ပေါင်သည် ယခင်တွင် တစ်ပတ်လျှင် အကြိမ်ပေါင်း များစွာ ဖျားနာ တတ်သော်လည်း ယခုဆိုလျှင် တစ်လနီးပါး ရှိပြီ ဖြစ်သည့်တိုင် မည်သည့် ပြဿနာမျှ မရှိတော့ချေ။ အကယ်၍ ဆေးအား နောက်ထပ် တစ်လခန့် ဆက်လက် သောက်သုံး နိုင်မည်ဆိုလျှင် ယန်ကွေ့ပေါင်မှာ လုံးဝ (လုံးဝ) ပျောက်ကင်းသွားမည် ဖြစ်လေသည်။

ဤအရာအားလုံးမှာ နီယန်၏ ကျေးဇူးကြောင့်ပင် ဖြစ်ချေသည်။ သူမသာ မရှိလျှင် ယန်ကွေ့ပေါင်၏ အခြေအနေမှာ ယခုကဲ့သို့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဝမ်မေဖုန်းသည် ထိုစဉ်တွင် နန်းတွင်း သမားတော် ဝမ်၏ စကားအား နားမယောင်ဘဲ နီယန်ကိုသာ ယုံကြည်ခဲ့မိခြင်း အတွက် သူမကိုယ်သူမ ကျေးဇူးတင်မိနေကြောင်း အကြိမ်ကြိမ် ပြောဖူးလေသည်။

အကယ်၍ ထိုစဉ်တွင် သူမ အနည်းငယ်မျှ တုံ့ဆိုင်းခဲ့မည် ဆိုလျှင် ယန်ကွေ့ပေါင်၏ ပြန်လည် ကျန်းမာလာမည့် အခွင့်အရေးအား လုံးဝ လွဲချော်သွားလိမ့်မည် ဖြစ်ပေသည်။ အမှန်ပင် ကံကောင်းလှပေသည်။

ဝမ်မေဖုန်းမှာ နီယန်အတွက် လက်ဖက်ရည် ဖျော်ရန် အတွင်းသို့ ဝင်သွားခဲ့သည်။ နီယန်မှ ပြုံးလိုက်ပြီး ပြောလိုက်သည့်တိုင် အဒေါ်ဝမ်မှ နီယန်အား အိမ်အတွင်းသို့ ဆွဲခေါ်သွားလေတောသည်။

"အဒေါ် အဒေါ်ဝမ် အားနာစရာကြီးရှင် ကျွန်မ မဆာပါဘူး ခြင်းတောင်းလေး ပြန်ပေးရုံ လာတာပါ"

"မဆာရင်လည်း အထဲကို ဝင်ပြီး စကားပြောကြတာပေါ့"

နီယန်မှာ အဒေါ်ဝမ်၏ စေတနာအား မငြင်းပယ်နိုင်သဖြင့် ခြင်းတောင်းကိုသာ ကိုင်လျှက် အိမ်ထဲသို့ လိုက်သွား ရလေတော့သည်။

"ယန်ယန် ထိုင်ပါဦး အဒေါ် သမီးအတွက် ကောင်းတာလေးတွေ သွားယူပေးမယ်"

အဒေါ်ဝမ်မှ နီယန်အား ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက် ပြီးနောက် အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။ ထိုအချိန်တွင် ဝမ်မေဖုန်းမှာလည်း လက်ဖက်ရည် ဖျော်ပြီးသွားပြီ ဖြစ်သည်။

"ယန်ယန် လက်ဖက်ရည် သောက်လိုက်ပါဦး"

နီယန်မှ ချက်ချင်း ထရပ်လိုက်ကာ လက်ဖက်ရည်ခွက်အား လက် နှစ်ဖက်ဖြင့် ရိုသေစွာ လှမ်းယူလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဒေါ်လေး"

ဝမ်မေဖုန်းက တဟားဟား ရယ်မောလိုက်ရင်း ပြောလိုက်သည်။

"ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ ထိုင်ပါ ထိုင်ပါ"

ခဏအကြာတွင် အဒေါ်ဝမ်သည် ပျားလိမ္မော်သီး သုံးလုံးအား ကိုင်ဆောင်လျှက် အခန်းထဲမှ ထွက်လာခဲ့ကာ နီယန်၏ လက်ထဲသို့ အတင်း ထည့်ပေး လိုက်လေတော့သည်။

"ယန်ယန် ဒါတွေက သမီးရဲ့ ဦးလေးက မြို့ကနေ လွန်ခဲ့တဲ့ ရက်ပိုင်းက ဝယ်လာတာလေ ချိုလား မချိုလား မြည်းကြည့်စမ်းပါဦး"

