အခန်း (၅၀၆-၅၀၇)
Vol. 47 Ch. 506-507
အပိုင်း (၅၀၆)
မဟာရှနန်းတော်အတွင်း၌ လင်းပိုင်ဖန်သည်လည်း ထိုသတင်းကို လျင်မြန်စွာ ရရှိခဲ့သည်။ သူက အလွန်ပင် တည်ငြိမ်စွာဖြင့် -
“ငါကိုယ်တော် သိပြီးပြီ။ အမတ်တွေကို မထိတ်လန့်ကြဖို့ အမိန့်ထုတ်လိုက်။ သူတို့ကို ကာကွယ်ဖို့အတွက် ငါကိုယ်တော် ကျွမ်းကျင်သူတွေ စေလွှတ်ထားပြီးပြီ။ ဘာမှ အမှားအယွင်း ဖြစ်လာမှာ မဟုတ်ဘူး”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
လင်းပိုင်ဖန်သည် အင်ပါယာ မြေပုံကို ဖွင့်လိုက်ပြီး တစ်နိုင်ငံလုံးကို စတင်စောင့်ကြည့်လေသည်။ ဤအချိန်တွင် မှောင်ခိုလောကမှ ကျွမ်းကျင်သူအများအပြားသည် မဟာရှနိုင်ငံအတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်လာကြရာ အားလုံးမှာ လင်းပိုင်ဖန်၏ မျက်စိအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင် လင်းပိုင်ဖန်သည် အမှောင်ထဲရှိနေသူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းပြပြီး ကောင်းကောင်းကြီး သတိပေးရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ရန်သူ့ဘက်က အန္တရာယ်ပြုမည့် အရိပ်အယောင် အနည်းငယ်ပြသည်နှင့် သူက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း လက်ဦးမှုရယူလေသည်။
ထို့ကြောင့်ပင် သွေးစိုနေသော ဦးခေါင်းများမှာ တစ်ခုပြီးတစ်ခု မြေခကုန်ကြသည်။ မဟာရှမြေပေါ်သို့ ခြေချမိသူမှန်သမျှမှာ မဟာရှတွင်ပင် ထာဝရ အိပ်စက်သွားကြရတော့သည်။ သူတို့သည် မည်သည့်တုံ့ပြန်မှုမျှ မပြုနိုင်လိုက်ခင်မှာပင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားကြရသည်။
......
ဆယ်ရက်တာအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မဟာရှနိုင်ငံအတွင်း၌ အေးချမ်းသာယာမြဲ ရှိနေသော်လည်း မှောင်ခိုလောကမှာမူ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေေလသည်။
ဆုကြေးငွေ ထုတ်ပြန်ထားသည်မှာ ဆယ်ရက်ရှိနေပြီဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဆုကြေးေငွလာရောက် ထုတ်ယူခြင်းမရှိဘဲ မိုးချိန်းသံ ကျယ်ခဲ့သလောက် လက်တွေ့မှာမူ ဘာမိုးမှ မရွာခဲ့ပေ။ လူတိုင်းက ဇဝေဇဝါ ဖြစ်နေကြသည်။ အဘယ်ကြောင့် ဆယ်ရက်တိုင်အောင် မည်သည့်လှုပ်ရှားမှုမျှ မရှိရသနည်း။
မဟာရှ၏ အဆင့်မြင့်အရာရှိများကို မသတ်နိုင်လျှင်ပင် အရာရှိငယ်လေးများကို သတ်ရန်မှာ ပြဿနာမရှိသင့်ပေ။ ထိုအရာရှိငယ်လေးများတွင်ပင် ကာကွယ်ပေးမည့် ကျွမ်းကျင်သူများ ရှိနေသည်မှာ ဖြစ်နိုင်ပါ့မလား။
ဤအချိန်တွင် အချို့သူများမှာ စတင်ထိတ်လန့်လာကြသည်။
“မှောင်ခိုလောကက ကျွမ်းကျင်သူအားလုံးကို မဟာရှက သတ်ပစ်လိုက်တာများလား။ ဒါကြောင့်လည်း ဘာသတင်းမှ မကြားရတာ ဖြစ်နိုင်တယ်”
အကယ်၍ ထိုအတိုင်းသာဆိုလျှင် အလွန်ပင် ကြောက်စရာကောင်းလှသည်။ မည်သူမျှ အဖြေကို အတိအကျမသိသော်လည်း လူတိုင်း၏ မျက်စိထဲတွင် မဟာရှသည် ပိုမိုလျို့ဝှက်ဆန်းကြယ်ကာ အင်အားကြီးမားသော နိုင်ငံအဖြစ် မြင်လာကြသည်။ ဆုငွေအမြောက်အမြား ထုတ်ထားခြင်းမှာလည်း ယခုတော့ ဟာသတစ်ခုလို ဖြစ်နေတော့သည်။
