အခန်း (၅၀၂-၅၀၃)
Vol. 47 Ch. 502-503
အပိုင်း (၅၀၂)
ယခုအခါတွင် မဟာလော့ဧကရာဇ် ကွယ်လွန်သွားပြီဖြစ်ရာ တာအိုဂိုဏ်းအနေဖြင့် မဟာလော့နိုင်ငံမှ ထွက်ခွာရန် ခိုင်လုံသော အကြောင်းပြချက် ရရှိသွားတော့သည်။
တာအိုဂိုဏ်း၏ ကျောထောက်နောက်ခံ မရှိတော့သည့်အခါ မဟာလော့မှာ ချက်ချင်းပင် ပြိုကွဲပျက်စီးသွားပြီး တရားဥပဒေစိုးမိုးမှုမရှိသော နိုင်ငံပျက်ကြီးတစ်ခု ဖြစ်သွားတော့သည်။
ဤသည်မှာ ကြီးမားသော အာဏာဟာကွက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး နယ်ချဲ့လိုစိတ် ပြင်းပြနေသော အိမ်နီးချင်းနိုင်ငံများမှာလည်း နယ်မြေသိမ်းပိုက်ရန် စစ်တပ်များ စေလွှတ်လိုက်ကြရာ ဒေသခံသူပုန်များနှင့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
သူပုန်အများစုမှာ လယ်သမားများသာ ဖြစ်ကြရာ အစစ်အမှန် စစ်တပ်ကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။ ရက်ပိုင်းအတွင်းမှာပင် သူပုန်အင်အားစု အများအပြားမှာ အကျအဆုံးများစွာဖြင့် ချေမှုန်းခံလိုက်ရသည်။
ထို့ကြောင့် သူတို့မှာ နည်းလမ်းတစ်ခုကို ကြံဆလိုက်ပြီး မိုယုယန်ကို ဧကရာဇ်မင်းအဖြစ် တင်မြှောက်ကာ မဟာလော့အသစ်ကို တည်ထောင်ရန် သူမ၏ အမည်ကို အလံထောင်၍ အသုံးချလိုက်ကြတော့သည်။
ဤသို့ အရှိန်အဝါကို ချေးငှားသည့် နည်းဗျူဟာမှာ တကယ်ပင် ထိရောက်လှပေသည်။ ယခုအခါ မိုယုယန်၏ နောက်ကွယ်တွင် မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ရှိနေသည်ကို မည်သူက မသိဘဲ ရှိပါမည်နည်း။
ထိုသူမှာ လက်ရှိသိုင်းလောကတွင် ပြိုင်ဘက်ကင်း အစွမ်းထက်သူဖြစ်ပြီး ကောင်းကင်အဆင့် သိုင်းပညာရှင်များကိုပင် ခွေးတစ်ကောင်ကဲ့သို့ သတ်ဖြတ်နိုင်သူ ဖြစ်သည်။
ထိုကဲ့သို့သော အင်အားစုကို ရန်စဝံ့သူမှန်သမျှ လွတ်မြောက်ရန် မကြံစည်ပါနှင့်လေတော့။ လည်ပင်းကို ဆေးကြောပြီး အသတ်ခံရန် စောင့်နေကြရုံသာ ရှိသည်။
ဤသတင်းမှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများမှာမူ ကြောက်လန့်သွားကြပြီး စစ်တပ်များ ထပ်မံစေလွှတ်ရန် မဝံ့ရဲကြတော့ပေ။
........