ပျားလိမ္မော်သီး ပေါ်သည့် ရာသီသို့ မရောက်သေးသဖြင့် ရာသီ မဟုတ်သော သစ်သီးများမှာ အလွန်ပင် ဈေးကြီးလှသည်။ နီယန် သစ်သီးဝယ်စဉ်တွ၍် စူးစမ်း မေးမြန်းဖူးလေရာ လိမ္မော်သီး အသေးလေး တစ်လုံးကိုပင် ပြား ၅၀ ခန့် ပေးရလေသည်။ ပျားလိမ္မော်သီး ၃ လုံးဆိုလျှင် အသား တစ်ကီလိုခွဲ နီးပါးနှင့် လဲလှယ်နိုင်ပေသည်။ အခြားသူသာဆိုလျှင် အဒေါ်ဝမ်မှ တစ်ပြိုင်နက် ၃ လုံးလုံး ထုတ်ပေးလိမ့်မည် မဟုတ်ချေ။ သူမ၏ မြေးများ စားသည့်အခါ၌ပင် တစ်မြွှာချင်းစီ ခွဲခြမ်း စားကြရခြင်း ဖြစ်ပေသည်။

သို့သော် နီယန်အတွက်ဆိုလျှင်မူ နီယန်သာ သဘောကျမည်ဆိုပါက အဒေါ်ဝမ်သည် ၁၀ လုံးဆိုလျှင်တောင် နှမြောမည့်သူ မဟုတ်ပေ။

အဒေါ်ဝမ်၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်အား မြင်သောအခါ နီယန်မှ လိမ္မော်သီး တစ်လုံးကို နွှာလိုက်ကာ တစ်မြွှာ မြည်းကြည့်လိုက်လေသည်။

"အရမ်းချိုတာပဲ ကျေးဇူးတင်ပါတယ် အဒေါ်ဝမ်"

ထိုစကားအား ကြားမှသာ အဒေါ်ဝမ်မှ ပျော်ရွှင်စွာ ပြုံးနိုင်လေတော့သည်။

"အားနာမနေပါနဲ့ကွယ် သမီးသာ ကြိုက်ရင် နောက်ထပ် အများကြီး ယူပေးလို့ ရပါသေးတယ်"

နီယန်မှ အဒေါ်ဝမ်၏ လက်ကို ချက်ချင်း တားလိုက်ရင်း ပြောလိုက်သည်။

"အဒေါ်... တကယ် မလိုတော့ပါဘူးရှင် ကျွန်မက မြည်းရုံတင်ပါ အဒေါ်က ဒီလိုကြီး လုပ်နေရင် နောက်တစ်ခါ ကျွန်မ မလာရဲတော့ဘူး"

ထိုအခါမှသာ အဒေါ်ဝမ်မှ ရပ်တန့် သွားလေတော့သည်။ခဏမျှ စကားပြော ပြီးနောက် နီယန်မှ နှုတ်ဆက်၍ ပြန်ရန် ပြင်လေတော့သည်။ အဒေါ်ဝမ်နှင့် ဝမ်မေဖုန်းတို့မှာမူ နီယန်အား တံခါးဝ အထိ လိုက်လံ ပို့ဆောင်ပေးကြသည်။ နီယန်မှ ပြုံးလျှက် ပြောလိုက်လေသည်။

"ဒေါ်လေး အဒေါ်ဝမ် လိုက်ပို့မနေပါနဲ့တော့ရှင် အထဲပဲ ပြန်ဝင်ကြပါ"

"မမနီယန်ကျွန်တော် လိုက်ပို့မယ်"

ယန်ကွေ့ပေါင်မှ နီယန်၏ ဘေးသို့ ခုန်ပေါက် ရောက်ရှိလာခဲံကာ ပြောလိုက်သည်။

"ကျွန်တော်က မမရဲ့ ပန်းစောင့် သူရဲကောင်းလေ"

နီယန်မှ ယန်ကွေ့ပေါင်၏ ခေါင်းလေးအား ပုတ်လိုက်ပြီးနောက်

"ဒါဆိုလည်း ကျေးဇူးတင်ပါတယ်နော် တမန်တော်လေး ကွေ့ပေါင်"

ဟု ဆိုလိုက်ရာ ယန်ကွေ့ပေါင်မှာမူ ရှက်ကိုးရှက်ကန်းဖြင့် ရှေ့မှ ပြေးထွက်သွားလေတော့သည်။

"မမ ကျွန်တော် ရှေ့က လမ်းပြမယ်"

နီယန်နှင့် ယန်ကွေ့ပေါင်တို့ ဝါးတောရှေ့တွင် ပျောက်ကွယ် သွားကြသည်အထိ အဒေါ်ဝမ်နှင့် ဝမ်မေဖုန်းတို့မှာ ရပ်ကြည့် နေခဲ့ကြသည်။ ထိုစဉ်မှာပင် အိမ်ထဲမှ ဝမ်ယွမ်ကျစ်နှင့် ဝမ်ရှောင်ချင်းတို့၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများအား ကြားလိုက်ရတော့သည်။

"အဘွား အမေ ဒါတွေက မမနီယန် ယူလာတဲ့ မုန့်တွေလား"

နီယန် ယူလာခဲ့သော ခြင်းတောင်းထဲတွင် မုန့်များ အပြည့်ပါလာသည်အား အိမ်ထဲသို့ ရောက်မှသာ သားအမိ နှစ်ယောက် သိရှိ သွားကြလေတော့သည်။ အစားအစာကောင်းများအား မြင်သောအခါ ကလေးနှစ်ယောက်မှာ ဝမ်းသာအားရ ခုန်ပေါက် နေကြတော့သည်။

