← Chapters

အခန်း (၄၀၄-၄၀၅)

Vol. 37 Ch. 404-405

အခန်း (၄၀၄-၄၀၅)

Vol. 37 Ch. 404-405

အခန်း ၄၀၄ - စီနီယာ... ခင်ဗျားရဲ့ သမက်နာမည်က ဘယ်သူလဲ

ကောင်းကင်ယံ၌ ကောင်းကင်မီးများ လောင်မြိုက်နေပြီး မိုးကောင်းကင်ကြီး ပြိုကျပျက်စီးနေ​၏။

မြေပြင်မှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်နေကာ နေနှင့်လတို့ပင်လျှင် သူတို့၏ အလင်းရောင်များ ပျောက်ကွယ်ကုန်ကြသည်။

ကြည့်နေကြသော ကျင့်ကြံသူများအတွက် တိုက်ပွဲကိုဖော်ပြရန် မည်သည့်စကားလုံးမျှ လုံလောက်မည်မဟုတ်ပေ။

ကျိယွမ်သည် ယခုအခါ သူ၏ ခရမ်းရောင်နန်းတော်အတွင်း၌ ရှိနေပြီး သူ၏အစွမ်းမှာ ကျင့်ကြံမှုအဆင့်အရ မဟုတ်သည့်တိုင် တိုက်ခိုက်ရေးစွမ်းရည်အရဆိုလျှင် မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခင် ကုံရှင်းဂြိုဟ်၌ ရှိစဉ်က သူသည် သူ၏ စိတ်ဝိညာဉ် လေးထောင်နှင့် ပေါင်းစပ်ကာ မဟာမူလသဘောတရားနယ်ပယ်သို့ တက်လှမ်းတော့မည့် အရှေ့ပိုင်းသခင်ကို သတ်ဖြတ်ခဲ့ဖူးသည်။

အရှေ့ပိုင်းသခင်၏ ဝှက်ဖဲများမှာ သူ့အပေါ်တွင် အသုံးမဝင်ခဲ့ခြင်းကြောင့်လည်း သူ့အတွက်ပို၍ အဆင်ပြေခဲ့ ၏။

နတ်ဘုရားစွမ်းအားနှင့် မူလသဘောတရားအပိုင်းကိုသာတွက်လျှင် ကျိယွမ်သည် မဟာမူလသဘောတရားအဆင့်ရှိသော ယန်နတ်ဘုရားထက်ပင် ပို၍ အစွမ်းထက်နေပြီ ဖြစ်သည်။

ယခုအခါ သူသည် နတ်ဘုရားများနှင့် ဗုဒ္ဓများကို ဦးဆောင်ကာ မဟာကပ်ဘေး​ဆိုးကြီး အကောင် သုံးထောင်အတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွား၏။

"သတ်.."

ရက်စက်သော ၊ ပြန်းထန်သော ၊ ညှာတာမှုကင်းမဲ့သော သတ်ဖြတ်မှုများမှာ ဆက်လက်ဖြစ်ပွားနေသည်။

သွေးများမှာလည်း မိုးသည်းထန်စွာရွာနေသလို စီးကျ၏။

ဖရိုဖရဲခန္ဓာများမှာ အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခံလိုက်ရသည်။

သူ့မျက်စိတစ်ဆုံး မြင်ရသမျှမှာ ရန်သူများသာ ဖြစ်သည်။

အားလုံးက ရန်သူတွေပဲ... သတ်။

အမြုတေအဆင့် ကျင့်ကြံသူဖြစ်လာကတည်းက ကျိယွမ်သည် ဤမျှပြင်းထန်သော တိုက်ပွဲမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။

တောင်နှင့်မြစ်ပန်းချီကားထဲက မိစ္ဆာကောင်များလား။ တစ်ချက်တည်းနှင့် သူအသေသတ်ခဲ့သည်။

ဝူကွေ့မြို့တော် အပြင်ဘက်က နတ်ဆိုးများလား။

သူ၏ ဓားတစ်ချက်ကိုတောင် တားဆီးနိုင်ခဲ့ကြလို့လား။

သို့သော် ယခုအခါ မဟာကပ်ဘေးကြီး သုံးထောင်ကို ရင်ဆိုင်နေရချိန်၌ ဤတိုက်ပွဲမှာ ထာဝရအထိ ကြာရှည်သွားတော့မည့်အလား ထင်မှတ်ရသည်။

၄င်းတို့က ချက်ချင်းသေဆုံးသွားခြင်းမျိုး မရှိပေ။

တစ်ချက်တည်းနှင့် အနိုင်ရခြင်းမျိုးလည်း မရှိပါ။

၄င်းသည် နတ်ဘုရားစွမ်းအားချင်း ယှဉ်ပြိုင်မှု၊ စွမ်းအားချင်း ထိပ်တိုက်တွေ့ဆုံမှုတစ်ခုသာ ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျိယွမ်သည် တိုက်ပွဲ၌ ဒဏ်ရာရသွားခဲ့၏။

မဟာကပ်ဘေးကြီးများ၏ ဝေဝါးသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာလည်း မြေအောက်ကမ္ဘာထဲသို့ တောက်လျှောက် ကျဆင်းသွားနေကြပြီး ထူးဆန်းသော မြေမျက်နှာသွင်ပြင်အသစ်များအဖြစ် ပြောင်းလဲသွားကြသည်။

တစ်ချိန်က မူလနတ်ဘုရားများ ဖြစ်ခဲ့ကြသော ကျိယွမ်၏ စိတ်ဝိညာဉ် လေးထောင်မှာလည်း မဟာကပ်ဘေးကြီးများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရသဖြင့် သွေးများကျဆင်းကာ မြေအောက်ကမ္ဘာထဲသို့ ပြုတ်ကျသွားကြ၏။

“သတ်ကြ”

ကျိယွမ်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ဒေါသများကြောင့် တောက်လောင်နေသည်။

သွေးရောင်သံချပ်ကာကို ဝတ်ဆင်ထားလျက် သူသည် မဟာကပ်ဘေးကြီးများအတွင်းသို့ တိုးဝင်သွားကာ လမ်း၌တွေ့သမျှတိုင်းကိ​ု အပိုင်းပိုင်းဖြတ်ပစ်လိုက်သည်။

ကောင်းကင်ပိုင်းဖြတ်ဓားချက်..

သေခြင်းရောင်ခြည်စွမ်းရည်..

ဖိနှိပ်နိုင်သောစွမ်းအား...

ဤအစွမ်းထက် နည်းစနစ်သုံးခုကို သူ ဆက်တိုက် အသုံးပြုနေ၏။

သူ ဘာကိုမျှ ချန်မထားတော့ပေ..

ဤတိုက်ပွဲမှာ အလွန်ပင် ရက်စက်ပြင်းထန်လှသည်။

မဟာကပ်ဘေးကြီးများမှာ ဝေဝါးနေခြင်းကြောင့် ဖြစ်နိုင်သည်၊ သူတို့၌ နောက်ဆုတ်ခြင်းဟူသော အယူအဆ မရှိကြပေ။

ကျိယွမ်၏ ဘက်တော်သားများမှာ အရေအတွက်နှင့် အစွမ်းအပိုင်း၌ အပြတ်အသတ် သာလွန်နေသော်လည်း မဟာကပ်ဘေးကြီးများထဲမှ တစ်ခုမျှ နောက်ဆုတ်ခြင်း၊ ထိတ်လန့်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းမျိုး မပြသကြပေ။

သူတို့သည် ခံစားချက်မရှိသော စစ်စက်ရုပ်များကဲ့သို့ အစွမ်းကုန် တိုက်ခိုက်နေကြသည်။

ထိုကြောင့်ပင် ကျိယွမ်တို့က အားသာချက်ရှိနေသည့်တိုင် မဟာကပ်ဘေးကြီးများမှာလည်း ပြိုလဲမသွားကြပေ။

သူတို့သည် သူတို့၏ အစွမ်းထက်ဆုံး ပုံစံကို ထိန်းသိမ်းထားလျက် ကောင်းကင်ဘုံရှိ နတ်ဘုရားများကို ပြန်လည် တိုက်ခိုက်နေကြသည်။

တိုက်ပွဲမှာ ဆယ်ရက်တိုင်တိုင် ကြာမြင့်ခဲ့၏။

ဆယ်ရက်တိုင်တိုင် တိုက်ပွဲမှာ တစ်စက္ကန့်မျှ မရပ်နားခဲ့ပေ။

ကျင့်ကြံသူများ သို့မဟုတ် သာမန်လူသားများမှာ တိုက်ပွဲ၏ အစိတ်အပိုင်းလေးတစ်ခုကိုတောင် မမြင်ရပါ။

သူတို့သည် ကောင်းကင်ယံ၌ မြင်တွေ့ရသော သွေးရောင်အလင်းများနှင့် ဝေဝါးသော မှောင်မိုက်မှုများ၏ အခြေအနေကို ကြည့်ပြီးသာ တိုက်ပွဲ၏ အခြေအနေကို ခန့်မှန်းနေကြရသည်။

သွေးရောင်များမှာ ပို၍ အားကောင်းလာပြီး ဝေဝါးမှုများမှာ တဖြည်းဖြည်း မှေးမှိန်သွား၏။

ကျင့်ကြံသူ အများအပြားမှာ သက်ပြင်းချနိုင်ခဲ့ကြပြီး သာမန်လူသားများမှာမူ အစပိုင်းနေ့ရက်များတွင် နေစရာမရှိအောင် ထိတ်လန့်နေကြသော်လည်း နောက်ပိုင်း၌ ထုံထိုင်းသွားကာ ကျင့်သားရသွားကြသည်။

ဟင်းလင်းပြင်ထဲ၌ ကျိယွမ်၏ သွေးရောင်သံချပ်ကာမှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး သူသည် စုတ်ပြတ်နေသော ဝတ်ရုံကို ဝတ်ဆင်လျက် တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲကာ ရပ်နေသည်။

ထိုသွေးများမှာ သူ၏ သွေးများလား သို့မဟုတ် သူ၏ စိတ်ဝိညာဉ်များ၏ သွေးများလားဆိုသည်ကို ခွဲခြားရန် မဖြစ်နိုင်တော့ပါ။

သူ့ရှေ့တွင်မူ အစွမ်းအထက်ဆုံး ဖြစ်သော မဟာကပ်ဘေးကြီးများသာ ကျန်ရှိတော့သည်။

သူတို့၏ မျက်လုံးများထဲ၌ ကြောက်ရွံ့ခြင်း သို့မဟုတ် မျှော်လင့်ချက်မဲ့ခြင်း အငွေ့အသက်မျိုး မရှိပေ။

“နောက်ဆုံးပြောချင်တဲ့ စကားရှိသေးလား”

ကျိယွမ်၏ အသံမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

ဤတိုက်ပွဲမှာ ပြင်းထန်လွန်းသဖြင့် ငိုကြွေးမြည်တမ်းပေးရသော ဆိုနာသမားများပင် မတီးမှုတ်ရဘဲ လက်နက်ကိုင်ကာ တိုက်ပွဲဝင်ခဲ့ရသည်။

ကျိယွမ်၏ စိတ်ဝိညာဉ်များမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။

သူ့နောက်တွင်မူ အင်ပါယာနတ်ဘုရားခြောက်ပါးမှာ ထည်ဝါခန့်ညားစွာ ရပ်နေပြီး အဆုံးမဲ့သော စွမ်းအားများကို ထုတ်လွှတ်နေသည်။

နောက်ဆုံးတွင် ဝေဝါးနေသော မဟာကပ်ဘေးကြီးများက စကားပြောလာသည်။ သူတို့၏ အသံများမှာ တစ်သံတည်းဖြစ်နေပြီး လေးနက်လှသည်။

