← Chapters

အခန်း (၁၅၇၃-၁၅၇၅)

Vol. 105 Ch. 1573-1575

အခန်း (၁၅၇၃-၁၅၇၅)

Vol. 105 Ch. 1573-1575

အခန်း (၁၅၇၃) ငါ ဒေါသအရမ်းထွက်နေပြီ (၁)

ချောက်နက်ကြီးအတွင်းရှိ စွမ်းအားများသည် လုကျိုး၏ စွမ်းအားဗဟိုချက်အတွင်းရှိ ချီပင်လယ်ထဲသို့ စီးဝင်လာသည်။ သူသည် ထိုစွမ်းအားများမှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားလိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်း၌ လှိုင်းတထောင် ထကြွသွားသကဲ့သို့ ဖြစ်သွားတော့သည်။ ထိုစွမ်းအားများသည် လုကျိုးကို ဖိနှိပ်ချုပ်ကိုင်ရန် အရပ်မျက်နှာအနှံ့မှ ဆက်လက်၍ တဟုန်ထိုး တိုးဝင်လာလေသည်။

“စိတ်ဝိညာဉ်သဏ္ဌာန်”

လုကျိုးက အမိန့်ပေးလိုက်သည်။ လုကျိုး၏ ခြေဖဝါးအောက်၌ အပြာရောင်ကြာပွင့်တစ်ခု ချက်ချင်း ပေါ်ထွက်လာ၏။ ပွင့်ချပ် ၁၄ ချပ်သည် အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး အရပ်မျက်နှာ အသီးသီးသို့ အလင်းတန်းများ ဖြာထွက်စေသည်။ ထို့နောက်တွင် စိတ်ဝိညာဉ်သဏ္ဌာန်သည် ပေါ်ထွက်လာပြီး လုကျိုးနှင့်အတူ အထက်သို့ ထိုးတက်သွားတော့သည်။

ဝူး

အနှိုင်းမဲ့ ပြင်းထန်လှသော စွမ်းအင်များက ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်ပြီး ပြင်းထန်သော မြည်ဟည်းသံနှင့်အတူ စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စဉ်သွားတော့သည်။ လုကျိုးနှင့် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်သည် စွမ်းအား အပြင်းထန်ဆုံး နေရာကို ဖြတ်ကျော်ကာ အထက်သို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားပြီးနောက် နောက်ဆုံးတွင် ကောင်းကင်ယံ၌ လွတ်လပ်မှုကို ရရှိသွားတော့၏။

လုကျိုးသည် လတ်ဆတ်သော လေနှင့် ညင်သာသော လေညင်းကို ခံစားလိုက်ရသည်။ အမည်မသိကုန်းမြေ၏ ပတ်ဝန်းကျင်မှာ ကြမ်းတမ်းသော်လည်း ချောက်နက်ကြီး၏ အသက်ရှူကျပ်ဖွယ် ကောင်းသော အမှောင်ထုနှင့် ယှဉ်လျှင်မူ အတိုင်းအဆမရှိ ပိုမို ကောင်းမွန်လှပေသည်။ သူသည် စွမ်းအင်များဖြင့် ပြည့်ဝနေပြီး အထက်သို့ ဆက်လက် ပျံတက်နေမိ၏။

“ငါ လွတ်လပ်ပြီ”

လုကျိုးက ဝမ်းသာအားရ ရေရွတ်လိုက်သည်။ လုကျိုးသည် လွတ်လပ်မှုအပေါ် ဤမျှအထိ စိတ်လှုပ်ရှားမှုကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။ သူ၏ နေရာ၌ မည်သူပင် ဖြစ်ပါစေ ဤကဲ့သို့ပင် ခံစားရမည်မှာ အမှန်ပင် ဖြစ်၏။ ကောင်းကင်ယံ၌ ပျံသန်းရသည်မှာ တကယ့်ကို စိတ်ကြည်နူးဖွယ် ကောင်းလှပေသည်။

သူသည် သူ၏ အတိတ်ဘဝက ကြားဖူးခဲ့သော စကားတစ်ခွန်းကို ရုတ်တရက် သတိရလိုက်မိ၏။

“ဘဝသည် တန်ဖိုးရှိ၏၊ အချစ်သည် ပို၍ တန်ဖိုးရှိ၏၊ သို့သော် လွတ်လပ်မှုအတွက်မူ ထိုနှစ်ခုစလုံးကို စွန့်လွှတ်နိုင်သည်” ဟူ၍ ဖြစ်သည်။ သူသည် ချောက်နက်ကြီးအတွင်း၌ နှစ်ပေါင်း ၁၀၀ တိုင်အောင် ချုပ်နှောင်ခံခဲ့ရသည် မဟုတ်ပါလော။ ယခု လွတ်လပ်မှုကို ပြန်လည် ရရှိချိန်တွင် မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

သူ မည်မျှ ကြာအောင် ပျံသန်းနေခဲ့သည်ကို သူကိုယ်တိုင်ပင် မသိပေ။ တစ်ဖက်တွင်မူ ချောက်နက်ကြီးမှ စွမ်းအားများသည် လုကျိုးကို ဆက်လက်၍ မဟန့်တားနိုင်တော့သဖြင့် ချောက်နက်အတွင်းသို့ တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာသွားတော့သည်။ အတန်ကြာ ပျံသန်းပြီးနောက် သူသည် ချုပ်နှောင်ခြင်းစည်းတံဆိပ် ညပ်နေခဲ့သော အက်ကွဲကြောင်းဆီသို့ ပြန်လှည့်လာခဲ့သည်။ ထိုစဉ်က ဧကရာဇ် ထူဝေ့ကို သတ်ရန် သူ မည်မျှအထိ ရဲတင်းခဲ့သည်ကို တွေးတောရင်း သက်ပြင်းချလိုက်မိ၏။ သူသည် ချုပ်နှောင်ခြင်းစည်းတံဆိပ် အနီးသို့ ရောက်ရှိချိန်တွင် ၎င်းအပေါ်သို့ လက်ဖြင့် ဖိနှိပ်လိုက်သည်။

“တက်ခဲ့စမ်း”

လုကျိုးက အမိန့်ပေးလိုက်သည်။

ဝူး ဝူး ဝူး

ချုပ်နှောင်ခြင်းစည်းတံဆိပ်မှာ တဝီဝီ မြည်ဟည်းလာပြီး အက်ကွဲကြောင်းအတွင်းမှ လွတ်မြောက်ရန် ကြိုးစားလာတော့သည်။

ဝုန်း

ကျောက်တုံးများမှာ ပြိုကျလာပြီး ဘေးတစ်ဖက်တစ်ချက်သို့ အဆက်မပြတ် ကျဆင်းနေ၏။

ဒုန်း

ချုပ်နှောင်ခြင်းစည်းတံဆိပ်မှာ လွတ်မြောက်သွားပြီး လျင်မြန်စွာ သေးငယ်သွားကာ လုကျိုး၏ လက်ထဲသို့ တိုးဝင်လာတော့သည်။ ၎င်းသည် နောက်ဆုံးတွင် သူ၏ အရှင်သခင်ထံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လုကျိုးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ချောက်နက်ကြီးကို ငုံ့ကြည့်လိုက်သည်။ ချုပ်နှောင်ခြင်းစည်းတံဆိပ် မရှိတော့သော်လည်း ချောက်နက်ကြီးမှာ ပိတ်သွားခြင်း မရှိပေ။ လုကျိုးသည် ချောက်နက်ကြီး၏ အထက် ကောင်းကင်ယံသို့ အပြာရောင်နှင့် ရွှေရောင်အလင်းတန်းများကို ချန်ရစ်လျက် ပျံတက်သွားတော့သည်။

ဝှစ်

သူသည် သွင့်ကျန်းကို ငုံ့ကြည့်လိုက်၏။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်း သွင့်ကျန်းသည် မြေပြန့်လွင်ပြင်တစ်ခုပမာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင် ပန်းများနှင့် သစ်ပင်များမှာ ထူထပ်စွာ ပေါက်ရောက်နေတော့သည်။ သွင့်ကျန်းရှိ ဖျက်ဆီးခြင်းတိုင်လုံးကြီးမှာမူ ယခုအခါ အပျက်အစီးများဖြင့် ဖွဲ့စည်းထားသော တောင်တစ်လုံးနှင့်ပင် တူနေပြီး နွယ်ပင်များကလည်း ရစ်ပတ်ထားလေသည်။

လုကျိုးသည် အမည်မသိကုန်းမြေ၏ လေထုကို ဝဝရှူလိုက်၏။

“နှစ်ပေါင်း ၁၀၀ တောင် ရှိသွားပြီပဲ...”

