အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
အခန်း (၁၀၉) - စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခြင်း
လက်ဖက်ကြက်ဥများ ပြုတ်ပြီးနောက် နီယန်မှ ယင်းတို့အား ထက်ခြမ်းခြမ်းလျှက် ကြွေပန်းကန်ဖြူလေးပေါ်တွင် စီလိုက်လေသည်။ ခရမ်းချဉ်သီး စိတ်လေးအချို့နှင့် အလှဆင် ထားလိုက်လေရာ ကြည့်လိုက်ရုံနှင့်ပင် အမြင်အာရုံအား ဖမ်းစားနိုင်ပြီး ခမ်းနားထည်ဝါသော စားသောက်ပွဲလေး တစ်ခုအလား ဖြစ်နေတော့သည်။
ထို့အပြင် နီယန်သည် အသားအရေလှပစေပြီး အားဖြစ်စေမည့် ဟင်းလျာအသေးစား နှစ်မျိုးကိုလည်း ကြော်လိုက်သေးသည်။ နီချွေ့ဟွာမှ ဟင်းပွဲအားလုံးကို စားပွဲပေါ် တင်လိုက်ပြီးနောက် နီချန်ကွေ့ ပြန်လာကာ ထမင်းစားရန် စောင့်နေကြတော့သည်။
လျန်ဖီ၏ ချဉ်ဖြုံ့ဖြုံ့ အရသာနှင့် နူးညံ့ ချောမွေ့သော အထိအတွေ့မှာ ခံတွင်း မြိန်စေလှရာ နီချန်ကွေ့နှင့် နီချွေ့ဟွာတို့မှာ ချီးမွမ်း၍ မဆုံးတော့ပေ။ သူတို့ သုံးယောက်လုံး ဟင်းပွဲအားလုံးကို ပြောင်စင်အောင် စားလိုက်ကြကာ ကြက်ဥနှစ်လုံးသာ ကျန်တော့သည်။
သူမ၏ လျန်ဖီသည် ဤမျှ လူကြိုက်များ နေသည်အား မြင်လိုက်ရချိန်တွင် နီယန်၏ စိတ်ထဲတွင် အကြံသစ်တစ်ခု ထပ်မံ၍ ပေါ်လာခဲ့ပြန်သည်။ သို့သော် ဤအကြံမှာ ဆိုင်တစ်ဆိုင် ဝယ်ပြီးမှသာ အကောင်အထည် ဖော်နိုင်ပေသည်။
ထမင်းစား ပြီးနောက် နီယန်သည် မီးဖိုချောင်ထဲဝင်လျှက် ဇီးဖျော်ရည် ပြုလုပ်လိုက်သည်။ ရာသီဥတုက ပူပြင်းသဖြင့် ဤဖျော်ရည်မှာ အလွန် လူကြိုက်များလှပေသည်။ နံနက်တိုင်း အငါးချဉ်စပ်ခေါက်ဆွဲများ ထက်ပင် ပိုမိုမြန်ဆန်စွာ ကုန်သွားလေ့ ရှိသဖြင့် နီယန်သည် ယနေ့တွင် ပို၍ များများ ပြင်ဆင်ထားရန် ဆုံးဖြတ်လိုက်တော့သည်။
ယမန်နေ့တွင် ပွဲ ၅၀၀ ပြင်ဆင်ခဲ့လေရာ ယနေ့တွင် ပွဲ ၁၀၀၀ ခန့် ပြင်ဆင်ထားရန် သူမ စီစဉ်လိုက်လေသည်။ တစ်ခွက်လျှင် တစ်ပြားနှုန်းဖြင့် ခွက် ၁၀၀၀ ဆိုလျှင် ၁၀၀ ယွမ် ရမည် ဖြစ်သည်။ ဤနည်းဖြင့် သူမ၏ ဆိုင်ဝယ်မည့် အစီအစဉ်သည် နောက်ထပ် ခြေတစ်လှမ်း ပိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။
ဤသည်အား တွေးမိလိုက်ချိန်တွင် နီယန်သည် ခွန်အားသစ်များ ပြည့်ဝလာခဲ့တော့သည်။ ကောင်းမွန်သော နေ့ရက်များမှာ ခက်ခဲသော နေ့ရက်များအား ဖြတ်ကျော်ပြီးမှ ရရှိနိုင်သည် ဖြစ်ရာ သူမ အနည်းငယ် ပင်ပန်းရသည်မှာ တန်သည်ဟု ယူဆထားခြင်း ဖြစ်သည်။
**
နောက်တစ်နေ့တွင်
မိုမိသားစု၏ အိမ်တော်၌
ယနေ့တွင် ကျောက်မိသားစုမှ လာရောက် လည်ပတ်မည်ဟု ကတိပေး ထားသဖြင့် သခင်မကြီးမိုသည် စောစောစီးစီး နိုးနေခဲ့လေသည်။ သို့သော် ကျောက်မိသားစု အစား သူမအား ဦးဆုံး လာရောက် နှုတ်ဆက်သူမှာ လီကုန်းချန် ဖြစ်နေခဲ့သည်။ လီကုန်းချန်သည် သူမအတွက် နံနက်စာ ယူလာပေးခြင်း ဖြစ်ပေသည်။
သခင်မကြီးမိုမှ ထမင်းဘူးအား စိတ်လှုပ်ရှားစွာ ဖွင့်လိုက်လေရာ နီယန်၏ လက်ရာမှာ သူမအား စိတ်မပျက်စေခဲ့ပေ။ ခံတွင်းမြိန်စေသော ချဉ်ဖြုံ့ဖြုံ့ လျန်ဖီ အပြင် မွှေးကြိုင်လှသော ပုစွန်နှင့် ကြက်သွန်မြိတ်ကြော် နှင့် အေးမြဆန်းသစ်သော မုန်ညှင်း ကြာစေ့စွပ်ပြုတ် တို့ ဖြစ်ပေသည်
ဤအစားအသောက်များသည် သခင်မကြီးမို၏ ခံတွင်းအား လွှမ်းမိုးသွားခဲ့တော့သည်။ သို့သော် သူမ မသိရှိသည်မှာ နီယန် ပြင်ဆင်ပေးသော ဤဟင်းလျာများမှာ ကျန်းမာရေး အတွက် အထောက်အကူပြုနေခြင်းပင် ဖြစ်ပေသည်။
