အခန်း (၁၅၆၁-၁၅၆၃)
Vol. 105 Ch. 1561-1563
အခန်း (၁၅၆၁) ကောင်းကင်သို့ တက်လှမ်းခြင်း အစ (၂)
တောင်ခြေ၌ မျှော်နန်းတစ်ခုရှိသည်။ ထိုစဉ် မျှော်နန်းအပြင်ဘက်မှ အသံတစ်သံ ပေါ်ထွက်လာလေ၏။
"ကျုပ် အားလုံးကို စောင့်နေတာ ကြာလှပြီ။ အားလုံးပဲ ကျေးဇူးပြုပြီး အထဲကြွပြီး ကျုပ်နဲ့ စကားပြောကြရအောင်"
အကြီးအကဲလေးယောက်သည် ရှောင်ယွမ်အာကို ချက်ချင်း ဝိုင်းထားလိုက်၏။ သူတို့က အသံတိုးတိုးဖြင့် ပြောလိုက်လျက် အမူအရာပြောင်းလဲသွားတော့သည်။
"လောင်ဟွား... မိန်းကလေးကို အရင်ခေါ်သွားလိုက်"
"ဟုတ်ပြီ"
ဟွား၀ူတောက်သည် မငြင်းဆန်ဘဲ ချက်ချင်း လက်ခံလိုက်၏။ ကျန်သည့် အကြီးအကဲသုံးယောက်သည် အရှေ့တွင် ထပ်ရပ်လျက် ကနဦးချီများ ပေါ်ထွက်လာသည်။
ထိုစဉ် အနီဖျော့ဖျော့ မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ကျက်သရေရှိသော အမျိုးသားတစ်ယောက်သည် မျှော်နန်းထဲမှ ထွက်လာသည်။ သူ၏အကြည့်က လူငါးယောက်ဆီ ကျရောက်သွားသောအခါ သူက ပြောလိုက်၏။
"ခင်ဗျားတို့ မလွတ်ပါဘူး"
“???”
အလွန်ပင် ရင်းနှီးနေသော ထိုစကားလုံးများကြောင့် လူငါးဦးစလုံး အံ့အားသင့်သွားကြရသည်။
"အဲဒီစာကို ချန်ခဲ့တာ မင်းလား"
အမျိုးသားသည် ထိုလူငါးယောက်ကို ဦးညွှတ်လျက် ပြောလိုက်၏။
"ကျုပ်က ချီရှန့်ပါ၊ ကျုပ် ခင်ဗျားတို့ကို စောင့်နေတာ ကြာလှပြီ။ ကျေးဇူးပြုပြီး အထဲကြွပါ စကားပြောရအောင်"
ချီရှန့်သည် ပြောပြီးနောက် ဘေးကို အနည်းငယ် ဖယ်ပေးလိုက်ပြီး ဖိတ်ခေါ်သည့်ဟန် ပြုမူလိုက်သည်။ တစ်ချိန်တည်းတွင် ပုံရိပ်ဆယ်ရိပ်ကျော်က ပေါ်လာပြီး လူငါးယောက်ကို ဝိုင်းထားလိုက်သည်။ ထိုစဉ် ရှောင်ယွမ်အာက ရှေ့သို့ လျှောက်သွားလိုက်၏။ သူမက ချီရှန့်ကို ကြည့်ကာ ပြောလိုက်တော့သည်။
“ရှင်က တကယ် စိတ်အနှောင့်အယှက် ပေးတာပဲ”
ချီရှန့်က ဒေါသမထွက်ဘဲ မေးလိုက်သည်။ “စိတ်အနှောင့်အယှက် ပေးတယ် ဟုတ်လား”
"အဲဒီစာကို နေရာအနှံ့ချန်ထားပြီး အခု ကျွန်မတို့ကို ဒီမှာတောင် စောင့်နေသေးတယ်။ ရှင် ဘယ်လိုလုပ်တာလဲ"
ရှောင်ယွမ်အာသည် မေးခွန်းထုတ်လိုက်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ အစီအစဉ်က အလွန်ကောင်းမွန်သည်ဟု ခံစားမိသည်။ ဤကာလအတွင်း သူတို့သည် ရှာတွေ့မခံရအောင် ရှောင်ရှားနိုင်ခဲ့၏။ သို့သော်ငြား သူတို့သည် သူတို့ရှေ့ရှိ လူနှင့် ထိပ်တိုက်တိုးသွားသေးသည်။ ထိုကဲ့သို့ တိုက်ဆိုင်မှုမျိုး မည်သို့ ရှိနိုင်မည်နည်း။
ချီရှန့်က ပြောလိုက်၏။
"မဟာလေဟာနယ်ထဲမှာ သန့်စင်တဲ့ အမွေအနှစ်တစ်ခု ပေါ်လာတယ်။ အဲဒါက သူတော်စင်တွေကို ခြေရာခံနိုင်တယ်။ မင်းတို့ ဘယ်ကိုပဲပြေးပြေး ကျုပ် ရအောင်ရှာနိုင်တယ်။ ဒါပေမဲ့ ကျုပ် အဲဒီလိုပစ္စည်းကို သုံးရမှာ အထင်သေးတယ်"
ရှောင်ယွမ်အာသည် ဆွံ့အသွား၏။ ခဏကြာ၌ သူမက မေးလိုက်တော့သည်။
"ဒါဆို ရှင် ဘာကိုသုံးလဲ"
ချီရှန့်သည် သူ့ခေါင်းသူ လက်ညှိုးထိုးပြလိုက်၏။
ဖန်လီထန်းသည် ယင်းကိုမယုံပေ။ သူတို့သွားသည့် လမ်းကြောင်းများက အမြဲတစေ ပြောင်းလဲနေ၏။ သူတို့ရှေ့ရှိ လူက သူတို့၏လမ်းကြောင်းကို မည်ကဲ့သို့ တိကျစွာ မှန်းဆနိုင်မည်နည်း။
ရှောင်ယွမ်အာက မျက်စောင်းထိုးလျက် ပြောလိုက်သည်။
"ရှင် ပြောနေတာကို ကြည့်ရတာ ရှင့်ကိုယ်ရှင် သိပ်ဉာဏ်ကောင်းတယ်လို့ ထင်နေတာ။ ဒါပေမဲ့ ရှင်က ကျွန်မရဲ့ ချီရှစ်ရှိုးနဲ့ ယှဉ်ဖို့ ဝေးပါသေးတယ်"
ချီရှန့်က ဒေါသမထွက်သွားသေးပေ။ သူက ပြုံးလျက် ပြောလိုက်၏။
"ဟုတ်ပြီ၊ ကျုပ် ရိုးရိုးသားသား ပြောမယ်။ မဟာလေဟာနယ်ရဲ့ အထွတ်အမြတ် အမွေအနှစ် ထက်တောင် ပိုတိကျတဲ့ အမွေအနှစ်တစ်ခု ကျုပ်မှာ ရှိတယ်။ တကယ်တော့ ကျုပ် ခင်ဗျားတို့အားလုံးကို ဒီထက်စောပြီး တွေ့နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျုပ် ထိန်းချုပ်ထားတာ"
ချီရှန့်က ပြောပြီး သက်ပြင်းချလိုက်၏။
ထိုစကားများကြောင့် သူတို့ ငါးယောက်လုံး စိတ်ရှုပ်ထွေးသွားတော့သည်။ နောက်ဆုံး၌ ရှောင်ယွမ်အာက သည်းမခံနိုင်တော့ပေ။
"ရှင်က ကျွန်မကို မဟာလေဟာနယ်ဆီ ခေါ်သွားချင်တာမလား။ ရှင် ဘယ်သူလဲ"
"ကျုပ်က ချီရှန့်" ချီရှန့်က ပြောလိုက်သည်။
ဖန်လီထန်းက မေးလိုက်လေ၏။
"မင်းက မဟာလေဟာနယ်ကလား"
ထိုစဉ် ငွေရောင်ချပ်ဝတ်အစောင့်တပ်ဖွဲ့မှ ငွေရောင်ချပ်ဝတ်အစောင့်တစ်ယောက်က ပြောလိုက်သည်။
