အခန်း (၁၅၆၄-၁၅၆၆)
Vol. 105 Ch. 1564-1566
အခန်း (၁၅၆၄) သေဆုံးခြင်း ကြေညာချက် (၂)
ဤစကားလုံးများမှာ ကျူးယုံ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ရုံတင်မကဘဲ သူ၏ သိက္ခာကိုပါ အကြီးအကျယ် ထိပါးစော်ကားလိုက်သကဲ့သို့ ပြင်းထန်လှပေသည်။
ကျူးယုံက မေးမြန်းလိုက်သည်။
“ထူဝေ့ခန်းမနဲ့ ရှန်းကျန်းခန်းမတို့က ဘယ်တုန်းကတည်းက မဟာမိတ်တွေ ဖြစ်သွားကြတာလဲ”
“ရိုင်းလှချည်လား”
ရှန်းကျန်းက ဟိန်းဟောက်လိုက်ရာ ပြင်းထန်လှသော အသံလှိုင်းများ ထွက်ပေါ်လာ၏။ ၎င်းမှာ မိုးခြိမ်းသံပမာ ဟိန်းခနဲ မြည်ဟည်းသွားပြီး နားစည်ကိုပင် ကွဲထွက်မတတ် ဖြစ်စေတော့သည်။
ကျူးယုံသည် ရှန်းကျန်းနှင့် တိုက်ခိုက်လိုစိတ် မရှိသဖြင့် ခေါင်းငုံ့လိုက်ပြီး ပြောလိုက်၏။
“မိန်းကလေး... အချို့သောသူတွေက အပြင်ပန်းမှာ ကြင်နာတတ်ပုံရပေမဲ့ တကယ်တော့ သူတို့က ရက်စက်ကြမ်းကြုတ်ပြီး အငြိုးကြီးတတ်ကြတယ်။ ကိုယ့်ရဲ့ သမီးအရင်းကိုတောင် သေအောင် သတ်ရဲတဲ့သူမျိုးတွေပေါ့။ မင်းရဲ့ ဆုံးဖြတ်ချက်ကို သေသေချာချာ စဉ်းစားပါဦး”
ရှန်းကျန်းသည် ထိုစကားကြောင့် ဆက်လက်၍ သည်းမခံနိုင်တော့ပေ။
ဝူး
ကောင်းကင်ယံသို့ ထိုးတက်နေသော ဧရာမ စိတ်ဝိညာဉ်သဏ္ဌာန်ကြီးတစ်ခု ပေါ်ထွက်လာပြီး ကျူးယုံထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ ချီရှန့်ကမူ ထိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးနှစ်ဦးကို ကြည့်ကာ ပြုံးလျက် ခေါင်းအနည်းငယ် ညိတ်လိုက်၏။ ကျူးယုံသည်လည်း အရှုံးမပေးလိုသဖြင့် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။
ဘုန်း
စိတ်ဝိညာဉ်သဏ္ဌာန်ကြီး နှစ်ခု ထိပ်တိုက် တိုးမိကြလေပြီ။ လေနှင့် တိမ်တိုက်များမှာ ဖရိုဖရဲ ဖြစ်ကုန်ကြပြီး ကမ္ဘာမြေကြီးမှာလည်း တုန်ခါသွားရတော့သည်။ သူတို့သည် ကောင်းကင်ယံ၌ မိုင် ၁၀၀ ခန့်အကွာအထိ ပျံသန်းသွားကြ၏။ ခဏအကြာတွင် မိုးခြိမ်းသံပမာ ပေါက်ကွဲသံကြီး တစ်ချက် ပဲ့တင်ထပ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကျူးယုံသည် ကောင်းကင်ယံမှ ပြုတ်ကျလာပြီး သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန်ပင် ပြန်လည်ထိန်းညှိလိုက်ရ၏။ သူ၏ မျက်နှာမှာ ဖြူလျော်နေပြီး ခန္ဓာကိုယ်မှာလည်း တုန်ရီနေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်းကျန်းသည် အနီရောင်ကျား၏ ဦးခေါင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး လက်နောက်ပစ်လျက် ရပ်နေ၏။ သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။
“နတ်ဘုရင်ဆိုတာ နတ်ဘုရင် ပါပဲ။ မင်ရှင်းရဲ့ မျက်နှာကို ထောက်ထားပြီး ငါ မင်းကို အပြစ်မယူတော့ဘူး”
ကျူးယုံသည် မကျေမနပ်ဖြစ်စွာဖြင့် ရှန်းကျန်းကို စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“သွားကြစို့” ခက်ခက်ခဲခဲပင် ပြောဆိုကာ သူ၏ လက်အောက်ငယ်သားများနှင့်အတူ ပျံသန်းထွက်ခွာသွားတော့သည်။
ချီရှန့်က လက်ခုပ်တီးလျက် ချီးကျူးလိုက်၏။
“ဧကရာဇ် ရှန်းကျန်းက နတ်ဧကရာဇ် တစ်ပါးရဲ့ ဂုဏ်ဒြပ်နဲ့ တကယ်ကို ထိုက်တန်လှပါတယ်။ နတ်ဘုရင် ကျူးယုံကို အလွယ်တကူပဲ အနိုင်ယူနိုင်ခဲ့တာပဲ”
“ကျူးယုံက နတ်ဘုရင် တစ်ပါးဆိုပေမဲ့ သူ့မှာ လှည့်ကွက်တွေ အများကြီး ရှိတယ်။ ငါက ကျင့်ကြံမှု အဆင့်အတန်း ကွာခြားချက်ကို အသုံးချခဲ့တာပါ” ရှန်းကျန်းက ပြောလိုက်သည်။ ထို့နောက် သူက သူ၏ ဝတ်ရုံလက်ကို တစ်ချက် ခါယမ်းလိုက်ရာ ခရုလေးမှာ အနီရောင်ကျား၏ ကျောပေါ်သို့ ရောက်ရှိသွားတော့သည်။
ထိုအချိန်တွင်မှ ခရုလေးသည် အနီရောင်ကျား၏ ကျောပေါ်တွင် အခြားလူတစ်ယောက် ရှိနေသည်ကို သတိထားမိလိုက်၏။
“ကျိုရှစ်...”