လုကျိုးက သက်ပြင်းချပြီး ပြောလိုက်သည်။ နှစ်ပေါင်း ၁၀၀ ဆိုသည်မှာ ပင်လယ်ပြင်သည်ပင် ပိုးစာခင်းများအဖြစ် ပြောင်းလဲသွားနိုင်သော အချိန်ကာလ ဖြစ်သည် မဟုတ်ပါလော။ သူ၏ တပည့်ဆိုးများ ယခု ဘယ်လိုများ နေကြမည်ကို သူ တွေးတောနေမိသည်။ သူ ဤကမ္ဘာသို့ ရောက်ရှိလာချိန်မှစ၍ သူ တစ်ခုတည်းသော စိုးရိမ်ခဲ့ရသည်မှာ သူ၏ တပည့်များအရေးပင် ဖြစ်သည်။

လုကျိုးသည် သူ၏ ကျင့်ကြံမှုကို ခေတ္တမျှ တည်ငြိမ်အောင် လုပ်လိုက်သည်။ အားလုံး အဆင်သင့် ဖြစ်သောအခါ သူ၏ တပည့်များကို စောင့်ကြည့်ရန်အတွက် အမြင်စွမ်းအားကို အသုံးပြုလိုက်၏။ သို့သော်လည်း သူသည် ဝေးကွာလှသော တောင်တန်းများနှင့် မြစ်ချောင်းများကိုသာ မြင်တွေ့ရပြီး သူ၏ တပည့်များကိုမူ မတွေ့ရပေ။

“ဟင်”

လုကျိုးက ဇဝေဇဝါဖြစ်သွားတော့သည်။

သူ ထပ်မံ ကြိုးစားကြည့်သော်လည်း တောင်တန်းများနှင့် မြစ်ချောင်းများကိုသာ မြင်နေရဆဲ ဖြစ်၏။ သူသည် ဝေးကွာလှသော နေရာမှ အခုမှ ပေါက်စပြုနေသော ပျိုးပင်လေးများကိုပင် မြင်တွေ့နေရသည်။ သစ်ပင်များအတွင်းရှိ အကြောများနှင့် လေထုအတွင်းရှိ ကနဦးချီများမှာလည်း သူ၏ မျက်စိရှေ့၌ ထင်ထင်ရှားရှား ပေါ်ထွက်နေတော့သည်။

‘အမြင်အာရုံစွမ်းအားက ပုံကြီးချဲ့ကြည့်နိုင်တဲ့ စွမ်းရည်အဖြစ် ပြောင်းသွားတာလား။ စနစ်အဆင့်မြှင့်တင်ပြီးရင် ပိုပြီး အစွမ်းထက်လာရမှာလေ။ ဘာလို့ ဒီလောက် အသုံးဝင်တဲ့ စွမ်းရည်ကို ဖျက်ပစ်လိုက်ရတာလဲ’

လုကျိုး တကယ်ပင် ဒေါသထွက်သွားရ၏။ ဘယ်လိုပဲဖြစ်ဖြစ် အမြင်အာရုံစွမ်းအားက သိသိသာသာ တိုးတက်လာသင့်သည် မဟုတ်ပါလော။

“ထားလိုက်ပါတော့... သူတို့အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ရမှာပဲ”

လုကျိုးက ရေရွတ်လိုက်သည်။

ဝှစ်

လုကျိုးသည် ချောက်နက်ကြီး၏ ဘေးတွင် ဆင်းသက်လိုက်သည်။ မြေပြင်ကို ခြေဖြင့် နင်းလိုက်ရခြင်းက တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းလှပေသည်။ ဖြစ်နိုင်သည်မှာ ဤသည်မှာ လူသားတစ်ဦးဖြစ်ရခြင်း၏ အကြီးမားဆုံးသော ပျော်ရွှင်မှု ဖြစ်ပေလိမ့်မည်။ သူသည် ယခင်က သွင့်ကျန်း ဖျက်ဆီးခြင်းတိုင်လုံး ရှိခဲ့သော နေရာဆီသို့ လျှောက်လှမ်းသွားသည်။ ကိုက် ၁၀၀ ခန့် လျှောက်လှမ်းပြီးနောက် အုတ်ဂူတစ်ခုကို တွေ့လိုက်ရ၏။ သူ အနည်းငယ် မျက်မှောင်ကျုံ့လျက် လျှောက်သွားလိုက်သည်။ သူ ငုံ့ကြည့်လိုက်သောအခါ ၎င်းပေါ်ရှိ စာသားများကို မြင်တွေ့လိုက်ရ၏။

‘ကျွန်ုပ်၏ မိတ်ဆွေကောင်း လုထျန်းထုံ၏ အုတ်ဂူ’။

လုကျိုးသည် လုထျန်းထုံ မဟုတ်ပါသော်လည်း ဤအုတ်ဂူကို တွမ့်မူထျန်းက တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရန် မခက်ခဲပေ။

‘ငါက မသေသေးဘဲနဲ့ ဒီကောင်က ငါ့အတွက် အုတ်ဂူ လာဆောက်ထားတယ်ပေါ့။ တကယ့်ကို နိမိတ်မရှိတဲ့ကောင်ပဲ နေဦးပေါ့... မင်းနဲ့တွေ့မှ ငါ ကောင်းကောင်း ဆုံးမပေးမယ်’

လုကျိုးသည် သူ၏လက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်၏။

ခွမ်း

ထိုအုတ်ဂူမှာ ချက်ချင်းပင် အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားတော့သည်။ ထို့နောက် သူသည် ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ ဆက်လက် လျှောက်လှမ်းရင်း တွေးတောနေမိ၏။ ဤအုတ်ဂူ ရှိနေခြင်းမှာ တွမ့်မူထျန်း အသက်ရှင်နေသေးကြောင်း သက်သေပင် ဖြစ်သည်။ ထူဝေ့နှင့် ပြင်းထန်စွာ တိုက်ခိုက်နေချိန်တွင် သူသည် တွမ့်မူထျန်းကို ကာကွယ်ပေးရန်အတွက် စွမ်းအင်များ မပိုလျှံခဲ့ပေ။ ထိုအချိန်က တွမ့်မူထျန်း အသက်ရှင်နေသလား၊ သေဆုံးသွားပြီလား ဆိုသည်ကို သူ အမှန်တကယ် မသိခဲ့ပေ။

သူ ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ ရောက်ရှိချိန်တွင် ၎င်း၏ ပတ်ပတ်လည်ကို ပျံသန်းကြည့်ရှုလိုက်ပြီးနောက် ထိုတိုင်လုံးမှာ အမှန်တကယ် ပြိုလဲသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ခေတ္တအကြာတွင် သူ သက်ပြင်းချလိုက်မိ၏။

‘အကယ်၍ ကောင်းကင်ကြီးသာ တကယ် ပြိုကျလာမယ်ဆိုရင် ငါကော ဒါကို ထိန်းထားနိုင်ပါ့မလား’

သူသည် ခေါင်းမော့ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် မေးခွန်းထုတ်မှုတစ်ခုဖြင့် ကောင်းကင်ကြီးကို ငေးကြည့်နေမိသည်။ သူ၏ အတွေးများကို စုစည်းပြီးနောက် နောက်ထပ် လုပ်ဆောင်ရမည့် အလုပ်မှာ သူ၏ တပည့်များကို လိုက်လံ ရှာဖွေရန် ဖြစ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။

သူသည် မဟာအသူရာမြေ နှင့်လည်း စာရင်းရှင်းရပေဦးမည်။ မင်သဲ့က သေဆုံးသွားပြီ ဖြစ်သလို၊ ကျန့်ဝမ်ရွှီ သည်လည်း လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်း တစ်ချိန်ချိန်မှာ သေဆုံးသွားလောက်ပြီ ဖြစ်သည်။

‘မင်ပန်း’

ထိုနာမည်သည် လုကျိုး၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့၏။ ထို့နောက် သူသည် ကျယ်ပြန့်ကောင်းကင်အိတ်ကို ထုတ်ယူလိုက်သည်။ တစ်ချက်မျှ ခါယမ်းလိုက်ရုံဖြင့် အရိုးစုပုံတစ်ခု ကျလာတော့၏။ ကြည့်ရသည်မှာ မင်ပန်းသည်လည်း လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်း ကျယ်ပြန့်ကောင်းကင်အိတ်ထဲ၌ပင် သေဆုံးသွားခဲ့ပုံရသည်။ ထိုအချိန်က သူ၏ အာရုံငါးပါးမှာ ပိတ်ဆို့ခံထားရသဖြင့် ၎င်းကို သတိမပြုမိခဲ့ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

လုကျိုး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်...