"မင်းတို့ ရှေ့မှာ ရပ်နေတဲ့သူက ထူဝေ့ခန်းမရဲ့ ခန်းမသခင်အသစ် ချီရှန့်ပဲ"
"ထူဝေ့ခန်းမလား"
သူတို့ငါးယောက်လုံးက တပြိုင်နက်တည်း နောက်ဆုတ်လိုက်ကြသည်။ မဟာရန်သူတော်ကို ရင်ဆိုင်နေရသည့်ပမာ ပြုမူလိုက်သည်။
"စိတ်မလှုပ်ရှားပါနဲ့၊ ကျုပ်က အန္တရာယ် ပြုဖို့ မဟုတ်ဘူး"
"ထူဝေ့ခန်းမထဲက ကျင့်ကြံသူတွေက တုံးရင်တုံး၊ မဟုတ်ရင် ယုတ်မာတဲ့ သူတွေချည်းပဲ။ သွားကြရအောင်"
ဝှစ်
နိဗ္ဗာနခါးစည်းသည် သူတို့ငါးယောက်နား၌ ရစ်ပတ်လာ၏။ ရှောင်ယွမ်အာသည် ခုနစ်စင်ကြယ်တိမ်ယံခြေလှမ်းကို အသုံးပြုစဉ် သူမ၏ ကိုယ်ပေါ်၌ သူတော်စင်အလင်း လင်းလက်လာသည်။ ခဏအကြာ၌ သူမသည် အကြီးအကဲလေးယောက်ကို အဝေးသို့ ခေါ်သွားလေ၏။
ချီရှန့်သည် စိတ်မပူပန်ရုံသာမက ချီးကျူးလိုက်သေးသည်။
"ငယ်ရွယ်လိုက်တဲ့ သူတော်စင်၊ အတိတ်မှာရော၊ အနာဂတ်မှာပါ သူမလိုလူမျိုး ရှိမယ် မထင်ဘူး”
"ခေါင်းဆောင်... သူတို့ နောက်မလိုက်တော့ဘူးလား" ငွေရောင်အစောင့်များထဲမှ တစ်ယောက်က စိုးရိမ်တကြီးဖြင့် မေးလိုက်တော့သည်။
"သူတို့ ပြန်လာလိမ့်မယ်"
ချီရှန့်သည် ထိုင်ချလိုက်ချိန် ကျန်သည့် ငွေရောင်အစောင့်များက စိုးရိမ်တကြီးဖြင့် ခေါင်းကုတ်လိုက်ကြသည်။ ကျောက်ခုံပေါ်၌ ထိုင်ပြီးနောက် သူသည် ကျောက်စားပွဲပေါ်၌ စာရွက်ကို ဖြန့်ချပြီး ၎င်းအပေါ်တွင် စတင်ရေးဆွဲလိုက်သည်။ သူသည် အနက်ရောင် ကြာမယ်မြေ၏ မြေပုံကို ရေးဆွဲနေတာ ဖြစ်ပြီး အမည်းစက်လေးမှာ သူတို့၏ တည်နေရာကို ပြသနေခြင်း ဖြစ်သည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် ရှောင်ယွမ်အာနှင့် အကြီးအကဲလေးယောက် ပြန်လာ၏။ သို့သော်ငြား သူတို့ငါးယောက်အပြင် ထူးဆန်းသော အလင်းတောက်ပနေသည့် ကြမ်းတမ်းခက်ထန် သားရဲတစ်ကောင်လည်း ပါလာသည်။ ထိုသားရဲ၏ မျက်လုံးများက လျှပ်စီးများ ယှက်ပြေးနေပြီး ၎င်း၏ အမွေးများ ထောင်ထနေသည်။ ၎င်းသည် အနီရောင် ကျားတစ်ကောင်နှင့် တူနေတော့သည်။
"မဟာလေဟာနယ်က သူတော်စင် သတ်ဖြတ်သူ"
ငွေရောင်အစောင့်များက ထိတ်လန့်သွားတော့သည်။ အကြီးအကဲလေးယောက်၏ အမူအရာကလည်း မှုန်ကုပ်နေ၏။ သူတို့ အရေးနိမ့်ခဲ့တာ သိသာသည်။
ထိုအခိုက်အတန့်တွင် အနီရောင်ကျား အထက်တွင် ပုံရိပ်တစ်ခု ပေါ်လာတော့သည်။ ချီရှန့်က ချက်ချင်း ထရပ်လျက် ပြောလိုက်သည်။
"နှုတ်ခွန်းဆက်ပါတယ် ဧကရာဇ်ရှန်းကျန်း"
ငွေရောင်အစောင့်များသည် ဦးညွှတ်လျက် တစ်ညီတစ်ညွတ်တည်း ပြောလိုက်သည်။
"နှုတ်ခွန်းဆက်ပါတယ် ဧကရာဇ်ရှန်းကျန်း"
အကြီးအကဲလေးယောက်က မှင်တက်သွားလေ၏။ သူတို့ရှေ့တွင် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူက ရှန်းကျန်း ခန်းမ၏ ဧကရာဇ်ရှန်းကျန်းပင် ဖြစ်သည်။ သူ၏ မျက်လုံးက တောက်ပနေလျက် မုတ်ဆိတ်ပါးပါး ရှိသည်။ သူက ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများ ပြည့်နေသည်။ လူတစ်ယောက်နှင့် ကြမ်းတမ်းခက်ထန် သားရဲတစ်ကောင်က ထိုနေရာတွင် ရပ်နေပြီး ကျန်သည့်သူများ မရှိပေ။
ရှန်းကျန်းက လူအုပ်ကြီးကို ကြည့်ပြီးနောက် ပြောလိုက်တော့သည်။
"ချီရှန့် မင်းကို ကတိပေးထားတဲ့အတိုင်း လုပ်ပြီးပြီ"
"ကျေးဇူးတင်ပါတယ် ဧကရာဇ်ရှန်းကျန်း"
ချီရှန့်က ပြောလိုက်သည်။ ပြီးနောက် သူက အကြီးအကဲလေးယောက်ကို ဝိုင်းရံခံထားရသည့် ရှောင်ယွမ်အာကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။
"ဒီမိန်းကလေးက မဟာလေဟာနယ် မျိုးစေ့တစ်ခုကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ ပါရမီက ပြောစရာမလိုတော့ဘူး။ အရှင် တွေ့ပြီးလောက်မှာပါ"
ဧကရာဇ်ရှန်းကျန်းက ရှောင်ယွမ်အာကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
"မိန်းကလေး... တစ်လောကလုံး မင်းကို ရှာနေတာ။ မင်း ငါ့နောက်လိုက်မှ မင်းကိုယ်မင်း ကာကွယ်နိုင်မှာ။ မင်းမှာ တခြား ရွေးချယ်စရာ မရှိဘူး"
"ဘာလိုချင်တာလဲ" ရှောင်ယွမ်အာသည် ရှန်းကျန်းကို စူးစူးဝါးဝါး ကြည့်လျက် မေးလိုက်၏။
"မင်းက ထိုက်တန်ရင် မင်းကို ငါ့တပည့်အဖြစ် လက်ခံမယ်" ရှန်းကျန်းက ပြောလိုက်၏။
"အဲဒါကို စိတ်တောင်မကူးနဲ့"
ရှောင်ယွမ်အာသည် မြေပြင်ပေါ် ခြေဆောင့်နင်းလျက် ပြန်တန်းသွားတော့သည်။
"မိန်းကလေး"