အဒေါ်ဝမ်မှ သစ်သီးခြောက် တစ်ခုအား ကောက်ယူကြည့်ရင်း စူးစမ်းစွာဖြင့် မေးကြည့်လိုက်လေသည်။

"ဒါက ဘာလဲ"

ဝမ်မေဖုန်းမှ ခေါင်းခါပြလိုက်သည်။ ဝမ်ရှောင်ချင်းမှ ရှင်းပြလိုက်လေသည်။

"ဒါက သစ်သီးခြောက်လေ မမနီယန်က ပေါင်မုန့်ဖိုထဲမှာ ဖုတ်ထားတာ အဘွား မြည်းကြည့်ပါဦးလား တကယ် အရသာရှိတာ"

ဝမ်ယွမ်ကျစ်မှလည်း ထပ်လောင်း ပြောဆိုလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ဒါက သစ်သီးခြောက်ပဲ"

အဒေါ်ဝမ်မှ မေးလိုက်လေသည်။

"ယွမ်ကျစ် ရှောင်ချင်း ဒါ သစ်သီးခြောက်ဆိုတာ မင်းတို့ ဘယ်လိုသိတာလဲ"

အခန်း (၁၀၇) - စေ့စပ်ပွဲ ဖျက်သိမ်းခြင်း (၂)

ဝမ်ယွမ်ကျစ်မှ ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့ မမနီယန် အိမ်မှာ အများကြီး စားဖူးတာပေါ့ ပြီးခဲ့တဲ့ အကြိမ်ကဆို နီယန်မမက ကျွန်တော်တို့ကို ပါတီတောင် လုပ်ပေးသေးတယ်"

နီယန်သည် လှပရုံသာမက သဘောလည်း အလွန်ကောင်းမွန်သူ ဖြစ်ပေသည်။ ပြီးခဲ့သည့် အကြိမ် ပါတီပွဲ ပြုလုပ် ပေးပြီးကတည်းမှ စ၍ သူမသည် သူမ၏ အိမ်တွင် ပါတီပေါင်းများစွာ ထပ်မံ ပြုလုပ်ပေး ခဲ့သဖြင့် ရွာထဲရှိ ကလေးအားလုံးသည် သူမအား အလွန်ချစ်ခင်ကြလေသည်။

အဘွားအိုဝမ်မှ သစ်သီးခြောက်အား မြည်းကြည့် လိုက်လေသည်။ ၎င်းတို့မှာ ကျွတ်ရွနေပြီး သစ်သီး၏ အချိုရသာ သာမက မုန့်တစ်ခု၏ အရသာကိုပါ ခံစားရစေသည်။ အမှန်ပင် အံ့မခန်း လက်ရာတစ်ခုပင် ဖြစ်ချေသည်။ အဘွားအိုဝမ်မှ ပြောကြားလိုက်လေသည်။

"ယန်ယန်က တကယ်ကို သိတတ်တဲ့ ကောင်မလေးပဲ မေဖုန်း ကွေ့ပေါင် လုံးဝ နေကောင်းသွားပြီဆိုရင် မင်းရဲ့ ယောက္ခမနဲ့ ချန်ကျန်းကို ခေါ်ပြီး ယန်ယန်ကို သေချာပေါက် ကျေးဇူးသွားတင်ရမယ်နော်"

နီယန်နှင့် အသက်တူသော်လည်း လောက အကြောင်း မည်သည့် အရာကိုမှ မသိဘဲ သူမ၏ အလှအပကို အားကိုးလျှက် မောက်မာ နေတတ်သော ဝမ်ရှုဟုန်နှင့် နှိုင်းယှဉ်လျှင်မူ နီယန်သည် လောကဝတ်အား နားလည်ပြီး စီးပွားရေး လုပ်တတ် ရုံသာမက ဆေးပညာတွင်လည်း ထူးချွန်လှပေသည်။ အရေးအကြီးဆုံးမှာ သူမသည် ဘဝင်မမြင့်ဘဲ နှိမ့်ချကာ ယဉ်ကျေးပျူငှာစွာ နေထိုင်တတ်ခြင်းပင် ဖြစ်သည်။ ဝမ်မေဖုန်းမှ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အမေ စိတ်ချပါ ကျွန်မ နားလည်ပါတယ်"

အဘွားအိုဝမ်မှ ပြုံးလိုက်ရင်း ပြောလိုက်သည်။

"မင်း နားလည်ရင် ကောင်းတာပေါ့"

**

နီမိသားစုတွင်....