“မြန်မြန် ရှာကြစမ်း ဒါကို ငါတို့ သေချာပေါက် ရှာတွေ့ရမယ်”

ဝှစ် ဝှစ် ဝှစ်

ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့မှာ မြေပြင်နှင့် ကပ်လျက် ပျံသန်းကာ အပြေးအလွှား ရောက်ရှိလာကြသည်။ လုကျိုးသည် သူတို့ကို သံသယဖြင့် ကြည့်လိုက်မိ၏။ သွင့်ကျန်း ဆီသို့ လာရောက်ရန် မည်သူကများ ဤမျှအထိ သတ္တိရှိနေပါသနည်း။ ထိုကျင့်ကြံသူများ၏ အရှိန်မှာ မနှေးပေ။ လုကျိုး၏ ခန့်မှန်းချက်အရဆိုလျှင် သူတို့သည် မွေးဖွားခြင်းစမ်းသပ်ချက် နှစ်ခုခန့်ကို ကျော်ဖြတ်ထားသူများ ဖြစ်ကြပေလိမ့်မည်။

…

အခန်း (၁၅၇၄) ငါဒေါသ အရမ်းထွက်နေပြီ (၂)

နယ်မြေကိုးခုရှိ ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်အတန်းမှာ မြင့်မားသည်ဟု ဆိုနိုင်သော်လည်း လုကျိုး၏ မျက်စိထဲတွင်မူ သူတို့၏ အရှိန်အဟုန်မှာ လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးလွန်းလှပေသည်။ ကျင့်ကြံသူ ဆယ်ယောက်ကျော်မှာ အပြေးအလွှား ရောက်ရှိလာကြပြီးနောက် နောက်ဆုံးတွင် လုကျိုးကို မြင်တွေ့သွားကြတော့သည်။

လုကျိုးသည် ချောက်နက်ကြီးအတွင်း၌ အချိန်အတော်ကြာ နေထိုင်ခဲ့ရ၏။ နှစ်ပေါင်း ၁၀၀ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ ရုပ်သွင်မှာ အိုမင်းရင့်ရော်သွားခြင်း မရှိပေ။ သူ၏ ဆံနွယ်များနှင့် မုတ်ဆိတ်များမှာမူ ရှည်လျားနေခဲ့ပြီး ၎င်းမှာ ရှောင်လွှဲ၍မရသော အရာပင် ဖြစ်သည်။ သူ၏ အာရုံငါးပါး ပိတ်ဆို့ခံထားရချိန်တွင် သူ၏ ရုပ်ရည်သွင်ပြင်နှင့် ပုံပန်းသဏ္ဌာန်ကို ဂရုစိုက်ရန် မည်သို့လျှင် အချိန်ရပါမည်နည်း။ သို့သော်လည်း သူ၏ အံ့ဖွယ်အမှတ်အသားဝတ်ရုံမှာမူ သန့်ရှင်းနေဆဲပင်။ ကျင့်ကြံသူများမှာ သာမန်လူသားများနှင့်မတူဘဲ ခန္ဓာကိုယ်မှ အညစ်အကြေးများ ထွက်ရှိလေ့မရှိသဖြင့် သူသည် ဆံပင်ရှည်၊ မုတ်ဆိတ်ရှည်များနှင့် အဘိုးအိုတစ်ဦးကဲ့သို့သာ မြင်တွေ့နေရတော့သည်။

“လူတစ်ယောက် ရှိနေတယ်”

ကျင့်ကြံသူများသည် လေထဲတွင် ရပ်တန့်သွားကြ၏။ သူတို့ထဲမှ တစ်ဦးက မေးမြန်းလိုက်သည်။

“ဆရာကြီး... ဘာလို့ ဒီကို ရောက်နေတာလဲ”

သူတို့အားလုံးမှာ အလွန်ပင် သတိကြီးစွာ ထားနေကြသည်။ လုကျိုးက ခေါင်းမော့ကာ သူတို့ကို ကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။

“မင်းတို့က ဘယ်သူတွေလဲ”

ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ခေတ္တမျှ ကြည့်လိုက်ကြပြီးနောက် တစ်ဦးက ရိုးသားစွာပင် ပြန်လည်ဖြေကြားလိုက်သည်။

“ကျွန်တော်တို့ ဒီကို အမဲလိုက်ဖို့ လာတာပါ”

လုကျိုးက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“အမဲလိုက်ဖို့ ဟုတ်လား။ သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးက ပြိုလဲသွားပြီပဲ။ ဒီနားမှာ သားရဲကြီးတွေ ရှိနေသေးလို့လား”

ထိုသူက ပြောလိုက်သည်။

“တိုင်လုံးကြီး ပြိုလဲသွားတာ အခုဆို နှစ်ပေါင်း ၁၀၀ တောင် ရှိပြီပဲ။ ကျန်တဲ့ ဖျက်ဆီးခြင်းတိုင်လုံး ကိုးခုနဲ့ ယှဉ်ရင် ဒီနေရာက တကယ့်ကို ဘေးကင်းပါတယ်။ အမှန်ပါပဲ၊ ပုံမှန်အားဖြင့်တော့ ဒီမှာ သားရဲကြီးတွေ မရှိပါဘူး။ ဒါပေမဲ့ တစ်ကောင်တော့ ရှိတယ်...”

လုကျိုး စိတ်ဝင်စားသွားကာ မေးမြန်းလိုက်သည်။

“အော်... ဘယ်လို သားရဲမျိုးလဲ”

ထိုသူက မေးလိုက်သည်။

“ဆရာကြီးက ဒါကို မမြင်ခဲ့ဘူးလား”

ထိုသူသည် လုကျိုးထံမှ သတင်းအချက်အလက် ရလိုရငြား ရိုးသားစွာ ပြောဆိုနေခြင်း ဖြစ်သော်လည်း လုကျိုးက ထိုသားရဲအကြောင်း ဘာမှမသိသည်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားပုံရသည်။ လုကျိုးက ခေါင်းခါပြလိုက်၏။ ထိုအခါ ထိုသူက လုကျိုးကို လက်ဆုပ်မိုး နှုတ်ဆက်လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကျွန်တော်တို့ ဒီမှာပဲ လမ်းခွဲကြရအောင်”

လုကျိုးက လေသံအေးအေးဖြင့် လှမ်းခေါ်လိုက်သည်။

“နေဦး”

ထိုသူက မေးလိုက်သည်။

“ဆရာကြီး... တခြား မေးစရာ ရှိသေးလို့လား”

လုကျိုးက မေးမြန်းလိုက်သည်။

“ဘယ်လို သားရဲမျိုးလဲလို့ ငါ မေးနေတယ်”

လုကျိုး၏ လေသံမှာ နက်ရှိုင်းပြီး ဟိန်းထွက်နေသလို သူ၏ အကြည့်မှာလည်း ထိုးဖောက်နိုင်စွမ်းရှိရာ လူများကို တုန်လှုပ်ခြောက်ခြားစေတော့သည်။ ထိုသူသည် လုကျိုး၏ မကျေနပ်မှုကို အာရုံခံမိလိုက်ပုံရသဖြင့် ညင်သာသော လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ ဒီကို အမဲလိုက်ဖို့ပဲ လာတာပါ”

ထိုသူသည် လုကျိုးနှင့် ရန်မဖြစ်လိုသည်မှာ ထင်ရှားလှပေသည်။ မညသို့ပင်ဆိုစေ အမည်မသိကုန်းမြေအတွင်း လွတ်လပ်စွာ သွားလာနိုင်သူများမှာ သာမန်လူများ မဟုတ်သည်ကို သူ သိထားသည် မဟုတ်ပါလော။

လုကျိုးက အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ငါ့မေးခွန်းကို ဖြေစမ်းပါ၊ ဒါဆိုရင် မင်းတို့ ဘေးကင်းလိမ့်မယ်”

ထိုသူသည် ခေတ္တမျှ စဉ်းစားလိုက်၏။ နောက်ဆုံးတွင်မူ ဤအရာမှာ လျှို့ဝှက်ချက် မဟုတ်သဖြင့် သူက ပြောပြလိုက်သည်။

“အဲဒီသားရဲက မင်္ဂလာအလင်းတန်းတွေ ဝန်းရံနေတဲ့ ဆိတ်တစ်ကောင်နဲ့ တူပါတယ်”

လုကျိုးက ပြောလိုက်သည်။

“နတ်ခြင်္သေ့ပေါ့”

ထိုသူက ချီးကျူးလိုက်သည်။

“ဆရာကြီးက တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ။ လေးစားစရာ ကောင်းလိုက်တာ”

ထို့နောက် အခြားတစ်ဦးက ဝင်ပြောလိုက်သည်။

“ဒီသားရဲက သွင့်ကျန်းမှာ ခဏခဏ ပေါ်လာတတ်တာ။ တိုင်လုံးကြီး ပြိုလဲသွားကတည်းက သူက ဒီနားမှာပဲ လှည့်လည်သွားလာနေတာလေ။ ကျင့်ကြံသူ အများကြီးက သူ့ကို ဖမ်းဖို့ ဒီကို လာတတ်ကြတယ်။ ဒါပေမဲ့ သူက တကယ့်ကို ပါးနပ်ပြီး ဖမ်းရတာ တော်တော် ခက်ခဲတယ်”