ထိုအချိန်တွင် မဟာလော့နယ်မြေအတွင်းရှိ မိုယုယန်ထံသို့ လင်းပိုင်ဖန်၏ တာဝန်ပေးချက်တစ်ခု ရောက်ရှိလာသည်။
“မိန်းကလေးမို... အရှင်မင်းကြီးက သင့်ကို အကူအညီတစ်ခု တောင်းချင်နေပါတယ်။ ဒီကိစ္စကို ကောင်းကောင်း ဆောင်ရွက်နိုင်ရင် အကြွေးတစ်ခု ပြန်ဆပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်”
မိုယုယန်မှာ စိတ်လှုပ်ရှားသွားပြီး “ဘာတာဝန်လဲ” ဟု မေးလိုက်သည်။
မိန်းမစိုးလျှိုက ပြုံးလျက် - “မှောင်ခိုလောကထဲမှာ မဟာရှအရာရှိတွေကို ဆုကြေးငွေထုတ်ပြီး လုပ်ကြံဖို့ ကြံစည်နေကြတယ်၊ ဒါကြောင့် အရာရှိတွေအားလုံး စိုးရိမ်ထိတ်လန့်နေကြရတယ်။ အရှင်မင်းကြီးကလည်း ဒီကိစ္စကို အင်မတန် စိတ်အနှောင့်အယှက် ဖြစ်နေတယ်။ နောက်ကွယ်က ကြိုးကိုင်သူကို မတွေ့သေးပေမဲ့ အခုလို ဆုကြေးငွေ ထုတ်ပြန်ခွင့်ပေးထားတဲ့ မှောင်ခိုဈေးကွက်တွေက အရှင်မင်းကြီးကို မလေးစားရာရောက်ေနတယ်။ ဒါကြောင့် သင်ကိုယ်တိုင် သွားရောက်ပြီး အဲဒီမှောင်ခိုဈေးကွက်တွေကို အမြစ်ပြတ် ရှင်းလင်းပေးစေချင်တာပါ”
“ကောင်းပါပြီ” မိုယုယန်က တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်သည်။
နောက်ဆုံးတော့ သူမ အကြွေးဆပ်နိုင်တော့မည်ဖြစ်ပြီး ဤတာဝန်မှာလည်း သူမအတွက် သိပ်မခက်ခဲလှပေ။
“ဒါပေမဲ့ မှောင်ခိုဈေးကွက်တွေက ဘယ်နေရာမှာ ရှိတယ်ဆိုတာ ကျွန်မမသိဘူး။ အသေးစိတ်စာရင်းနဲ့ လိပ်စာလေးတွေ ပေးစေချင်ပါတယ်”
“မိန်းကလေးမိုအတွက် အားလုံး ပြင်ဆင်ထားပြီးသားပါ”
မိုယုယန်သည် မိန်းမစိုးလျှို ပေးအပ်လာသော အသေးစိတ် အချက်အလက်များကို ယူဆောင်ကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူမသည် အနီးဆုံး မှောင်ခိုဈေးကွက်ဆီသို့ အပြေးအလွှား ချီတက်သွားလေသည်။
ဤမှောင်ခိုဈေးကွက်မှာ မဟာသဲ မင်းဆက်အတွင်း၌ တည်ရှိပြီး ဒေသခံမင်းသားတစ်ဦးက လျှို့ဝှက်စွာ လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ကောလာဟလများ ရှိသည်။ လက်တွေ့တွင်လည်း အစွမ်းအစနှင့် နောက်ခံမရှိဘဲ မှောင်ခိုဈေးကွက်တစ်ခုကို မည်သူမျှ မတည်ထောင်နိုင်ပေ။
သို့သော် မိုယုယန်မှာမူ အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ သူမ၏နောက်ကွယ်တွင် မဟာကောင်းကင်အဆင့် တစ်ယောက် ရှိနေသည် မဟုတ်ပါလား။ မည်သည့်မှောင်ခိုဈေးကွက်၏ နောက်ခံကမျှ သူမကို မယှဉ်နိုင်ပေ။ သူမကိုယ်တိုင်ကလည်း ကောင်းကင်အဆင့်အောက်တွင် နံပါတ်တစ်ဟု ဆိုနိုင်ကာ ကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူမကို အနိုင်ယူရန် ခဲယဉ်းလှသည်။
ထို့ကြောင့်ပင် သူမသည် ဘာကိုမျှ ထည့်မတွက်ဘဲ ရန်သူ့အလယ်သို့ တိုက်ရိုက် တိုးဝင်လိုက်တော့သည်။ သွေးလေများ ထန်သွားကာ အလောင်းများမှာလည်း နေရာအနှံ့ ပုံသွားရသည်။
