← Chapters

အခန်း (၅၀၈-၅၀၉)

Vol. 47 Ch. 508-509

အခန်း (၅၀၈-၅၀၉)

Vol. 47 Ch. 508-509

အပိုင်း (၅၀၈)

ဤပန်းချီကားများက အဖိုးတန်လှသဖြင့် ၎င်းတို့ကို ကောင်းကောင်းအသုံးချရပေမည်။

ထိုစဉ် အရက်ဓားအင်မော်တယ် ရောက်ရှိလာပြီး အရက်ကို သောက်သုံးလျက် လင်းပိုင်ဖန်အား အရိုအသေပေးကာ ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး အရှင်မင်းကြီးကို နှုတ်ဆက်ဖို့ လာခဲ့တာပါ"

လင်းပိုင်ဖန်မှာ အံ့အားသင့်သွားပြီး "နှုတ်ဆက်တယ်... မင်းက ဘယ်ကို သွားမလို့လဲ"

သူသိထားသလောက် အရက်ဓားအင်မော်တယ်မှာ အမြဲတမ်း တစ်ကိုယ်တည်း လွတ်လပ်စွာ နေတတ်သူဖြစ်သည်။ သူက ဘယ်ကိုများ သွားနိုင်ပါမည်နည်း။

"အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ ကျင့်စဉ်မှာ အဟန့်အတားနဲ့ ကြုံနေရလို့ပါ"

အရက်ဓားအင်မော်တယ်က ဆက်လက်ရှင်းပြသည်။ "ကျွန်တော်မျိုး ကျင့်ကြံတဲ့ ဓားပညာက 'လွတ်လပ်ခြင်း' လို့ ခေါ်ပါတယ်။ လွတ်လပ်ပေါ့ပါးပြီး အနှောင်အဖွဲ့ကင်းတဲ့ ဘဝကို မြတ်နိုးတဲ့ စီနီယာဓားသမားတစ်ဦး ဖန်တီးခဲ့တာပါ။ ဒီဓားပညာက အနှောင်အဖွဲ့ကင်းတဲ့ နတ်ဘုရားတစ်ပါးလိုမျိုး လွတ်လပ်ပြီး ဖမ်းဆုပ်ရခက်တဲ့ အနှစ်သာရကို အလေးပေးပါတယ်"

"ယခုအခါ မဟာရှက တည်ငြိမ်သွားပြီဆိုတော့ ကျွန်တော်မျိုး အပြင်ထွက်ပြီး ဗဟုသုတရှာဖွေချင်ပါတယ်။ တောင်တွေ၊ မြစ်တွေကို လှည့်လည်ကြည့်ရှုရင်း သဘာဝတရားထဲမှာ ဒဏ္ဍာရီလာ နတ်ဘုရားတွေရဲ့ လွတ်လပ်တဲ့စိတ်ဝိညာဉ်ကို ခံစားကြည့်ချင်ပါတယ်။ အဲ့ဒီလိုမှပဲ ကျွန်တော်မျိုးရဲ့ ကျင့်စဉ်က ရှေ့ဆက်တိုးတက်ဖို့ အခွင့်အရေး ရှိလာမှာပါ"

"ဒါကြောင့်ကိုး... မင်းမှာ ဒီလို ရည်မှန်းချက်ရှိမှတော့ ငါကိုယ်တော်က သေချာပေါက် ထောက်ခံပေးရမှာပေါ့"

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး "ဒါပေမဲ့ မင်းက လွတ်လပ်တဲ့ ဓားအနှစ်သာရကို နားလည်ချင်တာဆိုရင် တကယ်တော့ အပြင်ကို သွားနေဖို့ မလိုပါဘူး။ ဒီနေရာမှာတင် ရှာလို့ရတယ်"

"ဒီနေရာမှာလား" အရက်ဓားအင်မော်တယ်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ နန်းတော်ထဲမှာနေရင်း နတ်ဘုရားတွေရဲ့ လွတ်လပ်တဲ့ စိတ်ဝိညာဉ်ကို ဘယ်လိုမျိုး ခံစားနိုင်ပါမည်နည်း။

