← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈)

အပေါ်ခုနစ်ခါ အောက်ရှစ်ခါ

ဤ 'အပေါ်ခုနစ်ခါ အောက်ရှစ်ခါ' ဟူသော အသုံးအနှုန်းမှာ အမဲအူကြမ်း တစ်ဖတ်အား ဟော့ပေါ့အိုးထဲရှိ ရေနွေးပူပူတွင် ခုနစ်ကြိမ်မျှ စိမ်ကာ ဖျောခြင်းအား ဆိုလိုခြင်း ဖြစ်သည်။ ထိုလုပ်ငန်းစဉ် တစ်ခုလုံး အတွက် အချိန်အားဖြင့် ဆယ့်ငါးစက္ကန့်ခန့်သာ ကြာမြင့်လေသည်။

နီချွေ့ဟွာ တစ်ယောက်တည်း သာမကဘဲ နီချန်ကွေ့ပါ ဤနည်းလမ်းကြောင့် အံ့အားသင့် သွားကြကုန်လေသည်။ အကြောင်းမှာ ၎င်းတို့အနေဖြင့် အူကြမ်းအား ဤကဲ့သို့ စားသုံးနိုင်ကြောင်းကို ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။ အမှန်ပင် ရေနွေးပူပူထဲ ခဏလောက် နှစ်လိုက်ရုံဖြင့် ကျက်သွားနိုင်သည်လား။

သာမန်အားဖြင့် အူကြမ်းတွင် အလွန်ပြင်းထန်သော အနံ့ဆိုးတစ်ခု ရှိနေတတ်သည်။ နီယန်သည် ရေနွေး ဖျောထားသော အူကြမ်းအား နီချွေ့ဟွာ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ကာ ပြောလိုက်သည်။

"အမေ.. မြည်းကြည့်ပါဦး"

နီချွေ့ဟွာသည် ပန်းကန်ထဲရှိ အူကြမ်းအား စိုက်ကြည့်လိုက်ကာ နှစ်စက္ကန့်ခန့် တုံ့ဆိုင်းနေ ပြီးနောက် ၎င်းအား ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်ကာ စတင်၍ ဝါးကြည့်လိုက်သည်။

သူမ၏ မူလတွင် အေးစက်စက် မျက်နှာထားသည် တဖြည်းဖြည်းနှင့် အံ့အားသင့်ဖွယ် အမူအရာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အူကြမ်းတွင် ထင်ထားသကဲ့သို့ ပြင်းထန်သော အနံ့ဆိုးများ မရှိရုံသာမက ကြွပ်ရွကာ နူးညံ့နေသည့် အပြင် သူမ၏ ပါးစပ်ထဲတွင် အရသာရှိစွာ ပျော်ဝင်သွားလေသည်။ ထုံကျဉ်စပ်ဖျဉ်းနေပြီး ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးကြိုင်လှသော နှမ်းနှင့် မြေပဲထောင်းတို့၏ အရသာတို့မှာ ပေါက်ကွဲ ထွက်လာခဲ့ကာ ခံတွင်းမြိန် စေရုံမျှမက အလွန်တရာ လိုက်ဖက် လွန်းလှသဖြင့် သူမ၏ မျက်ဝန်းများတွင် မျက်ရည်များပင် ဝဲတက် လာလေတော့သည်။

ဤမျှ အရသာရှိသော အစားအစာအား မြည်းစမ်း ပြီးနောက်တွင် နီချွေ့ဟွာသည် သူမအား နတ်ပြည်သို့ တက်ကာ နတ်သမီး လုပ်ရန် ခေါ်လျှင်ပင် သဘောတူမည် မဟုတ်ဟု ခံစားလိုက်ရတော့သည်။

နီချွေ့ဟွာ၏ တုံ့ပြန်မှုအား မြင်သောအခါ နီချန်ကွေ့မှာ သွားရည်မမျိုချဘဲ မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ယန်ယန် အမေ.. အရသာ ဘယ်လိုနေလဲဟင်"

"အရမ်းကောင်းတယ်"

နီချွေ့ဟွာမှ ခေါင်းညိတ်ထောက်ခံလိုက်ပြီး ပြောလိုက်သည်.

"အမချန်ကွေ့.. အမလည်း စမ်းစား ကြည့်သင့်တယ်"

‘တကယ်ပဲ အဲဒီလောက်တောင် အရသာရှိလို့လား’

အစပိုင်းတွင် တွန့်ဆုတ်နေသော နီချန်ကွေ့သည် နီချွေ့ဟွာ၏ တုံ့ပြန်မှုအား မြင်သောအခါ ချက်ချင်းပင် အူကြမ်းတစ်ဖတ်ကို ကောက်ယူကာ ပွက်ပွက်ဆူနေသော နီရဲနေသည့် ဆီအိုးထဲတွင် "အပေါ်ခုနစ်ခါ အောက်ရှစ်ခါ" စိမ်လိုက် လေတော့သည်။

‘အင်း’

အရသာမှာ အံ့သြစရာကောင်း လောက်အောင် ကောင်းမွန်နေခဲ့သည်။

"ယန်ယန် ဒီလို စားရတဲ့ နည်းအသစ်ကို ဘယ်ကနေ သင်လာတာလဲ အရသာက တကယ်ကို ကောင်းတယ်"

နီချန်ကွေ့သည် ဤ "အပေါ်ခုနစ်ခါ အောက်ရှစ်ခါ" နည်းလမ်းအား ယခင်အချိန်များတွင် တစ်ကြိမ် တစ်ခါမှပင် မကြားဖူးခဲ့ချေ။ နီယန်မှ ပြုံးလျက် ပြောလိုက်သည်။

"ဟင်းချက်စာအုပ် တစ်အုပ်ထဲမှာ ရေးထားတာကို ဖတ်ဖူးတာပါ"