“မင်း ဒီလောက် လက်လွတ်စပယ် သတ်နေတာ ငါတို့နောက်ကွယ်မှာ ဘယ်သူရှိလဲ သိရဲ့လား။ ငါတို့ကို ထောက်ပံ့ထားတဲ့ မင်းသားကို မကြောက်ဘူးလား” ဟု တစ်ဦးက အော်ဟစ် ခြိမ်းခြောက်လိုက်သည်။
မိုယုယန်ကမူ “နင်တို့က ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မှောင်ခိုလောကက လူမှန်သမျှ သေထိုက်တယ်” ဟု ပြန်ပြောကာ သူမ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ လူပေါင်းများစွာ၏ အသက်မှာ ထပ်မံ ကြွေလွင့်သွားရပြန်သည်။
နောက်ဆုံးတွင် ထိုမှောင်ခိုဈေးကွက်အတွင်းရှိ လူအားလုံးကို အမြစ်ပြတ် ရှင်းလင်းပစ်လိုက်သည်။ ထို့နောက် မိုယုယန်သည် အနားမယူဘဲ နောက်ထပ် မှောင်ခိုဈေးကွက်တစ်ခုဆီသို့ ဦးတည်သွားပြန်သည်။
တစ်လခွဲပင် မပြည့်မီ အချိန်အတွင်းမှာပင် သူမသည် မှောင်ခိုဈေးကွက် ၁၀ ခုကို တိုက်ခိုက်ခဲ့ပြီး လူပေါင်းသောင်းချီကို သတ်ဖြတ်ခဲ့ရာ တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။
“မိန်းကလေးမို ဘာဖြစ်သွားတာလဲ။ ဘာလို့ မှောင်ခိုဈေးကွက်ကလူတွေကို ဒီလောက် သတ်နေရတာလဲ”
“ကြားရတာတော့ သူက မဟာရှက ပေးတဲ့ တာဝန်ကို လုပ်နေတာတဲ့။ ဒီမှောင်ခိုဈေးကွက်တွေက မဟာရှရဲ့ အရာရှိတွေကို လုပ်ကြံဖို့ ဆုကြေးေငွထုတ်ခဲ့လို့ မဟာရှဧကရာဇ်က ဒေါသထွက်ပြီး မိန်းကလေးမိုကို ခိုင်းလိုက်တာတဲ့။ ဆုကြေးငွေထုတ်တဲ့သူကို ရှာမတွေ့တော့ မှောင်ခိုဈေးကွက်တွေကိုပဲ မဲပြီး ရှင်းပစ်လိုက်တာပေါ့”
“ဒါကြောင့်ကိုး၊ မိန်းကလေးမိုနဲ့ မဟာရှဧကရာဇ်က တကယ်ကို ရက်စက်တာပဲ”
“မှောင်ခိုဈေးကွက်ရဲ့ နောက်ကွယ်က လူတွေတော့ ကောင်းကောင်းကြီး အထိနာသွားပြီဲ”
“ဟုတ်တယ်၊ ပိုက်ဆံလည်း မရတဲ့အပြင် စီးပွားရေးပါ ပျက်သွားပြီ။ ပြန်နာလန်ထူဖို့ ဆယ်စုနှစ်နဲ့ချီ ကြာဦးမှာ”
“ညဘက် လမ်းကို ခဏခဏ လျှောက်ရင် သရဲနဲ့ တွေ့တတ်တယ်ဆိုတာ ဒါမျိုးပေါ့”
......
နောက်ဆုံး မှောင်ခိုဈေးကွက်ကို ဖျက်ဆီးပြီးနောက် မိုယုယန်က ခြိမ်းခြောက်လိုက်သည် -
“ဒါဟာ မဟာရှကို စော်ကားတဲ့သူတွေရဲ့ ကံကြမ္မာပဲ။ အကယ်၍ နင်တို့ထဲက ဘယ်သူမဆို မဟာရှအပေါ် နောက်တစ်ကြိမ် ဆုကြေးငွေထုတ်ရဲဦးမယ်ဆိုရင် ငါကိုယ်တိုင် လာပြီး သင်ခန်းစာ ပေးမယ်”
မှောင်ခိုဈေးကွက် အသီးသီး၏ ပိုင်ရှင်များသည် နောက်တစ်ကြိမ် မလုပ်ရဲတော့ဘဲ ဆုကြေးစာရင်းများကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်ကြသည်။ ဤသို့ဖြင့် ထိုကိစ္စမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
ထိုအတောအတွင်း မဟာရှသည် မဟာလော့နယ်မြေတစ်ခုလုံးကို ရက်ပေါင်း ၂၀ ကျော်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး အင်ပါယာ မြေပုံသည်လည်း ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အပိုင်း (၅၀၇)
အင်ပါယာ မြေပုံ ( စူပါအဆင့် )
ပိုင်နက်နယ်မြေ: ၂၂.၁ သန်း စတုရန်းလီ (စိုက်ပျိုးနိုင်သောမြေ ၁၂.၈ သန်း စတုရန်းလီ)
နိုင်ငံတော်အရင်းအမြစ်: ငွေတေး ၃.၈၅ ဘီလီယံ (ရွှေတွင်း ၁၀ ခု၊ ငွေတွင်း ၁၉ ခု၊ ကြေးနီတွင်း ၂၉ ခု၊ သံတွင်း ၄၅ ခု...)
