အခန်း (၁၅၇၀-၁၅၇၂)
Vol. 105 Ch. 1570-1572
အခန်း (၁၅၇၀) နှစ်ပေါင်း ခုနစ်ဆယ်
ဝမ်ရူချင်းသည် ကျူးဟုန်ကုန်းကဲ့သို့ ရိုးအလွန်းသူများကို မနှစ်သက်သော်လည်း လိမ္မာပါးနပ်လှသော ချီရှန့်ကို တွေးမိသောအခါတွင်မူ ပို၍ပင် စက်ဆုပ်ရွံရှာမိပြန်သည်။ သူသည် ချီရှန့်နှင့် ယှဉ်လျှင် ကျူးဟုန်ကုန်းကို ပို၍ပင် သဘောကျမိသည်။ အကြောင်းမှာ ချီရှန့်ကဲ့သို့သောသူမျိုးကို ထိန်းချုပ်ရန် ခက်ခဲလှသော်လည်း ကျူးဟုန်ကုန်းမှာမူ အရည်အချင်း မရှိသော်ငြား အနည်းဆုံးတော့ အလွယ်တကူ ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။
ဝမ်ရူချင်းသည် အထွတ်အမြတ်ခန်းမအတွင်းမှ ထွက်ခွာသွားပြီးနောက် မင်ရှင်းက အခြားတစ်ဖက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
“ဖျက်ဆီးခြင်းတိုင်လုံးတွေ ဘယ်လိုအခြေအနေ ရှိလဲ”
ဟွားကျန့်ဟုန်က တင်ပြလိုက်သည်။
“အရှင်မင်းကြီး... သွင့်ကျန်းမှာ ရံဖန်ရံခါ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ရှိတာကလွဲရင် ကျန်တဲ့ ဖျက်ဆီးခြင်းတိုင်လုံး ကိုးခုစလုံးကတော့ တည်ငြိမ်နေပါတယ်အရှင်။ ဒါပေမဲ့...”
ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဟွားကျန့်ဟုန်က ဆက်လက် ပြောလိုက်သည်။
“တိုင်လုံးတွေက တဖြည်းဖြည်းနဲ့ ပိုပြီး ဟောင်းလာသလို ကမ္ဘာမြေရဲ့ ပြန်လည်ပြုပြင်ပေးနိုင်တဲ့ စွမ်းအားတွေကလည်း ပိုပြီး အားနည်းလာပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် မဟာလေဟာနယ်ဟာ ကောင်းကင်ယံမှာ နောက်ထပ် နှစ်ပေါင်း ၂၀၀ လောက်ပဲ တည်ရှိနိုင်တော့မှာပါ”
မင်ရှင်းသည် ခေါင်းညိတ်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူသည် ဤသတင်းအတွက် အံ့ဩခြင်း မရှိပေ။
တစ်ချိန်တည်းမှာပင် ကျူးဟုန်ကုန်းသည် အထွတ်အမြတ်ခန်းမမှ ထွက်ခွာလာပြီးနောက် သူ၏ နေအိမ်သို့ ပြန်ရောက်လာခဲ့သည်။
ကျူးဟုန်ကုန်း ပြန်ရောက်သည်နှင့် နံရံပေါ်ရှိ ပုံများကို လက်နောက်ပစ်ကာ ကြည့်ရှုနေသော ချီရှန့်ကို တွေ့လိုက်ရ၏။
ကျူးဟုန်ကုန်းက မကျေမနပ်ဖြစ်လျက် မေးမြန်းလိုက်သည်။
“မင်း ဒီမှာ ဘာလာလုပ်တာလဲ”
သူသည် ချီရှန့်အပေါ် ကောင်းမွန်သော အမြင်မရှိပေ။
ချီရှန့်က ပြန်လည်မေးမြန်းလိုက်သည်။
“မင်းက ငါ့ကို မကြိုဆိုဘူးလား”
ကျူးဟုန်ကုန်းက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
“ငါက မင်းကို ကြိုဆိုရမဲ့ အကြောင်းပြချက် ရှိလို့လား”
ချီရှန့်က ဆိုလိုက်သည်။
“မင်းမှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေတာလေ။ နယ်မြေကိုးခုမှာ နေမယ်ဆိုရင် ဒါက အရမ်း အန္တရာယ်များတယ်။ အန္တရာယ်အရှိဆုံးနေရာဟာ ဘေးအကင်းဆုံးနေရာဆိုတာ မင်း သိသင့်တယ်။ ဒီလောကမှာ အထွတ်အမြတ်ခန်းမထက် ပိုပြီး ဘေးကင်းတဲ့နေရာ မရှိတော့ဘူး”
ကျူးဟုန်ကုန်းက မျက်စောင်းထိုးလျက် ပြောလိုက်သည်။
“မင်း ပြောချင်တာ ပြောနေတော့တာပဲ”
ချီရှန့်က ဆက်ပြောလိုက်သည်။
“ဒီနေရာက ကျင့်ကြံဖို့အတွက်လည်း အကောင်းဆုံး နေရာပဲ။ မင်း ကောင်းကောင်း ကျင့်ကြံရမယ်။ အရှင့်ရဲ့ မျှော်လင့်ချက်ကို မပျက်စီးစေနဲ့...”
ချီရှန့်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်၏။
“မဟာဧကရာဇ်ကို စိတ်ပျက်အောင် မလုပ်နဲ့ပေါ့”
ကျူးဟုန်ကုန်းက ဆိုလိုက်သည်။
“မင်း အလုပ် မဟုတ်တာတွေကို ဝင်မပါနဲ့”
ချီရှန့်သည် သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်၏။ ထို့နောက် ရွှေရောင်မီးတောက် တစ်ခုသည် နဂါးတစ်ကောင်ပမာ ကျူးဟုန်ကုန်းထံသို့ အနီရောင်အလင်းတန်းအဖြစ် တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
ကျူးဟုန်ကုန်းမှာ ထိတ်လန့်သွားပြီး လေထဲသို့ နောက်ဆုတ်လိုက်ရ၏။ သူ၏ လက်မောင်းဖြင့် ထိုတိုက်ခိုက်မှုကို ခုခံလိုက်စဉ် ရွှေရောင်ဒိုင်းလွှားတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူသည် မြေပြင်သို့ ဆင်းသက်လိုက်ပြီး မိုင်အနည်းငယ်ခန့်အထိ နောက်သို့ လွင့်စဉ်သွားကာ အတင်းအကျပ် ပြန်လည်ထိန်းညှိလိုက်ရ၏။ သူသည် မီးတောက်များကြောင့် ပူလောင်နာကျင်နေသော သူ၏ လက်မောင်းများကို ပွတ်သပ်ရင်း မေးလိုက်သည်။
“မင်း ဘာလုပ်တာလဲ”
ချီရှန့်က သူ၏လက်ကို ပြန်ချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ငါတို့နှစ်ယောက်စလုံးက မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်တွေပဲ၊ ဒါပေမဲ့ မင်းကတော့ ငါ့နောက်မှာ အဝေးကြီး ကျန်နေသေးတယ်။ အထွတ်အမြတ်ခန်းမဆိုတာ အမှိုက်တွေကို လက်ခံတဲ့နေရာ မဟုတ်ဘူး။ မင်းမှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေရင်တောင် မင်းက အသုံးမကျတဲ့သူဆိုရင်တော့ အထွတ်အမြတ်ခန်းမက မင်းကို ဖယ်ရှားဖို့ ဝန်လေးမှာ မဟုတ်ဘူး”
ကျူးဟုန်ကုန်းက အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်၏။
“မင်းမှာလည်း မဟာလေဟာနယ်မျိုးစေ့ ရှိနေတာလား”
ချီရှန့်က ရယ်မောလျက် ပြောလိုက်သည်။
“ငါ ခုနကပဲ ပြောလိုက်တယ် မဟုတ်လား”
ကျူးဟုန်ကုန်းက ချီရှန့်ကို ကြည့်ကာ ဆိုလိုက်သည်။
“မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုဆိုတာ နှစ်ပေါင်း ၃၀,၀၀၀ မှာ တစ်ခါပဲ ရင့်မှည့်တာလေ။ နောက်ဆုံး ဆယ်ခုကတော့...”