နီချန်ကွေ့မှ ခေါင်းညိတ်ကာ ရေရွတ်လိုက်တော့သည်။

"အိုး"

အိုးထဲမှ ပွက်ပွက်ဆူနေသော နီရဲ နေသော ဆီများမှ ထွက်ပေါ်လာသည့် အငွေ့များသည် လေထုထဲတွင် ပျံ့လွင့်နေခဲ့ကာ လူသုံးယောက်၏ ရယ်မောသံများအား ဖုံးလွှမ်းသွားလေတော့သည်။ အစပ်မစားရသည်မှာ ကြာမြင့်လှပြီ ဖြစ်သော နီယန်သည် ဘဲသွေးအား စားလိုက် ဆီးသီးချိုချဉ်ရည်အား မော့သောက်လိုက်ဖြင့် အလုပ်များနေတော့သည်။

နီချွေ့ဟွာနှင့် နီချန်ကွေ့တို့သည်လည်း ဤမျှလောက် အစပ်စားနိုင်ကြမှန်း နီယန် ပထမဆုံးအကြိမ် တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။ သူတို့အားလုံး ဟော့ပေါ့ စားရသည်ကို အလွန်ပင် နှစ်ခြိုက် သဘောကျကုန်ကြသည်။ နောက်ဆုံးတွင် နီချန်ကွေ့သည် စားပွဲပေါ်မှ ပန်းကန်များအား သိမ်းဆည်းရန် တာဝန်ယူလိုက်ကာ နီချွေ့ဟွာကမူ ကလေးအား အစာကျွေးရန်နှင့် ရေချိုးပေးရန် သွားလေတော့သည်။

နီယန်မှာမူ မီးဖိုချောင်ထဲတွင် သခင်မကြီးမို အတွက် အစားအသောက်များအား ပြင်ဆင်နေခဲ့သည်။ မီးဖိုချောင် မီးရောင်မှာ အနည်းငယ် မှိန်ပျပျ ဖြစ်နေလေသည်။ နီချန်ကွေ့ လှည့်ကြည့် လိုက်သောအခါ နီယန်သည် ခေါင်းငုံ့လျှက် သူမ၏ အလုပ်တွင် အာရုံစိုက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

မှိန်ပျပျ မီးရောင်အောက်တွင် သူမ၏ မျက်နှာသွင်ပြင်မှာ အလွန်တရာ သိမ်မွေ့လှပနေပြီး မျက်ဝန်းများမှာ တောက်ပသော ကြယ်ပွင့်လေးများကဲ့သို့ ကြည်လင် တောက်ပနေလျှက် ရှိကာ သူမ၏ အသားအရေမှာလည်း ရေညှစ် ထုတ်လိုက်လျှင် ရေများ ထွက်လာလုမတတ် နူးညံ့ ချောမွေ့နေပေသည်။

ဆွဲဆောင်မှုရှိခြင်းနှင့် ပတ်သက်၍ ပြောရလျှင် သူမသည် အလှပဆုံးဟု သတ်မှတ်ခံရသော မိန်းကလေးများကိုပင် အလွယ်တကူ ကျော်ဖြတ်နိုင်စွမ်း ရှိနေသေးသည်။

လွန်ခဲ့သော နှစ်လခန့်က နီယန်နှင့် နှိုင်းယှဉ်ပါက ယခု နီယန်သည် ဆယ်ဆခန့် ပိုမိုလှပနေတော့သည်။ ထို့အပြင် ပြောင်းလဲသွားသူမှာ နီယန် တစ်ယောက်တည်း မဟုတ်ဘဲ နီချန်ကွေ့သည်လည်း သူမကိုယ်သူမ ပြောင်းလဲမှုများစွာအား သတိပြုမိလာခဲ့သည်။

အသိသာဆုံး ပြောင်းလဲမှုများမှာ သူမ၏ ရင်သားများ သွားများနှင့် ဆံပင်များပင် ဖြစ်ကြသည်။ သူမ၏ ရင်သားများမှာ များစွာ ပိုမို၍ တင်းရင်းလာသဖြင့် အဝတ်အစားများ ဝတ်ဆင်ရာတွင် ပိုမို၍ ကြည့်ကောင်း လာခဲ့သည်။ ထို့အပြင် သူမ၏ သွားများမှာလည်း ပိုမို ဖြူဖွေး လာလေသည်။

သူမသည် တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်သော်လည်း ယခင်တွင် သူမ၏ သွားများမှာ မည်သည့်အချိန်ကမှ အပြည့်အဝ ဖြူဖွေးမနေဘဲ အနည်းငယ် ဝါကြန့်ကြန့် ဖြစ်နေတတ်သည်။ သို့သော် ယခုအခါတွင်မူ နေ့စဉ် မှန်ကြည့်တိုင်း သူမ၏ သွားများ တောက်ပနေသည်ကို မြင်တွေ့နိုင်နေပြီ ဖြစ်သည်။

ထို့အပြင် ယခင်တွင် ခြောက်သွေ့ ကျိုးပဲ့လွယ်ကာ ဝါကြန့်ကြန့် ဖြစ်နေသော သူမ၏ ဆံပင်များမှာ ယခုအခါ နက်မှောင် တောက်ပလာခဲ့ကာ အလွန်ပင် ချောမွေ့နေသဖြင့် သူမ၏ ဘေးနားရှိ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများမှပင် သူမအား မည်သည့် ခေါင်းလျှော်ရည် အမှတ်တံဆိပ်ကို သုံးစွဲနေသနည်းဟု မေးမြန်းနေကြရလေသည်။

ဤပြောင်းလဲမှုများ အားလုံးသည် နီယန် ချက်ပြုတ်ကျွေးမွေးသော အရသာရှိလှသည့် အစားအစာများကြောင့် ဖြစ်သည်ဟု နီချန်ကွေ့ ခံစားနေရသည်။ ရင်ထဲတွင် ဤသို့ တွေးတောမိသည်နှင့် နီချန်ကွေ့မှ အသံထွက်၍ပင် မေးလိုက်မိသည်။