လင်းပိုင်ဖန်က ဤသတင်းကို ပြုံးရယ်လျက် မိုယုယန်အား ပြောပြလိုက်သည်။
"စီနီယာကတော့ ကျွန်မကို နောက်နေပြန်ပါပြီ" ဟု မိုယုယန်က ကန့်ကွက်လိုက်သည်။
ယခုအခါ ရက်အနည်းငယ်ကြာ အနားယူပြီးနောက် မိုယုယန်မှာ ဒဏ်ရာများ အပြည့်အဝ သက်သာသွားရုံသာမက ကောင်းကင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်း ထပ်မံတိုးတက်သွားခဲ့သည်။ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် တစ်နှစ်ပင် လိုတော့မည် မဟုတ်ချေ။
သို့သော် သူမကို အပျော်ဆုံးဖြစ်စေသည့်အရာမှာ သူမ၏ ကြီးမားသော ရန်ကြွေးကို ဆပ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် မည်သည့် ဖိအားမျှ မရှိတော့ဘဲ သူမ၏ စိတ်နှလုံးမှာ ပို၍ ပွင့်လင်းလာကာ စီနီယာဖြစ်သူကိုပင် ကလေးဆိုး ဆိုးတတ်လာတော့သည်။
"ငါ မင်းကို နောက်နေတာ မဟုတ်ဘူး။ ဒီအခြေအနေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းလို့ပါ။ အရင်က ဘယ်တုန်းကမှ ဒီလိုနည်းနဲ့ ဧကရာဇ်ကို ရွေးချယ်တာမျိုး မရှိခဲ့ဖူးဘူး၊ အထူးသဖြင့် အမျိုးသမီးဧကရာဇ်ကိုပေါ့"
လင်းပိုင်ဖန်က အားရပါးရ ရယ်မောလိုက်သည်။ "မင်း မဟာလော့ကို သွားမယ့်အချိန်ကို ငါ တကယ် မျှော်လင့်နေတာ။ ဘယ်သူသိမှာလဲ... မင်းက ဧကရာဇ်ဖြစ်လာပြီး ဘဝရဲ့ အထွတ်အထိပ်ကို ရောက်သွားနိုင်တယ်လေ။ စဉ်းစားကြည့်ရုံနဲ့တင် ရင်ခုန်စရာပဲ"
မိုယုယန်က ခေါင်းခါလိုက်ပြီး "ဧကရာဇ်ဖြစ်ဖို့က ကျွန်မရဲ့ ဆန္ဒမဟုတ်ဘူး။ ကျွန်မက အဲ့ဒီလိုနေရာမျိုးနဲ့ မကိုက်ညီပါဘူး။ ကျွန်မရဲ့ တစ်ခုတည်းသော ဆန္ဒက ကလဲ့စားချေဖို့ပဲ။ အခု ရန်သူကို လက်စားချေနိုင်ခဲ့ပြီဆိုတော့ နောက်ဆုံးဆန္ဒ တစ်ခုပဲ ကျန်တော့တယ်"
"အဲ့ဒီဆန္ဒက ဘာလဲ" ဟု လင်းပိုင်ဖန်က မေးလိုက်သည်။
"နောက်မှပဲ ပြောပြတော့မယ် စီနီယာ" ဟု မိုယုယန်က တိုးတိုးလေး ဆိုလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ လှုပ်ခတ်နေပြီး ပါးပြင်လေးများမှာလည်း ချက်ချင်းပင် ရဲတက်သွားတော့သည်။
သူမ၏ ရှက်သွေးဖြန်းနေသော ပုံစံမှာ လင်းပိုင်ဖန်အတွက် အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
ထိုစဉ် မိုယုယန်က သက်ပြင်းချလိုက်ပြီး "သူတို့က ကျွန်မကို ခေါင်းဆောင်အဖြစ် ထားတယ်ဆိုတာက ဒီလိုမျိုး ဝံပုလွေတွေ ဝိုင်းနေတဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ချင်လို့ပဲ။ တကယ်တော့ သူတို့က အပြစ်မဲ့တဲ့ သာမန်လူတွေပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ရဲ့ ဒုက္ခတွေအတွက် ကျွန်မမှာ တာဝန်ရှိနေသလို ခံစားရတယ်။ ဒါကြောင့် သူတို့ကို နောက်ဆုံးတစ်ကြိမ်လောက် ကူညီပေးဖို့ ကျွန်မ ဆုံးဖြတ်ထားတယ်"