နီချွေ့ဟွာသည် မီးဖိုချောင်ထဲတွင် ငါးလွှာခြင်းနှင့် ငါးအရိုး စွပ်ပြုတ် ချက်ပြုတ်ခြင်းများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ သူမသည် အလုပ် လုပ်ရာတွင် သွက်လက်သူ ဖြစ်သဖြင့် အလုပ်အားလုံးအား လျင်မြန်စွာ အဆုံးသတ်နိုင်ခဲ့လေသည်။ ထို့နောက် နီယွင်၏ ပုခက်ဘေးတွင် ခွေးခြေခုံလေးချကာ ကလေးအား စောင့်ကြည့်ရင်း စာဖတ်နေလေတော့သည်။

နီချွေ့ဟွာသည် ဉာဏ်ကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်သည့်အပြင် အသံထွက် သင်္ကေတများ မှတစ်ဆင့် စာအား သင်ယူ တတ်မြောက်ခဲ့သည်။ စာလုံးများအား မှတ်မိသိရှိလာရသည့် ခံစားချက်မှာ သူမ တစ်ခါမျှ မခံစားဖူးသော အတွေ့အကြုံသစ် တစ်ခုပင် ဖြစ်လေသည်။

နီယန်မှာမူ ဟင်းသီးဟင်းရွက် ဥယျာဉ်ထဲ၌ ရေလောင်းနေခဲ့သည်။ နှစ်လခန့် ကြာမြင့်လာသောအခါ နီချွေ့ဟွာ၏ ကြိုးပမ်း အားထုတ်မှုကြောင့် တစ်ချိန်တွင် ခြောက်သွေ့နေသော ဟင်းသီးဟင်းရွက် ဥယျာဉ်မှာ ယခုအခါ စိမ်းလန်း စိုပြည်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဂေါ်ဖီထုပ် ပဲတောင့်ရှည် ဗူးသီး ပဲပိစပ် အာလူး နံနံပင်နှင့် ကြက်သွန်မြိတ် စသည်တို့မှာ အလွန်ပင် ဖြစ်ထွန်းနေကြသည်။

နီယန် တောင်ပေါ်မှ ယူဆောင်လာခဲ့သော ဆေးဖက်ဝင် အပင်များနှင့် ရှားစောင်းလက်ပတ်များမှာလည်း အထူးပင် ဖြစ်ထွန်းနေခဲ့တော့သည်။ အထူးသဖြင့် ရှားစောင်းလက်ပတ်များမှာ အကိုင်းအခက်များ ဖြာထွက်လာခဲ့ပြီ ဖြစ်သည်။ ထိုအသားထူပြီး ကြီးမားလှသော အရွက်များအား မြင်ရသည်မှာ နီယန်အား ချက်ချင်းပင် ဝါးစားပစ်ချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။

ရေလောင်းပြီးနောက် နီယန်သည် ယုန်ကလေးများအား ကျွေးရန် ဟင်းရွက်နုလေး တစ်ဆုပ် ဆွတ်ယူလိုက်တော့သည်။ ထိုယုန်ကလေးများမှာ အလွန်ပင် ဆော့ကစားတတ်သဖြင့် နီချွေ့ဟွာသည် သူတို့ လျှောက်မပြေးနိုင်ရန်နှင့် မစင်များအား နေရာအနှံ့ မစွန့်ပစ်နိုင်ရန် အတွက် ခြံစည်းရိုးလေး ခတ်ပေးထားလေသည်။ နီယန်သည် ဟင်းရွက်နုလေးများအား ပစ်ထည့်ပေးလိုက်ရာ ယုန်ကလေးများမှာ ချက်ချင်းပင် မြိန်ရည်ယှက်ရည် စားသောက်ကြကုန်တော့သည်။

အိမ်ရှိ အလုပ်များ ပြီးစီးသွားသောအခါ ယန်ယန်သည် ငါးမျှားကိရိယာများအား စစ်ဆေးရန် မြစ်ကမ်းသို့ ပုံးတစ်လုံး ကိုင်ကာ ထွက်လာခဲ့လေတော့သည်။ သူမ မြစ်ကမ်းသို့ ရောက်သည်နှင့် အလင်းရောင် အောက်တွင် ဖုံးကွယ်နေသော ခန့်ညားထည်ဝါသည့် အရပ်ရှည်ရှည် လူရိပ်တစ်ခုအား မြင်တွေ့လိုက်ရလေသည်။

"ယန်ယန်"

ထိုသူမှ မည်သူဖြစ်ကြောင်း သိလိုက်ရသောအခါ နီယန်မှာ ခဏမျှ မှင်တက်သွားပြီးမှ ခေါ်လိုက်မိသည်။

"အစ်ကိုမို”

"ယန်ယန် ဒီနေ့လည်း ငါးထောင် တာတွေကို လာစစ်တာလား"

မိုချီရှန်မှ နီယန်၏ လက်ထဲမှ ပုံးအား အလိုအလျောက် လှမ်းယူလိုက်ရင်း ပြောလိုက်သည်။

"မနေ့ညက မိုးရွာထားတော့ မြစ်ရေ တက်နေတယ် မင်း ဆင်းဖို့ မသင့်တော်ဘူး ကိုပဲ လုပ်ပေးပါ့မယ်"