“အစွမ်းထက်ခြင်းက ကပ်ဘေးပဲ”

“ကောင်းကင်ဘုံကိုးထပ်မှာ စစ်မှန်တဲ့ အနာဂတ်မရှိဘူး”

“မင်း တကယ်ပဲ မဟာကပ်ဘေးကြီးကို အမြစ်ပြတ်အောင် လုပ်နိုင်မယ် ထင်နေတာလား”

သူတို့၏ အသံများမှာ အေးစက်လှသော အငွေ့အသက်များကို သယ်ဆောင်လာသည်။

သူတို့၏စကား ကြားလိုက်ရသောအခါ ကျိယွမ်​၏ မျက်နှာကတင်းမာသွား၏။

“တောက်...ငါ မင်းတို့ကို စကားပြောခွင့် မပေးခဲ့သင့်ဘူး။ မင်းတို့က အခုမှ ပဟေဠိဆရာကြီးတွေ လာလုပ်နေတာလား”

ဝေဝါးနေသော မဟာကပ်ဘေးကြီးများ၏ မျက်နှာတွင် မည်သည့်အမူအရာမျှ ပြောင်းလဲခြင်း မရှိသလို သေခြင်းတရားကို ကြောက်ရွံ့ခြင်းလည်း မရှိကြပေ။

ထိုခဏ၌ ကျိယွမ်က ခပ်ယဲ့ယဲ့ ရယ်လိုက်သည်။

“ဟဲဟဲ... တခြားလူသာဆိုရင် မင်းတို့ရဲ့ ဒီလို ပဟေဠိဆန်တဲ့ စကားတွေကြောင့် တုန်လှုပ်ပြီး စိုးရိမ်နေမိမှာပဲ”

“ဒါပေမဲ့ စိတ်မကောင်းပါဘူး၊ ငါက အဲဒီလောက် အများကြီး တွေးတတ်တဲ့လူ မဟုတ်ဘူး”

“သိလား..ငါရဲ့ ဦးနှောက်ကို သိမ်းထားတာ ကြာလှပြီ ၊ အများကြီး တွေးနေတော့ ဘာထူးမှာလဲ။ငါ အစွမ်းထက်နေသရွေ့တော့ ကပ်ဘေးဆိုတဲ့အရာကတောင် ငါ့ကို ခြေဆုပ်လက်နယ် လုပ်ပေးရမှာပဲ”

“သတ်ကြ”

နတ်ဘုရားစွမ်းအားများ တစ်ဖန် ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်မှုများ ပြန်လည် စတင်ကာ ခဏအတွင်းမှာပင် ပြီးဆုံးသွားတော့သည်။

ကောင်းကင်တစ်ခုလုံး သွေးရောင်များ ပြန်လွှမ်းမိုးသွား၏။

ထိုအနီရောင်မှာ ကျိယွမ်၏ ဝတ်ရုံအရောင်နှင့် မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ၏ သွေးရောင်ပင် ဖြစ်သည်။

ကောင်းကင်ယံမှာ လုံးဝ နီရဲသွားပြီး ဝေဝါးမှုများမှာ လုံးဝ ပျောက်ကွယ်သွားသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သာမန်လူသားများ ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။

တိုက်ပွဲသံများ၊ မိုးခြိမ်းသံကြီးများ...အားလုံးမှာ ငြိမ်သက်သွားပြီ ဖြစ်သည်။

နတ်ဘုရားစွမ်းအားများမှာလည်း အစအနမကျန် ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော တိတ်ဆိတ်မှုသာ ကျန်ရှိတော့၏။

ကောင်းကင်ကြီးမှာ ရှေးဟောင်းတိုက်ပွဲမြေပြင်ကြီးနှင့် တူနေပြီး ယခင်က တိုက်ပွဲမှာ အတိတ်က အိပ်မက်တစ်ခု သို့မဟုတ် ခဏတာ မြင်လိုက်ရသော လှည့်စားမှုတစ်ခုကဲ့သို့သာ ခံစားရတော့သည်။

“ပြီးသွားပြီလား”

“ငါတို့... နိုင်သွားပြီလား”

မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သာမန်လူသားများ ကောင်းကင်သို့ မော့ကြည့်ရင်း အချို့မှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာကြသည်။

မဟာကပ်ဘေးကြီးက တခြားကမ္ဘာများကို ဝါးမြိုနေသည်အား မြင်တုန်းက အများကြီး ထိတ်လန့်ခဲ့ရသည်။

လူဦးရေ များပြားနေရုံနှင့် ဘေးဒုက္ခက လူတိုင်းအပေါ် ကျရောက်မလာဘူးဟု မဆိုနိုင်ပေ။

တောင်တန်းများမှာ ပြိုကျပျက်စီးခဲ့ပြီး မြို့ကြီးများမှာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်ခဲ့ရသည်။

လုံခြုံနေသည်ဟူသော အမှားအယွင်းခံစားချက်မှာ ရက်စက်စွာ ဆွဲဖြဲခြင်း ခံခဲ့ရပြီး ယခုအခါမှာတော့ ထိုသွေးစွန်းနေသော ပုံရိပ်ကြီးက သူတို့၏မျှော်လင့်ချက်များကို ပြန်လည် ထိန်းသိမ်းပေးခဲ့လေပြီ။

ကျင့်ကြံသူ အများအပြားမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး အော်ဟစ် အားပေးနေကြသည်။

“သွေးဝတ်စုံဓားနတ်ဘုရား"

“မဟာကပ်ဘေးကြီးကို အောင်နိုင်သူ ကျိယွမ်”

သို့သော် သူတို့ထဲမှ မဟာအုပ်စိုးရှင်များနှင့် ယင်နတ်ဘုရား အချို့၏ မျက်နှာတွင်မူ အံ့သြမှုနှင့်အတူ စိုးရိမ်မှုများလည်း ရှိနေကြသည်။

အခု ကန်းလန်နယ်မြေကြီးက ကျိယွမ်ရဲ့ လက်အောက် ရောက်သွားပြီလား။

မဟာဉာဏ်ပညာရှိ၏ မျက်လုံးများထဲ၌ ဉာဏ်ပညာအလင်းများ တောက်ပနေသည်။

“မိုက်မဲတဲ့လူတွေက ကောင်းကင်အတွက် စိုးရိမ်နေကြတာပဲ၊ စိုးရိမ်မှုဆိုတာ အဆုံးမရှိဘူးဆိုတာ သူတို့ မသိကြဘူး။ မင်း ထာဝရရှင်သန်ခြင်းကို ကျင့်ကြံနေရင်တောင် မင်း စိုးရိမ်ရမယ့်အရာ တစ်ခုခုတော့ အမြဲရှိနေမှာပဲ”

ထိုအချိန်တွင် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျိယွမ်သည် ကောင်းကင်ကို မော့ကြည့်နေပြီး သူ၏ မျက်လုံးများထဲ၌ ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။

ဤတိုက်ပွဲ၌ သူ၏ အဖိုးတန်စိတ်ဝိညာဉ် သုံးရာနှစ်ဆယ့်ခုနစ်ခုအထိ ပျက်စီးသွားခဲ့ပြီး အခြား သုံးထောင်ခုနစ်ရာမှာလည်း ဒဏ်ရာရရှိခဲ့၏။

ယခုအခါ စိတ်ဝိညာဉ်အားလုံးမှာ သူ့ထံသို့ ပြန်လည် ရောက်ရှိလာကြသည်။

ကန်းလန်နယ်မြေထဲတွင်လည်း တိုက်ပွဲ၏ ရိုက်ခတ်မှုများကြောင့် သက်ရှိပေါင်း သန်းနှင့်ချီကာ သေဆုံးခဲ့ရသည်။

ကျိယွမ်သည် မြေအောက်ကမ္ဘာဘက်သို့ လှမ်းကြည့်ကာ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

“ကံကောင်းလို့ လူတိုင်းအပေါ်မှာ ငါကြိုပြီး အမှတ်အသားတွေ ထားခဲ့တာ။ အချိန်တစ်ခု ပေးလိုက်ရင် စိတ်ဝိညာဉ်တွေ ပြန်ကောင်းလာနိုင်သလို၊ သေသွားတဲ့သူတွေလည်း... ပြန်ရှင်လာနိုင်ပါတယ်”

မဟာကပ်ဘေးကြီးနှင့် မတိုက်ခိုက်မီက ကျိယွမ်သည် ကန်းလန်နယ်မြေအနှံ့ နခရီးသွားခဲ့ပြီး ကောင်းကင်ကို နီရဲစေခဲ့သည်။

ထိုခရီးတွင် သူသည် တောင်များ၊ မြစ်များ၊ ပိုးမွှားများအထိ အမှတ်အသားများ ထားခဲ့ကာ သက်ရှိအားလုံးအပေါ် သူ၏ အမှတ်အသားကို ထည့်သွင်းခဲ့သည်။

ဤနည်းအားဖြင့် ကန်းလန်နယ်မြေမှ သက်ရှိများ တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် သေဆုံးသွားလျှင်ပင် သူတို့အား ပြန်လည် အသက်သွင်းနိုင်မည် ဖြစ်သည်။

သို့သော် စိတ်မကောင်းစရာမှာ ဤပြန်လည် အသက်သွင်းခြင်းမှာ ထိုက်ဟွမ်နန်းတော်မှ အမှတ်အသားများကို ပျောက်ကွယ်သွားစေမည် မဟုတ်ပေ။

ပြန်ရှင်လာလျှင်ပင် အမှတ်အသားများမှာ ကျန်ရှိနေဦးမည် ဖြစ်သည်။

ထို့ပြင် အကယ်၍ သူတို့သည် ထိုအမှတ်အသားများကြောင့်သာ သေဆုံးသွားခဲ့ပါက မြေအောက်ကမ္ဘာပင်လျှင် သူတို့ကို ပြန်ခေါ်လာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လက်ရှိတွင် ကန်းလန်နယ်မြေမှာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်လျက် သူ၏ ခရမ်းရောင်နန်းတော်အတွင်း၌သာ ရှိနေရမည် ဖြစ်သည်။

“ငါ အရမ်းပင်ပန်းနေပြီ”

ထိုခဏ၌ ကျိယွမ်မှာ အလွန်ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရ၏။

သူနှင့် သူ၏ စိတ်ဝိညာဉ် လေးထောင်လုံးမှာ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြရသည်။

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုအားလုံးမှာ သူ့အပေါ်၌ စုပြုံကျရောက်လာ၏။

သက်ရှိအားလုံးမှာ သူနှင့် ဆက်သွယ်နေပြီး စိတ်ဝိညာဉ်များမှာလည်း အခြေခံအားဖြင့် သူ၏ အစိတ်အပိုင်းများ ဖြစ်ကြသဖြင့် သူတို့၏ ပင်ပန်းမှုအားလုံးမှာ သူ့ထံသို့ ရောက်လာခြင်း ဖြစ်သည်။

ဤပင်ပန်းမှုသည် စိတ်ဝိညာဉ်အားလုံး၏ ဒဏ်ရာများနှင့် ပေါင်းစပ်ကာ ယခုအခါ သူ၏ ပင်ပန်းမှု ဖြစ်လာသည်။

အကြွင်းမဲ့နယ်မြေက အဖိုးအိုတွေနဲ့ တိုက်တုန်းကတောင် ဒီလောက် မပင်ပန်းခဲ့ဘူး။

“ငါ ပြန်သွားပြီး... ခဏလောက် အနားယူဖို့ လိုတယ်”

ကျိယွမ် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ဝေဝါးနေသော မဟာကပ်ဘေးကြီးများ၏ အပိုင်းအစများမှာ ထူးဆန်းသော မြေမျက်နှာသွင်ပြင်အသစ်တစ်ခု ဖြစ်လာ၏။