"ဘာလုပ်ဖို့ စိတ်ကူးထားလို့လဲ" ဟု လင်းပိုင်ဖန်က စပ်စုလိုက်သည်။
"သူတို့အတွက် ထိုက်တန်တဲ့ အုပ်ချုပ်သူကောင်းတစ်ယောက် ရှာပေးရမယ်"
မိုယုယန်၏ မျက်ဝန်းများမှာ တောက်ပနေလေသည်။ "အုပ်ချုပ်သူကောင်းတစ်ယောက်ရဲ့ လက်အောက်မှာဆိုရင် မဟာလော့ဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေတဲ့ အခြေအနေကနေ လွတ်မြောက်မှာဖြစ်ပြီး ပြည်သူတွေရဲ့ ဘဝကလည်း မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်"
လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ "ဒါက ခက်လိမ့်မယ်။ အုပ်ချုပ်သူကောင်းဆိုတာ ရှာဖို့ မလွယ်ဘူး။ တာအိုဂိုဏ်းကိုပဲ ကြည့်လေ... သူတို့ ရှာနေတာ ဒီလောက်ကြာတာတောင် များများစားစား မတွေ့သေးဘူး။ တွေ့ရင်တောင် ကူညီချင်စိတ် ရှိ၊ မရှိက တစ်ပိုင်းပေါ့။ နောက်ပြီး တစ်ခါတလေမှာ အုပ်ချုပ်သူကောင်း ရှိရုံနဲ့တင် မလုံလောက်ဘူးလေ"
"မခက်ပါဘူး... သူတို့ကို မဟာရှနိုင်ငံထဲ ဝင်ခိုင်းလိုက်ရုံပဲလေ" ဟု မိုယုယန်က ဆိုလိုက်သည်။
"မဟာရှနိုင်ငံထဲ ဝင်ခိုင်းမယ်" လင်းပိုင်ဖန်မှာ အံ့အားသင့်သွားရသည်။
"မဟာရှဧကရာဇ်က ကျွန်မရှာနေတဲ့ အုပ်ချုပ်သူကောင်းပဲ"
မိုယုယန်က ပြုံးလိုက်ပြီး "နန်းတက်ပြီးကတည်းက မဟာရှဧကရာဇ်ဟာ သုံးနှစ်အတွင်းမှာပဲ နိုင်ငံငယ်လေးတစ်ခုကို အင်အားကြီးအင်ပါယာတစ်ခု ဖြစ်အောင် လုပ်နိုင်ခဲ့တယ်"
"သူ့ရဲ့ အုပ်ချုပ်မှုစွမ်းရည်က သံသယဖြစ်စရာ မလိုဘူး။ ပြည်သူတွေအပေါ် ထားတဲ့ သူ့ရဲ့ မေတ္တာကလည်း လူတိုင်းအသိပဲ။ ဒါကြောင့် မဟာလော့က မဟာရှနဲ့ ပူးပေါင်းလိုက်ပြီး ပြည်သူတွေက အင်ပါယာရဲ့ နိုင်ငံသားတွေ ဖြစ်သွားရင် ပြဿနာအားလုံး ပြေလည်သွားလိမ့်မယ်"
..........
ဆုံးဖြတ်ချက် ချပြီးနောက် မိုယုယန်မှာ မဟာလော့သို့ ထွက်ခွာခဲ့သည်။
ယခုအချိန်တွင် မိုယုယန်မှာ တစ်ကမ္ဘာလုံးတွင် အကျော်ကြားဆုံး အမျိုးသမီးဖြစ်နေပြီဟု ဆိုနိုင်ရာ သူမ ပေါ်လာသည်နှင့် လူတိုင်းက ချက်ချင်း မှတ်မိသွားကြသည်။
လူအစုအဝေးမှာ စိတ်လှုပ်ရှားစွာဖြင့် သူမထံ တိုးဝှေ့လာကြတော့သည်။
"ဒါ သူရဲကောင်းမိုပဲ၊ သူရဲကောင်းမို ရောက်လာပြီ"
"ဘာ ဘာသူရဲကောင်းမိုလဲ... သူက ငါတို့ရဲ့ အနာဂတ် ဧကရီပဲ"
"ဟုတ်တယ်... ဟုတ်တယ်... ဧကရီကို ဂါရဝပြုပါတယ်"
အချို့လူများမှာ ဒူးထောက်ရန်ပင် ပြင်နေကြပြီ ဖြစ်သည်။
မိုယုယန်က ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်ရသည် "အားလုံးပဲ စိတ်အေးအေးထားပြီး ကျွန်မစကားကို နားထောင်ပေးကြပါ"
လူအုပ်ကြီးမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူမ ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေကြသည်။
