← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂) - အမှိုက်ကောင်များကို နှိမ်နင်း၍ ဟော့ပေါ့စားခြင်း (၁)

ကျန့်ရှန်ကျင်းသည် မိုမိသားစု၏ အိမ်သို့ ရောက်ရှိ လာသောအခါ သက်ကြီးရွယ်အို ဇနီးမောင်နှံ နှစ်ဦးသည် ဧည့်ခန်းထဲတွင် ထိုင်လျက် သက်ပြင်းများချလျှက် မျက်နှာငယ်လေးများဖြင့် ရှိနေကြကုန်သည်။

"အဘိုးမို အဘွားးမို"

"ရှန်ကျင်းလေး ရောက်လာတာကိုး"

ကျန့်ရှန်ကျင်းအား မြင်သောအခါ မစ္စမိုသည် သူမ၏ နှုတ်ခမ်းထောင့်မှ မှိန်ဖျော့ဖျော့ အပြုံးတစ်ခုအား အတင်း ဖန်တီး၍ ပြုံးပြလိုက်လေသည်။

"အဖွားမို ဒါက အမေက အဘွားဆီကို ပို့ခိုင်းလိုက်တဲ့ ကြက်သားစွပ်ပြုတ်ပါ ပူပူနွေးနွေးလေး သောက်လိုက်ပါဦး"

ကျန့်ရှန်ကျင်းမှ သူမ၏ လက်ထဲမှ ဓာတ်ဘူးအား မစ္စမိုထံသို့ ကမ်းပေးလိုက်လေသည်။ မိုမိသားစုထံသို့ လက်ဗလာဖြင့် လာရောက်ခြင်းသည် မသင့်တော်ဟု တွေးမိသဖြင့် ကျန့်ရှန်ကျင်းသည် ဆိုင်တစ်ဆိုင်မှ စွပ်ပြုတ် တစ်ပွဲအား ပါဆယ် ဆွဲလာခဲ့ခြင်း ဖြစ်ပေသည်။ မစ္စမိုမှ အံ့သြတကြီး ရေရွတ်လိုက်လေသည်။

"ကြက်သားစွပ်ပြုတ် သမီးအမေ ကိုယ်တိုင် ချက်တာလား"

"ဟုတ်ကဲ့"

ဟု ကျန့်ရှန်ကျင်းမှ မျက်နှာလည်းမပူ ရင်လည်းမခုန်ဘဲ ခေါင်းညိတ် ပြလိုက်လေသည်။

"အမေက အဘွားတို့ စိတ်မကောင်း ဖြစ်နေကြမယ်ဆိုတာ သိလို့ သမီးကို အခြေအနေ လာကြည့်ခိုင်းတာပါ"

မစ္စမိုသည် ကျန့်ရှန်ကျင်း၏ လက်အား ကျေးဇူးတင်စွာဖြင့် ပုတ်ပေးရင်း သက်ပြင်းချလိုက်မိသည်။

"သမီးအမေက တကယ်ကို ဂရုစိုက်တတ်တာပဲကွယ်"

ကျန့်ရှန်ကျင်းသည် ဓာတ်ဘူးအဖုံးအား ဖွင့်ကာ ကြက်သားစွပ်ပြုတ် နှစ်ပန်းကန် ခပ်ထုတ် လိုက်တော့သည်။

"အဘိုးမို အဘွားမို သမီးအမေ့ရဲ့ လက်ရာကို မြည်းကြည့်ပါဦး"

"ကောင်းပြီ ကောင်းပါပြီ"

မစ္စတာမိုဖူဟိုင်နှင့် မစ္စမိုတို့သည် ကြက်သားစွပ်ပြုတ်အား လက်ခံယူရင်း ကျန့်ရှန်ကျင်း၏ သိတတ်မှုအား ချီးကျူးလိုက်ကြကုန်သည်။ ထို့နောက် ကျန့်ရှန်ကျင်းမှ သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

"အဘိုးမို အဘွားမို စိတ်မကောင်းမဖြစ်ပါနဲ့ ဝမ်းလည်း မနည်းနေပါနဲ့ ကျောက်ကျင့်ရုံက ဦးလေးမိုနဲ့ လက်ထပ်မယ့်ကိစ္စကို ဖျက်သိမ်းလိုက်တာက သူမရဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ ဦးလေးမိုက သူမထက် အဆတစ်ထောင် အဆ တစ်သန်းလောက် ပိုကောင်းတဲ့ မိန်းကလေးကို သေချာပေါက် ရှာတွေ့လိမ့်မယ်လို့ သမီး ယုံကြည်တယ်"

"တစ်နေ့ကျရင် မနေ့က သူမရဲ့ လုပ်ရပ်တွေအတွက် ကျောက်ကျင့်ရုံ နောင်တရ လာလိမ့်မယ်လို့ သမီး ယုံကြည်ပါတယ်"

ဤစကားများအား ပြောဆိုနေစဉ် အတွင်း ကျန့်ရှန်ကျင်း၏ မျက်လုံးများထဲတွင် ခိုင်မာသော သန္နိဋ္ဌာန်များ ပြည့်နှက်နေခဲ့သည်။ ကျောက်ကျင်းရုံ အနေဖြင့် သူမ၏ လုပ်ရပ်များအား နောင်တရလာမည်မှာ ထင်ရှားလှပေသည်။ သို့သော်လည်း သူမ သောက်သုံးရန် အတွက် ဤလောကတွင် နောင်တတရားအား ပျောက်အောင် သောက်လို့ရသည့် ဆေး ဆိုသည်မှာ မရှိပေ။