အကြီးအကဲလေးယောက်ကလည်း နောက်မှ လိုက်ပါ ပျံသန်းသွားတော့သည်။ စိတ်ဝိညာဉ် သဏ္ဌာန်လေးခု လေထဲ၌ ပေါ်လာပြီး တောင်တန်းများပမာ ရှောင်ယွမ်အာကို ဘက်ပေါင်းစုံကနေ ကာကွယ်ပေးထားသည်။
ရှန်းကျန်းက သူ၏ လက်ကို ဖိချလိုက်သည်။ စိတ်ဝိညာဉ် သဏ္ဌာန်လေးခုဆီ ဝှေ့ယမ်းလိုက်ချိန်၌ သူ၏ လက်က တောင်တန်းနှင့် တူနေလေ၏။
သံသယဖြစ်ဖွယ်မရှိ အကြီးအကဲ လေးဦးမှာ လွင့်ထွက်သွားကြသည်။ သူတို့မှာ တစ်ချက်လေးတောင် မတောင့်ခံနိုင်ခဲ့ချေ။
“အကြီးအကဲတို့” ရှောင်ယွမ်အာ၏ နှလုံးသားမှာ လေးလံသွားရ၏။
“သွားတော့” ကျော့ယွီရှုက ရှောင်ယွမ်အာကို ကျောက်စိမ်းအဆောင်ကို ရိုက်ခွဲရန် အချက်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် နဂါးရစ်ခွေဝှေးမှာလည်း ပျံထွက်သွားတော့သည်။
ကောင်းကင်ယံ၌ တံဆိပ်တော်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ ချီရှန့်က ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
“အချည်းနှီးပါပဲ” ရှန်းကျန်းက သူ၏ဝတ်ရုံလက်ကို ခါယမ်းလိုက်ရာ အကြီးအကဲ လေးဦးမှာ ထပ်မံ၍ လွင့်စဉ်သွားကြပြန်သည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် စွမ်းအင်များမှာလည်း ဖရိုဖရဲ ဖြစ်ကုန်၏။
ရှောင်ယွမ်အာသည် ရှန်းကျန်းထံသို့ တဟုန်ထိုး ပြေးဝင်သွားစဉ် သူမ၏ တစ်ကိုယ်လုံးမှာ ဝင်းလက်လာပြီး သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်မှာလည်း ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
“သူတော်စင်တစ်ပါး ပါလား” ရှန်းကျန်း၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားတော့သည်။
အကြီးအကဲ လေးဦးမှာ သူတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ထပ်မံ ပြေးဝင်လာကြပြန်သည်။ ရှန်းကျန်းက သူ၏ဝတ်ရုံလက်ကို ခါယမ်း၍ သူတို့ကို ထပ်မံ လွှင့်ထုတ်လိုက်ပြန်၏။ သူက နှာခေါင်းရှုံ့လျက် ခပ်အေးအေးပင် ဆိုလိုက်သည်။
“ငါ ကတိပေးထားလို့သာ မင်းတို့ အသက်မသေတာ။ ငါ့ရှေ့မှာ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်ပေါ့”
အကြီးအကဲ လေးဦးမှာ မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားလိုက်ရသည်။ သူတို့ရှေ့မှ ပုဂ္ဂိုလ်မှာ နတ်ဧကရာဇ် တစ်ပါး ဖြစ်နေသည် မဟုတ်ပါလော။ သူတို့ မည်သို့ ယှဉ်နိုင်မည်နည်း။ သူတို့ မြေပြင်သို့ ရောက်သွားချိန်တွင် ရှန်းကျန်းက အလင်းကွင်းတစ်ခုကို ပစ်လွှတ်ကာ ရှောင်ယွမ်အာကို ချည်နှောင်လိုက်သည်ကို အကူအညီမဲ့စွာ ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
“ကျွန်မကို လွှတ်။ ကျွန်မကို လွှတ်ပေး” ရှောင်ယွမ်အာက အစွမ်းကုန် ရုန်းကန်နေတော့၏။
ချီရှန့်က ထိုအခိုက်အတန့်တွင် ဆိုလိုက်သည်။
“မိန်းကလေး... ကျုပ်ပြောတာကို နားထောင်စမ်းပါ။ ယုတ်မာတဲ့သူတွေရဲ့ လက်ထဲကို ရောက်သွားမဲ့အစား ဧကရာဇ် ရှန်းကျန်း နောက်ကို လိုက်သွားတာက ပိုမကောင်းဘူးလား။ ကျုပ် ပြောခဲ့တာကို မှတ်ထားပါ... မင်း မလွတ်မြောက်ဘူး”
ရှန်းကျန်းသည် ရှောင်ယွမ်အာကို အနီရောင်ကျား၏ ကျောပေါ်တွင် ချည်နှောင်ထားလိုက်ပြီးနောက် မေးမြန်းလိုက်၏။
“တစ်ယောက်ပဲ ရှိသေးတာပဲ။ ကျန်တဲ့တစ်ယောက်ကော ဘယ်မှာလဲ”
ချီရှန့်က ပြန်ဖြေလိုက်သည်။
“အနီရောင်ကြာနယ်မြေမှာပါ”
“မင်း”
ဖန်လီထန်းက ချီရှန့်ကို စိုက်ကြည့်လိုက်၏။ သူတို့ရှေ့မှ ထိုလူငယ်မှာ တကယ့်ကို ကြောက်စရာကောင်းလှသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။
ချီရှန့်က ပြောလိုက်သည်။
“ဧကရာဇ် ရှန်းကျန်းက ခင်ဗျားတို့ရဲ့ အသက်ကို ချမ်းသာပေးခဲ့တာပဲ။ သူ့ကို ကျေးဇူးမတင်ဘူးလား”
ဖန်လီထန်းက လှောင်ပြောင်သလို ရယ်မောလိုက်ပြီးနောက် ပြောလိုက်၏။
“မင်းက ဒီလောက်အထိ ပါရမီရှိတာကို ဘာလို့ မဟာလေဟာနယ်ရဲ့ ခွေးတစ်ကောင် ဖြစ်သွားရတာလဲ”
ချီရှန့်က ဖန်လီထန်းကို တစ်ချက်မျှသာ ကြည့်ပြီးနောက် ဇရပ်အတွင်းမှ ထွက်ခွာလာခဲ့သည်။ ရှန်းကျန်းက ပြောလိုက်သည်။
“ငါ့မှာ အချိန် သိပ်မရှိဘူး”
“ကျုပ်ကို အချိန်နည်းနည်းလောက် ပေးပါဦး” ချီရှန့်က ဆိုသည်။ ထို့နောက် သူသည် လက်နောက်ပစ်လျက် အကြီးအကဲ လေးဦးထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့၏။ သူသည် မြေပြင်ပေါ်မှ လူလေးဦးကို ကြည့်ကာ မေးလိုက်သည်။
“ကျုပ်တို့အားလုံးက အတူတူပါပဲ။ ခွေးတွေလိုပါပဲ...”
