← Chapters

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅) - အမှိုက်ကောင်များကို နှိမ်နင်း၍ ဟော့ပေါ့စားခြင်း (၄)

စိတ်မကောင်းစရာပင် ခြိမ်းခြောက်တိုင်း ကြောက်တတ်တဲ့ အထဲ သူမမပါချေ။ နီယန်ဆိုသည့် သူမသည် အလွယ်တကူ ခြောက်လှန့်၍ ရသောသူမျိုး မဟုတ်ပေ။

နီယန်သည် အနီးနားရှိ ထိုင်ခုံရှည် တစ်လုံးအား ပေါ့ပေါ့ပါးပါးပင် ကောက်ကိုင်လိုက်ပြီးနောက် ရန်ဖြစ်ရန် အသင့်ရှိနေသည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။

"အင်း ကံမကောင်းတာပဲ ကျွန်မကလည်း ဒီလောကမှာ တစ်ယောက်တည်းပဲလေ အဆိုးဆုံး ဖြစ်လာရင်တော့ ကျွန်မတို့ အတူတူ အသက်နဲ့ လောင်းကြေးထပ်ကြတာပေါ့"

ဂရုမစိုက်သကဲ့သို့ ပြောလိုက်သော ထိုစကားသည် ဆွန်းချွန်းရှန်အား တော်တော်လေး ထိတ်လန့်သွားစေလေသည်။ နီယန်သည် တစ်ယောက်တည်း ဖြစ်သော်လည်း သူမတွင်မူ သားသမီးများ အပါအဝင် ကျွေးမွေးရမည့် မိသားစု ရှိနေသည် မဟုတ်ပါလား။

မူလတွင် သူမသည် နီယန်အား ခြောက်လှန့်ရန်သာ ရည်ရွယ် ထားခဲ့သော်လည်း အံ့သြစရာကောင်းသည်မှာ ဤကောင်မလေးသည် မည်သည့်နည်းနှင့်မျှ နားဝင်သူ မဟုတ်ချေ။

ဤမျှလောက်အထိ မကြောက်မရွံ့ ရှိနေသည် ဖြစ်ရာ မည်သူမျှ သူမအား အနိုင်ကျင့်ရန် မလွယ်ကူလှချေ။ ဆွန်းချွန်းရှန်သည် ဒေါသလည်းထွက် ကြောက်လည်း ကြောက်နေမိလေသည်။ နီယန်သည် အမှန်ပင် အကြမ်းဖက် လာမည်ကို သူမ စိုးရိမ်မိသွားလေတော့သည်။ မည်သို့ပင် ဖြစ်စေ ဤတစ်ကြိမ်တွင် ရန်စသူသည် သူမကိုယ်တိုင် ဖြစ်နေသည် မဟုတ်ပါလား။ အကယ်၍ နီယန်မှ အမှန်တကယ် ပြန်လည်၍ တိုက်ခိုက်လာလျှင် သူမဘက်မှ တရားမျှတမှု ရရှိမည် မဟုတ်ပေ။

"နင် နင် ငါ့ကို သေလမ်းထဲ တွန်းပို့နေတာပဲ နင် နောင်တရစေရမယ် "

ထိတ်လန့်သွားသော ဆွန်းချွန်းရှန်သည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီးနောက် ဟန်ကိုယ်ဖို့ဖြင့် ပြောလိုက်သည်။

"အလှည့်ကျရင်တော့ မနွဲ့စတမ်းပေါ့ နင် ငါ့ရှေ့မှာ ဒူးထောက်ပြီး အသနားခံမယ့်နေ့ကို ငါ စောင့်ကြည့်နေမယ်"

ထိုစကားများအား ပြောပြီးနောက် သူမသည် ကြောက်လန့်တကြား ထွက်ပြေး သွားလေတော့သည်။

"နေဦး"

နီယန်မှ ထွက်ပြေးသွားသော ဆွန်းချွန်းရှန်၏ ကျောပြင်အား ကြည့်၍ လှမ်းခေါ် လိုက်တော့သည်။ ဆွန်းချွန်းရှန်သည် နောက် တစ်စက္ကန့်တွင် နီယန် ကိုင်ထားသော ထိုင်ခုံနှင့် သူမ၏ နဖူးအား အပစ်ခံရမည်အား စိုးရိမ်သဖြင့် တုန်လှုပ်သွားတော့သည်။ သူမသည် ယုန် တစ်ကောင်ထက်ပင် ပို၍ မြန်အောင် ပြေးသွား လေတော့သည်။ ခဏလေးမင ရပ်တန့်ရန် မည်ကဲ့သို့ ဝံ့ရဲပါ့မည်နည်း။

နီယန်သည် မူလတွင် ဆွန်းချွန်းရှန်အား သူမ၏ ပန်းသီးခြင်းအား ပြန်ယူသွားစေချင်ခြင်း ဖြစ်သည်။ သို့သော် ဆွန်းချွန်းရှန်မှ ဤမျှလောက် အထိ ကြောက်တတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ အလွယ်တကူ ခြောက်လှန့်ရုံနှင့်တင် လန့်၍ ထွက်ပြေးသွားချေသည် မဟုတ်ပါလော။

နီယန်သည် ပန်းသီးတစ်လုံးအား ကောက်ယူလိုက် ပြီးနောက် အမှိုက်ပုံးထဲသို့ ပစ်ထည့်ရန် ပြင်လိုက်သော်လည်း လှပသော အနီရောင် ပန်းသီးများအား ကြည့်ရင်း သူမ၏ လက်ကို ချက်ချင်း ပြန်ရုပ်လိုက်မိလေတော့သည်။

ဤပန်းသီးခြင်းမှာ အနည်းဆုံး သုံးလေးပေါင်ခန့်တော့ လေးပေလိမ့်မည်။ ဤအရာများအား ပစ်လိုက်ရမှာက နှမြောစရာပင် ဖြစ်ချေသည်။ ပုပ်စပ်နေသည်မှာ ဆွန်းချွန်းရှန် ဖြစ်ကာ ပန်းသီးများ မဟုတ်ချေ။

ထားလိုက်တော့

သူမ ဤပန်းသီးများအား ယူထားလိုက်ပေတော့မည်။ နောက်တစ်ချိန်တွင် ဤပန်းသီးများအား ပန်းသီးခြောက်နှင့် ပန်းသီးရှာလကာရည် လုပ်ရန် သုံးလို့ ရပေသည်။

ယနေ့ သူမသည် ဆွန်းချွန်းရှန်ကို သင်ခန်းစာ ပေးလိုက်ရရုံတင်မက ပန်းသီးတစ်ခြင်းကိုပါ အလကား ရလိုက်သေးသည်။ ဤသည်မှာ မဆိုးလှသော အပေးအယူပင် ဖြစ်ချေသည်။ နီယန်သည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် စားပွဲနှင့် ထိုင်ခုံများအား သွားထားစဉ် လမ်းတလျှောက်လုံး သီချင်းလေး တစ်ညည်းညည်းနှင့် ရှိနေတော့သည်။