နီချန်ကွေ့သည် ဤအသေးစိတ် အချက်အလက်များအား သတိပြု မိလောက်အောင် အကဲဆတ်တတ်လိမ့်မည်ဟု နီယန် ထင်မထားခဲ့မိချေ။ နီချန်ကွေ့၏ စပ်စုမှုအား ရင်ဆိုင် ကြုံတွေ့ လိုက်ရသောအခါ နီယန်မှ ပြုံးလျက် ခေါင်းညိတ်ကာ ဝန်ခံပြောဆိုလိုက်သည်။

"ဟုတ်တယ် ဒေါ်လေးနီ အဲဒါက ကျွန်မတို့ နေ့တိုင်း စားသောက်နေတဲ့ အစားအစာတွေနဲ့ အများကြီး သက်ဆိုင်နေတယ်"

နီချန်ကွေ့မှာ အံ့သြသွားကာ ထပ်မံ ပြောဆိုလိုက်သည်။

"ယန်ယန်.. ဒါတွေကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ ဒေါ်လေး တစ်သက်လုံး ထမင်း စားလာခဲ့တာတောင် အစားအစာတွေမှာ အလှအပကို ထိန်းသိမ်းပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိတယ်ဆိုတာ တစ်ခါမှ မသိခဲ့ဖူးဘူး"

နီယန်မှ ပြုံးလျက် ရှင်းပြလိုက်သည်။

"အဓိကကတော့ မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ် စားသုံးဖို့ပါပဲ ဒေါ်လေးရယ် အလှအပဆိုတာ တစ်ချို့က မွေးရာပါဖြစ်သလို တစ်ချို့ကတော့ နေ့စဉ် ဂရုတစိုက် ထိန်းသိမ်းမှုပေါ်မှာ မူတည်တယ်လေ"

ဤနေရာတွင် နီယန်မှ ဟင်းလျာစာရင်းအား ထုတ်ပြလိုက်ပြီး ပြောပြလိုက်သည်။

"ဥပမာ ဒေါ်လေး ဒီ ဆလတ်ရွက်နဲ့ ရောသုပ်ထားတဲ့ ဂျင်းနု ချဉ်စပ်သုပ်ကို ကြည့်လိုက်လေ ဂျင်းမှာ ချေးတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိတယ်လို့ လူသိများတယ်လေ ပြီးတော့ ဆလတ်ရွက်မှာကျတော့ ဖလိုရင်း ဓာတ် ပါဝင်တယ် ဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ သွားတွေကို ထိထိရောက်ရောက် ဖြူဖွေး သွားစေနိုင်တယ်လေ"

ယင်စကာားများအား ကြားသောအခါ နီချန်ကွေ့မှာ အလွန်ပင် အံ့သြသွားတော့သည်။

"ဒါကြောင့်မို့လို့ ငါ့သွားတွေ အခုတလော တော်တော်လေး ဖြူလာတာကိုး ဂျင်းနဲ့ ဆလတ်ရွက်ရဲ့ အစွမ်းတွေ ဖြစ်နေတာပဲ ယန်ယန် ဒီအကြောင်းတွေကို သမီး ဘယ်လိုလုပ်ပြီး သိနေရတာလဲ"

နီယန်မှ ထပ်မံ ရှင်းပြလိုက်သည်။

"သမီးက တရုတ် တိုင်းရင်း ဆေးပညာရှင် တစ်ယောက်ဆိုတော့ အပင်တွေရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ အကြောင်းကို နည်းနည်းပါးပါး သိထားလို့ပါ"

နီချန်ကွေ့သည် ခေါင်းညိတ်လိုက်ကာ တစ်ခဏအတွင်း နီယန်အပေါ် သူမ၏ လေးစားအားကျမှုများ ပိုမို၍ နက်ရှိုင်း သွားလေတော့သည်။

အခန်း (၁၁၉)

‘ဒီမိန်းကလေးက တကယ်ကို အံ့မခန်းပါပဲလား’

သူမသည် အသက်လေးဆယ်ကျော် နေထိုင်လာခဲ့သော လူ တစ်ယောက် ထက်ပင် များစွာ ပို၍ ထူးချွန် ထက်မြက်နေပေသည်။ နီချွေ့ဟွာသည် ဤဘဝတွင် ဤမျှ အံ့သြဖွယ် ကောင်းသော သမီးတစ်ယောက်အား ပိုင်ဆိုင်ခွင့်ရခြင်းမှာ အမှန်ပင် ကံကောင်း လွန်းလှပေသည်။ ထို့နောက် နီချန်ကွေ့မှ ဆက်၍ မေးလိုက်သည်။

"ယန်ယန် ဟိုအဘွား အတွက် သမီးပြင်ဆင်ပေးတဲ့ အစားအစာတွေကရော ဘယ်လို အကျိုးကျေးဇူးတွေ ရှိလို့လဲ"

နီယန်မှ ဟင်းသီးဟင်းရွက်များအား ဆေးကြောနေရင်း ပြန်ဖြေပေးလိုက်သည်။

"သက်ကြီးရွယ်အိုတွေက ခံတွင်းပျက် တတ်ကြတယ်လေ ဒေါ်လေးရဲ့ ဒါကြောင့် သူတို့အတွက် ခံတွင်းမြိန်စေပြီး အစာကြေလွယ်တဲ့ ဟင်းလျာတွေကို ပြင်ဆင်ပေးရတယ် တစ်ခါတလေကျရင် အရိုးပွရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဟင်းလျာလေးတွေကိုလည်း ထည့်ချက်ပေးတယ်"