ဥပမာအားဖြင့် ပုစွန်နှင့် ကြက်သွန်မြိတ်ကြော်သည် အအေးဓာတ်ကို နှင်ထုတ်ပေးသဖြင့် သက်ကြီးရွယ်အိုများ အတွက် အထူးကောင်းမွန်ကာ မုန်ညှင်း ကြာစေ့စွပ်ပြုတ်မှာ အရိုးပွရောဂါအား ကာကွယ်ပေးနိုင်ပေသည်။ အရိုးပွရောဂါ မရှိသော သက်ကြီးရွယ်အိုဟူ၍ ရှိပါ့မည်လား။
ဤကျန်းမာရေး အကျိုးကျေးဇူးများအား သူမ မသိသော်လည်း နီယန် ပြင်ဆင်သော အစားအသောက်များကို စားသုံးပြီးချိန်ကတည်းမှ သူမ၏ ကျန်းမာရေးမှာ တစ်နေ့ထက် တစ်နေ့ ပိုမို၍ တိုးတက်လာသည်ကို သခင်မကြီးမို သိသိသာသာ ခံစားနေရခြင်း ဖြစ်သည်။
သူမသည် အစောပိုင်း အချိန်များတွင် ခြေလှမ်း နှစ်လှမ်း လောက် လှမ်းလိုက်ရုံနှင့်ပင် မောဟိုက်နေခဲ့ရသူ ဖြစ်ကြောင်း သတိပြုသင့်ပေသည်။ ထင်ကြေးပေး နေစရာပင် မလိုတော့ချေ။ ဤသည်မှာ သူဌေးမလေး ရှောင်နီ၏ ဟင်းလျာများကြောင့်သာ ဖြစ်ပေသည်။ ထို့ကြောင့် ယခုအချိန်တွင် သခင်မကြီးမိုသည် ရှောင်နီအပေါ် လုံးဝ စိတ်ကျေနပ်နေလေပြီ ဖြစ်သည်။
"ရှောင်လီ ခဏနေဦး"
သခင်မကြီးမိုမှ ထွက်ခွာတော့မည့် လီကုန်းချန်အား လှမ်းခေါ် လိုက်လေသည်။
"သခင်မကြီးဗျ တခြား ဘာညွှန်ကြားစရာ ရှိလို့လဲခင်ဗျာ"
လီကုန်းချန်မှ လှည့်ကြည့်လိုက်လေသည်။ သခင်မကြီးမိုမှ မေးမြန်းလိုက်သည်။
"ရှောင်လီ ရှောင်နီက ဒီနှစ်မှာ အသက် ဘယ်လောက်ရှိပြီလဲ သူက ယောင်္ကျားလေးလား မိန်းကလေးလား အိမ်ထောင်ရော ရှိပြီလား"
ရှောင်နီသည် သူမ၏ အသက်အား တစ်ကြိမ် ကယ်တင်ခဲ့ဖူးသဖြင့် သူမမှ ရှောင်နီအား ကျေးဇူးဆပ်ရန် လက်ဆောင်တစ်ခု ပြင်ဆင်ပေးချင်နေခြင်း ဖြစ်ပေသည်။ လီကုန်းချန်မှ ပြန်ဖြေလိုက်သည်။
"သူဌေးမလေး ရှောင်နီက ၁၇ နှစ်အရွယ် မိန်းကလေး တစ်ယောက်ပါ အိမ်ထောင်လည်း မရှိသေးပါဘူးခင်ဗျာ"
၁၇ နှစ်
မိန်းကလေးငယ်လေးပဲ ရှိသေးတာလား
သခင်မကြီးမို အလွန်အမင်း အံ့ဩသွားခဲ့ရလေသည်။ ဤမျှ အရသာရှိသော အစားအသောက်များမှာ ၁၇ နှစ်အရွယ် မိန်းကလေးငယ်လေးဆီမှ လာသည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။
ရှောင်နီသည် အနည်းဆုံး အသက် ၃၀ ကျော်လောက် ရှိလိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်ပေသည်။ ဤသည်မှာ အမှန်ပင် မမျှော်လင့်ထားသည့် အချက်ပင် ဖြစ်ချေသည်။
"ရှောင်လီ မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်"
လီကုန်းချန်မှ ရယ်မောရင်း ပြောလိုက်သည်။
"ကျွန်တော် ဘာလို့ သခင်မကြီးကို ညာရမှာလဲ ရှောင်နီက တကယ်ပဲ အဲဒီလောက် ငယ်တာပါ အမှန်တော့ ကျွန်တော်လည်း ဦးဆုံး သိလိုက်ရတုန်းက သခင်မကြီးလိုပဲ အံ့ဩခဲ့ရတာ"
ကိုယ်တိုင် မမြင်ဖူးပါဘဲ ၁၇ နှစ်အရွယ် မိန်းကလေး တစ်ယောက်မှ ဤမျှ အချက်ပြုတ် ကျွမ်းကျင်သည်ဟု မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။ သခင်မကြီးမိုသည် သူမ၏ အံ့အားသင့်နေမှုမား ထိန်းချုပ်လိုက်ကာ ခေါင်းညိတ်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
"အေး ငါ သိပြီ မင်း မင်းရဲ့ အလုပ်ကို ပြန်သွားတော့"
"ဟုတ်ကဲ့ပါ သခင်မကြီး"
လီကုန်းချန်မှ ခါးအား အနည်းငယ် ညွှတ်လျှက် ထွက်ခွာသွားတော့သည်။ သခင်မကြီးမို နံနက်စာ စားရန် ပြင်နေစဉ်မှာပင် သပ်ရပ်စွာ ဝတ်ဆင်ထားသော မိုဖူဟိုင်သည် အပေါ်ထပ်မှ ဆင်းလာခဲ့လေသည်။
"အဖိုးကြီး ဒီကိုလာဦး"
သခင်မကြီးမိုမှ သူ့အား လှမ်းခေါ်လိုက်လေသည်။
"ဘာလဲ မင်းကြည့်ရတာ တစ်ခုခု လျှို့ဝှက်နေသလိုပဲ"
မိုဖူဟိုင်မှ လျှောက်လာခဲ့သည်။ သခင်မကြီးမိုမှ ရယ်လျှက် ပြောလိုက်သည်။