“ကျုပ်တို့တဲ့လား။ မင်းကိုယ်မင်း ဘာထင်နေလို့လဲ။ ငါတို့နဲ့ လာပြီး မနှိုင်းစမ်းနဲ့”ကျော့ယွီရှုက ဆဲရေးလိုက်၏။
ချီရှန့်က ပြုံးလိုက်သည်။
“ခင်ဗျားတို့မှာ မာနတွေ အပြည့်ရှိနေတာပဲ။ သေရမှာကိုတောင် မကြောက်ကြဘူး။ ကျုပ်နာမည်ကို မှတ်ထားပါ... ကျုပ်က ချီရှန့်။ မိသားစုမှာ ခုနစ်ယောက်မြောက်သားပေါ့”
ထိုသို့ ပြောပြီးနောက် ချီရှန့်သည် ဖန်လီထန်း၏ ပခုံးကို အသာအယာ ဖိလိုက်သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
ဖန်လီထန်းမှာ လွင့်စဉ်ထွက်သွားပြီး သူနှင့် ထိတွေ့မိသော သစ်ပင်မှန်သမျှ ကျိုးပဲ့ကုန်ရတော့သည်။
“လောင်ဖန်”
ကျန်ရှိသော အကြီးအကဲ သုံးဦးမှာ မျက်လုံးများ နီမြန်းသွားကြရ၏။ သူတို့ ထရန် ကြိုးစားသော်လည်း မထနိုင်ချေ။ ချီရှန့်က ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး လက်ကို နောက်ပြန်ပစ်လျက် လှည့်ထွက်သွားကာ ပြောလိုက်၏။
“သွားကြစို့”
“နားလည်ပါပြီ” ငွေရောင်ချပ်ဝတ် အစောင့်များက တညီတညွတ်တည်း ဦးညွှတ်လျက် ပြန်ထူးလိုက်ကြသည်။
ရှန်းကျန်း၏ မျက်နှာထားမှာ အမူအရာ ကင်းမဲ့နေဆဲပင်။ သူက လှုပ်ရှားခြင်း မရှိသော်လည်း ကောင်းကင်ယံ၌ ဧရာမ သင်္ကေတလမ်းကြောင်းကြီးတစ်ခု ပေါ်ထွက်လာပြီး အလင်းတန်းများက အရပ်မျက်နှာ အနှံ့အပြားကို လင်းထိန်သွားစေတော့သည်။ ထို့နောက် သူသည် အနီရောင်ကျားသစ်၏ ဦးခေါင်းကို အသာအယာ ပုတ်လိုက်ပြီးနောက် အထက်သို့ ပျံတက်သွားတော့သည်။ ချီရှန့်နှင့် အစောင့်များမှာလည်း နောက်မှ လိုက်ပါသွားကြ၏။
“မိန်းကလေး” အကြီးအကဲ လေးဦးမှာ အော်ဟစ်လိုက်ကြသော်လည်း အချည်းနှီးပင်။
ရှောင်ယွမ်အာမှာ တင်းကျပ်စွာ ချည်နှောင်ခံထားရသဖြင့် ရုန်းကန်ရန်ပင် မဖြစ်နိုင်တော့ချေ။ သူမသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါ်ဆောင်သွားခံရသည်ကိုသာ ငေးကြည့်နေရုံ တတ်နိုင်တော့သည်။
တောအုပ်အတွင်း၌ တိတ်ဆိတ်မှုများ လွှမ်းမိုးသွားတော့၏။ အကြီးအကဲများမှာ မျက်နှာဖြူလျော်လျက် မြေပြင်ပေါ်တွင် ထိုင်နေကြပြီး ဟာလာဟင်းလင်း ဖြစ်သွားသော ကောင်းကင်ကြီးကို မှင်တက်စွာ ငေးကြည့်နေမိကြသည်။
အတန်ကြာမှ လင်လော့က လှမ်းခေါ်လိုက်၏။ “လောင်ဖန်”
ဖန်လီထန်းသည် ထရပ်လိုက်ပြီး သူ၏ ပခုံး၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်တို့ကို စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သူက အံ့ဩတကြီးဖြင့် အာမေဍိတ်သံ ပြုလိုက်၏။
“မဖြစ်နိုင်တာ... ဒီနှစ်တွေအတွင်းမှာ ငါ့ရဲ့ ကျင့်ကြံမှုတွေက ဒီလောက်အထိ တိုးတက်သွားလို့ ငါက မသိဘဲနဲ့ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်မျိုးကို ရသွားတာလား။ အဲဒီ လက်ဝါးရိုက်ချက်က ငါ့ကို ဘာဒဏ်ရာမှ မရစေပါလား”
…
အခန်း (၁၅၆၂) နတ်ဘုရင် ကျူးယုံ
လန်လော့သည် ဖန်လီထန်း၏ စကားကို သဘာဝကျစွာပင် မယုံကြည်နိုင်ဘဲ ရှိနေ၏။ သူသည် နေရာမှ ထရပ်လိုက်ပြီး ဖန်လီထန်း၏ ခန္ဓာကိုယ်ကို အသေအချာ စစ်ဆေးကြည့်လေသည်။ မှန်ပေသည်။ ဖန်လီထန်းတွင် မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မရှိပေ။
အကြီးအကဲ လေးဦးစလုံးမှာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
ဖန်လီထန်းက မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။
“အဲဒီ ချီရှန့် ဆိုတဲ့သူက ထူဝေ့နန်းဆောင်က လူသစ်တစ်ယောက်ပဲ။ ထူဝေ့နန်းဆောင်ရဲ့ အရှင်သခင် ဧကရာဇ် ထူဝေ့ ဆိုတာ လော့ယန်မှာ မျှော်နန်းသခင်လုနဲ့ တိုက်ခိုက်ခဲ့တဲ့ ရန်သူ မဟုတ်လား”
လန်လော့က ဆိုလိုက်သည်။
“ကျိုးကြောင်းဆင်ခြင်ကြည့်ရင်တော့ ချီရှန့်က ကျုပ်တို့ကို မုန်းတီးနေရမှာ။ သူက ဧကရာဇ် ထူဝေ့အတွက် လက်စားချေဖို့ ကျုပ်တို့ကို သတ်ချင်ဇော ပြင်းပြနေရမှာလေ”
ကျော့ယွီရှုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“တစ်ခုခုတော့ မှားနေပြီ”
ဟွားဝူတောက်က အခြေအနေကို သုံးသပ်ကာ ပြောလိုက်သည်။
“ဖြစ်နိုင်တာက သူဟာ အရင်တုန်းက ထူဝေ့နန်းဆောင်ရဲ့ အထက်လူကြီးတွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတာလား။ ဒါမှမဟုတ် မျှော်နန်းသခင်လုက ဧကရာဇ် ထူဝေ့ကို သတ်ပေးလိုက်လို့ ကျုပ်တို့ကို ကျေးဇူးတင်တဲ့အနေနဲ့ အသက်ချမ်းသာပေးခဲ့တာလား”
ကျော့ယွီရှုမှာ ဤသုံးသပ်ချက်ကြောင့် ဆွံ့အသွားရတော့သည်။ ထို့နောက် သူမက ပြောလိုက်၏။
“ရှင့်ရဲ့ စိတ်ကူးစိတ်သန်းကတော့ တကယ်ကို ကောင်းလွန်းပါတယ်”
ဖန်လီထန်းက ဆိုလိုက်သည်။
“အကြီးအကဲဟွားရဲ့ သုံးသပ်ချက်ကလည်း အဓိပ္ပာယ် ရှိနိုင်တာပဲ”
လန်လော့က မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။
“အခုက အဲဒီအကြောင်းတွေ ပြောနေရမဲ့ အချိန်မဟုတ်ဘူး။ ရှောင်ယွမ်အာက ခေါ်သွားခံရပြီ။ ဒါကို တခြားသူတွေကို ကျုပ်တို့ ဘယ်လို ရှင်းပြကြမလဲ”
ထိုအခိုက်အတန့်တွင် အကြီးအကဲ လေးဦးစလုံး၏ မျက်နှာထားများမှာ အလွန်ပင် ပျက်ယွင်းနေတော့သည်။
“အဲဒီလူ မထွက်သွားခင်က သူ အနီရောင်ကြာနယ်မြေကို သွားမယ်လို့ ပြောသွားတယ် မဟုတ်လား”
“လောလောဆယ် မိစ္ဆာဝေဟင်မျှော်နန်းကို အရင် ပြန်ကြတာပေါ့။ အခု အရေးကြီးဆုံးက ခရုလေးကို သတိပေးဖို့ပဲ”
အကြီးအကဲ လေးဦးမှာ ဟာလာဟင်းလင်း ဖြစ်နေသော ကောင်းကင်ကြီးကို မတတ်သာသည့် အမူအရာဖြင့် ထပ်မံ ကြည့်ရှုလိုက်ကြတော့သည်။
အနီရောင်ကြာနယ်မြေ၏ မြို့တော် ကောင်းကင်ယံတွင် ဖြစ်သည်။
ပေပေါင်း ရာချီရှည်လျားသော ရထားလုံးပျံတစ်စင်းသည် လေထဲတွင် ဝဲပျံနေ၏။ ထိုယာဉ်ကြီး၏ ပတ်ပတ်လည်တွင် ဝန်းရံနေသော ကျင့်ကြံသူများမှာလည်း ထူးခြားထည်ဝါသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။