နန်းတော်ထဲမှာ နတ်ဘုရားတွေ ရှိနေလို့များလား။

လင်းပိုင်ဖန်က ပြုံးလျက် "ငါကိုယ်တော်ရဲ့ နန်းတော်ထဲမှာ ပန်းချီကားတွေ အများကြီးရှိတဲ့ 'ပန်းချီကမ္ဘာ' ဆိုတဲ့ နန်းဆောင်တစ်ခု ရှိတယ်။ အဲ့ဒီမှာ 'နတ်ဘုရားတောင်' လို့ ခေါ်တဲ့ ပန်းချီကားကို သွားကြည့်လိုက်ပါ၊ ဒါဆို မင်း နားလည်သွားလိမ့်မယ်"

အရက်ဓားအင်မော်တယ်မှာ ဘာမှ နားမလည်သော်လည်း လင်းပိုင်ဖန်၏ အကြံပြုချက်ကို လက်ခံကာ ပန်းချီကမ္ဘာသို့ ထိုပန်းချီကားကို ကြည့်ရန် သွားခဲ့သည်။

မိန်းမစိုးငယ်တစ်ဦး၏ လမ်းပြမှုဖြင့် ပန်းချီကမ္ဘာဟု ခေါ်သော နန်းဆောင်သို့ သူ ရောက်ရှိသွားသည်။

ထိုနေရာမှာ အစောင့်အကြပ်များ အလွန်ထူထပ်ပြီး သာမန်လူများ မချဉ်းကပ်နိုင်သည်ကို သူ တွေ့လိုက်ရသည်။

ဤသည်က သူ့ကို ပို၍ စပ်စုချင်စိတ် ဖြစ်စေခဲ့သည်။

"အရှင်မင်းကြီး ပြောသလိုဆိုရင် ဒီထဲမှာ ပန်းချီကားတွေပဲ ရှိတာလေ။ ဘာလို့ ဒီလောက် တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေရတာလဲ။ အတွင်းရေးရာဌာနတောင် ဒီလောက် အစောင့်အကြပ် မများဘူး"

စစ်ဆေးမှုများ ခံယူပြီးနောက် သူသည် စူးစမ်းလိုစိတ်ဖြင့် နန်းဆောင်အတွင်းသို့ ဝင်သွားကာ "နတ်ဘုရားတောင်" ပန်းချီကားကို တွေ့လိုက်ရသည်။

ပန်းချီကားထဲတွင် တိမ်တိုက်များ ဖုံးလွှမ်းနေသော မြင့်မားသည့် တောင်တန်းကြီးများ ရှိနေပြီး တောင်ခြေတွင် မြူခိုးများ ဝိုင်းရံနေကာ နတ်ဘုရားတောတောင်များရှိ ပျံသန်းနေသော ကြိုးကြာငှက်များနှင့် နတ်ငှက်များကြောင့် လောကပြင်ပကဲ့သို့ အေးချမ်းလှပေသည်။

အလွန်မြင့်သော တောင်ထိပ်တစ်ခုပေါ်တွင် လေထဲတွင် ဝေ့ဝဲနေသော ဝတ်ရုံစများနှင့် နတ်ဘုရားတစ်ပါး ရှိနေသည်။

သူသည် မတ်စောက်သော လျှိုမြောင်များ ဝိုင်းရံထားသည့် ကျောက်ဆောင်ပေါ်တွင် အေးအေးလူလူ ထိုင်နေပြီး ကြောက်ရွံ့ပုံလည်း မပေါ်ပေ။

သူ့ရှေ့တွင် ပုံသဏ္ဍာန်မမှန်သော ကျောက်စားပွဲတစ်ခု ရှိနေပြီး ၎င်း၏ မျက်နှာပြင်မှာ ဓားဖြင့် ထွင်းထုထားသကဲ့သို့ အလွန်ချောမွေ့နေသည်။

ကျောက်စားပွဲပေါ်တွင် အရက်အိုးတစ်လုံး၊ ခွက်နှစ်ခွက်နှင့် မပြီးသေးသော စစ်တုရင်ဝိုင်းတစ်ခု ရှိနေသည်။