သူသည် စကားကို ရပ်လိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ဒါဆို မင်းရဲ့ မျိုးစေ့က အရင်တစ်ခေါက်က ထွက်တဲ့ မျိုးစေ့ပေါ့။ ဒါကြောင့်လည်း မင်းက ငါ့ထက် ပိုအစွမ်းထက်နေတာကိုး”
ချီရှန့်မှာ ငယ်ရွယ်သော ပုံစံရှိသဖြင့် သူသည် ရှေးလူတစ်ယောက် ဖြစ်လိမ့်မည်ဟု ကျူးဟုန်ကုန်း မထင်ထားခဲ့ပေ။ မဟာလေဟာနယ်ရှိ လူများမှာ တကယ့်ကို ထူးဆန်းကြသဖြင့် သူ ပို၍ သတိထားရပေမည်။
ချီရှန့်က ရှင်းပြရန် ပျင်းရိနေသဖြင့် ပြောလိုက်သည်။
“ငါ ပြောချင်တဲ့ အချက်က အဲဒါ မဟုတ်ဘူး”
ကျူးဟုန်ကုန်းက သူ၏ ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်သည်။
“မင်းက ငါ့ကို လာခြောက်နေတာ မဟုတ်လား။ အနာဂတ်ရဲ့ အထွတ်အထိပ်သက်ရှိ ဖြစ်လာမဲ့သူကို အထွတ်အမြတ်ခန်းမက ဘယ်လိုလုပ် ဖယ်ရှားမှာလဲ။ ငါ ကျူးဟုန်ကုန်းက လူတိုင်း ငါ့ကို အထင်ကြီးလာအောင် သေချာပေါက် လုပ်ပြမှာ”
ချီရှန့်သည် ရုတ်တရက် တည်ကြည်သွားပြီး တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါ မင်းကို ခြောက်လှန့်နေတာ မဟုတ်ဘူး။ တိုင်လုံးတွေက ပြိုလဲနေပြီ၊ မဟာလေဟာနယ်ကြီးဟာ နှစ်ပေါင်း ၂၀၀ အတွင်းမှာ ပြုတ်ကျဖို့ များနေပြီ။ အဲဒီအချိန်ကျရင် တစ်လောကလုံး ဖရိုဖရဲ ဖြစ်ကုန်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးရလိမ့်မယ်။ အားသန်တဲ့သူတွေပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မယ်”
ကျူးဟုန်ကုန်း မှင်တက်သွား၏။ သူသည် လည်ချောင်းများ ခြောက်ကပ်လာသလို ခံစားလိုက်ရသည်။ သူသည် အမြဲတမ်း သူရဲဘောကြောင်သူ ဖြစ်ပြီး အန္တရာယ်များခြင်းထက် အေးအေးချမ်းချမ်း နေထိုင်ရသည်ကိုသာ နှစ်သက်သူ ဖြစ်သည်။
ချီရှန့်သည် လူတို့၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်တတ်သူဖြစ်ရာ ကျူးဟုန်ကုန်း၏ အမူအရာကို မြင်သောအခါ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“မင်းမှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေတာပဲ။ မင်းသာ ကြိုးစားမယ်ဆိုရင် သေချာပေါက် ဘေးကင်းမှာပါ”
ကျူးဟုန်ကုန်းက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ “မင်း… မင်း”
ချီရှန့်က ဇဝေဇဝါဖြင့် မေးလိုက်၏။ “ငါ ဘာဖြစ်လို့လဲ”
ကျူးဟုန်ကုန်းက မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။
“မင်း စကားပြောပုံက ငါ့ရဲ့ ချီရှစ်ရှိုး နဲ့ တကယ့်ကို တူတာပဲ”
ထို့နောက် သူက စိတ်တိုတိုဖြင့် ဆက်ပြောလိုက်၏။
“ထားလိုက်ပါတော့။ ငါ မင်းကို မယုံဘူး သွားတော့... ငါ မင်းကို မကြိုဆိုဘူး”
ချီရှန့်သည် ပြုံးလျက်ပင် လှည့်ထွက်သွားတော့သည်။
ချီရှန့် ထွက်သွားပြီးနောက် ဝမ်ရူချင်းသည် အနီးအနားတွင် ပေါ်လာ၏။ ချီရှန့်၏ ပုံရိပ် လုံးဝ ကွယ်ပျောက်သွားမှသာ သူသည် နန်းဆောင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာသည်။ သူက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဒီနေ့ကစပြီး ငါ မင်းကို ကိုယ်တိုင် ကြီးကြပ်မယ်။ နှစ်ပေါင်း ၂၀၀ အတွင်းမှာ မင်းက မဟာတာအိုသူတော်စင် တစ်ဦး ဖြစ်လာရမယ်”
ကျူးဟုန်ကုန်း “...”
ကျူးဟုန်ကုန်းသည် ဤနေရာကို တကယ်ပင် မုန်းတီးလှပေသည်။ ဤနေရာရှိ လူအားလုံးမှာ လူယုတ်မာများ ဖြစ်ကြပြီး စကားပြောဆိုပုံမှာလည်း နားမခံသာလှပေ။ မည်သို့ပင်ဖြစ်စေ သူသည် အတိတ်ကကဲ့သို့ စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်တော့ပေ။ ထို့ကြောင့် သူက အတင်းအကျပ် ပြုံးလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
“ချန်ပေ့နဲ့ မဟာဧကရာဇ်တို့ရဲ့ မျှော်လင့်ချက်အတိုင်း ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်”
အဆုံးမဲ့သမုဒ္ဒရာ တောင်ဘက်ခြမ်းရှိ ပျောက်ဆုံးသွားသောမြေ။
ပျောက်ဆုံးသွားသောမြေ၏ တောင်ထိပ်ပေါ်တွင် ဧရာမ နန်းတော်ကြီးတစ်ခု တည်ရှိနေ၏။ တောင်တန်းများနှင့် လွင်ပြင်များတွင် ကြက်သွေးရောင် မေပယ်ပင်များ ဝေဆာနေတော့သည်။ ခန့်ညားသော ဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသားတစ်ဦးသည် ကြက်သွေးရောင်ဧကရာဇ်ကို ဦးညွှတ်ကာ တင်ပြလိုက်သည်။
“အရှင်မင်းကြီး... ဒီကာလအတွင်းမှာ မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်နှစ်ယောက်ကို ကျွန်တော် စောင့်ကြည့်နေခဲ့ပါတယ်။ လှံကိုင်တဲ့သူကတော့ တကယ့်ကို ကြိုးစားပါတယ်။ သူက ရိုးသားဖြောင့်မတ်ပြီး နည်းနည်းတော့ ခေါင်းမာတယ်။ ကျန်တဲ့ တစ်ယောက်ကတော့...”
လက်အောက်ငယ်သား၏ တုံ့ဆိုင်းမှုကို သိလိုက်သော ကြက်သွေးရောင်ဧကရာဇ်က ပြောလိုက်သည်။
“ပြောစမ်း”
ထိုအမျိုးသားက ဆက်ပြောလိုက်သည်။
“ကျန်တဲ့တစ်ယောက်ကတော့ တစ်နေ့ကုန် အိပ်နေတာပါပဲ။ သူက ဘာမှလည်း မလုပ်ပါဘူး။ ဒါ့အပြင် သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တစ်ခုခု မှားယွင်းနေသလားလို့ ကျွန်တော် စိုးရိမ်မိပါတယ်”
ကြက်သွေးရောင်ဧကရာဇ်က မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
“မင်း ဘာကို ဆိုလိုတာလဲ”
“သူက တော်တော်လေးကို ကောက်ကျစ်စဉ်းလဲပါတယ်။ သူက သူ့ရဲ့ အတွေးတွေကို ဖုံးကွယ်ထားတတ်ပြီး ဘာစည်းကမ်းမှလည်း မရှိပါဘူး”
ကြက်သွေးရောင်ဧကရာဇ်က ဆိုလိုက်သည်။
“သူက ငယ်ပါသေးတယ်။ သူ့ကို သေသေချာချာ စောင့်ကြည့်ပြီး လိုအပ်ရင် ပညာပေးလိုက်ပါ”
“ဒါကတော့...” ထိုအမျိုးသားမှာ အခက်တွေ့နေဟန်ဖြင့် လျှောက်တင်လိုက်သည်။
“ကျွန်တော့်ဘက်ကလည်း သူ့ကို ပညာပေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ အချည်းနှီးပါပဲ။ ကျွန်တော်ကတော့ သူ့ကို ထိန်းကျောင်းနိုင်စွမ်း မရှိဘူးလို့ ထင်မိပါတယ်”
ကြက်သွေးရောင်ဧကရာဇ်၏ မျက်နှာထားမှာ တင်းမာသွားပြီး အမိန့်ပေးလိုက်သည်။
“ထပ်ပြီး ကြိုးစားကြည့်စမ်း”
“နားလည်ပါပြီ” ထိုအမျိုးသားမှာ ဆက်မငြင်းဆန်ဝံ့တော့ပေ။
ကြက်သွေးရောင်ဧကရာဇ်က သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။
“မျှခြေပျက်ယွင်းမှုက ပိုပြီး ဆိုးရွားလာနေပြီ။ အကယ်၍ မဟာလေဟာနယ်သာ တကယ် ပြိုကျသွားမယ်ဆိုရင် တောင်ဘက်ခြမ်းကလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“အရှင်မင်းကြီး... ကျွန်တော် အမြင်ကျဉ်းမြောင်းခဲ့မိပါတယ်။ အဲဒီလူနှစ်ယောက်ကို ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ပြုစုပျိုးထောင်ပါ့မယ်။ နှစ်ပေါင်း ၁၀၀ အတွင်းမှာ သူတို့ကို မဟာတာအိုကို နားလည်လာအောင် ကျွန်တော် လုပ်ပေးပါ့မယ်”
…
အလားတူ အခြေအနေမျိုးများသည် အပြာရောင်ဧကရာဇ်၏ နယ်မြေနှင့် အဖြူရောင်ဧကရာဇ်၏ ပျောက်ဆုံးသွားသောမြေများတွင်လည်း ဖြစ်ပျက်နေတော့သည်။ ကျင့်ကြံခြင်းလောကတွင် မကြုံစဖူးသော ဘေးအန္တရာယ်ကြီးတစ်ခု ဆိုက်ရောက်တော့မည့် နိမိတ်လက္ခဏာများမှာလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေ၏။
မဟာအသူရာမြေတွင်မူ...