လုကျိုးက မေးမြန်းလိုက်သည်။

“မင်းတို့ နတ်ခြင်္သေ့ကို ဘယ်နားမှာ မြင်ခဲ့တာလဲ”

ထိုသူက ချောက်နက်ကြီးဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

“တစ်လကို တစ်ခါလောက် နတ်ခြင်္သေ့က ချောက်နက်ကြီးရဲ့ အထက်မှာ ဝဲပျံပြီး မင်္ဂလာမိုးတွေကို ရွာသွန်းစေတတ်တယ်။ ပြီးရင်တော့ သူက ဝမ်းနည်းပူဆွေးတဲ့ အသံနဲ့ အော်ဟစ်တတ်တာပေါ့။ ကျွန်တော်တို့က သူ့ကို ဖမ်းဖို့ ဒီအခွင့်အရေးကို စောင့်နေကြတာ။ အချိန်တွက်ကြည့်ရင်တော့ ဒီနှစ်ရက်အတွင်းမှာ သူ ပေါ်လာရမှာပဲ”

နှစ်ပေါင်း ၁၀၀ အတွင်း လူသားများသည် နတ်ခြင်္သေ့၏ အလေ့အထများကို ကောင်းစွာ နားလည်လာခဲ့ကြသော်လည်း ဖမ်းဆီးနိုင်ခြင်း မရှိကြသေးပေ။ ထိုစကားများကို ကြားပြီးနောက် လုကျိုးက ခပ်တိုးတိုး အော်ဟစ်လိုက်၏။ သူ၏ အသံမှာ ကျယ်လောင်ခြင်း မရှိပါသော်လည်း အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားတော့သည်။ ကျင့်ကြံသူ ဆယ်ဦးစလုံးမှာ ထိတ်လန့်သွားကြရ၏။ ဤမျှဆိုလျှင်ပင် ထိုဆရာကြီး၏ ကျင့်ကြံမှုအဆင့်မှာ မနိမ့်ပါးကြောင်း သူတို့ သိနိုင်သည် မဟုတ်ပါလော။

နတ်ခြင်္သေ့ ပေါ်မလာသဖြင့် လုကျိုး အနည်းငယ် စိတ်ပျက်သွားမိသည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ အဆုံးမဲ့သော နတ်ဘုရားစွမ်းအားများ ရှိနေပြီဖြစ်သော်လည်း နတ်ခြင်္သေ့သည် သူ၏ အခက်ခဲဆုံး အချိန်များတွင် အတူရှိခဲ့ဖူးသူ ဖြစ်ရာ သူ မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

လုကျိုးက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ငါ မင်းတို့ကို အကြံတစ်ခု ပေးမယ်”

ထိုသူက မေးလိုက်သည်။

“မိန့်ကြားပါ ဆရာကြီး”

လုကျိုးက ပြောလိုက်သည်။

“နတ်ခြင်္သေ့ကို ဖမ်းဖို့ ကြိုးစားတာကို လက်လျှော့လိုက်ကြစမ်း”

ထိုသူက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဘာလို့လဲ” သူတို့ ဘာလို့ နတ်ခြင်္သေ့ကို မဖမ်းရမှာလဲ။ ဤဆရာကြီးမှာ တကယ့်ကို ကျိုးကြောင်းမဆင်ခြင်သူ ဖြစ်သည်ဟု သူ ထင်မှတ်လိုက်မိသည်။

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးက အဝေးသို့ လက်ညှိုးညွှန်ပြကာ အော်ဟစ်လိုက်သည်။

“နတ်ခြင်္သေ့ လာပြီ”

လူတိုင်း ဝမ်းသာအားရဖြင့် လှည့်ကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့ နတ်ခြင်္သေ့ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူတို့သည် ၎င်းနောက်သို့ အကြိမ်ပေါင်းများစွာ လိုက်ဖမ်းခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ နတ်ခြင်္သေ့၏ အရှိန်မှာ သူတို့ကို အဝေးကြီးမှာ ချန်ထားနိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ပြင် အမည်မသိကုန်းမြေ၏ မြေမျက်နှာသွင်ပြင်မှာလည်း ရှုပ်ထွေးလှပေသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့ မျှော်လင့်ချက် မြင်လာရပြီ ဖြစ်သည်။ နတ်ခြင်္သေ့သည် သူတို့နှင့် အလွန်နီးကပ်သော နေရာတွင် ပျံသန်းနေ၏။ ၎င်းသည် ချောက်နက်ကြီး၏ အထက်တွင် နှစ်ပတ်ခန့် ဝဲပျံပြီးနောက် မင်္ဂလာမိုးရေများကို ရွာသွန်းစေကာ ဝမ်းနည်းပူဆွေးသော အသံဖြင့် အော်ဟစ်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

“ဖမ်းကြစမ်း”

ကျင့်ကြံသူ ဆယ်ဦးစလုံးမှာ နတ်ခြင်္သေ့ကို မြင်တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ တိုက်ခိုက်ရန် ပြင်လိုက်ကြတော့သည်။ လုကျိုးကမူ သူ၏လက်ကို အောက်သို့ ဖိချလိုက်၏။

ထိုအခါ ကျင့်ကြံသူ ဆယ်ဦးစလုံးမှာ ပျံသန်းနိုင်စွမ်း မရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြတော့သည်။

“ဘာဖြစ်တာလဲ။ ငါ ဘာဖြစ်သွားတာလဲ”

“ငါ ဘာလို့ ပျံလို့ မရတော့တာလဲ”

ကျင့်ကြံသူ ဆယ်ဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြရ၏။

ထိုစဉ် လုကျိုးက ရှင်းလင်းပြတ်သားသော လေသံဖြင့် ခေါ်လိုက်သည်။

“နတ်ခြင်္သေ့”

နတ်ခြင်္သေ့သည် ထိုရင်းနှီးနေသော အသံကို ကြားလိုက်သောအခါ လှည့်ကြည့်လိုက်ပြီး အနီးအနားတွင် ရပ်နေသော လုကျိုးကို မြင်တွေ့သွားတော့သည်။ ၎င်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ မင်္ဂလာအလင်းတန်းများမှာလည်း မိုင်ဆယ်ချီအထိ လင်းထိန်သွားစေတော့၏။ ယခင်ကမူ ၎င်းသည် ရှာဖွေတွေ့ရှိခြင်း မခံရစေရန်အတွက် အလင်းတန်းများကို တတ်နိုင်သမျှ မှိန်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၎င်း၏ အရှင်သခင်ကို ပြန်လည် မြင်တွေ့လိုက်ရသဖြင့် ၎င်းသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ ၎င်း၏ စွမ်းအားများကို ထုတ်ဖော်ပြသလိုက်တော့သည်။

“ဒါက...”

ကျင့်ကြံသူ ဆယ်ဦးက မှင်တက်သွားတော့သည်။ သူတို့ အစွမ်းကုန် လိုက်ဖမ်းခဲ့ကြသော သားရဲကြီးမှာ ယခုအခါ သူတို့ထံသို့ ပျံသန်းလာနေသည် မဟုတ်ပါလော။ နတ်ခြင်္သေ့သည် လုကျိုး၏ ရှေ့ ဆယ်ကိုက်ခန့် အကွာတွင် ဆင်းသက်လိုက်ပြီးနောက် လုကျိုးထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာတော့သည်။

လူတိုင်း “???”

လုကျိုးသည် နတ်ခြင်္သေ့ကို ကြည့်လိုက်၏။ နှစ်ပေါင်း ၁၀၀ ကြာပြီးနောက် နတ်ခြင်္သေ့သည်လည်း အတန်ငယ် ရင့်ကျက်လာပုံရပေသည်။ ၎င်း၏ အမွေးအမှင်များမှာ ပိုမို ထူထဲလာပြီး အရှိန်အဝါမှာလည်း ပိုမို စင်ကြယ်လာ၏။ လောကကြီးနှင့် လူသားများ ပြောင်းလဲသွားနိုင်သော်လည်း နတ်ခြင်္သေ့မှာမူ နတ်ခြင်္သေ့ပင် ဖြစ်သည်။ နတ်ခြင်္သေ့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

လုကျိုးသည် သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုနှင့် ကျေးဇူးတင်မှုကို ခံစားလိုက်ရသည်။

‘မိတ်ဆွေဟောင်းကြီး... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ’

လုကျိုးသည် နတ်ခြင်္သေ့၏ ကျောပြင်ကို ညင်သာစွာ ပုတ်လိုက်ပြီး အကြိမ်အနည်းငယ် ပွတ်သပ်ပေးလိုက်သည်။ နတ်ခြင်္သေ့သည် ဒူးထောက်လိုက်၏။ ၎င်းမှာ သူ၏ အရှင်သခင်ကို ကျောပေါ်သို့ တက်ရန် ဖိတ်ခေါ်နေခြင်းပင်။ လုကျိုး မငြင်းဆန်ခဲ့ပေ။ သူသည် နတ်ခြင်္သေ့၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ပြောလိုက်သည်။

“သွားကြစို့”

နတ်ခြင်္သေ့သည် မြေပြင်ကို ခြေဖြင့် ဆောင့်နင်းလိုက်ပြီး အလင်းတန်းများ ဖြာထွက်လျက် ပျံတက်သွားတော့သည်။ ခဏအတွင်းမှာပင် သူတို့သည် အဝေးတစ်နေရာသို့ ပျံသန်းကွယ်ပျောက်သွားကြတော့သည်။ ကျင့်ကြံသူ ဆယ်ဦးမှာမူ မှင်တက်လျက် ကျန်ရစ်ခဲ့ကြ၏။ ယခုအချိန်တွင် သူတို့ ဘာတွေ တွေးနေမှန်း ဘယ်သူ သိမည်နည်း။

လုကျိုး ထွက်ခွာသွားပြီး လေးနာရီခန့်အကြာတွင်...