ယန်ယန်သည် မြစ်အား လှမ်းကြည့်လိုက်မိသည်။ အမှန်ပင် မြစ်ရေမှာ သိသိသာသာ တက်နေခြင်း ဖြစ်သည်။ သူမ ပုံမှန် ငါးထောင်သည့် နေရာထက် အနည်းဆုံး စင်တီမီတာ ၅၀ ၆၀ ခန့် ပိုမိုမြင့်တက်နေခဲ့ခြင်း ဖြစ်သည်။ နွေရာသီ ဖြစ်သည့်အပြင် နီယန်မှာ မိန်းကလေးတစ်ဦး ဖြစ်လေရာ အင်္ကျီများ စိုရွှဲသွားပါက မြင်ရသူအဖို့ မသင့်တော်သည့် အပြင် ရွာထဲတွင်လည်း ဟိုးဟိုးကျော် သွားနိုင်ပေသည်။

မိုချီရှန်၏ ရောက်ရှိလာမှုမှာ အမှန်တကယ်ပင် အချိန်ကိုက်ပင် ဖြစ်သည်ဟု ဆိုရပေမည်။ သူ၏ ထည့်သွင်း စဉ်းစားပေးမှုများမှာလည်း အလွန်ပင် စေ့စပ်သေချာလှသည်။ နီယန်မှ မိုချီရှန်အား မော့ကြည့်လိုက်ပြီးနောက် ပြောလိုက်လေရာ မိုချီရှန်မှ ပြုံးလျက် ပြန်ပြောလိုက်လေတော့သည်။

"ဒါဆို အစ်ကိုမိုကို အားနာစရာကြီးရှင်"

"အားနာစရာ မလိုပါဘူးကွာ သူတစ်ပါးကို ကူညီတာက ကောင်းတဲ့ အလုပ်ပဲလေ"

"ဒါဆို သတိထားဦးနော် အစ်ကိုမို"

ဟု နီယန်မှ လှမ်းအော်ပြောလိုက်တော့သည်။ သူမမှ သူ့အား 'အစ်ကိုမို' ဟု ခေါ်လိုက်သံမှာ မိုချီရှန် အတွက် ပျားရည် ထက်ပင် ပိုမို၍ ချိုမြိန်နေသေးသည်။

‘ဒီကောင်မလေးရဲ့ စကားတွေက ဘာလို့ ဒီလောက်တောင် နားဝင်ချိုနေရတာလဲ ‘

ဤကဲ့သို့ ရတနာအလား လှပတင့်တယ်သော မိန်းကလေးမျိုးနှင့် ဆုံတွေ့ရခြင်းသည် သူ အမှန်ပင် ကံကောင်းလှပေသည်။

"စိတ်မပူနဲ့"

မိုချီရှန်သည် သူ၏ ရင်ဘတ်အား ပုတ်ပြလိုက်ရင် ပုံးအား ကိုင်လျှက် မြစ်ထဲသို့ ဆင်းသွားလေတော့သည်။

"မင်းရဲ့ အစ်ကိုမိုက ရေကူး အရမ်းတော်တယ်"

သူသည် ယခင်တွင်လည်း နီယန်အား ငါးထောင်ရန် တစ်ခါ ကူညီဖူးသဖြင့် ယနေ့တွင်မူ နေရာအတိအကျအား အမှားအယွင်းမရှိ ရှာဖွေနိုင်ခဲ့လေသည်။ မိုချီရှန်သည် အရပ်ရှည်ပြီး ခြေတံရှည်သူ ဖြစ်သဖြင့် ရေမှာ သူ၏ ခါးအထက်သို့သာ ရောက်ရှိသော်လည်း နီယန်အတွက်မူ သူမ၏ ရင်ဘတ်အထိ ရောက်ရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။

မကြာမီမှာပင် မိုချီရှန်သည် ငါးထောင်သည့် ပစ္စည်းများအား ပြန်လည် ယူဆောင်လာပြီးနောက်တွင် ငါးများ ပြည့်နေသော ပုံးအား ကိုင်ကာ ပြန်တက်လာခဲ့သည်။ ယနေ့ ငါးရရှိမှုမှာ အတော်လေး ကောင်းမွန်လှပေသည်။ ငါးသိုင်းများသာမက မြက်စားငါးကြီး ၃ ကောင်ပင် ပါလာသေးသည်။

အခန်း (၁၀၈) - စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခြင်း

နီယန်မှ ပုံးအား လှမ်းယူလိုက်လေသည်။

"ကျေးဇူးပဲ အစ်ကိုမို"

"အားနာစရာမလိုပါဘူး"

မိုချီရှန်မှ ပုံးအား နီယန်၏ လက်ထဲ တိုက်ရိုက် မပေးဘဲ ပြောလိုက်လေသည်။

"ဒီငါးပုံးက အတော်လေး လေးတယ် ကို အိမ်အထိ သယ်ပေးမယ်"

ငါးအကြွင်းအကျန်များ ခရုခွံတွေနဲ့ တခြားအရာတွေ စုစုပေါင်း အနည်းဆုံး ၁၅ ကီလို မှ ၂၀ ကီလိုလောက် ရှိပေမည်။ သူရှိနေရက်နှင့် ဤမျှလောက် လေးလံသည့် အလုပ်အား မိန်းကလေး တစ်ယောက်ကို မည်သို့ ခိုင်းရက်ပါ့မည်နည်း။ နီယန်မှ ပြုံးလျှက် ပြောလိုက်သည်။