အရင်ကဆိုလျှင် သူသည် ထိုနေရာသို့ ချက်ချင်းသွားကာ ၎င်း၏ လျှို့ဝှက်ချက်များကို စူးစမ်းမိပေလိမ့်မည်။

သို့သော် ယခုအခါတွင်မူ သူ အလွန်အမင်း ပင်ပန်းနေပြီ ဖြစ်သဖြင့် ခဏလောက် အိပ်စက်ရန် လိုအပ်နေသည်။

သွေးရောင်အလင်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကန်းလန်နယ်မြေ၏ ကောင်းကင်မှာ ပုံမှန်အရောင်သို့ ပြန်လည် ရောက်ရှိသွားသည်။

ကောင်းကင်ယံကို နီရဲစေခဲ့သော သွေးရောင်များလည်း ပျောက်ကွယ်သွား၏။

ကောင်းကင်ကို လင်းထိန်စေခဲ့သော နေနှင့်လတို့အပြင် သူ၏ သွေးရောင်သံချပ်ကာပေါ်၌ ပိုးစုန်းကြူးများကဲ့သို့ တောက်ပနေခဲ့သော ကြယ်ပွင့်များလည်း ပျောက်ကွယ်သွားကြသည်။

ယခုအခါ ကန်းလန်နယ်မြေ၏ ကောင်းကင်၌ နေမင်း ဆယ်စင်းသာ ကျန်ရှိတော့သည်။

နန်းဆောင်တစ်ခုအတွင်း၌ ကျန်းလင်းစုမှာ တစ်စုံတစ်ခုကို ခံစားမိပုံရသည်။

သူမသည် သူမ၏ ဝတ်ရုံစကို မလျက် သွေးရောင်ပုံရိပ် ရှိရာသို့ အပြေးသွားတော့သည်။

သွေးနံ့များမှာ လေထုထဲ၌ ပြည့်နှက်နေပြီး သွေးရောင်ပုံရိပ်၏ မျက်လုံးများထဲ၌မူ ပင်ပန်းနွမ်းနယ်မှုနှင့် ဝေဝါးမှုများ ရောယှက်နေ၏။

“ဆရာတူအစ်ကိုကြီး”

ကျန်းလင်းစုသည် သွေးများ စိုရွှဲနေသော သူ့ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်လုံးများထဲ၌ ဝမ်းသာမှုနှင့်အတူ စိုးရိမ်မှုများ ပြည့်သွားသည်။

“ငါ အရမ်းပင်ပန်းနေပြီ။ ခဏလောက်အိပ်ပဲအိပ်ပစ်ချင်တော့တယ်”

ကျိယွမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏ အသံမှာ အချိန်မရွေး အိပ်ပျော်သွားတော့မည့်အလား တိုးညင်းလှ၏။

သူ၏ ပင်ပန်းမှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီး တင်းမာနေသော အာရုံကြောများမှာ နောက်ဆုံး၌ စတင် လျော့ပါးလာသည်။

“အိပ်လိုက်ပါ”

ကျန်းလင်းစုက ဘာမှမစဥ်းစားဘဲ သူ၏ လက်ကို ကြင်နာစွာဆုပ်ကိုင်လျက် ပြောလိုက်သည်။

သူမသည် တံခါးဘောင်ကို မှီလျက် တံခါးခုံပေါ်၌ အသာအယာ ထိုင်လိုက်သည်။

ကျိယွမ် မျက်လုံးများကို မှိတ်လိုက်ပြီး သဘာဝကျကျပင် ကျန်းလင်းစု၏ ပေါင်ပေါ်သို့ ခေါင်းတင်ကာ အနားယူလိုက်၏။

သူ ချက်ချင်းဆိုသလို အိပ်ပျော်သွားတော့သည်။

ကျန်းလင်းစုသည် သူ ပို၍ သက်သောင့်သက်သာ ဖြစ်စေရန်နှင့် သူမအပေါ်၌ အသာအယာ မှီထားနိုင်ရန် သူမ၏ ကိုယ်ဟန်အနေအထားကို ညှိလိုက်သည်။

သူမသည် သွေးများ ပေကျံနေဆဲဖြစ်သော သူ၏ ချောမောသော မျက်နှာကို စိုက်ကြည့်လျက် ဘာစကားမျှ မပြောဘဲ ကြည့်နေမိ၏။

ကျိယွမ်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး သူ၏ အသက်ရှူသံမှာ မှန်မှန်လေး ထွက်ပေါ်နေသည်။

နေရောင်ခြည်မှာ အမိုးစွန်းများမှတစ်ဆင့် ဝင်ရောက်လာပြီး သူတို့ နှစ်ယောက်အပေါ်၌ နွေးထွေးပြီး နူးညံ့သော အရိပ်များကို ထင်ဟပ်စေသည်။

ကမ္ဘာကြီးမှာ အေးချမ်းပြီး တိတ်ဆိတ်သွားသလိုပင်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူမျှ မသိနိုင်မီမှာပင် ရုတ်တရက် ထွက်ပေါ်လာသော ဟိန်းဟောက်သံကြီးတစ်ခုက ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ဟိုကောင်လေး ကျိယွမ် ဘယ်မှာလဲ။ ဘယ်မှာ ပုန်းနေတာလဲ။ ငါအဖိုးကြီး ရောက်ပြီဟေ့”

ကျန်းရုဟွာသည် နောက်ဆုံးတွင် ဖုန်းထျန်းနယ်မြေသို့ ရောက်ရှိလာပြီး နန်းဆောင်၏ အမိုးပေါ်သို့ ဆင်းသက်လိုက်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တံခါးခုံ၌ ထိုင်နေသော လူငယ်နှင့် မိန်းကလေးကို မြင်တွေ့လိုက်ရသည်။

သွေးစွန်းနေသော ဝတ်ရုံကို ဝတ်ဆင်ထားသော ကောင်လေးမှာ မိန်းကလေး၏ ပေါင်ပေါ်၌ အိပ်ပျော်နေသည်။

သူ ထိတ်လန့်သွားပြီး တစ်ခုခု ပြောတော့မည့်အချိန်မှာပင် ကျန်းလင်းစု၏ တိုးညင်းပြီး အပြစ်တင်သံလေးကို ကြားလိုက်ရသည်။

“အဖေရယ်...အသံတိုးတိုးလုပ်ပါ၊ အစ်ကို ကြီးအိပ်နေတယ်”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းရုဟွာ၏ ဒေါသအားလုံးမှာ အစအနမကျန် ပျောက်ကွယ်သွားသည်။

“ဟူး...”

သူ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။

သူ့သမီးက သူ့ကို အဲဒီလို အသံမျိုးနဲ့ ပြောနေတဲ့အပြင် နောက်မှာ "အဖေရယ်" လို့တောင် ထည့်ပြောနေတာပဲ။ သူက ဘယ်လိုလုပ် လူဆိုး လုပ်နိုင်တော့မှာလဲ။

အဲဒီကောင်လေး နိုးလာတဲ့အခါမှ နှာခေါင်းကို အသေထိုးရမယ်..။

မင်းက အဲဒီ သွေးဝတ်စုံဓားနတ်ဘုရားနဲ့ နာမည်တူနေရုံနဲ့ ဒါမှမဟုတ် ဒဏ်ရာရနေရုံနဲ့ ငါ့သမီးကို အဲဒီလို လုပ်လို့ရမယ် မထင်နဲ့..။

ကျန်းရုဟွာသည် တိုးတိုးလေး ညည်းတွားရင်း ထွက်ခွာသွားပြီး အောက်ထပ်ရှိ အရက်ဆိုင်တစ်ခု၌ အသာအယာ ထိုင်လိုက်သည်။

“ဝန်ခံရမှာကတော့ အဲဒီကောင်လေးနဲ့ သွေးဝတ်စုံဓားနတ်ဘုရားနဲ့က တစ်မျိုးကြီး ဆက်စပ်နေသလိုပဲ။ နာမည်ကလည်း ကျိယွမ်ချင်း တူနေသလို၊ နှစ်ယောက်လုံးကလည်း သွေးရောင်ဝတ်ရုံ ဝတ်ကြတာပဲ”

ကျန်းရုဟွာသည် အရက်ကို သောက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

သို့သော် သူ့ရှေ့က ကျိယွမ်သည် မဟာကပ်ဘေးကြီးကို တိုက်ခိုက်နေသော သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်လိမ့်မည်ဟု သူ တစ်ခါမျှ မသံသယဖြစ်ဖူးပေ။

ထိုသို့သော အတွေးမျိုးကိုတောင် သူ မတွေးဖူးပေ။

ပထမအချက်မှာ သွေးဝတ်စုံဓားနတ်ဘုရားဆိုသည်မှာ သူ၏ ကမ္ဘာနှင့် များစွာ ဝေးကွာလွန်းလှသည်။ ဒုတိယအချက်မှာ ထိုမျှ မြင့်မြတ်လှသော ဖြစ်တည်မှုမျိုးက ဘယ်လိုလုပ်ပြီး လေသင်္ဘောပေါ်မှာ ထိုင်ပြီး သူ ကြွားတာတွေကို နားထောင်နေပါ့မလဲ။

နောက်ဆုံးတော့ ကျန်းရုဟွာ၏ စိတ်ထဲ၌ ထိုကဲ့သို့ မြင့်မြတ်သော ဖြစ်တည်မှုမျိုးမှာ နှစ်ပေါင်းထောင်ချီကာ တရားကျင့်နေပြီး နတ်ရေစင်တွေကိုပဲ သောက်နေလိမ့်မည်ဟု ထင်နေခြင်း ဖြစ်သည်။

အချစ်နှင့် သံယောဇဉ်တို့ကဲ့သို့သော ခံစားချက်မျိုးလား။

ထိုအရာများမှာ လွန်ခဲ့သော အချိန်များစွာကတည်းက ဖြတ်တောက်ပြီးသား ဖြစ်လိမ့်မည်။

ပြီးတော့ ငါ့သမီးရဲ့ အစွမ်းလေးနဲ့ အဲဒီ သွေးဝတ်စုံဓားနတ်ဘုရားရဲ့ မျက်စိထဲ ရောက်နိုင်ပါ့မလား။

“ဟူး... သမီးတွေကတော့ ကြီးလာရင် အနားမှာ ထားလို့မရတော့ပါဘူး”

ကျန်းရုဟွာက သူ့ဘာသာ ညည်းတွားရင်း တစ်ယောက်တည်း အရက်သောက်နေသည်။

သူ ဆက်သောက်နေရင်း တစ်ခုခု မူမမှန်တာကို သတိထားမိလာသည်။

ဘာကြောင့်မှန်းမသိ၊ ကျင့်ကြံသူတွေ ပိုပိုပြီး အရက်ဆိုင်ထဲမှာ တိတ်တိတ်လေး စုမိနေကြ၏။

ဘာလို့ ကျင့်ကြံသူတွေလဲ။

ဘာလို့လဲဆိုတော့ သူတို့အားလုံးက ဘာအသံမှ မထွက်ဘဲ ငြိမ်ငြိမ်လေး ရောက်လာကြတာ ဖြစ်လို့ပါပဲ။

ထိုင်ပြီးတာနဲ့ ကျင့်ကြံသူတစ်ယောက်မှ စကားမပြောကြပေ။ သူတို့သည် သူတို့၏ ကိုယ်ပိုင်အရက်ပုလင်းများကို ထုတ်ကာ အသာအယာ သောက်နေကြသည်။

ကျန်းရုဟွာသည် စိတ်ဝိညာဉ်အဆင့်တစ်ဦး ဖြစ်သော်လည်း သူတို့ ရောက်လာတာကိုတောင် သတိမထားမိခဲ့ပေ။