ထိုနတ်ဘုရားမှာ အရက်ကို သောက်သုံးရင်း စစ်တုရင်ကို တစ်ဦးတည်း ကစားနေကာ ကျေနပ်အားရပြီး လွတ်လပ်ပေါ့ပါးနေပုံရသည်။

"တကယ့်ကို ခမ်းနားတဲ့ နတ်ဘုရားတောင်ပါလား... တကယ့်ကို ထူးခြားတဲ့ နတ်ဘုရားပဲ" အရက်ဓားအင်မော်တယ်မှာ ချီးကျူးလိုက်သည်။ သူ ရှာဖွေနေသည့် နတ်ဘုရား စိတ်ဝိညာဉ်မှာ ဤကဲ့သို့ပင် ဖြစ်သည်။

အကယ်၍ သူ၏ စိတ်နေစိတ်ထားမှာ ပန်းချီကားထဲက နတ်ဘုရားကဲ့သို့ ဖြစ်လာနိုင်လျှင် သူ၏ ဓားပညာမှာ အဟုန်အရှိန်ဖြင့် တိုးတက်လာပေလိမ့်မည်။

ထိုအခိုက်တွင် သူသည် စိတ်အာရုံမှာ ပန်းချီကားကမ္ဘာထဲသို့ ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မြူခိုးများ ဝိုင်းနေသော တောင်ထိပ်ပေါ်တွင် ရပ်နေရင်း လက်လှမ်းလိုက်လျှင် ကြယ်နှင့် လကို ဆွတ်ခူးနိုင်သလို၊ ငုံ့ကြည့်လိုက်လျှင်လည်း လောကကြီး၏ ရှုခင်းများနှင့် လူတို့၏ ဆူညံအလုပ်ရှုပ်နေမှုများကို မြင်တွေ့နိုင်သကဲ့သို့ ရှိသည်။

သို့သော် သူသည် အပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မလှမ်းဝံ့ပေ။ အကြောင်းမှာ သူ့ပတ်ပတ်လည်တွင် အလွန်နက်ရှိုင်းသည့် လျှိုမြောင်ကြီးများ ရှိနေပြီး ခြေတစ်လှမ်း မှားလိုက်သည်နှင့် ပြုတ်ကျ သေဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။

အရက်ဓားအင်မော်တယ်မှာ ထိတ်လန့်သွားပြီး "ဒီနေရာက ဘယ်နေရာလဲ၊ ငါ ဘယ်လိုလုပ် ချက်ချင်း ရောက်လာတာလဲ"

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရှုခင်းများမှာ အလွန်ရင်းနှီးနေသလို ခံစားရသည်။

"မိတ်ဆွေ... ဒီလူအိုကြီးနဲ့ စစ်တုရင်တစ်ပွဲလောက် ကစားပါလား" ဝေးကွာလှသော နေရာမှ ဝေဝေဝါးဝါး အသံတစ်ခု ထွက်ပေါ်လာသည်။

အရက်ဓားအင်မော်တယ်မှာ ထိုအသံနောက်သို့ လိုက်သွားရာ သူ့ရှေ့တွင် ထိုင်နေသော လူတစ်ဦးကို အံ့ဩဖွယ် တွေ့လိုက်ရသည်။ ထိုသူမှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး အနီးကပ်ကြည့်မှသာ မြင်နိုင်ပေသည်။ ထိုသူမှာ အေးအေးလူလူပင် စစ်တုရင်ကစားရင်း အရက်ကို အားရပါးရ သောက်နေကာ အလွန်ပင် လွတ်လပ်ပေါ့ပါးနေသည်။

အရက်ဓားအင်မော်တယ်မှာ ထိုသူ၏ ကျင့်စဉ်အဆင့်ကို ခန့်မှန်း၍ မရသဖြင့် ဤသူမှာ အလွန်စွမ်းအားကြီးသော စီနီယာတစ်ဦး ဖြစ်ရမည်ဟု တွေးကာ ရိုသေစွာဖြင့် မေးလိုက်သည်။ "စီနီယာ... ဒီနေရာက ဘယ်နေရာလဲ၊ ကျွန်တော် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"