ရှောင်ယွမ်အာက ခေါင်းခါပြလိုက်ပြီး ခရုလေးကို စကားဆက်မပြောရန် အချက်ပြလိုက်သည်။ ခရုလေးလည်း ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။
ရှန်းကျန်းက ပြောလိုက်သည်။
“အခုဆိုရင် နောက်ထပ် မျိုးစေ့ ခုနစ်ခု ကျန်သေးတယ်”
ချီရှန့်က ပြောလိုက်၏။
“အရှင်မင်းကြီး... အရှင်က အခု နှစ်ခုတောင် ရထားပြီပဲလေ။ ဒီထက်ပိုပြီး ရဖို့ကတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်”
“ဟင်” ရှန်းကျန်း ဇဝေဇဝါ ဖြစ်သွားရသည်။
လူသားဟူသည် လောဘသားများ ဖြစ်ကြရာ ရှန်းကျန်းသည်လည်း ခြွင်းချက် မဟုတ်ပေ။ မဟာလေဟာနယ်မျိုးစေ့များကို မရှာတွေ့မီက တစ်ခုရလျှင်ပင် တော်လှပြီဟု သူ ယူဆခဲ့သော်လည်း ယခု နှစ်ခုရရှိထားပြီဖြစ်ရာ ပိုမို၍ အလိုရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤမျှအထိ အလွယ်တကူ ရရှိလိမ့်မည်ဟုလည်း သူ မထင်မှတ်ထားခဲ့ပေ။
ချီရှန့်က ရှင်းပြလိုက်သည်။
“အဖြူရောင်ဧကရာဇ်က ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့ဖူးတာမို့ သူ့ဆီကို နှစ်ခု ပို့ပေးရပါလိမ့်မယ်။ မျောလွင့်ကျွန်းကနေ မထွက်ခွာခင်က ကျွန်တော် သူ့ကို ကတိပေးခဲ့တာပါ။ မဟာလေဟာနယ်ဧကရာဇ် မင်ရှင်းကလည်း ဒါကို သဘောတူထားပြီးသားပါ”
“ဒါဆိုရင် ငါးခု ကျန်သေးတာပဲ” ရှန်းကျန်းက ဇွဲမလျှော့ဘဲ ပြောလိုက်၏။
“ကျွန်တော် ရရှိထားတဲ့ သတင်းအရဆိုရင် အပြာရောင်ဧကရာဇ် လင်းဝေ့ယန်းကလည်း နှစ်ခု ရရှိထားပြီးပြီလို့ သိရပါတယ်” ချီရှန့်က ပြောလိုက်သည်။
“အပြာရောင်ဧကရာဇ် လင်းဝေ့ယန်းလား။ အဲဒီ အဘိုးကြီးက တကယ်ကို လိမ္မာပါးနပ်တာပဲ”
ရှန်းကျန်းက ထပ်ပြောလိုက်သည်။
“အဲဒီလိုဆိုရင်တောင် သုံးခု ကျန်သေးတာပဲ မဟုတ်လား”
ချီရှန့်က ဆက်ပြောလိုက်၏။
“အနက်ရောင်ဧကရာဇ် ကျိကွမ်းကျီကလည်း နောက်ထပ် နှစ်ခုကို ယူသွားခဲ့ပါပြီ”
“အဲဒီ အဘိုးကြီး ကျိကွမ်းကျီက မဟာလေဟာနယ်ရဲ့ အရေးကိစ္စတွေကို ဝင်မစွက်ဖက်တာ ကြာလှပြီကို။ သူကတော့ တကယ့်ကို အရှက်မရှိတဲ့သူပဲ။ ဒါပေမဲ့ သူ့ကိုတော့ ငါ ရန်မစချင်ဘူး။ ဒါဆို နောက်ဆုံးကျန်တဲ့ မျိုးစေ့ကကော”
“အဲဒါလည်း မရှိတော့ဘူး ထင်တယ်”
“ဘာလို့လဲ”
“မဟာလေဟာနယ်ဧကရာဇ် မင်ရှင်းက နောက်ဆုံးတစ်ခုကို အလိုရှိနေလို့ပါ” ချီရှန့်က ပြောလိုက်သည်။
ရှန်းကျန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ချီရှန့်က မေးလိုက်၏။
“အရှင် ဆက်ပြီး ရှာဖွေနေဦးမှာလား”
ရှန်းကျန်းသည် ချီရှန့်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ချီရှန့်... မင်းက တကယ်ကို ပါရမီရှိတဲ့သူပဲ။ အချိန်ရတဲ့အခါ ငါ့ရဲ့ ခန်းမဆီကို လာလည်ပါဦး”
ထို့နောက် ရှန်းကျန်းသည် အနီရောင်ကျားကို အသာအယာ ပုတ်လိုက်ပြီးနောက် လေထဲသို့ ပျံတက်သွားတော့၏။
“ကျွန်တော် လာခဲ့ပါ့မယ်” ချီရှန့်က ဦးညွှတ်လျက် ပြောလိုက်သည်။ ရှန်းကျန်း ထွက်သွားပြီးနောက် သူက တိုးတိုးလေး ထပ်မံ ရေရွတ်လိုက်၏။ “ဒါပေမဲ့ အရှင်နဲ့ တွေ့ဖို့တော့ မဟုတ်ဘူးပေါ့”
ထို့နောက် ချီရှန့်သည် မြေပြင်ပေါ်ရှိ ကျောင်းဟုန်ဖုကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ နောက်ခံနဲ့ စွမ်းဆောင်ရည်ကို ငါ သိပါတယ်။ ဧကရာဇ် ရှန်းကျန်းက မင်းကို အသက်ချမ်းသာပေးခဲ့တာဆိုမှတော့ မင်း ဘာလို့ ထွက်မပြေးသေးတာလဲ”
ကျောင်းဟုန်ဖုက အံကြိတ်လျက် ပြောကာ လှည့်ထွက်သွားတော့သည်။
“ရှင့်ကို ကျွန်မ မှတ်ထားမယ်”
ငွေရောင်ချပ်ဝတ် အစောင့်တစ်ဦးက နှာခေါင်းရှုံ့လျက် မေးမြန်းလိုက်၏။
“ခန်းမသခင်... ဘာလို့ ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်တာလဲ”