သူ အံ့သြမဆုံး ဖြစ်နေမိသည်။

“ဖုန်းထျန်းနယ်မြေကတော့ နာမည်ကြီးနယ်မြေဆိုတဲ့အတိုင်း ထိုက်တန်ပါတယ်။ ကျွမ်းကျင်သူ အများကြီးကို ဒီအတိုင်း တွေ့နေရတာပဲ”

သူ ဆက်သောက်နေသော်လည်း အရင်ကလို အသံမထွက်အောင် ထိန်းထားလိုက်ရသည်။

ဘာလို့လဲဆိုတော့ အရက်ဆိုင်ထဲက ကျင့်ကြံသူတိုင်းက ဘာအသံမှ မထွက်ဘဲ တိတ်တိတ်လေး သောက်နေကြလို့ပါ။

၄င်းသည် ကျန်းရုဟွာကို နည်းနည်းတော့ ရှက်သလိုလို ဖြစ်စေသည်။

သူ အိမ်ပြန်ရောက်တဲ့အခါ "ကျန်းရုဟွာ၏ ဖုန်းထျန်းယု ခရီးစဉ်" ဆိုတဲ့ စာအုပ်တစ်အုပ် ရေးပြီး ဒီက ကျင့်ကြံသူတွေရဲ့ ယဉ်ကျေးမှုကို မှတ်တမ်းတင်ဦးမယ်လို့ ဆုံးဖြတ်လိုက်သည်။

အရက်ဆိုင်မှာ စားပွဲထိုးလည်း မရှိသလို၊ အဆင့်မြင့်ကျင့်ကြံသူ အများအပြားရှိသော်လည်း ဘာအသံမှ မထွက်ဘဲ အရက်သောက်နေကြ၏။

သူတို့ရဲ့ ယဉ်ကျေးမှုကတော့ စံပြပါပဲ။

ထိုအချိန်တွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ကျန်းရုဟွာ၏ စားပွဲဆီသို့ လျှောက်လာကြသည်။

ခေါင်းဆောင်ဖြစ်သူက သူ၏ စိတ်ထဲသို့ တိုက်ရိုက် စကားလှမ်းပြောလိုက်သည်ဟ

-“ညီအစ်ကို၊ ကျုပ်တို့ ဒီမှာ အတူတူ ထိုင်လို့ ရမလား”

သူ ပြောရင်း အရက်ဆိုင်ထဲကို တစ်ချက် ကြည့်လိုက်သည်။

ကျန်းရုဟွာလည်း သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ချက်ချင်း မှင်တက်သွားသည်။

ဒီနေရာက ဘယ်တုန်းက ဒီလောက် လူစည်သွားတာလဲ။

ဖုန်းထျန်းမှာ စီးပွားရေးက ဒီလောက်တောင် ကောင်းတာလား။ ဖြစ်နိုင်တာက သူလည်း ကျန်းမိသားစုရဲ့ စီးပွားရေးကို ဒီမှာ လာချဲ့သင့်တယ်။

“ရပါတယ်”

ကျန်းရုဟွာက စိတ်ချင်းဆက်သွယ်ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။

ဒီက ကျင့်ကြံသူတွေက အရမ်းယဉ်ကျေးကြတာဆိုတော့ သူလည်း အသံကျယ်ကျယ် မပြောရဲပေ။ သူတို့နဲ့ စိတ်ချင်းဆက်သွယ်ပြီးပဲ ပြောရတော့သည်။

ဝမ်လင်းထုံက အဖြေကို ကြားလိုက်ရသဖြင့် ဝမ်လင်းရှန်းနှင့် အခြားတစ်ယောက်နှင့်အတူ ထိုင်လိုက်သည်။

ထိုခဏ၌ သူတို့ သုံးယောက်လုံး၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နေသည်။

“မြို့ကြီးက ကျင့်ကြံသူတွေက တကယ်ပဲ ယဉ်ကျေးကြတာပဲ”

ကျန်းရုဟွာက အံ့သြတကြီး ပြောလိုက်သည်။

ဝမ်လင်းထုံ၏ မျက်လုံးများထဲ၌ စိုးရိမ်မှု အနည်းငယ် ပေါ်လာပြီး ပြန်ပြောလိုက်၏။

“ညီအစ်ကိုကတော့ စိုးရိမ်စရာမရှိဘဲ တကယ်ကို အေးအေးဆေးဆေး နေနိုင်တာပဲနော်”

“အေးဆေးတာပေါ့ ကျုပ်အဖိုးကြီးရဲ့.....အဲ.."

ကျန်းရုဟွာ ဒေါသထွက်သွားသည်။

“ကျုပ်သမီးကို ဟိုကောင်လေးက ခေါ်သွားတာ ခင်ဗျား သိလား။ ဒီနေ့ဆိုရင် သူ့ကြောင့် သမီးက ကျုပ်ကိုတောင် စိတ်ဆိုးနေတာ။ ကျုပ်တော့ ရူးတော့မှာပဲ”

ဝမ်လင်းထုံ ခေတ္တ မှင်တက်သွားသည်။

ဒီက ကျင့်ကြံသူတွေ အားလုံးက သွေးဝတ်စုံဓားနတ်ဘုရားကို လာပြီး ဂါရဝပြုကြတာ မဟုတ်ဘူးလား။

ဒီလူက ဘာလို့ မိသားစုကိစ္စတွေကိုပဲ ပြောနေရတာလဲ။

“သမီးဆိုတာ အိမ်ထောင်ကျရင် သွန်ပြီးသား ရေလိုပါပဲ”

သူက နှစ်သိမ့်သည့်အနေနဲ့ ခပ်တိုးတိုး ပြောလိုက်သည်။

“ဟွန်း... ကျုပ်က အရှေ့ဘက်ပြည်နယ်ကနေ ဒါကို ရှင်းဖို့ အဝေးကြီး လာခဲ့တာ။ အဲဒီကောင်လေး နိုးလာတဲ့အခါ ကျုပ် သူ့နှာခေါင်းကို အသေထိုးမယ်၊ မဟုတ်ရင် ကျုပ် ကျေနပ်မှာမဟုတ်ဘူး”

ကျန်းရုဟွာ၏ အသံမှာ မကျေနပ်မှုများ ပြည့်နေသည်။

ကောင်းကင်ယံ၌ တိုက်ပွဲကြီး ဖြစ်ပွားနေပြီး ကျင့်ကြံသူအားလုံး အသက်အတွက် စိုးရိမ်နေရချိန်၌ ကျန်းရုဟွာ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ သူ၏ သမီးနှင့် မိသားစုကိစ္စသာ ဖြစ်သည်။

ဝမ်လင်းထုံ စကားမပြောနိုင်တော့ပေ။

သူက “ညီအစ်ကို၊ ကျုပ်တို့က ဒီမှာ သွေးဝတ်စုံဓားနတ်ဘုရားကို လာကြည့်တာလေ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ စိတ်မလေစမ်းပါနဲ့” လို့ ပြောချင်နေမိသည်။

သို့သော် သူက ဝန်းရံပေးလိုက်၏။

“ဟုတ်တာပေါ့၊ ထိုက်တန်ရင်တော့ ထိုးလိုက်ပါ"

“အတိအကျပဲ .. ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာက အဲဒီကောင်လေးက ကျုပ်ထက် နည်းနည်း ပိုအစွမ်းထက်နေတာပဲ၊ ကျုပ်ထက် တစ်ဆင့် ပိုမြင့်တယ်။ သူက ပြန်ထိုးရင်တော့ ရှက်စရာကြီး ဖြစ်နေဦးမယ်”

ကျန်းရုဟွာက ညည်းတွားရင်း ကြွားလိုက်သည်။

ဒါဟာ “တွေ့လား၊ ကျုပ်သမက်က တကယ်တော့ တော်တော်လေး အစွမ်းထက်တာ” လို့ ပြောနေသကဲ့သို့ပင်။

“အစွမ်းက အရေးမကြီးပါဘူး။ ဘယ်သမက်ကများ သူ့ယောက္ခမကို ပြန်ထိုးရဲမှာလဲ။ သူသာ ခင်ဗျားကို လက်ဖျားနဲ့ ထိရဲရင် ကျုပ် ဝင်ကူပေးမယ်"

ဝမ်လင်းထုံက အမှတ်မထင် ပြောလိုက်မိသည်။

“ခင်ဗျား ပြောတာ မှန်တယ်.. မြို့ကြီးသားတွေက တကယ်ပဲ အကြောင်းပြချက်ရှိကြတာပဲ။ ဒါသာ ကျုပ်ဇာတိမှာဆိုရင် အဆင့်မြင့်ကျင့်ကြံသူတွေ ဒီလောက်စုနေတာနဲ့ တိုက်ပွဲတွေ ဖြစ်နေလောက်ပြီ”

ကျန်းရုဟွာက အရက်ဆိုင်ထဲတွင် ယဉ်ကျေးစွာထိုင်နေကြသောကျင့်ကြံသူတွေကို ကြည့်ပြီး ပြောလိုက်သည်။

ဝမ်လင်းထုံ စိတ်ထဲကနေ ခေါင်းခါလိုက်မိ၏။

“ညီအစ်ကို... ခင်ဗျားကတော့ တကယ်ပဲ ဘာမှ မသိတာပဲလား”

သွေးဝတ်စုံဓားနတ်ဘုရားက အပေါ်မှာ ရှိနေတာဆိုတော့ ဒီက ကျင့်ကြံသူတစ်ယောက်မှ အသံကျယ်ကျယ် မပြောရဲကြတာလေ။

ဘေးမှာ ထိုင်နေတဲ့ နှစ်ပေါင်းသောင်းချီ ရန်သူဖြစ်နေတဲ့ မဟာအုပ်စိုးရှင်ကြီး နှစ်ယောက်တောင် ဒီမှာ ရောက်နေလို့ သူတို့ရဲ့ ရန်ငြိုးတွေကို ခဏ မေ့ထားကြတာ ခင်ဗျား မမြင်ဘူးလား။

သို့သော် ဝမ်လင်းထုံ တိတ်တိတ်လေး စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ကျန်းရုဟွာ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

“ညီအစ်ကို၊ ဟိုအပေါ်မှာ ကျုပ်သမက် ရှိတယ်။ ကျုပ် သွားပြီး စကားပြောလိုက်ဦးမယ်။ သူသာ ကျုပ်ကို ပြန်ထိုးရင် ခင်ဗျား ကူညီပေးရမယ်နော်"

ကျန်းရုဟွာက အရက်ရှိန်ကြောင့် နည်းနည်း မူးနေပုံရသည်။

သူ ကျိယွမ်ကို တကယ် ထိုးဖို့တော့ စိတ်မကူးထားပါ ။ နောက်ဆုံးတော့ ဒါက သူ့မိသားစုအတွက် လူကြားထဲမှာ ရှက်စရာ ဖြစ်လိမ့်မည်။

ဒါပေမဲ့ ကောင်းကောင်း ဆူပူဖို့ကတော့ မလွှဲမရှောင်သာပါပဲ။

ဝမ်လင်းထုံ မှင်တက်သွားပြီး သူ၏ စိတ်ထဲမှာ ဗလာဖြစ်သွားသည်။

နေဦး... ဘာပြောလိုက်တာလဲ။

ခင်ဗျားသမက်က အပေါ်မှာ ရှိနေတာ ဟုတ်လား။

“ညီအစ်ကို... စီနီယာ... ခင်ဗျားရဲ့ သမက်နာမည်က ဘယ်သူလဲ”

ဝမ်လင်းထုံက ရင်တထိတ်ထိတ်နဲ့ မေးလိုက်တော့သည်။

---------

အခန်း ၄၀၅ - ငါ့သမက်ကတော့ အတော်လေး အစားကြီးတာပဲ

“အဟမ်း... သူ့နာမည်က ကျိယွမ်ပါ”