"ရပါတယ် ကျွန်မ သယ်နိုင်ပါတယ်"

"ရပါတယ်"

မိုချီရှန်သည် ရှေ့မှနေ လှမ်းလျှောက်ရင်း ပြောလိုက်သည်။

"ကိုယ်လက်လှုပ်ရှားမှု လုပ်တယ်လို့ပဲ သဘောထားလိုက်မယ်"

အရပ်ရှည်ပြီး ခြေလှမ်းကျဲ လှသော မိုချီရှန်သည် နီယန်အား ခဏချင်းပင် နောက်မှာ ထားရစ်ခဲ့တော့သည်။ နီယန်မှာလည်း အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူ့နောက်သို့ မှီအောင် အပြေး လိုက်ရလေတော့သည်။ မိုချီရှန်နှင့်အတူ လျှောက်လာရင်း သူမမှ ရောက်တတ်ရာရာ မေးလိုက်လေသည်။

"အစ်ကိုမို ဒဏ်ရာက သက်သာသွားပြီလား"

သူမ ရည်ညွှန်းနေသည်မှာ ပြီးခဲ့သည့်အကြိမ်တွင် သူ၏ ညှပ်ရိုးနားတွင် သူမ ကိုက်ခဲ့သည့် အမှတ်အသားပင် ဖြစ်ချေသည်။ မိုချီရှန်၏ မျက်နှာသည် အကြောင်းပြချက်မရှိဘဲ နီမြန်းသွားခဲ့သည်။

"အခု အဆင်ပြေသွားပါပြီ"

"ဆေးရုံရော သွားပြခဲ့လား"

နီယန်မှ ဆက်မေးလိုက်သည်။ မိုချီရှန်မှ ပြန်ဖြေပေးလိုက်သည်။

"ပြခဲ့ပါတယ် ဆရာဝန်က ဘာမှမစိုးရိမ်ရဘူးလို့ ပြောလိုက်တယ်"

ထိုသည်အား ကြားတော့မှသာလျှက် နီယန် စိတ်အေးသွားခဲ့ရသည်။

"ဒါဆိုရင် တော်သေးတာပေါ့"

နီယန်မှ မိုချီရှန်သည် သူမ၏ အိမ်ရှေ့အထိ လိုက်ပို့လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ အိမ်အကွေ့သို့ မရောက်မီတွင် မိုချီရှန်မှ ရပ်လိုက်ပြီးနောက် ပုံးအား မြေကြီးပေါ်တွင် ချကာ ပြောလိုက်လေသည်။

"ယန်ယန် ကို အထဲအထိ လိုက်မလာတော့ဘူး ကို အရင်သွားနှင့်မယ်နော်"

မည်သို့ပင် ဖြစ်စေ ဤခေတ်ကာလတွင် အမျိုးသားနှင့် အမျိုးသမီးကြား ထိတွေ့ဆက်ဆံမှုအား တင်းတင်းကျပ်ကျပ် စောင့်ကြည့် နေကြချိန် ဖြစ်နေသည် မဟုတ်ပါလော။ သူနှင့် နီယန်မှာ ဝမ်းကွဲ မောင်နှမရင်းများ မဟုတ်သဖြင့် သူမအတွက် မလိုအပ်ဘဲ ပြဿနာများ မတက်စေချင်ပေ။

ယခုသည် နေ့ခင်းဘက် ဖြစ်ပေသည်။ ပြီးခဲ့သည့် ညကကဲ့သို့ မဟုတ်ချေ။ နီယန်သည် သူ၏ ထောက်ထားညှာတာမှုအား အံ့ဩသင့် သွားခဲ့ကာ ပြုံးလျက် ပြောလိုက်သည်။

"ဒီမှာ ခဏလေး စောင့်ပါဦးနော်"

နီယန်သည် လှပရုံသာမက သူမ ပြုံးလိုက်လျှင် ဖြူဖွေး ညီညာသော သွားလေးများသည် ပုလဲလုံးလေးများအား စီထားသကဲ့သို့ တောက်ပနေလေသည်။

မိုချီရှန်မှာ သူမကိုကြည့်ရင်း ငေးမော သွားရတော့သည်။ ခဏအကြာတွင် နီယန်သည် အပြေးလေး ပြန်ရောက်လာလေသည်။ ယခုတစ်ခါတွင် နီယန်သည် ဆီစိမ်စက္ကူအိတ်လေး တစ်လုံးအား ကိုင်ဆောင် ထားခဲ့သည်။

သူမမှ ထိုအိတ်အား မိုချီရှန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"ဒါက ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ သစ်သီးခြောက်တွေပါ အစ်ကိုမို မြည်းကြည့်လိုက်ဦး"

ပြီးခဲ့သည့်အကြိမ်တွင် ပေါင်မုန့် ယခုတွင် သစ်သီးခြောက် ဤမိန်းကလေးမှာ သူ့အား မုန့်ကျွေးရမည့် အစေခံ တစ်ယောက် ကဲ့သို့ သတိမမူမိဘဲ သတ်မှတ်နေသည်များလား။