"ဟက်"

တိတ်ဆိတ်သော လမ်းကြားလေးတစ်ခုထဲမှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။ အရပ်ရှည်ရှည် လူရိပ်တစ်ခု ပေါ်လာခဲ့ကာ သူ၏ ဆွဲဆောင်မှုရှိသော မေးရိုးမှလွဲ၍ ကျန်မျက်နှာသွင်ပြင်များအား အနက်ရောင် ဦးထုပ်တစ်ခုဖြင့် ဖုံးအုပ်ထားလေသည်။ သူ၏ လက်ချောင်းများကြားတွင် ဆေးလိပ်တစ်လိပ်အား ညှပ်ထားရင်း ပြောလိုက်လေသည်။

"ဒီကောင်မလေးက ပိုပိုပြီးတော့ ရက်စက်လာတာပဲ"

ထို့ပြင် ပို၍လည်း အထင်ကြီးစရာ ကောင်းလာခဲ့သည်။ သူမသည် အမြဲတမ်း မျှော်လင့် မထားသော အံ့သြစရာများကိုသာ ယူဆောင် လာပေးသည့် ကျောက်စိမ်းရိုင်းလေး တစ်တုံးနှင့် တူလှသည်။ သူ၏ နောက်လိုက်လေး ဝူတနင်မှ စပ်စုချင်စိတ်ဖြင့် လျှောက်လာခဲ့လေသည်။

"အကိုလျု အဲဒီ ကောင်မလေးကို သဘောကျနေတာလား"

သူ အထင်မှားခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့တိုင် နားလည်ပေး၍ ရပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကောင်မလေးသည် ဒေါသကြီးရုံတင်မကပဲ အတော်လည်း ချောလှပေသည်။ ပေကျင်းတစ်မြို့လုံး ပတ်ရှာလျှင်ပင် သူမလောက် ဆွဲဆောင်မှုရှိသည့် သူ ရှိလိမ့်မည် မဟုတ်ချေ။

"‘ကောင်မလေး’ ဆိုတာ မင်းခေါ်ရမယ့် နာမည်လား"

အကိုလျု ဟု ခေါ်သော ထိုလူမှ ဝူတနင်အား ငုံ့ကြည့်လိုက်တော့သည်။

"စောင့်ကြည့်လိုက် သူက စောစောနဲ့ နောက်ကျတာပဲ ကွာမှာ မင်းရဲ့ မရီး ဖြစ်လာတော့မှာ"

မ... မရီး

ဝူတနင်သည် ထိုလူအား မော့ကြည့်လိုက်လေသည်။

"အစ်ကိုလျု အစ်ကို နောက်နေတာလား"

နှစ်ပေါင်းများစွာအတွင်း မိန်းကလေး ပေါင်းစုံသည် အကိုလျုနောက်သို့ လိုက်ခဲ့ကြသော်လည်း အကိုလျူဆိုသည့် ထိုသူသည် လှည့်ပင် မကြည့်ခဲ့ချေ။ အခုချိန်တွင်မူ သူသည် တစ်စုံတစ်ယောက် အပေါ် အစွဲအလမ်းကြီး ဖြစ်နေပြီခဲ့ပြီလား။

"ငါ မရှိတဲ့အချိန်မှာ မင်းရဲ့ နောင်မရီးလောင်းကို တစ်ယောက်ယောက် လွှတ်ပြီး စောင့်ရှောက်ခိုင်းဖို့ မှတ်ထားပါဦး"

ခဏမျှ စဉ်းစားပြီးနောက် ထိုလူက ရယ်မောလိုက်လေသည်။

"ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်လည်း ဘယ်သူမှ သူမကို အနိုင်ကျင့်နိုင်မှာ မဟုတ်ပါဘူးလေ"

ဝူတနင်မှာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကာ သတိပြန်ဝင်လာရန် အချိန်အနည်းငယ် ယူလိုက်ရပြီးနောက် ထိုလူ နောက်သို့ အမှီလိုက်ရန် အမြန် ပြေးထွက် သွားတော့သည်။ ဆွန်းချွန်းရှန်သည် အိမ်ပြန်ရောက် ပြီးနောက်တွင် တွေးမိလေလေ ပို၍ နစ်နာသည်ဟု ခံစားရလေလေ ဖြစ်သည်။

‘ဘာကြောင့်လဲ’

အဘယ်ကြောင့်များ သူမသည် ပန်းသီးတစ်ခြင်းအား အလဟဿ အကုန်ခံလိုက်ရကာ စိတ်ပျက်စရာများဖြင့်သာ အဆုံးသတ်လိုက်ရလေသနည်း။

‘မဖြစ်ဘူး’

သူမ သေချာပေါက် ကလဲ့စားချေရပေမည်။ အသက် ငါးဆယ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်သော သူမသည် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးထက် နိမ့်ကျနေသည် ဆိုသည်အား သူမ မယုံကြည်နိုင်ချေ။

"အစ်မချွန်းရှန်း”

ထိုအချိန်တွင်ပင် သူမ၏ ဆိုင်ရှေ့မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဆွန်းချွန်းရှန်မှ မော့ကြည့်လိုက်ကာ ပြုံးလိုက်လေသည်။

"ရှောင်လျိုလား"

ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ လျိုကျွမ်း ပင်ဖြစ်သည်။ လျိုကျွမ်းသည် ယခင်က ဆွန်းချွန်းရှန်နှင့် အလုပ်ရုံ တစ်ခုတည်းတွင် အတူတူ အလုပ် လုပ်ခဲ့ဖူးသူ ဖြစ်ပေသည်။ နောက်ပိုင်းတွင် စက်ရုံမှ အလုပ်သမားများအား လျှော့ချလိုက်သောအခါ ဆွန်းချွန်းရှန်သည် အသက်ကြီး နေပြီဖြစ်၍ စောစော အငြိမ်းစားယူရန် ဆုံးဖြတ်ခဲ့တော့သည်။ ထိုအချိန်မှစ၍ သူမသည် စားဝတ်နေရေး အတွက် ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

'အကျင့်တူသူချင်း ပေါင်းဖက်ကြသည်' ဟူသော စကားအတိုင်း လျိုကျွမ်းနှင့် ဆွန်းချွန်းရှန်တို့မှာ စရိုက်ချင်း တူကြသဖြင့် အလွန်ပင် သင့်မြတ်ကြလေသည်။

"အစ်မချွန်းရှန် ဒီရက်ပိုင်း စီးပွားရေး ဘယ်လိုလဲ"

"အို မပြောပါနဲ့တော့အေ"

ဆွန်းချွန်းရှန်က မကျေမနပ်ဖြင့် ပြန်ဖြေလိုက်သည်။

"မကြာသေးခင်ကမှ ကောင်မစုတ် တစ်ယောက် ရောက်လာပြီး ငါ့စီးပွားရေးတွေကို အကုန် လုသွားတာလေ"