တောင်ပံမျိုးနွယ်စုနှင့် အသွင်ယိုယွင်းမျိုးနွယ်စုများ စောင့်ကြပ်နေသော ဖျက်ဆီးခြင်းတိုင်လုံးအတွင်း၌ ဧကရာဇ်ယွီသည် နတ်ဧကရာဇ် တစ်ပါး ဖြစ်လာစေရန်အတွက် တံခါးပိတ်ကျင့်ကြံနေပြီဖြစ်ကြောင်း ကြေညာထားခဲ့သည်။ နတ်အရှင် မင်ပန်းနှင့် မင်သဲ့ တို့၏ သေဆုံးမှုများကိုလည်း ယာယီအားဖြင့် လျစ်လျူရှုထားကြလေသည်။
ဧကရာဇ် ငါးပါးအနက် အနက်ရောင်ဧကရာဇ် တစ်ဦးတည်းသာ မဟာလေဟာနယ်မျိုးစေ့ကို မရရှိခဲ့ပေ။ ထို့ကြောင့် သူသည် အပြာရောင်ဧကရာဇ်၊ ကြက်သွေးရောင်ဧကရာဇ်နှင့် မဟာဧကရာဇ်တို့ကို မကြာခဏ ရန်စလေ့ရှိသည်။ ဤသို့ဖြင့် မဟာလေဟာနယ်သည် ယာယီ ငြိမ်းချမ်းမှုကို ရရှိနေခဲ့သည်။
အတန်ကြာသည်အထိ မဟာလေဟာနယ်အတွင်း၌ ထူးထူးခြားခြား ဘာမှ မဖြစ်ပျက်ခဲ့ပေ။ တွမ့်မူထျန်းသည် မဟာလေဟာနယ်သို့ ပြန်လာရန် ရွေးချယ်ခဲ့ပြီး ရှန်းကျန်းနန်းဆောင်နှင့် အထွတ်အမြတ်ခန်းမတို့ဆီသို့ မကြာခဏ သွားရောက် လည်ပတ်လေ့ ရှိသည်။
နောက်ထပ် နှစ်ပေါင်း ၇၀ သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့လေပြီ။ ကျင့်ကြံခြင်းလောကတွင် အချိန်ဟူသည် အဓိပ္ပာယ် မရှိပေ။
မဟာလေဟာနယ်ရှိ ရှန်းကျန်းနန်းဆောင်တွင် ဖြစ်သည်။
ကြက်သွေးရောင် ဝတ်စုံကို ဆင်မြန်းထားသည့် ကျော့ရှင်းသော မိန်းကလေးတစ်ဦးနှင့် တောက်ပသော မျက်လုံးပိုင်ရှင် ချစ်စဖွယ် မိန်းကလေးငယ်တစ်ဦးတို့သည် ရှန်းကျန်းနှင့် တွေ့ဆုံရန် အတူတူ လျှောက်လှမ်းလာကြသည်။
လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်း ထိုမိန်းကလေးနှစ်ဦးနှင့် ရှန်းကျန်းနန်းဆောင်မှ လူများအကြား ဆက်ဆံရေးမှာ အလွန်ပင် ပြေပြစ်လှပေသည်။ နေ့စဉ် ကျင့်ကြံခြင်းအပြင် သူတို့ကို အရာရာ လမ်းညွှန်ပြသပေးသော ဆရာများလည်း ရှိနေ၏။ အခြားနန်းဆောင်များမှ လူအချို့က ရှန်းကျန်းနန်းဆောင်သည် သူတို့ကို အတွေးအခေါ်များ ရိုက်သွင်းပြီး လှည့်စားနေခြင်းဖြစ်ကြောင်း သတိပေးခဲ့ကြသော်လည်း ထိုမိန်းကလေးနှစ်ဦးမှာမူ ထိုစကားများကို ဂရုမစိုက်ခဲ့ကြပေ။
ပင်မနန်းဆောင်အတွင်း၌ ရှန်းကျန်းက မေးမြန်းလိုက်သည်။
“မင်းတို့ ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ”
ထိုမိန်းကလေးနှစ်ဦးကို ကြည့်ရင်း သူသည် မိမိ၏ ကလေးများ ကြီးပြင်းလာသည်ကို ကြည့်နေရသကဲ့သို့ ခံစားနေရ၏။ သူသည် နှစ်များအတွင်း သူတို့အပေါ် အလွန်ပင် ဘက်လိုက်ခဲ့သည် မဟုတ်ပါလော။
ရှောင်ယွမ်အာက ပြောလိုက်သည်။
“ရှစ်စွင်း ကွယ်လွန်ခဲ့တာ အခုဆို နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပါပြီ။ ကျွန်မ ရှစ်စွင်းကို သွားပြီး ဂါရဝပြုချင်လို့ပါ”
အစောပိုင်းကာလများတွင် ရှန်းကျန်းသည် သူတို့နှင့်အတူ လိုက်ပါသွားလေ့ ရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ ပျင်းရိလာခဲ့သည်။ ထို့ကြောင့် ရှောင်ယွမ်အာ၏ ဆရာကွယ်လွန်သည့် နှစ်ပတ်လည်နေ့များတွင် သူတို့ကို သွင့်ကျန်းဆီသို့ ပို့ဆောင်ပေးရန် လူတစ်ယောက်ကိုသာ စေလွှတ်လေ့ ရှိတော့သည်။
ရှောင်ယွမ်အာက ဆက်ပြောလိုက်သည်။
“ဒါ့အပြင် ကျွန်မမှာ နောက်ထပ် ကိစ္စတစ်ခုလည်း ရှိပါသေးတယ်။ အရှင်မင်းကြီး သဘောတူလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ယင်းကို ကြားသောအခါ ရှန်းကျန်းက မိန့်ကြားလိုက်သည်။
“မိန်းကလေး... မင်းကတော့ တဖြည်းဖြည်းနဲ့ ပိုပြီး ရဲတင်းလာတာပဲ။ ပြောစမ်းပါဦး... ဘာကိစ္စလဲ”
ရှောင်ယွမ်အာက ပြုံးလျက် ပြောလိုက်သည်။
“ကျွန်မရဲ့ ရှစ်ရှိုးတွေ၊ ရှစ်ကျဲတွေနဲ့ တွေ့ချင်လို့ပါ”
ရှန်းကျန်းက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
“ရှစ်ရှိုးတွေနဲ့ ရှစ်ကျဲတွေ ဟုတ်လား” သူမတွင် ဆရာတစ်ယောက် ရှိခဲ့သဖြင့် ဆရာတူ တပည့်များ ရှိနေသည်မှာ မဆန်းပေ။ “မင်း မဟာလေဟာနယ်ကို ရောက်နေတာ နှစ်ပေါင်း ၁၀၀ တောင် ရှိပြီပဲ၊ ဒါတောင် မင်းရဲ့ ဆရာတူတပည့်တွေကို သတိရနေသေးတာပဲလား။ ကောင်းပြီလေ... ငါ ခွင့်ပြုပါတယ်”
ရှန်းကျန်းသည် သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
ပုံရိပ်တစ်ခု ပေါ်လာပြီး ရှောင်ယွမ်အာဘက် လက်သီးဆုပ်မိုးကာ ဦးညွှတ်လျက် ပြောလိုက်သည်။
“ကျွန်တော်မျိုး သူတို့ကို မဟာလေဟာနယ်ဆီ ခေါ်လာပေးပါ့မယ်၊ သူတို့ ဒီမှာ ရက်အနည်းငယ်ကြာ နေထိုင်လို့ ရပါတယ်”
ရှောင်ယွမ်အာက မေးမြန်းလိုက်သည်။
“ရှင် တကယ် လုပ်နိုင်လို့လား”
ထိုပုံရိပ်က ပြန်လည်ဖြေကြားလိုက်သည်။
“ဒီလောကမှာ အရှင်မင်းကြီး လူသားလောကထဲ မလုပ်ဆောင်နိုင်တဲ့အရာ ဆိုတာ မရှိပါဘူး”
…
အခန်း (၁၅၇၁) ထာဝရအသက်ကို မျှော်လင့်ခြင်း
ရှောင်ယွမ်အာသည် ခေါင်းညိတ်ပြလိုက်၏။ ထိုစကားကို ကြားသောအခါ သူမ အလွန်ဝမ်းသာသွားသည်။
ရှန်းကျန်း၏ လက်အောက်ငယ်သားက ပြောလိုက်သည်။
“သူတို့ရဲ့ နာမည်တွေနဲ့ တည်နေရာတွေကို ကျုပ်ကို ပြောပြပါ။ နောက်သုံးရက်အတွင်းမှာ သူတို့ကို ကျုပ် သွားခေါ်ပေးပါ့မယ်”
ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“သူတို့က အပြာရောင်ဧကရာဇ်၊ ကြက်သွေးရောင်ဧကရာဇ်တို့နဲ့အတူ ရှိနေတာ...”
