← Chapters

အခန်း (၁၅၆၇-၁၅၆၉)

Vol. 105 Ch. 1567-1569

အခန်း (၁၅၆၇-၁၅၆၉)

Vol. 105 Ch. 1567-1569

အခန်း (၁၅၆၇) မဟာတာအိုကို နားလည်သဘောပေါက်ခြင်း (၂)

ရှန်းကျန်းသည် ထိုမိန်းကလေးနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မင်ရှင်းနောက်သို့ လိုက်ပါကာ အပြင်သို့ ထွက်လာခဲ့သည်။

အပြင်ဘက်သို့ ရောက်သောအခါ ရှန်းကျန်းက ပြုံးလျက် မေးမြန်းလိုက်သည်။

“ဘယ်လိုထင်လဲ”

မင်ရှင်းက ပြန်လည်ဖြေကြားလိုက်သည်။

“သူတို့က မဟာလေဟာနယ်အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်မဖြစ်ဆိုတာ မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်”

“မှန်တယ်” ရှန်းကျန်းက ဆိုလိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ ထပ်လောင်းပြောဆိုလိုက်၏။

“သူတို့က ငယ်ရွယ်ပြီး အသိပညာ နုနယ်သေးတယ်။ ကျားကို မကြောက်တဲ့ နွားငယ်လေးတွေလိုပါပဲ။ သူတို့က ငါ့ကို ခဏခဏ ပြန်ပြောတတ်ကြတယ်၊ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ငါ လုံးဝ ဒေါသမထွက်မိဘူး”

မင်ရှင်းကတော့ တိတ်ဆိတ်နေဆဲပင်။ ယင်းကို မြင်သောအခါ ရှန်းကျန်းက ထပ်မံ၍ သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

“အကယ်၍ ငါ့ရဲ့ သနားစရာကောင်းတဲ့ သမီးလေးသာ ရှိနေသေးရင် သူလည်း အခုဆို သူတို့အရွယ်လောက် ရှိနေလောက်ပြီ”

မင်ရှင်း၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူက လေးနက်စွာ ဆိုလိုက်သည်။

“အတိတ်က တချို့ကိစ္စတွေကို မင်း ပြန်မပြောသင့်ဘူး ထင်တယ်”

ရှန်းကျန်းက အဝေးသို့သာ ငေးကြည့်နေမိ၏။

မင်ရှင်းသည် ရှန်းကျန်း ဘာတွေးနေသည်ကို မသိနိုင်သဖြင့် ပြောလိုက်သည်။

“အကယ်၍ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် မဟာလေဟာနယ်မျိုးစေ့တွေကို ခိုးယူသွားတဲ့သူကိုပဲ အပြစ်တင်ပါ”

“ငါ့ကိုယ်ငါပဲ အပြစ်တင်ပါတယ်” ရှန်းကျန်းက ဆိုလိုက်၏။

မင်ရှင်း တိတ်ဆိတ်သွားမိသည်။

ရှန်းကျန်းက သက်ပြင်းချလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

“ထားလိုက်ပါတော့”

“ဆိုးယုတ်သူတစ်ပါးက တကယ်ပဲ သေသွားပြီလား”

မင်ရှင်းက အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ငါ မသိဘူး”

“မင်း သူ့ကို ကြောက်နေတာလား” မင်ရှင်းက မေးလိုက်သည်။

ရှန်းကျန်းက နှာခေါင်းရှုံ့လျက် ဆိုလိုက်၏။

“ငါက ဘာလို့ သူ့ကို ကြောက်ရမှာလဲ။ ငါက ထူဝေ့လို အရူးမှ မဟုတ်တာ”

“အဲဒီလိုပဲ မျှော်လင့်ပါတယ်”

ထိုသို့ ပြောပြီးနောက် မင်ရှင်းသည် လေထဲသို့ ပျောက်ကွယ်သွားတော့သည်။

ရှန်းကျန်းသည် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ရှောင်ယွမ်အာနှင့် ခရုလေးတို့ရှိရာ နေရာအနီးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် သူတို့ကို အဝေးမှ ကြည့်ကာ စိတ်ထဲတွင် တွေးတောနေမိ၏။

‘သူတို့ အဲဒီမှာ ရှိနေတုန်းပဲ။ မြေခွေးအိုကြီး မင်ရှင်းက ဘာတွေ ကြံစည်နေတာလဲ။ ချီရှန့်က သူ့လူပဲလေ။ သူတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို ကြိုးကိုင်ချင်နေတာများလား’

ရှန်းကျန်းသည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ သူသည် လျှောက်သွားကာ ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို အာရုံခံကြည့်လိုက်ရာ သူတို့မှာ ယခင်အတိုင်းပင် ဖြစ်နေသည်။

ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် ရှန်းကျန်းကို မြင်သောအခါ ရှောင်ယွမ်အာက ပြောလိုက်၏။

“လာပြန်ပြီ”

ရှန်းကျန်းက ပြုံးလျက် ဆိုလိုက်သည်။

“မိန်းကလေး... မင်းတို့ မဟာလေဟာနယ်ကို ရောက်လာတာ မကြာသေးဘူးလေ။ အပြင်ထွက်ပြီး လေ့လာကြည့်ချင်လား”

“ရလို့လား” ရှောင်ယွမ်အာက အနည်းငယ် အံ့အားသင့်စွာ မေးလိုက်သည်။

“သေချာတာပေါ့”

ဘာပဲဖြစ်ဖြစ် ကလေးဆိုတာ ကလေးတွေပဲလေ။ တစ်ခါတစ်ရံမှာ ချော့မြှူပေးတာက မမှားပါဘူး။

“ခရုလေးကိုပါ ခေါ်သွားကြရအောင်” ရှောင်ယွမ်အာက ဆိုလိုက်၏။ ဘာပဲဖြစ်ဖြစ် ခရုလေးသည် မဟာလေဟာနယ်မှ ဖြစ်ကြောင်း သူမ သိထားသည် မဟုတ်ပါလော။ ခရုလေးသည် ဖမ်းဆီးခံရကတည်းက အပြင်ထွက်ပြီး ကြည့်ရှုလိုစိတ် ရှိနေခဲ့သည်။ သို့သော်လည်း သူမတွင် ထိုသို့ပြုလုပ်ရန် အရည်အချင်းရော၊ အခြေအနေရော မရှိခဲ့ချေ။

ရှန်းကျန်းက ခရုလေးကို ကြည့်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူက ရှောင်ယွမ်အာကို ပို၍ နှစ်သက်ပြီး တန်ဖိုးထားသည်။ ရှောင်ယွမ်အာက ခရုလေးကိုပါ ခေါ်သွားချင်ကြောင်း ကြားသောအခါ သူ၏ စိတ်ဝင်စားမှုမှာ ချက်ချင်းပင် လျော့ကျသွားတော့၏။

ခရုလေးက အလွန် ယဉ်ကျေးပျူငှာစွာ မေးမြန်းလိုက်သည်။

“ဧကရာဇ် ရှန်းကျန်း... ကျွန်မကိုပါ အပြင်ထွက်ပြီး လေ့လာခွင့် ပြုနိုင်မလား”

ရှန်းကျန်း၏ မျက်နှာထားမှာ ယခင်ကလောက် မကြည်လင်တော့ချေ။ ယင်းကို မြင်သောအခါ ရှောင်ယွမ်အာက ပြောလိုက်သည်။

“ရှင် မခေါ်ချင်ရင်လည်း ထားလိုက်တော့”

ရှန်းကျန်းက ပြောလိုက်သည်။

“ငါက ကတိတည်တဲ့သူပါ”

သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ စွမ်းအင်များက မိန်းကလေးနှစ်ဦးကို လွှမ်းခြုံသွားတော့သည်။ ထို့နောက် သူတို့ သုံးဦးစလုံးမှာ ကြယ်ကြွေသကဲ့သို့ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံသန်းသွားကြတော့သည်။

ကောင်းကင်ကြီးမှာ ပြာလဲ့နေပြီး တိမ်တိုက်များ ကင်းစင်နေ၏။ တောင်တန်းများနှင့် မြစ်ချောင်းများမှာ လှပခမ်းနားလှပေသည်။ အပင်များနှင့် သစ်တောများမှာလည်း စိမ်းလန်းစိုပြည်နေတော့သည်။ သူတို့သည် ဆန်းကြယ်သော တောင်ကြားများ၊ သစ်တောများနှင့် တောင်တန်းမြစ်ချောင်းများ ယှက်နွှယ်နေသော နွေဦးပန်းချီကားတစ်ချပ်အတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ပင်။ ကျယ်ပြောလှသော ရှေးဟောင်းလမ်းမကြီးတစ်ခုနှင့် ကောင်းကင်သို့ ထိုးထွက်နေသော စင်မြင့်တစ်ခုကိုလည်း မြင်တွေ့ရပေသည်။

“ဘယ်လိုထင်လဲ”

ရှန်းကျန်းသည် အမြဲတမ်း အလုပ်များနေလေ့ရှိသည်။ ယခု သူ၏ နယ်မြေအတွင်း လှည့်လည်ကြည့်ရှုချိန်မှသာ သူ၏ နယ်မြေမှာ မည်မျှအထိ လှပပြီး စိတ်ကြည်နူးဖွယ် ကောင်းကြောင်းကို သတိပြုမိလိုက်တော့သည်။