လျိုကျွမ်း၏ စိတ်ဝင်စားမှုမှာ မြင့်တက်သွားခဲ့တော့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်တွင် ဆွန်းချွန်းရှန် ပေါက်စီရောင်းပြီး ပိုက်ဆံရနေစဉ်၌ သူမ အလွန်ပင် မနာလို ဖြစ်ခဲ့ဖူးသည်။ သူမသည် စက်ရုံမှ အလုပ်ထွက်ပြီး ပေါက်စီတူတူ ရောင်းရန်ပင် စဉ်းစားခဲ့ဖူးလေသည်။

ဆွန်းချွန်းရှန်၏ စီးပွားရေးအား တစ်စုံတစ်ယောက်က လုသွားသည်ဟု ကြားရသောအခါ လျိုကျွမ်းအနေဖြင့် မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေပါ့လိမ့်မည်နည်း။

အခန်း (၁၁၆) - အမှိုက်ကောင်များကို နှိမ်နင်း၍ ဟော့ပေါ့စားခြင်း (၅)

"ဘာတွေ ဖြစ်နေတာလဲ မြန်မြန် ပြောပြပါဦး"

လျိုကျွမ်းသည် သူမ၏ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်လိုက်ကာ ထိုင်ခုံပုလေးပေါ်တွင် ထိုင်လိုက်လေသည်။

"လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ နီ ဆိုတဲ့ မျိုးရိုးနဲ့ မြူဆွယ်တတ်တဲ့ ကောင်မလေး တစ်ယောက် ငါတို့လမ်းထဲကို ပြောင်းလာတာလေ သူက သူ့ရဲ့ ရုပ်ရည်လေးကို အခွင့်ကောင်းယူပြီး ငါ့စီးပွားရေးတွေကို အများကြီး လုသွားတယ် မကြာသေးခင်က ယုံဟုန် အဖမ်းခံရတာကို မှတ်မိသေးလား အဲဒါလည်း အဲဒီကောင်မလေးကြောင့်ပဲ"

ဆွန်းချွန်းရှန်သည် အပြစ်အားလုံးကို နီယန်ပေါ်သို့ ပုံချလိုက်လေသည်။ လျိုကျွမ်းသည် မည်သူက မှန်သည် မှားသည်ကို ဂရုမစိုက်ဘဲ ဆွန်းချွန်းရှန်၏ စကားအား ထောက်ခံလိုက်တော့သည်။

"အဲဒီလို လူမျိုးတွေက တကယ့်ကို အရှက်မရှိတာပဲ စောတာနဲ့ နောက်ကျတာပဲ ကွာမှာ သူတို့ ပျက်စီးရမှာပဲ စိတ်မပူပါနဲ့ အစ်မချွန်းရှန် ကျွန်မ အားတဲ့ အချိန်ကျရင် အဲဒီ မြေခွေးမလေးဆီ သွားပြီး ရင်ဆိုင်ပေးမယ်လေ သူ ယောက်ျားတွေကို ဘယ်လို မြူဆွယ်နေလဲဆိုတာ ကျွန်မ မြင်ချင်သေးတယ်"

ဆွန်းချွန်းရှန်သည် လျိုကျွမ်း၏ စကားကြောင့် အလွန်ပင် စိတ်လှုပ်ရှားသွားရတော့သည်။

"ရှောင်လျိုရယ် အစ်မ ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး"

လျိုကျွမ်းသည် နားလည်ပေးပြီး နားထောင် ပေးချင်နေသည် ဖြစ်ရာ ဆွန်းချွန်းရှန်သည် သူမ၏ မကျေနပ်ချက် အားလုံးကို ရင်ဖွင့်လိုက်တော့သည်။

ဆွန်းချွန်းရှန်သည် မကြာသေးမီက အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသောအခါ လျိုကျွမ်းမှာ ဝမ်းသာအားရ ဖြစ်သွားရသည်ကို မအောင့်အီးနိုင်တော့ချေ။

ဆွန်းချွန်းရှန်မှ သူမထံမှ ငွေချေးမည်ကို ကာကွယ်ရန် အတွက် လျိုကျွမ်းမှ ကြိုတင်၍ ပြောလိုက်လေသည်။

"အစ်မချွန်းရှန်ရယ် ကျွန်မတို့ရဲ့ နှစ်ပေါင်းများစွာ ခင်မင်မှုကို ထောက်ထားပြီး ဒီလိုခက်ခဲတဲ့အချိန်မှာ ကျွန်မ ကူညီပေးသင့်တာပေါ့ ဒါပေမဲ့ ကျွန်မရဲ့ ပိုက်ဆံတွေ အကုန်လုံးက မကြာသေးခင်ကပဲ မောင်လေး အိမ်ဝယ်ဖို့အတွက် ကူညီပေးလိုက်ရတယ်လေ"

လျိုကျွမ်းမှ ဤသို့ ရပ်တည်ချက် ပြလိုက်ပြီ ဖြစ်ရာ ဆွန်းချွန်းရှန် အနေဖြင့် အခြား မည်သည်အား ဆက်လက်၍ ပြောနိုင်ပါဦးမည်နည်း။ စားပွဲနှင့် ထိုင်ခုံများအား ဆိုင်သို့ ပို့ဆောင်ပေးပြီးနောက် နီယန်သည် အိမ်သို့ တန်းမပြန်ခဲ့ချေ။ ယင်းအစား သူမသည် မကြာသေးမီက ရှာဖွေရရှိထားသော ငွေများအားလုံးကို အပ်နှံရန် စိုက်ပျိုးရေးဘဏ်သို့ သွားခဲ့လေသည်။

ယခုအခါ သူမတွင် ငွေယွမ် တစ်သောင်းခန့် ရှိနေပြီဖြစ်ရာ ငွေကို ဘဏ်တွင် ထားခြင်းသည် ပိုမို ဘေးကင်းရုံတင် မကဘဲ အတိုးပါ ရရှိနိုင်ပေသည်။ စနေနေ့ ဖြစ်သော်လည်း ဘဏ်တွင် လူ လုံးဝ မရှုပ်ပေ။

ပထမ အကြောင်းရင်းမှာ ဤခေတ်ကာလတွင် သာမန် အလုပ်သမားများသည် ငွေအများကြီး မရရှိကြဘဲ သူတို့၏ လုပ်ခလစာမှာ နေ့စဉ် စားဝတ်နေရေး အတွက်သာ လုံလောက်သောကြောင့် ဖြစ်သည်။

ဒုတိယအကြောင်းရင်းမှာ ဤခေတ်၏ ဘဏ်လုပ်ငန်း စနစ်မှာ ဖွံဖြိုးမှု မရှိသေးဘဲ ပြည်သူလူထု၏ ယုံကြည်မှုအား ရရှိရန် ခက်ခဲနေသောကြောင့် ဖြစ်သည်။