မြို့တော်အတွင်းရှိ ကျင့်ကြံသူများမှာမူ ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေကြရ၏။ ၎င်းမှာ ကမ္ဘာပျက်တော့မည့်အလားပင်။ နှစ်ပေါင်းများစွာတိုင်အောင် မဟာလေဟာနယ်သည် သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားခဲ့သော်လည်း ယခုအခါ မဟာလေဟာနယ်မျိုးစေ့များမှာ အလွန်ပင် အရေးပါလှသဖြင့် စည်းမျဉ်းစည်းကမ်းများစွာကို လျစ်လျူရှုလိုက်ကြတော့သည်။
ထိုစဉ် တာ့ထန်မြို့တော်၏ ကောင်းကင်ယံမှ အသံတစ်သံ ထွက်ပေါ်လာ၏။
“အညံ့ခံကြစမ်း။ မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်ကို ငါတို့လက်ထဲ အပ်နှံကြစမ်း”
“မဟာလေဟာနယ်မျိုးစေ့ ဟုတ်လား”
တာ့ထန်ရှိ ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြသည်။
“ဒီတစ်ကြိမ်မှာတော့ မဟာလေဟာနယ်က မဟာလေဟာနယ်မျိုးစေ့ကို ရှာဖို့အတွက် ဘာလို့ ဒီလောက်တောင် အခမ်းအနားကြီးနဲ့ လာရတာလဲ”
ထိုအခိုက်အတန့်တွင် ထူးဆန်းဆန်းကြယ်သော သင်္ကေတများ ပါဝင်သည့် ရွှေရောင်အလင်းကွင်းတစ်ခုသည် ရထားလုံးပျံပေါ်တွင် ပေါ်ထွက်လာသည်။ ထို့နောက် ၎င်းသည် မြို့တော်၏ အရှေ့ဘက်အရပ်ဆီသို့ ပျံသန်းသွားတော့၏။
၎င်းနောက်တွင် မဟာလေဟာနယ်မှ ကျင့်ကြံသူ အမြောက်အမြားမှာ အရှေ့ဘက်သို့ လိုက်ပါ ပျံသန်းသွားကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ စိတ်ဝိညာဉ်သဏ္ဌာန်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခြင်းက လူတိုင်းကို တုန်လှုပ်စေတော့သည်။
ထိုစဉ် အရှေ့ဘက်သို့ ပျံသန်းနေကြသော ကျောင်းဟုန်ဖုနှင့် ခရုလေးတို့သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရရာ သူတို့၏ မျက်နှာထားများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
ကျောင်းဟုန်ဖုသည် ထွက်ပြေးရန်အတွက် သင်္ကေတလမ်းကြောင်းတစ်ခု ဖွင့်လှစ်ရန် ရည်ရွယ်လျက် သူမ၏ စီရင်ရေးစုတ်တံကို မြှောက်လိုက်၏။ သို့သော်လည်း အချိန်အကန့်အသတ်ကြောင့် ၎င်းမှာ အလွန် ခက်ခဲလှပေသည်။ သူမက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။
“ဒါတွေအားလုံးက ကျွန်မ ပညာကို သေသေချာချာ မသင်ယူခဲ့လို့ပဲ။ မဟုတ်ရင် သူတို့ ကျွန်မတို့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး”
ခရုလေးက ကျောင်းဟုန်ဖုကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ အရှေ့ဘက် မိုင် ၃၀ အကွာမှာ သင်္ကေတလမ်းကြောင်းတစ်ခု ရှိတယ်”
“ကောင်းပြီလေ”
ကျင့်ကြံသူများသည် ကောင်းကင်ယံ၌ အရှိန်အဟုန်ဖြင့် ပျံသန်းနေကြသည်။ ခရုလေးသည် သူတို့ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေမိ၏။ သူမသည် သူတော်စင်တစ်ဦးပင် ဖြစ်မလာသေးသော်ငြား သူတို့သည် သူမ၏ တည်နေရာကို မည်သို့ ဤမျှအထိ အလွယ်တကူ ရှာတွေ့နိုင်ကြပါသနည်း။
ထိုစဉ် ကျင့်ကြံသူတစ်ဦးက ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။
“တွေ့ပြီ အရှင်မင်းကြီးရဲ့ ထိန်းသိမ်းခြင်းသံလိုက်အိမ်မြှောင်က တကယ်ပဲ အသုံးဝင်တာပဲ”
အရပ်မျက်နှာ အသီးသီးမှ ကျင့်ကြံသူများသည် ပျံသန်းလာကြပြီး ခရုလေးနှင့် ကျောင်းဟုန်ဖုတို့ ထွက်ခွာမသွားနိုင်စေရန် တားဆီးလိုက်ကြတော့သည်။
ကျောင်းဟုန်ဖုသည် ခရုလေး၏ ရှေ့တွင် ရပ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ကျောက်စိမ်းအဆောင်ကို အမြန်ဆုံး ရိုက်ခွဲလိုက်တော့”
ကျင့်ကြံသူတစ်ဦးက လှမ်းပြောလိုက်သည်။
“ကျောက်စိမ်းအဆောင်ကို အလကား မဖြုန်းတီးနဲ့။ အဲဒါက နတ်ဘုရင်တွေရှေ့မှာတော့ အလကားပါပဲ။ မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲ ဖြစ်လိမ့်မယ်”
ကျောင်းဟုန်ဖုက မျက်မှောင်ကျုံ့လိုက်ပြီး မေးလိုက်၏။ “နတ်ဘုရင် ဟုတ်လား”
ဝူး
ထူးခြားထည်ဝါသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူသည် ရွှေရောင်ပန်းထိုး ဝတ်ရုံကို ဆင်မြန်းထားသဖြင့် အခြားသူအားလုံးနှင့် သိသိသာသာ ကွဲပြားနေ၏။ သူ၏ ဆံနွယ်ရှည်များကို စည်းနှောင်ထားပြီး မျက်လုံးများမှာလည်း တောက်ပကာ တက်ကြွနေတော့သည်။
ကျင့်ကြံသူများမှာ တညီတညွတ်တည်း ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
“နတ်ဘုရင် ကျူးယုံကို ဂါရဝပြုပါတယ်”
ကျူးယုံသည် ကျောင်းဟုန်ဖုနှင့် ခရုလေးကို ကြည့်ကာ ခပ်အေးအေးပင် မေးလိုက်သည်။
“မဟာလေဟာနယ်မျိုးစေ့ ဘယ်မှာလဲ”
ကျူးယုံသည် အမျိုးသမီးနှစ်ဦးကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။
“ဘယ်သူက မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားတာလဲ”
ခရုလေး စကားမပြောရသေးမီမှာပင် ကျောင်းဟုန်ဖုက သတ္တိရှိရှိ ရှေ့သို့ လှမ်းထွက်လိုက်ပြီး ပြောလိုက်၏။
“ရှင် ကျွန်မကို ရှာတွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ကျူးယုံက ပြောလိုက်သည်။
“မင်းရဲ့ သတ္တိကိုတော့ ငါ ချီးကျူးပါတယ်။ မင်း မဟာလေဟာနယ်မျိုးစေ့ကို ရရှိထားတာဟာ မင်းရဲ့ ကံကြမ္မာပဲ။ မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ တစ်ခုက ငါ့ကို ဆရာအဖြစ် လက်ခံဖို့၊ နောက်တစ်ခုကတော့ သေဖို့ပဲ”
ကျောင်းဟုန်ဖုက ပြောလိုက်သည်။
“ကျွန်မ ရှင့်နောက်ကို လိုက်ခဲ့ပါ့မယ်၊ ဒါပေမဲ့ ဒါက ကျွန်မရဲ့ သူငယ်ချင်းနဲ့ ဘာမှ မပတ်သက်ဘူး။ သူ့ကိုတော့ လွှတ်ပေးလိုက်ပါ”
ကျောင်းဟုန်ဖုသည် ခရုလေးကို ကယ်တင်ရန်အတွက် သူမကိုယ်သူမ စတေးရန် ရည်ရွယ်ထားသော်လည်း ကျူးယုံက သဘောမတူပေ။ ထိုအခိုက်အတန့်တွင် ခရုလေးသည် ကျောင်းဟုန်ဖုကို နောက်သို့ ဆွဲယူလိုက်ပြီး ခေါင်းခါပြလိုက်သည်။ “ထားလိုက်ပါတော့”
“မရဘူးလေ မင်းကို ကောင်းကောင်း ကာကွယ်ပေးပါ့မယ်လို့ လူတိုင်းကို ကတိပေးထားတာ”
ခရုလေးက ဆိုလိုက်သည်။ “မမဟုန်ဖု လုပ်ပေးခဲ့တာတွေက လုံလောက်ပါပြီ”
“ဒါပေမဲ့...”