"ကျေးဇူးပဲ"

မိုချီရှန်မှ ဆက်ပြောလိုက်သည်။

"ယန်ယန် အိမ်ထဲကို မြန်မြန်ဝင်တော့ လူတွေ မြင်သွားရင် အထင်လွဲကုန်လိမ့်မယ်"

နီယန်မှ ခေါင်းညိတ်လိုက်ကာ အိမ်ဘက်သို့ လှည့်ထွက်သွားခဲ့သည်။ မိုချီရှန်သည်လည်း လမ်းတလျှောက် လေချွန်ရင်း မြစ်ဘက်သို့ ပြန်လျှောက် သွားခဲ့လေသည်။ အိမ်ပြန်ရောက်သောအခါ နီယန်သည် ညစာအတွက် ပြင်ဆင်တော့သည်။

ယနေ့ညစာအတွက် မည်သည့် ဟင်းချက်ရမည်နည်း။

နီယန်မှ သူမ၏ မေးစေ့လေးအား လက်ဖြင့် ထောက်ကာ စဉ်းစားနေစဉ် သူမ၏ ခြင်းတောင်းထဲရှိ သခွားသီး နှစ်လုံးနှင့် နံနံပင်များအား မြင်လိုက်ရပြီးနောက် ရုတ်တရက် အကြံတစ်ခု ရသွားခဲ့တော့သည်။

ညစာအတွက် 'လျန်ဖီ' ခေါ် ခေါက်ဆွဲအေး လုပ်လိုက်လျှင် ကောင်းပေလိမ့်မည်။

(** လျန်ဖီ ဆိုသည်မှာ ဆန်မှုန့် (သို့) ဂျုံမှုန့်အား အပြားပြုလုပ်ပြီး အေးအောင် ထားကာ အချဉ်အစပ် အရသာများဖြင့် သုပ်စားရသည့် ခေါက်ဆွဲတစ်မျိုး ဖြစ်ပေသည်။ **)

အချိန်မဆိုင်းတော့ဘဲ နီယန်သည် ဂျုံနယ်ပြီးနောက် ဂျုံဆေးသည့် အလုပ်အား စတင် လေတော့သည်။ လျန်ဖီ လုပ်ရသည်မှာ လွယ်ကူနေခြင်း မဟုတ်သကဲ့သို့ အလွန်အမင်း ခက်ခဲလှသည်လည်း မဟုတ်ချေ။

အဓိက အခက်အခဲမှာ ဂျုံနယ်ထားသော ဂျုံလုံးအား ရေထဲတွင် ဂျုံဖတ်လေး သာ ကျန်သည်အထိ ဆေးရခြင်း ဖြစ်သည်။ ဆေးချ လိုက်သော ဂျုံရေအား အနည်ထိုင်အောင် စောင့်ပြီးနောက် ပေါင်းတင်ရန် အသုံးပြုနိုင်လေသည်။

လျန်ဖီသည် အနောက် မြောက်ဒေသမှ စတင်လာခြင်း ဖြစ်ကာ ထိုခေတ်တွင် ပေကျင်း၌ တွေ့ရခဲလှပေသည်။

(** လျန်ဖီ ခေါ် ခေါက်ဆွဲအေးသည် နှစ်ပေါင်း ၂၀၀၀ကျော် သက်တမ်း ရှိသည့် ရှေးဟောင်း တရုတ်ရိုးရာ အစားအစာ တစ်မျိုး ဖြစ်ပေသည်။ ထိုအစားအစာအား အနောက်မြောက်ပိုင်း ရှန်ရှီး ပြည်နယ်မှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။

ဘီစီ ၂၂၁- ၂၀၆ ဝန်းကျင် တရုတ်ပြည်အား ပထမဆုံး စည်းလုံး သိမ်းပိုက်နိုင်ခဲ့သည့် ချင်မင်းဆက် ကာလများတွင် အစပြုခဲ့ခြင်း ဖြစ်သည် ဟု မှတ်တမ်းမှတ်ရာများတွင် ဖော်ပြထားခဲ့ကြပေသည်။ လျန်ဖီ ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ နာမည်အကြီးဆုံး သမိုင်းရာဇဝင် တစ်ခုလည်း ရှိပေသည်။

ချင်ဧကရာဇ် ချင်ရှီဟွမ် လက်ထပ်တွင် ရှန်ရှီး ဒေသတစ်ဝိုက် မိုးခေါင်ရေရှား ဖြစ်ကာ ဆန်စပါး အထွက်တိုးမှု မရှိခဲ့ချေ။ ဒေသခံများသည် ဧကရာဇ်အား နှစ်စဉ် ဆက်သရမည့် အခွန်အတုတ်များအား မဆက်သနိုင်သည့် အတွက် အပြစ်ပေးခံရမည့် အရေးနှင့် ရင်ဆိုင်ခဲ့ရလေသည်။