လူဦးရေ: ၂၂၁ သန်း ( လူချမ်းသာ ၁%၊ လူလတ်တန်းစား ၃၆%၊ ဆင်းရဲသား ၆၃%)
စစ်အင်အား: ၆.၂၂ သန်း ( ကောင်းကင်အဆင့် ၄ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၇၆ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၃၃,၀၀၀ ဦး...)
စုစုပေါင်း စုံနိုင်ငံတော်အင်အား: ၂၉,၂၀၀ (အင်ပါယာအဆင့်)
......
ပိုင်နက်နယ်မြေမှာ စတုရန်းလီ ၃ သန်းကျော် တိုးပွားလာခဲ့သည်။ နိုင်ငံတော်အရင်းအမြစ်မှာလည်း ငွေတေး ၆ သန်းနီးပါး တိုးလာခဲ့သည်။ လူဦးရေမှာ ၂၆ သန်းကျော် တိုးလာသော်လည်း အားလုံးမှာ ဆင်းရဲသားများသာ ဖြစ်သောကြောင့် လူဦးရေအချိုးအစားမှာ အနည်းငယ် ကျဆင်းသွားခဲ့သည်။
စစ်အင်အားမှာမူ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘဲ ချီဖွဲ့တည်ခြင်းအဆင့် ၂ ဦးနှင့် သာမန်သိုင်းပညာရှင် ၁,၀၀၀ ခန့်သာ ထပ်တိုးလာခဲ့သည်။ သို့သော် စုစုပေါင်းနိုင်ငံတော်အင်အားမှာ ၂,၇၀၀ မှတ်အထိ တိုးလာခဲ့ရာ ၃၀,၀၀၀ မှတ် ပြည့်ရန် အနည်းငယ်သာ လိုတော့သည်။
လင်းပိုင်ဖန်မှာ ၃၀,၀၀၀ အမှတ်ကို မကျော်နိုင်သေးသဖြင့် အနည်းငယ် စိတ်ပျက်သွားမိသည်။ သို့သော်လည်း ကွာဟချက်မှာ အလွန်နည်းပါးလှသဖြင့် မကြာမီမှာပင် ဤအတားအဆီးကို ကျော်ဖြတ်ပြီး ကြီးမားသော အပြောင်းအလဲကို ကြုံတွေ့ရတော့မည်ဟု သူ ယုံကြည်နေသည်။
“ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသည့်အတွက် သင့်ကိုယ်ပိုင်ခွန်အားကိုလည်း တစ်ပြိုင်နက် မြှင့်တင်ပေးလိုက်ပါသည်။ ဆုလာဘ်အဖြစ် ' မူလအဆင့် မောက္ခအနန္တကျင့်စဉ်' ကို ပေးအပ်လိုက်ပါသည်”
“ဆိုရိုးစကားအတိုင်း 'လေမှာ ရုပ်နာမ်မရှိ၊ တိမ်မှာ အပြောင်းအလဲ မြန်သည်။ လေနှင့်တိမ် ပေါင်းစည်းပါက လောက၌ ပြိုင်ဘက်ကင်း၏' ဟူသကဲ့သို့ မူလအဆင့် မောက္ခအနန္တကျင့်စဉ်မှာ ဗောဓိဓမ္မက လေနှင့်တိမ်တို့၏ စွမ်းအားကို ပေါင်းစပ်ဖန်တီးထားသည့် ပြိုင်ဘက်ကင်း သိုင်းကျမ်းဖြစ်သည်။ တစ်ကြိမ် ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးကို အရောင်ပြောင်းသွားစေနိုင်သည်”
လင်းပိုင်ဖန်မှာ ထိုကျင့်စဉ်ကို လျင်မြန်စွာပင် စုပ်ယူလိုက်သည်။ ဤကျင့်စဉ်ကို ရရှိပြီးနောက် သူသည် မိမိ၏ ခွန်အားထက် အဆပေါင်းများစွာ သာလွန်သော စွမ်းအားကို ချက်ချင်း ထုတ်ဖော်နိုင်လာသည်ကို တွေ့ရှိခဲ့ရသည်။ မြင့်မြတ်ကောင်းကင်အဆင့်သို့ မရောက်သေးသော်လည်း ထိုအဆင့်ရှိသူနှင့် ယှဉ်ပြိုင်လျှင်ပင် မည်သူနိုင်မည်ကို မခန့်မှန်းနိုင်လောက်အောင်ပင် အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
နိုင်ငံတော်အင်အား တိုးတက်မှုကြောင့် ခွန်အားများ ပိုမိုတိုးပွားလာရာ လင်းပိုင်ဖန်သည် စိတ်ကြည်လင်စွာဖြင့် နန်းတွင်းဥယျာဉ်အတွင်း လမ်းလျှောက်နေမိသည်။ မသိစိတ်ဖြင့် လမ်းလျှောက်ရင်း တိတ်ဆိတ်သော ဝင်းအိမ်လေးတစ်ခုအတွင်းသို့ ရောက်ရှိသွားရာ ဇရပ်လေးအတွင်း၌ ပန်းချီဆွဲရန် အာရုံစူးစိုက်နေသော လီရှီဟွာကို တွေ့လိုက်ရသည်။