“မမဟုန်ဖု... အမှန်အတိုင်း ပြောရရင် ကျွန်မ စိတ်ထဲမှာ အမြဲတမ်း တွေးနေမိတဲ့ အရာတစ်ခု ရှိတယ်။ ဒါကို ရှစ်စွင်းကိုကော ဘယ်သူ့ကိုမှ ကျွန်မ မပြောပြခဲ့ဘူး။ တကယ်တော့ ကျွန်မ မဟာလေဟာနယ်ကို သွားပြီး တစ်ချက်လောက် ကြည့်ချင်နေခဲ့တာ ကြာပါပြီ” ခရုလေးက ဖြည်းညင်းစွာ ပြောလိုက်သည်။
ခရုလေးက ပြုံးလျက် ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်မ ဘယ်က လာခဲ့တာလဲ၊ ဘယ်သူက ကျွန်မကို ဒီလောက် ရက်ရက်စက်စက် စွန့်ပစ်ခဲ့တာလဲ ဆိုတာကို နေ့တိုင်း အိပ်မက်မက်နေခဲ့တာ။ ကျွန်မ အဲဒီလူနဲ့ တွေ့ပြီး သူ ဘယ်လိုလူလဲဆိုတာ သိချင်မိတယ်”
ကျူးယုံက နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။
“ဒါဆို မင်းကပဲ မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်ပေါ့”
“ကျွန်မ ရှင့်နောက်ကို လိုက်ခဲ့ပါ့မယ်။ သူ့ကိုတော့ လွှတ်ပေးလိုက်ပါ” ခရုလေးက ဆိုလိုက်၏။
ကျူးယုံက ပြောလိုက်သည်။
“ငါ့ကို လိမ်ညာတဲ့အတွက် ပေးရမဲ့ ပြစ်ဒဏ်ကတော့ သေဒဏ်ပဲ။ သူ့ကို ဖမ်းဆီးလိုက်ကြ၊ ကျန်တဲ့တစ်ယောက်ကိုတော့ သတ်ပစ်လိုက်ကြစမ်း”
“ကျွန်မကိုလွှတ်၊ ကျွန်မကို လွှတ်ပေး” ခရုလေးက အစွမ်းကုန် ရုန်းကန်နေတော့၏။
ဤစိုးရိမ်ဖွယ်ရာ အခိုက်အတန့်တွင် ကောင်းကင်ယံမှ ပိုမို ခန့်ညားထည်ဝါသော အသံတစ်သံ ပဲ့တင်ထွက်ပေါ်လာ၏။
“မင်းကတော့ တကယ့်ကို အစွမ်းပြနေတာပဲ...”
ထို့နောက် ကောင်းကင်ယံ၌ ဧရာမ သင်္ကေတလမ်းကြောင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ဧကရာဇ် ရှန်းကျန်းသည် အနီရောင်ကျားပေါ်တွင် ရပ်နေလျက် ပေါ်ထွက်လာတော့သည်။ ရှန်းကျန်း၏ နောက်တွင် ချီရှန့်လည်း ပါဝင်နေလေသည်။
ကျူးယုံ မျက်မှောင်ကျုံ့လိုက်မိ၏။ “ဧကရာဇ် ရှန်းကျန်း”
ရှန်းကျန်းက ပြောလိုက်သည်။
“ကျူးယုံ... မဟာလေဟာနယ်က အကြောင်းမဲ့ သတ်ဖြတ်မှုတွေကို တားမြစ်ထားတယ်။ နတ်ဘုရင် တစ်ယောက်အနေနဲ့ မဟာလေဟာနယ်ရဲ့ စည်းမျဉ်းတွေကို မင်း ဘယ်လိုများ မေ့လျော့နေရတာလဲ”
ကျူးယုံက ဆိုလိုက်၏။
“ပစ်မှတ်ကို အရင်ဆုံး ရှာတွေ့တဲ့သူကပဲ ပိုင်ဆိုင်ခွင့် ရှိမှာပေါ့”
…
အခန်း (၁၅၆၃) သေဆုံးခြင်း ကြေညာချက် (၁)
ဧကရာဇ် ရှန်းကျန်းသည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး မောက်မာထောင်လွှားသော လေသံဖြင့် ပြောလိုက်၏။
“ငါက မင်းဆီကနေ ဒီပစ်မှတ်ကို လုယူမယ်ဆိုရင်ရော မင်း ဘာတတ်နိုင်လဲ”
“မင်း” ကျူးယုံသည် အင်မတန် ဒေါသထွက်သွားသော်ငြား သူ့ဒေါသကို ဖိနှိပ်ထားသည်။ ပြီးနောက် သူက အေးစက်စွာ မေးလိုက်သည်။
“ခင်ဗျားရဲ့ ခွန်အားနဲ့ ကျုပ်ကို အနိုင်ကျင့်နေတာလား”
“ငါ့အနေနဲ့ အဲဒီလိုတော့ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မင်းကသာ တင်းခံနေမယ်ဆိုရင်တော့ ငါ့မှာ တခြားရွေးချယ်စရာ ရှိပါ့မလား” ရှန်းကျန်းက ပြောလိုက်သည်။ ထို့နောက် သူက ခရုလေးကို လက်ညှိုးထိုးပြလျက် ဆက်လက်ပြောဆို၏။
“ဒီလိုလုပ်ကြတာပေါ့... သူ ဘယ်သူ့နောက်ကို လိုက်ချင်လဲဆိုတာ သူ့ကိုပဲ မေးကြည့်လိုက်ရအောင်”
ကျူးယုံသည် ဤအစီအစဉ်ကို သဘောမကျပေ။ အဘယ်ကြောင့်ဆိုသော် မဟာလေဟာနယ်၏ ထုံးစံအရ ပုရွက်ဆိတ်ကဲ့သို့ နိမ့်ပါးသော သက်ရှိများ၏ သဘောထားကို ထည့်သွင်းစဉ်းစားလေ့ မရှိသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ၏ရှေ့မှ ဤပုရွက်ဆိတ်ငယ်သည် နောင်တစ်ချိန်တွင် ဆင်တစ်ကောင်ကဲ့သို့ ထည်ဝါလာမည့်သူ ဖြစ်ကြောင်း တွေးတောမိလိုက်သောအခါ သူက ဝတ်ကျေတမ်းကျေပင် သဘောတူလိုက်လေသည်။
“ကောင်းပြီလေ”
ရှန်းကျန်းနှင့် ကျူးယုံတို့သည် ခရုလေးထံသို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။
ရှန်းကျန်းက ပြုံးလျက် ပြောလိုက်၏။
“ကလေးမ... နတ်ဧကရာဇ် တစ်ပါးနဲ့ နတ်ဘုရင် တစ်ပါးကြားမှာ အဆင့်အတန်း ကွာခြားချက်က ကြီးမားတယ်။ ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိလား”
ရှန်းကျန်း၏ စကားလုံးများမှာ တိုက်ရိုက်ကျပြီး ပွင့်လင်းလှပေသည်။ ဆင်ခြင်တုံတရားရှိသူ မည်သူမဆို နတ်ဘုရင်ထက် ပိုမိုအစွမ်းထက်သော နတ်ဧကရာဇ်နောက်ကိုသာ လိုက်ပါရန် ရွေးချယ်ကြမည်သာ ဖြစ်သည်။ ဤအချက်ကို ကျူးယုံ မည်သို့ မသိဘဲ နေမည်နည်း။