ထိုအချိန်တွင် လီရှီအာ ဆိုသူ ဒေသခံ တစ်ဦးသည် အရည်သွေး မကောင်းသော ဆန်များအား ကြိတ်ချေကာ ရေနှင့် ဖျော်ပြီး အပြားလိုက် ပေါင်းတင်ခဲ့လေသည်။ ထို့နောက် အမြှောင်းလေးများ ဖြစ်စေရန် လှီးဖြတ်၍ အချဉ် အစပ် အရသာများ နယ်ကာ ဧကရာဇ်အား ဆက်သခဲ့လေသည်။

ဧကရာဇ် ချင်ရှီဟွမ် သည် ထို ခေါက်ဆွဲအေး၏ ထူးကဲလှသော အရသာအား အလွန် နှစ်သက် သဘောကျသွားသည့် အတွက် ဒေသခံများအား အခွန် ကင်းလွတ်ခွင့် ပေးခဲ့ရုံသာမက လျန်ဖီအား နေ့စဉ် နန်းတွင်း အစားအစာ အဖြစ်ပါ တည်ခင်းစေခဲ့သည် ဟု သမိုင်းရာဇဝင်များတွင် ဆိုထားကြလေသည်။ **)

နီယန် ဂျုံဆေးနေသည်အား မြင်သောအခါ နီချွေ့ဟွာမှ စပ်စုကာ မေးလိုက်သည်။

"ယန်ယန် ဘာလုပ်နေတာလဲ"

နီယန်မှ ရှင်းပြလိုက်လေသည်။

"ဂျုံဆေးပြီး လျန်ဖီ လုပ်မလို့ပါ အမေ"

"လျန်ဖီ"

နီချွေ့ဟွာမှ ဆက်မေးလိုက်လေသည်။

"ဒါက စားလို့ရတာလား"

"ရတာပေါ့"

"ယန်ယန် အမေ ဘာကူပေးရမလဲ"

"အမေ သခွားသီးလေးတွေ လှီးပေးပါဦး ပြီးတော့ နံနံပင်နဲ့ ကြက်သွန်မြိတ်လေးတွေလည်း လှီးပေးနော် ကြက်သွန်ဖြူလေးပါ ထောင်းပေးပါအုန်း"

"ကောင်းပြီ"

နီချွေ့ဟွာမှ ချက်ချင်းပင် ဟင်းသီးဟင်းရွက်များအား လျင်မြန်စွာ ဆေးကြောလေတော့သည်။ သားအမိ နှစ်ယောက်မှာ အပေးအယူ အလွန် မျှတလှသည် ဟု ဆိုရပေမည်။ နီယန် ဂျုံဆေးပြီးသည်နှင့် နီချွေ့ဟွာသည်လည်း ပါဝင် ပစ္စည်းအားလုံးကို လှီးဖြတ်ပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထို့နောက် နီချွေ့ဟွာက မီးဖိုတွင် မီးမွှေးပေးပြီးနောက် နီယန်မှ အိုးဘေးတွင် ရပ်လျှက် ခေါက်ဆွဲဖတ်များအား စတင်၍ ပေါင်းတော့သည်။ လျန်ဖီသည် ဗိုက်ပြည့်စေပြီး နွေရာသီတွင် စားသုံးပါက အစာအိမ်နှင့် အစာစားချင် စိတ်အတွက် အလွန် ကောင်းမွန်လှသဖြင့် နီယန်သည် နောက်တစ်နေ့ နံနက်တွင် သခင်မကြီးမို အတွက်ပါ ပို၍ ပြင်ဆင် ထားလိုက်လေသည်။

မကြာခင်မှာပင် လျန်ဖီသည် အဆင်သင့် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ နီယန်မှ လျန်ဖီအား အချပ်လိုက် လှီးဖြတ်ကာ ပန်းကန်လုံးကြီးထဲ ထည့်လိုက်လေသည်။ ထို့နောက် ကြက်သွန်မြိတ် နံနံပင် ကြက်သွန်ဖြူထောင်း သခွားသီး ခြစ်ထားသည်များအား ထည့်ကာ နောက်ဆုံးတွင် နှမ်းဆီ ရှာလကာရည်နှင့် ငရုတ်ဆီတို့ကို အပေါ်မှ လောင်းထည့်လိုက်တော့သည်။ မရော မွှေရသေးခင်မှာပင် ဆွဲဆောင်မှုရှိသော အနံ့လေးတစ်ခု ထွက်ပေါ် လာလေတော့သည်။

လျန်ဖီ တစ်ခုတည်းသာ ဆိုလျှင် ဗိုက်မပြည့်မှာ စိုးရိမ်သဖြင့် ယန်ကွေ့ပေါင် ယူလာပေးသည့် ကြက်ဥ ခြောက်လုံးကိုလည်း လက်ဖက်ကြက်ဥ အဖြစ် ပြုတ်လိုက်သေးသည်။

လက်ဖက်ခြောက်မှလွဲ၍ ကျန်သည့် ဟင်းခတ် အမွှေးအကြိုင် အားလုံးကို နီယန်မှ ကိုယ်တိုင် စပ်ထားခြင်း ဖြစ်သည်။ မကြာခင်မှာပင် အရသာရှိသော အနံ့များသည် တစ်အိမ်လုံး ပျံ့နှံ့ သွားလေတော့သည်။

All Chapters