မြူခိုးများကြောင့် ထိုသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အသံမှာမူ ပြတ်သားစွာ ထွက်ပေါ်လာသည်။ "မင်းသာ ဒီလူအိုကြီးကို အနိုင်ကစားနိုင်ရင် ဒီနေရာက ဘာလဲဆိုတာနဲ့ ဘယ်လိုပြန်ရမလဲဆိုတာ ငါ ပြောပြမယ်"

အရက်ဓားအင်မော်တယ်က စစ်တုရင်ဝိုင်းကို လှမ်းကြည့်လိုက်ရာ ထိုဝိုင်းအတွင်း၌ စကြဝဠာ၏ ခမ်းနားသော အရှိန်အဝါများ ကိန်းအောင်းနေပြီး အကွက်တိုင်းတွင် လျှို့ဝှက်ချက်များ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

"စီနီယာ... ကျွန်တော်ရဲ့ စစ်တုရင်ပညာက အနိမ့်စားလေးပါ။ စီနီယာကို ယှဉ်နိုင်မယ် မထင်ပါဘူး"

"စိတ်မပူပါနဲ့... ငါတို့မှာ အချိန်တွေ အများကြီးရှိပါတယ်။ ဖြည်းဖြည်းချင်းပဲ ကစားကြတာပေါ့"

ထိုသို့ဖြင့် အရက်ဓားအင်မော်တယ်မှာ ထိုင်လိုက်ပြီး အမည်းရောင်နယ်ရုပ်များကို ယူကာ စစ်တုရင် စတင်ကစားတော့သည်။

သူသည် အလွန်ဖြည်းညင်းစွာ ကစားပြီး အကွက်တစ်ခုစီကို တစ်နာရီ၊ နှစ်နာရီခန့် စဉ်းစားပြီးမှ ရွှေ့သည်။

သို့သော်လည်း ရှေ့က စီနီယာမှာမူ စိတ်မလောပေ။

သူသည် အရက်ဓားအင်မော်တယ်ကို ဘယ်သောအခါမှ မတိုက်တွန်းဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းပြီးမှ တည်ငြိမ်စွာ ပြန်ရွှေ့သည်။

အရက်ဓားအင်မော်တယ်က စိတ်ထဲမှ ချီးကျူးမိသည် - စီနီယာရဲ့ စိတ်တည်ငြိမ်မှုက တကယ့်ကို လေးစားစရာပင်။

ဤနည်းဖြင့် နှစ်ရက်ခန့် ကုန်ဆုံးသွားသော်လည်း အကွက်အနည်းငယ်သာ ရွှေ့ရသေးသည်။

အရက်ဓားအင်မော်တယ်က ဗိုက်ဆာလာသဖြင့် တောကောင်အချို့ကို ရှာဖွေစားသောက်ရန် ခွင့်တောင်းဖို့ ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် စီနီယာဖြစ်သူက သူ၏ အတွေးကို သိနေသကဲ့သို့ အရက်တစ်ခွက် ငှဲ့ပေးကာ ပြောလိုက်သည်။ "ဒီအရက်ကို သောက်လိုက်ပါ၊ ဒါဆို မင်း ဗိုက်မဆာတော့ဘူး"

"အရက်အတွက် ကျေးဇူးတင်ပါတယ် စီနီယာ" အရက်ဓားအင်မော်တယ်က ခွက်ကို လက်နှစ်ဖက်ဖြင့် ယူကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။

အရက်က ဗိုက်ထဲသို့ ရောက်သွားသည်နှင့် သူ ဗိုက်မဆာတော့ပေ။ ထို့အပြင် ပင်ပန်းနွမ်းနယ်မှုများအားလုံး ပျောက်ကွယ်သွားပြီး လန်းဆန်းတက်ကြွလာသလို ခံစားလိုက်ရသည်။