ကျန့်ရှန်ကျင်း တစ်ယောက်တည်း သာလျှင် အခြားသူများ မသိသော လျှို့ဝှက်ချက် တစ်ခုအား သိထားသဖြင့် မိုချီရှန်ကို လက်လွှတ်မခံဘဲ ဆုပ်ကိုင်ထားရန် သူမမှ ဆုံးဖြတ်ထားခြင်း ဖြစ်လေသည်။ ကျောက်ကျင့်ရုံသည် မိုချီရှန်အား အထင်အမြင် သေးလေလေ သူမ၏ အရေးပါမှုအား ပို၍ ထင်ရှားပေါ်လွင်စေလေလေ ဖြစ်ပေသည်။ မစ္စမိုသည် ကျန့်ရှန်ကျင်းအား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

"ရှန်ကျင်း သမီး တကယ်ပဲ အဲဒီလို ထင်တာလား"

အသက်အရွယ်အားဖြင့် ငယ်ရွယ်လှသေးသော ကျန့်ရှန်ကျင်းသည် ဤမျှလောက် အထိ အသိဉာဏ် ကြွယ်ဝ နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။ အခြားသူများမှ မိုချီရှန်အား အထင်မြင် သေးနေချိန်တွင် ကျန့်ရှန်ကျင်းသည် သူ့အပေါ် ဤမျှ ယုံကြည်မှု ရှိနေခဲ့သည်တကား။ ကျန့်ရှန်ကျင်းမှ ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ မျက်လုံးများသည် အပေါ်ထပ်ဆီသို့ ဝေ့ဝဲသွားခဲ့ကာ လေးနက်စွာ ဖြေကြားလိုက်တော့သည်။

"သေချာတာပေါ့ အဖွားမိုရယ် လူအချို့မှာက ထုတ်မသုံးရသေးတဲ့ နက်ရှိုင်းတဲ့ အလားအလာတွေ ရှိတတ်ပါတယ် ဦးလေးမိုရဲ့ အနာဂတ်က သေချာပေါက် အကန့်အသတ်မရှိ ကြီးကျယ်လာလိမ့်မယ်လို့ သမီး ယုံကြည်ပါတယ် နောက်ကျမှ ကျောက်ကျင်းရုံကို သူမရဲ့ ဆုံးဖြတ်ချက်တွေအတွက် နောင်တရပါစေပေါ့"

မစ္စမိုမှာ အလွန်တရာ စိတ်လှုပ်ရှားသွားသဖြင့် မျက်ရည်များပင် ကျလာမတတ် ဖြစ်သွားခဲ့တော့သည်။ မစ္စတာ မိုဖူဟိုင်သည်လည်း ကျန့်ရှန်ကျင်း၏ နှစ်သိမ့်မှုကြောင့် အောင်မြင်စွာ စိတ်သက်သာရာ ရသွားလေတော့သည်။ ကျန့်ရှန်ကျင်းသည် မစ္စမို၏ လက်အား ဆုပ်ကိုင်ထားရင်း ချွဲနွဲ့ကာ ဆိုလေသည်။

"အဖွားမို အကယ်၍ အဲဒီ ကျောက်ကျင်းရုံက နောင်တရပြီး အဘွားတို့ဆီကို ငိုယို တောင်းပန် လာခဲ့ရင်တောင် အဘိုးနဲ့ အဘွားက သူ့လို မိန်းမကို လုံးဝ ဂရုမစိုက်ဘဲ နေရမယ်နော်"

မစ္စမိုသည် ကျန့်ရှန်ကျင်း၏ စကားကြောင့် သဘောကျသွားခဲ့ကာ ရယ်မောလျှက် သူမ၏ ယခင် အချိန်များတွင် စိတ်ဓာတ်ကျနေသော ခံစားချက်များမှာလည်း ချက်ချင်းပင် လွင့်စင်သွားခဲ့တော့သည်။

"ကောင်းပြီ ကောင်းပါပြီ ငါတို့ သူ့ကို လျစ်လျူရှုထားလိုက်မယ် ကမ္ဘာပျက်တဲ့အထိ သူမကို နောင်တရသွားအောင် လုပ်ပစ်မယ်"

"ဟုတ်ကဲ့"

ကျန့်ရှန်ကျင်းမှ ခေါင်းညိတ် ပြလိုက်သည်။ ထိုအချိန်တွင်ပင် ကြောင်လိမ် လှေကားထက်မှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ ကျန့်ရှန်ကျင်းသည် မော့ကြည့်လိုက်လေရာ အပေါ်ထပ်မှ ဆင်းသက်လာသည့် အရပ်ရှည်ရှည် လူရိပ်တစ်ခုအား မြင်တွေ့လိုက်ရလေသည်။

နုနယ်ချောမွေ့သော မျက်ခုံးတန်းများ အနည်းငယ် ပင့်တက်နေသော ဖီးနစ်ငှက်မျက်လုံးများ စင်းလုံးချော နှာတံနှင့် ပါးလွှာသော နှုတ်ခမ်းအစုံ ကိုယ်ဟန် အသွင်အပြင်တိုင်းသည် ကျန့်ရှန်ကျင်း နှစ်သက် သဘောကျသည့် ပုံစံမျိုးကွက်တိပင် ဖြစ်နေချေသည်။

မိုမိသားစုမှ အမျိုးသားများသည် အားလုံး ချောမောကြကာ စံပြ ဖီးနစ်ငှက် မျက်လုံးများ ပိုင်ဆိုင် ထားကြသော်လည်း မိုချီရှန်မှာ သူတို့ထဲတွင် အထင်ရှားဆုံးနှင့် အချောမောဆုံးဖြစ်သည်မှာ ယုံမှား သံသယ ဖြစ်ဖွယ်မရှိပေ။ စောစောပိုင်းတွ၍် သူမပြောခဲ့သည့် စကားများအား သူ ကြားသွားခဲ့မည် မဟုတ်ပါလော။