သင်္ကေတလမ်းကြောင်းတစ်ခု ပေါ်ထွက်လာပြီး ကျင့်ကြံသူ အနည်းငယ် ထွက်ပေါ်လာကြသည်။ ရှောင်ယွမ်အာနှင့် ခရုလေး တို့သည် ချောက်နက်ကြီးကို ကြည့်လိုက်ကြ၏။

“ကျွန်မတို့ ရောက်ပြီ”

ခရုလေးက ပြောလိုက်သည်။

“ဒီနေ့က ရှစ်စွင်း ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့ပဲ။ ကျွန်မတို့ရဲ့ ရှစ်ရှိုးတွေ၊ ရှစ်ကျဲတွေ လာကြမလားမသိဘူးနော်”

ရှောင်ယွမ်အာက ပြောလိုက်သည်။

“လာကြမှာ မဟုတ်ဘူး ထင်တယ်။ တခြားသူတွေနဲ့ ယှဉ်ရင် ဧကရာဇ် ရှန်းကျန်းက အတော်လေး သဘောကောင်းပါတယ်။ တခြားသူတွေကတော့ မဟာလေဟာနယ်ကို ရှောင်ရှားကြမှာပဲလေ”

ခရုလေးက ခေါင်းညိတ်လိုက်၏။

ရှောင်ယွမ်အာက ပြောလိုက်သည်။

“အများကြီး မတွေးပါနဲ့။ သူတို့ကို နောက်မှ ကျွန်မ ဆက်သွယ်လိုက်ပါ့မယ်”

ထို့နောက် သူတို့သည် ချောက်နက်ကြီးဆီသို့ လျှောက်လှမ်းသွားကြသည်။ သူတို့ ပြင်ဆင်လာသော ပူဇော်ပစ္စည်းများကို ထုတ်ယူလိုက်ကြပြီး ချောက်နက်ကြီးအတွင်းသို့ အနည်းငယ် ဆင်းသက်သွားကြ၏။ မကြာမီမှာပင် ရှောင်ယွမ်အာသည် ချုပ်နှောင်ခြင်းစည်းတံဆိပ် မရှိတော့သည်ကို တွေ့ရှိသွားတော့သည်။ သူမ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်သော အမူအရာ ပေါ်လာပြီး အော်ဟစ်လိုက်မိ၏။

“ဟင်။ ချုပ်နှောင်ခြင်းစည်းတံဆိပ် ဘယ်ရောက်သွားတာလဲ”

ခရုလေးသည်လည်း ပျံသန်းရောက်ရှိလာပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“ချုပ်နှောင်ခြင်းစည်းတံဆိပ်က ရှစ်စွင်းပိုင်တာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ပျောက်သွားရတာလဲ”

သူတို့နှင့်အတူ ပါလာသော ကျင့်ကြံသူများမှာ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ သူတို့ထဲမှ တစ်ဦးက ပြောလိုက်သည်။

“မိန်းကလေးတို့... စိုးရိမ်မနေကြပါနဲ့။ တစ်ခုခု ရှိရင် ကျုပ်ကို ပြောပါ”

ရှောင်ယွမ်အာသည် သဲလွန်စများကို လိုက်လံ ရှာဖွေရင်း မျက်မှောင်ကျုံ့နေမိ၏။ သို့သော်လည်း ချောက်နက်ကြီးအတွင်း၌ မည်သို့သော သဲလွန်စ ရှိနိုင်ပါမည်နည်း။ သူမ၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးသော အမူအရာ ပေါ်လာပြီး ပြောလိုက်သည်။

“ရှစ်စွင်းရဲ့ ပစ္စည်းတွေတောင် မရှိတော့ဘူး”

ခရုလေး သက်ပြင်းချလိုက်မိ၏။

“ဖြစ်နိုင်တာက အက်ကွဲကြောင်းက ပိုကျယ်လာပြီး ချုပ်နှောင်ခြင်းစည်းတံဆိပ်က အောက်ကို ပြုတ်ကျသွားတာ ဖြစ်မှာပါ”

“ရှစ်စွင်း...”

ရှောင်ယွမ်အာသည် သူမ၏ ဆရာကို တမ်းတရင်း တိုးတိုးလေး ရှိုက်ငိုနေမိတော့သည်။

အချိန်အတန်ကြာ ကုန်လွန်သွားခဲ့၏။

ထိုနှစ်ဦးမှာ ဂါရဝပြုနေဆဲ ဖြစ်သဖြင့် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

“ပြန်ဖို့ အချိန်တန်ပြီ။ အရှင်မင်းကြီးက မဟာလေဟာနယ်ကနေ အကြာကြီး ထွက်မသွားဖို့ မိန့်ကြားထားတယ်”

ရှောင်ယွမ်အာက မေးမြန်းလိုက်သည်။

“နောက်ထပ် ခဏလောက် ထပ်နေလို့ မရဘူးလား။ ဒီနေ့က ကျွန်မတို့ ရှစ်စွင်းရဲ့ နှစ်ပတ်လည်နေ့မို့ အချိန်နည်းနည်းလောက် ထပ်ပေးပါလား”

“ကောင်းပြီလေ မိန်းကလေးရှောင်။ နောက်ထပ် နှစ်နာရီလောက် ထပ်စောင့်ပေးပါ့မယ်”

ရှန်းကျန်းသည် ထိုမိန်းကလေးနှစ်ဦးကို အလွန် အရေးထားသည်ကို ကျင့်ကြံသူများ သိကြသဖြင့် သူတို့ မရိုင်းစိုင်းဝံ့ကြပေ။ ထိုသို့ဖြင့် ထိုနှစ်ဦးမှာ ချောက်နက်ကြီးအနီးတွင် နောက်ထပ် အချိန်အနည်းငယ်ကြာ ထပ်နေခဲ့သည်။

…

အခန်း (၁၅၇၅) တာ့ယန့်၏ ယုံကြည်ကိုးစားမှု

ရှောင်ယွမ်အာနှင့် ခရုလေး တို့သည် ချောက်နက်ကြီးမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အနီးအနားမှ တစ်စုံတစ်ဦး၏ ဆဲရေးတိုင်းထွာနေသံကို ကြားလိုက်ရလေသည်။

“ဘယ်လို မျက်စိမပါတဲ့ကောင်က ဒီအုတ်ဂူကို ဖျက်ဆီးရဲတာလဲ။ တကယ့်ကို ယုတ်မာလိုက်လေခြင်း သူတို့ရဲ့ ဘိုးဘေးတွေသာ သိရင် ရှက်လို့ သေလိမ့်မယ်”

ရှောင်ယွမ်အာနှင့် ခရုလေး တို့သည် ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။

သူတို့နှင့်အတူ လိုက်ပါလာသော ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

“သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံး ပြိုလဲသွားပြီးကတည်းက နယ်မြေကိုးခုက လူအတော်များများ ဒီကို လာတတ်ကြတယ်”

အခြားသော ဖျက်ဆီးခြင်းတိုင်လုံးများနှင့် နှိုင်းယှဉ်လျှင် သွင့်ကျန်းသည် ယခုအခါ သားရဲကြီးများ နည်းပါးသွားသဖြင့် အတော်လေး ဘေးကင်းနေပြီ ဖြစ်သည်။

“သူက ဘယ်သူလဲ”

ဤသို့ မေးမြန်းလိုက်သည်နှင့် တစ်ပြိုင်နက် ထိုသူမှာ ထပ်မံ၍ ကျိန်ဆဲပြန်သည်။

“ခွေးသူတောင်းစား မင်းက ဘယ်လိုများ ရဲတင်းလို့ အုတ်ဂူကို ဖျက်ဆီးရဲတာလဲ။ ငါ့လက်ထဲ မိလို့ကတော့ မင်းကို အရှင်လတ်လတ် အရေခွံခွာပြီးမှ အပိုင်းပိုင်း ပိုင်းပစ်မယ်”