နောက်တစ်နေ့ နံနက်ခင်းတွင် နီယန်သည် နံနက် သုံးနာရီခန့်တွင် အိပ်ရာမှ ထလေသည်။ သူမ ထုံးစံအတိုင်း သရေစာများ ရောင်းချသည့် လမ်းမကြီးသို့ ရောက်ရှိ လာချိန်၌ ထိုနေရာတွင် သူမအား စောင့်ဆိုင်းနေကြသော လူအများအပြား ရှိနေနှင့်ပြီး ဖြစ်သည်။

မွှေးကြိုင်လှသော ခေါက်ဆွဲအား စောစောစီးစီး စားနိုင်ရန် အတွက် လူတိုင်းသည် နီယန်အား စားပွဲ ကုလားထိုင်နှင့် ခုံများ နေရာချထားရန် အတွက် စေတနာအလျောက် ကူညီပေးကြလေသည်။ လူတိုင်း၏ အကူအညီဖြင့် ကြိုတင် ပြင်ဆင်မှုများ အားလုံးမှာ ငါးမိနစ်ပင် မကြာလိုက်ဘဲ ပြီးစီးသွားလေတော့သည်။ နီယန်သည် ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ တစ်စုံတစ်ယောက်မှ နောင်ပြောင်ပြောဆိုလိုက်သည်။

"သူဌေးမလေး သမီးသာ မြန်မြန် သွက်သွက်လေး လုပ်ပြီး ခေါက်ဆွဲတွေကို စောစောရအောင် လုပ်ပေးမယ်ဆိုရင် အဲဒါက ငါတို့ကို ကျေးဇူးတင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ"

"ဟုတ်တယ် သူဌေးမလေး မြန်မြန်လုပ် ငါတို့အားလုံး ခေါက်ဆွဲစားဖို့ စောင့်နေကြတာ"

ထို့ကြောင့် နီယန်သည် အချိန်မဆွဲတော့ဘဲ ခေါက်ဆွဲများအား ကျွမ်းကျင်ပိုင်နိုင်စွာ စတင် ပြင်ဆင် လေတော့သည်။ မကြာမီမှာပင် လူတိုင်းသည် ၎င်းတို့၏ ခေါက်ဆွဲများအား စတင် စားသောက်နေကြပြီရာ ခေါက်ဆွဲဆုတ်ဆွဲသံများသည် လေထုထဲတွင် ပဲ့တင်ထပ် သွားလေတော့သည်။

ချဉ်စပ်စပ်နှင့် လန်းဆန်းစေသော ခေါက်ဆွဲတစ်လုပ်အား အားရပါးရ စားလိုက်ပြီးနောက် ဆီးသီးချိုချဉ်ရည်လေး တစ်ငုံအား သောက်လိုက်ရသည်မှာ အလွန်တရာ ကောင်းမွန်လှပေသည်။

လူအများအပြားမှာ ခေါက်ဆွဲအား စားသောက်နေရင်း ခေါက်ဆွဲသည် အဘယ်ကြောင့်များ ဤမျှလောက် အရသာရှိနေရသနည်းဟု အံ့သြမဆုံး ချီးကျူး နေကြကုန်လေတော့သည်

လီကုန်းချန် သည် ထိုနံနက်တွင် အနည်းငယ် နောက်ကျမှ ပြီးမှ ရောက်ရှိလာခဲ့ကာ ခေါက်ဆွဲများ ကုန်ခါနီး အချိန်မှသာ သူ၏ အလှည့်သို့ ရောက်လာခဲ့တော့သည်။ ထုံးစံအတိုင်းပင် နီယန်သည် သူ့အတွက် ခေါက်ဆွဲ နှစ်ပွဲအား ချက်ပြုတ် ပေးလိုက်လေသည်။

သူ၏ အစားအစာများအား စားသောက် ပြီးနောက်တွင် လီကုန်းချန်သည် နီယန်ထံသို့ လျှောက်လာခဲ့ကာ လှပစွာ ထုပ်ပိုးထားသည့် သေတ္တာလေး တစ်ခုနှင့် စာအိတ်နီလေး တစ်အိတ်အား ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ရှောင်နီ ဒါက မင်းအတွက်"

နီယန်သည် လှမ်းမယူသေးဘဲ သူ့အား အံ့သြစွာ မော့ကြည့်လိုက်မိသည်။ လီကုန်းချန်မှ ရှင်းပြလိုက်လေသည်။

"ဒါက ကျွန်တော်တို့ သခင်မကြီးက ပေးတာပါ မင်း ချက်ပေးတဲ့ အစားအစာတွေကို သူက အရမ်းသဘောကျလို့တဲ့"

နီယန်မှ ယဉ်ကျေးစွာဖြင့် ငြင်းဆန်လိုက်လေသည်။

"စားစရိတ်အတွက် ပိုက်ဆံတွေ အကုန် ပေးထားပြီးပြီပဲ ကျွန်မ ဒါတွေကို လက်မခံနိုင်ပါဘူး မစ္စတာလီ"

နီယန်သည် ငွေကြေးအား နှစ်သက်သည့်တိုင် လောဘကြီးသူ တစ်ယောက်တော့ မဟုတ်ချေ။

"ရပါတယ်"

လီကုန်းချန်မှ ပြုံးလျက် ဆက်ပြောလိုက်သည်။

"သခင်မကြီးက မင်းကို အရမ်းသဘောကျနေတာ မင်းလုပ်ပေးတဲ့ အစားအသောက်တွေကို စစားကတည်းက သူ့ကျန်းမာရေးက အများကြီး တိုးတက်လာခဲ့တယ်လေ ဒါက မင်း ရသင့်ရထိုက်တဲ့ အရာပါ သခင်မကြီးက ကျွန်တော့်ကို ဒါတွေပေးဖို့ ခိုင်းတုန်းက မင်းကို မဖြစ်မနေ လက်ခံခိုင်းဖို့ ထပ်ခါတလဲလဲ မှာလိုက်သေးတယ်"