"ရှင် စောစောနိုးတာ တွေ့ရခဲတယ် လာ အတူတူ နံနက်စာ စားကြစို့ ရှောင်လီ အခုပဲ ယူလာတာ နွေးတုန်းပဲ"
မိုဖူဟိုင်မှာ အစပိုင်းတွင် အစားစားချင်စိတ် မရှိသော်လည်း အစားအသောက်များ၏ ဆွဲဆောင်မှု ရှိသော ပုံစံနှင့် မွှေးကြိုင် လှသော အနံ့အား မြင်လိုက်ရသောအခါ ငြင်းဆန်မည့် စကားများကို ပြန်သိမ်းလိုက်တော့သည်။ သူသည် ပန်းကန်နှင့် တူအား ကိုင်ကာ သခင်မကြီးမို နှင့်အတူ အရသာရှိစွာ စားသုံးလေတော့သည်။ မျှော်လင့်ထားသည့် အတိုင်းပင် အရသာသည် သူ့အား စိတ်မပျက်စေခဲ့ပေ။
အခန်း (၁၁၀) - စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခြင်း
အရသာမျိုးစုံအား မြည်းစမ်းဖူးသော မိုဖူဟိုင်ပင်လျှင် အလွန်အမင်း သဘောကျသွားခဲ့ရတော့သည်။
"အရသာ ရှိလိုက်တာ"
မိုဖူဟိုင်မှ ပါးစပ်အား သုတ်ရင်း အားရပါးရ ပြောလိုက်လေသည်။
"ဒါ ရှောင်နီ လုပ်တာလား"
သခင်မကြီးမိုက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ရှောင်နီက ၁၇ နှစ်ပဲ ရှိသေးတဲ့ မိန်းကလေးတဲ့ မယုံနိုင်စရာပဲ"
"၁၇ နှစ်ပဲရှိသေးလား"
မိုဖူဟိုင်မှ အံ့ဩတကြီး ရေရွတ်လေသည်။
"တကယ်ကို အစွမ်းထက်တာပဲ"
နံနက် ၁၀ နာရီကျော် ၁၁ နာရီနီးပါး ရောက်မှသာ ကျောက်မိသားစုသည် နောက်ကျပြီး ရောက်လာကြလေသည်။
"ရှောင်လျို (မိုချီရှန်ကို ခေါ်ခြင်း) မင်းရဲ့ ဦးလေးနဲ့ အဒေါ်အတွက် လက်ဖက်ရည် အမြန်ဖျော်လိုက်ဦး"
မိုဖူဟိုင်မှ မိုချီရှန်အား မျက်ရိပ်ပြလိုက်လေသည်။ မိုချီရှန်မှ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့"
ကျောက်ကျင့်ရုံသည် မိုချီရှန်နှင့် စေ့စပ်ထားသူ ဖြစ်သော်လည်း တစ်ယောက်သည် နိုင်ငံခြားတွင် ကျောက်တက်နေပြီး နောက်တစ်ယောက်မှာမူ အလုပ်အကိုင် အတည်တကျ မရှိသည့်အပြင် လျှောက်သွားရင်း အချိန်ဖြုန်း နေသဖြင့် သူတို့နှစ်ဦး မတွေ့ရသည်မှာ ဆယ်စုနှစ် တစ်ခုကျော် ရှိနေခဲ့ပြီ ဖြစ်သည်။
သူမသည် ဤကဲ့သို့သော အသုံးမကျသူ တစ်ယောက်မှ ဤမျှ ရုပ်ရည်ချောမောလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ မည်သည့် ဘက်မှ ကြည့်သည် ဖြစ်စေ မိုချီရှန်၏ မျက်နှာတွင် အပြစ်ပြောစရာ တစ်ကွက်မှ မရှိချေ။ သူသည် တီဗီပေါ်မှ မင်းသားများ ထက်ပင် ပို၍ ချောမောလှပေသည်။
‘တကယ်ကို ချောတာပဲ’
‘ဒါပေမဲ့ နှမြောစရာပဲ’
‘ရုပ်ရည်ဆိုတာ ဒီကမ္ဘာပေါ်မှာ အသုံးမဝင်ဆုံးအရာပဲ’
အမျိုးသမီး တစ်ယောက်သည် လှပနေလျှင် လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်း မြင့်မားလှသည့် နေရာအား တက်လှမ်းရန် အခွင့်အရေး ရနိုင်သော်လည်း အမျိုးသားများ အတွက်မူ ရုပ်ချောခြင်းသည် 'မျက်နှာချောချောနဲ့ အသုံးမကျသူ' တစ်ယောက် ဖြစ်စေရုံသာ ရှိလေသည်။ ထိုစဉ်မှာပင် မိုချီရှန်မှ လက်ဖက်ရည်ခွက်အား ကျောက်ကျင့်ရုံထံ ကမ်းပေးလိုက်တော့သည်။
"သတိထားနော် ပူတယ်"
‘သတိထားနော် ပူတယ် ဟုတ်လား’
‘မိုချီရှန်က ငါ့ကို ဖားနေတာများလား’
‘ဟမ့် ဟုတ်တာပေါ့ ငါက လှပပြီးတော့ ထူးချွန်တဲ့သူ ဖြစ်တာကြောင့် ဘယ်ယောင်္ကျားမဆို ငါ့ရဲ့ ဆွဲဆောင်မှု အောက်မှာ ကျရှုံးရမှာပဲလေ သိပ်တော့ ထူးဆန်းတာ မဟုတ်ပါဘူး’
"ရှင် ကျွန်မကို လာပြီး ဖားနေစရာမလိုဘူး"
ကျောက်ကျင့်ရုံမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
"ဘာလို့လဲဆိုတော့ ကျွန်မ ဒီကို လာတာ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့အတွက်ပဲ"