လှပသော ရှုခင်းများကြောင့် စိတ်လှုပ်ရှားနေသော ရှောင်ယွမ်အာက မတတ်သာဘဲ ခေါင်းညိတ်ကာ ဆိုလိုက်မိ၏။

“တကယ်ကို လှတာပဲ”

သို့သော် ရှောင်ယွမ်အာ၏ စကားဆုံးသည်နှင့် သူမ စကားမှားသွားကြောင်း သတိပြုမိလိုက်ပုံရသည်။ သူမ အလျင်အမြန်ပင် ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။

“သာမန်ပါပဲ။ ကျွန်မရဲ့ မွေးရပ်မြေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး”

ထိုစဉ် ခရုလေးက ကောင်းကင်ယံရှိ စင်မြင့်တစ်ခုကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်သည်။

“အဲဒါ ဘာကြီးလဲ”

“အဲဒါ ချောင်ထျန်းစင်မြင့်လို့ ခေါ်တယ်။ အဲဒါကို မိုးမြေကို ပူဇော်ပသဖို့ ယဇ်ပလ္လင်အဖြစ် သုံးကြတာလေ” ရှန်းကျန်းက ပြန်ဖြေလိုက်၏။

ခရုလေး ခေါင်းညိတ်လိုက်ပြီးနောက် အဝေးရှိ ရေကန်တစ်ခုကို လက်ညှိုးညွှန်ပြကာ ထပ်မေးလိုက်သည်။

“အဲဒီနေရာကကော ဘာလဲ”

“အဲဒါ ကောင်းကင်ကျောက်စိမ်းကန်လို့ ခေါ်တယ်။ ကောင်းကင်ကြီးလို ကျယ်ပြောပြီး သလင်းကျောက်လို ကြည်လင်နေတာ” ရှန်းကျန်းက ဆိုလိုက်၏။ သူ၏ စိတ်ထဲတွင်တော့ တွေးနေမိသည်။

‘ငါက နတ်ဧကရာဇ် တစ်ပါးပါ။ ဒါပေမဲ့ အခုတော့ ဓားစာခံ နှစ်ယောက်အတွက် ဧည့်လမ်းညွှန် ဖြစ်နေပြီပဲ...’

ရှန်းကျန်းသည် သူ၏ မကျေနပ်မှုကို ဖိနှိပ်ထားလိုက်သည်။ သို့သော် အပြစ်ကင်းစင်ပြီး လှပသော ထိုမိန်းကလေးငယ်များကို မြင်သောအခါ သူ၏ ဒေါသများ ပြေလျော့သွားပြန်သည်။

ထို့နောက် သူတို့ သုံးဦးသည် ဆန်းကြယ်သော သစ်တောတစ်ခုအတွင်းသို့ ပျံသန်းဝင်ရောက်သွားကြသည်။ သစ်တောအတွင်း၌ မြေပုံတစ်ခု ရှိနေ၏။ ရှောင်ယွမ်အာက ၎င်းကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

“အဲဒါ ဘာကြီးလဲ”

ရှန်းကျန်း မျက်မှောင်ကျုံ့လိုက်ပြီး ပြောလိုက်သည်။

“မမေးပါနဲ့”

“ရှင် မပြောပြချင်ရင်လည်း ရပါတယ်။ နောင်တစ်ချိန် ရှစ်စွင်းက ကျွန်မကို ပြောပြလိမ့်မယ်”

ရှောင်ယွမ်အာက ဆိုလိုက်သည်။

ရှန်းကျန်း “…”

‘ဒါက သူမ ဆရာတစ်ယောက်ကို လက်ခံဖို့ ဆန္ဒရှိတယ်ဆိုတဲ့ အဓိပ္ပာယ်လား’

ရှန်းကျန်း၏ မျက်မှောင်ကျုံ့မှု ပြေလျော့သွားသော်လည်း သူ၏ မျက်နှာထားမှာ အနည်းငယ် လေးနက်နေဆဲပင်။ ထို့နောက် သူက ခပ်ပေါ့ပေါ့ပင် ဆိုလိုက်သည်။

“အဲဒါ သင်္ချိုင်းတစ်ခုပဲ”

“ဘယ်သူ့ သင်္ချိုင်းလဲ” ရှောင်ယွမ်အာက အနည်းငယ် အံ့အားသင့်စွာ မေးလိုက်၏။

ရှန်းကျန်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“ငါ့သမီးရဲ့ သင်္ချိုင်းပါ”

ရှောင်ယွမ်အာက တီးတိုးရေရွတ်လိုက်၏။ “ကျွန်မ တမင် မေးတာ မဟုတ်ပါဘူး...”

ရှန်းကျန်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။ “အကယ်၍ သူသာ ရှိနေသေးရင် သူက မင်းတို့အရွယ်လောက် ရှိနေလောက်ပြီ”

သူသည် ဤအကြောင်းကို ဆက်လက် မပြောဆိုလိုတော့သဖြင့် စကားလမ်းကြောင်း လွှဲလိုက်ပြီး ဆိုလိုက်၏။

“ငါ့မှာ အရှေ့တောင်ဘက်က တာအိုခန်းမတစ်ခု ရှိတယ်။ အကယ်၍ မင်းတို့ သဘောတူမယ်ဆိုရင် အဲဒီမှာ ကျင့်ကြံလို့ ရတယ်။ မင်းတို့ရဲ့ တောင်းဆိုချက် အားလုံးကို ငါ ဖြည့်ဆည်းပေးနိုင်တယ်။ ဒါပေမဲ့ ငါ့မှာ စည်းကမ်းချက် တစ်ခုတော့ ရှိတယ်။ မင်းတို့ နှစ်ယောက်စလုံး အခုကစပြီး ငါ့အပေါ် သစ္စာရှိရမယ်”

ရှောင်ယွမ်အာ မျက်စောင်းထိုးလိုက်ပြီးနောက် ပြောလိုက်သည်။

“ကျွန်မ စဉ်းစားကြည့်ပါဦးမယ်”

“ငါ့မှာ အချိန်တွေ အများကြီး ရှိပါတယ်”

ထို့နောက် သူတို့ သုံးဦးသည် အရှေ့တောင်အရပ်ဆီသို့ ကြယ်ကြွေသကဲ့သို့ ပျံသန်းသွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ဆယ်နှစ် ကုန်လွန်သွားခဲ့ပြန်သည်။

ချောက်နက်ကြီးအတွင်းတွင် ဖြစ်သည်။

ကမ္ဘာမြေ၏ စွမ်းအားများမှာ ဆက်လက် ကြီးထွားလာနေ၏။ အထက်မှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ကြယ်များဖြင့် ပြည့်နှက်နေသော မှောင်မိုက်သည့် ကောင်းကင်ယံနှင့်ပင် တူလှပေသည်။ ကြယ်များအနက် အလွန်တောက်ပပြီး မျက်စိကျိန်းလောက်အောင် လင်းလက်နေသော ကြယ်တစ်ပွင့်လည်း ရှိနေပေသည်။ ထိုမျှမက အရပ်မျက်နှာ အသီးသီးမှ စွမ်းအင်များသည် ထိုတောက်ပသော ကြယ်ပွင့်ဆီသို့ စုဝေးရောက်ရှိနေကြတော့သည်။

ဝူး ဝူး

ကြယ်ပွင့်မှာ တဝီဝီ မြည်ဟည်းသွားပြီးနောက် ရုတ်တရက် ကြယ်ကြွေသကဲ့သို့ တဟုန်ထိုး ပျံထွက်သွားကာ ချောက်နက်ကြီးအတွင်း ဝဲပျံနေတော့သည်။ ၎င်းမှာ ၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် မူလနေရာသို့ ပြန်လည်ရောက်ရှိသွား၏။

ဘုန်း

ထိုကြယ်ပွင့်ကို ဗဟိုပြု၍ ကျယ်ပြောလှသော စွမ်းအင်လှိုင်းကြီးတစ်ခု ချောက်နက်ကြီးအတွင်း လွှမ်းခြုံသွားတော့သည်။ ၎င်းနောက်တွင် အလင်းတန်းကြီးတစ်ခု အထက်သို့ ထိုးတက်သွားလေသည်။

ဝုန်း

ကျောက်တုံးများမှာ ချောက်နက်ကြီးအတွင်းသို့ အဆက်မပြတ် ပြုတ်ကျလာနေတော့သည်။

ထိုအခိုက်အတန့်တွင် လုကျိုးသည် ရုတ်တရက် မျက်လုံးများ ဖွင့်လာခဲ့သည်။

“ဟင်းလင်းပြင်ဆိုတာ ဘာလဲ။ အချိန်ဆိုတာ ဘာလဲ။ ငါ ဘာလို့ ဒီကို ရောက်နေတာလဲ”

လုကျိုး၏ စိတ်ထဲတွင် ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ နားလည်သဘောပေါက်သွားတော့သည်။ သူသည် ချောက်နက်ကြီးအတွင်းရှိ စွမ်းအင်များကို အာရုံခံကြည့်လိုက်ရာ ၎င်းမှာ ပင်လယ်ရေနှင့်ပင် တူလှပေသည်။ သူ လက်ကို မြှောက်ကာ စမ်းသပ်ကြည့်လိုက်သည်။ သူ၏ လက်လှုပ်ရှားလိုက်တိုင်း ဟင်းလင်းပြင်မှာ လှိုင်းထကာ ပုံပျက်သွားတော့၏။ လုကျိုးသည် အလွန်ကြာရှည်သော အိပ်မက်တစ်ခုကို မက်နေခဲ့သကဲ့သို့ ခံစားနေရသည်။