မိုယုယန်က တည်ငြိမ်စွာဖြင့် "လူတိုင်းက ကျွန်မကို ချစ်ခင်မြတ်နိုးပြီး ဧကရာဇ်အဖြစ် တင်မြှောက်ချင်ကြတဲ့အတွက် ကျွန်မ ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မက ဓားနဲ့ လှံကိုပဲ ကျွမ်းကျင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ နိုင်ငံကို အုပ်ချုပ်တဲ့နေရာမှာ ကျွန်မ ဘာမှမသိပါဘူး။ ဒါကြောင့် ကျွန်မကို ဧကရာဇ်အဖြစ် တင်မြှောက်မယ်ဆိုရင် ကျွန်မက သင်တို့အတွက် မျှော်လင့်ချက်ကို မဟုတ်ဘဲ ဘေးဒုက္ခကိုပဲ ယူဆောင်လာပေးမိပါလိမ့်မယ်"
"ဒါက..." လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး ကြည့်လျက် ဇဝေဇဝါ ဖြစ်သွားကြသည်။
မိုယုယန်က သူတို့၏ စေတနာကို ငြင်းပယ်လိုက်သော်လည်း သူမပြောသော စကားမှာလည်း အမှန်ပင် ဖြစ်သည်။
မိုယုယန်မှာ မွေးရာပါ သိုင်းသမားတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးတွင်သာ ကျွမ်းကျင်သူ ဖြစ်သည်။ သို့သော် နိုင်ငံတစ်ခုကို အုပ်ချုပ်ရာတွင် သိုင်းပညာမှာ မလိုအပ်လှပေ။
အကယ်၍ သူမကို နိုင်ငံအုပ်ချုပ်ခိုင်းမည်ဆိုပါက စစ်သည်တော်တစ်ဦးကို စာမေးပွဲ ဖြေခိုင်းသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး အမှားအယွင်းများ ဖြစ်လာနိုင်ပေသည်။ ဆုံးဖြတ်ချက် တစ်ခုခု လွဲချော်သွားပါက ကြီးမားသော ဘေးဒုက္ခများ ဖြစ်လာနိုင်သည်။
သူတို့သည်လည်း ခက်ခဲစွာ တိုက်ယူထားရသော ဘဝကောင်းလေးများ ထပ်မံပျက်စီးသွားမည်ကို မလိုလားကြပေ။
"ဒါကြောင့် လူတိုင်းအတွက် အုပ်ချုပ်သူကောင်းတစ်ယောက်ကို ကျွန်မ ရှာပေးထားပါတယ်"
မိုယုယန်က ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် "မဟာရှဧကရာဇ်ဟာ သင်တို့အားလုံးအတွက် ကျွန်မ ရှာထားပေးတဲ့ အုပ်ချုပ်သူကောင်းပါပဲ။ လူတိုင်းသာ မဟာရှနဲ့ ပူးပေါင်းပြီး သူ့ရဲ့ နိုင်ငံသားတွေ ဖြစ်လာမယ်ဆိုရင် ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို သေချာပေါက် ပိုင်ဆိုင်ရလိမ့်မယ်"
အပိုင်း (၅၀၃)
“ဒါကြောင့် လူတိုင်းအတွက် အုပ်ချုပ်သူကောင်းတစ်ယောက်ကို ကျွန်မ ရှာပေးထားပါတယ်”
မိုယုယန်က ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် “မဟာရှဧကရာဇ်ဟာ သင်တို့အားလုံးအတွက် ကျွန်မ ရှာထားပေးတဲ့ အုပ်ချုပ်သူကောင်းပါပဲ။ လူတိုင်းသာ မဟာရှနဲ့ ပူးပေါင်းပြီး သူ့ရဲ့ နိုင်ငံသားတွေ ဖြစ်လာမယ်ဆိုရင် ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို သေချာပေါက် ပိုင်ဆိုင်ရလိမ့်မယ်”
လူတိုင်း၏ စိတ်နှလုံးတို့မှာ လှုပ်ခတ်သွားကြသည်။ သူတို့အားလုံးသည် မဟာရှနိုင်ငံ၏ တိုးတက်ပြောင်းလဲလာမှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြရသူများ မဟုတ်ပါလား။ မဟာရှနိုင်ငံသားတို့၏ ဘဝများကို မြင်တွေ့ရချိန်တွင် မနာလိုဖြစ်မိခြင်း မရှိဟု ဆိုလျှင်ပင် လိမ်ညာရာ ရောက်ပေလိမ့်မည်။