နီယန်သည် နောက်ဆုံးတွင် ယွမ် တစ်သောင်းကိုးထောင်အား အပ်နှံလိုက်ပြီးနောက် သုံးစွဲရန်အတွက် ယွမ် တစ်ရာကျော်ကိုသာ ချန်ထားခဲ့လေသည်။

တစ်သောင်းကိုးထောင် ယွမ်

နီယန်သည် သူမ၏ ငွေစုစာအုပ်ထဲမှ လက်ကျန်ငွေအား ကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက် လိုက်လေတော့သည်။ ယခုအခါ သူမသည် ကိုယ်ပိုင်ဆိုင်ခန်း ဝယ်ယူရန်အတွက် ငွေ ခုနစ်ထောင်ယွမ် သာ လိုအပ်ပေတော့သည်။

သူမသည် ယခုအခါ တစ်နေ့လျှင် ဝင်ငွေ ယွမ် သုံးရာနီးပါး ရရှိနေပြီ ဖြစ်ရာ နောက်ထပ် တစ်လခန့် အတွင်းမှာပင် သူမသည် ဆိုင်ခန်းအား ဝယ်ယူပြီး ပြုပြင် မွမ်းမံနိုင်တော့မည် ဖြစ်သည်။ ဤသည်မှာ သတင်းကောင်းပင် ဖြစ်ချေသည်။

သူမသည် အပြည့်အဝ ကိုယ်ပိုင် ဆိုင်ရှင် ဖြစ်လာမည့် နေ့မှာ လက်တစ်ကမ်း အကွာတွင်သာ ရှိနေလေတော့သည်။ ဤမျှ စိတ်လှုပ်ရှား ဖွယ်ကောင်းသော သတင်း နှင့်အတူ ဂုဏ်ပြုဆင်နွှဲရန် အချိန်တန်ပြီမှာ ယုံမှားဖွယ်မရှိချေ။

ဆောင်းဦးရာသီသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ချေပြီ။ ဆောင်းဦးရာသီတွင် ပူပူနွေးနွေး အစားအစာများအား စားသုံးခြင်းသည် သဘာဝကျလှပေသည်။

နီယန်သည် သူမ၏ စက်ဘီးအား လှည့်လိုက်ပြီးနောက် ဟင်းသီးဟင်းရွက်ဈေးသို့ သွားကာ ဟင်းသီးဟင်းရွက် အမြောက်အမြားကို ဝယ်ယူခဲ့သည်။ သူမသည် မီးသွေးသုံး ဟော့ပေါ့အိုး တစ်လုံးကိုလည်း ဝယ်ယူခဲ့သေးသည်။

ထိုအိုးတွင် အလွှာနှစ်ခု ပါဝင်သဖြင့် အရသာနှစ်မျိုးပါဝင်သော အိုး ဖြစ်သဖြင့် ချက်ပြုတ်ရန် အတွက် အလွန်ပင် သင့်တော်လှသည်။ ဟော့ပေါ့သည် စီချွမ်နှင့် ချုံချင့်တို့မှ မြစ်ဖျားခံလာခြင်း ဖြစ်သော်လည်း ဤအချိန်တွင်မူ ၎င်းအား စားသုံးသူ အလွန်မများသေးပေ။

ပထမအကြောင်းရင်းမှာ ဝယ်ယူရန် အသင့်သုံး ဟော့ပေါ့ အနှစ်များ မရှိသေးသောကြောင့် ဖြစ်သည်။ ဟော့ပေါ့၏ အနှစ်သာရမှာ အခြေခံ ပါဝင်ပစ္စည်းများတွင်သာ ရှိသော်လည်း သာမန်လူ တစ်ဦး အနေဖြင့် ၎င်းအား ကောင်းမွန်အောင် ချက်ပြုတ်ရန် ခက်ခဲပေလိမ့်မည်။ အထူးသဖြင့် လူတိုင်းသည် ပိုက်ဆံရှာရန်သာ အာရုံစိုက်နေကြသော ခေတ်ကာလတွင် အရသာရှိသော ဟင်းလျာများ အတွက် အချိန်ပို မည်သူပေးနိုင်ပါမည်နည်း။

ဒုတိယအကြောင်းရင်းမှာ ဟော့ပေါ့သည် ဆီ အလွန်အမင်း ကုန်သောကြောင့် ဖြစ်သည်။ သာမန်မိသားစု အများစုမှာ အသားပင် ဝယ်မစားနိုင်ကြသဖြင့် ဆီ ဆိုလျှင် ပို၍ပင် မတတ်နိုင်ကြချေ။ အိုးအား ဝယ်ယူပြီးနောက် နီယန်သည် အမဲသားနှင့် ဆိတ်သား ရောင်းသော ဆိုင်သို့ သွားခဲ့သည်။

"ဦးလေး အမဲသား တစ်ပေါင် ဘယ်လောက်လဲ"

"တစ်ပေါင်ကို ငါးယွမ်ပါ"

နီယန်မှ ဆိတ်သားအား လက်ညှိုး ထိုးပြလိုက်သည်။

"ဆိတ်သားရောရှင်"

အမဲသားနှင့် ဆိတ်သား ရောင်းသူမှာ ဖောင်းအိနေသော မျက်နှာနှင့် အသက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်သည်။ နီယန်သည် အသားဝယ်ရန် မတတ်နိုင်ဟု ထင်ရသော မိန်းကလေးငယ် တစ်ဦး ဖြစ်သည်အား မြင်သောအခါ သူက စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ဆိတ်သားက တစ်ပေါင် ငါးယွမ်ခွဲ အကယ်၍ မဝယ်နိုင်ရင် ဝေးဝေးမှာ သွားရပ်နေစမ်း ငါ့စီးပွားရေးကို လာမပိတ်နဲ့"

ဤခေတ်ရှိ လူများသည် "ဝဖြိုးခြင်း" ကိုသာ စံထားကြသည်။ အဝလွန်ခြင်း ဆိုသည့် ဝဖြိုးခြင်းမျိုး ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုကြောင့် သူတို့မှာ အသားဝယ် မစားနိုင်ကြသဖြင့် ဝသော သူများသည် ချမ်းသာ ကြွယ်ဝကာ အပြင်ထွက်လျှင် ခေါင်းဆောင် တစ်ဦးကဲ့သို့ ခန့်ညားသည်ဟု လူအများမှ ယုံကြည်ထားကြသည်။

ချမ်းသာသော သူများသာ အသားစားနိုင်ပြီး အသား စားသောသူများသာ ဝနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ဤခေတ်ရှိ သူဌေးများနှင့် ခေါင်းဆောင်ငယ်များ အားလုံးမှာ ဘီယာဗိုက်များ ရှိနေကြခြင်း ဖြစ်သည်။ သူတို့အတွက်မူ ဤမျှ သွယ်လျပြီး အရပ်ရှည်သော နီယန်မှာ သူဌေး တစ်ယောက်နှင့် မတူပေ။