သူမ၏ စကားကြောင့် သက်ဝင် လှုပ်ရှားနေသော ဧည့်ခန်းမှာ ချက်ချင်းပင် တိတ်ဆိတ် သွားရလေတော့သည်။ မိသားစု၏ အကြီးအကဲဖြစ်သော ကျောက်ပေါင်ရှန့်မှ အားနာစွာဖြင့် ရယ်မောရင်း ပြောလိုက်လေသည်။
"ကျင့်ရုံ မင်း ဘာတွေ နောက်နေတာလဲ"
မိုဖူဟိုင်နှင့် သခင်မကြီးမိုတို့သည်လည်း အခြေအနေအား ထိန်းနိုင်ရန် အတွက် ကြိုးစားနေကြတော့သည်။
"ရပါတယ် ရပါတယ် လူငယ်တွေက နောက်တတ်ကြတာပဲလေ”
"ကျွန်မ နောက်နေတာ မဟုတ်ဘူး ဦးလေးမို အဒေါ်မို ကျွန်မရဲ့ အခြေအနေတွေကို ရှင်တို့လည်း ရှင်းရှင်းလင်းလင်း သိမှာပါ"
ကျောက်ကျင့်ရုံမှ ဆိုဖာပေါ်မှနေ၍ တိုက်ရိုက် မတ်တတ်ရပ် လိုက်ပြီးနောက် မိုချီရှန်အား လက်ညှိုးထိုးကာ မေးလိုက်လေသည်။
“ဒီလူက ကျွန်မနဲ့ ထိုက်တန်တယ်လို့ ရှင်တို့ ဘာကြောင့် ထင်နေကြတာလဲ"
သူမသည် စေ့စပ်ကြောင်းလမ်းမှုအား ဖျက်သိမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်ရာ နောင်တွင် မိုမိသားစုနှင့် ဆက်ဆံရေး ရှိရန် မရည်ရွယ်တော့ချေ။ အမှန်တရားမှာမူ နောက်ဆုံး၌ ပေါ်လာမည် ဖြစ်ပေရာ စကားများစွာ လှည့်ပတ်၍ ပြောနေစရာ မလိုတော့ပါချေ။
သူမသာ 'မစ္စတာမော့' နှင့် လက်ထပ်လိုက်လျှင် ပေကျင်း တစ်မြို့လုံးမှ လူတိုင်းသည် သူမအား ရိုသေလေးစားကြရမည် ဖြစ်သည်။ ထိုသို့ ဆိုလျှင် မိုမိသားစုမှ မည်မျှ အရေးပါမည်နည်း။
သူမ၏ စကားကြောင့် မိုဖူဟိုင်နှင့် သခင်မကြီးမိုတို့၏ မျက်နှာများမှာ အလွန်ပင် ပျက်ယွင်း သွားကြကုန်တော့သည်။ မိုချီရှန်သည် မည်မျှပင် အရည်အချင်း မရှိသည် ဖြစ်စေ သူသည် သူတို့၏ အဖိုးတန် သားလေး တစ်ဦးသာ ဖြစ်သည်။ တစ်စိမ်းလူ တစ်ယောက်မှ သူ့အား ဤကဲ့သို့ စော်ကားနေသည်အား သူတို့ မည်သို့ သည်းခံနိုင်ပါ့မည်နည်း။
ထို့အပြင် ဤသို့ လုပ်နေသူမှာ သူတို့ အမြဲတမ်း သဘောကျခဲ့သော ချွေးမလောင်းလေး ဖြစ်နေသေးပေသည်။ ထိုခေတ်တွင် လိမ္မာရေးခြား ရှိကာ ချစ်စရာ ကောင်းသော မိန်းကလေးငယ်လေး တစ်ဦးသည် ယနေ့တွင် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ မိုချီရှန်မှ ပြုံးလိုက်ပြီးနောက် ပြောလိုက်လေသည်။
"မစ္စကျောက် ပြောတာ မှန်ပါတယ် ကျွန်တော် မိုချီရှန် ဆိုတာ ဘာအလုပ်အကိုင်မှ မရှိဘဲ အရည်အချင်းမရှိတဲ့သူပါ အရည်အချင်းရှိပြီး လှပတဲ့ မစ္စကျောက်နဲ့ တကယ်ကို မထိုက်တန်ပါဘူး"
ကျောက်ကျင့်ရုံမှ မျက်မှောင်ကြုတ် လိုက်မိသည်။
ဤအသုံးမကျသော မိုချီရှန်သည် မည်သို့ ဖြစ်နေလေသနည်း။
‘သူက ဘယ်လိုလုပ် ပြုံးနိုင်နေရတာလဲ အခုချိန်မှာ သူက ငိုယိုပြီး စေ့စပ်တာကို မဖျက်ပါနဲ့လို့ တောင်းပန်နေရမှာ မဟုတ်ဘူးလား သူ အံ့ဩလွန်းလို့ ကြောင်သွားတာများလား’
"ဒါကြောင့်"
မိုချီရှန်မှ ဆက်ပြောလိုက်တော့သည်။
"မစ္စကျောက်က ကျွန်တော်နဲ့ စေ့စပ်တာကို ဖျက်ချင်တာ မဟုတ်ဘဲ ကျွန်တော် ကိုယ်တိုင်က မစ္စကျောက်နဲ့ စေ့စပ်တာကို ဖျက်ချင်တာပါ"
စေ့စပ်တာကို ဖျက်သိမ်းခြင်းနှင့် စေ့စပ်တာကို ဖျက်သိမ်းခံရခြင်းမှာ လုံးဝ ကွဲပြားခြားနားလှပေသည်။ လက်ထပ်ပွဲအား ကိုယ်တိုင် ဖျက်လိုက်သည်နှင့် အပစ်ခံရတာ ကွာခြားသလိုမျိုးပင် ဖြစ်သည်။
အကယ်၍ သူမအား အသုံးမကျသော သူတစ်ယောက်မှ အပစ်ခံလိုက်ရတယ်ခြင်း ဖြစ်သည်ဟု သတင်းပျံ့သွားခဲ့လျှင် သူမ မျက်နှာဘယ်မှာ ထားရတော့မည်နည်း။
ဤသည်အား ကြားချိန်တွင် ကျောက်ကျင့်ရုံ ပေါက်ကွဲသွားတော့သည်။
"ရှင်က ကျွန်မတို့ စေ့စပ်တာကို ဖျက်ချင်တာ ဟုတ်လား ဘာအခြေခံနဲ့ ရှင်က ဖျက်ချင်တာလဲ"