ဟုတ်ပေသည်။ သူ သေချာပေါက် ကြားသွား လောက်ပေသည်။ ထိုအခါ မိုချီရှန်သည် သူမအား အမြင် အသစ် တစ်ခုမှ စတင် မြင်တွေ့လာနိုင်ပေမည်။ ကျန့်ရှန်ကျင်းသည် သူမ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုအား ဖိနှိပ်ထားလိုက်ပြီးနောက် ယဉ်ကျေးစွာ မတ်တပ်ရပ်လျှက် နှုတ်ဆက်လိုက်သည်။

"ဦးလေးမို"

မိုချီရှန်မှ ပေါ့ပေါ့ပါးပါး ခေါင်းတစ်ချက် ညိတ်ပြလိုက်ကာ သူ၏ ကုတ်အင်္ကျီကို ပေါ့ပေါ့ပါးပါးပင် ဝတ်ဆင်လိုက်တော့သည်။

"အဖေနဲ့ အမေ ကျွန်တော် အပြင်မှာ အရေးတကြီး ကိစ္စလေးတစ်ခု ရှိနေလို့ တစ်ခဏလောက်တော့ အိမ်ကို ပြန်လာဖြစ်မှာ မဟုတ်ဘူး"

"ဟင် ထပ်သွားဦးမလို့လား"

မစ္စမိုသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မတ်တပ်ရပ်လာခဲ့သည်။ မစ္စတာမိုဖူဟိုင်သည်လည်း ချက်ချင်းပင် မတ်တပ်ရပ်လာလေသည်။ မိုချီရှန်မှ ခေါင်းညိတ်ပြလိုက်သည်။ မစ္စမိုမှ ဆက်မေးလိုက်သည်။

"ဒီတစ်ခါရော ဘယ်တော့လောက် ကြာမှ ပြန်လာဖြစ်မလဲ"

မိုချီရှန်သည် သူ၏ လက်ပတ်နာရီအား ကြည့်လိုက်ကာ ပြန်ဖြေလိုက်သည်။

"အချိန်အတိအကျကိုတော့ သေချာ မပြောတတ်သေးဘူး ဒါပေမဲ့ စိတ်မပူပါနဲ့ ဒီနှစ်ကုန် မတိုင်ခင်တော့ ကျွန်တော် သေချာပေါက် ပြန်လာခဲ့ပါ့မယ်"

သူတို့၏ သားဖြစ်သူမှာ စေ့စပ်ပွဲ ပျက်သွားခဲ့သည်မှာ မကြာသေးဘဲ ယခု ထပ်မံ၍ ထွက်ခွာ သွားတော့မည်မှာ ထင်ရှားလှပေသည်။ မည်သူမဆို ဤအခြေအနေအား မြင်တွေ့နိုင်ပြီး မစ္စမိုသည် တွေးမိလေလေ သူ့အတွက် စိတ်မကောင်း ဖြစ်လေလေ ဖြစ်ကာ သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့သည်။

"အမေ ဘာလို့ ငိုနေတာလဲ"

မိုချီရှန်သည် သူမ၏ ကျောအား ပုတ်ပေးလျှက် နှစ်သိမ့်ပေး နေလိုက်တော့သည်။

"ခရီးတိုလေး သွားရုံပါပဲ ပြန်မလာတော့မှာမှ မဟုတ်တာ"

မစ္စတာမိုဖူဟိုင်မှ မျက်နှာအား တင်းထားလိုက်တော့သည်။

"ကဲ တော်တော့ မငိုနဲ့တော့ ကြည့်ရတာ အဆင်ပြေ မနေဘူး"

ကျန့်ရှန်ကျင်းသည်လည်း ညင်သာစွာ ဝင်၍ နှစ်သိမ့်ပေးလေသည်။

"အဖွားမို ဦးလေးမိုက အရေးကြီးတဲ့ ကိစ္စတစ်ခု သွားလုပ်မှာမို့လို့ အဘွား စိတ်ပူစရာ မလိုလောက်ပါဘူး"

အခန်း (၁၁၃) - အမှိုက်ကောင်များကို နှိမ်နင်း၍ ဟော့ပေါ့စားခြင်း (၂)

ကျန့်ရှန်ကျင်း၏ စကားများမှာ ထင်ရှားစွာပင် မျက်နှာချို သွေးနေခြင်း ဖြစ်လေရာ မိုချီရှန်မှ သူမအား တစ်ချက် ဝေ့ကြည့်လိုက်မိသည်။ မိုချီရှန်၏ အကြည့်နှင့် ဆုံမိသွားသောအခါ ကျန့်ရှန်ကျင်းသည် ရှက်သွေးဖြာလျှက် ခေါင်းအား ချက်ချင်း ငုံ့ချလိုက်တော့သည်။

‘သူ ငါ့ကို သတိထားမိသွားပြီ’

နောက်ဆုံးတွင်မူ မိုချီရှန်သည် သူမအား သတိထားမိသွားခဲ့ပြီ ဖြစ်သည်။ ကျန့်ရှန်ကျင်း၏ နှလုံးသားမှာ သမင်ငယ်လေး တစ်ကောင် ဝင်တိုက် မိသွားသကဲ့သို့ တဒိန်းဒိန်း ခုန်ပေါက်နေတော့သည်။

အရေးကြီးတဲ့ ကိစ္စကြီး တစ်ခုခုကို လုပ်မယ်’