ရှောင်ယွမ်အာက စပ်စုလိုသော စိတ်ဖြင့် ပြောလိုက်သည်။

“ကျွန်မတို့ သွားကြည့်ကြရအောင်”

“မိန်းကလေးရှောင်... အခု ချက်ချင်း ပြန်ဖို့က ပိုပြီး အရေးကြီးပါတယ်” ကျင့်ကြံသူက တားဆီးရန် ကြိုးစားလိုက်၏။

သို့သော် ရှောင်ယွမ်အာက ပြောလိုက်သည်။

“ဒါကလည်း အရေးကြီးတာပဲလေ”

ရှောင်ယွမ်အာသည် ကျင့်ကြံသူများ၏ တားဆီးမှုကို လျစ်လျူရှုကာ ထိုသူရှိရာသို့ လျှောက်လှမ်းသွားတော့သည်။ ခရုလေးသည်လည်း သူမ၏ နောက်မှ လိုက်ပါသွား၏။ ထိုအခါ ကျန်ရှိသောသူများမှာလည်း မတတ်သာဘဲ ထပ်ကြပ်မကွာ လိုက်ပါသွားကြရတော့သည်။

ရှောင်ယွမ်အာသည် ထိုသူ၏ အနီးသို့ ရောက်ရှိပြီး မြင်တွေ့လိုက်ရသောအခါ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး ပြောလိုက်သည်။

“မဟာသူတော်စင်တွမ့်မူပါလား”

တွမ့်မူထျန်းသည်လည်း များစွာ ထိတ်လန့်သွားရ၏။ တစ်စုံတစ်ယောက်က သူ မသိအောင်ပင် အနီးသို့ ချဉ်းကပ်လာနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရှန်းကျန်း၏ လက်အောက်ငယ်သားများက တွမ့်မူထျန်းကို မြင်သောအခါ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“မဟာသူတော်စင် တွမ့်မူ... အရှင်က မဟာလေဟာနယ်ကို ပြန်သွားပြီ မဟုတ်လား။ ဘာလို့ ဒီကို ရောက်နေတာလဲ”

တွမ့်မူထျန်းသည် သွင့်ကျန်း ဖျက်ဆီးခြင်းတိုင်လုံး၏ အစောင့်အရှောက် ဖြစ်ခဲ့သည်ကို သူတို့အားလုံး သိထားကြသည် မဟုတ်ပါလော။

တွမ့်မူထျန်းသည် သူ၏ ပတ်ဝန်းကျင်ကို ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်... ငါက သွင့်ကျန်းရဲ့ တိုင်လုံးကို အချိန်အကြာကြီး စောင့်ကြပ်ခဲ့တဲ့သူပဲလေ။ ဒီနေရာကို ငါ သံယောဇဉ် ရှိနေတုန်းပါပဲ။ ဒီနေရာရဲ့ အစောင့်အရှောက် တစ်ယောက်အနေနဲ့ ငါ ဒီကို လာကြည့်တာက သဘာဝကျတယ် မဟုတ်လား”

ရှောင်ယွမ်အာက ရယ်မောလျက် ပြောလိုက်သည်။

“သေချာတာပေါ့ သေချာတာပေါ့။ ဒါနဲ့ မဟာသူတော်စင် တွမ့်မူ... ခုနက ဘယ်သူ့ကို ဆဲနေတာလဲ”

တွမ့်မူထျန်းက မြေပြင်ကို ဆောင့်နင်းလိုက်ရာ မြေပြင်မှာ ကျွံဝင်သွားတော့သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး။ ငါ အရင်က မုန်းခဲ့ဖူးတဲ့ လူတစ်ယောက်အကြောင်း တွေးမိလို့ပါ။ ဒီအုတ်ဂူကို တကယ်ပဲ လွှင့်ပစ်ချင်နေတာ”

ရှောင်ယွမ်အာက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“ကောင်းပါပြီ... ဒါဆိုရင်တော့ ဆက်လုပ်ပါဦး။ ကျွန်မတို့ အရင် သွားပါတော့မယ်”

တွမ့်မူထျန်းက ပြောလိုက်သည်။

“ငါ မလိုက်ပို့တော့ဘူးနော်”

ထိုသို့ဖြင့် ရှောင်ယွမ်အာ၊ ခရုလေး နှင့် ရှန်းကျန်း၏ လူများသည် အဝေးသို့ ပျံသန်းထွက်ခွာသွားကြတော့သည်။

တွမ့်မူထျန်းသည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့၏။ ထို့နောက် သူသည် ကျွံဝင်သွားသော မြေပြင်ကို ကြည့်ကာ ပြောလိုက်သည်။

“လုအိုကြီး... ငါ့ကို အပြစ်မတင်ပါနဲ့။ မင်းရဲ့ ကောင်းကင်ဘုံက ဝိညာဉ်က ငါတို့ကို ကာကွယ်ပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

တစ်ချိန်တည်းမှာပင် လုကျိုးနှင့် နတ်ခြင်္သေ့ တို့သည် ရွှေကြာနယ်မြေရှိ မိစ္ဆာဝေဟင်မျှော်နန်း၏ သင်္ကေတလမ်းကြောင်းအတွင်းမှ ထွက်ပေါ်လာကြသည်။

သူတို့သည် သင်္ကေတခန်းမအတွင်းမှ ထွက်လာသောအခါ လုကျိုးသည် ရွှေနန်းဥယျာဉ်တောင်ကို မြင်တွေ့လိုက်ရ၏။ ဤနေရာသည် သူ အချိန်အကြာကြီး နေထိုင်ခဲ့သော နေရာဖြစ်ပေသည်။ နေရာဟောင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် စိတ်လှုပ်ရှားမှု အနည်းငယ်မျှ မရှိပါဟု ဆိုလျှင် လိမ်ညာရာ ရောက်လိမ့်မည်။

လုကျိုးသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။ ထို့နောက် သူသည် နတ်ခြင်္သေ့ကို ပုတ်လိုက်ပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ ပင်မနန်းဆောင်ဆီသို့ ပျံသန်းသွားတော့သည်။ လမ်းတစ်ဝက်တွင် သူသည် အကြီးအကဲ လေးဦးကို မြင်တွေ့လိုက်ရ၏။ ဖြစ်နိုင်သည်မှာ လုကျိုး၏ ကျင့်ကြံမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူတို့မှာ သူ့ကို သတိမပြုမိကြပေ။

သူတို့ ကြိုးစားပမ်းစား ကျင့်ကြံနေကြသည်ကို ကြည့်ရင်း လုကျိုးသည် ထပ်မံ၍ စိတ်လှုပ်ရှားသွားရပြန်သည်။ ခေတ္တမျှကြာမှ သူက ခပ်တိုးတိုး လေသံဖြင့် မေးလိုက်သည်။

“အကြီးအကဲ လေးဦး... နေကောင်းကြရဲ့လား”

အကြီးအကဲ လေးဦးမှာ ကောင်းကင်ယံသို့ ချက်ချင်းပင် မော့ကြည့်လိုက်ကြ၏။

လုကျိုးသည် ချောက်နက်ကြီးအတွင်း၌ အချိန်အကြာကြီး နေထိုင်ခဲ့ရသဖြင့် ဆံပင်ရှည်၊ မုတ်ဆိတ်ရှည်များနှင့် အနည်းငယ် ပေစုတ်စုတ် ဖြစ်နေပေသည်။ ထို့ကြောင့် အကြီးအကဲ လေးဦးမှာ ခဏမျှ သူ့ကို မမှတ်မိနိုင်ဘဲ ဖြစ်သွားကြ၏။ သို့သော်လည်း သူတို့သည် နတ်ခြင်္သေ့နှင့် အံ့ဖွယ်အမှတ်အသားဝတ်ရုံ တို့ကိုမူ အလွန်ပင် ရင်းနှီးကျွမ်းဝင်နေကြသည် မဟုတ်ပါလော။

လန်လော့၊ ကျော့ယွီရှု၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့သည် တညီတညွတ်တည်း ဦးညွှတ်လိုက်ကြပြီးနောက် လုကျိုးကို အသံကျယ်ကျယ်ဖြင့် နှုတ်ဆက်လိုက်ကြသည်။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

သူတို့သည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ အတိုင်းအဆမရှိ စိတ်လှုပ်ရှားနေကြတော့သည်။ မည်သို့ပင်ဆိုစေ နှစ်ပေါင်း ၁၀၀ ကြာသွားခဲ့ပြီ မဟုတ်ပါလော။