"ဒါ့အပြင် သခင်မကြီးက အမြဲတမ်း ဆုချတတ်တဲ့ အကျင့်ရှိတယ်လေ ဒါကြောင့် ဘာဖိအားမှ မခံစားရဘဲ လက်ခံလိုက်ပါကွာ"

လီကုန်းချန် ပြောသမျှ အရာအားလုံးသည် အမှန်တရားချည်းသာ ဖြစ်ကာ သခင်မကြီးမှ သူ့အား ဤပစ္စည်းများ ယူသွားရန် ခိုင်းစေခဲ့ ပြီးနောက်ပိုင်း ပြန်ယူရန် အစီအစဉ်မရှိခဲ့ချေ။

ထို့အပြင် ဤပစ္စည်းများသည် ချမ်းသာ ကြွယ်ဝလှသော မိုမိသားစု အတွက်မူ မည်သို့မျှ အရေးပါသည့် အရာများ မဟုတ်ချေ။ ထိုသို့ ပြောပြီးနောက်တွင် လီကုန်းချန်မှာ ဆက်ပြောစရာ အကြောင်းပြချက် မရှိတော့ချေ။ နီယန်တွင်လည်း လက်ခံရန် မှလွဲ၍ အခြားသော ရွေးချယ်စရာ မရှိတော့သဖြင့် ကျေးဇူးတင်စကား ဆိုကာ လက်ခံလိုက်ရလေတော့သည်။

"ဒါဆိုရင်လည်း အိမ်ပြန်ရောက်ရင် သခင်မကြီးကို ကျေးဇူးတင်ပါတယ်လို့ ကျွန်မကိုယ်စား ပြောပေးပါဦး မစ္စတာလီ"

လီကုန်းချန်သည် သူ၏ ခေါင်းအား ကုတ်ကာ ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော်တို့ သခင်မကြီးကလည်း မင်းကို ကျေးဇူးတင်ရမှာပါလို့ အမြဲပြောနေတာပဲ"

မည်သို့ပင်ဆိုစေကာမူ နီယန်သည် မစ္စစ်မိုအား ပိုမို ကျန်းမာသော ခန္ဓာကိုယ်အား ပေးစွမ်းနိုင်ခဲ့သည် မဟုတ်ပါလား။ ငွေကြေးသည် တန်ဖိုးတစ်ခု သတ်မှတ်၍ ရသော်လည်း ကျန်းမာရေးသည်ကား တန်ဖိုးဖြတ်၍ မရနိုင်သောအရာ ဖြစ်ပေသည်။

ဆီးသီးချိုချဉ်ရည် ရောင်းရငွေ အပါအဝင် ယနေ့တွင် နီယန်သည် ၃၁၀ ယွမ်ကျော် ဝင်ငွေရရှိခဲ့လေသည်။ အိမ်သို့ ပြန်ရောက်သောအခါ နီယန်သည် ထမင်းစားနေရင်း မစ္စစ်မို ထံမှရရှိသော လက်ဆောင် သေတ္တာနှင့် စာအိတ်နီအား ဖွင့်ကြည့်လိုက်တော့သည်။

စာအိတ်နီထဲတွင် 'ယူနတီ' ငွေစက္ကူ ဆယ့်ရှစ်ရွက် ပါရှိပြီး စုစုပေါင်း ငွေကြေးပမာဏမှာ ယွမ် ၁၈၀ တိတိ ဖြစ်သည်။

(** ယူနတီ ဆိုသည်မှာ ၁၉၆၆ခုနှစ်မှ ၁၉၉၀ပြည့်လွန်နှစ်များ အထိ အသုံးပြုခဲံသော တရုတ်နိုင်ငံ၏ တတိယမြောက် ငွေစက္ကူစီးရီး ထဲမှ ၁၀ယွမ်တန် အား ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။ အမည်တွင်သွားပုံမှာ ထိုငွေစက္ကူ၏ ဒီဇိုင်းတွင် တရုတ်နိုင်ငံရှိ လူမျိုး ပေါင်းစုံမှ ပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် ပြည်သူ့ခန်းမဆောင်ကြီး ရှေ့၌ ရှိနေသည့် ပုံအား ရိုက်နှိပ်ထားသောကြောင့် ‘တာ့ဝမ်ကျဲ - ယူနတီ’ဟု အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။ ခေတ်ကာလ တန်ဖိုးအရ ရွှေတစ်ဂ၇မ်တွင် ၄.၅ ယွမ် သာ ရှိသေးသည့် ခေတ်ကာလ ဖြစ်သည့်အတွက် ၁၀ယွမ်တန် ငွေစက္ကူသည် အတော်တန် တန်ဖိုးကြီးမားသော ငွေကြေး ဖြစ်သည်။ **)

သေတ္တာထဲရှိ လက်ဆောင်မှာမူ နီယန်အား အတော်လေး အံ့အားသင့် သွားစေခဲ့သည်။ အနီရောင် ကတ္တီပါ သေတ္တာလေးထဲတွင် ကနုတ်ပန်း အဆင်များဖြင့် ဖော်ပြထားသော ရွှေစင် လက်ကောက်ပြား တစ်ကွင်း ရှိနေခဲ့သည်။

လက်ထဲတွင် ကိုင်ကြည့် လိုက်သောအခါ အလေးချိန်မှာ အတော်လေး စီးပိုင်နေပြီး အနည်းဆုံး ၃၀ သို့မဟုတ် ၄၀ ဂရမ်ခန့် ရှိနေမည် ဖြစ်သည်။

ထိုအချိန်တွင် ရွှေစျေးနှုန်းမှာ တစ်ဂရမ်လျှင် ၄.၅ ယွမ် ဖြစ်သည်။ လက်ရှိ တရုတ်ယွမ်ငွေ လဲလှယ်နှုန်းအရ ဤလက်ကောက်သည် ယွမ် ၁၅၀၀ ကျော် တန်ဖိုးရှိလှပေသည်။ ပြောရမည်ဆိုလျှင် သခင်မကြီးသည် အလွန်တရာ ရက်ရောလွန်းလှသည်။