“ငါကတော့ ငါ့ရဲ့ ကတိကို တည်ရမှာပေါ့။ အကယ်၍ ငါသာ သူ့ကို တစ်ခုခု လုပ်ခဲ့ရင် အဲဒီမိန်းကလေးက ဧကရာဇ် ရှန်းကျန်း နောက်ကို ကြည်ကြည်ဖြူဖြူ လိုက်လိမ့်မယ်လို့ မင်း ထင်လို့လား။ သူ့ကို လွှတ်ပေးရုံတင်မကဘဲ သူ့ကို ကာကွယ်ပေးဖို့ပါ လိုအပ်တယ်။ လူတွေရဲ့ စိတ်နှလုံးကို ခြောက်လှန့်ခြင်းနဲ့ သိမ်းပိုက်လို့ မရဘူးလေ” ချီရှန့်က ပြောလိုက်သည်။
“ခန်းမသခင်က တကယ့်ကို ဉာဏ်ပညာ ကြီးမားလှပါတယ်။ ကျွန်တော် အမြင်မှန် ရသွားပါပြီ”
အစောင့်က ဆို၏။
“သိပ်ကောင်းတယ်။ ဒါဆိုရင် သူမရဲ့ ဘေးကင်းလုံခြုံရေးကို မင်းတို့ သေချာ ဂရုစိုက်ရမယ်။ မဟာလေဟာနယ်မျိုးစေ့ ပိုင်ဆိုင်ထားတဲ့သူတွေဟာ အနာဂတ်ရဲ့ အထွတ်အထိပ်သက်ရှိတွေဆိုတာ မှတ်ထားကြ။ သူတို့ကို စော်ကားလို့ မရဘူး” ချီရှန့်က ပြောလိုက်သည်။
အစောင့်များမှာ ထိုစကားကို ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့ သိထားသော်လည်း ယခင်က ဤမျှအထိ သေသေချာချာ မစဉ်းစားမိခဲ့ကြပေ။ ချီရှန့်၏ သတိပေးမှုကြောင့် သူတို့အားလုံးမှာ အမြင်မှန် ရသွားသကဲ့သို့ ဖြစ်သွားကြပြီး တညီတညွတ်တည်း ဦးညွှတ်လိုက်ကြ၏။
“အမိန့်အတိုင်းပါ”
“မဟာလေဟာနယ်ကို ပြန်ကြစို့”
“ဟုတ်ကဲ့”
ထိုသို့ဖြင့် ချီရှန့်သည် လူတိုင်းကို ဦးဆောင်ကာ မဟာလေဟာနယ်ဆီသို့ ပြန်လည် ထွက်ခွာခဲ့ကြတော့သည်။
အထွတ်အမြတ်ခန်းမအတွင်း
မင်ရှင်းသည် ဟိုဟိုသည်သည် လမ်းလျှောက်နေ၏။ သူသည် ရလဒ်ကို ကြိုတင်သိရှိထားသည့်အလား ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ရှန်းကျန်းက ဖြစ်ပျက်ခဲ့သမျှကို ငါ့ကို ပြောပြပြီးပြီ။ မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ”
ချီရှန့် ဦးညွှတ်ကာ ပြောလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ”
“ငါ တကယ် သိချင်မိတယ်။ မင်းဆီမှာ ထိန်းသိမ်းခြင်းသံလိုက်အိမ်မြှောင် မရှိဘဲနဲ့ သူတို့ကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ” မင်ရှင်းက မေးမြန်းလိုက်သည်။
“သန့်စင်တဲ့ အမွေအနှစ် တစ်ခုကြောင့်ပါ” ချီရှန့်က ရိုးသားစွာပင် ပြန်ဖြေလိုက်၏။
“သန့်စင်တဲ့ အမွေအနှစ်လား။ ထိန်းသိမ်းခြင်းသံလိုက်အိမ်မြှောင်ထက်တောင် ပိုကောင်းတဲ့ အမွေအနှစ်က ဘာများလဲ” မင်ရှင်းက မေးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ငါ့လက်ထဲမှာ ရတနာတွေ မရေမတွက်နိုင်အောင် ရှိပြီးသားမို့ မင်းရဲ့ ရတနာကိုတော့ ငါ အလိုမရှိပါဘူး”
ချီရှန့်က သူ၏ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး... တစ်ချက်လောက် ကြည့်ရှုပေးပါ”
ဆိတ်သားရေဖြင့် ပြုလုပ်ထားသော ရှေးဟောင်းမြေပုံတစ်ခု လေထဲတွင် ပေါ်လာတော့သည်။ နယ်မြေကိုးခုနှင့် အမည်မသိကုန်းမြေကြီးကို ထိုဆိတ်သားရေမြေပုံပေါ်တွင် ရှင်းလင်းစွာ ရေးဆွဲထားပေသည်။
ယင်းကို မြင်သောအခါ မင်ရှင်း၏ လေသံမှာ လေးနက်သွားပြီး ပြောလိုက်၏။
“မင်းမှာ ဆိုးယုတ်သူတစ်ပါးရဲ့ ထျန်းဝမ်မြေပုံရှိနေတာလား”
ချီရှန့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်”
မင်ရှင်းက လေးနက်စွာ မေးမြန်းလိုက်သည်။
“ဆိုးယုတ်သူတစ်ပါး ဆိုတဲ့ စကားလုံးက ဘာအဓိပ္ပာယ်လဲဆိုတာ မင်း သိရဲ့လား”
“အမှန်အတိုင်း ပြောရရင် အဲဒီစကားလုံးတွေက မဟာလေဟာနယ်မှာ တားမြစ်ချက်ဖြစ်တာကို ကျွန်တော် သိပါတယ်။ ဒါကြောင့်လည်း ဒီပစ္စည်းအကြောင်းကို ကျွန်တော် ထုတ်မပြောခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ ဒီပစ္စည်းက အသုံးချဖို့ သက်သက်ပါပဲ” ချီရှန့်က ပြောလိုက်၏။
“မင်း ဒါကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ” ဟု မင်ရှင်းက မေးလိုက်သည်။
ချီရှန့်က ပြန်ဖြေလိုက်၏။
“အဆုံးမဲ့သမုဒ္ဒရာရဲ့ အောက်ခြေမှာပါ”
မင်ရှင်း တိတ်ဆိတ်သွားမိသည်။ သူသည် လက်နောက်ပစ်လျက် ခန်းမအပြင်ဘက်သို့ ငေးကြည့်ရင်း လမ်းလျှောက်နေမိ၏။ ထို့နောက် သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။
“ဒါဟာ ကံကြမ္မာပဲ...”