ကျူးယုံသည် ဒေါသထွက်နေသော်လည်း မျက်နှာတွင်မူ မဖော်ပြပေ။ သူက ပြောလိုက်၏။
“ကလေးမ... အကယ်၍ မင်း ငါ့နောက်ကို လိုက်ခဲ့မယ်ဆိုရင် ကျူးယုံခန်းမရဲ့ အရှင်သခင် နေရာကို မင်းကို လွှဲပြောင်းပေးမှာပါ”
ထို့နောက် သူက မလုံလောက်သေးဟု ထင်မှတ်ကာ ထပ်လောင်းပြောပြောလိုက်၏။
“ငါက နည်းနည်း ကြမ်းတမ်းတယ်ဆိုပေမဲ့ အပြောပဲ ဆိုးတာပါ။ တကယ်တော့ ငါ့စိတ်နှလုံးက နူးညံ့ပါတယ်။ အကယ်၍ မင်း သူ့နောက်ကို လိုက်သွားမယ်ဆိုရင်တော့ မင်းအတွက် ကောင်းမွန်တဲ့ အဆုံးသတ်မျိုး ရှိလိမ့်မယ် မထင်ဘူး”
ရှန်းကျန်းက ကျူးယုံကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“အကယ်၍ မင်း ငါ့နောက် လိုက်မယ်ဆိုရင် ရှန်းကျန်းခန်းမရဲ့ ခန်းမသခင်နေရာကို ပေးမယ်”
မဟာလေဟာနယ်မှ ကျင့်ကြံသူများက များစွာ ထိတ်လန့်သွားကြသည်။ ဤသည်မှာ မဟာလေဟာနယ်မျိုးစေ့သည် မည်မျှအထိ အရေးပါကြောင်းကို သက်သေပြနေခြင်းပင်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကုန်းမြေကြီး မကွဲထွက်ခင် အချိန်က မဟာလေဟာနယ်အတွင်း၌ ကြီးမားသော အတွင်းရေးပဋိပက္ခများ ရှိခဲ့ဖူးသည်။ ခန်းမဆယ်ခုအကြား အားပြိုင်မှုများမှာ အလွန်ပင် ပြင်းထန်ခဲ့၏။ ထို့အပြင် မင်ရှင်းသည် အထွတ်အမြတ်ခန်းမကို တည်ထောင်ခဲ့ပြီး မည်သည့်ခန်းမတွင်မျှ အခြေမချဘဲ လူတိုင်း၏ အထက်တွင်သာ နေထိုင်လိုခဲ့သည်။ သူသည် မျှခြေကို ထိန်းသိမ်းရန်နှင့် သူ၏ ရာထူးအာဏာကို ခိုင်မြဲစေရန်အတွက် ခန်းမများအကြား ပဋိပက္ခများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။ ဥပမာအားဖြင့် ထူဝေ့ခန်းမမှ ငွေရောင်ချပ်ဝတ် အစောင့်အမြောက်အမြားကို ရွှမ်းယီခန်းမမှ အနက်ရောင်ချပ်ဝတ်အစောင့်များက သုတ်သင်ခဲ့စဉ်ကပင် မင်ရှင်းက ဂရုမစိုက်ခဲ့ပေ။
ပြောရန်မလို၊ ခန်းမများအကြား အားပြိုင်မှုများသည် မဟာလေဟာနယ်မျိုးစေ့များအထိ ကူးစက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်တစ်ဦးသည် သေချာပေါက် အထွတ်အထိပ်သက်ရှိ ဖြစ်လာမည် မဟုတ်ပါလော။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မည်သည့်ခန်းမအတွက်မဆို ကြီးမားသော အထောက်အပံ့ ဖြစ်ပေလိမ့်မည်။
လူတိုင်းက ခရုလေး၏ အဖြေကို စောင့်ဆိုင်းနေကြသည်။
ခရုလေးက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
“ကျွန်မ ဘယ်သူ့နောက်မှ မလိုက်ဘူး”
ကျူးယုံက ပြုံးလိုက်၏။
“သိပ်ကောင်းတယ်။ ဒါဆိုရင်တော့ ကျုပ်တို့ မူလစည်းမျဉ်းအတိုင်းပဲ လုပ်ကြတာပေါ့... အရင်တွေ့တဲ့သူက ပိုင်ရမယ်”
ခရုလေး ဆွံ့အသွားရသည်။ “ရှင်တို့က ကိုယ့်ကိုယ်ကိုယ် ဘာထင်နေကြတာလဲ။ ကျွန်မက ဘာလို့ ရှင့်နောက်ကို လိုက်ရမှာလဲ”
ကျူးယုံက ပြောလိုက်၏။ “မင်းမှာ တခြား ရွေးချယ်စရာ မရှိပါဘူး”
ခရုလေးသည် ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွားရသည်။ သူမ၏ အမူအရာမှာ ရှောင်ယွမ်အာနှင့်ပင် ဆင်တူနေသည်။
“ယုတ်မာလိုက်တာ”
ထိုအခိုက်အတန့်တွင် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ပျံဝဲနေခဲ့သော ချီရှန့်က နောက်ဆုံးတွင် စကားဆိုလိုက်တော့သည်။
“မိန်းကလေး... ကျွန်တော့်စကားကို ခဏလောက် နားထောင်ပေးနိုင်မလား”
ကျူးယုံက လှမ်းကြည့်ကာ ပြောလိုက်၏။
“ခန်းမဆယ်ခုအကြားက ကိစ္စတွေမှာ ဝင်ပါဖို့က မင်းရဲ့အနေအထား မဟုတ်ဘူး”
ရှန်းကျန်းက အခွင့်အရေးကို အရယူကာ ပြောလိုက်သည်။
“ထူဝေ့ခန်းမရဲ့ အစောင့်တပ်ဖွဲ့ ခေါင်းဆောင်အသစ်ဖြစ်တဲ့ ထူဝေ့ခန်းမ အရှင်သခင်လောင်းကို မင်းက ဘယ်လိုများ အထက်စီးကနေ ပြောဆိုရဲတာလဲ”
ကျူးယုံ အနည်းငယ် အံ့အားသင့်သွားရ၏။ သူက ပြောလိုက်သည်။
“ဒါဆို မင်းက ချီရှန့်ပေါ့”
ချီရှန့်သည် ကျူးယုံကို လျစ်လျူရှုထားလိုက်၏။ ထို့နောက် သူက ခရုလေးကို ကြည့်ကာ ပြောလိုက်သည်။
“မင်း ဘယ်ကိုမှ ပြေးမလွတ်ဘူး။ မင်းရဲ့မိတ်ဆွေကိုရော မင်းရဲ့အသက်ကိုပါ ဘယ်သူမှ ထိခိုက်အောင် မလုပ်ဘူးလို့ ငါ ကတိပေးတယ်။ မင်းငြင်းရင် မင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားမယ်။ ဒါပေမဲ့ နောက်ဆက်တွဲကိုတော့ မင်း စဉ်းစားဖို့လိုတယ်”