ယွမ်တစ်ထောင်ကျော် တန်ဖိုးရှိသော လက်ဆောင် တစ်ခုအား တစ်ချက်လေးမျှ တွန့်ဆုတ်ခြင်းမရှိဘဲ ပေးကမ်းနိုင်ခြင်းသည် မိုမိသားစု၏ ကြီးမားလှသော ချမ်းသာကြွယ်ဝမှုအား အမှန်တကယ်ပင် ဖော်ပြနေပေသည်။ ထိုအချိန်တွင် နီချွေ့ဟွာသည် သူမ၏ အခန်းထဲမှ ထွက်လာခဲ့လေသည်။ နီယန်၏ လက်ထဲရှိ ရွှေလက်ကောက်အား မြင်သောအခါ သူမ အံ့အားသင့်လျှက် မေးမြန်းလိုက်လေသည်။

"ယန်ယန် ဒီရွှေလက်ကောက်က အစစ်လား အတုလား"

ထိုအချိန်တွင် အလုပ်သမား တစ်ဦးသည် သူ၏ တစ်လစာ လစာငွေဖြင့် ရွှေတစ်ဂရမ်ကိုသာ ဝယ်ယူနိုင်သဖြင့် ရွှေသည် အလွန်တရာ အဖိုးတန်သော ကုန်ပစ္စည်းတစ်ခု ဖြစ်ပေသည်။ နီယန်သည် ဖြစ်ကြောင်းကုန်စင်ကို နီချွေ့ဟွာအား ပြန်လည် ပြောပြလိုက်သည်။

နီချွေ့ဟွာမှာ သက်ပြင်းချလိုက်မိသည်။ ရွှေလက်ကောက် တစ်ကွင်းအား ဤမျှလွယ်လွယ်ကူကူ ပေးကမ်းနိုင်လောက်သည် အထိ မိုမိသားစုမှာ မည်မျှလောက် ချမ်းသာကြွယ်ဝနေမည်အား သူမ စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်ချေ။

"ယန်ယန် သခင်မကြီးက သမီးကို ဒီလောက်တောင် တန်ဖိုးထားနေမှတော့ နောင်ကို သမီးက ပိုပြီး တာဝန်ယူစိတ် ရှိရမယ်နော် သမီး အပေါ်ထားတဲ့ သခင်မကြီးရဲ့ ယုံကြည်မှုနဲ့ မေတ္တာကို အလဟဿ မဖြစ်စေနဲ့"

ဟု နီချွေ့ဟွာမှ ဆုံးမစကား ဆိုလိုက်လေသည်။ နီယန်မှ ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ အမေ စိတ်မပူပါနဲ့ သမီး အကောင်းဆုံး ကြိုးစားပါ့မယ်"

အခန်း (၁၂၀)

ထိုသို့ ပြောပြီးနောက် နီယန်သည် လက်ကောက်အား နီချွေ့ဟွာထံ ကမ်းပေးလိုက်ကာ ပြောလိုက်သည်။

"အမေ ဒီလက်ကောက်က အမေ့အတွက်ပါ"

"အမလေး အမေ မလိုချင်ပါဘူး"

နီချွေ့ဟွာမှ ငြင်းဆန်လိုက်သည်။

"သခင်မကြီးက သမီးကို ပေးတာပဲ သမီးပဲ သိမ်းထားလိုက်ပါ"

နီယန်မှ ပြုံးလျက် ပြောလိုက်သည်။

"သမီးလို မိန်းကလေးငယ်လေးက ဒါမျိုး ဝတ်ထားတော့ ဘယ်ကြည့်ကောင်းပါ့မလဲ ပြီးတော့ သမီးက လက်မှာ ပစ္စည်းတွေ ဝတ်ရတာကိုလည်း သိပ်မကြိုက်ဘူး"

နီချွေ့ဟွာမှ ဆက်လက်ငြင်းဆန်နေဆဲပင် ဖြစ်သည်။

"အမေ့ အသက်အရွယ်ကြီးကျမှ လက်ကောက်ကြီး ဝတ်ထားရင် သူများတွေ လှောင်ကြလိမ့်မယ် ဒီလို လက်ကောက်မျိုးက သမီးတို့လို အပျိုလေးတွေ ဝတ်ရမှာ"

နီယန်သည် လက်ကောက်အား နီချွေ့ဟွာ၏ လက်ထဲသို့ အတင်းထိုးထည့်လိုက်ကာ ပြောလိုက်သည်။

"အမေရယ် ယူထားလိုက်ပါနော်"

နီယန်မှ အတင်းအကျပ် တိုက်တွန်းနေသဖြင့် နီချွေ့ဟွာမှာ လက်ခံလိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။

"ဒါဆိုရင်လည်း အမေ သိမ်းထားပေးမယ် သမီး အိမ်ထောင် ပြုတဲ့အခါကျရင် ဒါကို သမီးအတွက် မဂ်လာခန်းဝင် ပစ္စည်း အဖြစ် ပြန်ပေးမယ်လေ"

နီယန်မှ ခပ်ဟဟ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"အမေကလည်း အမေပဲ ဝတ်ထားလိုက်ပါ"

နီချွေ့ဟွာသည် ကြွားဝါရသည်ကို ဝါသနာပါသူ မဟုတ်သဖြင့် ခေါင်းခါ ပြလိုက်လေသည်။

"မဝတ်ပါဘူး အမေ သမီးအတွက်ပဲ သိမ်းထားမှာ"

နီယန်သည်လည်း သာမာန်ကာ လျှံကာ ပြန်ပြောလိုက်လေတော့သည်။

"ဘာပဲဖြစ်ဖြစ် သမီးက အမေ့ကို ပေးလိုက်ပြီဆိုတော့ အမေ ကြိုက်သလိုသာ လုပ်ပါတော့"