ချီရှန့်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။
“ဒါကို အရှင်မင်းကြီးထံ ဆက်သပါရစေ”
မင်ရှင်းက ချီရှန့်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်း ရှာတွေ့ခဲ့တာဆိုတော့ ဒါက မင်းနဲ့ပဲ ဆိုင်ပါတယ်” ဟု ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
ချီရှန့်သည် ထျန်းဝမ်မြေပုံကို ပြန်လည် သိမ်းဆည်းလိုက်၏။ မင်ရှင်းသည် ထိုမြေပုံကို အလိုရှိမည် မဟုတ်ကြောင်း သူ ကြိုတင် သိရှိထားပုံရသည်။
ထိုအချိန်တွင် ဝမ်ရူချင်း လမ်းလျှောက်ဝင်လာပြီး တိုက်ရိုက်ပင် ပြောလိုက်၏။
“အရှင်မင်းကြီး... စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးပါပြီ”
“ဘယ်လိုရှိလဲ” မင်ရှင်းက မေးလိုက်သည်။
ဝမ်ရူချင်းက ချက်ချင်း ပြန်မဖြေဘဲ ချီရှန့်ကို လှည့်ကြည့်လိုက်၏။ ယင်းကို မြင်သောအခါ မင်ရှင်းက ပြောလိုက်သည်။
“ကိစ္စမရှိဘူး၊ ပြောသာပြော” ပြောလိုက်သည်။
ဝမ်ရူချင်းက ပြောလိုက်သည်။
“ဆိုးယုတ်သူတစ်ပါးဟာ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားခဲ့ပါပြီ။ သူဟာ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ချောက်နက်ထဲက ကမ္ဘာမြေရဲ့ စွမ်းအားတွေကြောင့် သေချာပေါက် ပျောက်ကွယ်သွားပါလိမ့်မယ်။ အခုအချိန်ကစပြီး ဆိုးယုတ်သူတစ်ပါး ဆိုတာ ဒီလောကမှာ မရှိတော့ပါဘူး”
ထိုစကားကို ကြားသောအခါ မင်ရှင်း၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။ တစ်ဖက်တွင်မူ ချီရှန့်မှာ အနည်းငယ် မျက်မှောင်ကျုံ့လိုက်မိသော်လည်း သူ၏ မျက်နှာထားမှာ ပုံမှန်အတိုင်းပင် ချက်ချင်း ပြန်ဖြစ်သွားခဲ့သည်။
မင်ရှင်းက လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်၏။
“မဟာလေဟာနယ်ထဲက လူတိုင်းကို ဆိုးယုတ်သူတစ်ပါး သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်ကြစမ်း”
“နားလည်ပါပြီ”
ဝမ်ရူချင်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ချီရှန့်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။
“အစ်ကိုဝမ်... ခဏလောက် စောင့်ပါဦး”
“ဘာကိစ္စလဲ” ဝမ်ရူချင်းက မေးလိုက်၏။
ချီရှန့်သည် မင်ရှင်းကို တစ်ချက်ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။
“ကျွန်တော့်မှာ အစ်ကိုဝမ်ကို မေးစရာ ကိုယ်ရေးကိုယ်တာ မေးခွန်းတစ်ခု ရှိလို့ပါ”
မင်ရှင်းက လက်ဝေ့ယမ်းပြလိုက်သဖြင့် ထိုနှစ်ဦးမှာ အတူတူ ထွက်ခွာသွားကြတော့သည်။ ချီရှန့်သည် ဝမ်ရူချင်းနောက်မှ လိုက်ပါ၍ အထွတ်အမြတ်ခန်းမ အပြင်သို့ ရောက်သောအခါ ဝမ်ရူချင်းက ပြောလိုက်သည်။
“ပြောစမ်း”
ချီရှန့်က လေသံနှိမ့်၍ မေးလိုက်သည်။
“ဆိုးယုတ်သူတစ်ပါးက တကယ်ပဲ သေသွားပြီလား”
ဝမ်ရူချင်း ခေါင်းညိတ်ပြလိုက်၏။ ချီရှန့် ထပ်မံ၍ မျက်မှောင်ကျုံ့လိုက်မိပြန်သည်။ ထို့နောက် သူက ထူးဆန်းသော လေသံဖြင့် မေးမြန်းလိုက်၏။
“အစ်ကိုဝမ်... အစ်ကိုက တစ်ချိန်တုန်းက ဆိုးယုတ်သူတစ်ပါးရဲ့ လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးတယ် မဟုတ်လား”
“ရိုင်းလှချည်လား”
ဝမ်ရူချင်းက ဒေါသတကြီးဖြင့် အသံကျယ်ကျယ် အော်ဟစ်လိုက်သည်။ “မင်း မဟာလေဟာနယ်မျိုးစေ့တွေကို ရှာတွေ့ခဲ့ရုံနဲ့ မင်းကြိုက်သလို လုပ်လို့ရမယ်လို့ မထင်နဲ့နော်”
ချီရှန့်က ပြောလိုက်သည်။ “တောင်းပန်ပါတယ်... ကျွန်တော် ရိုင်းသွားခဲ့ပါတယ်”
ထိုသို့ဖြင့် ဝမ်ရူချင်းသည် ပျက်ယွင်းနေသော မျက်နှာထားဖြင့် လှည့်ထွက်သွားတော့သည်။ မကြာမီမှာပင် မဟာလေဟာနယ်က ဆိုးယုတ်သူတစ်ပါး သေဆုံးသွားပြီဖြစ်ကြောင်း တစ်လောကလုံးကို ကြေညာလိုက်တော့သည်။
ညဦးယံအချိန်၊ ချောက်နက်ကြီးအတွင်း
ချောက်နက်ကြီး၏ မှောင်မိုက်မှုအတွင်း၌ အလင်းစက်ကလေးများမှာ လွင့်မျောနေဆဲပင်။
လုကျိုးသည် မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်အတွင်း၌ ငိုကြွေးနေသော ထူးဆန်းသည့် အသံများ ပဲ့တင်ထပ်လာခဲ့၏။
“ဘာလို့ ဒီအတိုင်းကြီး ထွက်သွားရတာလဲ။ တကယ့်ကို သနားစရာကောင်းအောင် သေဆုံးသွားခဲ့ရပြီ”
“ပြန်လာမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ပြန်မလာခင် ဘယ်လိုလုပ် သေသွားနိုင်ရတာလဲ”
“မင်းက ဆိုးယုတ်သူတစ်ပါးပဲလေ။ လူတွေအများကြီးက ခင်ဗျား ပြန်အလာကို စောင့်နေကြတာ ကျွန်တော်တို့ကို ဘယ်လောက်အထိ ထပ်စောင့်ခိုင်းဦးမှာလဲ”
ငိုကြွေးသံများစွာမှာ လုကျိုး၏ စိတ်အတွင်း၌ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေတော့သည်။ လုကျိုးမှာမူ မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်၏။ ၎င်းမှာ အိပ်မက်တစ်ခုကို မက်နေသည့်အလားပင်။ ထိုအိပ်မက်မှာ အချိန်အတော်ကြာအောင် ရှည်လျားနေခဲ့သည်။ နေ့စဉ်နေ့တိုင်း မတူညီသော အသံများ ထွက်ပေါ်လာတတ်၏။ အချို့က သူ့ကို ဆဲရေးနေကြပြီး၊ အချို့က ငိုကြွေးနေကြသလို၊ အချို့ကလည်း ရယ်မောနေကြတော့သည်။
…
အခန်း (၁၅၆၅) အားလုံး ဖမ်းဆီးခံရခြင်း
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။
လုကျိုးသည် ကောင်းကင်ကျမ်းစာကို ကျင့်ကြံရာတွင် စိတ်အာရုံ အပြည့်အဝ နှစ်မြှုပ်ထားသဖြင့် သူ၏ မွေးဖွားဇယားချပ် အောင်မြင်စွာ အသက်ဝင်သွားသည်ကိုပင် သတိမပြုမိလိုက်ပေ။ ရွှေရောင်ကြာပွင့်သည် သူ၏ရှေ့မှောက်၌ သံလိုက်အိမ်မြှောင်တစ်ခုပမာ အစဉ်မပြတ် လည်ပတ်နေလေသည်။
ချောက်နက်ကြီးမှာ ကျယ်ပြောလှသော နဂါးငွေ့တန်းတစ်ခုနှင့် တူလှပေ၏။ ဝင်းလက်နေသော အလင်းစက်ကလေးများထံမှ ဖျော့တော့သော စွမ်းအင်များသည် သူ၏ စွမ်းအားဗဟိုချက်အတွင်းရှိ ချီပင်လယ်ထဲသို့ ဖြည်းညင်းစွာ စီးဝင်နေတော့သည်။ သူ၏ ခန္ဓာကိုယ်မှလည်း အလင်းဖျော့ဖျော့တို့ ဖြာထွက်နေ၏။ သူ၏ အာရုံငါးပါးစလုံးမှာ ရပ်တန့်နေသဖြင့် ပြင်ပလောကအပေါ် သိရှိနားလည်မှုမှာ မရှိသလောက်ပင် ဖြစ်နေသည်။
ဖြစ်နိုင်သည်မှာ ကမ္ဘာမြေ၏ စွမ်းအားများကြောင့် ချောက်နက်ကြီး၏ အထက်ဘက်မှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော အသံများကို သူ ကြားနေရခြင်း ဖြစ်ပေလိမ့်မည်။
“အဲဒီတုန်းက ဆိုးယုတ်သူတစ်ပါးဟာ ပြိုင်ဘက်ကင်းခဲ့တာ။ မဟာလေဟာနယ်က အထွတ်အထိပ်သက်ရှိ လေးပါးကို ဆုံးရှုံးခဲ့ရသလို လူများစွာလည်း ဒဏ်ရာရခဲ့ပြီးမှ သူ့ကို နောက်ဆုံးမှာ အနိုင်ယူနိုင်ခဲ့ကြတာလေ။ အခုတော့ သူဟာ ဧကရာဇ် ထူဝေ့နဲ့ တိုက်ပွဲအပြီးမှာ သေဆုံးသွားခဲ့ပြီ။ မဟာလေဟာနယ်ဧကရာဇ် မင်ရှင်း ကိုယ်တိုင် ဒါကို အကြိမ်ကြိမ် အတည်ပြုပြီးပြီပဲ။ နှမြောစရာပါပဲ ဆိုးယုတ်သူတစ်ပါးဟာ သူ၏ဘဝတစ်ခုလုံးကို မိုးမြေရဲ့ ချုပ်နှောင်မှုတွေကို ဖောက်ထွက်ဖို့နဲ့ ပြန်လည်ရှင်သန်ခြင်း နည်းလမ်းတွေကို သုတေသနပြုဖို့အတွက်ပဲ မြှုပ်နှံခဲ့တာလေ”
“ဧကရာဇ်မင်ရှင်း အကြိမ်ကြိမ် အတည်ပြုတာကတော့ သဘာဝကျပါတယ်လေ။ ဘာပဲဖြစ်ဖြစ် ဆိုးယုတ်သူတစ်ပါးက နှစ်ပေါင်း တစ်သိန်းအကြာမှာ ရုတ်တရက် ပြန်ပေါ်လာတာဆိုတော့ သူ ဒီလောက်အလွယ်တကူ မသေမှာကို မင်ရှင်းက ကြောက်နေတာပေါ့။ ဆိုးယုတ်သူတစ်ပါး သေဆုံးကြောင်း ကြေညာပြီးတဲ့နောက် မင်ရှင်း ဘာတွေ ဆက်လုပ်ဦးမလဲဆိုတာ ကျုပ် တကယ် သိချင်မိတယ်”
“လူသားတွေက တကယ်ကို ရှုပ်ထွေးတာပဲ။ အပြောကတစ်မျိုး၊ စိတ်ထဲက တစ်မျိုးပေါ့”
“မင်း ဘာကို ဆိုလိုတာလဲ”
“ဘယ်လိုပဲ ပြောပြော၊ မင်ရှင်း ကိုယ်တိုင်လည်း ထာဝရအသက်ကို အလိုရှိနေတာပဲ မဟုတ်လား”
နောက်ထပ် လဝက်ခန့်အတွင်း...