အရက်ဓားအင်မော်တယ်မှာ အံ့အားသင့်သွားပြီး "စီနီယာ... ဒါက ဘာအရက်လဲ။ သောက်လိုက်တာနဲ့ ရေလည်းမငတ်၊ ဗိုက်လည်းမဆာ၊ မပင်ပန်းတော့ဘူး။ အံ့ဩဖို့ကောင်းလိုက်တာ။ ဒဏ္ဍာရီထဲက နတ်ဘုရားအရက်တွေတောင် ဒါထက် ပိုကောင်းမယ်မထင်ဘူး"

"မင်း သဘောကျရင် ဒါကို နတ်ဘုရားအရက်လို့ပဲ မှတ်ထားလိုက်ပါ။ ကဲ... ကစားပွဲ ဆက်ရအောင်"

သူတို့ ဆက်လက်ကစားခဲ့ကြရာ ရက်ပေါင်းများစွာ ကုန်လွန်သွားသည်ကိုပင် သတိမထားမိကြပေ။

ဤအတောအတွင်း အရက်ဓားအင်မော်တယ်မှာ ဗိုက်ဆာလာတိုင်း စီနီယာငှဲ့ပေးသော အရက်ကို သောက်သုံးရာ သူ၏ အင်အားများမှာ ပြည့်ဝလာခဲ့သည်။

စစ်တုရင် ကစားနေစဉ်တွင် အရက်ဓားအင်မော်တယ်မှာ ပတ်ဝန်းကျင် ရှုခင်းများကိုလည်း ခံစားကာ တောင်ပေါ်က ငှက်သံ၊ သားရဲသံများကို နားထောင်ရင်း သူ့ပတ်ပတ်လည်က ထူးခြားသော နတ်ဘုရား အနှစ်သာရများကို ခံစားနေခဲ့သည်။

သာမန်လူတို့ စားသောက်သော အစားအစာများကို မလိုအပ်တော့ဘဲ လေနှင်းမြူခိုးတို့ကို စားသုံးကာ နေနှင့်လကို အိပ်ရာအဖြစ်ထားရင်း ကြယ်တာရာများကို အဖော်ပြုနေထိုင်ရာ သူ၏ စိတ်နှလုံးမှာ ပို၍ ပွင့်လင်းကာ လွတ်လပ်ပေါ့ပါးလာခဲ့သည်။

သူသည် အချိန်မရွေး နတ်ဘုရားအဖြစ်သို့ ကူးပြောင်းသွားနိုင်သကဲ့သို့ပင် ဖြစ်နေတော့သည်။

အပိုင်း (၅၀၉)

သူ့ရင်ထဲတွင် အတွေးတစ်ခု ပေါ်လာသည် - “ဒါဟာ တကယ့် နတ်ဘုရားတွေရဲ့ ဘဝမျိုးပဲ ဖြစ်လိမ့်မယ်”

ဤရက်ပိုင်းအတွင်း သူသည် ကျင့်စဉ်ကို သိပ်မလေ့ကျင့်ဖြစ်သော်လည်း သူ၏ ‘လွတ်လပ်ခြင်း ဓားဆန္ဒ’ မှာမူ သိသိသာသာ တိုးတက်လာသည်ကို ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် သူ၏ရှေ့မှ စီနီယာမှာ ပို၍ပို၍ နက်နဲသိမ်မွေ့လာသကဲ့သို့ ခံစားရသည်။ “သူက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးများလား” ဟုပင် တွေးတောမိသည်။

အရက်ဓားအင်မော်တယ်သည် ဆက်မမေးတော့ဘဲ စစ်တုရင်ကိုသာ ဆက်ကစားနေလိုက်သည်။ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လောကကြီးမှာ ပြောင်းလဲမှုတွေ များစွာ ဖြစ်ပျက်ခဲ့သလိုပင်။ သူသည် ဤနေရာတွင် မည်မျှကြာအောင် ရှိနေခဲ့သည်ကို မသိတော့ပေ။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်... အချိန်ဟူသော အယူအဆမှာ သူ့အတွက် အဓိပ္ပာယ်မဲ့သွားခဲ့‌‌ေချပြီ။ သူသည် အရာအားလုံးကို မေ့လျော့ကာ စစ်တုရင်ပွဲ ပြီးဆုံးရန်ကိုသာ အာရုံစိုက်နေမိသည်။