အချိန်အတန်ကြာမှ လုကျိုးသည် သူ၏ အာရုံများကို ပြန်လည်ရရှိလာတော့သည်။ သူ သက်ပြင်းချလိုက်မိ၏။

“ငါ ချောက်နက်ကြီးထဲမှာ ရှိနေတုန်းပဲ”

သူသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်ရာ ၎င်းမှာ အဆင့်မြှင့်တင်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယခင်က ဤသို့ မဖြစ်ဖူးချေ။ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ် မပြီးဆုံးမီ သူ အဘယ်ကြောင့် ရုတ်တရက် နိုးထလာရသည်ကို သူ မသိချေ။

သူ နိုးထလာပြီဖြစ်ရာ အခွင့်အရေးကို အရယူကာ အခြား မွေးဖွားဇယားချပ်တစ်ခုကို အသက်သွင်းရန် ကုံးချန်၏ အသက်ဓာတ်နှလုံးသားကို ထုတ်ယူလိုက်သည်။ ၎င်းကို သူ၏ မွေးဖွားဇယားချပ်အတွင်းသို့ ထည့်သွင်းပြီးနောက် ကောင်းကင်ကျမ်းစာကို တရားထိုင် ကျင့်ကြံလိုက်တော့သည်။

၁၅ မိနစ်ပင် မပြည့်မီမှာပင် သူသည် ဆင်ခြင်သုံးသပ်ခြင်းအတွင်းသို့ ပြန်လည် နစ်မြုပ်သွားပြီး သူ၏ အာရုံများအားလုံးကို ထပ်မံ ဆုံးရှုံးသွားပြန်တော့သတည်း။

တစ်ချိန်တည်းမှာပင်

သွင့်ကျန်းသည် ပြင်းထန်စွာ တုန်ခါလာတော့သည်။ အတန်ကြာမှသာ တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သွင့်ကျန်းသည် မဟာလေဟာနယ်ရှိ ရှန်းကျန်းနန်းဆောင်နှင့် တစ်ထပ်တည်း ကျနေလေသည်။

ရှန်းကျန်းသည် တောင်တန်းများနှင့် မြစ်ချောင်းများကို ကြည့်ကာ ဘာဖြစ်သွားမှန်းမသိဘဲ မျက်မှောင်ကျုံ့နေမိ၏။

ရှောင်ယွမ်အာက ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။

“မဟာလေဟာနယ်မှာလည်း ငလျင်လှုပ်တာလား”

ခရုလေးက ပြောလိုကသည်။ “ဖြစ်နိုင်တာက...”

“ဒီနေရာက အရမ်း အန္တရာယ်များတာပဲ ခုနက ကျွန်မ ပြုတ်ကျတော့မလိုတောင် ခံစားလိုက်ရတယ်”

ရှောင်ယွမ်အာက ဆိုလိုက်သည်။

“ပေါက်ကရတွေ မပြောစမ်းနဲ့” ရှန်းကျန်းက အပြစ်တင်သလို ဆိုလိုက်၏။

ထိုစဉ် ရှန်းကျန်း၏ ရှေ့မှောက်တွင် ပုံရိပ်ငါးခု ပေါ်ထွက်လာပြီး ဦးညွှတ်လိုက်ကြသည်။

“အရှင်မင်းကြီး... တုန်ခါမှုတွေက သွင့်ကျန်းကနေ လာတာဖြစ်ကြောင်း ကျွန်တော်မျိုးတို့ သိရပါတယ်အရှင်”

“သွင့်ကျန်း”

“သွင့်ကျန်းက ဖျက်ဆီးခြင်းတိုင်လုံး ပြိုလဲသွားပါပြီအရှင်။ ချောက်နက်ကြီးထဲမှာ စွမ်းအင်မုန်တိုင်းတစ်ခု ပေါ်လာတယ်။ ဖြစ်နိုင်တာက... မုန်တိုင်းကြောင့် ဟင်းလင်းပြင်အက်ကွဲကြောင်း ပေါ်လာပြီး မဟာလေဟာနယ်ကို သက်ရောက်သွားတာ ဖြစ်နိုင်ပါတယ်”

ထိုစကားကို ကြားသောအခါ ရှောင်ယွမ်အာက ထိတ်လန့်တကြား မေးလိုက်၏။

“ကောင်းကင်ကြီး ပြိုကျတော့မှာလား”

“ငါရှိနေသရွေ့ ကောင်းကင်ကြီး မပြိုကျစေရဘူး”

“ကျွန်မ ကောင်းကင်ကြီးကို မပြိုကျစေချင်ဘူး...” ရှောင်ယွမ်အာက တီးတိုးရေရွတ်လိုက်၏။

ထိုစကားကို ကြားသောအခါ ရှန်းကျန်းက မေးမြန်းလိုက်သည်။ “ဘာလို့လဲ”

“ရှစ်စွင်းက တစ်ခါ ပြောဖူးတယ်။ အကယ်၍ ကောင်းကင်ကြီး ပြိုကျလာရင် သူ ထမ်းထားပေးမယ်တဲ့။ ကျွန်မ ရှစ်စွင်းကို အဲဒီလောက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီး မထမ်းစေချင်ဘူး” ရှောင်ယွမ်အာက ဆိုလိုက်သည်။

“မင်းမှာ ရှစ်စွင်း ရှိတယ်လား”

“ဟုတ်ကဲ့”

“သူ ဘယ်မှာလဲ”

ထိုမေးခွန်းကို ကြားသောအခါ ရှောင်ယွမ်အာသည် တိုးတိုးလေး ရှိုက်ငိုလိုက်မိ၏။ မျက်ရည်များ ဝဲနေလျက် သူမက ပြောလိုက်သည်။

“သူ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားပြီး... သေသွားပြီ”

ရှန်းကျန်းမှာ ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လား မသိတော့ချေ။ သူက ပြောလိုက်သည်။

“မင်းရဲ့ ဆုံးရှုံးမှုအတွက် ငါ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သေသွားတဲ့သူတွေက ပြန်ရှင်လာလို့မှ မရတာ”

ရှန်းကျန်း စိတ်ထဲမှ တွေးလိုက်မိ၏။

‘ဒီကိစ္စအတွက် ထူဝေ့နဲ့ ဆိုးယုတ်သူတစ်ပါး တို့ကိုပဲ အပြစ်တင်ရမှာပဲ။ သူတို့ရဲ့ တိုက်ပွဲကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာကိုး’

ရှောင်ယွမ်အာသည် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး ဆိုလိုက်၏။

“ကျွန်မ သွင့်ကျန်းကို သွားကြည့်ချင်တယ်”

ရှန်းကျန်း ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ ဆရာအပေါ် ထားတဲ့ မေတ္တာက ချီးကျူးစရာပါပဲ။ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးပါ့မယ်”

…

အခန်း (၁၅၆၈) ဆရာ၏ ချစ်တပည့်

ရှန်းကျန်းသည် ဤကာလအတွင်း ထိုမိန်းကလေးနှစ်ဦးနှင့် မကြာခဏ အဆက်အသွယ် ရှိခဲ့လေသည်။ သူတို့သည် မဟာလေဟာနယ်ကို မုန်းတီးခြင်းမရှိဘဲ သူထင်ထားသလောက်လည်း ဆန့်ကျင်ဘက်ပြုလိုစိတ် မရှိကြကြောင်း သူ တွေ့ရှိခဲ့ရ၏။ အခြားသော မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်များနှင့် နှိုင်းယှဉ်လျှင် ဤအပြစ်ကင်းစင်သော ကလေးငယ်နှစ်ဦးမှာ ပို၍ ချစ်ခင်နှစ်သက်ဖွယ် ကောင်းပေသည်။

“ခရုလေး... နင်လည်း ငါတို့နဲ့ အတူတူ လိုက်ခဲ့သင့်တယ်” ရှောင်ယွမ်အာက ပြောလိုက်၏။

မူလက ရှန်းကျန်းသည် ရှောင်ယွမ်အာကိုသာ ခေါ်ဆောင်သွားလိုခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမက ဤသို့ ပြောဆိုလာခဲ့ပြီဖြစ်ရာ သူတို့ နှစ်ဦးစလုံးကို ခေါ်ဆောင်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ ခရုလေးသည်လည်း မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသူသာ ဖြစ်သည်။ ခရုလေး၏ စွမ်းဆောင်ရည်မှာ အနည်းငယ်မျှသာ လျော့နည်းသော်လည်း မဆိုးလှချေ။

ခရုလေးက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ရှောင်ယွမ်အာက ရှန်းကျန်းကို မော့ကြည့်ကာ မေးမြန်းလိုက်၏။

“ရှင် ငြင်းမှာ မဟုတ်ဘူးမလား”

“သေချာပေါက် မငြင်းပါဘူး”

ရှန်းကျန်းက သူကိုယ်တိုင် ဖော်ရွေသည်ဟု ထင်မှတ်ရသော အမူအရာကို ပြသလိုက်သည်။ သူသည် တစ်နှစ်ပတ်လုံး မျက်နှာတည်ကြီးဖြင့် နေလာခဲ့ရသည်မှာ အကျင့်ပါနေပြီဖြစ်ရာ ပြုံးနိုင်ရန်အတွက် အတင်းအကျပ် ကြိုးစားရလေသည်။