ယခင် မဟာလော့မင်းဆက် အာဏာရှိစဉ်ကပင် သူတို့သည် မိသားစုများကို ခေါ်ဆောင်ကာ မဟာရှနိုင်ငံသားများအဖြစ် ပြောင်းလဲနေထိုင်ရန် အိမ်မက်ခဲ့ဖူးကြသည်။ သို့သော် ထိုစဉ်က အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် သူတို့၏ အိမ်မက်များမှာ ပျက်စီးခဲ့ရသည်။
“သူရဲကောင်းမို... ဒါ တကယ်ပဲလား။ ကျွန်တော်တို့ တကယ်ပဲ မဟာရှနိုင်ငံသားတွေ ဖြစ်ခွင့်ရမှာလား” ဟု စိတ်လှုပ်ရှားနေသော ပြည်သူတစ်ဦးက မေးလိုက်သည်။
မိုယုယန်က မတင်မကျဖြစ်နေသော အမူအရာကို ဖုံးကွယ်လျက် ပြန်လည်ဖြေကြားလိုက်သည် “ဒါပေါ့... တကယ်ဖြစ်ရမယ်။ ဒီလိုကိစ္စမျိုးကို ကျွန်မက ဘာလို့ နောက်ပြောင်ရမှာလဲ။ ကဲ... မြန်မြန်လုပ်ကြ၊ မဟာရှနိုင်ငံကို ကျွန်ုပ်တို့ရဲ့ သစ္စာရှိမှုကို ပြသဖို့အတွက် အလံတွေကို မြှင့်တင်လိုက်ကြစို့”
“အလံတွေကို အမြန်မြှင့်တင်ကြ” လူအုပ်ကြီးက တစ်ခဲနက် အော်ဟစ်လိုက်ကြသည်။
ထို့နောက် ရွှေရောင်အလံများကို တစ်ခုပြီးတစ်ခု မြှင့်တင်လိုက်ကြပြီး မြို့ရိုးပေါ်တွင် စိုက်ထူလိုက်ကြတော့သည်။ ထိုအလံများမှာ မဟာရှ၏ စစ်အလံများပင် ဖြစ်သည်။ ပုံမှန်အားဖြင့် မဟာရှစစ်တပ်သည် မြို့တစ်မြို့ကို သိမ်းပိုက်ရရှိသည့်အခါ အောင်ပွဲအထိမ်းအမှတ်အဖြစ် ဤအလံကို မြို့ရိုးပေါ်တွင် စိုက်ထူလေ့ရှိသည်။
ယခုမူ မဟာရှစစ်တပ်က လာရောက်တိုက်ခိုက်ခြင်း မရှိပါဘဲ သူတို့ဘာသာ လိုလိုလားလားပင် လက်နက်ချလိုက်ကြခြင်း ဖြစ်သည်။ အလံများမှာ မဟာရှမှ တရားဝင်ပေးပို့သော အလံများမဟုတ်ဘဲ သူတို့ဘာသာ အလျင်အမြန် ချုပ်လုပ်ထားခြင်း ဖြစ်သော်လည်း သူတို့၏ စိတ်ဆန္ဒမှာမူ အစစ်အမှန်ပင် ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး မိုယုယန်မှာ အလွန်ပင် ကျေနပ်သွားတော့သည်။ သူမသည် မဟာလော့နယ်မြေအတွင်း ရက်အနည်းငယ်ကြာ ဆက်နေထိုင်ပြီး မြို့အတော်များများတွင် မဟာရှအလံများ လွှင့်ထူနိုင်ရန် သတင်းစကားများ ဖြန့်ဝေခဲ့သည်။ ဤအတောအတွင်း မိုယုယန်မှာ လူအများရှေ့သို့ ခဏခဏ ထွက်ပြလေ့ရှိသည်။
သို့သော် တာအိုဂိုဏ်းမှာမူ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ရဲချေ။ အကယ်၍ သူမနောက်ကွယ်မှ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးကို မှားယွင်း၍ ရန်စမိပါက တာအိုဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလား။ ကျောထောက်နောက်ခံ ကောင်းသူတစ်ဦးအဖို့ ဤလောကတွင် ဘာကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ချေ။