ကျန်းရုဟွာက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

နောက်ဆုံးတော့ မဟာကပ်ဘေးကြီးကို ဖယ်ရှားပေးခဲ့သူ ကျိယွမ်အကြောင်းကို ဤကမ္ဘာတွင် မည်သူက မသိဘဲ ရှိပါ့မည်နည်း။

သူ့သမက်က ထိုကဲ့သို့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးနှင့် နာမည်တူနေခြင်းမှာ အနည်းငယ်တော့ အနေရခက်၏။

သို့သော် ကြားလိုက်ရသော ဝမ်လင်းထုံသည် မဟာအုပ်စိုးရှင်တစ်ဦး ဖြစ်သော်လည်း ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားသည်။

သူသည် လှေကားဘက်သို့ အမြန်လှည့်ကြည့်လိုက်ရာ သစ်သားလှေကားထစ်များပေါ်မှ ခြေသံများနှင့်အတူ သွေးရောင်ပုံရိပ်တစ်ခုမှာ ဖြည်းဖြည်းချင်း ဆင်းလာနေ၏။

ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားသော ကျန်းလင်းစုသည် ထိုပုံရိပ်ကို တွဲကူလာပြီး သူမ၏ မျက်လုံးများထဲ၌ ဖုံးဖိမရသော ဝမ်းသာမှုများ ပြည့်နှက်နေသည်။

အရက်ဆိုင်အတွင်း တိတ်တိတ်လေး အရက်သောက်နေကြသော ကျင့်ကြံသူအားလုံးမှာ ဤခဏ၌ မတ်တတ်ရပ်လိုက်ကြပြီး သူတို့၏ ခွက်များကို တစ်ပြိုင်နက်တည်း ချလိုက်ကြသည်။

အရက်ဆိုင်အတွင်း၌ သစ်သားလှေကားပေါ်မှထွက်ပေါ်နေသော တိုးညင်းသော ခြေသံများမှလွဲ၍ အခြားအသံ မရှိပေ။

ကျန်းရုဟွာမှာ အခြားကျင့်ကြံသူများ မတ်တတ်ရပ်လိုက်သည်ကို သတိမထားမိဘဲ ကျိယွမ်၏ ခြေသံများကြောင့် မျက်နှာ အနည်းငယ် နီမြန်းသွားသည်။

ဟူး... ငါ့သမက်ကတော့ ငါ့လိုပဲ ၊ နယ်မြို့လေးက လာတာမှန်း သိသာတယ် ၊ လမ်းလျှောက်တာ ဘယ်လောက် အသံကျယ်သလဲ ကြည့်ဦး။

ဒီနေရာက ဘယ်လောက် တိတ်ဆိတ်နေသလဲဆိုတာ သူ မသိဘူးလား။

တကယ့်ကို ယဉ်ကျေးမှု မရှိတာပဲ။

အရှေ့ဘက်ပြည်နယ်များသို့ ပြန်ရောက်သည့်အခါ ကျိယွမ်ကို သေချာ ပညာပေးရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။

အပြင်ထွက်သည့်အခါ အရှေ့ဘက်ပြည်နယ်များက ကျင့်ကြံသူတွေကို အရှက်မခွဲသင့်ပေ။

နွေဦးအိပ်မက်မှ နိုးထမရှိသေးသလို ပျင်းရိသော အမူအရာရှိသည့် ချောမောလှပလွန်းသော မျက်နှာရှိသည့်သွေးရောင်ပုံရိပ် ပေါ်လာသောအခါ မှ ကျန်းရုဟွာက ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

သူသည် သူ၏သမီးအဖိုးတန်ကို တွဲထားသည့် ကောင်လေးကို ဒေါသတကြီး မေးခွန်းထုတ်တော့မည့် အချိန်မှာပင်...

အရက်ဆိုင်အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ တစ်ညီတစ်ညွတ်တည်း ဦးညွှတ်လိုက်ကြပြီး ဟိန်းထွက်လာသော အသံကြီးက လေထုထဲ၌ ပြည့်သွားတော့သည်။

“သွေးဝတ်စုံ ဓားနတ်ဘုရားကို ဂါရဝပြုပါတယ်”

“စီနီယာက မဟာကပ်ဘေးကြီးကို ဖယ်ရှားပေးခဲ့တာဟာ တိုင်းတာလို့မရတဲ့ ကျေးဇူးတရားပါပဲ။ စီနီယာဟာ ကန်းလန်နယ်မြေရဲ့ ဧကရာဇ် ဖြစ်သင့်ပါတယ်”

သူတို့၏ အသံများမှာ တစ်ယောက်တည်း ပြောသကဲ့သို့ ညီညာလှပြီး လှိုင်းလုံးကြီးများကဲ့သို့ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွား၏။

ထိုခဏ၌ အရက်ဆိုင်အတွင်းရှိ မဟာအုပ်စိုးရှင်အားလုံးမှာ သူတို့၏ ယခင်ဂုဏ်ဒြပ် သို့မဟုတ် ကြီးမြတ်သော မျိုးရိုးများကို ဂရုမစိုက်တော့ဘဲ ဦးညွှတ်လိုက်ကြသည်။

ဤသွေးရောင်ဝတ်ရုံနှင့် ပုံရိပ်ရှေ့တွင် အားလုံးမှာ အစွမ်းကုန် နှိမ့်ချနေကြသည်။

ကျန်းရုဟွာမှာ သူ့မျက်စိနှင့် နားကိုပင် မယုံနိုင်ဘဲ မျက်တောင်တခတ်ခတ် ဖြစ်သွားပြီး အရက်ဆိုင်ထဲမှ ကျင့်ကြံသူများကို အံ့သြစွာကြည့်၏။

တစ်ဖန် သူ့၏သမီးနှင့်ကျိယွမ်အား ကြည့်၏။

သူ့နှလုံးသားမှာ လျှပ်စီးအပစ်ခံရသကဲ့သို့ ဟာခနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံးလည်း ရှိန်းရှိန်းကြီး ဖြစ်သွားသည်။

ကျင့်ကြံသူများ၏ အသံများမှာ သူ့နားထဲ၌ တဝီဝီနှင့် မြည်နေ၏။

ကျိယွမ်ဆိုတော့... ဒါ ဟိုကျိယွမ်လား..။

သူ ဘာကိုမျှ မတွေးတောနိုင်တော့ဘဲ လုံးဝ လမ်းပျောက်နေသည်။

ထို့အတူ သူ ထိတ်လန့်လာ၏။

ခုနတင် ကျိယွမ်အား နှာခေါင်းကို ပိတ်ထိုးပစ်မည်ဟု သူကြွားခဲ့မိသည် မဟုတ်ပါလား။

ယခုအခါ သူသည် ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလားမသိတော့ပေ ။ အကျပ်ရိုက်မှုမျိုးနှင့် ကြုံနေရသလို ရင်ထဲ၌ ဝမ်းသာမှုများ လှိုင်းထနေသော်လည်း အသေကောင်လိုပဲ ငြိမ်နေရသည်။

ဒါဆို ငါ... ထီပေါက်သွားတာလား။

ဝမ်လင်းထုံသည် ကျန်းရုဟွာကို အကဲခတ်နေဆဲဖြစ်ပြီး သူ ခုနက ကြွားခဲ့သလို တကယ် လုပ်မလားဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။

သို့သော် ခဏတာ အတွေးလေးသာ ဖြစ်ပြီး သူ ထပ်မတွေးရဲတော့ပေ။

နောက်ဆုံးတော့ သူ့ရှေ့က ပုဂ္ဂိုလ်မှာ မဟာကပ်ဘေးကြီး သုံးထောင်​ပေါင်းထားသည်ကိုပင် ယခုလေးတင် နှိမ်နင်းထားသူ မဟုတ်ပါလား..။

သူ့လက်အောက်မှာလည်း ထိပ်တန်းနတ်ဘုရားတွေ ဖြစ်ကြတဲ့ ယန်နတ်ဘုရားလက်အောက်ခံတွေ ထောင်နဲ့ချီပြီး ရှိနေတာ။

အထက်ဘုံမှာဆိုလျှင်ပင် ဤပုဂ္ဂိုလ်မှာ အလွန်အမင်း အစွမ်းထက်သော အုပ်ချုပ်သူ ဖြစ်နေပေလိမ့်မည်။

ထိုအချိန်တွင် ကျိယွမ်သည် အိပ်ချင်မူးတူးဖြင့် သမ်းလိုက်ပြီး သူ၏ မျက်လုံးများထဲ၌ ပင်ပန်းမှုများ ရှိနေဆဲ ဖြစ်သည်။

သူသည် ရောက်ရှိနေသော မဟာအုပ်စိုးရှင်များနှင့် အရူးကုသ​ဆေးလိုအပ်နေပုံရသော ကျန်းရုဟွာကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဧကရာဇ်ဆိုတဲ့ ဘွဲ့က တာဝန်တွေနဲ့ လာတာပါ။ ကျုပ်... အဲဒီအတွက် မထိုက်တန်ပါဘူး”

ဧကရာဇ်တစ်ပါးသည် ကန်းလန်နယ်မြေ၏ ဝန်ထုပ်ဝန်ပိုးကို ပခုံးထမ်းရမည် ဖြစ်သည်။

ဒါပေမဲ့ ငါ က ကန်းလန်နယ်မြေကို ဝါးမြိုလိုက်ပြီလေ၊ ဘယ်လိုလုပ် တာဝန်တွေကို ထမ်းဆောင်နိုင်မှာလဲ။

ထို့ကြောင့် သူ မထိုက်တန်ပါ။

မဟာအုပ်စိုးရှင်များထဲမှ မည်သူမျှ စကားမပြောရဲကြသလို သူ၏ စကားကိုလည်း မငြင်းရဲကြပေ။

မဟာကပ်ဘေးကြီးကို ဖျက်ဆီးခဲ့သော သွေးဝတ်စုံ ဓားနတ်ဘုရား၏စကားက ဘယ်ဥပဒေထက်မဆို ပိုပြီး အလေးသာသည်။

ကျန်းရုဟွာသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါမှ သေချာသွားတော့သည်။

ဤကျိယွမ်သည် အမှန်တကယ်ပင် ထိုကျိယွမ် ဖြစ်၏။

မဟုတ်ရင် ဒီကျင့်ကြံသူတွေ အားလုံးက ဘာလို့ ဒီမှာ စုပြီး... ပြဇာတ် လာကပြနေမှာလဲ။

ဒီလူတွေရဲ့ ကျင့်ကြံမှုကို ငါဘာလို့ ခန့်မှန်းလို့ မရတာလဲဆိုတာ မဆန်းတော့ဘူး ၊ သူတို့ထဲမှာ အားနည်းဆုံးဆိုသူတောင် မဟာအုပ်စိုးရှင်တွေ ဖြစ်နေလောက်ပြီ။

“စီနီယာက လောကတစ်ခုလုံးရဲ့ အုပ်ချုပ်သူ ဖြစ်သင့်ပါတယ်"

တစ်ချိန်က ကန်းလန်နယ်မြေ၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သူ မဟာသခင် ပိုင်ယွီက ဦးညွှတ်လျက် ပြောလိုက်သည်။

အခြား မဟာသခင်များကလည်း သူ့စကားကို ချက်ချင်း ထောက်ခံကြ၏။

ယခုအခါ မဟာကပ်ဘေးကြီးကို ဖယ်ရှားလိုက်ပြီ ဖြစ်သဖြင့် သွေးဝတ်စုံ ဓားနတ်ဘုရားသာ ကမ္ဘာ့အုပ်ချုပ်သူ မဖြစ်လာလျှင် သူတို့ ဆက်လက် ရှင်သန်နေဖို့ ဘာအကြောင်းပြချက် ရှိတော့မှာလဲ။

ပြီးတော့ ကန်းလန်နယ်မြေရဲ့ ကြယ်တွေလည်း ပျောက်ကွယ်သွားပြီလေ၊ ကောင်းကင်မှာ နေမင်း ဆယ်စင်းပဲ ကျန်တော့တာ။