မြင့်မားသော ရာထူးအာဏာကို ပိုင်ဆိုင်ထားသူ အများစုမှာ ဤကဲ့သို့သော ပြဿနာမျိုး ရှိတတ်ကြစမြဲပင်။ သူတို့အတွက် ဖော်ရွေပျူငှာရန်နှင့် မာနမကြီးဘဲ နေထိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။ အထူးသဖြင့် မြင့်မားသော နေရာများတွင် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့ရသူများအတွက် ပို၍ပင် ခက်ခဲပေသေးသည်။ ၎င်းမှာ အချိန်နှင့်အမျှ တဖြည်းဖြည်း ပုံပေါ်လာခြင်းဖြစ်ပြီး အမြစ်တွယ်နေပြီဖြစ်ရာ နေ့ချင်းညချင်း ပြောင်းလဲရန် မဖြစ်နိုင်ပေ။

“သွားကြစို့”

ရှန်းကျန်းသည် သူ၏ လက်ကို မြှောက်ကာ လေထဲတွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်၏။

ခဏအကြာတွင် သေးငယ်သော သင်္ကေတလမ်းကြောင်းတစ်ခု ပေါ်ထွက်လာတော့သည်။ သူတို့ သုံးဦးသည် သင်္ကေတလမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။

မကြာမီမှာပင် အမည်မသိကုန်းမြေကြီး၏ အရှေ့ဘက် ကောင်းကင်ယံ၌ တောက်ပသော သင်္ကေတလမ်းကြောင်းတစ်ခု ပေါ်ထွက်လာပြီးနောက် ရှန်းကျန်း၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် ကောင်းကင်မှ ဆင်းသက်လာကြသည်။

“ဟင် ကျွန်မက သွင့်ကျန်းကို တိုက်ရိုက် ရောက်မယ်လို့ ထင်ထားတာ”

ရှောင်ယွမ်အာက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

ရှန်းကျန်းက ပြုံးလျက် ရှင်းပြလိုက်သည်။

“ဘယ်ကျင့်ကြံသူကမှ အဲဒီလိုမျိုး လုပ်နိုင်စွမ်း မရှိဘူးလေ။ ငါက သင်္ကေတပညာကို ကျွမ်းကျင်ပြီး သွားချင်တဲ့ နေရာတိုင်းကို သွားနိုင်တယ်ဆိုပေမဲ့ ဒီနေရာမှာ ကျန်ခဲ့တဲ့ သင်္ကေတလမ်းကြောင်းကိုပဲ အသုံးပြုလို့ ရတယ်”

“နတ်ဧကရာဇ်တွေတောင် မဖြစ်နိုင်ဘူးလား” ရှောင်ယွမ်အာမှာ အံ့အားသင့်သွားရ၏။

“နတ်ဧကရာဇ်တွေကလည်း လူသားတွေပဲလေ။ လူသားတွေရဲ့ စွမ်းအားက အကန့်အသတ် ရှိတယ်” ရှန်းကျန်းက ဆိုလိုက်သည်။

“လူသားတွေက ကောင်းကင်ကြီးကိုတောင် သေချာပေါက် အန်တုနိုင်တယ်”

ရှောင်ယွမ်အာက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

ရှန်းကျန်းသည် သူမ၏ ယုံကြည်မှုကို မဖျက်ဆီးလိုပေ။ ရှောင်ယွမ်အာမှာ ငယ်ရွယ်သေးသဖြင့် သူမသည် တက်ကြွနေပြီး အနာဂတ်အတွက် အကောင်းမြင်စိတ် ရှိနေခြင်း ဖြစ်သည်။ ဤသည်မှာ သဘာဝကျပြီး သူမကိုယ်တိုင် တွေ့ကြုံခံစားကာ သင်ယူသင့်သော အရာတစ်ခုသာ ဖြစ်ပေသည်။

ထို့နောက် သူတို့ သုံးဦးသည် သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ ပျံသန်းသွားကြတော့သည်။ ၁၅ မိနစ်ခန့် အကြာတွင် သူတို့သည် ချောက်နက်ကြီး၏ အထက်၌ ဝဲပျံနေကြလေပြီ။

ရှန်းကျန်းက ချောက်နက်ကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

“ငါတို့ ရောက်ပြီ”

ရှောင်ယွမ်အာ ခေါင်းညိတ်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။

“ကျွန်မ အောက်ကို ဆင်းပြီး သွားကြည့်လို့ ရမလား”

“ရတယ်” ရှန်းကျန်းက ပြောလိုက်၏။

ရှောင်ယွမ်အာသည် အောက်သို့ ပျံသန်းသွားပြီး ချောက်နက်ကြီး၏ အဝင်ဝတွင် ဆင်းသက်လိုက်သည်။ သူမသည် ချောက်နက်ကြီးအတွင်းသို့ ငုံ့ကြည့်လိုက်သောအခါ ၎င်းမှာ ခမ်းနားဆန်းကြယ်သော နဂါးငွေ့တန်းတစ်ခုကဲ့သို့ အလွန် လှပနေသည်ကို ခံစားလိုက်ရ၏။ မှောင်မိုက်မှုနှင့် အလင်းစက်ကလေးများမှာ သူမ ငယ်စဉ်က မြင်တွေ့ခဲ့ရဖူးသော လှပသည့် ကြယ်တာရာကောင်းကင်ယံနှင့်ပင် တူလှပေသည်။

“ခရုလေး အရမ်း လှတာပဲ လာကြည့်ပါဦး” ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာဖြင့် လှမ်းခေါ်လိုက်သည်။

ခရုလေးသည် ပျံသန်းလာပြီး ရှောင်ယွမ်အာ၏ ဘေးတွင် ဆင်းသက်လိုက်၏။ သူမသည်လည်း ချောက်နက်ကြီး၏ မြင်ကွင်းကြောင့် အံ့အားသင့်သွားရတော့သည်။

ရှန်းကျန်းသည်လည်း ချောက်နက်ကြီးကို ငုံ့ကြည့်နေသော်လည်း အတွင်း၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို သူ နားမလည်နိုင်သေးပေ။

ရှောင်ယွမ်အာမှာ မူလက အလွန် ပျော်ရွှင်နေသော်လည်း မကြာမီမှာပင် သူမက လေသံတိုးတိုးဖြင့် မေးလိုက်၏။

“ရှစ်စွင်းက ဒီမှာ သေသွားတာလား”

“ဖြစ်နိုင်တယ်။ သူတို့ ပြောတာတော့ ဆိုးယုတ်သူတစ်ပါးလည်း ချောက်နက်ကြီးထဲကို ပြုတ်ကျသွားတယ်တဲ့လေ”

ရှောင်ယွမ်အာ ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်သည်။

“ဆိုးယုတ်သူတစ်ပါးက သေချာပေါက် လူဆိုးကြီး ဖြစ်ရမယ်။ သူနဲ့ ထူဝေ့က အခြေအနေကို အခွင့်ကောင်းယူပြီး ရှစ်စွင်းကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တာ ဖြစ်ရမယ်”

ရှောင်ယွမ်အာ၏ အထက်တွင် ဝဲပျံနေသော ရှန်းကျန်းက ပြုံးလျက် ပြောလိုက်၏။

“မင်းက ဆိုးယုတ်သူတစ်ပါးကို လူဆိုးကြီးလို့ ပြောတယ်ပေါ့၊ ဒါကိုတော့ ငါ သဘောတူတယ်။ ဒါပေမဲ့ သူနဲ့ ဧကရာဇ် ထူဝေ့က အထွတ်အထိပ်သက်ရှိတွေလေ။ သူတို့က ဘာလို့ မင်းရဲ့ ဆရာကို တိုက်ခိုက်ရမှာလဲ”

ရှောင်ယွမ်အာက ပြန်ပြောလိုက်သည်။

“ကျွန်မ မသိဘူးလေ။ ရှင်ပဲ ပြောပြပါ။ ဆိုးယုတ်သူတစ်ပါးက အဲဒီလောက်တောင် ယုတ်မာပြီး ကောက်ကျစ်တာလား”

ရှန်းကျန်းသည် ရှောင်ယွမ်အာ၏ စကားကို သဘောတူလိုက်ရန် ပြင်လိုက်သော်လည်း ဆိုးယုတ်သူတစ်ပါးနှင့် ပတ်သက်၍ သူ သိထားသည်များကို ပြန်လည် စဉ်းစားမိသောအခါ ဆိုးယုတ်သူတစ်ပါးကို ဖော်ပြရန်အတွက် အပုပ်ချသော စကားလုံးများကို သူ ရှာမတွေ့ခဲ့ပေ။

သူ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

“ငါ့အမြင်အရဆိုရင်တော့ ဆိုးယုတ်သူတစ်ပါးကို ရိုးသားဖြောင့်မတ်တဲ့သူလို့ သတ်မှတ်လို့ ရတယ်။ သူက ထူးခြားဆန်းသစ်တဲ့ ကျင့်ကြံခြင်းလမ်းစဉ်သစ် တစ်ခုကို ပထမဆုံး ဖော်ဆောင်နိုင်ခဲ့တဲ့သူပဲလေ။ သူ့ကို အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ သတ်မှတ်လို့ ရတယ်”