အသုံးမကျသော သူတစ်ယောက်မှ သူမအား ဤကဲ့သို့ ပြောဆိုရန် မည်သည့်အခွင့်အရေး ရှိလေသနည်း။ မိုချီရှန်မှ ခပ်ပါးပါးလေး ပြုံးပြလိုက်သည်။
"မစ္စကျောက်က စေ့စပ်တာကို မဖျက်ချင်ဘူးလို့ ပြောနေတာလား ဒါဆို ခင်ဗျား စိတ်ပြောင်းချင်တယ်ဆိုရင်လည်း မနှောင်းသေးပါဘူး"
ဒီအသုံးမကျတဲ့ကောင်က အသိဉာဏ်တော့ နည်းနည်းရှိသားပဲ’
ကျောက်ကျင့်ရုံသည် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ ဤကောင်သည် သူမအား ရန်စကာ စေ့စပ်ထားရန် ဆက်ထိန်းထားချင်၍ ဤသို့ လုပ်နေခြင်း ဖြစ်ပေမည်။ သူမ သိပေသည်။ ဤကောင်သည် စေ့စပ်ထားခြင်းအား အလွယ်တကူ စွန့်လွှတ်လိမ့်မည် မဟုတ်ချေ။
"လုံးဝ မဟုတ်ဘူး"
ကျောက်ကျင့်ရုံမှ ပြန်အော်လိုက်လေသည်။
"ဒါဆိုရင်လည်း ရပါတယ် ဒါက စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခြင်း သဘောတူညီချက်ပါ မစ္စကျောက် သိမ်းထားလိုက်ပါ"
မိုချီရှန်မှ ကျောက်ကျင့်ရုံထံသို့ စာအိတ် တစ်အိတ် ကမ်းပေးလိုက်တော့သည်။
"ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ မိသားစုနှစ်ခု စေ့စပ်တုန်းက အထိမ်းအမှတ် ပစ္စည်းတွေလဲခဲ့ကြတယ် မလား ခင်ဗျားအိမ်က ပစ္စည်းက အဲဒီစာအိတ်ထဲမှာ ရှိပါတယ်"
အခန်း (၁၁၁) - စေ့စပ်ပွဲကို ဖျက်သိမ်းခြင်း ၆
‘ကွာရှင်းစာ’
ဤအသုံးမကျသော ကောင်သည် ကွာရှင်းစာအား အမှန်တကယ် ရေးပေးလိုက်သည်တဲ့လား
ကျောက်ကျင်းရုံအတွက်မူ ဤသည်မှာ လုံးဝကို အရှက်ခွဲ ခံလိုက်ရခြင်းပင် ဖြစ်လေသည်။ သို့သော် ဒုတိယအကြိမ် ထပ်မံ တွေးတော ကြည့်သောအခါ ဤအရာသည် ထိုအသုံးမကျသူ၏ ‘ရန်သူအား မျှားခေါ်ရန် အင်အားနည်း ဟန်ဆောင်ခြင်း’ ဆိုသည့် နည်းဗျူဟာများ ဖြစ်နေမည်လား။
‘ငါ သူ့အကွက်ထဲ ဝင်သွားလို့ မဖြစ်ဘူး’
စေ့စပ်ပွဲအား ဖျက်သိမ်းခြင်းသည်သာ ရှေ့ဆက်ရမည့် တစ်ခုတည်းသော လမ်းစ ဖြစ်လေသည်။ အခြားရွေးချယ်စရာ မရှိတော့သည့် အဆုံး၌ ကျောက်ကျင်းရုံသည် ကွာရှင်းစာအား လက်ခံလျှက် ဤအရှက်ရမှုအား မြိုသိပ်ထား လိုက်ရုံမှလွဲ၍ အခြားမတတ်နိုင်တော့ချေ။ ထို့ကြောင့် သူမမှ ပြောလိုက်သည်။
"အဖေ ကျောက်စိမ်းဆွဲကြိုးအား သူတို့ဆီ ပြန်ပေးလိုက်ပါ သွားကြစို့"
အခြေအနေများ ဤသို့ဖြစ်လာလိမ့်မည်ဟု ကျောက်ပေါင်ရှန့် တစ်ခါမှ မျှော်လင့်မထားခဲ့မိချေ။ ဤသည်မှာ ကွာရှင်းခြင်းကိစ္စနှင့် ပတ်သက်၍ သူတို့ တွေးထင်ထားခဲ့ကြသည့် ပုံစံမျိုးနှင့် လုံးဝ ကွာခြားလွန်းလှပေသည်။
သူတို့ ထင်မှတ်ထားခဲ့ကြသည်မှာ မိုမိသားစုသည် ဤအခြေအနေအား ပြန်လည် အဖတ်ဆယ်ရန် ကြိုးစားကြလိမ့်မည်ဟု ထင်ထားကြခြင်း ဖြစ်သည်။ သို့သော် သူတို့ထံမှ နောင်တရသည့် စကားတစ်ခွန်းမျှ ထွက်မလာခဲ့ကြ သည့်အပြင် မိုချီရှန်ကိုယ်တိုင်ပင် ကွာရှင်းစာအား ပစ်ပေးလိုက်သေးသည်။
စစ်တပ်မျိုးရိုး ဆင်းသက်လာသူများ ပီပီ သူတို့၏ အထင်ကြီး လေးစားဖွယ် ကောင်းသော သမာဓိအား ပြသလိုက်ခြင်းပင် ဖြစ်သည်။ ကျောက်ပေါင်ရှန့်သည် ကျောက်စိမ်းဆွဲကြိုးအား စားပွဲပေါ်သို့ တင်လိုက်တော့သည်။ ၎င်းနောက် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သော မိတ်ဆွေဟောင်းအား မျက်နှာချင်းဆိုင်ရင်း သူ၏ နောင်တကို ဖော်ပြလိုက်လေသည်။
"ငါ ငါ တကယ် စိတ်မကောင်းပါဘူး ဖူဟိုင်ရာ"
မည်သို့ပင်ဆိုစေ ကျောက်မိသားစု အခက်အခဲ ကြုံနေရချိန်တွင် မိုမိသားစုမှ သူတို့အား ကူညီပေးခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယနေ့ သူတို့၏ လုပ်ရပ်များမှာ လုံးဝ ကျေးဇူးကန်းရာ ကျနေတော့သည်။
ဟူး...