ရှန်းကျန်းနှင့် သူ၏လက်အောက်ငယ်သားတို့က သူမကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ရှောင်ယွမ်အာသည် စကားရပ်သွားတော့သည်။
လက်အောက်ငယ်သားက မေးမြန်းလိုက်သည်။
“အပြာရောင်ဧကရာဇ် ရှာတွေ့ထားတဲ့ မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်နှစ်ယောက်ထဲမှာ တစ်ယောက်က ဓားသမားဖြစ်ပြီး ကျန်တစ်ယောက်က ဓားမော့သမားပဲ၊ သူတို့နှစ်ယောက်စလုံးက တကယ့်ကို ရင့်ကျက်သလို စိတ်ဓာတ်ခိုင်မာကြတယ်။ တိုက်ပွဲအတွေ့အကြုံလည်း အတော်လေး များကြပုံပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကျွန်တော် အပြာရောင်ဧကရာဇ်ဆီ သွားလည်တုန်းက သူတို့နှစ်ယောက်ကို မြင်ခဲ့ဖူးတယ်။ သူတို့မှာ ပညာရှင်တစ်ဦးရဲ့ အရှိန်အဝါတွေ ရှိကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်တော့ သိပ်တည့်ပုံမရဘူး၊ အမြဲတမ်း ငြင်းခုံနေကြတာလေ။ ဒီလူနှစ်ယောက်က... မင်းရဲ့ ရှစ်ရှိုးတွေလား”
ရှောင်ယွမ်အာက ခေါင်းညိတ်ပြလိုက်သည်။
ရှန်းကျန်းက မျက်မှောင်အနည်းငယ် ကျုံ့လိုက်ရင်း မေးမြန်းလိုက်သည်။
“အဖြူရောင်ဧကရာဇ်ဆီမှာ ရှိနေတဲ့ မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်တွေကလည်း မင်းရဲ့ ဆရာတူအစ်ကို အစ်မတွေပဲလား”
ရှောင်ယွမ်အာက ထပ်မံ၍ ခေါင်းညိတ်ပြပြန်သည်။
ရှန်းကျန်း “...”
ရှန်းကျန်းသည် ခရုလေးဘက်သို့ မျက်နှာသေဖြင့် လှည့်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“ဒါဆို ခရုလေးကော မင်းရဲ့ ရှစ်ကျဲလား”
ခရုလေးက သူမ၏လက်ကို မြှောက်ပြလိုက်ပြီး ပြောလိုက်သည်။
“ကျွန်မ... ကျွန်မ... သူက ကျွန်မရဲ့ ရှစ်ကျဲ ပါ”
ခရုလေး၏ အသံမှာ ပြောရင်းနှင့် ပို၍ ပို၍ တိုးဝင်သွားတော့သည်။ သူမသည် အမှားတစ်ခု ပြုလုပ်ထားမိသော ကလေးတစ်ယောက်ကဲ့သို့ ခေါင်းငုံ့ထားရှာ၏။
ရှောင်ယွမ်အာက အနေခက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အရှင်မင်းကြီးကို တမင် ဖုံးကွယ်ထားချင်လို့ မဟုတ်ပါဘူး။ မဟာလေဟာနယ်ထဲမှာ လူဆိုးတွေက အရမ်းများတာကိုး။ ဒါပေမဲ့ အရှင်မင်းကြီးက ကျွန်မတို့အပေါ် ကောင်းတာကြောင့် ကျွန်မ ဆက်ပြီး ဖုံးကွယ်မထားချင်တော့လို့ပါ”
ရှန်းကျန်းသည် ဒေါသမထွက်ပေ။ သူသည် အံ့ဩရုံသာ အံ့ဩမိခြင်း ဖြစ်သည်။ အမှန်စင်စစ် သူသာ နယ်မြေကိုးခုအတွင်း စုံစမ်းကြည့်ခဲ့မည်ဆိုလျှင် ဤအချက်ကို အလွယ်တကူ သိနိုင်မည်သာ ဖြစ်သည်။ သို့သော်လည်း နတ်ဧကရာဇ် တစ်ပါးအနေဖြင့် သူသည် ထိုကဲ့သို့သော အသေးအဖွဲကိစ္စများကို အာရုံမစိုက်ခဲ့မိပေ။ သူ့အတွက်မူ ဤမိန်းကလေးနှစ်ဦးကို ပိုင်ဆိုင်ထားရသရွေ့ ကျန်သောအရာများမှာ အရေးမကြီးပေ။
ထိုအခိုက်အတန့်တွင် ရှန်းကျန်း၏ လက်အောက်ငယ်သားက ထပ်မံ မေးမြန်းလိုက်သည်။
“ဖြစ်နိုင်တာက မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်အားလုံးဟာ မင်းရဲ့ ဆရာတူအစ်ကိုအစ်မတွေချည်းပဲလား”
ဤမေးခွန်းမှာ စမ်းသပ်ကြည့်ခြင်းသာ ဖြစ်သည်။ ရှောင်ယွမ်အာက ရိုးသားစွာပင် ခေါင်းညိတ်ပြလိုက်၏။ သို့သော် ခေါင်းညိတ်ပြီးမှ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသဖြင့် သူမက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ထူဝေ့နန်းဆောင်က ချီရှန့်ကိုတော့ ကျွန်မ မသိပါဘူး”
ရှန်းကျန်းက ပြောလိုက်သည်။
“သူ့ရဲ့ အကြံဉာဏ်တွေကြောင့်သာ မင်းတို့ကို ငါ ရှာတွေ့ခဲ့တာလေ”
ရှောင်ယွမ်အာက ပြောလိုက်သည်။
“သူက တကယ့်ကို စိတ်အနှောင့်အယှက် ပေးတဲ့သူပဲ”
ရှန်းကျန်းက မေးမြန်းလိုက်သည်။
“မင်းက ဘာလို့ သူ့ကို မနှစ်သက်ရတာလဲ။ ဒီလောက် ခမ်းနားတဲ့နေရာမှာ နေရတာက ဟိုဟိုဒီဒီ လှည့်လည်သွားလာနေရတာထက် အများကြီး ပိုမကောင်းဘူးလား”
ရှောင်ယွမ်အာက နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပြောလိုက်သည်။
“အဲဒါက မတူဘူးလေ။ ဒီနေရာက ကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်မ သူ့ကို မနှစ်သက်တာက ဒါနဲ့ မဆိုင်ပါဘူး”
ရှန်းကျန်းက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“မင်းကတော့ နှစ်တွေကြာလာလေလေ စကားပြော ပိုတော်လာလေလေပဲ”
ရှန်းကျန်းသည် ယခင်က စကားဝိုင်းကို ပြန်လည် သတိရသွားသဖြင့် မေးမြန်းလိုက်သည်။
“ဒါဆို မင်းတို့ရဲ့ ဆရာက မင်းတို့ အားလုံးကို မဟာလေဟာနယ်မျိုးစေ့တွေ ပေးခဲ့တာပေါ့ ဟုတ်လား”
ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။
ရှန်းကျန်း၏ မျက်နှာထားမှာ အတန်ငယ် တည်ကြည်သွားပြီး ပြောလိုက်သည်။
“မင်ရှင်းတောင်မှ မဟာလေဟာနယ်မျိုးစေ့ အားလုံးကို သိမ်းယူနိုင်မယ်လို့ မသေချာဘူး။ မင်းတို့ရဲ့ ဆရာက ဘယ်လိုများ ထူးခြားနေလို့လဲ”
ရှောင်ယွမ်အာက ပြောလိုက်သည်။
“ကျွန်မ... ကျွန်မရဲ့ ရှစ်စွင်း ဒါတွေကို ဘယ်လို ရခဲ့လဲဆိုတာ ကျွန်မလည်း မသိပါဘူး”
ရှန်းကျန်း၏ လက်အောက်ငယ်သားက ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ တုန်းက ဖျက်ဆီးခြင်းတိုင်လုံးတွေက မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုဟာ တစ်ပြိုင်နက်တည်း ရင့်မှည့်ခဲ့ကြတာ။ နယ်မြေကိုးခုက လူတွေဟာ တိုင်လုံးတွေဆီကို မဟာလေဟာနယ် စူးစမ်းရှာဖွေရေး အကြိမ်ပေါင်းများစွာ လုပ်ခဲ့ကြတယ်။ မျိုးစေ့တွေကို ကာကွယ်ဖို့အတွက် မဟာလေဟာနယ်က ပညာရှင် အမြောက်အမြားကို စေလွှတ်ခဲ့ရတာ။ မိုးနဲ့မြေရဲ့ အတိုင်းအဆကို မသိကြတဲ့ နယ်မြေကိုးခုက ကျင့်ကြံသူတွေရဲ့ အဆုံးသတ်ဟာ တကယ့်ကို သနားစရာ ကောင်းခဲ့ပါတယ်။ တကယ်တော့ မဟာလေဟာနယ်က ပညာရှင်အများစုဟာ မျိုးစေ့တွေကို အလိုရှိကြတဲ့ အသိဉာဏ်မြင့် သားရဲကြီးတွေကို နှိမ်နင်းဖို့အတွက်ပဲ စွမ်းအင်တွေ အကုန်သုံးခဲ့ကြရတာလေ...”