“သူက အရမ်း အစွမ်းထက်တာလား” ရှောင်ယွမ်အာက မေးမြန်းလိုက်၏။

“ဒီလောကမှာ သူ့ကို ယှဉ်နိုင်တဲ့သူဆိုလို့ တစ်ယောက်ပဲ ရှိတယ်...” ရှန်းကျန်းက ဆိုလိုက်သည်။

ရှန်းကျန်း စကားမဆုံးမီမှာပင် ရှောင်ယွမ်အာက ကြားဖြတ်၍ မေးလိုက်၏။

“ကျွန်မရဲ့ ရှစ်စွင်း လား”

ရှန်းကျန်း အနည်းငယ် မျက်မှောင်ကျုံ့လိုက်ပြီးနောက် ပြန်လည် တည့်မတ်ပေးလိုက်သည်။

“မဟာလေဟာနယ်ဧကရာဇ် မင်ရှင်းပါ”

“ဒါဆို ရှင်တို့ အားလုံးက ဘာလို့ သူ့ကို ဒီလိုမျိုး ဆက်ဆံခဲ့ကြတာလဲ” ရှောင်ယွမ်အာက မေးမြန်းလိုက်ပြန်သည်။

ရှန်းကျန်းက သက်ပြင်းချလျက် ပြောလိုက်၏။

“မင်းက အရမ်း ငယ်လွန်းသေးတော့ မင်း နားမလည်နိုင်တဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ နောင်တစ်ချိန်မှာ မင်း သဘာဝကျကျ နားလည်လာပါလိမ့်မယ်”

ရှောင်ယွမ်အာသည် ချောက်နက်ကြီးအတွင်းသို့ ထပ်မံ ငုံ့ကြည့်လိုက်သည်။ သူမသည် အောက်သို့ အနည်းငယ် ဆင်းသက်သွားပြီး ဘယ်ညာသို့ ပျံသန်းကြည့်ရှုသော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။ အောက်သို့ ထပ်မံ ဆင်းသက်သွားသောအခါ အက်ကွဲကြောင်းအတွင်း ညပ်နေသော ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ နှလုံးသားမှာ တင်းကျပ်သွားရတော့သည်။ သူမသည် ချက်ချင်းပင် ထိုနေရာသို့ ပျံသန်းသွားတော့၏။

ယင်းကို မြင်သောအခါ ရှန်းကျန်းက ရှောင်ယွမ်အာကို သတိပေးလိုက်သည်။

“အရမ်း အောက်ထိ မသွားနဲ့”

“စိတ်မပူပါနဲ့”

ရှောင်ယွမ်အာသည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ပေါ်တွင် ဆင်းသက်လိုက်သည်။ အသေအချာ လေ့လာကြည့်ပြီးနောက် ၎င်းမှာ သူမ ရှစ်စွင်း၏ ချုပ်နှောင်ခြင်းစည်းတံဆိပ် ဖြစ်ကြောင်း သူမ အတည်ပြုနိုင်ခဲ့၏။ ၎င်းအတွင်းမှ သူမရှစ်စွင်း၏ အရှိန်အဝါ အကြွင်းအကျန်များကို သူမ ခံစားမိနေသည်။ ထို့နောက် သူမသည် အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကို အသက်သွင်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်မှ သူတော်စင်အလင်းများ ဖြာထွက်လာတော့သည်။ မည်သည့်အကြောင်းကြောင့်ရယ်မသိ သူမ၏ ရှစ်စွင်းသည် သူမ၏ အောက်တည့်တည့်၌ ရှိနေကြောင်း သူမ ခံစားနေရ၏။

“ရှစ်စွင်း...”

ရှောင်ယွမ်အာသည် တွန့်ဆုတ်ခြင်းမရှိဘဲ အောက်သို့ ခုန်ချလိုက်ပြီး ပို၍ နက်ရှိုင်းသော နေရာသို့ ဆင်းသက်သွားတော့သည်။

ယင်းကို မြင်သောအခါ ခရုလေးက အော်ဟစ်လိုက်၏။

“အောက်ကို မဆင်းနဲ့”

ရှောင်ယွမ်အာသည် အန္တရာယ်ကို မခံစားမိပေ။ သူမသည် ဆက်လက် ဆင်းသက်သွားပြီး ပေ ၃၀၀၀ ခန့် အနက်သို့ ရောက်သောအခါ ချောက်နက်ကြီး၏ အောက်ခြေမှ ဧရာမ စွမ်းအားကြီးတစ်ခု တက်လာသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူမသည် ပိုမိုနက်ရှိုင်းသော နေရာသို့ မဆင်းရဲတော့ပေ။

ထိုအခိုက်အတန့်မှာပင် ရှန်းကျန်းသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ရှောင်ယွမ်အာ၏ ဘေးသို့ ရောက်ရှိလာတော့သည်။ သူက သူမကို လေးနက်စွာ သတိပေးလိုက်၏။

“မင်း သေချင်နေတာလား”

“ကျွန်မ...”

“ချောက်နက်ကြီးထဲက စွမ်းအားက လူသားတွေ ခုခံနိုင်တဲ့အရာ မဟုတ်ဘူး။ အောက်ကို ထပ်မဆင်းနဲ့တော့” ရှန်းကျန်းက ဆိုလိုက်သည်။

ရှောင်ယွမ်အာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက မေးမြန်းလိုက်သည်။

“ကျွန်မ ရှစ်စွင်းကို ဂါရဝပြုဖို့ ဦးချလို့ ရမလား”

“ရတယ်”

ရှန်းကျန်းက သဘောတူလိုက်၏။ ဤမိန်းကလေးငယ်မှာ ဆရာသမားအပေါ် ဤမျှအထိ ရိုသေကိုင်းရှိုင်းတတ်သဖြင့် သူမသည် တကယ်ကို လူဆိုးတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ကြောင်း သူ တွေးတောလိုက်မိသည်။ သူမသည် တကယ့်ကို ပြုစုပျိုးထောင်ပေးထိုက်သူ ဖြစ်ပေသည်။

ရှောင်ယွမ်အာသည် ချောက်နက်ကြီး၏ အထက်တွင် ဝဲပျံနေပြီး လေထဲတွင်ပင် ဒူးထောက်လိုက်၏။

ရှန်းကျန်းသည် ရှောင်ယွမ်အာ ဤမျှအထိ လေးနက်တည်ကြည်နေသည်ကို ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။ ကြည့်ရသည်မှာ သူမသည် သူမ၏ ဆရာသေဆုံးမှုကြောင့် တကယ်ကို ထိခိုက်ခံစားနေရပုံရပေသည်။ အကယ်၍ သူ၏ သမီးသာ အသက်ရှင်နေသေးပါက သူ၏ သမီးသည်လည်း ရှောင်ယွမ်အာကဲ့သို့ ဖြစ်နေလိမ့်မည်လောဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။

မိဘများ၏ နှလုံးသားသည် သူတို့၏ သားသမီးများနှင့် ပတ်သက်လာလျှင် အမြဲတမ်း နူးညံ့တတ်စမြဲပင်။ နှစ်ပေါင်း မည်မျှပင် ကြာညောင်းခဲ့စေကာမူ အချိန်ကာလသည် ရှန်းကျန်း၏ ခံစားချက်များကို ထုံထိုင်းသွားစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ အတိတ်အကြောင်းကို တွေးတောမိတိုင်း သူသည် တွေဝေသွားတတ်ပြီး သူ၏ စိတ်ခံစားမှုများမှာလည်း ကယောက်ကယက် ဖြစ်သွားတတ်လေသည်။ ထိုအခိုက်အတန့်တွင် သူသည် ရှောင်ယွမ်အာကို ကောင်းစွာ ပြုစုပျိုးထောင်ရန်နှင့်... သူမကို သူ၏ သမီးတစ်ယောက်ကဲ့သို့ သဘောထားရန် ဆုံးဖြတ်လိုက်တော့သည်။

ရှောင်ယွမ်အာသည် လေထဲတွင် သုံးကြိမ်တိုင်တိုင် ဦးချလိုက်၏။

ရှန်းကျန်းက မှတ်ချက်ချလိုက်သည်။

“မင်းလို တပည့်မျိုး ရှိနေတော့ မင်းရဲ့ ဆရာလည်း ကောင်းကောင်း အနားယူနိုင်မှာပါ”

“ကျွန်မရဲ့ ရှစ်စွင်းက ကောင်းကောင်း အနားယူမှာ မဟုတ်ဘူး”

“ဟင်”

ရှောင်ယွမ်အာ မော့ကြည့်လိုက်ပြီး မေးမြန်းလိုက်၏။

“ဆိုးယုတ်သူတစ်ပါးက ပြန်လည်ရှင်သန်လာနိုင်လား”

“ဘယ်သူသိမှာလဲ” ရှန်းကျန်းက ဆိုလိုက်သည်။

ထို့နောက် ရှောင်ယွမ်အာက ဒေါသတကြီးဖြင့် ပြောလိုက်၏။

“ကျွန်မ ရှစ်စွင်း အတွက် လက်စားချေဖို့ ဆိုးယုတ်သူတစ်ပါးကို သတ်မယ်လို့ ကျိန်ဆိုတယ်”

ရှန်းကျန်း ခေါင်းညိတ်လိုက်သည်။

“သိပ်ကောင်းတယ်။ မင်းက တကယ့်ကို ရည်မှန်းချက် ကြီးမားတာပဲ”