လီရှီဟွာသည် ပန်းချီနယ်မြေတွင် သူနှင့်တွေ့ဆုံခဲ့သော ပန်းချီပါရမီရှင် မိန်းကလေးဖြစ်သည်။ ပန်းချီဆရာကြီးထံတွင် တပည့်ခံပြီးနောက် ဆရာတပည့်နှစ်ဦးလုံးမှာ လင်းပိုင်ဖန်နောက်သို့ လိုက်ပါလာကာ မဟာရှ၏ နန်းတွင်းပန်းချီဆရာများ ဖြစ်လာခဲ့ကြသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဆရာဖြစ်သူ၏ လမ်းညွှန်မှုကြောင့် သူမ၏ လက်ရာများမှာ အံ့မခန်း တိုးတက်လာခဲ့သည်။ နောက်ထပ် အနှစ် ၂၀ မပြည့်မီမှာပင် သူမသည် ပန်းချီပညာဖြင့် ညဏ်အလင်းရကာ သူမဆရာကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပေသည်။
သူမ အာရုံစူးစိုက်နေသည်ကို မြင်သောကြောင့် လင်းပိုင်ဖန်မှာ မနှောင့်ယှက်ဘဲ အသာအယာ အနားကပ်ကာ ဘာဆွဲနေသလဲဟု ကြည့်လိုက်သည်။ ပန်းချီကားထဲ၌ ထင်ရှားသော မျက်နှာပေါက်၊ လွင့်မျောနေသော ဆံနွယ်များ၊ ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများနှင့် ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး မှီထိုင်နေသည့် အမျိုးသားတစ်ဦး၏ ပုံတူကို ဆွဲနေခြင်းဖြစ်သည်။ ထိုအမျိုးသား၏ နှုတ်ခမ်းထောင့်တွင် အနည်းငယ် ပြုံးယောင်သန်းနေပြီး ခန့်ညားထည်ဝါသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
လင်းပိုင်ဖန်မှာ အံ့အားသင့်သွားသည်။ ဒါ သူ့ပုံတူပင် မဟုတ်ပါလား။ ပုံရိပ်တင်မကဘဲ စိတ်ဝိညာဉ်ပါ ပါဝင်နေသကဲ့သို့ မှန်ထဲတွင် ကြည့်နေရသလိုပင် ထင်မှတ်ရသည်။ ထိုစဉ်မှာပင် သူမက နောက်ဆုံးအနားသတ် တစ်ချက်ကို ဖြည့်လိုက်ရာ ပုံတူကားမှာ ပို၍ သက်ဝင်လှုပ်ရှားသွားပြီး -
“နောက်ဆုံးတော့ ပြီးသွားပြီ” ဟု ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
“မဆိုးဘူးပဲ၊ တကယ် တော်တယ်” လင်းပိုင်ဖန်က ချီးကျူးလိုက်သည်။
“အမလေး…!” လီရှီဟွာမှာ ထိတ်လန့်တကြား အနောက်သို့ လှည့်ကြည့်လိုက်ရာ လင်းပိုင်ဖန်ကို မြင်သဖြင့် ထပ်မံ လန့်သွားပြန်သည်။
သူမ၏ မျက်နှာမှာ နီမြန်းသွားပြီး ပန်းချီကားကို အမြန်ဖုံးလိုက်ကာ -
“အရှင်... အရှင်မင်းကြီး၊ ဘာလို့ ဒီကို ရောက်လာတာလဲ” ဟု ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။
လင်းပိုင်ဖန်က ပြုံးလျက် - “ငါကိုယ်တော် အားနေတာနဲ့ လျှောက်သွားရင်း ဒီဘက် ရောက်လာတာပါ၊ မင်း ပန်းချီဆွဲနေတာ မြင်လို့ ဘာများလဲလို့ လာကြည့်တာ”
“အရှင်မင်းကြီး... ဒီမှာ ရောက်နေတာ ကြာပြီလားဟင်” လီရှီဟွာက စိုးရိမ်တကြီး မေးလိုက်ပြန်သည်။
“မကြာသေးပါဘူး၊ လက်ဖက်ရည် တစ်ဝက်လောက် သောက်လို့ ကုန်တဲ့ အချိန်လောက်ပါပဲ”
လီရှီဟွာ၏ မျက်လုံးများမှာ ဝိုင်းစက်သွားသည်။ လက်ဖက်ရည် တစ်ဝက်စာ အချိန်ဆိုလျှင် သူမ သူ့ပုံဆွဲနေသည်ကို သူအကုန်မြင်သွားပြီပေါ့။ သေလိုက်ပါတော့... ရှက်စရာကြီး…။
သူခိုးလူမိသကဲ့သို့ ရှက်ရွံ့နေသော လီရှီဟွာမှာ -
“အရှင်မင်းကြီး... မဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့၊ ဒါက... ဟို မှူးမတ်ကတော်အချို့က အရှင့်ရဲ့ ပုံတူ လိုချင်တယ်ဆိုပြီး လာတောင်းဆိုလို့ ဆွဲပေးနေတာပါ။ တမင် ရည်ရွယ်ပြီး ဆွဲတာ မဟုတ်ပါဘူး...”