လုကျိုး ခေါင်းညိတ်ပြလိုက်၏။ သူသည် နတ်ခြင်္သေ့၏ ကျောပေါ်မှ ခုန်ဆင်းကာ အကြီးအကဲ လေးဦး၏ ရှေ့၌ ဆင်းသက်လိုက်သည်။ သူသည် လက်နောက်ပစ်ကာ မတ်တတ်ရပ်လျက် ခေါင်းညိတ်လိုက်၏။

၎င်းနောက်တွင် ဖန်ကျန်း၊ ဟွားယွဲ့ရှင်း နှင့် ကျိုးကျစ်ဖုန်းတို့မှာ အဝေးမှ ပြေးလွှားရောက်ရှိလာကြသည်။ သူတို့ လုကျိုးကို မြင်သောအခါ မှင်တက်သွားကြ၏။ သူတို့၏ မျက်စိက သူတို့ကို လှည့်စားနေသည်ဟုပင် ထင်မှတ်လိုက်ကြသည်။ သူတို့ မျက်လုံးများကို ပွတ်သပ်ပြီးမှ လုကျိုးကို ထပ်မံ ကြည့်ရှုလိုက်ကြ၏။ သူတို့၏ ရှေ့တွင် ရပ်နေသူမှာ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် အစစ်အမှန်ဖြစ်ကြောင်း သံသယဝင်စရာ မလိုတော့ပေ။ သူတို့သည် ချက်ချင်းပင် ဒူးတစ်ဖက် ထောက်လိုက်ကြပြီး နှုတ်ဆက်လိုက်ကြသည်။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

လုကျိုးက သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းပြလျက် ပြောလိုက်သည်။

“ထကြပါ... တခမ်းတနားတွေ လုပ်နေဖို့ မလိုပါဘူး”

ထိုသုံးဦး နေရာမှ ထရပ်ပြီးနောက် လုကျိုးက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“မင်းတို့ လူတွေ ဘာလို့ ဒီလောက်တောင် နည်းနေရတာလဲ။ ကျန်တဲ့သူတွေ ဘယ်ရောက်ကုန်ကြတာလဲ”

ဤမေးခွန်းကို ကြားသောအခါ အကြီးအကဲ လေးဦးမှာ အပြစ်မကင်းသကဲ့သို့ ခေါင်းငုံ့သွားကြ၏။ ထို့နောက် သူတို့သည် ဒူးထောက်လိုက်ကြပြီး ပြောလိုက်သည်။

“ကျွန်တော်တို့ လေးယောက် ရှောင်ယွမ်အာကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ သူ့ကို မဟာလေဟာနယ်က ဖမ်းခေါ်သွားပါပြီ”

လုကျိုး မျက်မှောင်ကျုံ့လိုက်မိပြီး သူ၏ စိတ်ခံစားချက်မှာလည်း ချက်ချင်းပင် ထိုးကျသွားတော့သည်။ သူက အသံနိမ့်နိမ့်ဖြင့် မေးမြန်းလိုက်သည်။

“တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ”

အကြီးအကဲ လေးဦးမှာ သင်းပျံ့တောင်ကြားမှ ထွက်ခွာလာပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်လည် တင်ပြလိုက်ကြသည်။ ထို့နောက် တပည့်များမှာ မျှခြေကို ထိန်းသိမ်းရန်အတွက် နယ်မြေအသီးသီးသို့ လမ်းခွဲသွားခဲ့ကြပုံကိုလည်း ပြောပြလိုက်၏။

၎င်းနောက်တွင် ဖန်လီထန်းက ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ ပစ္စည်းတစ်ခု မဟာလေဟာနယ်မှာ ရှိတယ်လို့ ကြားရပါတယ်။ ဒါပေမဲ့ ဒါက ဒီလောက် မရိုးရှင်းဘူးလို့ ကျွန်တော် ထင်မိတယ်။ ချီရှန့်လို့ ခေါ်တဲ့ အဲဒီလူက တကယ့်ကို ကောက်ကျစ်စဉ်းလဲတာပဲ။ ကျွန်တော်တို့ ဘယ်နေရာမှာ ပေါ်လာမလဲဆိုတာကို သူက အတိအကျ သိနေသလိုပါပဲ”

လုကျိုးက ဇဝေဇဝါဖြင့် မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။

“ချီရှန့်ဟုတ်လား”

ဖန်လီထန်းက ပြောလိုက်သည်။

“သူက ထူဝေ့နန်းဆောင်ရဲ့ ခန်းမသခင်အသစ်ပါ။ ဒါပေမဲ့ တစ်ခုကတော့ တော်တော် ထူးဆန်းတယ်။ သူ့ရဲ့ ကျင့်ကြံမှုက ကျွန်တော့်ထက် အများကြီး သာလွန်ပေမဲ့ တိုက်ခိုက်တဲ့အခါ သူက အစွမ်းကုန် မတိုက်ဘဲ လျှော့တိုက်နေသလို ကျွန်တော် ခံစားရတယ်”

ကျော့ယွီရှုက ပြောလိုက်သည်။

“အစ်ကိုကြီး… ဘာလို့လဲတော့ မသိဘူး၊ ကျွန်မ သူ့ကို ကြည့်ရတာ ရှင့်ရဲ့ သတ္တမတပည့်နဲ့ တစ်နည်းတစ်ဖုံ ဆင်တူနေသလိုပဲ။ သူက သူ့မိသားစုမှာ သတ္တမ ကလေးလို့ ပြောခဲ့တယ်။ ဖြစ်နိုင်တာက သတ္တမသခင်လေး အသက်ရှင်နေသေးတာလား”

အခြား အကြီးအကဲ သုံးဦးသည်လည်း ဤအချက်ကို မတွေးမိဘဲ မနေခဲ့ကြပေ။ ရှောင်ယွမ်အာ ဖမ်းဆီးခံရပြီးနောက် သူတို့သည် ဤအကြောင်းကို တစ်နေ့ကုန် တွေးတောနေခဲ့ကြသည်။ ချီရှန့်၏ လုပ်ဆောင်ပုံများမှာ စီဝူယာ နှင့် အတော်လေး ဆင်တူနေသည် မဟုတ်ပါလော။

ဟွားဝူတောက်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ ယွီကျန့်ဟိုင် ကိုယ်တိုင် သူ့ရဲ့ ခန္ဓာကိုယ်ကို အဆုံးမဲ့သမုဒ္ဒရာထဲ ချပေးခဲ့တာလေ။ သူ ဘယ်လိုဖြစ်ပြီး အသက်ရှင်နေနိုင်မှာလဲ”

လုကျိုးသည်လည်း ဇဝေဇဝါ ဖြစ်နေမိသည်။ သူ၏ မျက်လုံးများကို မည်သည့်အရာကမျှ မလှည့်စားနိုင်ပေ။ သူသည် သူ၏ စွမ်းအားကို အလွန် ယုံကြည်သည်။ အနည်းဆုံးတော့ ယခုအချိန်အထိ သံသယဝင်စရာ အကြောင်းပြချက် မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ တုန်းက သူသည် သူ၏ သတ္တမတပည့်ကို အမြင်အာရုံစွမ်းအားဖြင့် စောင့်ကြည့်ရန် ကြိုးစားခဲ့သော်လည်း စနစ်က သူ့ကို စာသားနှစ်လုံးသာ ပြသခဲ့သည်။ ‘ပစ်မှတ် မရှိပါ’။ ဤသည်မှာ သူ၏ သတ္တမတပည့် သေဆုံးသွားပြီဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။ သို့သော်လည်း အကြီးအကဲ လေးဦး ပြောပြသော ချီရှန့် မှာမူ သူ့ကို သံသယဝင်စေတော့သည်။

ဟွားဝူတောက်က ထပ်မံ၍ မေးမြန်းလိုက်သည်။

“အကယ်၍ ချီရှန့်က သတ္တမသခင်လေးသာ ဆိုရင် သူက ဘာလို့ မဟာလေဟာနယ်ကို ကူညီပြီး သူ့ရဲ့ ဆရာတူမောင်နှမတွေကို ဖမ်းခိုင်းရတာလဲ”

ရှင်းပြရန် ခက်ခဲသော အရာများစွာ ရှိနေပေသည်။ ထို့ပြင် သူတို့တွင် ချီရှန့်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သက်သေပြရန် နည်းလမ်းလည်း မရှိပေ။

လန်လော့က ပြောလိုက်သည်။

“သူ့ရဲ့ လုပ်ဆောင်ပုံတွေကို ခင်ဗျားတို့လည်း သိကြတာပဲ မဟုတ်လား။ အန္တရာယ်အရှိဆုံး နေရာဟာ ဘေးအကင်းဆုံး နေရာလည်း ဖြစ်နိုင်တာပဲလေ။ လူတိုင်းကို ကာကွယ်ဖို့ သူက အဲဒီလို လုပ်ခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ပယ်ထုတ်လို့ မရပါဘူး”

ဟွားဝူတောက်က ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“ခင်ဗျား ပြောတာ အဓိပ္ပာယ်ရှိတယ်”