ထိုအခိုက်အတန့်တွင် ခရုလေးသည် ရှောင်ယွမ်အာနှင့် အဆင့်တူနေရာသို့ ရောက်ရှိလာ၏။ ထို့နောက် သူမသည် ရှောင်ယွမ်အာကို တစ်ချက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ ဒူးထောက်ကာ သုံးကြိမ် ဦးချလိုက်တော့သည်။

ရှန်းကျန်းသည် ရှောင်ယွမ်အာနှင့် ခရုလေးတို့၏ ဆက်ဆံရေးကို မသိရှိပေ။ ခရုလေး၏ အပြုအမူကို မြင်သောအခါ ခရုလေးသည် သူတို့၏ ကောင်းမွန်သော ဆက်ဆံရေးကြောင့် ရှောင်ယွမ်အာ၏ ခံစားချက်များ ကူးစက်ခံရပြီး ရှောင်ယွမ်အာ၏ ဆရာအပေါ် လေးစားမှု ပြသနေခြင်းသာ ဖြစ်မည်ဟု သူ ယူဆလိုက်သည်။

ထိုစဉ် ရှောင်ယွမ်အာက ချောက်နက်ကြီး၏ အောက်ခြေရှိ အလွန် တောက်ပနေပြီး အခြားအရာများနှင့် သိသိသာသာ ကွဲပြားနေသော အလင်းစက်တစ်ခုကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်၏။

“အဲဒါ ဘာကြီးလဲ”

ရှန်းကျန်းက တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“ကမ္ဘာမြေရဲ့ စွမ်းအားလေ”

“အဲဒါက ကြယ်တစ်ပွင့်လိုပဲ။ အရမ်း တောက်ပနေတာပဲ” ရှောင်ယွမ်အာက ပြောလိုက်၏။

“အဲဒီလိုလား?” ရှန်းကျန်းသည် သူ၏ ဝတ်ရုံလက်ကို တစ်ချက် ခါယမ်းလိုက်သည်။ သူ၏ မျက်လုံးများ ဝင်းလက်လာပြီး သူ၏ အမြင်အာရုံမှာလည်း များစွာ တိုးတက်လာတော့၏။

ချောက်နက်ကြီးအတွင်းရှိ အလင်းစက်များမှာ ဆက်သွယ်နေပုံရပြီး စွမ်းအင်များမှာ ဥတ္တရအလင်းတန်းများကဲ့သို့ တဟုန်ထိုး စီးဆင်းလှည့်ပတ်နေကြသည်။ ရုတ်တရက် ဧရာမ စွမ်းအားကြီးတစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ဟင်းလင်းပြင်မှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြန်သည်။

ရှန်းကျန်း မျက်မှောင်ကျုံ့လိုက်မိ၏။ ဤသည်မှာ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။

ဘေးမှ စောင့်ကြည့်နေသော ရှောင်ယွမ်အာက မေးမြန်းလိုက်၏။

“အဲဒါ အတိအကျက ဘာကြီးလဲ”

“အဲဒါက အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ တည်ငြိမ်မှုမရှိတဲ့ စွမ်းအင်တစ်ခု ဖြစ်နိုင်တယ်။ ဒီနေရာက တကယ့်ကို အန္တရာယ်များတယ်လို့ ငါ ထင်တယ်” ရှန်းကျန်းက ဆိုလိုက်သည်။

“ကျွန်မ သိချင်တာက အကယ်၍ လူတစ်ယောက်ဟာ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားရင် အသက်ရှင်ဖို့ ဖြစ်နိုင်ပါ့မလား”

ရှန်းကျန်းက ပြန်လည်ဖြေကြားလိုက်သည်။

“ငါ မင်းရဲ့ မေးခွန်းကို ရာနှုန်းပြည့် အတိအကျတော့ မဖြေနိုင်ဘူး။ ဒါပေမဲ့ ငါ့အမြင်အရဆိုရင်တော့ သူတို့ သေနိုင်ခြေ ပိုများတယ်”

…

အခန်း (၁၅၆၉) ရှစ်စွင်းက ပြိုင်ဘက်ကင်းပဲ

ရှန်းကျန်း၏ စကားများကို ကြားသောအခါ ရှောင်ယွမ်အာသည် သိသိသာသာပင် စိတ်အားငယ်သွားရရှာသည်။ သူမသည် သူမ၏ဆရာ သေဆုံးသွားပြီဟူသောအချက်ကို လုံးဝ မယုံကြည်လိုပေ။ ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို တွေ့ရှိပြီးနောက်တွင်မူ သူမ၏ ဆဋ္ဌမအာရုံက သူမ၏ဆရာ အသက်ရှင်နေသေးကြောင်း ပြောပြနေသည်။ လူတိုင်းက သူမ၏ဆရာ မရှိတော့ဟု ဆိုကြသော်လည်း သူမကမူ မယုံကြည်ပေ။ နောက်ဆုံးတွင် သူမက မေးမြန်းလိုက်သည်။

“နောင်တစ်ချိန်မှာ ရှစ်စွင်းဆီကို ခဏခဏ လာတွေ့လို့ ရမလား”

ရှန်းကျန်းက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“ရတာပေါ့”

ရှန်းကျန်းသည် ရှောင်ယွမ်အာ၏ တောင်းဆိုချက်ကို သဘာဝကျစွာပင် မငြင်းဆန်ခဲ့ပေ။ သူသည် သူမအပေါ် အလွန်ကျေနပ်နေမိသည်။ မင်ရှင်း၏ ဘေးနားတွင်လည်း မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်နှစ်ဦး ရှိနေကြောင်း သူ သိထား၏။ ထိုသူနှစ်ဦးထဲမှ တစ်ဦးမှာ ချီရှန့် ဖြစ်သည်။ ချီရှန့်သည် ရှောင်ယွမ်အာနှင့် ခရုလေးကို ရှာဖွေရာတွင် ကူညီပေးခဲ့သော်လည်း သူသည် ချီရှန့်ကို သဘောမကျပေ။ အခြားတစ်ယောက်မှာမူ အတော်လေး တုံးအသည်ဟု သူ ကြားသိထားသည်။ ခွန်အားနှင့် ကျင့်ကြံမှုမှာ အရေးကြီးသော်လည်း ထိုသူမှာ တကယ်ပင် တုံးအလွန်းနေပါက ထိုကဲ့သို့သောသူမျိုးကို ဘေးနားတွင် မရှိခြင်းက ပို၍ ကောင်းပေလိမ့်မည်။ အချုပ်အားဖြင့် သူသည် ရှောင်ယွမ်အာနှင့် ခရုလေးတို့အပေါ် များစွာ ကျေနပ်အားရနေတော့သည်။

ထိုသူသုံးဦးသည် ချောက်နက်ကြီးအနီးတွင် အတန်ကြာအောင် နေထိုင်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် မဟာလေဟာနယ်ဆီသို့ ပြန်လည် ထွက်ခွာခဲ့ကြလေသည်။

အချိန်မည်မျှ ကြာသွားသည်မသိ

ချောက်နက်ကြီးအနီးတွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

“နေကောင်းလား အစ်ကိုလု... အစ်ကိုက အထွတ်အထိပ်သက်ရှိ နှစ်ဦးရဲ့ တိုက်ပွဲကြားမှာ ပါသွားခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ရတယ်။ ဘာလို့ အဲဒီတိုက်ပွဲထဲကို သွားဝင်ခဲ့တာလဲ”

ထိုပုံရိပ်က ပြောဆိုရင်း ချောက်နက်ကြီး၏ဘေးတွင် အုတ်ဂူတစ်ခု တည်ဆောက်လိုက်၏။ ထို့နောက် အုတ်ဂူပေါ်တွင် စာသားအချို့ကို သေသေချာချာ ထွင်းထုလိုက်သည်။ ၎င်းမှာ ဤသို့ဖြစ်၏။

ကျွန်ုပ်၏ မိတ်ဆွေကောင်း လုထျန်းထုံ၏ အုတ်ဂူ

“အဲဒီအချိန်တုန်းက ကျွန်တော်က တိုင်လုံးကို စောင့်ကြပ်နေခဲ့တာ။ ကျွန်တော့်ကိုယ်ကျွန်တော်တောင် မကာကွယ်နိုင်ခဲ့တာ... အစ်ကို့ကို ဘယ်လိုများ ကယ်တင်နိုင်ပါ့မလဲ။ ဒါ့အပြင် အစ်ကို အဲဒီမှာ ရှိနေမယ်လို့တောင် ကျွန်တော် မသိခဲ့ဘူး”

ထို့နောက် ထိုပုံရိပ်သည် ငွေစက္ကူများကို ထုတ်ယူကာ အုတ်ဂူဘေးတွင် မီးရှို့ပူဇော်လိုက်ရင်း ပြောလိုက်သည်။

“ဒါဟာ အစ်ကို့အတွက် ကျွန်တော် လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပါပဲ။ အစ်ကိုကတော့ ကျွန်တော့်ကို နှစ်ကြိမ်တိုင်တိုင် ဝမ်းနည်းအောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ။ စိတ်မပူပါနဲ့... အစ်ကို့ရဲ့ တပည့်တွေကို ကျွန်တော် တစ်နည်းနည်းနဲ့ စောင့်ရှောက်ပေးဖို့ ကြိုးစားပါ့မယ်”