ထိုအမျိုးသား၏ အမူအရာအား နီယန်မှ ဂရုမစိုက်ဘဲ နောက်ထပ် ဆိုင်တစ်ဆိုင်သို့ ကူးပြောင်းသွားခဲ့ကာ အမဲသားနှင့် ဆိတ်သားကို ပျော်ပျော်ရွှင်ရွှင်ပင် လက်ညှိုး ထိုးပြလိုက်တော့သည်။

"ဦးလေး ကျွန်မကို တစ်မျိုးစီ တစ်ပေါင်စီ ပေးပါဦးရှင့်"

ဤဆိုင်မှ ရောင်းသူမှာ ရင်းနှီးဖော်ရွေသော ထိပ်ပြောင်ပြောင် နှင့် ဦးလေးကြီး တစ်ဦး ဖြစ်သည်။ ထိပ်ပြောင်ပြောင်နှင့် ဦးလေးကြီးသည် တစ်နေကုန် ဝယ်သူ တစ်ယောက်မျှ မရှိခဲ့သဖြင့် ရုတ်တရက် အမှာစာ အကြီးကြီး ရရှိသွားသောအခါ အံ့အားသင့် သွားရတော့သည်။ သူသည် ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်သည်။

"ရတာပေါ့ သမီးလေးရယ် ခဏလေး စောင့်နော်"

အမဲသားနှင့် ဆိတ်သားမှာ ဈေးကြီးသဖြင့် ဝယ်သူများသည် အများအားဖြင့် တစ်ခါဝယ်လျှင် အောင်စ အနည်းငယ်သာ ဝယ်ယူလေ့ ရှိကြပေသည်။ တစ်ခါတည်းနှင့် တစ်ပေါင်လုံးအား မည်သူမှ မဝယ်ကြချေ။

အခန်း (၁၁၇) - အမှိုက်ကောင်များကို ရှင်းလင်းခြင်းနှင့် ဟော့ပေါ့စားခြင်း (၆)

နီယန်မှ ထိပ်ပြောင်ပြောင်နှင့် လူကြီးအား တန်ဖိုးကြီး ငွေစက္ကူ နှစ်ရွက် ပေးလိုက်သည်အား မြင်သောအခါ ဘေးနားရှိ လူလတ်ပိုင်း အရွယ် အမျိုးသားမှာ အူအသည်းများ ပြတ်ထွက်မတတ် ချက်ချင်းပင် နောင်တရသွားတော့သည်။ သူသည် သူ့ကိုယ်သူ ပါးနှစ်ချက် ရိုက်လိုက်ကာ တိတ်တဆိတ် ရေရွတ်နေမိသည်။

"ခွေးမျက်စိ မင်းက ခွေးမျက်စိပဲ"

နီယန်သည် ထိပ်ပြောင်ပြောင်နှင့် လူကြီးထံမှ အကြွေ အမ်းငွေများအား လှမ်းယူလိုက်ပြီးနောက် ကောင်တာပေါ်ရှိ နွားအရိုးများကို မျက်စိကျသွားခဲ့ကာ မေးလိုက်သည်။

"ဦးလေး ဒီအမဲရိုးတွေက ဘယ်လောက်နဲ့ ရောင်းတာလဲဟင်"

ထိပ်ပြောင်ပြောင်နှင့် လူကြီးသည်လည်း အားတက်သရောဖြင့် ပြန်ဖြေလိုက်သည်။

"ဒီအမဲရိုးတွေက တစ်ပေါင်ကို ပြားနှစ်ဆယ်ပဲ သမီးရယ် တကယ်လို့ သမီးယူမယ်ဆိုရင် တစ်ပေါင်ကို ဆယ်ပြားခွဲနဲ့ ပေးလိုက်မယ်လေ"

အမဲရိုးများတွင် အသား မပါရှိသည့် အပြင် လူအများစုသည် မည်သို့ ချက်ပြုတ် စားသောက်ရမည်အား မသိကြသေးသောကြောင့် ဤအရိုးများမှာ များသောအားဖြင့် အရောင်းအဝယ် မဖြစ်လှချေ။ ဗိုက်ဝအောင် စားဖို့အရေးကိုပင် အနိုင်နိုင် ရုန်းကန် နေရချိန်တွင် မည်သူသည် အသားမပါသော အရိုးပြောင်များအား အိမ်အတွက် ဝယ်ယူကာ ပြန်သွားပါမည်နည်း။

သို့သော်လည်း နီယန်၏ မျက်လုံးထဲတွင်မူ ဤအမဲရိုးများ အားလုံးသည် ရတနာများပင် ဖြစ်ကြလေသည်။ အမဲရိုးများတွင် အသား မပါရှိသော်ငြားလည်း အလွန်တရာ အာဟာရ ပြည့်ဝလှပေသည်။ ၎င်းတို့ဖြင့် ပြုတ်ထားသော ဟင်းရည်မှာ မွှေးကြိုင် ပျစ်နှစ်နေမည်ဖြစ်ကာ ရိုးတွင်းခြင်ဆီများပင် ပါဝင်သေးသဖြင့် ဟော့ပေါ့ ဟင်းရည် အနှစ် ပြုလုပ်ရန် အတွက်မူ အကောင်းဆုံးပင် ဖြစ်နေချေတော့သည်။

"သမီး ဆယ်ပေါင်လောက် ယူမယ်"

"အေး အေး ရတယ်"

ထိပ်ပြောင်ပြောင်နှင့် လူကြီးသည် အမဲရိုးများအား အလျှင်အမြန် ချိန်တွယ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ဆယ့်တစ်ပေါင် နည်းနည်းကျော်တယ် ဆယ်ပေါင်စာပဲ ယူလိုက်တော့မယ်နော်"

"ကျေးဇူးတင်ပါတယ် ဦးလေး"

နီယန်မှ ထိပ်ပြောင်ပြောင်နှင့် လူကြီးအား တစ်ယွမ်နှင့် ငါးပြားတန် ငွေစက္ကူ တစ်ရွက် ကမ်းပေးလိုက်ပြီးနောက် အမဲရိုးများအား လှမ်းယူလိုက်တော့သည်။ ကစားစရာဆိုင်ရှေ့မှ ဖြတ်သွားစဉ် နီယန်သည် ညီမငယ်လေး နီယွင်အတွက် ပလပ်စတစ် ဘဲလေး တစ်ကောင်နှင့် ပတ်ချာ လှည့်တီးရသော ဘင်ဂျိုလေး တစ်ခုကို ဝယ်ယူခဲ့သေးသည်။

ယခုဆိုလျှင် ညီမလေး နီယွင်သည် အသက် နှစ်လကျော်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ အလွန် တက်ကြွစွာ လှုပ်ရှား ကစားတတ်သော အရွယ်လေးပင် ဖြစ်နေခဲ့ချေပြီ ဖြစ်သည်။ နီယန် အိမ်သို့ ပြန်ရောက်သောအခါ နီချွေ့ဟွာသည် အိမ်ရှေ့တံခါးဝတွင် ထိုင်ကာ လက်ရေး လေ့ကျင့်ရင်း သူမအား စောင့်ဆိုင်းနေခဲ့လေသည်။