မဟာလေဟာနယ်၏ ခန်းမဆယ်ခုသည် ကျန်ရှိနေသော မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်များကို ဆက်လက် ရှာဖွေခဲ့ကြသည်။ ထိန်းသိန်းခြင်းသံလိုက်အိမ်မြှောင်၏ အကူအညီဖြင့် သူတော်စင်များ၏ တည်နေရာကို ရှာဖွေရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
သို့သော်လည်း ထူဝေ့ခန်းမမှ ချီရှန့်၏ လျှို့ဝှက်အစီအစဉ်ကြောင့် ခန်းမအများစုမှာ ထိန်းသိမ်းခြင်းသံလိုက်အိမ်မြှောင် ရှိနေသော်လည်း မျိုးစေ့ပိုင်ရှင်များကို ရှာမတွေ့ခဲ့ကြပေ။ အမှန်စင်စစ် ခန်းမဆယ်ခုအနက် ရှန်းကျန်းခန်းမ တစ်ခုတည်းသာ မျိုးစေ့ပိုင်ရှင် နှစ်ဦးကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာမူ အပြာရောင်ဧကရာဇ်၏ အမှတ်အသား အလုပ်ခံထားရသဖြင့် သဘာ၀ကျကျပင် သူ၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။ တွမ့်မူရှန့်နှင့် မင်ရှစ်ရင်တို့ကိုမူ ကြက်သွေးရောင်ဧကရာဇ်က ခေါ်ဆောင်သွားခဲ့ပြီး ကျောင်းယွဲ့နှင့် ယဲ့ထျန်းရှင်းတို့ကိုမူ အဖြူရောင်ဧကရာဇ်က ခေါ်ဆောင်သွားခဲ့လေသည်။ နောက်ဆုံးတွင် ကျူးဟုန်ကုန်းမှာမူ ချီရှန့်၏ တိုက်ရိုက်ဖမ်းဆီးခြင်းကို ခံရကာ မဟာလေဟာနယ်ဆီသို့ ပါသွားခဲ့တော့သည်။
အချိန် မည်မျှ ကြာသွားသည်မသိ … ချောက်နက်ကြီးအတွင်း၌ အမျိုးသမီး အသံတစ်သံသည် လုကျိုး၏ နားထဲသို့ တိုးဝင်လာခဲ့ပြန်သည်။
“အပြာရောင်ဧကရာဇ်က နှစ်မြွှာကြာနယ်မြေကို ကြွပြီး မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်နှစ်ယောက်ကို ရှာတွေ့ခဲ့တယ်တဲ့။ တစ်ယောက်က ဓားသမား၊ ကျန်တဲ့တစ်ယောက်ကတော့ ဓားမော့သမားတဲ့လေ။ တကယ်ကို ကံကောင်းတာပဲ”
“အပြာရောင်ဧကရာဇ်က အမြဲတမ်း အမြင်စူးရှတာပဲလေ။ ဒါပေမဲ့ ကျုပ် ကြားတာတော့ အဖြူရောင်ဧကရာဇ်၊ ကြက်သွေးရောင်ဧကရာဇ်နဲ့ အနက်ရောင်ဧကရာဇ်တို့လည်း လူနှစ်ယောက်စီ ရထားကြတယ်ဆိုပဲ”
“ထူဝေ့ခန်းမမှာ ခေါင်းဆောင်အသစ် တစ်ယောက် ရောက်နေတယ်လေ။ သူက တကယ့်ကို ပါးနပ်တဲ့ စစ်ဗျူဟာရှင်ဖြစ်သလို အမြော်အမြင်လည်း ကြီးမားတယ်တဲ့။ အခုတော့ သူက မင်ရှင်းရဲ့ လက်ရုံးတစ်ဆူ ဖြစ်နေပြီ။ မင်ရှင်းကို မဟာလေဟာနယ်မျိုးစေ့တွေ ရှာတွေ့အောင် ကူညီပေးခဲ့တာလည်း သူပဲလေ”
“ဧကရာဇ် ငါးပါးစလုံးက လူနှစ်ယောက်စီ ရထားကြတာဆိုတော့ တကယ်ကို မျှတသွားတာပေါ့”
သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် တစ်စုံတစ်ယောက်က ဆိုလိုက်ပြန်သည်။
“မဟာလေဟာနယ်မျိုးစေ့တွေက တကယ်ကို ဆန်းကြယ်ပြီး တန်ဖိုးရှိတာ။ ဆိုးယုတ်သူတစ်ပါးက ဘာလို့ အဲဒါတွေကို စိတ်မဝင်စားခဲ့တာလဲဆိုတာ ကျုပ် တကယ် စဉ်းစားလို့ မရဘူး”
“ဆိုးယုတ်သူတစ်ပါးဟာ ရှေးဟောင်းကာလတုန်းက မဟာလေဟာနယ်မျိုးစေ့ လေးခုကို ရခဲ့ဖူးတယ်။ ဒါပေမဲ့ သူက အဲဒါတွေကို သူ့လက်အောက်ငယ်သားတွေကိုပဲ ပေးခဲ့တာ။ သူကိုယ်တိုင်ကတော့ လုံးဝ စိတ်မဝင်စားခဲ့ဘူး။ ဖြစ်နိုင်တာက သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ ဒီမျိုးစေ့တွေကို မလိုအပ်လို့ ဖြစ်မှာပေါ့”
“ဆိုးယုတ်သူတစ်ပါးဟာ တကယ်ပဲ စွမ်းအားကြီးခဲ့တာ မှန်ပေမဲ့ လူတွေကို စီမံခန့်ခွဲတဲ့နေရာမှာတော့ သူက ရှုံးနိမ့်ခဲ့သူပဲ။ အခု မင်ရှင်းကို ကြည့်ဦး။ မင်ရှင်းကတော့ ကောင်းကင်က နေမင်းပမာ၊ ရေထဲက ငါးပမာ မဟာလေဟာနယ်ကို စိတ်ကြိုက် ခြယ်လှယ်နေတာ။ ဘယ်သူကများ သူ့ကို အာခံရဲလို့လဲ”
အထွတ်အမြတ်ခန်းမအတွင်းတွင် ဖြစ်သည်။
မင်ရှင်းသည် တည်ငြိမ်စွာ ရပ်နေသော ချီရှန့်နှင့် သနားစရာကောင်းအောင် ဖြစ်နေသော ကျူးဟုန်ကုန်းတို့ကို ကြည့်လိုက်သည်။ အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူက မေးမြန်းလိုက်၏။
“ဒါကို ငါ့ကို ဘယ်လို ရှင်းပြချင်လဲ”
ချီရှန့်က ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
“အဖြူရောင်ဧကရာဇ်က ကျွန်တော့်ကို ဒုတိယအကြိမ် အသက်ပေးခဲ့တာပါ။ အဲဒါကို ကျေးဇူးဆပ်တဲ့အနေနဲ့ မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်နှစ်ယောက်ကို သူ့ဆီ ပို့ပေးလိုက်တာပါ။ ဒါ့အပြင် အဖြူရောင်ဧကရာဇ်နဲ့ ကျွန်တော့်ရဲ့ ပတ်သက်မှုအရဆိုရင် အဲဒီလူနှစ်ယောက်ဟာ ကျွန်တော်တို့ဘက်တော်သားတွေ ဖြစ်လာမှာပဲ မဟုတ်လား”
“အနက်ရောင်ဧကရာဇ်နဲ့ အပြာရောင်ဧကရာဇ်တို့ကျတော့ သူတို့က မဟာလေဟာနယ်ကို ဂရုမစိုက်ကြပါဘူး။ သူတို့က မဟာလေဟာနယ်နဲ့ ပဋိပက္ခဖြစ်တာထက် သူတို့အချင်းချင်းကြားက အငြိုးအတေးတွေကိုပဲ ပိုပြီး အာရုံစိုက်နေကြတာပါ။ သူတို့ကို မျိုးစေ့တွေ ပေးလိုက်တာက မဟာလေဟာနယ်နဲ့ သူတို့ကြားက တင်းမာမှုကို လျော့ကျစေရုံတင် မကဘူး၊ သူတို့အချင်းချင်းကြားက ပဋိပက္ခကိုလည်း ပိုပြီး ပြင်းထန်စေပါလိမ့်မယ်”
“ရှန်းကျန်းခန်းမကတော့ ခန်းမဆယ်ခုထဲမှာ မျိုးစေ့ကို ရရှိတဲ့ တစ်ခုတည်းသော ခန်းမ ဖြစ်နေပါတယ်။ အကယ်၍ တခြား ခန်းမကိုးခုပါ မျိုးစေ့တွေ ရသွားမယ်ဆိုရင်တော့ ဒါက မကောင်းပါဘူး။ ခန်းမဆယ်ခုလုံးက မျိုးစေ့ဆယ်ခုစလုံးကို ပိုင်ဆိုင်သွားမယ်လို့ စဉ်းစားကြည့်ပါဦး။ အနက်ရောင်ဧကရာဇ်၊ ကြက်သွေးရောင်ဧကရာဇ်နဲ့ အပြာရောင်ဧကရာဇ်တို့ဟာ မဟာလေဟာနယ်ကို သေချာပေါက် ပစ်မှတ်ထားလာကြပါလိမ့်မယ်”
ထိုအခိုက်အတန့်တွင် ဝမ်ရူချင်းက ကြားဖြတ်ပြောလိုက်သည်။
“အနက်ရောင်ဧကရာဇ်ဆီမှာ ဘာမျိုးစေ့မှ မရှိပါဘူး”
ချီရှန့်ကမူ ပြောလိုက်သည်။
“ဒီလောကကြီးက မျှခြေကို လိုအပ်တာ မှန်ပေမဲ့ ကျုပ်တို့ လိုအပ်တာကတော့ မျှခြေပျက်ယွင်းမှုပါ။ ကျွန်တော် ပြောတာကို အစ်ကိုဝမ် နားလည်ရဲ့လား”
ဝမ်ရူချင်း “...”