“နောက်ပိုင်းမှာတော့ ကျွန်တော် မဟာလေဟာနယ်ကို ပြန်သွားရလိမ့်မယ်။ တစ်နည်းအားဖြင့် ပြောရရင် အစ်ကို့ရဲ့ တပည့်တွေဟာ ယန်ဖုန်းနန်းဆောင်နဲ့ ရွှမ်မုန့်နန်းဆောင်တို့ရဲ့ လက်ထဲကို မကျရောက်သွားတာ တကယ်ကို ကံကောင်းတယ်”

“အစ်ကိုဟာ သူတော်စင်တွေ အများကြီးကို ပြုစုပျိုးထောင်ပေးခဲ့တာမို့ အစ်ကို့ရဲ့ ဘဝဟာ တကယ်ကို လေးစားထိုက်ပါတယ်။ အစ်ကို့နာမည်ဟာ ထာဝရ တည်တံ့နေဖို့အတွက် ဒီလောက်ဆိုရင် လုံလောက်ပါပြီ”

“ငြိမ်းချမ်းစွာ ခိုနားပါတော့”

နောက်ဆုံးစကားလုံးများကိုမူ သူက ဖြည်းညင်းစွာ ပြောပြောလိုက်၏။

ထိုပုံရိပ်သည် နေရာမှ ထရပ်လိုက်ပြီး အုတ်ဂူပေါ်ရှိ စာသားများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ စက္ကူများ အားလုံး လောင်ကျွမ်းသွားသောအခါ လေညင်းတစ်ချက်က ပြာများကို လွင့်စဉ်သွားစေတော့သည်။ မီးပွားကလေးများမှာ ပြာများနှင့် ရောနှောလျက် မီးခိုးစိမ်းများအကြား ကောင်းကင်ယံသို့ ကခုန်ပျံတက်သွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လခန့် ကုန်လွန်သွားခဲ့လေပြီ။

အထွတ်အမြတ်ခန်းမ အတွင်း၌...

ကျူးဟုန်ကုန်းကို မင်ရှင်းနှင့် တွေ့ဆုံရန် အထွတ်အမြတ်ခန်းမသို့ ထပ်မံ ခေါ်ဆောင်လာခဲ့ပြန်သည်။ ထိုအချိန်တွင် မင်ရှင်းသည် သူ့ကို စကားတစ်ခွန်းမျှ မဆိုဘဲ ၁၅ မိနစ်ခန့်တိုင်အောင် စိုက်ကြည့်နေခဲ့၏။ ဤသို့ စိုက်ကြည့်ခံရခြင်းကြောင့် ကျူးဟုန်ကုန်းမှာ ကြက်သီးမွေးညင်းများ ထသွားရပြီး ခန္ဓာကိုယ်မှာလည်း တုန်ရီနေတော့သည်။

မင်ရှင်းကမူ သူ၏ရှေ့မှ ဤပုဂ္ဂိုလ်မှာ မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်တစ်ဦး ဖြစ်သည့်တိုင် တစ်လခန့် ကြာမြင့်သွားသော်ငြား မည်သို့မျှ ပြောင်းလဲခြင်း မရှိသေးဟု တွေးတောနေမိသည်။

မင်ရှင်းက စကားမစသဖြင့် ကျူးဟုန်ကုန်းကလည်း စကားတစ်ခွန်းမျှ မဟဝံ့ပေ။ မင်ရှင်းသည် ကျူးဟုန်ကုန်းကို ဆက်လက် စိုက်ကြည့်နေရင်း တစ်ဖက်လူအနေဖြင့် ဤသို့ တိတ်ဆိတ်မှုကို ကြာရှည်စွာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ဟု တွေးထားခဲ့သည်။ သို့သော် သူ မျှော်လင့်ထားသကဲ့သို့ မဟုတ်ဘဲ အချိန်အတော်ကြာသည့်တိုင် တစ်ဖက်လူက တကယ်ပင် စကားမပြောပေ။ နောက်ဆုံးတွင် သူကပင် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ မေးမြန်းလိုက်သည်။

“မဟာလေဟာနယ်မှာ နေရတာ အသားကျပြီလား”

ကျူးဟုန်ကုန်းက ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်ကဲ့... အသားကျပါတယ်။ ကျွန်တော်က ဘယ်နေရာဖြစ်ဖြစ် အလိုက်သင့် နေတတ်တဲ့သူပါ။ စားစရာနဲ့ သောက်စရာ ရှိရင်ကို တော်ပါပြီ။ ဒီက ဝိုင်က တကယ့်ကို ကောင်းသလို... ထိပ်တန်း ကျားသားကလည်း တကယ် အရသာရှိတာပဲ”

မင်ရှင်း၏ မျက်နှာပေါ်တွင် တောင့်တင်းသော အမူအရာတစ်ခု ပေါ်လာသည်ကို မြင်သောအခါ ကျူးဟုန်ကုန်းက ခပ်မြန်မြန်ပင် စကားလမ်းကြောင်း လွှဲလိုက်ပြီး ပြောလိုက်သည်။

“မဟာလေဟာနယ်က တကယ်ကို ကျယ်ပြောပြီး သယံဇာတတွေ ပေါကြွယ်ဝတာပဲ။ အမည်မသိကုန်းမြေထက်တောင် ပိုပြီး ကျယ်ပြန့်သေးတယ်။ နန်းဆောင်ဆယ်ခုစလုံးကလည်း ကိုယ့်စွမ်းအားနဲ့ကိုယ် တကယ့်ကို အစွမ်းထက်ကြတာပဲ။ လေးစားစရာ ကောင်းလိုက်တာ။ အဲဒီ နန်းဆောင်ဆယ်ခုစလုံးရဲ့ အထက်မှာ ရှိနေတဲ့ အရှင်မင်းကြီးဆိုရင်တော့ ပိုပြီး လေးစားစရာ ကောင်းတာပေါ့”

မင်ရှင်းသည် ထိုမြှောက်ပင့်စကားများအပေါ် မတုန်လှုပ်ပေ။ သူက ပြောလိုက်သည်။

“မင်းကို မဟာလေဟာနယ်ဆီ ဘာလို့ ခေါ်လာရလဲဆိုတာ မင်း သိလောက်ပါတယ်”

ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“သိပါတယ်... ကျွန်တော့်မှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေလို့ မဟုတ်လား။ နောင်တစ်ချိန်မှာ ကျွန်တော်လည်း အထွတ်အထိပ်သက်ရှိ ဖြစ်လာမှာလေ။ အကယ်၍ ကျွန်တော်က အရှင်မင်းကြီးလိုမျိုး နတ်ဘုရားအဆင့် အထွတ်အထိပ်သက်ရှိ ဖြစ်လာနိုင်မယ်ဆိုရင်တော့ ကျေနပ်ပါပြီ”

မင်ရှင်းက ပြောလိုက်သည်။

“ပါရမီဆိုတာ နတ်ဘုရားအဆင့် အထွတ်အထိပ်သက်ရှိ ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်ပဲ။ ဒါပေမဲ့ ကြိုးစားအားထုတ်မှုနဲ့ အခွင့်အလမ်းကလည်း အရေးကြီးတယ်”

ကျူးဟုန်ကုန်းက ပြန်ပြောလိုက်သည်။

“အရှင်မင်းကြီးရဲ့ စကားတွေကို နားထောင်ရတာ ဆယ်နှစ်လောက် စာသင်ရတာထက်တောင် ပိုပြီး အကျိုးရှိပါတယ်။ အခုကစပြီး ကျွန်တော် ကျင့်ကြံဖို့ တကယ် ကြိုးစားပါတော့မယ်”

မင်ရှင်း ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ကြီးမားလှသော အထွတ်အမြတ်ခန်းမအတွင်း ဤတိတ်ဆိတ်မှုက ပို၍ပင် ထင်ရှားနေတော့သည်။

ခေတ္တအကြာတွင် မင်ရှင်းက ပြောလိုက်သည်။

“ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်”

ကျူးဟုန်ကုန်းက မေးမြန်းလိုက်သည်။

“မိန့်ကြားပါ အရှင်မင်းကြီး”

မင်ရှင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။

“အခုကစပြီး မင်းအနေနဲ့ အထွတ်အမြတ်ခန်းမကို သစ္စာရှိရှိ အလုပ်အကျွေးပြုမယ်ဆိုရင် ငါ မင်းကို မျက်နှာသာ ပေးပမယ်။ မဟာလေဟာနယ်ဟာ ဒီနှစ်တွေထဲ ပါရမီရှင်တွေ အများကြီး ဆုံးရှုံးခဲ့ရလို့ လူအင်အား လိုအပ်နေတယ်”

သူသည် ကျူးဟုန်ကုန်းကို စကားပြောခွင့် မပေးဘဲ ဆက်ပြောလိုက်သည်။

“ဒါကို သေသေချာချာ စဉ်းစား။ ငါ မင်းကို စဉ်းစားဖို့ သုံးရက် အချိန်ပေးမယ်။ ပညာရှိဆိုတာ အခြေအနေကို ကြည့်တတ်ရတယ်ဆိုတာ မှတ်ထားပါ”

မင်ရှင်း၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက်...