မဟာလော့၏ မြို့များတွင် မဟာရှအလံများ လွင့်ထူနေပြီး ပြည်သူများကလည်း မိမိကိုယ်ကိုယ် မဟာရှနိုင်ငံသားများအဖြစ် မှတ်ယူနေကြသည်ကို မြင်ရသောအခါမှ မိုယုယန်မှာ စိတ်အေးသွားတော့သည်။ ထို့နောက် သူမသည် မဟာရှနိုင်ငံသို့ သွားရောက်ကာ လင်းပိုင်ဖန်အား တွေ့ဆုံပြီး ဤကိစ္စကို အစီရင်ခံလိုက်သည်။
လင်းပိုင်ဖန်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး “မိုယုယန်... မင်းကတော့ တကယ်ကို လုပ်ရဲတယ်။ ငါ့ရဲ့ ခွင့်ပြုချက်မရဘဲ အရင်လုပ်ပြီးမှ အစီရင်ခံတယ်ပေါ့လေ။ ငါ့ရဲ့ သဘောထားကိုတောင် မမေးဘဲ မဟာလော့ရဲ့ ပြဿနာအားလုံးကို ငါ့ခေါင်းပေါ် ပုံချလိုက်တာပဲ။ ငါ့ရဲ့ အာဏာစက်ကိုရော မင်း အလေးထားရဲ့လား”
မိုယုယန်မှာ သက်ဆိုင်သူကို မတိုင်ပင်ဘဲ ကိုယ့်သဘောနှင့်ကိုယ် လုပ်ဆောင်ခဲ့မိသည့်အတွက် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူမက နူးညံ့သောအသံဖြင့် ချော့မော့လိုက်သည် “အရှင်မင်းကြီး... စိတ်လျှော့ပါဦး။ ကျွန်မ လုပ်ခဲ့တာက အနည်းငယ် မလျော်ကန်ဘူးဆိုပေမဲ့ အဆုံးမှာတော့ အရှင်မင်းကြီးရဲ့ နယ်မြေကို တိုးချဲ့ပေးခဲ့တာပဲလေ။ ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ”
“မင်း ဘာမှမသိပါဘူး”
လင်းပိုင်ဖန်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည် “မဟာလော့က နှစ်ရှည်လများ စစ်ဘေးဒဏ်သင့်ထားတာ။ ပြည်သူတွေကလည်း ဆင်းရဲမွဲတေနေပြီး သယံဇာတတွေကလည်း ရှားပါးနေပြီ။ ဒါတင်မကသေးဘူး... လူတွေကလည်း ဆိုးသွမ်းပြီး အုပ်ချုပ်ရခက်တယ်။ အကယ်၍ ငါက မဟာလော့ကို သိမ်းပိုက်မယ်ဆိုရင် အခြေအနေတွေကို ပြန်ထိန်းဖို့အတွက် အများကြီး ကုန်ကျလိမ့်မယ်”
“ဥပမာ ပြောရရင် အဲ့ဒီမှာ လူဦးရေ သန်းနှစ်ဆယ်ကျော် ရှိတယ်။ သူတို့ ငြိမ်ဝပ်ပိပြားနေဖို့ဆိုရင် လူသန်းနှစ်ဆယ်အတွက် လုံလောက်တဲ့ စားနပ်ရိက္ခာကို ငါက ထောက်ပံ့ပေးရမယ်။ အဲ့ဒါ ဘယ်လောက်များတဲ့ ပမာဏလဲဆိုတာ မင်း သိရဲ့လား။ ဘယ်နိုင်ငံကများ ဒီလောက်အကုန်အကျကို တောင့်ခံနိုင်မှာလဲ”
“အကယ်၍ ကောင်းကောင်းမကိုင်တွယ်နိုင်ရင် အင်ပါယာတစ်ခုလုံးပါ အောက်ကို ဆွဲချခံရပြီး နိုင်ငံတော်အင်အား ဆုတ်ယုတ်သွားနိုင်တယ်။ ဒါက မင်း ငါ့ဆီကို မမေးမမြန်းဘဲ ပစ်ထည့်လိုက်တဲ့ ပူထူနေတဲ့ အာလူးအပူကြီးပဲ (ကိုင်ရခက်တဲ့ ပြဿနာပဲ)။ အဲ့ဒါကို ငါက စိတ်ဆိုးသင့်သလား၊ မဆိုးသင့်ဘူးလား”
မိုယုယန်မှာ ပို၍ပင် အားနာသွားသော်လည်း မျက်နှာပြောင်တိုက်ကာပင် “ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ လုပ်လိုက်ပြီ၊ တစ်ကမ္ဘာလုံးလည်း သိသွားပြီ။ အရှင် မလိုချင်လည်း သဘောတူရတော့မှာပဲ။ နောက်ပြီး ဒါက ကျွန်မနောက်ကွယ်က စီနီယာရဲ့ ဆန္ဒလည်း ပါတယ်...”