မိုချီရှန်သည် မည်ကဲ့သို့ အရေးကြီးသည့် ကိစ္စမျိုးအား လုပ်နိုင်လိမ့်မည်နည်း။ သူမ၏ သားဖြစ်သူသည် မည်သည့် ကြီးကျယ်သော အရာကိုမျှ မလုပ်နိုင်ကြောင်း သိထားသော်လည်း အဘွားမိုသည် အနည်းငယ်မျှ စိတ်သက်သာရာ ရသွားခဲ့လေသည်။ မိုချီရှန်၏ လက်အား ဆုပ်ကိုင်ထားရင်း သူမ ပြောလိုက်လေသည်။

"အမေ့ရဲ့ သားကယ်လေး ဘာမိုက်မဲတဲ့ လုပ်ရပ်ကိုမှ မလုပ်ပါဘူးလို့ အမေ့ကို ကတိပေးပါ လိမ္မာတယ် မဟုတ်လား အမေပြောတာ နားလည်လား "

မိုချီရှန်သည် ခေါင်းညိတ်ပြလိုက်ကာ သူ၏မိခင် မျက်ရည်များအား သုတ်ပေး လိုက်လေသည်။ သူသည် ပြုံးလျက် ဆိုလိုက်သည်။

"ကျွန်တော် သိပါတယ် အမေရယ် စိတ်မပူပါနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် သေချာပေါက် ကောင်းကောင်း ဂရုစိုက်ပါ့မယ်"

မည်သည့် အကြောင်းရင်းကြောင့်မှန်း မသိသော်လည်း အဘွားမိုသည် မိုချီရှန် ပြုံးနေသည်အား မြင်ရလေလေ သူမ၏ နှလုံးသားက ပို၍ နာကျင်ရလေလေ ပင် ဖြစ်နေချေတော့သည်။

ဤကလေးသည် သနားစရာ ကောင်းလွန်းလှပေသည်။ အခြေအနေများ ယခုလို ဆိုးရွားနေချိန်တွင်ပင် သူ ပြုံးနေနိုင်သေးသည်။

"သွားတော့ မင်းအမေအတွက် စိတ်မပူနဲ့ အိမ်ကို ငါ ဂရုစိုက်ထားလိုက်မယ်"

မိုဖူဟိုင်မှ မိုချီရှန်၏ ပခုံးအား ပုတ်ပေးလိုက်တော့သည်။

"အဖေ ကျွန်တော် သွားတော့မယ်"

မိုချီရှန်သည် မိုဖူဟိုင်အား ဖက်ရန် ကိုင်းညွတ်လိုက် ပြီးနောက် ထွက်ခွာရန် လှည့်ထွက် သွားတော့သည်။ သားဖြစ်သူ၏ ဖက်တွယ်ခြင်းအား ခံရသောအခါ မိုဖူဟိုင်သည် ရယ်မောကာ ဆူပူလိုက်တော့သည်။

"ဒီကောင်စုတ်လေးကတော့လေ"

ကျန့်ရှန်ကျင်းသည် မိုချီရှန်၏ ထွက်ခွာသွားသော ကျောပြင်အား ကြည့်ရင်း လှမ်းအော်လိုက်တော့သည်။

"လမ်းခရီး ချောမွေ့ပါစေ ဦးလေးမို"

ကျန့်ရှန်ကျင်း၏ စကားအတွက် တုံ့ပြန်မှုမှာ မိုချီရှန်၏ တဖြည်းဖြည်း ဝေးကွာသွားသော ကျောပြင်လေးသာ ဖြစ်လေတော့သည်။ သို့သော် ကျန့်ရှန်ကျင်းမှ ဂရုမစိုက်ချေ။ မိုချီရှန်သည် သူမအား သတိထား မိနေသရွေ့ လုံလောက်ပြီ ဖြစ်သည်။ ကျန်သည့် အရာများ အားလုံးသည် ဖြည်းဖြည်းချင်းသာ ရောက်လာပေလိမ့်မည်။ ကျန့်ရှန်ကျင်း၏ နှုတ်ခမ်းထောင့်တွင် တွက်ချက်မှုများ အကြံစည်များ ပါဝင်နေသော အပြုံးတစ်ခု ကွေးတက် သွားလေတော့သည်။

**

နီယန်သည် မကြာသေးမီ အချိန်များတွင် စီးပွားရေး အလွန် ကောင်းမွန်နေခဲ့သည်။ နေ့စဉ်နေ့တိုင်း သူမ ပြင်ဆင်ထားသည့် ခေါက်ဆွဲနှင့် ဆီးသီးချိုချဉ်ရည်တို့သည် နံနက် ၁၁ နာရီမတိုင်မီပင် ရောင်းကုန် သွားလေ့ရှိပေသည်။ တစ်ပတ် အတွင်းမှာပင် သူမသည် အမြတ်ငွေ ယွမ် ၁၉၀၀ အထိ ရရှိခဲ့ပြီး ဖြစ်သည်။

ဆွန်းချွန်းရှန်အား ပြန်ကြည့် လိုက်သောအခါ သူမသည် အမြတ်ငွေ မရရှိသည့်အပြင် အရင်းပါ ပြုတ်သွားခဲ့တော့သည်။ ဆွန်းချွန်းရှန်၏ ဥပမာကြောင့်ပင် နီယန်အား အတုခိုးချင်သူ အများအပြားမှာ လုပ်ဆောင်ရန် တုံ့ဆိုင်း သွားကြကုန်လေသည်။

အခြားပစ္စည်းများကို ရောင်းချခြင်းသည် နီယန်လောက် စီးပွားရေး မကောင်းနိုင်သော်လည်း အနည်းဆုံးတွင် အမြတ်ငွေ အနည်းငယ် ရရှိနိုင်သေးပေသည်။ ၎င်းသည် အရှုံးပေါ်ခြင်းထက် အများကြီး ပိုကောင်းလှပေသည်။ ဆွန်းချွန်းရှန်မှာမူ ပြင်းပြင်းထန်ထန်ကို စိုးရိမ် ပူပန်နေရပြီ ဖြစ်သည်။