ထိုလက်အောက်ငယ်သား၏ လေသံမှာ စစ်ဆေးမေးမြန်းသည့် လေသံသို့ ပြောင်းလဲသွားပြီး ဆက်လက် ပြောဆိုလိုက်သည်။
“အဲဒါကို အသာထားဦး၊ တိုင်လုံးတစ်ခုနဲ့တစ်ခုကြားက အကွာအဝေးက တော်တော်လေး ဝေးတာ။ တစ်ရက်နှစ်ရက်နဲ့ သွားလို့ရတဲ့ အကွာအဝေး မဟုတ်ဘူး။ သင်္ကေတလမ်းကြောင်းကို သုံးရင်တောင် အချိန်တော်တော် ပေးရဦးမှာပဲ။ သင်္ကေတပညာ ကျွမ်းကျင်တဲ့ နတ်ဧကရာဇ် တစ်ပါးတောင်မှ တိုင်လုံး ဆယ်ခုစလုံးကို အချိန်တိုအတွင်း သွားဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ မင်းရဲ့ ဆရာက ဒါကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ”
ရှောင်ယွမ်အာက တီးတိုးရေရွတ်လိုက်သည်။
“ကျွန်မ တကယ် မသိပါဘူး”
ရှန်းကျန်းသည် သူ၏ လက်အောက်ငယ်သားကို အနည်းငယ် ဒေါသထွက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ အဓိပ္ပာယ်မှာ 'ဘယ်သူက မင်းကို ဒီမိန်းကလေးငယ်အပေါ် ဒီလိုလေသံနဲ့ စကားပြောဖို့ ခွင့်ပြုလို့လဲ' ဟူ၍ ဖြစ်သည်။
ထိုလက်အောက်ငယ်သားသည် အခြေအနေကို ရိပ်မိလိုက်သဖြင့် ချက်ချင်း ခေါင်းငုံ့သွားပြီး မည်သည့်မေးခွန်းမျှ ထပ်မမေးဝံ့တော့ပေ။
ရှန်းကျန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... မင်းတို့ရဲ့ ဆရာက မျိုးစေ့အားလုံးကို ရခဲ့တာဆိုတော့ သူက တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့မှာပဲ။ နှမြောစရာကောင်းတာက သူဟာ ဒီလောကကြီးကနေ စောစောစီးစီး ထွက်ခွာသွားခဲ့တာပဲ”
ရှောင်ယွမ်အာက သူမ၏ လက်ကို မြှောက်ကာ ကန့်ကွက်လိုက်သည်။
“ချီရှန့်က ကျွန်မတို့လူ မဟုတ်ပါဘူး”
ရှန်းကျန်းက ပြောလိုက်သည်။
“ဒီလောကမှာ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဆယ်ခုမှာ ကိုးခုရတာတင်ပဲ အတော်လေးကို အံ့ဩစရာ ကောင်းနေပါပြီ”
ရှောင်ယွမ်အာသည် သူမတွင် မဟာလေဟာနယ်မျိုးစေ့ ပိုင်ဆိုင်ထားသော ချီရှစ်ရှိုး ရှိသေးကြောင်းနှင့် သူမ၏ဆရာမှာ တကယ့်ကို ပြည့်စုံသူဖြစ်ကြောင်း ပြောပြချင်နေသော်လည်း နောက်ဆုံးတွင်မူ သူမ စိတ်ကို ထိန်းချုပ်လိုက်တော့သည်။
သွင့်ကျန်းရှိ ချောက်နက်ကြီးအတွင်းတွင် ဖြစ်သည်။
ချောက်နက်ကြီး၏ မှောင်မိုက်မှုအတွင်း၌ အလင်းစက်ကလေးများမှာ လင်းလက်နေဆဲပင်။ အပေါ်ဘက်မှ ကြည့်လျှင်ပင် ထိုမျက်စိကျိန်းလောက်သော အလင်းစက်များကို မြင်တွေ့နိုင်ပေသည်။
ထိုအခိုက်အတန့်တွင် မြေပြင်မှာ အနည်းငယ် တုန်ခါလာပြီး တဝီဝီ မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ ထိုတုန်ခါမှုမှာ မကြာမီမှာပင် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားတော့၏။ မိုင် ၃၀၀၀ ပတ်လည်အတွင်း တုန်ခါမှုများမှာ ပိုမို ပြင်းထန်လာခဲ့သည်။
ငြိမ်းချမ်းမှု အတန်ငယ် ရရှိနေချိန်တွင် မျှခြေမညီမျှမှုမှာ မပြီးဆုံးသေးသော်လည်း၊ ဖျက်ဆီးခြင်းတိုင်လုံး ပြိုလဲသွားပြီးနောက် သွင့်ကျန်းတွင် သားရဲကြီးများစွာ ပေါ်ပေါက်လာခဲ့သည်။ သို့သော် ယခု ငလျင်လှုပ်ခတ်မှုကြောင့် ထိုသားရဲများမှာ ထွက်ပြေးတိမ်းရှောင်ကုန်ကြတော့သည်။ သားရဲကြီးများ အုပ်စုလိုက် ထွက်ပြေးနေကြသည်ကို မြင်တွေ့ရသလို ကောင်းကင်ယံ၌လည်း ပျံသန်းနိုင်သော သားရဲများမှာ အုပ်စုလိုက်ကြီး ပြောင်းရွှေ့နေကြတော့သည်။
ချောက်နက်ကြီးအတွင်းတွင် ဖြစ်သည်။
ကောင်းကင်ယံမှ ကျဆင်းလာသော လျှပ်စီးတန်းများပမာ လျှပ်စစ်စွမ်းအင်များသည် လုကျိုး၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေတော့သည်။ သူ၏ ဆံနွယ်များ၊ မျက်လုံးများ၊ မျက်ခုံးများနှင့် အံ့ဖွယ်အမှတ်အသားဝတ်ရုံတို့မှာ အပြာရောင်အလင်းတန်းများ လွှမ်းခြုံနေ၏။
ဝူး ဝူး ဝူး
ကမ္ဘာမြေ၏ စွမ်းအားများသည် သူ၏ စွမ်းအားဗဟိုချက်အတွင်းရှိ ချီပင်လယ်ထဲသို့ တဟုန်ထိုး စီးဝင်နေတော့သည်။ ဟင်းလင်းပြင်မှာ ပုံပျက်သွားပြီး အချိန်သည်လည်း ခေတ္တမျှ ရပ်တန့်သွားရာမှ ပြန်လည် ပုံမှန်ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် လုကျိုးသည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။ ထို့နောက် သူ၏ မျက်လုံးနှစ်ဖက်မှ တောက်ပသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ချောက်နက်ကြီး၏ ဟင်းလင်းပြင်ကို နားကွဲမတတ် မြည်ဟည်းသံနှင့်အတူ ထိုးဖောက်သွားတော့သည်။
“တင်း စနစ် အဆင့်မြှင့်တင်ခြင်း ပြီးဆုံးပါပြီ”
“တင်း ကောင်းကင်ကျမ်းစာ၏ ကောင်းကင်စာလိပ်ကို ရရှိပါတယ်။ ကောင်းကင်စာလိပ်ကို နားလည်သဘောပေါက်ပြီးနောက် သင့်ကောင်းကင်စွမ်းအားကို နတ်ဘုရားတာအိုစွမ်းအား အဖြစ် အဆင့်မြှင့်တင်ပေးမှာ ဖြစ်ပါတယ်”
"တင်း... ဒါက စနစ်ရဲ့ နောက်ဆုံးအကြိမ် အဆင့်မြှင့်တင်တာပါ။ အရှင်က အန္တိမကောင်းကင်တာအိုကို သဘောပေါက် နားလည်သွားပြီဆိုရင်တော့ ဒီစနစ်က နတ်ဘုရားတာအိုစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး အရှင့်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်"
"တင်း... အမှန်တရားမျက်လုံးကိုတော့ ဖယ်ရှားလိုက်ပါပြီ။ အဲဒီအတွက် နစ်နာကြေးအနေနဲ့ အရှင့်ကို မှတ်ဉာဏ်သလင်းကျောက်တစ်ခု ပေးအပ်ပါတယ်။"
"တင်း... ဆုလာဘ်အနေနဲ့ ရိုးရှင်းတဲ့ ရှေးဟောင်းမြေပုံတစ်ခု ရရှိပါတယ်။"
"တင်း... မဟာတာအိုဆိုတာ ရုပ်သဏ္ဌာန် မရှိပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး ကြိုးစားအားထုတ်ပေးပါ။"
မိုးမြေအကြားတွင် အဆုံးမဲ့သော စွမ်းအင်လှိုင်းများသည် လုကျိုး၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေတော့သည်။ သူသည် ဖော်ပြ၍မရနိုင်သော စွမ်းအားကြီးကို သိသိသာသာ ခံစားနေရ၏။