နီချွေ့ဟွာသည် အခန်းထဲသို့ ပြန်ဝင်သွားပြီးနောက် လက်ကောက်အား လုံခြုံသော နေရာတစ်ခုတွင် သေချာစွာ ဝှက်သိမ်း ထားလိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လနီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤအတောအတွင်း နီယန်၏ စီးပွားရေးမှာ မထင်မှတ်လောက်အောင် ကောင်းမွန်နေခဲ့ကာ နံနက်တိုင်း သူမ၏ ခေါက်ဆွဲအား ဝယ်ယူ စားသောက်ရန် အတွက် ဖောက်သည်များမှာ တန်းစီစောင့်ဆိုင်း နေကြရလေသည်။

ဤအခြေအနေသည် ဆွန်ချွန်းရှန်းအား မနာလိုဝန်တိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာစေကာ နီယန် တစ်ယောက် ထိုနေရာမှာပင် လဲသေသွားစေရန် အထိပင် ဆုတောင်း နေမိတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျိန်စာတိုက်ခြင်းနှင့် အောက်လမ်းပညာများမှာ အလုပ်မဖြစ်သဖြင့်သာ နီယန်မှာ အသက်ရှင်နေခြင်း ဖြစ်သည်။ သို့မဟုတ်ပါမူ သူမသည် အကြိမ်ပေါင်း ရာနှင့်ချီ၍ သေဆုံးသွားလောက်ပြီ ဖြစ်သည်။

ထူးခြားသည်မှာ တစ်နေ့တွင် ချန်ကျင်းဖုန်းသည် အအေးမိနေသဖြင့် အိပ်ရာထ နောက်ကျသွားလေရာ နံနက်စာ မပြင်ဆင်နိုင်တော့ချေ။ ထို့ကြောင့် သူမသည် သရေစာများ ရောင်းချသည့် လမ်းမကြီးသို့ တစ်ခုခု ဝယ်စားရန် အတွက် ထွက်လာခဲ့တော့သည်။

အဝေးမှပင် ဆိုင်ခန်း တစ်ခု၌ လူအများအပြား တန်းစီနေကြသည်အား သူမ လှမ်းမြင်လိုက်ရသည်။

‘ဒါ နံနက်စာဆိုင် အသစ်များလား’

‘ဖောက်သည်တွေ ဒီလောက်တောင် များနေတာ ဆိုင်ရှင်က ပိုက်ဆံတွေ ဘယ်လောက်တောင် ရနေလိုက်မလဲ’

ချန်ကျင်းဖုန်း အနားသို့ ချဉ်းကပ် သွားသောအခါ အငွေ့တထောင်းထောင်းကြားမှ အလွန်ပင် ရင်းနှီးနေသော မျက်နှာတစ်ခုအား မြင်တွေ့လိုက်ရလေသည်။

‘အမ် ဒါ’

‘နီယန် မဟုတ်လား’

ဟုတ်ပေသည်။ ထိုခုံပုလေးများ ထိုစားပွဲ ထိုပုံးကြီးနှင့် စက်ဘီး ၎င်းတို့ အားလုံးမှာ နီယန်၏ ပစ္စည်းများ ဖြစ်ကြောင်း သေချာလှပေသည်။ သူမ အမြင် မမှားကြောင်း သေချာ သွားသောအခါ ချန်ကျင်းဖုန်းမှာ မျက်လုံးကိုပင် ပွတ်ကြည့်လျှက် နီယန်အား သေချာ စိုက်ကြည့်နေမိသည်။

တကယ်ကို နီယန်ဖြစ်နေတာပဲ’

‘တကယ်ကြီး နီယန်ပဲဟ’

‘ဘုရားရေ’

နီယန် ပြောခဲ့သည်များသည် ကြွားဝါခြင်း မဟုတ်ခဲ့ပဲ သူမ၏ စီးပွားရေးမှာ အမှန်တကယ်ကိုပင် ရောင်းကောင်းနေခြင်း ဖြစ်သည်။ ဤသည်မှာ ထိတ်လန့်စရာ ကောင်းလှပေသည်။

ချန်ကျင်းဖုန်း လှမ်းရေတွက်ကြည့်ရာ တန်းစီနေသော လူပေါင်း တစ်ရာနီးပါး ရှိနေလေသည်။ နီယန်မှ ခေါက်ဆွဲတင် ရောင်းနေတာ မဟုတ်ဘဲ ဖျော်ရည်ကိုပါ တွဲရောင်းနေသေးသည်။ သူမသည် တစ်နေ့လျှင် ပိုက်ဆံ မည်မျှ ရှာနေခဲ့လေသနည်း။

ချန်ကျင်းဖုန်းမှာ ချက်ချင်းပင် မနာလိုဖြစ် သွားရတော့သည်။ သူမသည် အတင်းပြုံးလိုက်ပြီး လမ်းဘေးတွင် ထိုင်ကာ ခေါက်ဆွဲ စားနေသော လူလတ်ပိုင်း အမျိုးသမီး တစ်ဦးထံ လျှောက်သွားလျှက် မေးလိုက်သည်။

"အစ်မ ဒီခေါက်ဆွဲတစ်ပွဲကို ဘယ်လောက် ပေးရသလဲဟင်"

ထိုအမျိုးသမီးမှ ပြုံးလျက် ပြောလိုက်သည်။

"ဈေးမကြီးပါဘူး တော်တော်လေးကို တန်တယ် တစ်ပွဲကို သုံးပြားပဲ ပေးရတယ် ညီမလည်း စားချင်ရင် မြန်မြန်သွား တန်းစီလိုက်တော့ အခု တန်းစီရင်တော့ ရဦးမှာ ဒီသူဌေးမလေးက တစ်နေ့ကို ၇၀၀ ပွဲပဲ ရောင်းတာ ကုန်သွားရင် မရတော့ဘူး"