လင်းပိုင်ဖန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် - “အင်း... ငါ နားလည်ပါတယ်။ မင်းက တမင်လုပ်တာ မဟုတ်ဘဲ ‘မတော်တဆ ရည်ရွယ်ချက်ရှိရှိ’ လုပ်တာပေါ့လေ”
“ဟုတ်... ဟုတ်ကဲ့ပါ” လီရှီဟွာမှာ ယောင်ယမ်းပြီး ခေါင်းညိတ်လိုက်မိသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် -
“ဟင်….???”
သူမ၏ ကြောင်အအပုံစံကို မြင်သောအခါ လင်းပိုင်ဖန်မှာ ရယ်မောလိုက်ပြီး သူမ၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။
“လီရှီဟွာ... အရမ်း စိတ်မလှုပ်ရှားပါနဲ့။ မင်းက နန်းတွင်းပန်းချီဆရာမပဲ၊ ငါ့ပုံဆွဲတာ သဘာဝကျပါတယ်”
“မှန်ပါ... ကျွန်မက နန်းတွင်းပန်းချီဆရာမဆိုတော့ အရှင့်ရဲ့ ပုံတူကိုဆွဲတာ ပုံမှန်ပါပဲ” လီရှီဟွာမှာ ဆင်ခြေတစ်ခု ရသွားသဖြင့် သက်ပြင်းချနိုင်သွားသည်။
လင်းပိုင်ဖန်က ပန်းချီကားကို ဆက်ကြည့်နေရာ လီရှီဟွာက “အရှင်မင်းကြီး... ကျွန်မ လက်ရာ ဘယ်လိုနေလဲဟင်” ဟု မေးလိုက်သည်။
“အရမ်းကောင်းတယ်၊ ရုပ်ရော စိတ်ဝိညာဉ်ရော သက်ဝင်တယ်။ ဒါပေမဲ့ တစ်ခုခုတော့ လိုနေသေးတယ်”
လီရှီဟွာမှာ ပို၍ စိုးရိမ်သွားကာ “ဘာလိုနေတာလဲဟင် အရှင်မင်းကြီး”
လင်းပိုင်ဖန်က ရှင်းပြလိုက်သည် - “မင်းက ငါ့ရဲ့ ရုပ်အသွင်နဲ့ စိတ်ဓာတ်ကို ပုံဖော်နိုင်ပေမဲ့ ‘ခံစားချက်အနုပညာ’ ပိုင်းမှာ အားနည်းနေသေးတယ်။ ငါဆိုတာက သာမန်လူတစ်ယောက်တည်း မဟုတ်ဘူး၊ မဟာရှရဲ့ ဧကရာဇ်လည်း ဖြစ်တယ်။ ဒါကြောင့် ငါ့ပုံရိပ်မှာ ငါ့ရဲ့နောက်ကွယ်က မဟာရှနိုင်ငံတော်ကြီးကိုပါ မြင်အောင် ပုံဖော်နိုင်ရမယ်”
“ဒါကို ဘယ်လိုလုပ်ရမလဲ ကျွန်မ မသိဘူး၊ အရှင်မင်းကြီး နည်းလမ်းလေး ပြပေးပါလား” လီရှီဟွာက နှိမ့်ချစွာ သင်ပြမှုကို တောင်းခံလိုက်သည်။
“လက်တွေ့ မလုပ်ဘဲနဲ့ ဘယ်အရာမှ မပြည့်စုံနိုင်ဘူး။ ဒါကြောင့် မင်း ငါကိုယ်တော်နဲ့ ခဏခဏ တွေ့ပြီး ငါ့ရဲ့ ဧကရာဇ် အရှိန်အဝါကို အနီးကပ် လေ့လာသင့်တယ်။ မင်း ပိုသိလာလေ၊ ပိုခံစားမိလေ၊ ပိုပြီး ကောင်းအောင် ဆွဲနိုင်လေ ဖြစ်မှာပါ။ ငါကိုယ်တော်ကတော့ အမြဲ အားတယ်။ မင်း ကြိုက်တဲ့အချိန် လာတွေ့နိုင်တယ်”
ဟင်…. အရှင်မင်းကြီးက ငါ့ကို ပိုးပန်းနေတာလား။
အမြဲတမ်း အူတူတူ ဖြစ်နေတတ်သော လီရှီဟွာပင်လျှင် ထိုစကားကို ခံစားမိသွားပြီး ရင်ထဲမှာ ပျော်ရွှင်မှုများ ပြည့်လျှံကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်မိသည်။