နောက်ဆုံးတွင် သူသည် စစ်တုရင်ခုံကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည် - “စီနီယာ... ကျွန်တော် ထပ်ရှုံးပြန်ပြီ”

“နိုင်တာ ရှုံးတာက ဘာအရေးလဲ။ ရှေးယခင်ကတည်းက ယင်ရှိရင် ယန်ရှိတယ်၊ ကောင်းကင်ရှိရင် မြေကြီးရှိတယ်။ ဒါဟာ စစ်တုရင်ပွဲလေး တစ်ခုပဲလေ၊ နိုင်တာ ရှုံးတာက သဘာဝပါပဲ။ မင်း အခု ပြန်လို့ရပြီ”

ရှေ့မှ ပုဂ္ဂိုလ်က လက်ဝှေ့ယမ်းလိုက်ရာ အရက်ဓားအင်မော်တယ်သည် မည်သို့မျှ မခုခံနိုင်ဘဲ လွင့်ထွက်သွားတော့သည်။ သူ သတိပြန်ဝင်လာသောအခါ မိမိကိုယ်ကိုယ် နန်းတွင်းရှိ ‘ပန်းချီနယ်မြေ’ ထဲ၌ ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏ရှေ့တွင် ‘နတ်ဘုရားတောင်’ ဟု အမည်ရသော ပန်းချီကားမှာ ရှိနေဆဲပင် ဖြစ်သည်။ ပန်းချီကားထဲရှိ အရာအားလုံးမှာ သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသည်များနှင့် ထပ်တူကျနေသည်။

“ငါ... ပန်းချီကားထဲက ကမ္ဘာထဲကို ဝင်သွားပြီး နတ်ဘုရားတစ်ပါးနဲ့ စစ်တုရင် ကစားခဲ့တာလား” အရက်ဓားအင်မော်တယ်မှာ ဖြစ်နိုင်ပါ့မလားဟု တွေးတောရင်း တိုးညင်းစွာ ရေရွတ်နေမိသည်။ “ဒါက ကံကောင်းမှုတစ်ခုလား ဒါမှမဟုတ် အိမ်မက်တစ်ခုများလား”

သူသည် ခေါင်းခါလိုက်ပြီး အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိနိုင်တော့ပေ။ အနားရှိ စန္ဒကူးနံ့သာတိုင်ကို ကြည့်လိုက်ရာ တစ်ဝက်ခန့်သာ လောင်ကျွမ်းရသေးသည်ကို တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ သူ ပျောက်ကွယ်သွားသည့်အချိန်မှာ နံ့သာတိုင် တစ်ဝက်စာ အချိန်လောက်သာ ရှိသေးသည်။ သူ၏ တောင့်တင်းနေသော လက်မောင်းနှင့် လည်ပင်းကို လှုပ်ရှားလိုက်စဉ်မှာပင် သူ၏အတွင်း၌ ဓားဆန္ဒများမှာ လှိုင်းတံပိုးများအလား တိုးဝှေ့နေပြီး မြစ်ရေကြီးသကဲ့သို့ အဟုန်ပြင်းစွာ စီးဆင်းနေသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။

အရက်ဓားအင်မော်တယ်မှာ အတိုင်းမသိ ဝမ်းသာသွားကာ - “ငါ့ရဲ့ လွတ်လပ်ခြင်း ဓားဆန္ဒက ပြည့်စုံသွားပြီပဲ”