သူတို့အတွက် ဘာအနာဂတ် ရှိတော့မှာလဲ။

“မဟာကပ်ဘေးကြီးကို ဖယ်ရှားလိုက်ပြီ ဆိုပေမဲ့ သူ့နောက်ကွယ်က ဖြစ်တည်မှုက ခင်ဗျားတို့ အားလုံးအပေါ်မှာ အမှတ်အသားတွေ ထားခဲ့တယ်”

ကျိယွမ်က ပြောလိုက်သည်။

“ဒါကြောင့် ကျုပ်က ကန်းလန်နယ်မြေကို ဝါးမြိုပြီး ကျုပ်ရဲ့ ခရမ်းရောင်နန်းတော်ထဲမှာ ထားလိုက်တာ။ တကယ်လို့ ခင်ဗျားတို့က ကျုပ်ရဲ့ ခရမ်းရောင်နန်းတော်ကနေ ထွက်သွားရင်၊ ပြီးတော့ မဟာကပ်ဘေးကြီး နောက်ကွယ်က ဖြစ်တည်မှုက လက်စားချေဖို့ ကြိုးစားလာရင် သူစိတ်ကူးလိုက်ရုံနဲ့ ခင်ဗျားတို့ အားလုံး သေသွားနိုင်တယ်"

“ဒါကြောင့်... လောလောဆယ်တော့ ခင်ဗျားတို့ ကျုပ်ရဲ့ ခရမ်းရောင်နန်းတော်ထဲမှာပဲ နေရလိမ့်မယ်"

“ကျုပ်က သဘောကောင်းတဲ့လူပါ၊ ဒါကြောင့် ခင်ဗျားတို့ရဲ့ သဘောတူညီချက် မပါဘဲ ဝါးမြိုလိုက်တယ် ဆိုပေမဲ့ အိမ်လခတော့ မယူပါဘူး”

ကျိယွမ်က ပြောရင်းမှ ပျင်းရိစွာ အကြောဆန့်၏။

ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အချို့မှာ အံ့သြနေကြသလို အချို့မှာလည်း ဇဝေဇဝါ ဖြစ်နေကြသည်။

ထိုခဏ၌ ဝမ်လင်းထုံ ရှေ့သို့ ထွက်လာကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“စီနီယာ သွေးဝတ်စုံဓားနတ်ဘုရား ပြောတာ မှန်ပါတယ်။ ကျုပ်က ရှင်းလီနယ်မြေက လာတာပါ၊ ကျုပ်နယ်မြေက ယန်နတ်ဘုရားတွေလည်း ဒါကို ပြောခဲ့ဖူးတယ်။ မဟာကပ်ဘေးကြီး နောက်ကွယ်က လူက သက်ရှိအားလုံးအပေါ် အမှတ်အသား ထားခဲ့တယ်။ ကျုပ်တို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက သူ့ရဲ့ စိတ်ကူးတစ်ခုတည်းအပေါ်မှာပဲ ရှိတာ"

“အခု မဟာကပ်ဘေးကြီးကို ဖျက်ဆီးလိုက်ပြီဆိုတော့ အဲဒီဖြစ်တည်မှုက ဒါကို သိသွားရင် ကျုပ်တို့ရဲ့ အမှတ်အသားတွေကို ဖျက်ပြီး ကျုပ်တို့ရဲ့ အသက်တွေကို ရိတ်သိမ်းသွားနိုင်တယ်"

ထိုစကားကို ကြားလိုက်ရသောအခါ အခြားကျင့်ကြံသူများမှာ ချွေးစေးများ ထွက်လာကြ၏။

မဟာကပ်ဘေးကြီးကတောင် အတော်လေး ထိတ်လန့်စရာ ကောင်းနေတာကို၊ သူ့နောက်ကွယ်က ဖြစ်တည်မှုဆိုတာ... စဉ်းစားလို့တောင် မရနိုင်ပေ။

သူတို့ရဲ့ အစီအစဉ်တွေ၊ သူတို့ရဲ့ တွက်ချက်မှုတွေ အားလုံးဟာ အခုတော့ အဓိပ္ပာယ် မရှိတော့ပေ။

မဟာသခင်ပိုင်ယွီက ရှေ့သို့ ထွက်လာပြီး ခိုင်မာသော မျက်လုံးများဖြင့် ပြောလိုက်၏။

“စီနီယာရဲ့ အလိုတော်ဟာ ကန်းလန်နယ်မြေရဲ့ အလိုတော်ပါပဲ”

ထိုခဏ၌ သူသည် လောကတစ်ခုလုံး၏ အုပ်ချုပ်သူဘွဲ့အကြောင်းကို ထပ်မပြောတော့ပေ။

နောက်ဆုံးတော့ ကန်းလန်နယ်မြေရှိ သက်ရှိတိုင်းဟာ ကျိယွမ်ကြောင့် အသက်ဆက်နိုင်ကြတာ မဟုတ်ပါလား။

“ကျုပ်က အဲဒီလိုအရာတွေကို စိတ်မဝင်စားပါဘူး”

ကျိယွမ်ကတော့ အရေးစိုက်ဟန်မရှိပါ။

“ကျုပ်က အားနည်းပြီး ရည်မှန်းချက် မရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပါပဲ၊ ကိုယ့်ကိုယ်ကိုယ်တောင် မနည်း ကာကွယ်နေရတာ၊ နည်းနည်းလည်း လူကြောက်တတ်ပြီး တစ်ယောက်တည်း နေတတ်တဲ့လူမျိုးပါ။”

"ဟူး... ရက်စက်လှတဲ့ ဒီကမ္ဘာကြီးကပဲ ကျုပ်ကို ဒီလိုတွေ လုပ်လာအောင် တွန်းပို့ခဲ့တာပဲ"

“မဟူရာတောင်တန်းဂိုဏ်းက အရမ်း မောက်မာမနေရင်၊ အလင်းနန်းတော်က လူတွေကို အရမ်း အနိုင်မကျင့်ရင်၊ အမှောင်နေမင်းက အရမ်း ဖိနှိပ်မနေရင်၊ ပြီးတော့ မဟာကပ်ဘေးကြီးကလည်း ဒီလောက် ရက်စက်မနေရင်... နောက်ပြီး အွန်လိုင်းက လူတွေက ကျုပ်ကို အမြဲ လိုက်နှောင့်ယှက်မနေရင် ကျုပ် ဒီလောက် ပင်ပန်းမှာ မဟုတ်ပါဘူး။”

“ကျုပ်က အေးချမ်းပြီး၊ ဖော်ရွေတဲ့၊ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ကျင့်ကြံခြင်းလောကကိုပဲ မြင်ချင်တာပါ။ ဒီလောက်ပါပဲ.."

“အဲဒီလိုသာ ဖြစ်လာရင် ကျုပ် ဂိုဏ်းထဲမှာပဲ တစ်နေကုန် ဂိမ်းဆော့ပြီး နေချင်တာ”

ကျိယွမ်က တည်တည်တံ့တံ့ပြောလိုက်သည်။

သူသည် သဘာဝအတိုင်း လူကြောက်တတ်သူဖြစ်သဖြင့် ကယ်တင်ရှင် လုပ်ရန် တကယ်ပင် မသင့်တော်ပေ။

ဂိမ်းထဲမှာ အဲဒီလို အခန်းကဏ္ဍက သရုပ်ဆောင်တာ ပြဿနာမရှိပေမဲ့ လက်တွေ့မှာတော့ မလုပ်ချင်ပါ။

အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမှ မပြောရဲကြပေ။

ကျိယွမ်၏ စကားများမှာ သူတို့ကို ဇဝေဇဝါ ဖြစ်စေသည်။

ကျန်းလင်းစုသည် သူမ၏ ဆရာတူအစ်ကိုကြီးကို ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ပါ။

သူမ၏အစ်ကိုကြီးမှာ အရင်အတိုင်းပါပဲ ။ သူ့စကားလုံးတွေက အမြဲတမ်း ထူးခြားနေမြဲ ဖြစ်သည်။

“စိတ်ချပါ စီနီယာ။ ကျုပ်တို့ ကျင့်ကြံခြင်းလောကရဲ့ ကိုယ်ကျင့်တရားတွေကို သန့်စင်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်”

မဟာသခင် ပိုင်ယွီက ခိုင်မာသော အသံဖြင့် ထပ်မံကတိပေးလိုက်သည်။

အခြားသော ဆဲဆိုတတ်သည့် အလေ့အကျင့်ရှိသော မဟာအုပ်စိုးရှင်အချို့မှာတော့ ချွေးများ ထွက်လာကြ၏။

သို့သော် သူတို့လည်း ဘာတတ်နိုင်တော့မည်နည်း။

သူတို့က ညီညာစွာကတိပြုလိုက်ရသည်။

“စီနီယာအတွက် အေးချမ်းပြီး ဖော်ရွေတဲ့ ကျင့်ကြံခြင်းလောကကြီး တည်ဆောက်ဖို့ ကျုပ်တို့ ကူညီပါ့မယ်လို့ ကတိပြုပါတယ်”

“ကောင်းတာပေါ့”

ကျိယွမ်က အသိအမှတ်ပြုသလို ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။

“ခဏလေးဦး။ မဟာကပ်ဘေးကြီးနဲ့ တိုက်နေတုန်းက တိုက်ပွဲရဲ့ ရိုက်ခတ်မှုကြောင့် သက်ရှိအတော်များများ သေဆုံးကုန်ကြတယ်။ ဟူး... ဒါက ကျုပ်အမှားပါပဲ။”

သူ သက်ပြင်းချလိုက်မိသည်။

မြေအောက်ကမ္ဘာကတစ်ဆင့် ယင်နဲ့ယန်ကို ခွဲခြားထားသော်လည်း တိုက်ပွဲ၏ ပြင်းထန်လွန်းသော ရိုက်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုများကို မတားဆီးနိုင်ခဲ့ပေ။

မဟာသခင်ပိုင်ယွီက ချက်ချင်း ပြန်ပြော၏။

“ဒီတိုက်ပွဲက စီနီယာ့အမှား မဟုတ်ပါဘူး"

“ဒါက မဟာကပ်ဘေးကြီးရဲ့ အမှားပါ”

"ဟုတ်ပါတယ် သူ့ကြောင့်သေကုန်တာပါ "

မည်သူမျှ ကျိယွမ်ကို အပြစ်မတင်ရဲကြပေ။

အကယ်၍ တစ်ဦးတစ်ယောက်က အပြစ်တင်ခဲ့လျှင်ပင် မဟာသခင်များက ထိုအပြစ်တင်သံများကို ကျိယွမ်၏ နားထဲသို့ ရောက်အောင် ခွင့်ပြုမည် မဟုတ်ပေ။

“ကျုပ်က ကြိုတင်ပြင်ဆင်ထားဖို့ တော်ခဲ့လို့ တော်သေးတာပေါ့။”

သွေးရောင်ဝတ်ရုံနှင့် ကျိယွမ်သည် သူ၏ လက်ကို မြှောက်လိုက်ပြီး ပြောလိုက်ရာ ယခင်က ပျင်းရိသော အမူအရာမှာ ပျောက်ကွယ်သွားပြီး နတ်ဘုရားတစ်ပါး၏ အရှိန်အဝါများ ပေါ်လာတော့သည်။

အထက်ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

သူသည် ကျန်းလင်းစု၏ လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း သူ၏ နတ်ဘုရား အရှိန်အဝါမှာ ငြင်းဆန်လို့ မရပေ။