နီယန် အသုံးပြုသော ဟင်းသီးဟင်းရွက်ချဉ်များအား အလွယ်တကူ ရှာတွေ့နိုင်မည်ဟု သူမ အစပိုင်းတွင် ထင်မှတ် ထားခဲ့သော်လည်း ပေကျင်းမြို့ရှိ စိုက်ပျိုးရေး ဈေးကွက် အားလုံးကို အနှံ့အပြား ရှာဖွေ ပြီးနောက်တွင်မူ အလားတူ ပစ္စည်းမျိုး တစ်ခုမျှ မတွေ့ခဲ့ရချေ။

ထို့ကြောင့် ယခုလို ဆက်သွားနေ၍ မဖြစ်တော့ချေ။ သူမ၏ သားဖြစ်သူမှာ ကျောင်းလခပေးရန် သူမအား စောင့်ဆိုင်းနေသေးသည်။ ကျိုးယုံဟုန်၏ ဖြစ်ရပ်သည် သူမ၏သားအား ထိခိုက် စေခဲ့သော်လည်း ဒဏ်ကြေး ယွမ် ၁၀၀၀ ပေးဆောင်ပြီးနောက် မိမိ၏အမှားအား ပြန်လည်သုံးသပ်သည့် စာ တစ်စောင် ရေးသားပါမူ ကျောင်း ပြန်တက်နိုင်ကြောင်း ကျောင်းဘက်မှ ပြောထားခဲ့ပြီး ဖြစ်သည်။

ဤကဲ့သို့သော အချိန်မျိုးတွင် သူမအနေဖြင့် သားဖြစ်သူအား လုံးဝ အဟန့်အတား မဖြစ်စေသင့်ပေ။ နီယန်အနေဖြင့် ဤမျှ အရသာရှိသော ငါးချဉ်စပ်အား ပြုလုပ်နိုင်ခြင်းမှာ သူမတွင် လျှို့ဝှက် ဖော်မြူလာ တစ်ခုခု ရှိနေသောကြောင့်သာ ဖြစ်ရပေမည်။ ထို လျှို့ဝှက်ဖော်မြူလာအား ရရှိအောင် သူမ စွမ်းဆောင်နိုင်သရွေ့ စီးပွားရေးအတွက် စိုးရိမ်စရာ လိုတော့မည် မဟုတ်ချေ။

ဤအချက်အား တွေးမိသောအခါ ဆွန်းချွန်းရှန်သည် သူမ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခုကို ဖန်တီးလိုက်လေတော့သည်။ ထိုနေ့တွင် နီယန်သည် ခေါက်ဆွဲများ အားလုံးကို ရောင်းချ ပြီးနောက် ပစ္စည်းများ သိမ်းဆည်းရန် ပြင်ဆင်နေစဉ် ဆွန်းချွန်းရှန်မှ ပန်းသီးတစ်ခြင်းအား ဆွဲလျက် လျှောက်လာသည်ကို မြင်လိုက်ရလေသည်။

"ရှောင်နီ သမီးရဲ့ စီးပွားရေးက ဒီရက်ပိုင်း တော်တော် ကောင်းနေတယ် မဟုတ်လား"

"ဟုတ်ကဲ့ ကောင်းပါတယ်"

နီယန်မှ သူမအား မော့ကြည့်လျှက် မေးလိုက်သည်။

"အဒေါ် ဘာများ အလိုရှိလို့ပါလဲ"

ခွေးတိုင်း ဝက်တိုင်းအား အပြုံးနှင့် ဆက်ဆံခြင်းသည် မိမိရှေ့တွင် မည်သူ ရပ်နေသနည်း ဆိုသည့်အချက် အပေါ်တွင်လည်း မူတည်သေးပေသည်။ ဆွန်းချွန်းရှန်လို လူစားမျိုးအတွက်မူ နီယန်သည် သူမအား ပြုံးပြရန် မဆိုထားနှင့် အရေးလုပ်ပြီး တုံ့ပြန်ရန်ပင် ပျင်းရိလှပေသည်။

‘အပျက်မ’

‘တော်တော် မောက်မာနေတယ်ပေါ့ ဟုတ်လား’

အလွတ်ဖြစ်နေသော ပုံးကြီးနှစ်ပုံးအား မြင်လိုက် ရသောအခါ ဆွန်းချွန်းရှန်၏ နှလုံးသားထဲတွင် ခါးသီးမှုများ ခံစားလိုက်ရတော့သည်။ သို့သော် သူမ လာရောက်ရသည့် ရည်ရွယ်ချက်အား သတိရသွားခဲ့ကာ ပြုံးပြလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ရှောင်နီ သမီးလည်း သိတဲ့အတိုင်း မကြာသေးမီက သမီးရဲ့ တူမလေး ယုံဟုန်နဲ့ သမီးကြားမှာ နားလည်မှု လွဲတာလေးတွေ ရှိခဲ့တယ်လေ ဒါကြောင့် အဒေါ်က သမီးကို တောင်းပန်ဖို့ အထူးလာခဲ့တာပါ အဒေါ်က အဒေါ့်သမီးကို ကောင်းကောင်း မဆုံးမနိုင်ခဲ့ပါဘူး အဒေါ် တောင်းပန်ပါတယ် ရှောင်နီရယ် သမီးက အဒေါ့် အပေါ် အငြိုးမထားဘူးလို့ မျှော်လင့်ပါတယ် ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက လမ်းတစ်လမ်းတည်းမှာ စီးပွားရေးလုပ်နေကြတာပဲလေ ဟုတ်တယ်မလား တစ်ယောက်နဲ့တစ်ယောက် စိမ်းကားနေကြရင် မကောင်းဘူး မဟုတ်လား"