အတန်ကြာ လေ့ကျင့်ပြီး နောက်တွင်မူ နီချွေ့ဟွာ၏ လက်ရေးလက်သားမှာ အစပိုင်းများထက် များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမသည် ဖတ်စာအုပ်အား ကြည့်စရာမလိုဘဲ စာလုံးများစွာကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရေးသားနိုင်နေပြီ ဖြစ်သည်။

"အမေ့ လက်ရေးက အခုဆို တော်တော်လေး လှနေပြီပဲ"

ဟု နီယန်မှ ရိုးသားစွာ ချီးကျူးလိုက်လေသည်။ နီချွေ့ဟွာမှ ပြုံးလျက် တုံ့ပြန်ပြောဆိုလိုက်သည်။

"ဒါတွေအကုန်လုံးက ဒီက ဆရာမလေး ကျေးဇူးတွေပေါ့"

"အမေက ဉာဏ်ကောင်းလို့ပါ တကယ်လို့သာ အမေက ခေါင်းမာပြီး ထုံထိုင်းနေမယ်ဆိုရင် သမီး ဘယ်လောက်ပဲ ကောင်းကောင်း သင်ပေး သင်ပေး တတ်လာမှာ မဟုတ်ဘူး"

ဆရာ တစ်ယောက်၏ လက်အောက်ရှိ တပည့်များသည် ကောင်းသူ ရှိသလို ဆိုးသူများလည်း ရှိနိုင်ပေသည်။ နီချွေ့ဟွာသည် နီယန်၏ ခေါင်းလေးအား အသာအယာ ပုတ်လိုက်ကာ ပြောလိုက်သည်။

"သမီးကတော့ အမေ့ကို မြှောက်ပြောဖို့ပဲ သိတယ် ဒါနဲ့ ဟင်းတွေက ဒယ်အိုးထဲမှာနော် ယန်ယန်.. သွားစားချေတော့"

“ဟုတ်ကဲ့”

နီယန်မှ ခေါင်းညိတ်ပြလိုက် ပြီးနောက် ဆက်မေးလိုက်သည်။

"အမေ ညီမလေးရော ဘယ်မှာလဲ"

"နောက်ဘက်အခန်းထဲမှာ အိပ်နေတယ်"

"အိုး"

ရယ်စရာ ကောင်းသည်မှာ နီယန် အခန်းထဲသို့ ခြေချ လိုက်သည်နှင့် တစ်ပြိုင်နက် ညီမလေး နီယွင်မှာ နိုးလာခဲ့တော့သည်။ ယခုအခါ ကလေးငယ်လေးသည် သူမ၏ ဖြူဖြူဖွေးဖွေး ခြေထောက်လေးများအား ကိုက်ခဲ ကစားနေခဲ့သည်။ နီယန် အနားသို့ ရောက်လာသည်အား မြင်သောအခါ ကလေးလေးမှာ ပျော်ရွှင်စွာ ရယ်မောပြလာတော့သည်။

"ယွင်ယွင်လေး"

နီယန်က အနားသို့သွားကာ ကလေးလေးအား ချီပွေ့လိုက်လေသည်။ ကလေးငယ်လေး နီယွင်မှာ စကားမပြော တတ်သေးသော်လည်း အစ်မ ဖြစ်သူအား မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် အသံလေးများ ပြုကာ တီတီတာတာ လုပ်နေဆဲပင် ဖြစ်သည်။ နီယန်သည် ကလေးလေးအား ဘင်ဂျိုလေးနှင့် ပလပ်စတစ်ဘဲလေးကို ကမ်းပေးလိုက်ပြီးနောက် မေးလိုက်လေသည်။

"ယွင်ယွင်လေး ပျော်ရဲ့လား"

ကလေးလေး နီယွင်မှာ ဘဲလေးနှင့် မည်သို့ ကစားရမည်ကို မသိသော်လည်း ဘင်ဂျိုလေးကိုမူ ဆုပ်ကိုင်ကာ လှုပ်ယမ်း လိုက်လေရာ ဆူညံသော အသံလေးများ ထွက်ပေါ် လာလေတော့သည်။ နီချွေ့ဟွာသည် အပြင်ဘက်မှ ဝင်လာခဲ့ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ယန်ယန်ရယ် သမီးမှာ ပိုက်ဆံရှာရတာ ခက်ခဲပါတယ်ဆိုမှ ညီမလေး အတွက် ကစားစရာတွေကို ဘာလို့ အလဟဿ ထပ်ဝယ်လာရပြန်တာလဲ"

နီယန်မှ ပြုံးလျှက် ပြန်လည် ဖြေကြားလိုက်သည်။

"ညီမလေးအတွက် ပစ္စည်းတွေ ဝယ်တာက ပိုက်ဆံဖြုန်းတာမှ မဟုတ်တာ အမေရဲ့"

နီချွေ့ဟွာသည် ကလေးလေး နီယွင်အား ချီယူရန် လက်ကမ်း ပေးလိုက်ပြီးနောက် ပြောလိုက်သည်။

"ပေး အမေ ချီထားမယ် သမီး ထမင်းသွားစားတော့"

နီယန်လည်း လှည့်ကာ မီးဖိုချောင်ဘက်သို့ ထမင်းစားရန် ထွက်လာခဲ့တော့သည်။ မွန်းလွဲပိုင်းတွင် နီယန်သည် မြစ်ကမ်းဘက်သို့ ဆင်းကာ ပုစွန်လုံးဖမ်းသည့် မြုံးအား သွားရောက် ဆယ်ယူ ရုပ်သိမ်းလိုက်သည်။ မြစ်ကမ်း တစ်လျှောက်လုံး၌ လုံးဝ တိတ်ဆိတ် ခြောက်ကပ်နေခဲ့ကာ နွားကျောင်းသား တစ်ယောက်ကိုပင် အရိပ်အယောင်မျှ မတွေ့ရချေ။

မည်သည့် အကြောင်းကြောင့်မှန်း ရေရေရာရာ မသိသော်လည်း မြစ်ကမ်းဘက်သို့ ရောက်တိုင်း နီယန်၏ စိတ်ထဲတွင် မိုချီရှန်အား အလိုလို သတိရမိနေတတ်သည်။

မိုချီရှန်မှ သူမအား ပုစွန်မြုံး ငါးပိုက်များ ပြန်ဆယ်ရာတွင် ရက်အတော်ကြာ ဆက်တိုက် ကူညီပေးခဲ့သောကြောင့်များ ဖြစ်နေသည်လား သူမ သေချာ မသိပေ။