အချိန်မည်မျှ ကြာသွားသည် မသိ သူသည် လေထဲတွင် မတ်တပ်ရပ်လိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်းမှ သူ၏ အတွေးများကို ပြန်လည် စုစည်းလိုက်၏။ မည်သို့ပင်ဆိုစေ သူသည် ချောက်နက်ကြီးအတွင်း၌ နှစ်ပေါင်း ၁၀၀ တိုင်အောင် အာရုံငါးပါး ကင်းမဲ့စွာ နေထိုင်ခဲ့ရသည် မဟုတ်ပါလော။ တစ်နည်းအားဖြင့်ဆိုရသော် သူသည် ပတ်ဝန်းကျင်နှင့် ပြန်လည် အသားကျရန် လိုအပ်နေခြင်း ဖြစ်သည်။ အချိန်အတန်ကြာမှ သူသည် နောက်ဆုံးတွင် တည်ငြိမ်မှုကို ပြန်လည် ရရှိလာတော့သည်။
ယခုအခါ စနစ်အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားပြီဖြစ်ရာ လုကျိုးသည် စနစ်ကို ချက်ချင်း ဖွင့်လိုက်ပြီး အနန္တအထွတ်အထိပ် စိတ်ဝိညာဉ်သဏ္ဌာန် နေရာကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် ဈေးနှုန်းမှာ ပေါ်လာပြီဖြစ်သည်။
ကုသိုလ်မှတ် ၅ သန်း။
တိုက်တိုက်ဆိုင်ဆိုင်ပင် လုကျိုး၏ ကုသိုလ်မှတ်များမှာလည်း ၅ သန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
“ဝယ်ယူမယ်”
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူသည် ၎င်းကို နောက်ဆုံး၌ ဝယ်ယူနိုင်ခဲ့လေပြီ။
“တင်း ကုသိုလ်မှတ် ၅ သန်း အသုံးပြုလိုက်ပါပြီ။”
လုကျိုး တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။ သူသည် အနန္တအထွတ်အထိပ် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သော်ငြား အဘယ်ကြောင့် စာတစ်စောင်ကိုသာ ရရှိလိုက်ရသနည်း။ လုကျိုးသည် သူ၏လက်ကို မြှောက်လိုက်ရာ စိတ်ကူးလိုက်သည်နှင့် စာတစ်စောင် ပေါ်လာခဲ့သည်။ ထိုစာအတွင်းမှ ပြင်းထန်သော စိတ်ဆန္ဒတစ်ခုကို သူ ရှင်းလင်းစွာ ခံစားနေရ၏။ ၎င်းမှာ တစ်စုံတစ်ဦး၏ စိတ်အာရုံဖြင့် ဖန်တီးထားခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
လုကျိုးသည် သူ၏လက်ကို ဆုပ်လိုက်၏။
ထိုအခါ စာစောင်မှာ အလင်းစက်ကလေးများအဖြစ် ပျော်ဝင်သွားပြီး ပိုးစုန်းကြူးကလေးများပမာ လုကျိုး၏ ပတ်ပတ်လည်တွင် ဝဲပျံနေတော့သည်။ မကြာမီမှာပင် သူ၏ရှေ့ ဆယ်ပေအကွာခန့်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းမှာ လုကျိုးကဲ့သို့ပင် အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက် တူညီလှပေသည်။ သို့သော်လည်း ရုပ်သွင်ကိုမူ မမြင်ရပေ။ ၎င်းမှာ ရေလှိုင်းများပမာ ဝေဝါးနေပြီး လှုပ်ခတ်နေတော့သည်။
လုကျိုးက မျက်မှောင်ကျုံက်လျက် မေးမြန်းလိုက်သည်။
“မင်း ဘယ်သူလဲ”
ထိုပုံရိပ်က လုကျိုး၏ မေးခွန်းကို ပြန်မဖြေပေ။ ထိုအစား ၎င်းမှာ ဆက်လက် လှုပ်ခတ်နေရင်း ရင်းနှီးနေသော အသံဖြင့် ပြတ်တောင်းပြတ်တောင်း ပြောဆိုလိုက်၏။
“နောက်ဆုံးစကားပဲ။ ငါ့မှာ အခု စွမ်းအားတွေ အကန့်အသတ် ရှိနေပေမဲ့ စကားအချို့တော့ ချန်ထားခဲ့ချင်တယ်။”
“ပညာရှိတွေတောင်မှ ဒီလောကရဲ့ ပဟေဠိကို အဖြေရှာနိုင်မှာ မဟုတ်ဘူး”
“ဘယ်သူကမှ အထွတ်အထိပ်သက်ရှိ ဖြစ်လာမယ်လို့ အာမခံချက် မပေးနိုင်ဘူး။”
“အထွတ်အထိပ်သက်ရှိတွေဆိုတာ... ဒီလောကရဲ့ အခြေခံအကျဆုံး စွမ်းအားဖြစ်တဲ့ စည်းမျဉ်းတွေကို ထိန်းချုပ်နိုင်တဲ့သူတွေပဲ။”
“ဒီလောကရဲ့ စွမ်းအင်အားလုံးဟာ ကမ္ဘာမြေထဲမှာ စုစည်းပြီး ကုသိုလ်ကျောက်တုံးထဲကို စီးဝင်သွားလိမ့်မယ်”
“သက်ရှိမှန်သမျှမှာ ကုသိုလ် ရှိကြတယ်”
“ဒီစာကို ရရှိတဲ့သူဟာ အခုဆိုရင် အထွတ်အထိပ်သက်ရှိတစ်ဦး ဖြစ်နေလောက်ပြီ။ မင်း ကုသိုလ်ကျောက်တုံးကို ရှာတွေ့ပြီး မိုးမြေရဲ့ ချုပ်နှောင်မှုတွေကို ဖောက်ထွက်နိုင်ပြီး ထာ၀ရအသက်ကို ရပါစေ…”
…
အခန်း (၁၅၇၂) ဆိုးယုတ်သူတစ်ပါး၏ မှတ်ဉာဏ်များ
ထို့နောက်တွင် ထိုပုံရိပ်မှာ ကွယ်ပျောက်သွားတော့သည်။
လုကျိုးသည် မျက်မှောင်ကြုတ်လိုက်မိ၏။
'ပြတ်တောင်းပြတ်တောင်း ဖြစ်နေတဲ့ အပေါ်ယံ စကားလုံး နည်းနည်းလေးအတွက်နဲ့ ကုသိုလ်မှတ် ၅ သန်းတောင် ကုန်သွားတာလား။ တကယ့်ကို အရှုံးကြီး ရှုံးတာပဲ'
မည်သို့ပင်ဆိုစေကာမူ သူသည် အရေးကြီးသော သတင်းအချက်အလက် သုံးခုကိုမူ ရရှိလိုက်သည်။
ပထမအချက်မှာ သက္ကတကျမ်းထဲတွင် သူတွေ့ခဲ့ရသော ကုသိုလ်ကျောက်တုံးသည် အလွန်အရေးကြီးသည့် အရာဖြစ်ကြောင်းပင်။ စနစ်အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပြီးနောက် သူသည် ကောင်းကင်ကျမ်းစာ စာလိပ်နှင့် ထိုနောက်ဆုံးစကားများကို ရရှိခဲ့သည်။ ထိုစကားများအရ စနစ်သည် ဆိုးယုတ်သူတစ်ပါးနှင့် ဆက်နွှယ်နေကြောင်း ညွှန်ပြနေသည်။
ဒုတိယအချက်မှာ ကုသိုလ်ကျောက်တုံးသည် ရှေးယခင်ကာလကတည်းက တည်ရှိနေခဲ့သော မိုးမြေအတားအဆီးများကို ဖောက်ထွက်ရန်အတွက် သော့ချက်ပင် ဖြစ်သည်။ ရွှေကြာနယ်မြေရှိ ချုပ်နှောင်မှုဆိုသည်မှာ ရွှေကြာကျင့်ကြံသူများကို သက်တမ်း မလောက်ငမှုဖြင့် ကန့်သတ်ထားသော သေးငယ်သည့် ချုပ်နှောင်မှုတစ်ခုမျှသာ ဖြစ်၏။ သို့သော် ထိုချုပ်နှောင်မှုကိုမူ ကြာပွင့်ဖြတ်တောက်ခြင်းဖြင့် ဖောက်ထွက်နိုင်ခဲ့ပြီ ဖြစ်သည်။
တတိယအချက်မှာ ထာဝရအသက် ဖြစ်သည်။ လူသားတို့ ထာဝရအသက်ရှင်နိုင်သည်ဟူသော အချက်ကို သူသည် အချိန်အတော်ကြာသည့်တိုင် မယုံကြည်ခဲ့ချေ။ သူ၏ ကျင့်ကြံခြင်းခရီးတစ်လျှောက်တွင် ဤခံယူချက်မှာ ပိုမိုခိုင်မာလာခဲ့သည်။ သို့သော်လည်း ဤစာကို လက်ခံရရှိပြီး 'ထာဝရအသက်ကို မျှော်ကိုးပါ၏' ဟူသော စကားကို ကြားလိုက်ရချိန်တွင်မူ သူသည် ရုတ်တရက် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။
ဘာပဲဖြစ်ဖြစ် စနစ်အကြောင်းကို သူထက်ပိုပြီး နားလည်သူ မည်သူမျှ မရှိပေ။ ၎င်းမှာ ဆန်းကြယ်သော စွမ်းအားတစ်ခုကဲ့သို့ပင် ဖြစ်၏။ ၎င်းသည် သက်တမ်းကို တိုးစေနိုင်သလို အထွတ်အထိပ် စွမ်းအားကိုလည်း ပေးသနားနိုင်သည်။