ခေတ္တမျှ စဉ်းစားပြီးနောက် ကျောက်ပေါင်ရှန့်မှ ဆက်ပြောလိုက်လေသည်။
"ဖူဟိုင် ငါ့မိတ်ဆွေဟောင်းကြီး ကလေးတွေရဲ့ ကိစ္စမှာ ငါ ဝင်စွက်ဖက်လို့ မရဘူးကွာ မင်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”
"ထွက်သွားစမ်း"
ဟု မိုဖူဟိုင်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားခဲ့ကာ အော်ဟစ်လိုက်တော့သည်။ လွန်ခဲ့သော အချိန် ခဏလေးတင်ကပင် ကျောက်မိသားစုသည် သူတို့၏ ကတိအား ဘယ်တော့မှ ဖျက်ကြမည် မဟုတ်ကြောင်း သူ ပြောနေခဲ့သေးသည်။ သို့သော် လှည့်ပင် မကြည့်ရသေးခင်မှာပင် လက်တွေ့တရားသည် သူ၏ မျက်နှာအား ဖြတ်ရိုက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ကျောက်မိသားစုအား အကဲဖြတ်မှားခဲ့ပေသည်။
"အဖေ"
ကျောက်ကျင်းရုံမှ ရိုင်းစိုင်းစွာ ပြောလိုက်လေသည်။
"သူတို့နဲ့ စကားပြောပြီး အချိန်ဖြုန်းနေစရာ ဘာအကြောင်းရှိလို့လဲ"
"သွားကြစို့"
ဟု မစ္စကျောက်မှ ကျောက်ပေါင်ရှန့်အား အလျင်အမြန် ဆွဲခေါ်သွားတော့သည်။ ထွက်ခွာသွားကြသော ကျောက်မိသားစုဝင်များအား ကြည့်ရင်း မိုချီရှန်မှ လှမ်းအော်လိုက်လေသည်။
"မစ္စကျောက် အနေနဲ့ သင့်တော်တဲ့ ခင်ပွန်းကောင်း တစ်ဦးကို အမြန်ဆုံး တွေ့ရှိပါစေ လမ်းခရီး ချောမွေ့ပါစေဗျာ"
ကျောက်ညီအစ်ကို နှစ်ဦးမှ လှည့်ကြည့်လာကြလေသည်။
"စိတ်ချပါ ငါတို့ရဲ့ ညီမလေးက ဒီလောကမှာ အကောင်းဆုံး ယောက်ျားနဲ့ သေချာပေါက် လက်ထပ်မှာပဲ မင်းလိုကောင်မျိုးကို သူ ဘယ်တော့မှ အောက်ကျခံပြီး ယူမှာမဟုတ်ဘူးကွ မှတ်ထားလိုက်"
မိုချီရှန်မှ ဒေါသမထွက်ဘဲ မှိန်ဖျော့ဖျော့ အပြုံးလေးဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်သည်
"ကျွန်တော်ကတော့ အဲဒီမြင်ကွင်းကို မြင်တွေ့ရဖို့ မျှော်လင့်နေပါမယ်ဗျာ”
ကျောက်မိသားစုဝင်များ ထွက်ခွာသွားကြ ပြီးနောက် မိုမိသားစု၏ အိမ်ရှင်မကြီးသည် ကြေကွဲ ဝမ်းနည်းနေသော မျက်နှာထားဖြင့် မိုချီရှန်၏ ဘေးသို့ ရောက်လာသည်။
"ငါ့ သားငယ်လေး အမေ့အချစ်ဆုံးလေး ဒီနေ့ သားလေး တော်တော် စိတ်ဆင်းရဲသွားရပြီ ကျောက်မိသားစုက ဒီလောက်တောင် ရက်စက် ယုတ်မာကြလိမ့်မယ်လို့ အမေ တစ်ခါမှ မတွေးမိခဲ့ဘူးကွယ်"
မိုချီရှန်မှ ရယ်မောကာ ပြောလိုက်သည်။
"အမေ ကျွန်တော် စိတ်မဆိုးပါဘူး သူတို့ရဲ့ မျက်နှာ အစစ်အမှန်ကို စောစောစီးစီး မြင်လိုက်ရတာက ကောင်းတဲ့ကိစ္စပါ"
"အို ငါ့ သားငယ်လေးရယ် ယောက်ျား တစ်ယောက်က ဇနီးကောင်း တစ်ယောက်ကို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်လေ အရမ်းကြီး ဝမ်းနည်းမနေပါနဲ့ကွာ"
မိုဖူဟိုင်မှ အနားသို့ ရောက်လာပြီးနောက် မိုချီရှန်၏ ပခုံးအား ပုတ်လျှက် ပြောလိုက်သည်။
"ကျွန်တော် ဝမ်းမနည်းပါဘူး"
မိုဖူဟိုင်သည် အိတ်ကပ်ထဲမှ ဘဏ်ကတ်များစွာကို ထုတ်ယူလိုက်လေသည်။
"သားလေး မင်းကိုယ်မင်း အရမ်းကြီး ဖိအားမပေးပါနဲ့ ငိုချင်ရင်လည်း ငိုချလိုက်ပါ မိန်းမမရှိလည်း မင်းမှာ ပိုက်ဆံတွေ ရှိနေသေးတာပဲ ပိုက်ဆံရှိနေသရွေ့ ဘယ်လို မိန်းမမျိုးကိုမဆို ရှာမရနိုင် စရာရှိမှာမို့လို့လဲ"
မိုချီရှန်သည် မည်သို့ လုပ်ရမည်မှန်း မသိစွာဖြင့် ပြောလိုက်လေသည်။
"အဖေနဲ့ အမေ ကျွန်တော် တကယ် ဝမ်းမနည်းပါဘူး ပြီးတော့ ငိုလည်း မငိုချင်ဘူး ဒီကတ်တွေကိုလည်း ကျွန်တော် မလိုအပ်ပါဘူး ကျွန်တော့်မှာ အခု ပိုက်ဆံရှိနေပြီမို့လို့ ကျွန်တော့်အတွက် စိတ်ပူစရာ မလိုတော့ပါဘူး"
သူ အမှန်တကယ် ဝမ်းမနည်းနေချေ။ ထို့ပြင် သူ့ထံတွင် အမှန်တကယ်ပင် ငွေရှိနေခဲ့ခြင်း ဖြစ်သည်။ သူ၏ မိဘများမှ သူ့အား အဘယ်ကြောင့် မယုံကြည်ကြလေသနည်း။
"ဒါကိုသာ သိမ်းထားလိုက်စမ်းပါ"
မိုဖူဟိုင်မှ မိုချီရှန်၏ ပခုံးအား ထပ်ပုတ်လိုက်ပြန်ကာ ပြောလိုက်သည်။
"ငါတို့က ယောက်ျားအချင်းချင်းတွေပဲကွ မင်းကို ငါ နားလည်ပါတယ်"
မိုချီရှန်မှ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
‘မဟုတ်ဘူး အဖေ ဘာမှ နားမလည်ပါဘူး’
မိုဖူဟိုင်မှ ဆက်ပြောပြန်သည်။
"မင်းက ပိုက်ဆံရှိတယ် ပိုက်ဆံ ရှိတယ်လို့ အမြဲပြောနေတာပဲ ငါ မေးလို့ရမလား မင်းရဲ့ ပိုက်ဆံတွေက ဘယ်ကနေ ရလာတာလဲ"
"ကျွန်တော် ရှာထားတာပါ"
မိုချီရှန်မှ ပြန်ဖြေပေးလိုက်သည်။ မိုဖူဟိုင်မှ ဇွတ်မေးပြန်သည်။
"ဒါဆို မင်း ဘယ်လို ရှာခဲ့တာလဲ"
မိုချီရှန် အနည်းငယ် တုံ့ဆိုင်းသွားမိလေသည်။
"ဒါက လျှို့ဝှက်ချက်တွေပါ အခုလောလောဆယ်တော့ အဖေ့ကို ပြောပြလို့ မရသေးဘူး အဖေ့သားဆီမှာ အခု ပိုက်ဆံ မပြတ်လပ်ဘူး ဆိုတာကိုပဲ သိထားပေးရင် ရပါပြီ"
‘လျှို့ဝှက်ချက်...’