ကျန်းရုဟွာပင်လျှင် ရိုသေလေးစားမှု အပြည့် ဖြစ်သွားသည်။

အခြားသူများမှာလည်း အလားတူပင် ခံစားနေကြရသည်။

သွေးဝတ်စုံ ဓားနတ်ဘုရားမှာ အရင်က အလွန်ပင် ရိုးသားပြီး သာမန်လူတစ်ယောက်လို ဖြစ်နေခဲ့သဖြင့် ယခုဖြစ်ရပ်များမှာ အိပ်မက်တစ်ခုလို ဖြစ်နေ၏။

ယခုအခါမှသာ သူ၏ ဂုဏ်ဒြပ်နှင့် ပို၍ သင့်တော်တော့သည်။

မြင့်မြတ်ပြီး တိုင်းတာလို့မရနိုင်သော၊ နက်နဲပြီး ခန့်မှန်းလို့မရနိုင်သော အရှိန်အဝါများပင်။

သူတို့ကြည့်နေခိုက်မှာပင် ရုတ်တရက် သူ၏ အရှိန်အဝါမှာ မှောင်မိုက်ပြီး အေးစက်သွား၏။

မြေအောက်ကမ္ဘာ၏ တံခါးကြီးများ ပွင့်သွားသလို ဖြစ်နေပြီး အဆုံးမဲ့လှသော ထူးဆန်းသော စွမ်းအင်များ စီးထွက်လာသည်။

ကြီးမားလှသော နတ်ဘုရားကဲ့သို့ ပုံရိပ်ကြီးက စကားပြောလိုက်ရာ သူ၏ အသံမှာ ရှေးဟောင်း ရွတ်ဖတ်သံကြီးကဲ့သို့ ကျယ်လောင်နက်ရှိုင်းလှသည်။

“ဝိညာဉ်တို့ ကျုပ်ထံ ပြန်လာကြ။ အရပ်လေးမျက်နှာမှာ အနားယူစရာ မရှိဘူး။”

“အမြစ်မရှိတဲ့လူတွေဟာ လှိုင်းလုံးပေါ်က ရေမှော်ရုံတွေလိုပဲ လွင့်မျောနေကြတယ်။”

“အထီးကျန်တဲ့လူတွေဟာ လေထဲက ဂွမ်းစတွေလိုပဲ ဘာကိုမှ တွယ်ကပ်လို့ မရဘူး။”

“ကျုပ်ရဲ့ အမှတ်အသား ရှိတဲ့သူအားလုံး ပြန်လာကြ။”

သူ၏ စကားနှင့်အတူ ကမ္ဘာတစ်ခုလုံး တုန်ခါသွားသည်။

ထူးဆန်းသော အရှိန်အဝါများမှာ ပို၍ ပို၍ ထူထပ်လာ၏။

ကျိယွမ်၏ အသံမှာ ကန်းလန်နယ်မြေ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး သက်ရှိတိုင်း ကြားလိုက်ရသည်။

“ဒါ သွေးဝတ်စုံ ဓားနတ်ဘုရားရဲ့ အသံလား”

“သူ ဘာလုပ်နေတာလဲ”

မရေမတွက်နိုင်သော ကျင့်ကြံသူများ၊ သာမန်လူသားများ၊ တိရစ္ဆာန်များနှင့် ပိုးမွှားများပင်လျှင် ဇဝေဇဝါ ဖြစ်နေကြသည်။

မဟာအုပ်စိုးရှင်များကလည်း သူတို့၏ နတ်ဘုရားအာရုံများဖြင့် စူးစမ်းလိုက်ကြရာ ပျက်စီးနေသော တောင်များ၊ မြစ်များနှင့် သေဆုံးနေသော မြို့များတွင် သေဆုံးသွားခဲ့သမျှသော သူအားလုံးမှာ ထူးဆန်းသော နည်းလမ်းဖြင့် ပြန်လည် အသက်ဝင်လာကြသည်ကို တွေ့လိုက်ရ၏။

“ငါ... အသက်ရှင်နေတာလား”

“မဟုတ်ဘူး၊ ဘာတွေ ဖြစ်နေတာလဲ”

“အဖေ... အဖေ အသက်ရှင်နေတာပဲ”

"ငါ့အဘိုး ပြန်ထလာပြီ ."

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မှင်တက်သွားကြပြီး အချို့မှာလည်း ထိတ်လန့်နေကြသည်။

မဟာကပ်ဘေးကြီးအတွင်း သေဆုံးခဲ့ရသော သာမန်လူသားဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ အားလုံးမှာ ယခုအခါ ပြန်လည် အသက်ဝင်လာကြပြီ ဖြစ်သည်။

သူတို့၏ ခန္ဓာကိုယ်များ၊ အချို့မှာ ဝိညာဉ် သို့မဟုတ် သရဲများ ဖြစ်သွားခဲ့ကြသော်လည်း ယခုအခါ ဘာမှ မဖြစ်ခဲ့သလို သူတို့၏ မူလပုံစံအတိုင်း ပြန်လည် ရောက်ရှိလာကြ၏။

ဤမြင်ကွင်းမှာ ကြည့်ရှုသူအားလုံးကို အံ့သြတုန်လှုပ်စေပြီး ဒါကို နတ်ဘုရား၏ အံ့ဖွယ်လုပ်ရပ်အဖြစ် မှတ်ယူကြတော့သည်။

သူတို့သေချာကြည့်ကြ၏။

ကန်းလန်နယ်မြေထဲမှာ ဒီလိုအံ့ဖွယ်လုပ်ရပ်ကို သွေးဝတ်စုံ ဓားနတ်ဘုရားကျိယွမ်ကလွဲပြီး ဘယ်သူ လုပ်နိုင်မှာလဲ။

“သွေးဝတ်စုံ ဓားနတ်ဘုရား”

အားလုမှာ ရိုသေစွာ ဒူးထောက်လိုက်ကြပြီး အချို့မှာမူ ကြောက်ရွံ့လွန်းသဖြင့် တုန်ရင်နေကြသည်။

သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ပင်။

နှစ်သောင်းချီရှင်သန်ခဲ့ပြီး အတွေ့အကြုံများလှသော မဟာအုပ်စိုးရှင်များပင်လျှင် စကားမပြောနိုင်ဘဲ ဖြစ်နေကြသည်။

ရှေးဟောင်းမှတ်တမ်းများမှာတောင် ဤကဲ့သို့အရာမျိုး မရှိခဲ့ပေ။

ထိုခဏ၌ ကျိယွမ်၏အမူအရာမှာ ပြောင်းလဲသွားပြီး ရှုပ်ထွေးသော အမူအရာ ပေါ်လာ၏။

“ဒါဆို အသက်ရှင်ခြင်းနဲ့ သေခြင်းရဲ့ နယ်နိမိတ်က ပြောင်းလဲမှုတစ်မျိုးပဲပေါ့... ဟူး... ဒီနေ့လည်း သင်ယူစရာ တစ်ခု ရပြန်ပြီ။”

မြေအောက်ကမ္ဘာ၏ စွမ်းအားများကို အသုံးပြုနေစဉ် ကျိယွမ်သည် အချို့သောအရာများကို နားလည်သွားခဲ့သည်။

အသက်ရှင်ခြင်းနှင့် သေခြင်းမှာ အနှစ်သာရအားဖြင့် စွမ်းအင် ပြောင်းလဲမှုတစ်ခုပင် ။ သဘာဝတရား၏ အပြောင်းအလဲလေးတစ်ခုသာ ဖြစ်ကြောင်း သူ သဘောပေါက်သွား၏။

ဤအသိအမြင်မှာ နင်းထောင် ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိစဉ်က ရရှိခဲ့သော "အချိန်ဆိုသည်မှာ ပြောင်းလဲမှုတစ်ခုသာ ဖြစ်သည်" ဟူသော အသိအမြင်နှင့် အနည်းငယ် ဆင်တူလှသည်။

သို့သော်လည်း ကျိယွမ်၏ အသိအမြင်မှာ အကန့်အသတ် ရှိနေဆဲ ဖြစ်သည်။

သူ၏ မြေအောက်ကမ္ဘာအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ သူ မသိသေးသော အရာများစွာ ရှိနေပုံရ၏။

တစ်ချိန်လုံးဆွံ့အနေသော ကျန်းရုဟွာသည် စိုးရိမ်တကြီးဖြင့် တံတွေး မြိုချလိုက်သည်။

ကျိယွမ်ကို လက်သီးနဲ့ ထိုးဖို့လား။

ထိုအတွေးမှာ သူ့ခေါင်းထဲက ပျောက်ကွယ်သွားသည်မှာ ကြာလှပြီ။

သူ့ရှေ့က သွေးဝတ်စုံ ဓားနတ်ဘုရားသည် သူ နားလည်နိုင်သောအဆင့်ထက် များစွာ ကျော်လွန်နေ၏။

မဟာအုပ်စိုးရှင်များမှာ ထိုအချက်ကို ပို၍ နက်နက်ရှိုင်းရှိုင်း ခံစားရသည်။

တစ်ယောက်ယောက်က ပိုပြီးသိလေလေ၊ သွေးဝတ်စုံ ဓားနတ်ဘုရား၏ အံ့ဖွယ်လုပ်ရပ်မှာ ပို၍ ထိတ်လန့်စရာ ကောင်းလေလေ ဖြစ်ကြောင်း တွေးမိပေလိမ့်မည်။

သိသောသူများက ပိုကြောက်၏ ဆိုသောစကားအတိုင်းပင်။

“ကောင်းပြီ၊ တခြား ဘာရှိသေးလဲ”

ကျိယွမ်က သူ၏ နတ်ဘုရားအရှိန်အဝါများကို ဖျောက်လိုက်ပြီး ရှန်ကွမ်းဂိုဏ်းက ခရမ်းရောင်နန်းတော်ကျင့်ကြံသူရဲ့ ပုံစံကို ပြန်ပြောင်းကာ မေးလိုက်သည်။

“တခြားမရှိရင်တော့ ကျုပ် ခဏလောက် သွားအိပ်ပြီး အားပြန်ဖြည့်ဦးမယ်။”

သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်သည်။

ထိုအချိန်တွင် ဝမ်လင်းထုံ ရုတ်တရက် ဒူးထောက်လိုက်ရာ ဝမ်လင်းရှန်းကလည်း လိုက်၍ ဒူးထောက်လိုက်၏။

“တောင်းပန်ပါတယ် စီနီယာ သွေးဝတ်စုံ ဓားနတ်ဘုရား... ရှင်းလီနယ်မြေကိုလည်း ဝါးမြိုပေးပါဦး”

သူတို့သည် သွေးဝတ်စုံ ဓားနတ်ဘုရား၏ အကူအညီကို တောင်းရန် ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။

မဟာကပ်ဘေးကြီးကို ဖျက်ဆီးလိုက်ပြီ ဆိုသော်လည်း သူ၏နောက်ကွယ်မှလူ ထားခဲ့သော အမှတ်အသားများက သူတို့အပေါ်မှာ ကျန်နေဆဲပင်။

အကယ်၍ ထိုက်ဟွမ်နန်းတော်က လူက သာ အလိုရှိလျှင် ရှင်းလီနယ်မြေ တစ်ခုလုံးကို မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးပစ်နိုင်ပေသည်။

ကျိယွမ်က ဘာမှ ပြန်မပြောသည်ကို မြင်လိုက်ရသဖြင့် ဝမ်လင်းထုံက ဆက်ပြော၏။

“တကယ်လို့စီနီယာ သွေးဝတ်စုံ ဓားနတ်ဘုရားက ရှင်းလီနယ်မြေကို ဝါးမြိုလိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကျင့်စဉ်အားလုံးဟာ စီနီယာ့ရဲ့ အပိုင် ဖြစ်လာပါလိမ့်မယ်”

“စီနီယာက ကျင့်ကြံခြင်းလောကရဲ့ ကိုယ်ကျင့်တရားတွေကို ပြုပြင်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ရှင်းလီနယ်မြေမှာ မကောင်းတဲ့ အလေ့အကျင့်တွေ ရှိတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိပါတယ် "