အကယ်၍ ဆိုးယုတ်သူတစ်ပါး၏ စကားများသာ မှန်ကန်ခဲ့လျှင် ၎င်းသည် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းအတွင်းနှင့် ရှေးယခင်ကာလများကပင် လူသားများနှင့် သားရဲကြီးများ အားလုံး သိထားကြသည်မှာ စွမ်းအင်နှင့် ပတ်သက်၍ ထိန်းသိမ်းခြင်းနိယာမ ရှိကြောင်းပင်။ ဒုတိယအနေဖြင့် အချိန်ဟူသည် ရှေ့သို့သာ စီးဆင်းပြီး နောက်သို့ ပြန်မလှည့်ကြောင်း ဖြစ်၏။ နောက်ဆုံးမှာမူ သေဆုံးခြင်းပင် ဖြစ်သည်။ မည်သူမျှ ထာဝရ မရှင်သန်နိုင်ပေ။
သို့သော်လည်း အကယ်၍ ဤအဓိက စည်းမျဉ်းသုံးခုသာ ပြောင်းပြန်လှန်ခံလိုက်ရပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ မည်သို့ ဖြစ်လာနိုင်မည်နည်း။
လုကျိုးသည် အပြာရောင်နဂါး မုန့်ကျန်းနှင့် တွေ့ဆုံစဉ်က ပြောခဲ့သော စကားများကို ပြန်လည် သတိရလိုက်မိသည်။ ထိုစဉ်က သူပြောခဲ့သည်မှာ အကယ်၍ လူသားတို့ မသေဆုံးကြပါက အောက်ခြေရှိလူများမှာ တက်လှမ်းရန် အခွင့်အရေး မရှိတော့ဘဲ စွမ်းအားကြီးသူများကသာ ပို၍ စွမ်းအားကြီးလာလိမ့်မည် ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ပင် ကောင်းမွန်သော အရာဖြစ်ပါ့မလား။
လုကျိုးသည် သူ၏ ရှုပ်ထွေးသော အတွေးများကို ခေတ္တ ဘေးဖယ်ထားလိုက်၏။ စိတ်ကူးလိုက်သည်နှင့် တောက်ပသော ပုလဲလုံးလေးနှင့် တူသည့် မှတ်ဉာဏ်သလင်းကျောက် တစ်ခုမှာ သူ၏လက်ထဲတွင် ပေါ်လာတော့သည်။
လုကျိုးသည် မှတ်ဉာဏ်သလင်းကျောက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါက ဆိုးယုတ်သူတစ်ပါးရဲ့ မှတ်ဉာဏ်တွေကို သိုလှောင်ထားတာလား"
ယခင်က သက္ကတကျမ်းနှင့် ပြန်လည်ရှင်သန်ခြင်းစာလိပ်တို့နှင့် ပတ်သက်သော အတွေ့အကြုံများအရ ဤစာစောင်နှင့် မှတ်ဉာဏ်သလင်းကျောက်တို့မှာ ဆိုးယုတ်သူတစ်ပါးနှင့် သက်ဆိုင်ရမည်ဟု သူ သိလိုက်သည်။
လုကျိုးသည် အတိတ်ကို ပြန်လည် စဉ်းစားကြည့်မိသည်။ ကောင်းကင်ကျမ်းစာ စာလိပ်များကို ရရှိချိန်မှစ၍ ကျင့်ကြံခဲ့ပုံ၊ ပိုမို အစွမ်းထက်လာပုံနှင့် လုထျန်းထုံ၊ ဆိုးယုတ်သူတစ်ပါး တို့နှင့် ပတ်သက်သော ဖြစ်ရပ်များအထိ အရာအားလုံးမှာ ဆိုးယုတ်သူတစ်ပါးနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေကြောင်း သူ ခံစားလိုက်ရသည်။ နတ်အရှင် မင်ပန်းနှင့် ထူဝေ့တို့နှင့် တွေ့ဆုံခဲ့ချိန်များပင်လျှင် ဆိုးယုတ်သူတစ်ပါးနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေခဲ့သည်။
သူသည် လက်ထဲရှိ မှတ်ဉာဏ်သလင်းကျောက်ကို ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်၏။
"ငါက ဆိုးယုတ်သူတစ်ပါး မဟုတ်ပေမဲ့... လောကကြီးကတော့ ဆိုးယုတ်သူတစ်ပါးကို လိုအပ်နေပုံပဲ။ ဒီလိုဖြစ်မှတော့ ငါပဲ ဆိုးယုတ်သူတစ်ပါး ဖြစ်ပေးရတာပေါ့"
သူသည် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ မှတ်ဉာဏ်သလင်းကျောက်အတွင်းမှ စွမ်းအင်များမှာ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ဆိုးယုတ်သူတစ်ပါး၏ အမွေဆက်ခံသူ ဖြစ်ပေသည်။ အကယ်၍ ဆိုးယုတ်သူတစ်ပါးကြောင့်သာ မဟုတ်လျှင် သူ ယခင်တည်းက သေတာ ကြာလောက်ပြီဖြစ်သည်။
မျက်နှာများ၊ တိုက်ပွဲများနှင့် အမျိုးမျိုးသော မြင်ကွင်းများသည် လုကျိုး၏ စိတ်ထဲသို့ လှိုင်းလုံးများပမာ ဝင်ရောက်လာတော့သည်။ သူ ဤကမ္ဘာသို့ ပထမဆုံး ရောက်ရှိလာချိန်ကဲ့သို့ပင် မြင်ကွင်းများမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် ဘေးမှ ကြည့်ရှုနေသူတစ်ဦးနှင့် ပိုတူနေပေသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းအတွင်း မဟာလေဟာနယ်၏ ပြောင်းလဲမှုများကို သူ တွေ့မြင်ခဲ့ရသည်။ ပညာရှင်တစ်ဦးသည် အထွတ်အထိပ်သက်ရှိ အများအပြားကို ရင်ဆိုင်တိုက်ခိုက်ပြီး အရှင်သခင်လေးပါးကို သုတ်သင်ခဲ့ပုံကို မြင်ခဲ့ရ၏။ ကုန်းမြေကြီးမှာ ဆန်းကြယ်သော အင်အားတစ်ခုကြောင့် မည်သို့ ကွဲအက်သွားပုံနှင့် ပျောက်ဆုံးကျွန်းနယ်မြေများအကြောင်းကိုလည်း သူ မြင်ခဲ့ရသည်။
တောင်တန်းများနှင့် မြစ်ချောင်းများ ပြိုလဲသွားပြီးနောက် ကုန်းမြေအသစ်တစ်ခုမှာ တစ်ညအတွင်း ပေါ်ထွက်လာပုံကို သူ မျက်မြင်တွေ့ခဲ့ရသည်။ ပင်လယ်သားရဲကြီးများ၏ တိုက်ခိုက်မှုကြောင့် လူသားများစွာ မျှော်လင့်ချက်ကင်းမဲ့စွာ ကျဆုံးခဲ့ရပုံများကိုလည်း မြင်တွေ့ခဲ့ရ၏။
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
အတန်ကြာမှ လုကျိုး၏ စိတ်ထဲရှိ မှတ်ဉာဏ်များမှာ နောက်ဆုံးတွင် ကွယ်ပျောက်သွားတော့သည်။ သူ၏ လက်ထဲရှိ မှတ်ဉာဏ်သလင်းကျောက်မှာလည်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လုကျိုးသည် လေကို ဝဝရှူလိုက်၏။ တစ်နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း နှစ်ပေါင်း ၁၀၀ ကုန်လွန်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လုကျိုးသည် မိမိကိုယ်မိမိ ဆိုးယုတ်သူတစ်ပါးဟုပင် ခေတ္တမျှ ထင်မှတ်လိုက်မိ၏။ ခဏအကြာမှ သူ၏ အတွေးများကို ပြန်လည် စုစည်းလိုက်ပြီး သူသည် ဆိုးယုတ်သူတစ်ပါး မဟုတ်ကြောင်း သူ့ကိုယ်သူ သတိပေးရင်း ခေါင်းခါယမ်းလိုက်သည်။
သူသည် ကောင်းကင်ယံသို့ မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
"ဆိုးယုတ်သူတစ်ပါး... မင်း အေးချမ်းစွာ အနားယူနိုင်ပါပြီ။ မင်းအတွက် ငါ တရားမျှတမှုကို ရှာဖွေပေးပါ့မယ်"
ထို့နောက်တွင် လုကျိုးသည် ရိုးရှင်းသော ရှေးဟောင်းမြေပုံကို ထုတ်ယူလိုက်သည်။ တစ်ချက် ကြည့်လိုက်သောအခါ မြေပုံပေါ်ရှိ မှတ်သားထားသော နေရာများမှာ ကောင်းကင်စည်များ၏ တည်နေရာများတွင် ရှိနေကြောင်း တွေ့လိုက်ရသည်။
"ဒါက ဘာအဓိပ္ပာယ်လဲ" လုကျိုး ဇဝေဇဝါ ဖြစ်သွားရ၏။