ဝမ်ရူချင်းသည် ချီရှန့်၏ စကားပြောပုံကို တကယ်ပင် သဘောမကျပေ။
ထိုအချိန်တွင် မင်ရှင်းက ခပ်တိုးတိုး မေးမြန်းလိုက်သည်။
“မင်းက ရန်သူကို တိုက်ခိုက်စရာမလိုဘဲ အညံ့ခံအောင် လုပ်ချင်တာပေါ့။ ဒါပေမဲ့ ပေးဆပ်ရတဲ့ တန်ဖိုးက အရမ်းများမနေဘူးလား”
ချီရှန့်က ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
“မျိုးစေ့တွေ သူတို့လက်ထဲမှာ ရှိနေတယ်ဆိုရုံနဲ့ ဘာမှ အတည်မပြုနိုင်ပါဘူး။ ကျုပ်တို့ဘက်က လူတွေရဲ့ စိတ်နှလုံးကို မသိမ်းပိုက်နိုင်ရင် မျိုးစေ့ဆယ်ခုစလုံး မဟာလေဟာနယ်မှာ ရှိနေလည်း အဓိပ္ပာယ် မရှိပါဘူး။ ဒါ့အပြင် မျိုးစေ့ပိုင်ရှင်တွေဟာ အချိန်တိုအတွင်းမှာ အထွတ်အထိပ်သက်ရှိ ဖြစ်မလာနိုင်ပါဘူး။ နောက်ထပ် နှစ်ပေါင်း ၁၀၀ စောင့်ဖို့ဆိုတာလည်း နောက်ကျလွန်းသွားပါပြီ”
“ငါတော့ မင်းပြောတာကို သဘောမတူဘူး။ မင်းပြောတာ မှန်ပေမဲ့ မျိုးစေ့အားလုံး ကျုပ်တို့လက်ထဲမှာ ရှိနေတာက ပိုကောင်းပါတယ်” ဝမ်ရူချင်းက ပြောလိုက်သည်။
ချီရှန့်ကမူ ပြန်ပြောလိုက်သည်။
“စောင့်ကြည့်ကြတာပေါ့”
ချီရှန့်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဟွားကျန့်ဟုန်သည် ပျံသန်းဝင်ရောက်လာပြီး ခန်းမအတွင်း ဆင်းသက်လိုက်သည်။ ထို့နောက် သူက မင်ရှင်းကို တင်ပြလိုက်၏။
“အရှင်မင်းကြီး... အဆုံးမဲ့သမုဒ္ဒရာဆီက သတင်းရပါပြီ။ အပြာရောင်ဧကရာဇ်နဲ့ အနက်ရောင်ဧကရာဇ်တို့ဟာ အဆုံးမဲ့သမုဒ္ဒရာရဲ့ အရှေ့ဘက်မှာ တိုက်ခိုက်နေကြပါပြီ”
ဝမ်ရူချင်း “...”
မင်ရှင်းက မေးလိုက်သည်။ “ရလဒ်က ဘယ်လိုလဲ”
“အခုထိတော့ အနိုင်အရှုံး မပေါ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ကျင့်ကြံမှုတွေက အတူတူလောက်ပဲလေ။ ဒါပေမဲ့ သူတို့ တိုက်ခိုက်ကြရင်တော့ နှစ်ယောက်လုံး သေချာပေါက် ဒဏ်ရာရမှာပါ” ဟွားကျန့်ဟုန်က ပြောလိုက်သည်။
မင်ရှင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ချီရှန့်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ချီရှန့်... ငါ မင်းကို ဘယ်လို ဆုချရမလဲ”
ချီရှန့်က ပြောလိုက်သည်။
“ဒါကို ကျွန်တော့်ရဲ့ စွမ်းဆောင်မှုလို့ မသတ်မှတ်ရဲပါဘူး”
ထိုစဉ် မင်ရှင်းက ရုတ်တရက် တင်းမာသော လေသံဖြင့် ပြောလိုက်သည်။
“မင်းကို အပြစ်ပေးတဲ့အနေနဲ့ အမှောင်တိုက်ထဲမှာ သုံးလကြာ ပိတ်လှောင်ထားမယ်။ သူ့ကို ခေါ်သွားလိုက်ကြစမ်း”
ချီရှန့်၏ မျက်လုံးများတွင် သံသယရိပ်အချို့ ဖြတ်ပြေးသွားသော်လည်း သူက ချက်ချင်းပင် စိတ်ကို ထိန်းချုပ်လိုက်ပြီး ပြောလိုက်၏။
“ကျွန်တော် အရှင်မင်းကြီးကို မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ခဲ့တာမို့ အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်”
ဝမ်ရူချင်းက မီးလောင်ရာလေပင့် ပြောလိုက်သည်။
“မင်းက နတ်ဧကရာဇ်လည်း မဟုတ်ဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် လုပ်ရဲတယ်ပေါ့။ မင်းကိုယ်မင်း ဘာထင်နေလို့လဲ”
ဝမ်ရူချင်း၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် မင်ရှင်းက ခပ်အေးအေးပင် ပြောလိုက်၏။
“ဝမ်ရူချင်း... မင်းလည်း သူ့ကို အဖော်ပြုပေးဖို့ အမှောင်တိုက်ထဲမှာ သုံးလအတူ နေလိုက်ဦး”
ဝမ်ရူချင်း နှင့် ချီရှန့် “...”
ဝမ်ရူချင်းနှင့် ချီရှန့်တို့ ထွက်သွားပြီးနောက် မင်ရှင်းသည် တိတ်ဆိတ်စွာ ကြောက်ရွံ့နေသော ကျူးဟုန်ကုန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက မေးမြန်းလိုက်၏။
“မင်း နာမည် ဘယ်လိုခေါ်လဲ”
ကျူးဟုန်ကုန်းသည် ဖမ်းဆီးခံရကတည်းက သူ၏ ဦးနှောက်မှာ ထုံထိုင်းနေပြီး ထိတ်လန့်တုန်လှုပ်မှုမှ မလွတ်မြောက်နိုင်သေးပေ။
“ခင်...ခင်ဗျားက မဟာ... မဟာလေဟာနယ်ဧကရာဇ်လား” ကျူးဟုန်ကုန်းက ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။
မင်ရှင်းက ခပ်ဖျော့ဖျော့ ပြုံးလျက် မေးမြန်းလိုက်၏။
“မင်း မဟာလေဟာနယ်မျိုးစေ့ကို ဘယ်က ရခဲ့တာလဲ”
“ဘယ်က မဟာလေဟာနယ်မျိုးစေ့လဲ” ကျူးဟုန်ကုန်းက ခေါင်းကုတ်လျက် ပြန်မေးလိုက်သည်။
“မင်းရဲ့ ပါရမီက မူလကတော့ တကယ့်ကို ညံ့ဖျင်းလှပြီး ကျင့်ကြံဖို့အတွက်တောင် မသင့်တော်ဘူး။ ဒါပေမဲ့ အခု မင်းက သူတော်စင်တစ်ဦး ဖြစ်နေပြီ။ ဒါဟာ မဟာလေဟာနယ်မျိုးစေ့ရဲ့ စွမ်းအားပဲလေ”
မင်ရှင်းက ပြောလိုက်၏။
“အဲဒီလိုလား” ကျူးဟုန်ကုန်းက ဇဝေဇဝါဖြင့် မေးလိုက်ပြန်သည်။
“ဒါက ဘယ်နေရာလဲ။ ကျုပ် ဘာလို့ ဒီကို ရောက်နေတာလဲ။ ကျုပ်ကို ဘာလို့ ဖမ်းတာလဲ”
မင်ရှင်း သက်ပြင်းချလိုက်မိသည်။
“ကွမ်ကျိုး... သူ စိတ်ငြိမ်သွားတဲ့အထိ သူ့ကို ခေါ်ထုတ်သွားလိုက်စမ်း”
“နားလည်ပါပြီ”
ပုံရိပ်တစ်ခု ပေါ်လာပြီး ကျူးဟုန်ကုန်း တုံ့ပြန်ချိန်ပင် မရလိုက်မီမှာပင် သူ့ကို ဆွဲယူကာ အထွတ်အမြတ်ခန်းမ အပြင်သို့ ခေါ်ဆောင်သွားတော့သည်။
…
အခန်း (၁၅၆၆) မဟာတာအိုကို နားလည်သဘောပေါက်ခြင်း (၁)
ကွမ်ကျိုးက ကျူးဟုန်ကုန်းကို ခေါ်ဆောင်သွားပြီးနောက် မင်ရှင်းက မေးမြန်းလိုက်သည်။
“ဟွားကျန့်ဟုန်... ရှန်းကျန်းဆီကို သွားခိုင်းထားတာ ဘယ်လိုရှိလဲ”
ဟွားကျန့်ဟုန်က ပြန်လည်ဖြေကြားလိုက်သည်။