‘ပိုက်ဆံမပြတ်လပ်ဘူး...’
အထက်တန်းကျောင်းပင် မပြီးသေးသည့် လူတစ်ယောက်သည် မည်ကဲ့သို့ ကြီးမားလှသည့် လျှို့ဝှက်ချက်မျိုးတွင် ပါဝင် ပတ်သက်နေနိုင်မည်နည်း။
(TL/N : အမလေး အချစ်ဆုံး သားငယ်လေးကို မိဘတွေက အရမ်း ယုံကြည်ကြတာ ခိခိ**)
ယခုလို ကြည့်လိုက်လျှင် ယနေ့ ဖြစ်ရပ်သည် ကလေးအား အမှန်ပင် အထိနာသွားစေခဲ့ကာ အခုချိန်တွင်မူ အဓိပ္ပာယ်မရှိသည့် စကားများ လျှောက်ပြောနေခဲ့ပြီဟု မိုဖူဟိုင်မှ ထင်မှတ်သွားခဲ့ခြင်း ဖြစ်သည်။
ဤသို့ တွေးမိသွားသောအခါ မိုဖူဟိုင်၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ တစ်ဖန် ပြည့်နှက်လာခဲ့ပြန်သည်။
"သားလေး ဒီကာလအတွင်းမှာ မင်းသွားချင်တဲ့ နေရာကို သွားလို့ရတယ်နော် စိတ်မပူပါနဲ့ မင်းအမေနဲ့ ငါက မင်းကို ဖိအားပေးမှာ မဟုတ်သလို အပြစ်လည်း တင်မှာမဟုတ်ပါဘူး ဒါပေမဲ့ အဖေ့ စကားကို အမြဲ မှတ်ထားပါ အစွန်းရောက်တဲ့ လုပ်ရပ်မျိုးကိုတော့ ဘယ်တော့မှ မစဉ်းစားမိစေနဲ့"
မိုဖူဟိုင်၏ စကားကြောင့် မိုချီရှန်မှာ ရယ်ချင်စိတ်အား မနည်းထိန်းထားရတော့သည်။
"အဖေ အဖေ့ ဘာတွေ လျှောက်တွေးနေတာလဲ ကျွန်တော် တကယ်ပဲ နည်းနည်းလေးတောင် ဝမ်းမနည်းပါဘူးဗျာ"
မိုဖူဟိုင်သည် သူ၏ သားအငယ်ဆုံးလေးအား ထပ်မံ၍ စိတ်မဆင်းရဲ စေချင်တော့သဖြင့် သဘောတူသည့် အနေဖြင့် ခေါင်းညိတ် ပြလိုက်တော့သည်။
"ကောင်းပါပြီ ကောင်းပါပြီ မင်းကို ငါ ယုံပါတယ် မင်း နည်းနည်းလေးမှ ဝမ်းမနည်းဘူး စိတ်လည်းမဆင်းရဲဘူး ဒါပေမဲ့ ဒီငွေကိုတော့ မင်း လက်ခံရမယ် မဟုတ်ရင် ငါ စိတ်အေးရမှာ မဟုတ်ဘူး"
အခြား ရွေးချယ်စရာ မရှိတော့သဖြင့် မိုချီရှန်သည် လက်ခံကြောင်း ခေါင်းညိတ် ပြလိုက်ရုံမှလွဲ၍ မတတ်နိုင်တော့ချေ။ ထိုအခါမှသာ မိုဖူဟိုင်သည် သက်ပြင်းတစ်ချက် ချနိုင်သွားလေတော့သည်။
နောက်တစ်နေ့တွင်မူ မိုချီရှန်နှင့် ကျောက်ကျင်းရုံတို့၏ ကွာရှင်းမှု သတင်းသည် ပေကျင်းမြို့ရှိ အထက်တန်းလွှာ အသိုင်းအဝိုင်း တစ်ခုလုံးထံ ပြန့်နှံ့သွားခဲ့တော့သည်။
ကျန့်မိသားစု၌...
ဤသတင်းအား ကြားရသောအခါ ကျန့်ရှန်ကျင်းမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားသဖြင့် မည်သို့ လုပ်ရမည်ကိုပင် မသိတော့ချေ။
‘ကောင်းလိုက်လေ’
မိုချီရှန်သည် နောက်ဆုံးတွင် ကျောက်ကျင့်ရုံနှင့် အိမ်ထောင်ရေး နှောင်ကြိုးအား ဖြတ်တောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို ကျောက်ကျင့်ရုံသည် ကျောက်မျက် ရတနာများနှင့် ပတ်သက်၍ မည်သည်အရာကိုမှ နားလည်သူ မဟုတ်ချေ။
ယခု မိုချီရှန်သည် ကျောက်ကျင့်ရုံနှင့် စေ့စပ်ထားမှုအား အဆုံးသတ်လိုက်ပြီ ဖြစ်လေရာ သူ ဝမ်းနည်းကြေကွဲနေလောက်မည် ဖြစ်သည်။ အကယ်၍ သူမသာ ယခု အချိန်တွင် သွားရောက်ကာ သူ့အား နှစ်သိမ့်ပေးနိုင် မည်ဆိုလျှင် သူ၏ အားငယ်နေသော အချိန်တွင် လက်ဦးမှု ရယူနိုင်ပေလိမ့်မည် ဖြစ်သည်။
ထိုအတွေးများဖြင့် ကျန့်ရှန်ကျင်းသည် ချက်ချင်းပင် လှပသော မိတ်ကပ်များအား ပြင်ဆင်ခြယ်သလိုက်ကာ လှပသော ဂါဝန်တစ်ထည်အား ဝတ်ဆင်လိုက်ပြီးနောက် တံခါးပေါက်ဆီသို့ ကမန်းကတန်း ထွက်လာခဲ့တော့သည်။
ဧည့်ခန်းထဲသို့ ပြေးဝင်လာသည်နှင့်တစ်ပြိုင်နက် သူမသည် မီးဖိုချောင်ထဲမှ ထွက်လာသော မိခင်ဖြစ်သူ ကျန့်လင်လင်နှင့် ဝင်တိုက်မိသွားတော့သည်။ ကျန့်လင်လင်မှ အော်ဟစ်လိုက်လေသည်။
"ဘာတွေ ဒီလောက်လောနေရတာလဲ နင့်အဘွား အတွက် ငါကိုယ်တိုင် ချက်ထားတဲ့ ကြက်သားစွပ်ပြုတ်တွေ ဖိတ်ကုန်ပြီ"