“မှန်လှပါ... အရှင်မင်းကြီး”
ထိုစဉ်မှာပင် ပန်းချီဆရာကြီး ရောက်ရှိလာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ သူက ခေါင်းခါလိုက်ပြီး -
“အရှင်မင်းကြီးကတော့ လီရှီဟွာကို ထပ်ပြီး စနောက်နေပြန်ပြီ”
“စကားကို လျှောက်မပြောနဲ့။ ငါကိုယ်တော်က လီရှီဟွာကို ပန်းချီဆွဲနည်း သင်ပေးနေတာပါ” လင်းပိုင်ဖန်က အတည်ပေါက် ပြန်ပြောလိုက်သည်။
ပန်းချီဆရာကြီးမှာ အသက်ကြီးသလို ဝါရင့်သူမို့ ငြင်းမနေတော့ပေ။
လင်းပိုင်ဖန်က “အဘိုးကြီးလီ... မင်းမှာ မကြာသေးခင်က ထူးခြားတဲ့ လက်ရာအသစ်တွေ ရှိသေးလား” ဟု မေးလိုက်သည် ။
ပန်းချီဆရာကြီးက ပြုံးလျက် - “တကယ်ကို ထူးခြားတာတွေ ရှိပါတယ်။ အရှင်မင်းကြီး... ကျွန်တော့်နောက် လိုက်ခဲ့ပါ”
သူတို့နှစ်ဦးမှာ ပန်းချီဆရာကြီး၏ စာကြည့်ခန်းအတွင်းသို့ ဝင်လိုက်ကြသည်။ ထိုနေရာမှာ သူ ပန်းချီဆွဲလေ့ရှိပြီး လက်ရာများကို သိမ်းဆည်းရာ နေရာဖြစ်သည်။ သူက နံရံပေါ်ရှိ ပန်းချီကားများကို ညွှန်ပြကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
“အရှင်မင်းကြီး... ကြည့်ပါ။ ဒါတွေက ကျွန်တော့်ရဲ့ နောက်ဆုံး လက်ရာတွေပါ”
လင်းပိုင်ဖန်က ကြည့်ရှုပြီးနောက် ချီးကျူးမဆုံး ဖြစ်နေတော့သည်။
“ဒါတွေက တကယ့် ရတနာတွေပဲ။ ပန်းချီကားတိုင်းက ခံစားချက် အပြည့်ရှိသလို ကြည့်နေတဲ့လူရဲ့ စိတ်ဝိညာဉ်ကိုပါ ဆွဲခေါ်သွားနိုင်တယ်။ ဥပမာ ဒီ ‘ပင်လယ်’ ပန်းချီကားကို ကြည့်ရင် ကျယ်ပြောတဲ့ ပင်လယ်ထဲမှာ လှိုင်းတံပိုးတွေကြား ရောက်သွားသလိုမျိုး ခံစားရတယ်။ ဒီ ‘သစ်ပင်ခြောက်’ ကျတော့လည်း လောကကြီးတစ်ခုလုံး ခြောက်သွေ့နေသလိုနဲ့ လူကို စိတ်ဓာတ်ကျအောင် ဆွဲခေါ်နိုင်စွမ်း ရှိတယ်”
လင်းပိုင်ဖန်၏ ဝေဖန်ချက်ကို ပန်းချီဆရာကြီးက ဝမ်းသာအားရ နားထောင်နေသည်။ ပညာချင်း တူသူမှသာ တန်ဖိုးကို သိနိုင်သည် မဟုတ်ပါလား။
“ဒီပန်းချီကားတွေ အကုန်လုံးကို ငါကိုယ်တော် အရမ်းသဘောကျတယ်”
လင်းပိုင်ဖန်က မျက်လုံးကို ပေကလပ်ပေကလပ် မှိတ်ပြလိုက်ရာ ပန်းချီဆရာကြီးက -
“အရှင် ကြိုက်တာသာ ယူပါ” ဟု ရက်ရက်ရောရော ပြောလိုက်သည်။
လင်းပိုင်ဖန်က ချက်ချင်းပင် - “ငါကိုယ်တော် အကုန်လုံးကို ကြိုက်တာဆိုတော့ အားနာမနေတော့ဘူး၊ အကုန်ယူသွားတော့မယ်”
ပန်းချီဆရာကြီးမှာ နှမြောသွားပြီး “အဲဒီလောက်ကြီးတော့ မလုပ်ပါနဲ့ အရှင်မင်းကြီးရယ်၊ ကျွန်တော့်အတွက် အနည်းဆုံး အချို့ကိုတော့ ချန်ပေးပါဦး”