လန်လော့က ထပ်လောင်းပြောဆိုလိုက်သည်။

“မဟုတ်ရင် သူက လူတိုင်းကို အသက်ရှင်ခွင့် ပေးထားစရာ မလိုဘူးလေ”

“ဒါဆို ချီရှန့်က တကယ်ပဲ သတ္တမသခင်လေးလား”

“အကယ်၍ သူက သတ္တမသခင်လေးသာ ဆိုရင်၊ သူက ပြနလည်ရှင်သန်ခြင်း နည်းလမ်းကို တကယ်ပဲ တတ်မြောက်သွားတာလား”

အကြီးအကဲ လေးဦး ဆွေးနွေးနေကြစဉ် လုကျိုးသည်လည်း ချီရှန့်သည် သူ၏ သတ္တမတပည့် ဟုတ်မဟုတ်ကို တွေးတောနေမိသည်။ ခေတ္တအကြာတွင် သူက ပြောလိုက်သည်။

“အခုအချိန်မှာ ဒါကို တွေးနေလို့လည်း မထူးပါဘူး။ အကယ်၍ သူက တကယ်ပဲ သတ္တမတပည့် ဆိုရင်တော့ ဒါဟာ ကောင်းတဲ့ကိစ္စပေါ့။ အကယ်၍ မဟုတ်ဘူးဆိုရင်တော့...”

သူသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် အေးစက်သော လေသံဖြင့် ဆက်ပြောလိုက်သည်။

“ငါ သူ့ကို တန်ကြေးကြီးကြီး ပေးဆပ်ခိုင်းမယ်”

ချီရှန့်သည် ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ နှစ်မျိုးစလုံးမှာ ဖြစ်နိုင်ခြေ ရှိနေပေသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းမှာ သံသယစိတ်များ ရှိနေကြဆဲပင်။ ဘာပဲဖြစ်ဖြစ် စီဝူယာ သေဆုံးသွားသည်ကို သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ကြရသည် မဟုတ်ပါလော။ ထို့အပြင် ပြန်လည်ရှင်သန်ခြင်း နည်းလမ်းကို တတ်မြောက်ရန်မှာလည်း အလွန် ခက်ခဲလှပေသည်။ လုကျိုးပင်လျှင် ၎င်းကို မတတ်မြောက်ပေ။

သို့သော်လည်း လူတိုင်းမှာ မျှော်လင့်ချက်လေးတော့ ရှိနေကြဆဲ ဖြစ်သည်။ မျှော်လင့်ချက်မရှိသော ဘဝသည် အဓိပ္ပာယ် ကင်းမဲ့သည်။

လုကျိုးက မေးမြန်းလိုက်သည်။

“ကျန်တဲ့သူတွေကော ဘယ်မှာလဲ”

ဖန်ကျန့်က ရှင်းပြလိုက်သည်။

“လက်ဝဲလက်ယာ တမန်တော်တွေဖြစ်တဲ့ ရှန်ရှီးနဲ့ လီရှောင်မော့ တို့က အနက်ရောင်ကြာနယ်မြေကို ပြန်သွားကြပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ဆက်တိုက် တိုးချဲ့လာခဲ့တာကြောင့် အခုဆို အနက်ရောင်ကြာနယ်မြေရဲ့ စွမ်းအားက အများကြီး တိုးတက်လာခဲ့ပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို အခက်အခဲ မဖြစ်စေချင်တာကြောင့် သူတို့က အနက်ရောင်ကြာနယ်မြေကို ပြန်သွားခဲ့ကြတာပါ”

“အစောင့်အရှောက်မုန့်ကတော့ မိုးမခတစ်ထောင်ဘုရားကျောင်းမှာ ဧည့်သည်အဖြစ် သွားနေပါတယ်။ မျှော်နန်းသခင်သာ အမိန့်ပေးလိုက်မယ်ဆိုရင် သူ ချက်ချင်း ပြန်လာပါလိမ့်မယ်”

“ခုံဝမ်နဲ့ သူတို့ညီအစ်ကိုတွေကတော့ အပြာရောင်ကြာနယ်မြေက သူတို့ရဲ့ ဇာတိကို ပြန်သွားကြပါပြီ။ အပြာရောင်ကြာနယ်မြေက အင်အားစု အများအပြားက မိစ္ဆာဝေဟင်မျှော်နန်းကို စောင့်ကြည့်နေကြတာပါ။ အနက်ရောင်ကြာနယ်မြေက အလင်းနဲ့အမှောင်မဟာမိတ်နဲ့ တော်ဝင်မိသားစုက မိန်းကလေး ကျောင်းဟုန်ဖုကို ခေါ်သွားခဲ့ကြပါတယ်။ အပြန်အလှန်အနေနဲ့ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို ထောက်ပံ့ပေးဖို့ သဘောတူခဲ့ကြပါတယ်”

ဖန်ကျန့်က ခပ်ပေါ့ပေါ့ပင် ဆက်ပြောလိုက်သည်။

“ချင်နိုင်ဟယ်က ရွှေကြာနယ်မြေနဲ့ အပြာရောင်ကြာနယ်မြေအကြား ကူးချည်သန်းချည် လုပ်ပေးနေတာရယ်၊ မဟာသူတော်စင်ချင်က မိစ္ဆာဝေဟင်မျှော်နန်းကို စောင့်ရှောက်ပေးနေတာရယ်ကြောင့် အရာအားလုံးက အေးအေးချမ်းချမ်း ရှိနေတယ်လို့ ပြောလို့ရပါတယ်”

သို့သော်လည်း လက်တွေ့တွင်မူ မိစ္ဆာဝေဟင်မျှော်နန်းမှ ဂိုဏ်းသားများအတွက် ဘဝမှာ အလွန် ခက်ခဲခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

အချို့သော အကြောင်းပြချက်များကြောင့် လုကျိုး သေဆုံးသွားပြီဟူသော သတင်းများမှာ ပျံ့နှံ့နေခဲ့သည်။ အကြီးမားဆုံးသော ထောက်တိုင်ကြီး မရှိတော့သဖြင့် ကျင့်ကြံခြင်းလောကရှိ လူအတော်များများမှာ မိစ္ဆာဝေဟင်မျှော်နန်းကို ရှောင်ရှားလာခဲ့ကြသည်။ အကယ်၍ ထိုအင်အားစု အနည်းငယ်သာ မိစ္ဆာဝေဟင်မျှော်နန်းကို ထောက်ပံ့မပေးခဲ့ပါက မိစ္ဆာဝေဟင်မျှော်နန်းမှာ လွန်ခဲ့သော အချိန်ကတည်းက မြေလှန်ခံလိုက်ရပြီ ဖြစ်သည်။

ဖန်ကျန့်၏ စကားများကို ကြားပြီးနောက် လုကျိုး သက်ပြင်းချလိုက်မိ၏။

‘သစ်ပင်လဲလျှင် မျောက်များ ဖရိုဖရဲ ဖြစ်တတ်သည်’ ဆိုသော စကားအတိုင်းပင်။ ခေါင်းဆောင် မရှိတော့လျှင် နောက်လိုက်များမှာလည်း လူစုကွဲသွားတတ်ကြသည်မှာ ဓမ္မတာပင်။ သို့သော်လည်း တစ်ဖက်တွင်မူ မိစ္ဆာဝေဟင်မျှော်နန်းမှာ ယခုအချိန်အထိ တည်ရှိနေသေးခြင်းမှာ ဤနောက်လိုက် အနည်းငယ်၏ ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်ပေသည်။

လုကျိုးက ပြောလိုက်သည်။

“ငါ မိစ္ဆာဝေဟင်မျှော်နန်းမှာ မရှိတဲ့ အချိန်အတွင်းမှာ မင်းတို့အားလုံး တကယ်ကို ပင်ပန်းခဲ့ကြမှာပဲ”

ဖန်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“မျှော်နန်းသခင်... အဲဒီလို မပြောပါနဲ့။ အခု မျှော်နန်းသခင် ပြန်ရောက်လာပြီဆိုတော့ ကျွန်တော်တို့ မိစ္ဆာဝေဟင်မျှော်နန်းဟာ အရင်လိုပဲ သေချာပေါက် ပြန်ပြီး တောက်ပလာမှာပါ”

လုကျိုး ခေါင်းညိတ်ပြလိုက်၏။ သူက ပြောလိုက်သည်။

“လူတိုင်းကို ဒီအကြောင်း အသိပေးလိုက်ကြစမ်း။ သူတို့ကို ပြန်လာခဲ့ဖို့ ပြောလိုက်”

“နားလည်ပါပြီ”

လူတိုင်း ဦးညွှတ်လိုက်ကြတော့သည်။ ဤအခိုက်အတန့်တွင် တာ့ယန့်၏ ယုံကြည်အားထားရာ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြတော့သည်။

All Chapters