…
ရှန်းကျန်းနှင့် ကျူးယုံတို့သည် ချီရှန့်၏ စကားကြောင့် အနည်းငယ် မှင်တက်သွားကြသည်။ ဤစကားများကြောင့် ခရုလေးအနေဖြင့် မည်သို့သော ရွေးချယ်မှုမျိုး ပြုလုပ်မည်ကို သူတို့ သဘာဝကျစွာပင် သိလိုက်ကြသည်။ သူတို့၏ ဉာဏ်ပညာနှင့် အတွေ့အကြုံအရဆိုလျှင် ခရုလေးကို ကိုင်တွယ်ရန် ဤနည်းလမ်းကို စဉ်းစားမိရန် မခက်ခဲလှပေ။ သို့သော်လည်း သူတို့သည် မြင့်မားသော နေရာတွင် နေထိုင်လာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ရာ ပုရွက်ဆိတ်ကဲ့သို့ နိမ့်ပါးသူများ၏ ရှုထောင့်မှ စဉ်းစားရန် မေ့လျော့နေခဲ့ကြခြင်း ဖြစ်သည်။ မည်သည့်လူသားကမျှ ပုရွက်ဆိတ်တစ်ကောင်၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ထည့်သွင်းစဉ်းစားလေ့ မရှိပေ။
ချီရှန့်၏ နည်းလမ်းမှာမူ သေချာပေါက် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။
ထင်ထားသည့်အတိုင်းပင် ခရုလေးမှာ စိတ်လှုပ်ရှားသွားရ၏။ သူမက တုံးအသူ မဟုတ်ပေ။ ယနေ့တွင် သူမ ပြေး၍ မလွတ်နိုင်ကြောင်း သူမ ကောင်းစွာ သိထားသည်။ နောက်ဆုံးတွင် သူမက ချီရှန့်ကို မေးမြန်းလိုက်၏။
“ကျွန်မ ရှင့်ကို ဘယ်လို ယုံကြည်ရမှာလဲ”
ချီရှန့်က ရှန်းကျန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“မဟာလေဟာနယ်ဟာ ကတိကဝတ်တွေကို အမြဲတမ်း တန်ဖိုးထားပါတယ်။ ဒါ့အပြင် ဧကရာဇ်တစ်ပါးက သူ့ ကတိကို ဘယ်လိုများ ဖျက်ဆီးနိုင်ပါ့မလဲ”
ရှန်းကျန်းကလည်း ချီရှန့်နှင့် ပူးပေါင်းကာ ထပ်လောင်းပြောပြောလိုက်၏။
“အမှန်ပဲ။ ငါက ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူပဲ”
အခြေအနေမှာ မိမိအတွက် မဟန်တော့ကြောင်း သိလိုက်သော ကျူးယုံက လှမ်းအော်လိုက်၏။ “နေဦး”
“ဘာပြဿနာ ရှိလို့လဲ”
“ဧကရာဇ် ရှန်းကျန်း... ကျုပ် သူ့ကို အရင်တွေ့တာပါ။ အရှင်က အခုလို လုပ်တာက မသင့်တော်ဘူးလို့ မထင်ဘူးလား” ကျူးယုံက မေးမြန်းလိုက်သည်။
ရှန်းကျန်း စကားမပြောရသေးမီမှာပင် ချီရှန့်က ပြောလိုက်၏။
“နတ်ဘုရင် ကျူးယုံ... ခင်ဗျား မှားနေပြီ”
“ဟင်”
“ခင်ဗျား သူ့ကို ဘာလို့ လိုချင်နေတာလဲ” ချီရှန့်က မေးလိုက်သည်။
“သေချာတာပေါ့... ငါ့အတွက် အသုံးချဖို့ပေါ့” ကျူးယုံက ပြန်ဖြေလိုက်၏။
“ဒါက ပါရမီရှင်တွေကို စုဆောင်းတဲ့နေရာမှာ ထားရမဲ့ သဘောထားမျိုးလား။ ဒီမိန်းကလေးကို ခဏထားလိုက်ပါဦး၊ ခင်ဗျားက သူတို့ရဲ့ သူငယ်ချင်းတွေကို သူတို့ရှေ့မှာတင် သတ်ဖို့ ကြိုးစားနေမှတော့ ခင်ဗျား စုဆောင်းချင်တဲ့သူတိုင်းက ငြင်းဆန်ကြမှာပဲ။ ခင်ဗျားက ပါရမီရှင်တွေကို စုဆောင်းနေတာ မဟုတ်ဘဲ ရန်သူတွေ ဖန်တီးနေတာပါ”
“မင်း ဘယ်လိုများ ရဲတင်းရတာလဲ” ကျူးယုံက ပြောလိုက်၏။
“ခင်ဗျားက သူ့ကို စိတ်ဝင်စားတာ မဟုတ်ပါဘူး။ မဟာလေဟာနယ်မျိုးစေ့ကိုပဲ လုယူချင်နေတာပါ။ ဒါပေမဲ့ ခင်ဗျားက အထွတ်အထိပ်သက်ရှိတစ်ဦး ဖြစ်နေပြီပဲ။ မျိုးစေ့က ခင်ဗျားအတွက် အသုံးမဝင်တော့ဘူး မဟုတ်လား” ချီရှန့်က ပြောလိုက်သည်။
လူတိုင်းမှာ ချီရှန့်၏ စကားကြောင့် မှင်တက်သွားကြပြီး ကျူးယုံကို လှည့်ကြည့်လိုက်ကြသည်။
အချို့သောအရာများသည် အနုစိတ် စစ်ဆေးခံရခြင်းကို မခံနိုင်ပေ။ စစ်ဆေးကြည့်လိုက်လျှင် ပြဿနာများစွာ ပေါ်ထွက်လာလိမ့်မည်သာ။ ကျူးယုံကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ပါရမီရှင်များကို စုဆောင်းနည်းကို မသိဘဲ နေမည်နည်း။ သို့သော်လည်း သူသည် သူ၏ ယုတ်မာသော သဘောထားကို ပေါ်ပေါ်ထင်ထင် ပြသခဲ့ပြီး ခရုလေး၏ ဆန္ဒကိုလည်း လုံးဝ လျစ်လျူရှုခဲ့သည်။ သူ၌ ခရုလေးအား ပါရမီရှင်အဖြစ် စုဆောင်းရန်ထက် အခြားသော အစီအစဉ်များ ရှိနေသည်မှာ ထင်ရှားလှပေသည်။
ထိုအခိုက်အတန့်တွင် ရှန်းကျန်းက ပြောလိုက်သည်။
“အကယ်၍ မင်းက နတ်ဧကရာဇ် တစ်ပါး ဖြစ်လာချင်တယ်ဆိုရင် မင်းရဲ့ ပါရမီနဲ့ နားလည်သဘောပေါက်နိုင်စွမ်းအပေါ်မှာပဲ အားကိုးရလိမ့်မယ်၊ မဟာလေဟာနယ်မျိုးစေ့အပေါ်မှာ မဟုတ်ဘူး။ ကျူးယုံ... မင်းရဲ့ ဒီလို စိတ်အခြေအနေမျိုးနဲ့ဆိုရင် မင်းကတော့ ဘယ်တော့မှ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာမှာ မဟုတ်ဘူး”