“အဘိုးကြီးလီ... မင်း နားမလည်ပါဘူး။ ငါ အခုလို လုပ်တာက မင်းကောင်းဖို့အတွက်ပဲ”
“ကျွန်တော့်အတွက်”
“ပန်းချီပညာဆိုတာ စာသင်တာနဲ့ တူတယ်၊ ရှေ့မတိုးရင် နောက်ဆုတ်သွားမှာပဲ။ မင်းက ပန်းချီကားတွေနဲ့ ပြည့်နှက်နေရင် အသစ်အသစ်တွေကို ဖန်တီးဖို့ နေရာမရှိတော့ဘူး။ အခု မင်းက မင်းရဲ့အောင်မြင်မှုမှာတင် သာယာနေတော့မှာ စိုးလို့ ငါက ဒါတွေကို ယူသွားပြီး မင်းအတွက် နေရာလွတ်တွေ ဖန်တီးပေးတာပဲ”
ပန်းချီဆရာကြီးမှာ ခေါင်းခါရင်း - “ကောင်းပါပြီ၊ အရှင်မင်းကြီးကတော့ အမြဲတမ်း အမှန်ချည်းပဲ”
“တကယ်တော့ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးတယ်”
“ဘာများလဲ”
“ပညာရှင်တွေ မွေးထုတ်ပေးဖို့ပဲ။ မင်းရဲ့ ပန်းချီကားတွေက အနုပညာ တာအိုသဘောတရားတွေနဲ့ ပြည့်နှက်နေတယ်။ တစ်စုံတစ်ယောက်က ဒီပန်းချီကားကနေ သင်ခန်းစာ ရသွားရင် သူတို့ရဲ့ ခွန်အားတွေ အများကြီး တိုးတက်လာမှာ”
“ဒါပေမဲ့ ဒီပန်းချီကားတွေရဲ့ အငွေ့အသက်က သာမန်လူတွေအတွက် ညဏ်အလင်းရဖို့အထိတော့ မလုံလောက်သေးပါဘူး အရှင်မင်းကြီး”
“ဒါပေါ့၊ ဒါကြောင့် ငါက အပေါ်ကနေ နည်းနည်းလောက် ထပ်ဖြည့်ပေးမလို့”
လင်းပိုင်ဖန်က စုတ်တံကို ယူပြီး ပန်းချီကားပေါ်တွင် အချက်အနည်းငယ် ဖြည့်လိုက်ရာ ပန်းချီကား၏ အငွေ့အသက်များမှာ ပိုမိုနက်ရှိုင်းသွားသည်။ တစ်ပြိုင်နက်တည်းမှာပင် သူက စိတ်ထဲမှ ‘အဆင့်မြှင့်စမ်း’ အမိန့်ပေးလိုက်သည်။
ခဏချင်းမှာပင် ပန်းချီဆရာကြီးမှာ မျက်စိကျိန်းမတတ် ဖြစ်သွားပြီး ပန်းချီကားကို ကြည့်နေရသည်မှာ ကားတစ်ချပ် မဟုတ်တော့ဘဲ ကမ္ဘာတစ်ခုလုံးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။
“မယုံနိုင်စရာပဲ”
ထို့နောက်တွင် လင်းပိုင်ဖန်သည် နန်းတော်အတွင်း၌ ‘ပန်းချီနယ်မြေ’ တစ်ခုကို တည်ထောင်ခဲ့သည်။ ၎င်းသည် ပညာသင်ကြားရေးခန်းမကဲ့သို့ပင် အရေးပါလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤပန်းချီနယ်မြေတွင် လေ့ကျင့်ပါက ပိုမိုလျင်မြန်စွာ တိုးတက်နိုင်သောကြောင့် ဖြစ်သည်။
ဥပမာ- သင်က ပင်လယ်၏ စွမ်းအားကို ခံစားချင်လျှင် ပင်လယ်အထိ သွားနေစရာ မလိုတော့ဘဲ ဤနေရာသို့ လာကာ ‘ပင်လယ်’ ပန်းချီကားထဲ၌ စိတ်ကို နှစ်မြှုပ်လိုက်ရုံဖြင့် လှိုင်းတံပိုးများ၏ စွမ်းအားကို ခံစားသိရှိနိုင်တော့မည် ဖြစ်သည်။ ၎င်းက အချိန်ကုန် သက်သာစေရုံသာမက ဘေးကင်းလုံခြုံမှုလည်း ရှိလှပေသည်။