"အရက်သောက်တာ၊ ဆဲဆိုတာနဲ့ တခြားအရာတွေပေါ့။ စီနီယာရဲ့ ပြုပြင်မှုကို အရမ်း လိုအပ်နေတာပါ။”

“ပြီးတော့ မဟာကပ်ဘေးကြီးတွေ ကျရောက်နေတဲ့ တခြားကမ္ဘာတွေမှာလည်း ကျင့်ကြံခြင်းလောကက ဖိနှိပ်ခံနေရပြီး ကျင့်ကြံသူ အတော်များများက စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေ ခံစားနေရပါတယ်။ ဒါတွေကလည်း စီနီယာရဲ့ လမ်းညွှန်မှုကို လိုအပ်နေတာပါ။”

“ကမ္ဘာပေါင်း သုံးထောင်က ကျင့်စဉ်တွေ အားလုံးဟာ စီနီယာ့အပိုင် ဖြစ်လာမှာပါ"

“ကျေးဇူးပြုပြီး ကမ္ဘာပေါင်း သုံးထောင်ကို ဝါးမြိုပေးပါဦး”

ဝမ်လင်းထုံ၏ အသံမှာ လေးနက်လှပြီး သူ၏ အမူအရာမှာလည်း နှိမ့်ချလှသည်။

သူသည် ဤနေရာသို့ မလာခင်ကတည်းက သွေးဝတ်စုံ ဓားနတ်ဘုရား၏ စရိုက်ကို အနည်းငယ် လေ့လာခဲ့ပုံရသည်။

အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို ခစားရခြင်းမှာ ကျားတစ်ကောင်ကို ခစားရသလို ဖြစ်ပြီး ထိုကဲ့သို့သော ပုဂ္ဂိုလ်၏ စိတ်ကြိုက်ကို ခန့်မှန်းရခြင်းမှာ ဘေးဒုက္ခဖြစ်နိုင်ကြောင်းလည်း သူ သိပါသည်။

သို့သော် ဤခဏ၌ သူသည် စွန့်စားရုံမှတစ်ပါး အခြားမရှိပေ။

ကမ္ဘာပေါင်း သုံးထောင်မှာ အချိန်မရွေး ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။

ကျိယွမ် ခဏလောက် စဉ်းစားလိုက်၏။

“ခင်ဗျား ပြောတာလည်း အကြောင်းပြချက် ရှိသားပဲ။”

ကျင့်စဉ်တွေကတော့ ဒုတိယအချက်ပင်။

ပြောရလျှင် အောက်ဘုံမှ ကမ္ဘာပေါင်း သုံးထောင်၏ကျင့်စဉ်များသည် ဗုဒ္ဓနိုင်ငံတော်မှ စုဆောင်းထားသော အရာတွေလောက်တော့ တန်ဖိုး မရှိလှပေ။

သို့သော် ထိုက်ဟွမ်နန်းတော်ကလူက မဟာကပ်ဘေးကြီး ရှုံးနိမ့်သွားတာကို သိသွားပြီး အမှတ်အသားများအားအသုံးပြုကာ ကမ္ဘာပေါင်း သုံးထောင်ကို ရိတ်သိမ်းသွားနိုင်၏။

အကယ်၍ ကမ္ဘာပေါင်း သုံးထောင်ကို ရိတ်သိမ်းလိုက်ရင် ထိုက်ဟွမ်နန်းတော်ကလူက ပိုပြီး အစွမ်းထက်လာလိမ့်မည်ဖြစ်သည်။

ဒါကြောင့် အဲဒီ မိစ္ဆာကောင်ကြီး အစွမ်းမတက်လာအောင် ကမ္ဘာပေါင်း သုံးထောင်ကို ဝါးမြိုပစ်ဖို့က ငါတာဝန်ပေါ့။

အရေးကြီးဆုံး အချက်ကတော့ ကျိယွမ်သည် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ကျင့်ကြံသူတစ်ဦးဟု ခံယူထားပြီး

သူက အပြစ်မရှိသူတွေကို ဘယ်တော့မှ မထိခိုက်စေချင်ပေ။ သတ်ဖြတ်သည့်တိုင်အောင် ကိုယ်ကျင့်တရားနဲ့အညီ၊ သိက္ခာရှိရှိ သတ်ဖြတ်တတ်သူ ဖြစ်၏။

ဒါကြောင့် ငါ ကမ္ဘာပေါင်း သုံးထောင်ကို... ဝါးမြိုရမယ်။

“စီနီယာ၊ ဒါက ရှင်းလီနယ်မြေရဲ့ တည်နေရာပါ။ ကျုပ်တို့ ကျန်တဲ့ကမ္ဘာပေါင်းသုံးထောင်ရဲ့ တည်နေရာတွေကိုလည်း အမြန်ဆုံး စုစည်းပေးပါ့မယ်”

ဝမ်လင်းထုံ ဝမ်းသာအားရ ဖြစ်သွားကာ သက်ပြင်းချလိုက်သည်။

သွေးဝတ်စုံ ဓားနတ်ဘုရားက ဝါးမြိုရန်သဘောတူလိုက်ပြီဆိုလျှင် ကမ္ဘာပေါင်း သုံးထောင်မှာ ရှင်သန်ခွင့် ရနိုင်ပါသေးသည်။

သူ၏ဘေးမှ ဝတ်ရုံနက်နှင့်လူမှာလည်း ဝမ်းသာနေသော်လည်း ဝမ်းနည်းမှုနှင့် အတူ ဆုံးရှုံးမှု အငွေ့အသက်လေးတွေ ရှိနေဆဲ ဖြစ်သည်။

သူ၏အိမ်ကတော့ မဟာကပ်ဘေးကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီးဖြစ်သောကြောင့် ဘာမှ မကျန်တော့ပေ။

“မလိုပါဘူး”

ကျိယွမ်က ဝမ်လင်းထုံကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

“ကျုပ် မဟာကပ်ဘေးကြီးကို ဖျက်ဆီးလိုက်ကတည်းက တည်နေရာအားလုံးကို ရရှိပြီးသားပါ။”

ဝမ်လင်းထုံ ဘာပြန်ပြောရမှန်း မသိဘဲ ငြိမ်ကျသွားသည်။

“ကဲ၊ စကားတွေ အများကြီး မပြောတော့ဘူး။ ကျုပ် အခု ကမ္ဘာပေါင်း သုံးထောင်ကို သွားဝါးမြိုလိုက်ဦးမယ်၊ ပြီးရင် အားလုံးကို အစာချေဖို့အတွက် ခဏ သွားအိပ်လိုက်ဦးမယ်။”

ထိုသို့ပြောပြီးနောက် ကျိယွမ်နှင့် ကျန်းလင်းစုတို့ ပျောက်ကွယ်သွားကြပြီး အရက်ဆိုင်ထဲတွင် မှင်တက်နေသော လူတစ်စုသာ ကျန်ရစ်ခဲ့၏။

“သွေးဝတ်စုံ ဓားနတ်ဘုရားက ကမ္ဘာပေါင်း သုံးထောင်ကို ဝါးမြိုတော့မှာလား... စဉ်းစားလို့တောင် မရနိုင်ဘူး”

မဟာအုပ်စိုးရှင်ပိုင်ယွီက အံ့သြတကြီး ရေရွတ်လိုက်သည်။

အခြား မဟာအုပ်စိုးရှင်များမှာလည်း ထိုအခြေအနေက ဘယ်လိုမျိုး ဖြစ်လိမ့်မည်ကို ခန့်မှန်းလို့ မရကြပေ။

“ကန်းလန်နယ်မြေမှာ စီနီယာ သွေးဝတ်စုံ ဓားနတ်ဘုရားလို ပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာတာဟာ တကယ့်ကို ကောင်းချီးတစ်ရပ်ပါပဲ”

အခြား တစ်ယောက်က ခေါင်းတညိတ်ညိတ်လုပ်ကာ မှတ်ချက်ချ၏။

မဟာကပ်ဘေးဆိုးကြီးကို နှိမ်နင်းလိုက်ပြီ ဖြစ်သော်လည်း သူတို့မှာ အိပ်မက်မက်နေသလို ခံစားနေရသည်။

မဟာကပ်ဘေးကြီးရဲ့ စွမ်းအားကို သူတို့ နားလည်ကြ၏။ ၄င်းမှာ ကန်းလန်နယ်မြေက ဘယ်လိုမှ မခုခံနိုင်တဲ့အရာကြီးပင်။

သို့သော် သူတို့ ထင်ထားတာထက် ပိုပြီး ထိတ်လန့်စရာ ကောင်းလှသော မဟာကပ်ဘေးကြီးနဲ့ သူ့ရဲ့ အပေါင်းအပါ သုံးထောင်ကို သွေးဝတ်စုံ ဓားနတ်ဘုရားက လုံးဝ နှိမ်နင်းပစ်ခဲ့၏

ထိုအချိန်တွင် ဝမ်လင်းထုံသည် ကျန်းရုဟွာဘက်သို့ လှည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ရိုသေလေးစားသော အသံဖြင့် ပြောလိုက်သည်။

“စီနီယာ... သွေးဝတ်စုံ ဓားနတ်ဘုရားဘေးက အမျိုးသမီးက စီနီယာ့သမီး ဖြစ်လိမ့်မယ်လို့ ကျုပ် လုံးဝ မထင်ထားခဲ့ဘူး။”

ကျန်းရုဟွာက ဒါကို ကြားလိုက်ရသဖြင့် အစပိုင်းတွင် ဝမ်းသာသွားသော်လည်း နောက်မှ စဉ်းစားမိသည်။

ဒီလိုအရာတွေကို လူတိုင်း ကြားအောင် အကျယ်ကြီး ပြောသင့်တာ မဟုတ်လား။

မြို့ကြီးသား ကျင့်ကြံသူတွေက လူမှုဆက်ဆံရေးမှာ အသိဉာဏ် နည်းကြတာလား။

အခြားသူများက သွေးဝတ်စုံ ဓားနတ်ဘုရားအကြောင်း ပြောနေကြသည်ကို မြင်လိုက်ရသောအခါ ကျန်းရုဟွာမှာ ရုတ်တရက် ခံစားချက်တွေ ပေါက်ကွဲလာသည်။

“ဟူး... ကျုပ်သမက်ကတော့ အတော်လေး အစားကြီးတာပဲ။ ကမ္ဘာပေါင်း သုံးထောင်ကို တစ်ပြိုင်နက်တည်း ဝါးမြိုတော့မှာတဲ့။ ကျုပ်က ကျန်းမိသားစုမှာ သူ့ကို ဘယ်လို ဧည့်ခံရမလဲ။ သူ့ကို ကျုပ်တို့ ဘယ်လို ကျွေးနိုင်ပါ့မလဲ။”

ကျန်းရုဟွာ၏ အသံက သိသိသာသာကျယ်လောင်နေသဖြင့် အစက သတိမထားမိကြသော မဟာအုပ်စိုးရှင်တိုင်း၏ အကြည့်များမှာ သူ့ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်လာသည်။

သူတို့၏ မျက်နှာများမှာ အံ့သြမှု၊ အားကျမှုနှင့် ရိုသေလေးစားမှုများ ရောယှက်နေ၏။

ကျန်းရုဟွာသည် ထိုအကြည့်များကို ခံယူရင်း အလွန်ပင် ကျေနပ်နေတော့သည်။

သူက အသံကျယ်ကျယ်ဖြင့် ထပ်မံ ညည်းတွားလိုက်ပြန်သည်။

“ကျုပ်ရဲ့ ကျန်းမိသားစုကတော့ တကယ်ပဲ ဆင်းရဲလွန်းပါတယ်၊ ဟူး...”

..........

All Chapters