သူ၏ လွတ်လပ်ခြင်း ဓားဆန္ဒမှာ နားလည်ရန် အလွန်ခက်ခဲကြောင်း လူတိုင်းသိကြသည်။ အင်မော်တယ်တစ်ပါးကဲ့သို့ တောတောင်ရေမြေများကို လှည့်လည်ကာ လောကီလူသားတို့ကြား ကျင်လည်မှသာ ဤဆန္ဒကို နားလည်နိုင်ရန် အခွင့်အရေးရှိသည်။ အဆင်ပြေလျှင်ပင် နှစ်ပေါင်းများစွာ ကြာနိုင်ပြီး၊ အဆင်မပြေလျှင် တစ်သက်လုံး နားလည်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုမူ သူသည် တစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင် ၎င်းကို အောင်မြင်စွာ နားလည်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒါဟာ အံ့ဖွယ်တစ်ပါးပင် ဖြစ်ချေ၏။

လွတ်လပ်ခြင်း ဓားဆန္ဒကို နားလည်ပြီးနောက် သူ၏ ခွန်အားမှာ ၃၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။ မကြာမီမှာပင် သူသည် အင်ပါယာချီ အဆင့်ရှိသူတစ်ဦး ဖြစ်လာတော့မည်ဖြစ်ပြီး အနာဂတ်တွင် ကောင်းကင်အဆင့်သို့ပင် ရောက်ရှိနိုင်ပေသည်။ အရက်ဓားအင်မော်တယ်မှာ အလွန်ပင် ပျော်ရွှင်သွားပြီး ဤသတင်းကို လင်းပိုင်ဖန်အား ပြောပြလိုက်သည်။

လင်းပိုင်ဖန်က ပြုံးလျက် - “ဒါဟာ မင်းရဲ့ ကံတရားပဲ။ မင်းရဲ့ လွတ်လပ်ပေါ့ပါးတဲ့ သဘာဝက ဒီဓားဆန္ဒနဲ့ အပြည့်အဝ ကိုက်ညီနေတာ။ ဒါကြောင့် အခွင့်အရေး တစ်ကြိမ်ရရုံနဲ့ မင်း နားလည်နိုင်ခဲ့တာပေါ့။ ဓားဆန္ဒကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်... အနာဂတ်ရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီး”

“အရှင်မင်းကြီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးအထူးတင်ရှိပါတယ်” အရက်ဓားအင်မော်တယ်က အလွန်ပင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဤသတင်းမှာ တဖြည်းဖြည်း ပြန့်နှံ့သွားခဲ့သည်။ အရက်ဓားအင်မော်တယ်သည် နန်းတွင်းရှိ ပန်းချီနယ်မြေမှ ပန်းချီကားတစ်ချပ်ကြောင့် နတ်ဘုရားကံတရားကို ရရှိခဲ့ပြီး ခွန်အားများ လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း၊ ယခုအခါ ဓားဆန္ဒကို ပိုင်ဆိုင်သွားပြီး မကြာမီ ကောင်းကင်အဆင့် ဖြစ်လာတော့မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောစမှတ် ပြုလာကြသည်။

လူအများမှာ အံ့အားသင့်ကာ ကြောက်ရွံ့ခြင်းများဖြင့် ထိုအကြောင်းကို ပြောနေကြသည်။ များစွာသောသူတို့သည် လင်းပိုင်ဖန်ထံသို့ လာရောက်ကာ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို ရှာဖွေရန် ပန်းချီနယ်မြေအတွင်း ဝင်ရောက်ခွင့် တောင်းဆိုကြသည်။ လင်းပိုင်ဖန်က သဘောတူသော်လည်း နိုင်ငံတော်အတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်နိုင်သူများကိုသာ ဝင်ရောက်ခွင့် ပေးခဲ့သည်။ ကံဆိုးသည်မှာ ထိုအချိန်တွင် တိုက်ခိုက်စရာ စစ်ပွဲများ မရှိသဖြင့် မည်သို့ အကျိုးပြုမှုများ လုပ်ဆောင်ရမည်နည်း။

ထို့ကြောင့် နန်းတွင်း၌ စစ်တိုက်လိုသော တိုက်ပွဲဝင်စိတ်ဓာတ်များ အပြင်းအထန် ထကြွလာတော့သည်။

“အရှင်မင်းကြီး... အချိန်ဆိုတာ လူကိုမစောင့်ပါဘူး။ အခုချက်ချင်းပဲ မဟာလျန်မင်းဆက်ကို တိုက်ခိုက်ဖို့ စစ်တပ်လွှတ်လိုက်ကြရအောင်ပါ”