နီယန်သည် မည်သည်ကိုမှ ပြန်မပြောပဲ ပစ္စည်းများကိုသာ ဆက်လက် သိမ်းဆည်းနေခဲ့သည်။ သူမ ပြန်မဖြေသည်အား မြင်သောအခါ ဆွန်းချွန်းရှန်မှ ဆက်ပြောလိုက်လေသည်။

"ရှောင်နီ ဒီအကြောင်းကို အဒေါ် ပြောပြရင် သမီး ရယ်ချင်ရယ်လိမ့်မယ် ဒါပေမဲ့ တကယ်တော့ အခု အဒေါ်တို့ မိသားစုက အရမ်းကို ခက်ခဲနေပါတယ် ယုံဟုန် (အကျဉ်းထောင်) ထဲ ရောက်သွား ပြီးတဲ့နောက်ပိုင်း အဒေါ်က ဘယ်သူ့ အကူအညီမှ မပါဘဲ အရာအားလုံးကို တစ်ယောက်တည်း တာဝန်ယူ ဖြေရှင်းနေရတယ်လေ အခု ယုံဟုန်ရဲ့ မောင်လေးက ကျောင်း စတက်ရတော့မယ် ကျောင်းလခ အတွက်တောင် အဒေါ် ပိုက်ဆံ မစုဆောင်းနိုင်သေးဘူး"

စကားတစ်ဝက်ခန့် အရောက်တွင် ဆွန်းချွန်းရှန်သည် သူမ၏ မျက်ရည်များအား သုတ်လိုက်ကာ သနားစရာကောင်းသော အမူအရာများအား စတင်၍ ဖန်တီးလိုက်တော့သည်။

"အဒေါ်သာ တကယ်ကို အခက်အခဲ မဖြစ်ဘူးဆိုရင် သမီးနောက်ကို လိုက်ပြီး ဟင်းရွက်ချဉ် ခေါက်ဆွဲလုပ်တာကို သင်ယူမှာ မဟုတ်ပါဘူး အဒေါ်မှာ တကယ်ကို အခြားရွေးချယ်စရာ မရှိလို့ပါ"

"ကံမကောင်းတာက အဒေါ်က မကျွမ်းကျင်ဘူးလေ အဒေါ်လုပ်တဲ့ ဟင်းရွက်ချဉ် ခေါက်ဆွဲက သမီးလုပ်သလောက် အရသာ မရှိဘူးကွယ်”

အခန်း (၁၁၄) - အမှိုက်ကောင်များကို နှိမ်နင်း၍ ဟော့ပေါ့စားခြင်း (၃)

ဆွန်းချွန်းရှန်သည် နီယန်အား ကူညီ၍ ထိုင်ခုံပုလေးအား စားပွဲပေါ်သို့ တင်ပေးလိုက် ပြီးနောက် ပြောလိုက်လေသည်။

"ရှောင်နီ အခု အဒေါ်ကို ကူညီနိုင်တဲ့ တစ်ဦးတည်းသော သူက သမီးပဲရှိတာပါ သမီးက စိတ်နှလုံး ဖြူစင်တယ်ဆိုတာ အဒေါ်သိပါတယ်ကွယ် အဒေါ့်ကို ဒီအတိုင်း ဒုက္ခရောက်အောင်တော့ ကြည့်မနေဘူး မဟုတ်လားဟင်"

နီယန်မှ ခပ်မှိန်မှိန်လေး ပြုံးလိုက်ပြီး နောက် ပြောလိုက်သည်။

"ကျွန်မမှာ အဒေါ့်ကို ကူညီနိုင်တဲ့ အရည်အချင်းမရှိပါဘူး ကျေးဇူးပြုပြီး ထွက်သွားပေးပါလား"

"မဟုတ်ဘူး သမီး ကူညီနိုင်ပါတယ်"

ဆွန်းချွန်းရှန်မှ ယုံကြည်မှု အပြည့်ဖြင့် ဆိုလေသည်။

"သမီး သေချာပေါက် ကူညီနိုင်တယ်"

"ဘာကို ကူညီရမှာလဲ"

နီယန်မှ မျက်ခုံးတစ်ဖက်အား ပင့်လျှက် မေးလိုက်သည်။ လူတစ်ယောက်သည် မည်မျှအထိ အရှက်မရှိနိုင်သည်အား သူမ သိချင်မိသွားလေသည်။ ဆွန်းချွန်းရှန်မှ ဆက်ပြောပြန်သည်။

"ရှောင်နီ အဒေါ့်ကို ငွေယွမ် သုံးထောင်လောက် ချေးပေးနိုင်မလားဟင်"

နီယန်သည် မည်မျှပင် ထက်မြက်ပါစေဦးတော့ သူမသည် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးသာ ဖြစ်သေးသည်။ သို့သော်လည်း မြေခွေးအိုကြီးများသည် အမြဲတမ်း ကောက်ကျစ် တတ်ကြသည် မဟုတ်ပါလော။

‘ပန်းသီးတစ်ခြင်းနှင့် ငွေယွမ်သုံးထောင်လား’

မဆိုးလှသော အပေးအယူပင် ဖြစ်ချေသည်။

ယွမ်သုံးထောင်....