‘တစ်ပွဲ သုံးပြားနဲ့ တစ်နေ့ကို ပွဲ ၇၀၀ ‘

တိကျသော အဖြေအား ရရှိပြီးနောက် ချန်ကျင်းဖုန်းသည် နီယန် တစ်နေ့ကို ဝင်ငွေ မည်မျှ ရသနည်းဆိုသည်အား စိတ်ထဲမှ စတင်၍ တွက်ချက်လေတော့သည်။

သူမ တွက်ကြည့် လိုက်သောအခါမှ ထိတ်လန့်သွားရလေတော့သည်။ နီယန်သည် တစ်နေ့လျှင် ယွမ် ၂၁၀ ဖိုး ရောင်းရသည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် တစ်လကို ယွမ် ၆၃၀၀ တောင် ရှိနေခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ ခေါက်ဆွဲ တစ်မျိုးတည်းမှ ရတဲ့ဝင်ငွေ ဖြစ်ကာ သူမသည် ဖျော်ရည်ပါ ရောင်းနေသေးခြင်း ဖြစ်ရာ နီယန်သည် အနည်းဆုံး တစ်လတွင် ယွမ် ၉၀၀၀ခန့် ဝင်ငွေရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။

နီယန်ရဲ့ ဝင်ငွေက ယွမ် ၉၀၀၀ ရှိနိုင်သည်အား သိလိုက်ရချိန်တွင် ချန်ကျင်းဖုန်းသည် သံပုရာသီး တစ်လုံးလုံးအား ဝါးစားလိုက်ရသကဲ့သို့ ခံတွင်းပျက်မတတ် ခံစားလိုက်ရတော့သည်။ သူမ၏ ရင်ထဲတွင် ခါးသီးသော ဝေဒနာများ တဖွားဖွား ပေါ်ပေါက် လာလေတော့သည်။

သူမသည် ဆိုင်ခန်း အပိုင်ရှိပြီး တစ်နေ့တွင် ယွမ် ၁၀၀ ဖိုးတောင် မနည်း ရောင်းချနေရချိန်မှာ လမ်းဘေးတွင် ဆိုင်ခင်းထားသော နီယန်သည် သူမထက် သုံးဆမက ပိုရနေခြင်း ဖြစ်သည်။ ဤသည်မှာ မည်မျှ ထိတ်လန့်စရာ ကောင်းလေသနည်း။

ချန်ကျင်းဖုန်းသည် အံ့အားသင့်မှုအား အတင်း မြိုသိပ် ဖိနှိပ်လျှက် နံနက်စာပင် ဝယ်မနေနိုင်တော့ပဲ အိမ်အား အလျှင်အမြန် ပြန်ပြေးလာခဲ့ကာ လျိုတုန်းလျန်အား ဤအကြောင်းများ ပြောပြရန်သာ စိတ်လော နေလေတော့သည်။

ချန်ကျင်းဖုန်းမှ လက်ဗလာဖြင့် ပြန်လာသည်အား မြင်သောအခါ လျိုတုန်းလျန်မှာ အနည်းငယ် စိတ်မရှည်ဖြစ်သွားခဲ့ကာ မေးလိုက်သည်။

"နံနက်စာ ဝယ်မယ်ဆိုပြီး ဘာမှလည်း ပါမလာပါလား ဘယ်မှာလဲ နံနက်စာ"

ချန်ကျင်းဖုန်းမှ ပြန်ပြောလိုက်သည်။

"အစ်ကိုလျို ကျမ ခုနက သရေစာ ရောင်းတဲ့ လမ်းမမှာ ဘယ်သူ့ကို တွေ့ခဲ့သလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါဦး"

"ဘယ်သူ့ကိုလဲ"

လျိုတုန်းလျန်မှ ခေါင်းပင်မဖော်ဘဲ မေးလိုက်လေသည်။

"နီယန်"

ချန်ကျင်းဖုန်းမှ ထိုအမည်အား အားပါပါဖြင့် ပြောချလိုက်တော့သည်။ လျိုတုန်းလျန်မှ အရေးမစိုက်သကဲ့သို့ ပြောလိုက်သည်။

"တွေ့တော့ရော ဘာဖြစ်လဲ သူက သူ့စီးပွားရေး အောင်မြင်တယ်ဆိုပြီး အရင်က ကြွားနေတာလေ ဘယ်လိုလဲ မင်းကိုတွေ့တော့ သူ ရှက်ကိုးရှက်ကန်း ဖြစ်မသွားဘူးလား"

သူမလို မိန်းကလေးငယ်လေး တစ်ယောက်မှ စီးပွားရေး အကြောင်း ဘာသိမှာလဲကွာ ရက်နည်းနည်း ကြာရင်ကို ဒေဝါလီခံရပြီး အရင်းပြုတ်မှာ အသေအချာပဲ”

ယခု ချန်ကျင်းဖုန်းနှင့် မိသွားပြီဆိုလျှင် ထိုမိန်းကလေးမှာ သူတို့၏ အိမ်သို့ ပစ္စည်း လာထားသည့်အခါ မျက်နှာပင် မဖော်ရဲတော့လောက်အောင် ဖြစ်သွားလိမ့်မည်ဟု သူမှ တွေးနေခြင်း ဖြစ်သည်။

"ရှက်ရမှာလား သူက ဘာလို့ ရှက်ရမှာလဲ"

ချန်ကျင်းဖုန်းက ခါးခါးသီးသီးပင် ဆိုလိုက်လေသည်။

"သူ့စီးပွားရေးက အရမ်းကို အောင်မြင်နေတာ တန်းစီနေလိုက်တဲ့ လူတွေဆိုတာ ငါတို့ဆိုင်ရဲ့ အဝင်ဝအထိ ရောက်လုနီးပါးပဲ"

All Chapters