လင်းပိုင်ဖန်မှာ အကျပ်ရိုက်သွားကာ - “ဒါပေမဲ့ ငါတို့က မဟာယန်မင်းဆက်ကို သိမ်းပိုက်ပြီးခါစပဲ ရှိသေးတယ်၊ အခြေအနေက မတည်ငြိမ်သေးဘူး။ မဟာလျန်ကို အခုချက်ချင်း တိုက်တာက မသင့်တော်ဘူး ထင်တယ်။ နောက်နှစ်လလောက် စောင့်ရင်ကော ဘယ်လိုလဲ”

“မစောင့်ပါနဲ့တော့ အရှင်မင်းကြီး၊ မဟာယန်ပြည်သူတွေရဲ့ စိတ်နှလုံးက ကျွန်တော်မျိုးတို့နဲ့အတူ ရှိနေပါပြီ၊ စိုးရိမ်စရာ မရှိပါဘူး။ မဟာလျန်ကို အမြန်ဆုံး တိုက်ခိုက်ပြီး တစ်နိုင်ငံတည်း ဖြစ်အောင် လုပ်သင့်ပါတယ်” ဟု ဗိုလ်ချုပ်တစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းပိုင်ဖန်က တွန့်ဆုတ်နေဆဲပင် - “ဒါပေမဲ့ မဟာလျန်မှာ မဟာဝူ အင်ပါယာရဲ့ အထောက်အပံ့ ရှိနေတယ်လေ”

“အရှင်မင်းကြီး... ခုနှစ်ယောက်မြောက်မင်းသား ဝူရှုံးယင်ရဲ့ ကိစ္စကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးက အဆိုးဆုံး အခြေအနေ ရောက်နေပါပြီ။ မဟာလျန်ဟာ အခုတော့ မျက်ကွယ်ပြုခံနေရပြီမို့ တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပါပဲ”

လင်းပိုင်ဖန်က ဆက်လက် ငြင်းဆိုပြန်သည် - “ဒါပေမဲ့ သူတို့မှာ ကောင်းကင်အဆင့်တစ်ဦး ရှိတယ်လေ”

“သူတို့မှာ ရှိသလို ကျွန်တော်မျိုးတို့မှာလည်း ရှိပါတယ်။ ကျွန်တော်မျိုးတို့က လှံနတ်ဘုရားကို အကူအညီ တောင်းထားပြီးပါပြီ၊ သူကလည်း စစ်ဆင်ရေးမှာ ပါဝင်ဖို့ သဘောတူထားပါတယ်။ လှံနတ်ဘုရားသာ ပါဝင်လာရင် သူတို့ရဲ့ ကောင်းကင်အဆင့်က ကျွန်တော်မျိုးတို့ရဲ့ ပြိုင်ဘက် မဟုတ်‌‌တော့ပါဘူး”

“ဒါပေမဲ့...”

နောက်ဆုံးတွင် လူတိုင်းက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည် - “အရှင်မင်းကြီး... အခုမှ စစ်မတိုက်ရင် ဘယ်အချိန် တိုက်ရမှာလဲ။ အခွင့်အရေးဆိုတာ တစ်ခါပဲ လာတာပါ၊ လွတ်သွားရင် ပြန်မရနိုင်တော့ပါဘူး။ အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ဆပ်ဖို့အတွက် ကျွန်တော်မျိုးတို့ အသက်ပေးပြီး တိုက်ပွဲဝင်ဖို့ အသင့်ပါပဲ”

လင်းပိုင်ဖန်က သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

မဟာလျန်ရေ... တောင်းပန်ပါတယ်။ ငါက မင်းကို လွှတ်ပေးချင်ပေမဲ့ ငါ့ရဲ့ မှူးမတ်ဗိုလ်ချုပ်တွေက မင်းကို လွှတ်မပေးနိုင်ကြဘူး ဖြစ်နေတယ်။

All Chapters