မကြာသေးမီကပင် နီယန်သည် မွန်းလွဲပိုင်းတိုင်း မြစ်ကမ်းနံဘေးတွင် မိုချီရှန်အား တွေ့မြင်နိုင်ခဲ့ပေသည်။ သို့သော် မနေ့ကမှ စ၍ သူသည် ကမ္ဘာမြေပြင်ပေါ်မှ အငွေ့ပျံ ပျောက်ကွယ်သွားသကဲ့သို့ ရှိနေလေသည်။

ဤခေတ်ကာလတွင် မိုဘိုင်းဖုန်းများလည်း မရှိသေးချေ။ ဝီချက် သို့မဟုတ် ကျူကျူ တို့ဆိုလျှင် ဝေလာဝေးပင် ဖြစ်ချေသည်။ တစ်စုံတစ်ယောက်နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီဆိုပါမူ တစ်သက်လုံး ပြန်မတွေ့ရတော့မည့် အခြေအနေမျိုးပင် ဖြစ်နိုင်လေသည်။

ယင်းအား တွေးမိသောအခါ နီယန်၏ ရင်ထဲတွင် ဝမ်းနည်း လွမ်းဆွတ်ဖွယ် ခံစားချက်တစ်ခု ရုတ်တရက် ကိန်းအောင်း လာခဲ့တော့သည်။ သို့သော် နောက် တစ်စက္ကန့်မှာပင် နီယန်သည် ခပ်ဟဟလေး ရယ်မောလိုက်မိလေသည်။ သူသည် ယောက်ျား တစ်ယောက်သာ ဖြစ်ပေသည်။ ဝမ်းနည်းကြေကွဲစရာ မည်သည့် အကြောင်းမှ မရှိပေ။

လေလွင့် ခွေးတစ်ကောင် ကဲ့သို့ ကျေးဇူးတရား မသိတတ်သော လူစားမျိုးမှာ မိမိ၏ အနားမှ ထွက်ခွာသွားခြင်းကပင် ပို၍ ကောင်းမွန်လှပေသည်။ အိမ်သို့ပြန်လည် ရောက်ရှိလာပြီးနောက် နီယန်သည် ရရှိလာသော ငါးများအား သန့်စင်ကာ ညစာအတွက် စတင်၍ ပြင်ဆင်လေတော့သည်။

သူမ၏ ပထမဆုံးအလုပ်မှာ အမဲရိုးများအား ရေနွေးဖျော၍ အပေါ်ယံရှိ အညစ်အကြေးများကို ခပ်ထုတ်ပစ် ပြီးနောက် ဟင်းရည် အဖြစ် စတင် ကျိုချက်ခြင်းပင် ဖြစ်သည်။

ထို့နောက် ကြက်သွန်မြိတ် ဂျင်း ကြက်သွန်ဖြူ နာနတ်ပွင့်နှင့် သစ်ကြံပိုးခေါက်တို့အား ထည့်သွင်းလိုက်လေသည်။ ဟင်းရည် ပွက်ပွက် ဆူလာသောအခါ မီးအား လျှော့လျှက် မိနစ်အနည်းငယ်ခန့် ဆက်တည်ထားလိုက်လေရာ မွှေးကြိုင်သော ရနံ့များမှာ တဖြည်းဖြည်း ပျံ့နှံ့ လာလေတော့သည်။

ထိုရနံ့သည် သူမ၏ ယခင်ဘဝတွင် လန်ကျိုး လက်လုပ် ခေါက်ဆွဲ၏ အရသာနှင့် အနည်းငယ် ဆင်တူနေခဲ့သည်။ သို့သော် လန်ကျိုးလက်လုပ် ခေါက်ဆွဲ ထက်မူ များစွာပို၍ မွှေးကြိုင်လှပေသည်။

အမဲရိုး စွပ်ပြုတ်အား မီးဖိုပေါ်တွင် တည်ထားစဉ် နီယန်သည် ဟော့ပေါ့ ဟင်းရည်၏ အနှစ်အား စတင်ပြင်ဆင်လေတော့သည်။ နီယန်သည် ယခင်ဘဝတွင် စားသောက်ကုန်လုပ်ငန်း၌ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ရာ ဟင်းလျာအနှစ်များအား ပိုမိုအရသာရှိအောင် မည်သို့ပြုလုပ်ရမည် မည်သည့် ပါဝင်ပစ္စည်းများ ထည့်ပါက အချင်းချင်း ပိုမို လိုက်ဖက်ညီစွာ ပေါင်းစပ်နိုင်သည်အား ကောင်းစွာ နားလည်ထားပေသည်။ အချိန်တို အတွင်းမှာပင် ဟင်းရနံ့များသည် ခြံဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။

အနံ့လေးကပင် သွားရည်ကျချင်စရာ ကောင်းလှပေသည်။ နီယန်မှ ဟင်းခတ်အမွှေးအကြိုင်များအား ပြင်ဆင်နေစဉ်ဝယ် နီချွေ့ဟွာသည် ဘေးဘက်တွင် ဟင်းသီးဟင်းရွက်များအား ဆေးကြောပေးနေခဲ့သည်။

နီယန်သည် ဟင်းသီးဟင်းရွက် အများအပြားအား ဝယ်ယူလာခဲ့သည်။ ဘဲသွေး အမဲအူကြမ်း ပင်လယ်ရေမှော် အမဲသားနှင့် သိုးသား ပဲပင်ပေါက် အပ်မှို စသည်တို့ ပါဝင်လေသည်။

သေချာသည်မှာ ဟော့ပေါ့စားရာတွင် ငါးဖက်ထုပ်နှင့် ပုစွန်အသားလုံးများ မပါလျှင် ပြည့်စုံလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် အသင့်စား ပုစွန်အသားလုံးများအား ဝယ်ယူ၍ မရနိုင်သေးသဖြင့် နီယန်သည် ကိုယ်တိုင် ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်ကာ အောင်မြင်မှု ရှိမရှိ စမ်းသပ်ကြည့်မည် ဖြစ်သည်။

ငါးနှင့် ပုစွန်များအား ယနေ့မှသာ မြုံးထဲမှ ဖမ်းယူလာခဲ့ခြင်း ဖြစ်သဖြင့် မည်သည့် ကုန်ကျစရိတ်မျှ မရှိခဲ့ချေ။ နီချွေ့ဟွာ၏ ဓားကိုင် ကျွမ်းကျင်မှုမှာ အထင်ကြီးလောက်စရာပင် ဖြစ်သည်။ အချိန်တို အတွင်းမှာပင် သူမသည် ပုစွန်နှင့် ငါးအသားများမှ အရိုးများကို ဖယ်ရှားကာ နုပ်နုပ်စင်းပေးလိုက်လေသည်။

ထိုညတွင် နီချန်ကွေ့သည် စားပွဲပေါ်၌ အနီရောင် ဆီအနှစ်များ ဝေ့တက်ကာ အငွေ့တထောင်းထောင်း ထနေသော ကြေးနီ ဟော့ပေါ့အိုးကြီးအား မြင်လိုက်ရသောအခါ မအံ့ဩဘဲ မနေနိုင်တော့ချေ။