သူသည် မြေပုံပေါ်ရှိ အသေးစိတ် အချက်အလက်အားလုံးကို လေ့လာကြည့်သည်။ မြေပုံ၏ အောက်ခြေဘက်တွင် စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရ၏။ ၎င်းမှာ 'အသက်ဓာတ်နှလုံးသားများကို ပြန်လည် သိမ်းယူပါ' ဟူ၍ ဖြစ်သည်။
စာသားများမှာ အရေးတကြီး ရေးသားထားသကဲ့သို့ စောင်းစောင်းစောင်းစောင်းနှင့် ဖရိုဖရဲ ဖြစ်နေ၏။ ထိုစာသားများအကြားတွင် အမည်းစက်တစ်ခု ရှိနေသည်။
"သွေးလား" ကျင့်ကြံသူတစ်ဦးအနေဖြင့် ၎င်းမှာ သွေးစက်တစ်စက် ဖြစ်ကြောင်း လုကျိုး ချက်ချင်း သိလိုက်သည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ဆိုးယုတ်သူတစ်ပါးသည် ဤစာကို ရေးသားချိန်တွင် မည်မျှအထိ ဆိုးရွားသော အခြေအနေနှင့် ကြုံတွေ့နေရမည်ကို သူ စိတ်ကူးမိလိုက်သည်။ တကယ့်ကို သနားစရာ ကောင်းလှပေသည်။
လုကျိုးသည် ထိုရှေးဟောင်းမြေပုံကို ကျယ်ပြန့်ကောင်းကင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် လေကို ပြင်းပြင်းရှူလိုက်မိသည်။
သူ၏ ရွှေရောင်ကြာပွင့်ကို ထုတ်ယူကာ တောက်ပနေသော မွေးဖွားဇယားချပ် ၂၆ ခုကို ကြည့်လိုက်၏။ သူ၏ မွေးဖွားနန်းတော်မှာ သိသိသာသာ ပိုမိုခိုင်မာလာပြီး သူ၏ အကန့်အသတ်မှာလည်း လုံးဝ ပွင့်သွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သော လက္ခဏာပင်။ သူ ဆက်လက် တိုးတက်နိုင်ဦးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော်လည်း စာစောင်၏ အဆိုအရ သူသည် ဤစာကို ရပြီဖြစ်သဖြင့် သူသည် အထွတ်အထိပ်သက်ရှိ တစ်ဦး ဖြစ်နေသင့်ပြီ ဖြစ်သည်။
မွေးဖွားဇယားချပ် ၂၆ ခုက ကျန်ရှိနေတဲ့ အသက်မဝင်သေးတဲ့ ဇယားချပ် ၁၀ ခုကို အစားထိုးနိုင်ပြီး သူ့ကို အထွတ်အထိပ်သက်ရှိအဖြစ် ပြောင်းလဲပေးနိုင်တယ်လား။ ဒါက အတန်ငယ် ချဲ့ကားလွန်းရာ မရောက်ဘူးလား။
လုကျိုးသည် ဤအချက်မှာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေမည်ဟု ခံစားလိုက်ရသည်။ သူသည် သူ၏ ဝတ်ရုံလက်ကို ခါယမ်းလိုက်ရာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်မှာ ပေါ်ထွက်လာတော့သည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်မှာ အခြေခံအားဖြင့် ရွှေရောင် မဟုတ်ပေ။ ၎င်းမှာ ပတ်ပတ်လည်တွင် လျှပ်စီးတန်းများ ဝင်းလက်နေလျက် မျက်စိကျိန်းလောက်အောင် တောက်ပနေ၏။
"ဟင်"
ထိုစိတ်ဝိညာဉ်သဏ္ဌာန်တွင် မွေးဖွားဇယားချပ် ၆ ခု ရှိနေဆဲ ဖြစ်ကြောင်း လုကျိုး တွေ့လိုက်ရသည်။ သို့သော်လည်း နှစ်ပေါင်း ၁၀၀ ကြာ ကျင့်ကြံမှုနှင့် စနစ်အဆင့်မြှင့်တင်မှုတို့ကြောင့် ၎င်းတွင် ပွင့်ချပ် သုံးခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ယခင်က ၎င်းတွင် ၁၁ ချပ် ရှိခဲ့သော်လည်း ယခုအခါတွင်မူ ၁၄ ချပ်နှင့် မွေးဖွားဇယားချပ် ၆ ခု ဖြစ်နေပြီ ဖြစ်သည်။
"ဒါက..."
၁၀ ချပ်မြောက် နောက်ပိုင်းရှိ ပွင့်ချပ်တိုင်းမှာ မွေးဖွားဇယားချပ် ၆ ခုနှင့် ညီမျှပေသည်။ ဆိုလိုသည်မှာ လုကျိုး၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ပွင့်ချပ် ၃၀ ရှိသည်ဟု ယူဆနိုင်ပေသည်။
"အမြင့်ဆုံးက ၁၃ ချပ် မဟုတ်ဘူးလား"
သာမန်အားဖြင့်ဆိုလျှင် အရင်ဆုံး ဘုံတစ်ထောင်လေပွေအဆင့်သို့ ဝင်ရောက်ရသည်။ အသက်ဝင်သော မွေးဖွားဇယားချပ် ၁၂ ခုတိုင်းအတွက် ပွင့်ချပ် တစ်ခု ထွက်လာလေ့ရှိ၏။ မွေးဖွားဇယားချပ် ၂၄ ခု အသက်ဝင်ပြီးနောက် ၁၂ ခုမြောက် ပွင့်ချပ် ထွက်ပေါ်လာသည်။ မွေးဖွားဇယားချပ် ၃၆ ခု အသက်ဝင်ပြီးနောက်တွင်မူ အထွတ်အထိပ်သက်ရှိ တစ်ဦး ဖြစ်လာရစမြဲပင်။
သို့သော်လည်း လုကျိုး၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်မှာမူ ၁၄ ချပ် ရှိနေပြီ ဖြစ်သည်။ အမှန်စင်စစ် ဤကျင့်ကြံခြင်း လမ်းစဉ်မှာ တကယ့်ကို ထူးခြားဆန်းသစ်လှပေသည်။
"အခု ငါ့ရဲ့ မွေးဖွားဇယားချပ်တွေ အားလုံးကို အသက်သွင်းဖို့ပဲ လိုတော့တာပေါ့..."
ဤသို့လုပ်ဆောင်ရန် လုကျိုးအတွက် အသက်ဓာတ်နှလုံးသားများစွာ လိုအပ်ပေလိမ့်မည်။ သူ၏ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်အတွက် ၁၀ ခု လိုအပ်နေသေးသလို သူ၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်အတွက်မူ ၃၀ လိုအပ်နေသေးသည်။ စုစုပေါင်းဆိုလျှင် အသက်ဓာတ်နှလုံးသား ၄၀ လိုအပ်မည် ဖြစ်၏။ ထို့ပြင် ထို ၄၀ စလုံးမှာလည်း အမြင့်ဆုံး အဆင့်အတန်းရှိသော အရာများသာ ဖြစ်ရပေမည်။
ခေတ္တအကြာတွင် လုကျိုးသည် ချောက်နက်ကြီး၏ အောက်ခြေကို ငုံ့ကြည့်လိုက်၏။ ၎င်းမှာ အလင်းစက်ကလေးများ လင်းလက်နေလျက် မှောင်မိုက်နေဆဲပင် ဖြစ်သည်။
"ငါ တရားဝင် အထွတ်အထိပ်သက်ရှိ ဖြစ်လာတဲ့အခါမှပဲ ဆက်ပြီး စုံစမ်းတော့မယ်"
ထို့နောက်တွင် လုကျိုးသည် ကြယ်ကြွေသကဲ့သို့ ချောက်နက်ကြီး၏ အထက်ဘက်သို့ တဟုန်ထိုး ပျံတက်သွားတော့သည်။
ချောက်နက်ကြီးအတွင်းရှိ ကမ္ဘာမြေ၏ စွမ်းအားများသည် ချက်ချင်းပင် လှုပ်ခတ်လာပြီး သူ ထွက်ခွာမသွားနိုင်စေရန် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်ကြ၏။
လုကျိုးသည် သူ၏ အရှိန်ကို ထိန်းထားလျက် အထက်သို့ ဆက်လက် ထိုးဖောက်သွားသည်။ သူသည် သိသိသာသာ ပိုမိုအစွမ်းထက်လာကြောင်း ရှင်းလင်းစွာ ခံစားနေရ၏။ ဖိအားနှင့် စွမ်းအားများ အပြင်းထန်ဆုံး နေရာသို့ ရောက်ရှိချိန်တွင် သူ၏ လက်ကို မြှောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဓားသွားတစ်စင်းပမာ ပြောင်းလဲသွားသကဲ့သို့ အလွန်စင်ကြယ်သော နတ်ဘုရားစွမ်းအင်များမှာ ဖုံးလွှမ်းသွားတော့၏။ တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ကိုပင် ဆုတ်ဖြဲနိုင်စွမ်းရှိပုံရသော စွမ်းအားကြီးတစ်ခုသည် သူ၏လက်ထဲတွင် ပေါ်ထွက်လာပြီး သူ၏ တစ်ကိုယ်လုံးတွင်လည်း လျှပ်စီးကြောင်းများ ဝင်းလက်နေတော့သည်။