ဒုန်း

ကျူးဟုန်ကုန်းသည် ဒူးတစ်ဖက် ထောက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော် အထွတ်အမြတ်ခန်းမကို အလုပ်အကျွေးပြုဖို့ အသင့်ပါပဲ။ ကျွန်တော့်ကို အခုလို အခွင့်အရေးပေးတဲ့အတွက် အရှင်မင်းကြီးကို အများကြီး ကျေးဇူးတင်ပါတယ်”

‘သူက ဒီလောက်အလွယ်တကူ သဘောတူလိုက်တာလား’ မင်ရှင်း မျက်မှောင်အနည်းငယ် ကျုံ့လိုက်မိသည်။ ဤသည်မှာ သူ အလိုရှိသော ရလဒ် ဖြစ်သော်လည်း... တစ်ခုခုက အလွယ်တကူ ရရှိနေသကဲ့သို့ ခံစားနေရ၏။ အလွယ်တကူ ရရှိသောအရာများသည် တန်ဖိုးရှိသည်ဟု မခံစားရတတ်ပေ။ ထို့အပြင် သူ၏ရှေ့မှ ဤလူသည် စိတ်ရင်းမှန်ဖြင့် ပြောဆိုနေခြင်း ဟုတ်မဟုတ်ကိုလည်း သူ မဆုံးဖြတ်နိုင်ပေ။

မင်ရှင်းက မေးမြန်းလိုက်သည်။

“မင်း မဟာလေဟာနယ်မျိုးစေ့ကို ဘယ်က ရခဲ့တာလဲ”

ကျူးဟုန်ကုန်းက ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။

“ကျွန်တော့်ဆရာက ပေးခဲ့တာပါ”

မင်ရှင်းက မေးလိုက်သည်။

“မင်းရဲ့ဆရာ ဟုတ်လား”

ကျူးဟုန်ကုန်း၏ အမူအရာ ပြောင်းလဲသွားပြီး မျက်လုံးများ နီမြန်းလာကာ ပြောလိုက်သည်။

“ကံဆိုးတာက ကျွန်တော့်ဆရာက မရှိတော့ပါဘူး။ အကယ်၍သာ သူ အသက်ရှင်နေသေးရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ”

မင်ရှင်းက မေးလိုက်သည်။

“မင်းရဲ့ဆရာက အမည်မသိကုန်းမြေကို ရောက်ဖူးတာလား”

ကျူးဟုန်ကုန်းက ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်ကဲ့ပါ”

မင်ရှင်းက မေးမြန်းလိုက်သည်။

“သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ”

ကျူးဟုန်ကုန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကျွန်တော့်ဆရာကတော့ ပြိုင်ဘက်ကင်းပါပဲ”

“ပြိုင်ဘက်ကင်း ဟုတ်လား” မင်ရှင်းက မျက်မှောင်ကြုံ့လျက် ပြောလိုက်သည်။

ကျူးဟုန်ကုန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

“ဟုတ်ပါတယ်... ပြိုင်ဘက်ကင်းပါပဲ”

သို့သော် ကျူးဟုန်ကုန်း ခေါင်းမော့ကြည့်လိုက်သောအခါ မင်ရှင်း၏ မျက်နှာထားမှာ မကောင်းသည်ကို မြင်လိုက်ရသဖြင့် ခပ်မြန်မြန်ပင် ပြင်ပြောလိုက်၏။

“အဲ... အရှင်မင်းကြီးက နံပါတ်တစ်ဆိုရင် ကျွန်တော့်ဆရာက နံပါတ်နှစ်ပေါ့”

ထိုအခိုက်အတန့်တွင် ဘေးဘက်မှ မကျေမနပ် ဖြစ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ရိုင်းလှချည်လား နယ်မြေကိုးခုက လူတစ်ယောက်ကို ငါတို့ ဧကရာဇ်မင်းကြီးနဲ့ ဘယ်လိုများ နှိုင်းယှဉ်ရဲတာလဲ”

ကျူးဟုန်ကုန်းက ချက်ချင်းပင် ပြောလိုက်သည်။

“မှန်ပါတယ်... မှန်ပါတယ်။ ကျွန်တော်က အရင်တုန်းက မဟာလေဟာနယ် တည်ရှိနေတာကို မသိခဲ့လို့ ဒီမှာ ဒီလောက်အထိ အစွမ်းထက်တဲ့ ပညာရှင်တွေ အများကြီး ရှိနေမှန်း မသိခဲ့လို့ပါ”

မင်ရှင်းက မေးမြန်းလိုက်သည်။

“မင်းရဲ့ဆရာက ပြိုင်ဘက်ကင်းတယ်ဆိုမှတော့ သူ ဘယ်လိုဖြစ်ပြီး သေသွားရတာလဲ”

“ဒါကတော့...” ကျူးဟုန်ကုန်း ခေါင်းကုတ်လိုက်ပြီး ဤခက်ခဲသော မေးမြန်းမှုကို မည်သို့ ဖြေရမည်နည်းဟု စဉ်းစားနေမိသည်။ အတန်ကြာမှ သူက ပြောလိုက်၏။

“ဓားသွားပေါ်မှာ လမ်းလျှောက်နေရတဲ့သူတွေဆိုတော့... အမြဲတမ်း ဘေးကင်းဖို့ဆိုတာ မလွယ်ဘူး မဟုတ်လား”

မင်ရှင်းသည် ကျူးဟုန်ကုန်း၏ ဆရာအကြောင်းကို ဆက်မမေးတော့ပေ။ သူက ပြောလိုက်သည်။

“မင်း အထွတ်အမြတ်ခန်းမကို သစ္စာရှိဖို့ ကျိန်ဆိုပြီးပြီဆိုတော့ တတ်နိုင်သမျှ မြန်မြန် အထွတ်အထိပ်သက်ရှိ ဖြစ်လာအောင် ကြိုးစားရမယ်”

ကျူးဟုန်ကုန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ကျွန်တော် ကြိုးစားကျင့်ကြံပြီး အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ပါ့မယ်။ အရှင်မင်းကြီးက အရှေ့ကို သွားဆိုရင် ကျွန်တော် ဘယ်တော့မှ အနောက်ကို မသွားပါဘူး အရှင်မင်းကြီးက အနောက်ကို သွားဆိုရင်လည်း ကျွန်တော် ဘယ်တော့မှ အရှေ့ကို မသွားပါဘူး”

မင်ရှင်းကမူ မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် လက်ဝေ့ယမ်းပြကာ ပြောလိုက်သည်။

“သွားတော့”

ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“အရှင်မင်းကြီး... ကျွန်တော် အားနေတာဆိုတော့ အရှင်နဲ့ စကားစမြည် ပြောရင်း ဒီမှာပဲ နေခဲ့ရင် ဘယ်လိုလဲ။ အရှင် အားမယ်ဆိုရင် ကျွန်တော့်ကို အကွက်အချို့ ဖြစ်ဖြစ်၊ တရားထိုင်နည်း ဖြစ်ဖြစ် သင်ပေးပါလား”

ဝမ်ရူချင်းက ဆက်သည်းမခံနိုင်တော့ဘဲ ပြောလိုက်၏။

“သွားဆိုရင် သွားလိုက်စမ်းပါ။ စကားတွေ အများကြီး ပြောနေစရာ မလိုဘူး”

ကျူးဟုန်ကုန်း ခေါင်းညိတ်ပြလျက် လှည့်ထွက်သွားတော့သည်။

“ဟုတ်ကဲ့... ဟုတ်ကဲ့။ အခုပဲ သွားပါ့မယ်”

သူသည် အပြင်သို့ လျှောက်လှမ်းသွားရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

“ကျုပ်ကလည်း ခင်ဗျားတို့နဲ့ တကယ် စကားပြောချင်နေတာကျလို့...”

ကျူးဟုန်ကုန်း ထွက်သွားပြီးနောက် မင်ရှင်းက မေးမြန်းလိုက်သည်။

“ဒီတစ်လအတွင်းမှာ ဘာမှ မပြောင်းလဲဘူးလား”

ဝမ်ရူချင်းက ပြောလိုက်သည်။

“ဘာမှ မပြောင်းလဲပါဘူး။ သူ ရောက်စတုန်းကအတိုင်းပါပဲ။ သူက မြှောက်ပင့်တဲ့နေရာမှာပဲ တော်တာပါ။ ဒီလိုလူမျိုးရဲ့ လက်ထဲကို မဟာလေဟာနယ်မျိုးစေ့ ဘယ်လိုဖြစ်ပြီး ရောက်သွားလဲဆိုတာ ကျုပ် တကယ် စဉ်းစားလို့ မရဘူး”

မင်ရှင်းက အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“အခုတော့ အဲဒါကို ပြောနေလို့လည်း အကျိုးမရှိတော့ပါဘူး”

ဝမ်ရူချင်းက ပြောလိုက်သည်။

“ဒီလိုလူမျိုးကို အရေးကြီးတဲ့ တာဝန်တွေ ပေးဖို့ကတော့ ကျွန်တော် စိုးရိမ်မိတယ်”

မင်ရှင်း ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏။

“ဒီလူကို ပညာပေးဖို့ ငါ့မှာ အချိန်တွေ အများကြီး ရှိပါတယ်။ အကယ်၍ သူက နှစ်ပေါင်း ၁၀၀ အတွင်းမှာ တာအိုသူတော်စင် ဖြစ်လာနိုင်မယ်ဆိုရင်တော့ ငါ့မှာ တခြား အစီအစဉ်တွေ ရှိတယ်”

“နားလည်ပါပြီ” ဝမ်ရူချင်းက ထိုသို့ ပြောလိုက်သော်ငြား မျက်မှောင်ကြုတ်နေမိဆဲ ဖြစ်သည်။

All Chapters