"ယန်ယန်.. ဒီည ငါတို့ ဟော့ပေါ့စားကြမလို့လား"

နီယန်သည် နောက်ဘက်မှ ထွက်လာကာ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ် ဒေါ်လေးနီ.. ဒီည ကျွန်မတို့ ဟော့ပေါ့စားကြမှာပါ"

ပေကျင်း မြို့တော်တွင် ဟော့ပေါ့ စားသောက်ဆိုင် တစ်ဆိုင် ရှိခဲ့ဖူးသည်။ နီချန်ကွေ့သည် သူမ၏ သူဌေး နှင့်အတူ ထိုဆိုင်သို့ တစ်ခါ သွားဖူးသော်လည်း စျေးနှုန်း အလွန် ကြီးမြင့်လွန်းသဖြင့် နောက်တစ်ကြိမ် ထပ်မသွားဖြစ်တော့ချေ။ အချိန်ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နီချန်ကွေ့သည် ထိုအရသာ ရှိလှသော အစပ်နှင့်အချဉ် အရသာအား ဘယ်သောအခါမျှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် နီယန် ပြုလုပ်ထားသော ဟော့ပေါ့သည် သူမ ယခင် အကြိမ်တွင် စားဖူးခဲ့သော ဟော့ပေါ့ကဲ့သို့ အရသာရှိပါ့မလား ဆိုသည်ကိုတော့ သူမ မသိသေးချေ။

နီချန်ကွေ့သည် ဟော့ပေါ့ထဲမှ အစားအစာများအား မြည်းစမ်း ကြည့်လိုက်သောအခါ သူမသည် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့ကာ မည်သို့ ပြောရမှန်းပင် မသိတော့ချေ။

အလွန်ပင် အရသာရှိလွန်းလှပေသည်။

ယခင်အကြိမ်၌ စားသောက်ဆိုင်တွင် စားခဲ့ရသည်ထက် အဆတစ်ရာမက ပို၍ ကောင်းမွန်နေသေးသည်။ နီယန် ကိုယ်တိုင် ဖျော်စပ်ထားသော ဆီအနှစ် ထဲသို့ နှစ်၍ စားလိုက်ရသည့် ပြုတ်ထားသော အမဲသားမှာ နတ်သုဒ္ဓါအလားပင် ဖြစ်နေချေတော့သည်။ သိမ်မွေ့သော အစပ်နှင့် ထုံကျဉ်ကျဉ် အရသာလေးသည် သူမ၏ လျှာဖျားထက်တွင် ကခုန်နေခဲ့ကာ အရသာခံဖုများကိုလည်း လှုံ့ဆော်ပေးလျှက် ရှိနေပြီး မေ့မရနိုင်သော အရသာလေးကို ချန်ရစ်ထားခဲ့လေသည်။

ရေခဲစိမ်ထားသော ဆီးသီးချိုချဉ်ရည် အေးအေးလေး တစ်ခွက်နှင့် တွဲဖက် လိုက်သောအခါ လုံးဝပင် ငြင်းဆန်၍ မရလောက်အောင် အထိ အရသာရှိလှပေသည်။

နီချန်ကွေ့သည် သာမန်ရိုးရိုး အသားလုံးလေးဟု ထင်မှတ်လျှက် ရုပ်လုံး မလှသော အသားလုံးလေး တစ်လုံးအား ကောက်ယူ လိုက်သော်လည်း ၎င်း၏ ကျစ်လျစ်လှသော အသားအိအိလေးကြောင့် အံ့သြသွားရပြန်သည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် ချောမွေ့ကြွပ်ရွနေခဲ့ကာ အသားအရသာ အပြည့်အဝကို ခံစားလိုက်ရ ပြီးနောက် လျှာကိုပါ မျိုချချင်စိတ် ပေါက်သွားအောင် ကျေနပ် နှစ်သိမ့်မှု အပြည့်အဝ ပေးစွမ်းနိုင်လေသည်။

နီချန်ကွေ့သည် ဤကဲ့သို့သော အသားလုံးမျိုးအား တစ်ကြိမ် တစ်ခါမှ မစားဖူးခဲ့သဖြင့် စပ်စုချင်စိတ်ဖြင့် မေးလိုက်မိသည်။

"ယန်ယန် ဒါက ဘာအသားလုံးလေးလဲဟင်"

နီယန်မှ ပြုံးလျက် ရှင်းပြပေးလိုက်သည်။

"ဒါကို ပုစွန်အသားလုံးလို့ ခေါ်တယ် ဒေါ်လေးနီရဲ့ ပုစွန်သားနဲ့ ကော်မှုန့်ကို ရောလုပ်ထားတာပါ"

နီချန်ကွေ့မှာ အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။

"ဒါကို ယန်ယန် ကိုယ်တိုင်လုပ်ထားတာလား"

နီယန်မှ ခေါင်းညိတ် ပြလိုက်တော့သည်။

အံ့သြစရာပါလား...

နီယန်သည် အမှန်ကိုပင် အံ့သြစရာ ကောင်းလောက်အောင် တော်လွန်းလှပေသည်။ အကယ်၍သာ နီယန်သာ ဟော့ပေါ့ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လိုက်မည်ဆိုပါမူ မြို့ထဲရှိ ဟော့ပေါ့ဆိုင်မှာ ချက်ချင်းပင် တံခါးပိတ် သွားရပေလိမ့်မည် ဖြစ်သည်။

သို့သော် ဟော့ပေါ့၏ အရသာမှာ အလွန်ကောင်းမွန်နေသဖြင့် နီချန်ကွေ့မှာ နီယန်အား ထပ်မံ ချီးမွမ်းနေရန်ပင် အချိန်မရတော့ဘဲ အပြည့်အဝသာ အရသာ ခံစားလျှက် စားသောက်ချင်နေတော့သည်။

နီချွေ့ဟွာသည် အမဲအူကြမ်း တစ်ဖတ်အား ကောက်ယူလိုက်ပြီးနောက် မေးလိုက်သည်။

"ယန်ယန် ဒီအူကြမ်းက ဝါးရတာ နည်းနည်းမာနေသလားလို့ မကျက်သေးလို့များလား"

နီယန်သည် အစိမ်းရောင် အမဲအူကြမ်း တစ်ဖတ်အား ကောက်ယူလိုက်ကာ မည်သို့ ချက်ပြုတ်ရမည်ကိုလည်း လက်တွေ့ ပြသရင်း ရှင်းပြပေးလိုက်သည်။

"အူကြမ်းစားတဲ့အခါ ဟော့ပေါ့အိုးထဲမှာ 'အပေါ်ခုနစ်ခါ အောက်ရှစ်ခါ' အစုန်အဆန် ရေနွေးဖျောပေးရတယ် အမေရဲ့ ဒီလိုမျိုးလေးလေ"

All Chapters