လင်းပိုင်ဖန်က စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။
ငါ့ရဲ့ နာမည်ပွားကို သုံးပြီး ငါ့ကို ပြန်ခြိမ်းခြောက်ရဲတယ်ပေါ့လေ။
လင်းပိုင်ဖန်က ချက်ချင်းပင် ပြန်လည်တုံ့ပြန်လိုက်သည် “သူက ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းရဲ့ အဲ့ဒီစီနီယာ ကိုယ်တိုင်လာရင်တောင် ငါ သဘောမတူနိုင်ဘူး”
မိုယုယန်မှာ အလွန်ပင် အံအားသင့်သွားခဲ့ရသည်။ ဤလောကတွင် သူမနောက်ကွယ်မှ စီနီယာကို မကြောက်သောသူ ရှိနေသည်မှာ တကယ့်ကို မယုံနိုင်စရာပင်။
“အရှင်မင်းကြီး... အကယ်၍ အရှင် သဘောမတူဘူးဆိုရင် ကျွန်မ သူ့ကို ခေါ်လိုက်ရလိမ့်မယ်နော်။ စီနီယာ ရောက်လာရင်တော့ အခြေအနေတွေက ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်လိမ့်မယ်” ဟု မိုယုယန်က ခြိမ်းခြောက်သလိုလိုဖြင့် ဆိုလိုက်သည်။ သူမ၏ အသံမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ ရင်တုန်နေမိသည်။
“ခေါ်လိုက်လေ... ငါ ဒီကနေပဲ စောင့်နေမယ်”
“ကျွန်မ တကယ် ခေါ်မှာနော်။ စီနီယာက စိတ်တိုတတ်တယ်၊ သူလာရင် အရှင့်ကို အရေးယူလိမ့်မယ်”
“မြန်မြန်သာ ခေါ်စမ်းပါ၊ ကလေးလို တုံ့ဆိုင်းတုံ့ဆိုင်း လုပ်မနေနဲ့”
“ကျွန်မ တကယ်ကြီး ခေါ်တော့မှာနော်”
“ခေါ်လေ... မင်း အသံကုန်ဟစ်ပြီး ခေါ်လိုက်စမ်းပါ။ မင်း လည်ချောင်းကွဲမတတ် အော်ရင်တောင် ငါကတော့ ဂရုစိုက်မှာ မဟုတ်ဘူး”
“…”
နောက်ဆုံးတွင်တော့ မိုယုယန်မှာ စီနီယာကို မခေါ်ဖြစ်ခဲ့ပေ။ အကြောင်းမှာ သူမသည် စီနီယာကို တကယ်ခေါ်၍ ရ၊ မရ မသေချာသောကြောင့် ဖြစ်သည်။ ထို့ထက် ပိုသည်မှာ စီနီယာ ရောက်လာပြီး သူမက စီနီယာ့အမည်ကို သုံးကာ လူတွေကို လိမ်ညာလှည့်ဖျားနေသည်ကို သိသွားပါက စီနီယာ စိတ်ဆိုးသွားမည်ကို သူမ ပို၍ ကြောက်မိသောကြောင့်ပင် ဖြစ်သည်။
“ကောင်းပါပြီ အရှင်မင်းကြီး... အခုကိစ္စကို အရှင်မင်းကြီး ကိုင်တွယ်ပေးမယ်ဆိုရင် ကျွန်မ အရှင့်ကို ကျေးဇူးအကြီးကြီး တင်ရှိသွားပါလိမ့်မယ်။ လောကဝတ်နဲ့ မဆန့်ကျင်တဲ့ ဘယ်ကိစ္စမျိုးကိုမဆို အရှင့်ကို ကျွန်မ ပြန်ကူညီပေးပါ့မယ်။ ဒါဆိုရင် ရပြီလား” ဟု မိုယုယန်က အလျှော့ပေးလိုက်ရသည်။
“ဒါမှ ဟုတ်တာပေါ့”
လင်းပိုင်ဖန်က ခေါင်းညိတ်ပြလိုက်ပြီး “ဒါပေမဲ့ မင်း ငါ့ကို ကျေးဇူးတွေ အများကြီး တင်နေပြီနော်။ အားလုံးကို ပြန်ဆပ်ဖို့ မမေ့နဲ့ဦး”
မိုယုယန်မှာ ရှက်ကိုးရှက်ကန်းဖြင့် သူမ၏ မျက်နှာကို လက်ဖြင့် အုပ်လိုက်မိတော့သည်။