ကျန့်ရှန်ကျင်းမှာ ထိတ်လန့်သွားမိလေသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ကျန့်လင်လင်သည် သူမအပေါ် ဤမျှလောက် အထိ တစ်ခါမှ ဒေါသမထွက်ခဲ့ဖူးချေ။
"အမေကလည်း ဘာဖြစ်လို့လဲ သမီး လန့်သွားတာပဲ ကြက်သားစွပ်ပြုတ် တစ်ပန်းကန်လေးကိုများ ဖိတ်သွားရင် နောက်တစ်ခွက် ထပ်ချက်လို့ မရဘူးလား"
ကျန့်လင်လင်၏ မျက်လုံးများထဲတွင် သဘာဝမကျသော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"နောက်တစ်ပန်းကန် ထပ်ချက်ရမယ် နင်ပြောတာက လွယ်လိုက်တာ ကြက်သားစွပ်ပြုတ် တစ်ပန်းကန်ရဖို့ ဘယ်လောက်တောင် အားစိုက် ထုတ်ရလဲဆိုတာ နင် သိရဲ့လား"
ကျန့်ရှန်ကျင်းမှ ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။
"ကြက်သားစွပ်ပြုတ် တစ်ပန်းကန်လေးကို ဘယ်လောက်တောင် ခက်ခဲနေမှာမို့လို့လဲ ပြီးတော့ သမီးတို့ဆီမှာ အစေခံတွေ ရှိနေတာပဲ မဟုတ်ဘူးလား"
ကျန့်လင်လင်သည် ကြမ်းပြင်ပေါ်မှ စွပ်ပြုတ်ရည်များနှင့် ကွဲကြေနေသော ပန်းကန်စများအား ကြည့်ရင်း သူမ၏ မျက်လုံးများထဲတွင် နှမြောတသမှုများ ပြည့်နှက်နေခဲ့လေသည်။
"နင့်အဘွားက ဒီရက်ပိုင်း နေမကောင်းဘူး ဒီကြက်သား စွပ်ပြုတ်ထဲမှာ အားဆေးတွေ ဘယ်လောက်တောင် ထည့်ထားရလဲဆိုတာ နင် သိရဲ့လား အခုတော့ နင့်ကြောင့် အကုန် အလဟဿ ဖြစ်သွားပြီ"
ကျန့်ရှန်ကျင်းမှ သာမာန်ကာလျှံကာပင် တုံ့ပြန်ပြောဆိုလိုက်သည်။
"အမေက ဘယ်တုန်းက ဒီလောက်တောင် ခြိုးခြံချွေတာ တတ်သွားတာလဲ အားဆေး နည်းနည်းနဲ့ ကြက်သားစွပ်ပြုတ် တစ်ပန်းကန်လေးပဲဟာကို တကယ်ပဲ အဲဒီလောက် တန်ဖိုးရှိနေလို့လား"
ကျန့်လင်လင်သည် စကားလမ်းကြောင်းအား သိမ်မွေ့စွာ ပြောင်းလိုက်လေတော့သည်။
"ရှန်ကျင်း နင် အခု ဘယ်ကို အလောတကြီး သွားမလို့လဲ"
ကျန့်ရှန်ကျင်းမှ သူမ၏ ရည်ရွယ်ချက်အား သတိရသွားခဲ့ကာ တံခါး အပြင်ဘက်သို့ ပြေးထွက်ရန် လှည့်လိုက်တော့သည်။
"အမေ သမီး အခု စကားပြောလို့ မရသေးဘူး သွားရတော့မယ်"
ထိုအချိန်တွင် အစေခံတစ်ဦးသည် ကြမ်းပြင်ပေါ်မှ ဖိတ်စင်နေသော ကြက်သားစွပ်ပြုတ်နှင့် ပန်းကန်ကွဲများအား ရှင်းလင်းရန် တံမြက်စည်း တစ်ချောင်းအား ကိုင်လျက် ရောက်ရှိလာခဲ့သည်။ ကျန့်လင်လင်မှ ပြောလိုက်သည်။
"အဒေါ်ဝူ ဒါကို ကျွန်မနဲ့သာ ထားခဲ့လိုက်ပါ အဒေါ့်မှာ လုပ်စရာရှိတဲ့ တခြားအလုပ်တွေ သွားလုပ်ချေ"
ကျန့်လင်လင်သည် အစေခံများ အပေါ် အမြဲတမ်း ကြင်နာစွာ ဆက်ဆံလေ့ရှိသဖြင့် အဒေါ်ဝူသည်လည်း မည်သည်ကိုမှ မစဉ်းစားတော့ဘဲ တံမြက်စည်းအား သူမထံသို့ ကမ်းပေးလိုက်တော့သည်။ သူမ လှည့်ထွက် သွားသည်နှင့် အဒေါ်ဝူမှ အခြားအစေခံများအား ကျန့်လင်လင် အကြောင်း ချီးကျူး ပြောဆိုလေတော့သည်
"သခင်မလေးက သခင်မကြီးရဲ့ သွေးသားအရင်း မဟုတ်ပေမဲ့လည်း သူမအပေါ် တကယ်ကို သိတတ်ရှာသားပဲ သခင်မကြီးအတွက် ကြက်သားစွပ်ပြုတ်ကို ကိုယ်တိုင် ချက်ပေးရုံတင်မကဘူး သခင်မငယ်လေးက စွပ်ပြုတ်ကို မတော်တဆ တိုက်မိပြီး ဖိတ်သွားတော့တောင် ဆူပူ ကြိမ်းမောင်း နေသေးတယ် သာမန် အခြေအနေမျိုးမှာဆိုရင် သခင်မငယ်လေးကို သူ ဘယ်တုန်းကများ ဆူဖူးလို့လဲ"
ဤစကားအား ကြားသောအခါ အခြားသော အစေခံများသည်လည်း ခေါင်းညိတ် သဘောတူကြကုန်သည်။ ကျန့်လင်လင်သည် အပြင်ဘက်တွင် ရပ်လျက် ထိုစကားများအား နားထောင်နေရင်း သူမ၏ နှုတ်ခမ်းထောင့်တွင် အဆိပ်ပြင်းသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
‘သခင်မကြီး ငါက သူ့အပေါ် ဒီလောက် ကောင်းနေတာကိုတောင် သူကတော့ တစ်နေကုန် ဒီဓာတ်ပုံကိုပဲ ငေးကြည့်နေဖို့လောက်ပဲ သိတာ ဒီလိုသာဆိုရင်တော့ ငါ့ကို လာပြီး အပြစ်တင်လို့ မရတော့ဘူးနော်’