ဆွန်းချွန်းရှန်ခတစ်ယောက်သာလျှင် ဤမျှရဲတင်းစွာ တောင်းဆို ရဲပေလိမ့်မည်။ နီယန်မှ အေးစက်စွာပင် ပြန်ဖြေလိုက်သည်။

"ကျွန်မမှာ ပိုက်ဆံမရှိဘူး အဒေါ် လူမှားနေပြီ"

"ပိုက်ဆံမရှိဘူး ဟုတ်လား"

ဆွန်းချွန်းရှန်မှာ ဒေါသထွက်သွားလေတော့သည်။

"သမီးမှာ ပိုက်ဆံမရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

နီယန်သည် တစ်နေ့လျှင် ခေါက်ဆွဲပွဲပေါင်း အနည်းဆုံး ခုနစ်ရာကို သုံးဆင့်နှုန်းဖြင့် ရောင်းချနေခြင်း ဖြစ်ရာ ယွမ် ၂၁၀ ရရှိပေသည်။ ဆီးသီးချိုချဉ်ရည်မှ ရရှိသော အမြတ်ကို ပေါင်းလိုက်လျှင် သူမသည် တစ်နေ့လျှင် ယွမ် ၃၀၀ ကျော် ရှာဖွေနိုင်သည် မဟုတ်ပါလား။

ယွမ်သုံးထောင်ဆိုသည်မှာ သူမအတွက် ဆယ်ရက်မပြည့်မီ ပြန်ရှာနိုင်သော ပမာဏဖြစ်ပေသည်။ သို့သော် ယခု သူမမှ ပိုက်ဆံမရှိဟု ဆိုနေပြန်သည်။ နီယန်သည် သူမအား အရူးတစ်ယောက် လိမ်ရလွယ်သူ တစ်ယောက်ဟု ထင်နေသည်လား။ နီယန်မှ တဟားဟား ရယ်မောလျှက် ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် ကျွန်မမှာ ပိုက်ဆံရှိရင်တောင် အဒေါ်ကို ဘာကြောင့် ချေးရမှာလဲ"

ဆွန်းချွန်းရှန်မှာ ကြောင်အသွားပြီးမှ ပြန်ပြောလိုက်သည်။

"ရှောင်နီရယ် အဒေါ်ကို ကူညီပါဦး ငါတို့အားလုံးမှာ ခက်ခဲတဲ့အချိန်တွေ ရှိတတ်ကြတာပဲ မဟုတ်လား သမီးမှာ ပိုက်ဆံတွေ အများကြီးရှိတာပဲ နည်းနည်းလောက် ချေးပေးလိုက်လို့ သမီးကို ဘာမှ ထိခိုက်သွားမှာ မဟုတ်ပါဘူး ပြီးတော့ သမီးက မိန်းကလေးပဲ တစ်နေ့ကျရင် အိမ်ထောင် ကျသွားမှာပဲလေ ဒီပိုက်ဆံတွေ အများကြီးကို ဘာလုပ်ဖို့လဲ"

"ဒါ့အပြင် အဒေါ်က ပြန်မပေးဘဲ နေမှာလည်း မဟုတ်ပါဘူး သမီးက ဒီလောက်အထိ ကပ်စေးနှဲနေစရာ မလိုပါဘူး"

သူမ၏ အရင်ဘဝတွင် နီယန်သည် လူပေါင်းစုံနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ဆွန်းချွန်းရှန်ကဲ့သို့ အရှက်မရှိသော သူမျိုးကိုမူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

သူမ၏ စီးပွားရေးအား ခိုးယူရန်နှင့် သူမကိုပင် ထောင်ချောက်ဆင်ရန် ကြိုးစားခဲ့ရုံ တင်မကဘဲ ယခုအခါ အရှက်မရှိဘဲ အကူအညီ လာတောင်း နေသေးသည် မဟုတ်ပါလော။

ရယ်စရာကောင်းလိုက်လေခြင်း...

ကျိုးယုံဟုန်သည် အဘယ်ကြောင့် ဤမျှ ဆိုးရွားသော လုပ်ရပ်များအား လုပ်နိုင်ခဲ့သည်မှာ မဆန်းတော့ချေ။ ပြဿနာမှာ မိဘများတွင်သာ ရှိနေခြင်း ဖြစ်သည်။ နီယန်သည် ဆွန်းချွန်းရှန်အား ကြည့်ကာ လှောင်ရယ်လိုက်တော့သည်။

"မှန်ပါတယ် ကျွန်မက တကယ့်ကို အဲဒီလောက်အထိ ကပ်စေးနှဲတာပါ"

‘ကောက်ကျစ်တဲ့ ခွေးမ’

‘သေချင်းဆိုးမလေး’

ဆွန်းချွန်းရှန်သည် နီယန်အား ထိုနေရာတွင်ပင် လည်ပင်းညှစ် သတ်ပစ်ချင်စိတ် ပေါက်သွားရတော့သည်။ ဤကောက်ကျစ်သော ခွေးမလေးသာ မရှိခဲ့လျှင် သူမတို့၏ မိသားစုတွင် ဤကဲ့သို့သော ပြဿနာများ ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။ ဆွန်းချွန်းရှန်သည် သူမ၏ ဒေါသအား ထိန်းချုပ်လိုက်ပြီး လက်မလျှော့ပဲ ဆက်ပြောပြန်သည်။

"ရှောင်နီ သမီး အဒေါ်ကို ယွမ်သုံးထောင် မချေးချင်ရင်လည်း နေပါတော့ ယွမ်တစ်ထောင် လောက်တော့ ချေးပေးလို့ ရမလား သမီးလည်း သိတဲ့အတိုင်း အဒေါ်က ငါးချဉ်စပ်ကို သမီးလောက် အရသာရှိအောင် မလုပ်တတ်ဘူး စီးပွားရေးလည်း သမီးလောက် မကောင်းဘူးလေ အဒေါ်တို့မှာ စားဝတ်နေရေး အတွက်တောင် မနည်း ရုန်းကန်နေရတာ ဒါကြောင့်သာ အဒေါ်က အောက်ကျခံပြီး ချေးခိုင်းနေရတာပါ"