“မနေ့တစ်နေ့ကပဲ ဧကရာဇ် ရှန်းကျန်းဆီကို သွားပြီး မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်နှစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်အရှင်။ သူတို့က တကယ့်ကို ငယ်ရွယ်တဲ့ မိန်းကလေးနှစ်ယောက်ပါ။ သူတို့ထဲက တစ်ယောက်ရဲ့ ပါရမီကတော့ ကျွန်မ မြင်ဖူးသမျှထဲမှာ အမြင့်ဆုံးပါပဲ”
မင်ရှင်းက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
“ဆက်ပြောဦး”
ဟွားကျန့်ဟုန်က ဆက်ပြောလိုက်သည်။
“သူတို့ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေအရ သူတို့က ဉာဏ်ကောင်းပေမဲ့ ရိုးသားဖြူစင်ကြပါတယ်။ ကျွန်မရဲ့ အမြင်အရဆိုရင် သူတို့ကို မဟာလေဟာနယ်ဆီ သစ္စာခံလာအောင် လုပ်ဖို့က မခက်ခဲပါဘူး။ တခြား မျိုးစေ့ပိုင်ရှင်တွေအကြောင်း စုံစမ်းကြည့်တော့ သူတို့အားလုံးက ဒီမိန်းကလေးနှစ်ယောက်နဲ့ ယှဉ်ရင် ကိုင်တွယ်ရ ပိုခက်ခဲကြပါတယ်”
ဘာပဲဖြစ်ဖြစ် အရွယ်ငယ်လေလေ၊ အတွေးအခေါ်များ ရိုက်သွင်းရသည်မှာ ပို၍ လွယ်ကူလေလေ မဟုတ်ပါလော။ ရှေးယခင်ကတည်းက လူကုန်ကူးသူများသည် ကလေးငယ်များကိုသာ ပိုမိုခိုးယူရောင်းချလိုကြခြင်းမှာ အကြောင်းရှိပေသည်။
မင်ရှင်းက လေသံအေးအေးဖြင့် မေးမြန်းလိုက်သည်။
“ချီရှန့် ခေါ်လာတဲ့သူကိုရော ဘယ်လို ထင်လဲ”
ဟွားကျန့်ဟုန်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“သူ့ရဲ့ အတွေးတွေက မြင်နေရတယ်။ သူ့ရဲ့ အပြောအဆိုနဲ့ အမူအရာတွေကလည်း အတော်လေးကို တုံးအပါတယ်”
မင်ရှင်းက မေးမြန်းလိုက်သည်။
“မင်းတောင်မှ သူ့ကို အရည်အချင်းမရှိဘူးလို့ ထင်တာလား”
ဟွားကျန့်ဟုန်က ပြန်ဖြေလိုက်သည်။
“ကျွန်မ အဲဒီလို မဆိုလိုပါဘူးအရှင်”
ဟွားကျန့်ဟုန်က အနည်းငယ် ဦးညွှတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ကျူးဟုန်ကုန်းကို ချီရှန့်က ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင် ချီရှန့်ကို မင်ရှင်း၏ လက်ရုံးတစ်ဆူ ဖြစ်လာစေရန် သေသေချာချာ သင်ကြားပေးရပေဦးမည်။
ဟွားကျန့်ဟုန်က ထပ်လောင်းပြောဆိုလိုက်သည်။
“နည်းနည်းတော့ တုံးတာက မဆိုးလှပါဘူး။ ခန်းမသခင် ချီရှန့်မှာလည်း မဟာလေဟာနယ်မျိုးစေ့ ရှိနေတာပဲ။ အဲဒီလူနဲ့ ယှဉ်ရင်တော့...”
ဟွားကျန့်ဟုန်သည် သူမ၏စကားကို ဆုံးအောင် မပြောနိုင်ခဲ့ပေ။
မင်ရှင်းက ပြောလိုက်သည်။
“ပွင့်ပွင့်လင်းလင်းသာ ပြောစမ်း”
ဟွားကျန့်ဟုန်က ပြောလိုက်သည်။
“ခန်းမသခင် ချီရှန့်ရဲ့ အတွေးတွေကို သိဖို့က ခက်ခဲလွန်းတယ်လို့ ကျွန်မ အမြဲ ခံစားနေရပါတယ်။ သူက အရမ်းကို လိမ္မာပါးနပ်လွန်းတယ်၊ သူ့လို လူမျိုးက ထိန်းချုပ်ရ အခက်ဆုံးပဲလေ”
မည်သည့် ဧကရာဇ်မဆို မိမိ၏ လက်အောက်ငယ်သားကို လိမ္မာနာခံစေလိုကြသည် မဟုတ်ပါလော။ ထို့ကြောင့် မင်ရှင်းသည်လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်ဟု ဟွားကျန့်ဟုန်က ထင်မှတ်ထားခဲ့သည်။ အနည်းဆုံးတော့ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းလုံး မဟာလေဟာနယ်အတွင်း၌ အာခံသူမှန်သမျှ၏ အဆုံးသတ်မှာ သနားစရာကောင်းလှပေသည်။
မင်ရှင်းက ဆိုလိုက်သည်။
“သူ့ကိစ္စတွေကို မင်း စိတ်ပူနေစရာ မလိုပါဘူး။ အခုကစပြီး မင်းရဲ့ အလုပ်ကိုပဲ မင်း အာရုံစိုက်လိုက်စမ်း”
ဟွားကျန့်ဟုန်သည် စိတ်ထဲမှ အံ့အားသင့်သွားရ၏။ မင်ရှင်းက ချီရှန့်အပေါ် ဤမျှအထိ ဘက်လိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ချီရှန့်က မဟာလေဟာနယ်ထဲ ဝင်လာသည်မှာ နှစ်ပေါင်း ၃၀ သာ ရှိသေးသည် မဟုတ်ပါလော။ ချီရှန့်က မင်ရှင်းကို မည်သို့သော နည်းလမ်းဖြင့် ဖျားယောင်းထားပါသနည်း။
အပြင်ပန်းတွင်မူ ဟွားကျန့်ဟုန်က ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
“နားလည်ပါပြီအရှင်”
မင်ရှင်းက ပြောလိုက်သည်။
“ငါ ရှန်းကျန်းဆီကို သွားလိုက်ဦးမယ်။ ဒီနေရာကိုတော့ မင်းပဲ တာဝန်ယူထားလိုက်တော့”
ဟွားကျန့်ဟုန်က ဂါရဝပြုလိုက်သည်။
“ခွင့်ပြုပါဦး အရှင်မင်းကြီး”
ထိုသို့ ပြောပြီးနောက် မင်ရှင်းသည် မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ရှန်းကျန်းခန်းမတွင် ဖြစ်သည်။
ထိုနေရာသည် ရတနာမျိုးစုံနှင့် ပါရမီရှင်များ စုဝေးရာ နေရာဖြစ်သလို မဟာလေဟာနယ်၏ အနောက်ဘက်ခြမ်းတွင် အလှပဆုံးသော နေရာတစ်ခုလည်း ဖြစ်သည်။ မင်ရှင်းသည် ပင်မခန်းမ၏ ရှေ့မှောက်တွင် ပေါ်လာသောအခါ ခပ်တိုးတိုး လှမ်းခေါ်လိုက်သည်။
“ရှန်းကျန်း”
မျှော်လင့်ထားသည့်အတိုင်းပင် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်းကျန်းသည် ပင်မခန်းမ၏ ရှေ့တွင် ပေါ်လာတော့သည်။ သူက ခပ်ဖျော့ဖျော့ ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“မဟာဧကရာဇ် မင်ရှင်း ပါလား”
မင်ရှင်းသည် ရှန်းကျန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခန့်ညားထည်ဝါလှသော ရှန်းကျန်းခန်းမကို မော့ကြည့်ကာ ပြောလိုက်သည်။
“မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ပေါင်း ၅၀၀ တောင် ကုန်လွန်သွားခဲ့ပြီပဲ။ ဒီနေ့တော့ ငါ မင်းကို လာတွေ့တာ”
ရှန်းကျန်းက အလိုက်သင့် ပြုံးလျက် ပြောလိုက်သည်။
“ကျုပ်ကို လာတွေ့တာ ဟုတ်လား။ ဒါက အရှင့်ရဲ့ လာရောက်ရတဲ့ အဓိက အကြောင်းပြချက် မဟုတ်လောက်ဘူး ထင်တယ်နော်”
မင်ရှင်းသည် ဤကဲ့သို့သော အကြောင်းပြချက်မျိုးဖြင့် လာရောက်လိမ့်မည် မဟုတ်ကြောင်း ရှန်းကျန်း ကောင်းစွာ သိထားသည်။
မင်ရှင်းက စကားကို လှည့်ပတ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ငါ သူတို့ကို တွေ့ချင်တယ်”
ရှန်းကျန်းသည် တုံးအသူ မဟုတ်ပေ။ ထိုစကားကို ကြားလိုက်သည်နှင့် မင်ရှင်း၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း သဘောပေါက်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။
“အဲဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်”
မင်ရှင်း အနည်းငယ် မျက်မှောင်ကျုံ့လိုက်မိသည်။
ရှန်းကျန်းက ဆက်ပြောလိုက်သည်။
“မဟာလေဟာနယ်မှာ အခု မဟာလေဟာနယ်မျိုးစေ့ နှစ်ခု ရှိနေပြီပဲ။ အထွတ်အမြတ်ခန်းမမှာပဲ ရှိရှိ၊ ရှန်းကျန်းခန်းမမှာပဲ ရှိရှိ... ဘယ်သူ့ဆီမှာ ရှိနေလဲဆိုတာက သိပ်ပြီး အရေးမကြီးပါဘူး မဟုတ်လား”
မင်ရှင်းက မျက်နှာသေဖြင့် ပြောလိုက်သည်။
“မင်း အတွေးလွန်နေပြီ။ ငါကသာ မဟာလေဟာနယ်မျိုးစေ့တွေကို ယူချင်တယ်ဆိုရင် ဘယ်သူကများ ငါ့ကို တားရဲမှာလဲ”
မှန်ပေသည်။ ၎င်းမှာ အမှန်တရားပင်။
ထို့အပြင် ချီရှန့်ကို ထူဝေ့ခန်းမတွင် ရာထူးတိုးမြှင့်ပေးခဲ့သူမှာလည်း မင်ရှင်းပင် ဖြစ်သည်။ အကယ်၍ မင်ရှင်းသာ မျိုးစေ့များကို အမှန်တကယ် လိုချင်ခဲ့ပါက မျိုးစေ့ပိုင်ရှင်များကို သူ့ထံသို့ ခေါ်ဆောင်လာရန် ချီရှန့်ကို အမိန့်ပေးရုံသာ ရှိပေသည်။ မင်ရှင်းသာ ပြောခဲ့လျှင် ချီရှန့်က ရှန်းကျန်းကို ကူညီလိမ့်မည် မဟုတ်ပေ။
ခေတ္တမျှ ကြာပြီးနောက် ရှန်းကျန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
“ဒါဆိုရင် ချီရှန့်က ဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေ လုပ်ခဲ့တာလဲ”
မင်ရှင်းက ပြန်မဖြေပေ။
ရှန်းကျန်းကလည်း အဖြေကို အတင်းအကျပ် မတောင်းဆိုတော့ဘဲ ဘေးသို့ ဖယ်ပေးလိုက်ကာ ဖိတ်ခေါ်သည့် အမူအရာ ပြုလိုက်သည်။
“ကြွပါ”
မကြာမီမှာပင် မင်ရှင်းသည် ရှောင်ယွမ်အာနှင့် ခရုလေး တို့ကို မြင်တွေ့လိုက်ရသည်။ သူတို့ကို အားကောင်းသော အစီအရင်များဖြင့် ဝန်းရံထားသည့် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုတွင် ထားရှိထားခြင်း ဖြစ်သည်။
ရှန်းကျန်းက ပြောလိုက်သည်။
“ခန်းမသခင်ကို ဂါရဝပြုလိုက်ကြအုံး”
ရှောင်ယွမ်အာက မင်ရှင်းကို တစ်ချက်ကြည့်ကာ မေးမြန်းလိုက်သည်။
“ခန်းမသခင်ဆိုတာ ဘယ်သူလဲ”
ရှန်းကျန်းက ဆူပူလိုက်သည်။
“ရိုင်းလှချည်လား”
ရှောင်ယွမ်အာက တွန့်ဆုတ်စွာ ပြောလိုက်သည်။
“ရှင်ကတော့ တကယ့်ကို ကျိုးကြောင်းမဆင်ခြင်ဘူးပဲ။ ခန်းမသခင်ဆိုတာ ဘယ်သူလဲဆိုတာ ကျွန်မ မသိလို့ မေးတာကိုပဲ ရိုင်းတယ်လို့ ပြောနေတာလား။ ရှင်က အရမ်းကြမ်းတမ်းတာပဲ”
မင်ရှင်းကတော့ ဂရုမစိုက်ပေ။ သူက ရှန်းကျန်းကို သူမအား မဆူပူရန် လက်ဖြင့် တားဆီးလိုက်ပြီး မေးမြန်းလိုက်သည်။
“မင်း နာမည် ဘယ်လိုခေါ်လဲ”
ရှောင်ယွမ်အာက ရယ်မောလိုက်ပြီး နောက်ပြောင်သလို ပြောလိုက်သည်။
“ရှင် ကျွန်မကို လွှတ်ပေးမယ်ဆိုရင် ပြောပြမယ်လေ”
မင်ရှင်းက ပြောလိုက်သည်။
“မရေမတွက်နိုင်တဲ့ လူတွေက မဟာလေဟာနယ်ထဲ ဝင်ဖို့ အိပ်မက်မက်နေကြတာ၊ ဒါပေမဲ့ မင်းကတော့ ထွက်သွားချင်နေတာလား”
ရှောင်ယွမ်အာက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။
“ကျွန်မ ဒီနေရာကို မကြိုက်ဘူး”
မင်ရှင်းသည် ထိုအကြောင်းအရာကို ဆက်လက် မဆွေးနွေးတော့ဘဲ ပြောလိုက်သည်။
“မင်းရဲ့ ကြာပွင့်ကို ငါ့ကို ပြပါဦး”
“မပြနိုင်ဘူး”
ရှောင်ယွမ်အာက မင်ရှင်းကို ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
ရှန်းကျန်းကတော့ ဤမိန်းကလေးငယ်မှာ မင်းသမီးရောဂါကို အကြီးအကျယ် ခံစားနေရသည်ဟု ထင်မှတ်လိုက်မိသည်။ မင်ရှင်း၏ ရှေ့မှောက်တွင် ဤမျှအထိ ရဲတင်းစွာနှင့် ရိုင်းစိုင်းစွာ ပြုမူရဲသည် မဟုတ်ပါလော။
မင်ရှင်းသည် ရှောင်ယွမ်အာကို ဆက်လက် အရေးမလုပ်တော့ဘဲ ခရုလေးဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
“မင်း နာမည်ကော ဘယ်လိုခေါ်လဲ”
ခရုလေးက ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။
“ခရုလေးပါ”
မင်ရှင်းက မေးလိုက်သည်။
“မင်းရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ”
ခရုလေးက ပြန်ဖြေလိုက်သည်။
“ဆရာသခင် အဆင့်ပါ”
မင်ရှင်း ခေါင်းညိတ်လိုက်၏။ သူသည် ထိုမိန်းကလေးနှစ်ဦးနှင့် ခေတ္တမျှသာ စကားပြောခဲ့ရသော်လည်း သူတို့၏ စိတ်နေစိတ်ထားနှင့် ကိုယ်ရည်ကိုယ်သွေးကို ကောင်းစွာ သဘောပေါက်လိုက်သည်။ ဟွားကျန့်ဟုန် ပြောသည်မှာ မှန်ကန်ကြောင်း သူ ယူဆလိုက်၏။
နောက်ဆုံးတွင် သူက ပြောလိုက်သည်။
“မကြာခင်မှာ မင်းတို့ မဟာလေဟာနယ်ကို သဘောကျလာပါလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် မင်ရှင်းသည် လှည့်ထွက်သွားတော့သည်။
ရှောင်ယွမ်အာကမူ တိုးတိုးလေး ရေရွတ်လိုက်သည်။
“သူကတော့ တကယ့်ကို ထူးဆန်းတဲ့ လူပဲ”