အမှန်စင်စစ် ဆွန်းချွန်းရှန်သည် နီယန်ထံမှ ယွမ်သုံးထောင် ချေးရန် အစကတည်းမှ ရည်ရွယ်ခဲ့ခြင်း မဟုတ်ချေ။ သုံးထောင်ဆိုသည်မှာ အစီအစဉ်တစ်ခု သာ ဖြစ်ကာ စေ့စပ်ညှိနှိုင်းရန် အတွက် အစပျိုးချက် တစ်ခုသာ ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ တစ်ထောင် ဆိုသည်မှာ သုံးထောင်၏ သုံးပုံနှစ်ပုံမျှ လျော့နည်းသွားပြီ မဟုတ်ပါလား။ နီယန်အနေဖြင့် သူမအား ချေးရန် ငြင်းဆန်စရာ အကြောင်းမရှိတော့ဟု သူမ တွေးထားခြင်း ဖြစ်သည်။ ဆွန်းချွန်းရှန်သည် ယနေ့ ယွမ်တစ်ထောင်အား သေချာပေါက် ရအောင်ယူမည်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

နီယန်မှ ချေးချင်သည်ဖြစ်စေ မချေးချင်သည်ဖြစ်စေ သူမကို ငွေချေးရမည်သာ ဖြစ်သည်။ နီယန်သည် မျက်ခုံးပင့်ကာ ပြုံးလျက် မေးလိုက်သည်။

"အဒေါ်က တခြားသူတွေထက် ပိုပြီး ထူးခြားနေတယ်လို့ ထင်နေတာလား"

"ဟင်"

ဆွန်းချွန်းရှန်မှာ ကြောင်အသွားရတေ့ာသည်။

"မဟုတ်ပါဘူး"

"ဒါဆို ကျွန်မက အဒေါ်ကို ဘာလို့ ငွေချေးရမှာလဲ"

သူမ စကားအား အဆုံးသတ်လိုက်ပြီးနောက် ထွက်ခွာရန် လှည့်လိုက်တော့သည်။ ဆွန်းချွန်းရှန်သည် နီယန်၏ အင်္ကျီထောင့်ကို ဆွဲထားလိုက်ကာ မျက်ရည်များအား အတင်းညှစ်ထုတ်လျှက် သနားစဖွယ် အသနားခံတော့သည်။

"ရှောင်နီရယ် အဒေါ်ကို ဒီအတိုင်း ဒုက္ခရောက်အောင် ပစ်မထားပါနဲ့ အဒေါ်ကို သနားသောအားဖြင့် ငွေလေး နည်းနည်းလောက် ချေးပေးပါဦး မဟုတ်ရင် အဒေါ် ဘယ်လို ဆက်ရှင်သန်ရမလဲ"

နီယန်က အနည်းငယ် ပြုံးလိုက်ပြီးနောက် ဆွန်းချွန်းရှန်အား ငုံ့ကြည့်ကာ ပြောလိုက်လေသည်။

"ထူးဆန်းတယ်ပဲ ပြောရမလား ကျွန်မက တခြားသူတွေ ဒုက္ခရောက်တာကို ကြည့်ရတာ သိပ်သဘောကျတာ"

"ရှောင်နီ"

ဆွန်းချွန်းရှန်မှ ဟန်ဆောင် ရယ်မောလိုက်သည်။

"နောက်မနေပါနဲ့ သမီးက အဲဒီလို လူစားမျိုး မဟုတ်ဘူးဆိုတာ အဒေါ် သိပါတယ်"

"ဒါပေမဲ့ ကျွန်မက အဲဒီလို လူစားမျိုး ဆိုတာ အမှန်ပဲလေ ပြီးတော့ ကျွန်မအမေမှာ ညီမ မရှိဘူး ဒါကြောင့် ဒီမှာ လာပြီး ဆွေမျိုးစပ် မနေပါနဲ့"

ဆွန်းချွန်းရှန်မှာ ဒေါသကြောင့် အသက်ပင် ရှူမဝတော့ဘဲ အပြုံးကိုပင် ဆက်လက် မထိန်းထားနိုင်တော့ချေ။

"ရှောင်နီ နင် တကယ်ပဲ အဒေါ်နဲ့ ရန်ဖြစ်ချင်နေတာလား"

"ကျွန်မ ပြောပြီးပြီလေ ကျွန်မအမေမှာ ညီမ မရှိပါဘူးလို့"

ဆွန်းချွန်းရှန်သည် သူမ၏ ဟန်ဆောင်မှုများအား စွန့်ပယ်လိုက်ကာ သူမ၏ အရောင်အစစ်ကို ထုတ်ပြလိုက်ပြီး အသံအား နှိမ့်ကာ ပြောလိုက်လေသည်။

"နင်က ဆယ်ကျော်သက်လေးပဲ ရှိသေးတာ ငါကတော့ အသက် ငါးဆယ်နား နီးနေပြီ အသက်ရှင် လာတာ လုံလောက်နေပြီ ငါ့ကို တကယ် ဒေါသ ထွက်အောင် လုပ်ရင် ငါ ဘာမဆို လုပ်ရဲတယ်နော် နင်က ပေကျင်းမှာ လူစိမ်း တစ်ယောက်ပဲ ပတ်ဝန်းကျင်မှာလည်း ဆွေမျိုးတစ်ယောက်မှ မရှိဘူး နင့်ကို တစ်ခုခု ဖြစ်သွားရင် နင့်ကို ကူညီပေးမယ့်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး"

‘ဒါက ခြိမ်းခြောက်နေတာလား..’

All Chapters